သူတို့မှာ တာအိုနန်းတော်၏ ဂိုဏ်းသားအစစ်များ ဖြစ်လာကြပြီ ဖြစ်သောကြောင့် အလောတကြီး ပြန်စရာမလိုကြောင်း ဝမ်ပေါင်လဲ့က အကြံပြုခဲ့သဖြင့် သူတို့နှစ်ယောက်မှာ ထိုကဲ့သို့ အံ့အားသင့်ခဲ့ရသည့် အခိုက်အတန့်များနှင့် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရ၏။
ထို့အပြင် သူတို့မှာ အလွန်အင်မတန်မှ ရှားပါးသော အခွင့်ရေးကြီးတစ်ခုကို ရထားသည်မဟုတ်ပါလော။ သို့ဖြစ်ရာ အခြားသူများ ရှာမတွေ့သေးသည့် အချုပ်အနှောင်များ ရှိနေသော နေရာများကို ရှာဖွေကာ ရတနာများ လိုက်ရှာသင့်ပေသည်။
သူတို့ ရှာတွေ့နိုင်သမျှ ပစ္စည်းများနှင့် အသိအမှတ်ပြုတံဆိပ်ပြားများကို တိုက်ပွဲရမှတ်များဖြင့် လဲလှယ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ ဆွံ့သြမှင်တက်နေကြသည့်တိုင်အောင် သူ၏ အကြံပြုချက်အား သဘောတူလိုက်ကြ၏။
အမှန်တွင် သူတို့မှာ ရှိခိုးနန်းတော်အဆောင်ထဲမှ ထွက်ခွာလာပြီးနောက် ဓားကိုယ်ထည်ပိုင်းထဲသို့ ရောက်ရှိလာပြီဖြစ်ရာ အန္တရာယ်တောကြီးထဲသို့ ရောက်နေပြီဟု မှတ်ယူနိုင်ပေသည်။ ဟင်းလင်ပြင် အက်ကွဲကြောင်းများနှင့် အချုပ်အနှောင် နယ်မြေများမှာ မျက်စိတစ်ဆုံး ပြည့်နှက်နေကြ၏။
ယခင်တုန်းက ဂိုဏ်းသားရာထူးများ ရရှိခဲ့သော ကျင့်ကြံသူများ မရှာဖွေရသေးသည့် အချုပ်အနှောင်နယ်မြေ အမြောက်အမြား ကျန်ရှိနေရသေးသည့် အဓိကအကြောင်းအရင်း နှစ်ခုရှိပေသည်။ ပထမတစ်ခုမှာ ထိုကျင့်ကြံသူများ ရရှိခဲ့သည့် ဂိုဏ်းသားရာထူးများ နိမ့်ကျနေသည့် အချက်ပင် ဖြစ်သည်။ ဒုတိယတစ်ခုမှာ ဤကမ္ဘာကြီးထဲရှိ နယ်မြေများမှာ အချိန်နှင့်အမျှ ပြောင်းလဲနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် အခြားဂိုဏ်းသားများမှာ ထိုနယ်မြေများထဲ၌ စူးစမ်းရှာဖွေနိုင်စွမ်းမရှိဘဲ ဖြစ်ခဲ့ရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ထိုပြဿနာများနှင့် မကြုံရပေ။ သူသည် အစပိုင်းတွင် သတိကြီးကြီးထားကာ လှုပ်ရှားနေခဲ့၏။ သို့သော် သူ အချုပ်အနှောင်နယ်မြေတစ်ခု၏ အနီးသို့ ရောက်သွားသည်နှင့် ထိုအချုပ်အနှောင်များမှာ အလိုအလျောက် ပျောက်ကွယ်သွားပြီး သူ၏ရှေ့၌ ဝင်ပေါက်တစ်ပေါက် ပေါ်ပေါက်လာသည်သာ ဖြစ်သည်။
ထို့ကြောင့် အရာအားလုံးမှာ ပြောင်းလဲသွားတော့သည်။
အချုပ်အနှောင်များမှာ သူ၏ရှေ့တွင် အလုပ်မလုပ်ပေ။ မကြာခဏဆိုသလို ပေါ်ပေါက်လာတတ်သည့် လေမုန်တိုင်းများပင်လျှင် ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်နှင့် ချင်ချင်းပျောက်ကွယ်သွားကြသည်သာ ဖြစ်သည်။ ၎င်းတို့မှာ သူနှင့်ဆုံတွေ့ရမည်ကို ကြောက်ရွံ့နေကြသည့်ပုံပင်။
ထိုသို့ဖြင့် သူတို့သုံးယောက်မှာ အချုပ်အနှောင်နယ်မြေများထဲသို့ တစ်ခုပြီးတစ်ခု ဆက်တိုက်ဝင်ရောက်ကာ ရတနာများကို လိုက်လံရှာဖွေနေကြတော့သည်…
မီးစွဲနေသည့် မှော်ဆေးရည်ဒယ်အိုးများ၊ ကျောက်စိမ်းပေလွှာပုံများ၊ ဆေးလုံးများ သိုလှောင်ထားသည့် စေတီတော်များ၊ စစ်မြေပြင်ဟောင်းများနှင့် အခြားရတနာပေါင်း မြောက်မြားစွာ ရှိနေကြသည့် လျှို့ဝှက်နယ်မြေများမှာ သူတို့၏ ရှေ့၌ အလိုလိုပေါ်ပေါက်လာကြ၏။ သူတို့မှာ ထိုရတနာများကို အလွယ်တကူ သိမ်းဆည်းလိုက်ရုံပင်။
ထို့ကြောင့် သူတို့မှာ အသိအမှတ်ပြုတံဆိပ်ပြားများ၊ သက်စောင့်စွမ်းအားများ ကိန်းအောင်းနေဆဲဖြစ်သည့် ဆေးပင်များနှင့် သန့်စင်ခြင်းလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများကို အမြောက်အမြား စုဆောင်းမိသွားတော့သည်။ ထို့အပြင် နယ်မြေတစ်ခုအား ယာယီချုပ်နှောင်ကာ ပြိုင်ဘက်များအား တည်နေရာပြောင်းရွှေ့နိုင်စွမ်းမရှိအောင် တားဆီးနိုင်သည့် နယ်နိမိတ်အချုပ်အနှောင် ပုတီးစေ့များကဲ့သို့သော ထူးဆန်းသည့် ရတနာများလည်း ရှိနေသေးသည်။ သူတို့မှာ ထိုကဲ့သို့သော ရတနာများကို လိုက်လံရှာဖွေနေကြရင်း အိပ်မက်တစ်ခုထဲသို့ ရောက်နေသည့်အလား ခံစားနေရတော့သည်။
သို့သော် သူတို့မှာ လက်တွေ့လောကထဲ၌ ရှိနေကြသည်ဖြစ်ရာ ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ သူတို့မှာ တစ်နေရာပြီးတစ်နေရာ ဆက်တိုက်ရှာဖွေနေကြသောကြောင့် မျက်လုံးများပင် ညောင်းကိုက်လာ၏။ သို့သော် သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်သို့ ပြန်ရန် စိတ်ကူးမရှိသေးပေ။
နောက်ဆုံး ခုန်းတောက်နှင့် ကျောက်ယမုန့်တို့၏ သိုလှောင်အိတ်များ ပြည့်သွားသည့်အချိန်တွင် သူတို့မှာ ဝေခွဲမရဖြစ်သွားရတော့သည်။ သူတို့၏ ပတ်ပတ်လည်တွင် ရတနာများဖြင့် ပြည့်နှက်နေပါသော်လည်း သူတို့မှာ ၎င်းတို့အားလုံးကို သူတို့နှင့်အတူ ပြန်ယူသွားနိုင်တော့မည် မဟုတ်ပေ။
” ဒီပစ္စည်းတွေ အကုန်လုံးပေါင်းလိုက်ရင် တိုက်ပွဲရမှတ် သိန်းနဲ့ချီလောက်တယ်။ ငါတို့သုံးယောက် ဝေစုခွဲပြီးသွားရင်တောင် အနည်းဆုံး တစ်ယောက်ကို တိုက်ပွဲရမှတ် တစ်သိန်းကနေ နှစ်သိန်းလောက်အထိ ရလောက်တယ်။ ငါကတော့ အဲဒီ တိုက်ပွဲရမှတ်တွေနဲ့ နဝမအဆင့် ဓမ္မလက်နက်တစ်ခုဖြစ်တဲ့ အရိပ်မုဆိုးဝတ်ရုံကို ဝယ်မယ်ဟေ့ ” ခုန်းတောက်မှာ တစ်ကိုယ်တည်း ရေရွတ်ရင်း အိပ်မက်မက်နေခြင်း ဟုတ်မဟုတ် သေချာနိုင်ရန် သူ့ကိုယ်သူ အားပါပါ ရိုက်လိုက်၏။ ထို့နောက် သူသည် အရူးတစ်ယောက်ကဲ့သို့ ဟက်ဟက်ပက်ပက် ရယ်မောနေတော့သည်။
ကျောက်ယမုန့်မှာလည်း ဝေခွဲမရ ဖြစ်နေရပြီဖြစ်သည်။ သူမသည် သူမ၏ သိုလှောင်အိတ်ကိုကြည့်လိုက် ဝမ်ပေါင်လဲ့ကိုကြည့်လိုက် ဖြစ်နေ၏။ သို့သော် သူမ၏ ဝေခွဲမရဖြစ်နေသော ခံစားချက်များမှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ပို၍ပင် အားကောင်းလာတော့သည်…
သူတို့၏ သိုလှောင်ဓမ္မပစ္စည်းများအားလုံးမှာ ပြည့်နှက်နေကြပြီ ဖြစ်သည်။ သူတို့မှာ အဖိုးတန်ပစ္စည်းများကို သိမ်းဆည်းနိုင်ရန်အတွက် တန်ဖိုးနည်းပစ္စည်းများကိုပင် ချန်ထားခဲ့ရသည့် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ဆက်မရှာတော့ဘဲ ရပ်တန့်လိုက်ရတော့သည်။
” ငါတို့တွေ မပြန်ခင် ဒီနေရာက ပစ္စည်းတွေအားလုံးကို အပြင်ထုတ်ခဲ့ကြတာပေါ့။ ပြီးမှ နောက်တစ်ခေါက်ပြန်လာမယ် ” ဝမ်ပေါင်လဲ့မှာ အရောင်တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့်ဆိုလိုက်၏။ ထို့နောက် သူသည် စိတ်ပိုင်းဖြတ်လိုက်ပြီး သူ၏ ရှေ့တွင်ရှိနေသော နောက်ဆုံး အချုပ်အနှောင်နယ်မြေကြီးအား စိုက်ကြည့်ကာ ရှေ့သို့ ချီတက်သွားလိုက်တော့သည်။
ခုန်းတောက်မှာလည်း သူ၏နောက်မှ စိတ်လှုပ်တရှားနှင့် လိုက်သွား၏။ ကျောက်ယမုန့်မှာလည်း သူ့နည်းတူ ရင်ခုန်နှုန်းများ မြန်ဆန်နေရပြီဖြစ်သည်။ သို့သော် သူမသည် စိတ်ကိုတည်ငြိမ်အောင် ထားနေနိုင်ဆဲပင်။ သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းသွားလိုက်ပြီးနောက် သူတို့ ဦးတည်သွားနေသည့် အချုပ်အနှောင်နယ်မြေကြီးအား လှမ်း၍ အကဲခတ်လိုက်သည်။ ထိုအခါ သူမသည် အနည်းငယ်ခန့် မျက်မှောင်ကြုတ်မိသွားပြီး ရုတ်တရက် သတိပေးလိုက်၏။
” ပေါင်လဲ့ ခဏနေဦး ”
ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်၏ သတိပေးစကားကို ကြားလိုက်ရသည့်နှင့် ခြေလှမ်းများရပ်တန့်သွား၏။ ထို့နောက် သူသည် တစ်ချိန်လုံး အေးအေးလူလူ ဖြစ်နေခဲ့ရာမှ အမူအရာ တည်ကြည်သွားပြီး သတိကြီးကြီး ထားမိသွားတော့သည်။
ခုန်းတောက်မှာလည်း အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ ဘေးဘီဝဲယာအား ချက်ချင်းအကဲခတ်လိုက်၏။ သူတို့သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် သူတို့၏ရှေ့တွင်ရှိနေသော နောက်ဆုံး အချုပ်အနှောင်နယ်မြေကြီးအား လှမ်းကြည့်လိုက်ကြတော့သည်။
ထိုနယ်မြေမှာ အခြားသောနယ်မြေများနှင့် ကွဲပြားခြားနားသည့်ပုံ မပေါ်ပေ။ တောင်ပျက်ကြီးတစ်လုံး၏ ပတ်ပတ်လည်တွင် အချုပ်အနှောင်များ ရှိနေသော နေရာကြီးတစ်ခုသာ ဖြစ်ပေသည်။ သို့သော် အခြားနယ်မြေများနှင့် မတူသည်မှာ ထိုတောင်ပျက်ကြီး၏ ရှေ့တွင် ရှိနေသည့် တောင်ပို့လေးတစ်ခုကဲ့သို့ ဖြစ်နေသော သင်္ချိုင်းမြေပုံတစ်ခုပင် ဖြစ်သည်။
ထို သင်္ချိုင်းမြေပုံ၏ အထက်တွင် အုတ်ဂူကျောက်တိုင်တစ်ဝက် ရှိနေ၏။ ၎င်း၏ အစိတ်အပိုင်း အများစုမှာ ကျိုးပဲ့နေပြီး ၎င်းပေါ်မှ စာလုံးများကိုလည်း ပြတ်ပြတ်သားသား မမြင်ရပေ။ ထိုသင်္ချိုင်းမြေပုံ၏ ဘေးနှစ်ဖက်တွင် အက်ကွဲကြောင်းများရှိနေ၏။ ထိုအက်ကွဲကြောင်းများထဲမှ အသေးဆုံးမှာ လက်ချောင်းအရွယ်အစားခန့်သာရှိပြီး အကြီဆုံးမှာ လူတစ်ကိုယ်စာအထိ ရှိပေသည်။
ထို အက်ကွဲကြောင်းများထဲမှ အစိမ်းရောင် မီးခိုးငွေ့များ အဆက်အပြတ် စိမ့်ထွက်နေ၏။ ၎င်းတို့မှာ အဝေးကြီးသို့ ပျံ့နှံ့သွားခြင်းမရှိဘဲ သင်္ချိုင်းမြေပုံ၏ ပတ်ပတ်လည်တွင် ဝန်းရံနေကြပြီး အပြင်ဘက်သို့ ပြန့်ထွက်သွားလိုက် အက်ကွဲကြောင်းများထဲသို့ ပြန်၍ စုပ်ယူခံရလိုက်ဖြစ်နေ၏။ ထို့ကြောင့် ထိုအက်ကွဲကြောင်းများမှာ အသက်ရှူနေကြသည့် ပါးစပ်ပေါက်ကြီးများနှင့်ပင် တူနေတော့သည်။
ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ အချုပ်အနှောင်များကို ကြောက်ရွံ့နေခြင်းမဟုတ်ဘဲ သင်္ချိုင်းမြေပုံထဲမှ ထွက်ပေါ်လာသည့် အစိမ်းရောင်မီးခိုးငွေ့များကို ကြောက်ရွံ့နေခြင်းဖြစ်သည်။
” ဒီနေရာက မူမမှန်ဘူး ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်သောအခါ အချုပ်အနှောင်များမှာ ချက်ချင်းပင် ရပ်တန့်သွားပြီး သူ၏ရှေ့၌ တံခါးပေါက်တစ်ပေါက် ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့မှာ ထိုတံခါးပေါက်၏ အပြင်ဘက်တွင် ရပ်လိုက်ပြီးနောက် ရှေ့သို့ဆက်မသွားတော့ပေ။ အခြား အချုပ်အနှောင်နယ်မြေများမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုနေရာများတွင် မတွေ့ခဲ့ရသည့် ထူးဆန်းသော အငွေ့အသက်တစ်ခု ရှိနေ၏။ ထို အငွေ့အသက်များမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ လေထုထဲတွင် ကိန်းအောင်းနေသဖြင့် သူသည် ၎င်းတို့အား ရှင်းလင်းပြတ်သားစွာ အာရုံခံနိုင်စွမ်းရှိနေသည်။ သူသည် ဓမ္မလက်နက်များကို ကောင်းကောင်းကြီး နားလည်ထားသည်ဖြစ်ရာ ၎င်းမှာ နတ်ဘုရားလက်နက်တစ်ခု၏ အငွေ့အသက်များနှင့် ဆင်တူကြောင်း ချက်ချင်းပင် သိလိုက်ရ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများမြန်ဆန်လာရတော့သည်။ သူသည် ရုတ်တရက်ဆိုသလို သူ၏ ညာဘက်လက်အား မြှောက်လိုက်သောအခါ သတ္တမအဆင့် ဓားပျံတစ်လက် ပေါ်ပေါက်လာပြီး အစိမ်းရောင်မီးခိုးများ ဝန်းရံနေသော သင်္ချိုင်းမြေပုံဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွား၏။
ဓားပျံလေးမှာ ထိုသင်္ချိုင်းမြေပုံ၏ အနီးသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် အရှိန်လျော့ကျသွားပြီး နောက်ဆုံးတွင် လေထဲ၌ ရပ်တန့်သွားတော့သည်။ ထို့နောက် ၎င်းမှာ သူတို့၏ မျက်လုံးရှေ့၌ အသွင်ပြောင်းလဲသွား၏။ ၎င်းမှာ ချက်ချင်းဆိုသလိုပင် အစိမ်းရောင်ပြောင်းသွားပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် သစ်ပင်ဖြတ်ပိုင်းများထဲ၌ မြင်ရသည့် အကွင်းများ ပေါ်ပေါက်လာ၏။ ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ အသက်ရှူကြိမ် ဆယ်ကြိမ်ပင် မကြာလိုက်ပေ။ နဂိုတုန်းက သတ္တုဖြင့် ပြုလုပ်ထားသည့် ဓားပျံလေးမှာ မြေကြီးပေါ်သို့ ဒုတ်ခနဲမြည်အောင် ပြုတ်ကျသွားတော့သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့နှင့် ထိုဓားပျံလေး၏ ကြားရှိ အဆက်အသွယ်မှာလည်း ပြတ်တောက်သွား၏။ ၎င်းထဲရှိ နတ်ဘုရားစိတ်ဆန္ဒ အကြွင်းအကျန်မှာလည်း ချက်ချင်းပင်ပျောက်ကွယ်သွားသည်။ ထို့နောက် ထိုဓားထဲရှိ စွမ်းအားများအားလုံး ပျောက်ကွယ်သွားသဖြင့် ၎င်းမှာ သာမန်ဓားတစ်လက်ကဲ့သို့ ဖြစ်သွားတော့သည်။
အရေးအကြီးဆုံးအချက်မှာ ထိုဓားလေး မြေကြီးပေါ်သို့ ပြုတ်ကျသွားစဉ်တုန်းက ထွက်ပေါ်လာသည့် အသံပင်ဖြစ်သည်။
” ဓားရဲ့ အသားကိုက ပြောင်းလဲသွားတာပဲဟ ” ခုန်းတောက်မှာ အသက်ပြင်းပြင်းရှူကာ ဆိုလိုက်၏။ ကျောက်ယမုန့်မှာလည်း ဖြစ်ကြောင်းကုန်စင်ကို နားလည်သွားတော့သည်။ ထိုဓားလေး မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့တုန်းက ထွက်ပေါ်လာခဲ့သည့်အသံမှာ သတ္တုဖြင့် ပြုလုပ်ထားသည့် အရာတစ်ခု ပြုတ်ကျသွားသည့် အသံမဟုတ်ဘဲ သစ်သားဖြင့် ပြုလုပ်ထားသည့် အရာတစ်ခု ပြုတ်ကျသွားသည့်အသံ ဖြစ်နေ၏။
ဝမ်ပေါင်လဲ့မှာမူ မျက်စိမျက်နှာ ပျက်သွားရတော့သည်။ သူသည် သူ၏ဓားလေး သစ်သားအဖြစ်သို့ ပြောင်းလဲသွားသည်ကို အခြားသူများထက်ပင် ပို၍ ခံစားမိလိုက်၏။ မကြာသေးမီတုန်းက သူသည် ဤနေရာမှ ထွက်ခွာသွားရန် တွေးနေမိပါသော်လည်း ယခုတွင်မူ သူသည် လက်မလျှော့ချင်ဘဲ ဖြစ်နေရတော့သည်။
ထိုအချိန်တွင် ထို သစ်သားဓားလေး ပြုတ်ကျသွားသည့်အသံကြောင့် တစ်စုံတစ်ခုမှာ နိုးထသွားသည့်ပုံပင်။ သင်္ချိုင်းမြေပုံလေးထဲမှ လေးလံသော အသက်ရှူသံများ စတင်ထွက်ပေါ်လာ၏။
” ဖူး… ဖူး… ဖူး…. ”
၎င်းမှာ သာမန်လူတစ်ယောက်၏ အသက်ရှူသံနှင့်မတူဘဲ သားရဲကြီးတစ်ကောင်၏ အသက်ရှူသံနှင့် ပို၍ဆင်တူနေသည်။ ထို့နောက် သူတို့သုံးယောက်မှာ ချက်ချင်းဆိုသလိုပင် အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့ရတော့မည့်အလား ခံစားလိုက်ရ၏။ ထို့ကြောင့် သူတိုမှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ နောက်သို့ ချက်ချင်းဆုတ်ခွာလာတော့သည်။
သူတို့ နောက်သို့ ဆုတ်ခွာသွားသောအခါ သူတို့၏ အသိစိတ်များထဲ၌ အော်ဟစ်မြည်တမ်းသံပေါင်း မြောက်မြားစွာ ပဲ့တင်ထပ်သွား၏။ ထိုအသံများမှာ အစစ်ဟုပင် ထင်ရပေသည်။ ထို အသံလှိုင်းများကြောင့် သူတို့သုံးယောက်မှာ နောက်သို့ ထပ်၍ တွန်းထုတ်ခံလိုက်ရပြီး ပါးစပ်ထဲမှ သွေးများစီးကျလာ၏။ အထူးသဖြင့် ဝမ်ပေါင်လဲ့မှာဆိုလျှင် ပါးစပ်ထဲမှ သွေးပွက် ခုနစ်ပွက်တိတိ အန်ထွက်လာရသည်။ သူတို့မှာ ထွက်ပြေးလွတ်မြောက်နိုင်ရန် အပြင်းအထန်ကြိုးစားလိုက်ပြီးနောက် အဝေးသို့ ရောက်သွားသောအခါမှ အသက်ရှူနိုင်သွားတော့သည်။
” ကျင့်ကြံခြင်းအဆင့် ပိုမြင့်လေ ရိုက်ခတ်မှုအားက ပိုပြင်းလေပဲ ” ကျောက်ယမုန့်မှာ နှုတ်ခမ်းမှ သွေးများကိုသုတ်ကာ ဆိုလိုက်၏။ သူမသည် ကြောက်ရွံ့တုန်လှုပ်နေရာမှ အသိစိတ်ပြန်ဝင်လာသဖြင့် ခပ်လှမ်းလှမ်းရှိ သင်္ချိုင်းမြေပုံအား လှမ်း၍ အကဲခတ်လိုက်ပြီးနောက် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေသည့် ဝမ်ပေါင်လဲ့အား လှည့်ကြည့်လိုက်တော့သည်။