Switch Mode

အခန်း (၆၁၁)

မွေးစားဂိုဏ်းသား

ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းအဆင့်အား အကဲခတ်ကြည့်လိုက်ပြီးနောက် သူ၏အနာဂတ်အတွက် စိတ်ကူးများယဥ်နေမိတော့သည်။ သူသည် သူ၏ ဂိုဏ်းတူအစ်ကို နောက်ဆုံး၌ ပြောခဲ့သည့်စကားများကို အပြည့်အဝနားမလည်သေးပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူနားမလည်သည့် ကိစ္စများအတွက် အချိန်ကုန်ခံနေမည့် လူစားမျိုးမဟုတ်ပေ။

ထို့ကြောင့် သူသည် နှုတ်ခမ်းအား လျှာဖြင့်လျက်ကာ သူ၏ရှေ့တွင်ရှိနေသော သတ္တမမြောက်နန်းတော်အား လှမ်းကြည့်လိုက်၏။ သူသည် ထိုနန်းတော်ထဲသို့ ဝင်သင့်မဝင်သင့် စဉ်းစားနေစဉ်မှာပင် သူ၏နောက်ရှိ တတိယမြောက်နန်းတော်ရှေ့တွင် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ခုန်းတောက် ပေါ်ပေါက်လာ၏။ သူသည် ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာပြီးနောက် အောက်သို့ထိုင်ချကာ တရားထိုင်နေ‌လိုက်တော့သည်။

သူသည် တတိယမြောက်နန်းတော်၏ အတွင်းစည်းဂိုဏ်းသားစမ်းသပ်ပွဲကို မအောင်မြင်နိုင်ခဲ့သဖြင့် အပြင်စည်းဂိုဏ်းသားအဆင့်နှင့်သာ ကျေနပ်ရတော့မည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ခုန်းတောက်အား လှမ်း၍အကဲခတ်လိုက်ပြီးနောက် နောက်သို့ပြန်လှည့်လာပြီး သတ္တမမြောက်နန်းတော်အား ပြန်ကြည့်လိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုနန်းတော်ထဲသို့ ဝင်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာပါသော်လည်း နောက်ဆုံးတွင် သက်ပြင်းသာချလိုက်၏။ ဆဋ္ဌမမြောက်နန်း‌တော်မှာ သူ့အတွက် နောက်ဆုံးဖြစ်ကြောင်း သူက သိထားသည်။ သူ၏ ဂိုဏ်းတူအစ်ကို၏ အကူအညီကိုသာ မရရှိခဲ့ပါက သူသည်‌ သေဆုံးသွားခဲ့မည် မဟုတ်ပါလော။ သူသည် ထိုတာဝန်ကို အောင်မြင်နိုင်ခဲ့မည်မဟုတ်ပေ။

ဆဋ္ဌမမြောက်နန်းတော်၏ စမ်းသပ်ပွဲပင်လျှင် ထိုကဲ့သို့ ဖြစ်နေသည်ဖြစ်ရာ သတ္တမမြောက်နန်းတော်မှာဆိုလျှင် ပို၍ပင်ဆိုးလောက်ပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ မကြိုးစားဘဲ အရှုံးပေးရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသည် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးနောက် ရှေ့သို့လှမ်းကာ ပင်မခန်းမထဲသို့ ဝင်သွားလိုက်တော့သည်။

အသက်ရှူကြိမ် ငါးဆယ်ခန့် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ခန်းမထဲမှ ပြန်ထွက်လာ၏။ သူသည် ကြံရာမရဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ခေါင်းယမ်းကာ ရေရွတ်လိုက်သည်။

” အခုလောလောဆယ်မှာ ငါ သတ္တမမြောက်နန်းတော် စမ်းသပ်ပွဲကို ကျော်ဖြတ်နိုင်ဦးမှာမဟုတ်ဘူး။ ငါက အစောပိုင်း ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်တာမှန်ပေမယ့် ဒီစမ်းသပ်ပွဲက ဂြိုဟ်အဆင့်မှာရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို လုပ်ချင်သတ်ဖြတ်ခိုင်းနေတာလေ…. ”

မည်သူကမှ ထိုစမ်းသပ်ပွဲအား ကျော်ဖြတ်နိုင်လိမ့်မည်မဟုတ်ဟု ဝမ်ပေါင်လဲ့က ယုံကြည်ထား၏။

” ထားပါတော့ကွာ။ တာအိုဂိုဏ်းသား မလုပ်တော့ဘဲ မွေးစားဂိုဏ်းသားအဆင့်နဲ့ပဲ ကျေနပ်လိုက်ပါ့မယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် ရှိခိုးနန်းတော်အဆောင်ထဲမှ စမ်းသပ်ပွဲများကို အဆုံးသတ်လိုက်တော့သည်။ သူသည် ရှိခိုးနန်းတော်အဆောင်မှာ သူ၏အတွေးများအား မည်သို့မည်ဖုံ ခန့်မှန်းနိုင်စွမ်းရှိနေသည်ကို မသိပါသော်လည်း သူ၏ အတွေးထဲ၌ လက်လျှော့လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

သူ ပြန်လည်ပေါ်ပေါက်လာသောအခါ ထွန်းတောက်လမ်း၏ အစသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ ခုန်းတောက်နှင့် ကျောက်ယမုန့်တို့မှာလည်း ခဏအကြာတွင် ပြန်လည်ပေါ်ပေါက်လာ၏။ သူတို့သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ သူတို့မှာ အခြားသူများ ရင်ဆိုင်ခဲ့ရသည့် စမ်းသပ်ပွဲများအကြောင်းကို မသိထားပါသော်လည်း ၎င်းတို့မှာ အလွန်အင်မတန်မှ ခဲယဥ်းနေမည်ဖြစ်ကြောင်း နားလည်ထားကြ၏။

ကျောက်ယမုန့်နှင့် ခုန်းတောက်တို့၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ကိန်းအောင်နေ၏။ သူတို့မှာ စမ်းသပ်ပွဲများထဲမှ ရတနာအချို့ ရရှိခဲ့ကြပြီး ၎င်းတို့အား အပြင်သို့ ပြန်ယူလာနိုင်ခဲ့ကြသည် မဟုတ်ပါလော။

” ဒုတိယမြောက်နန်းတော်ရဲ့ စမ်းသပ်ပွဲထဲမှာ ငါ ဘာရှာတွေ့ခဲ့သလဲဆိုတာ မင်းတို့သိလား ” ခုန်းတောက်မှာ သူ၏ စိတ်လှုပ်ရှားမှုများကို မချုပ်တည်းနိုင်တော့ဘဲ သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ဖျတ်ခနဲလက်သွားပြီး ဝိညာဉ်ချီ အမြောက်အမြား ကိန်းအောင်းနေသည့် ဝိညာဉ်သစ်သီးတစ်မျိုးမှာ သူ၏ ညာဘက်လက်ထဲတွင် ပေါ်ပေါက်လာတော့သည်။

” ဘယ်လိုလဲ။ ဒါကို သိကြလား။ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ မှတ်တမ်းတွေထဲမှာ ဒါကို တိမ်ဖျော်သစ်သီးလို့ ခေါ်တယ်ကွ။ အဲဒီသစ်သီးကို တစ်လုံးလောက် စားလိုက်ရုံနဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ဒွာရခုနစ်ပေါက်ထဲက ဘယ်အပေါက်ကိုမဆို ဖွင့်လိုက်လို့ရတယ်။ အဲဒါဆိုရင် ငါတို့ရဲ့ ကျင့်ကြံခြင်းခရီးစဉ်က ပိုပြီးတော့ လွယ်ကူချောမွေ့သွားမှာ ” ခုန်းတောက်မှာ ထိုသို့ရှင်းပြရင်း ပို၍ စိတ်လှုပ်ရှားလာတော့သည်။ သူသည် ထိုသစ်သီးအား ရရှိနိုင်ရန် အများကြီးပေးဆပ်ခဲ့ရသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာမူ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီး သူ့ကိုယ်သူကျေနပ်နေသည့် ခုန်းတောက်အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ချောင်းဟန့်ကာ သူ၏ သိုလှောင်လက်ကောက်ထဲမှ လက်သီးဆုပ် အရွယ်အစားရှိသော ထိပ်သီးအဆင့် မီးသတ္တုရိုင်းတုံးတစ်တုံးကို ထုတ်ပြလိုက်တော့သည်။

ခုန်းတောက်မှာ ထိပ်သီးအဆင့် မီးသတ္တုရိုင်းအကြောင်းကို လုံးဝမသိပေ။ သို့သော် ဝမ်ပေါင်လဲ့ ထိုကျောက်တုံးအား ဆွဲထုတ်လိုက်သည်နှင့် အလွန်အင်မတန်မှ အားကောင်းသည့် အပူဓာတ်တစ်မျိုး ထွက်ပေါ်လာ၏။ ထို့ကြောင့် သူတို့၏ ပတ်ပတ်လည်ရှိ အပူချိန်မှာ ချက်ချင်းပင် ထိုးတက်သွားရတော့သည်။ ခုန်းတောက်မှာ ထိုကျောက်တုံးအကြောင်း သိမထားပါသော်လည်း ၎င်းမှာ အလွန်အင်မတန်မှ တမူထူးခြားသော ပစ္စည်းတစ်ခုဖြစ်ကြောင်း နားလည်သွား၏။

” ထိပ်သီးအဆင့် မီးသတ္တုရိုင်းတုံးလား ” ကျောက်ယမုန့်မှာ ရုတ်တရက် မေးလိုက်၏။ သူမ‌၏ လေသံမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့်လေသံ ပေါက်နေသည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မပွင့်တပွင့်ပြုံးလိုက်ပြီး ထိုကျောက်တုံးလေးအား သူ၏လက်ထဲ၌ ဆော့ကစားကာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် ကျောက်ယမုန့်အား ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ အကယ်၍ မည်သူကမှ ထိုကျောက်တုံးအကြောင်းကို မသိပါက သူကိုယ်တိုင် ထုတ်ပြောနေရမည် မဟုတ်ပါလော။ ထိုသို့သာဆိုလျှင် သူသည် ကြွားဝါနေသည့်ပုံ ပေါက်သွားနိုင်ပေသည်။

” ထိပ်သီးအဆင့် မီးသတ္တုရိုင်းဆိုတာ ဘာလဲ ” ခုန်းတောက်က ချက်ချင်းမေးလိုက်၏။

” အဲတာ အဆောင်ပစ္စည်းတွေကို သန့်စင်တဲ့နေရာမှာသုံးတဲ့ အထင်ကရ ကုန်ကြမ်းပစ္စည်းတစ်ခုပဲ။ ဂြိုဟ်တစ်ခုပျက်စီးသွားတဲ့ အချိန်မှ အဲဒီကျောက်တုံးတွေ ပေါ်လာနိုင်တာ။ အဲဒီ ကျောက်တုံးတစ်တုံးရဲ့ တန်ဖိုးက… နင့်သစ်သီး ဆယ်လုံးစာလောက်ရှိတယ် ” ကျောက်ယမုန့်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် စိတ်တည်ငြိမ်အောင်ထားကာ ရှင်းပြလိုက်၏။

ခုန်းတောက်မှာ ကျောက်ယမုန့်၏ စကားများကိုနားထောင်ရင်း အသက်ပြင်းပြင်းရှူမိသွားတော့သည်။ သို့သော် သူသည် အပြည့်အဝ မယုံချင်သေးပေ။ ထို့ကြောင့် သူသည် သူ ရှာဖွေသိမ်းဆည်းနိုင်ခဲ့သည့် အခြားရတနာများကို ထုတ်ပြရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ နောက်ထပ် ထိပ်သီးအဆင့် မီးသတ္တုရိုင်းတုံး တစ်တုံးကို ထုတ်ယူလိုက်ပြန်သည်…

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ သူသည် တစ်တုံးပြီးတစ်တုံး ဆက်တိုက်ဆွဲထုတ်နေသောကြောင့် အစပိုင်းတွင် ခုန်းတောက််မှာ ပင့်သက်များ ရှိုက်နေမိတော့သည်။ သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် ကျောက်တုံးဆယ်တုံးကျော် ထုတ်ပြပြီးသွားသောအခါ ခုန်းတောက်မှာ အသက်ပင်မရှုနိုင်တော့ပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်လက်ကောက်ကို ဖွင့်ကာ အကုန်လုံးကို သွန်ချလိုက်သဖြင့် ထိပ်သီးအဆင့် မီးသတ္တုရိုင်းတုံးများမှာ တောင်လိုပုံသွားတော့သည်။ ခုန်းတောက်မှာမူ လုံးဝ ဆွံ့အမှင်တက်နေရပြီ ဖြစ်သည်။

ကျောက်ယမုန့်ပင်လျှင် အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်သွားရ၏။ သူမသည် ပါးစပ်ဟမိသွားပါသော်လည်း စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။

” ဒီနေရာက သေးနေတော့ နင်တို့ကို ပစ္စည်းတွေအကုန် ပြလို့မရဘူးဖြစ်နေတာ။ ငါ့ရဲ့ သိုလှောင်လက်ကောက်ထဲမှာ ဒီလို ထိပ်သီးအဆင့် မီးသတ္တုရိုင်းတွေ ခုနစ်ပုံ ရှစ်ပုံလောက် ရှိနေသေးတယ် ” ဝမ်ပေါင်လဲ့မှာ ဗိုက်ကိုပုတ်ကာ အေးဆေးတည်ငြိမ်နေသည့် အမူအရာဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် သူ၏လက်ကိုဝှေ့ယမ်းကာ ထိုကျောက်တုံးများကို ပြန်လည်သိမ်းဆည်းလိုက်တော့သည်။

အချိန်အတော်အတန်ကြာပြီး‌မှ ခုန်းတောက်မှာ သူ၏လက်ထဲရှိ သစ်သီးလေးအား စိုက်ကြည့်နေလိုက်ပြီးနောက် စကားတစ်ခွန်းမှမပြောတော့ဘဲ သူ၏ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်တော့သည်။ ထို့နောက် သူသည် ကောင်းကင်ကြီးအား မော့ကြည့်ရင်း အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးမှ သက်ပြင်းချကာဆိုလိုက်၏။

” ပေါင်လဲ့။ မင်း ဒီပုံစံ အတိုင်းဆက်လုပ်နေရင် မင်းရဲ့ဘေးမှာ သူငယ်ချင်းတစ်ယောက်မှ ကျန်မှာမဟုတ်တော့ဘူး ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ခုန်းတောက်၏ ပခုံးအား လက်ဖြင့်ပုတ်လိုက်၏။ ထို့နောက် သူသည် ထိပ်သီးအဆင့် မီးသတ္တုရိုင်းတုံး ဒါဇင်အနည်းငယ်ခန့် ထုတ်ယူလိုက်ပြီးနောက် ခုန်းတောက်အား လှမ်းပေးလိုက်သည်။ ခုန်းတောက်မှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပါသော်လည်း အသက်ရှူသံများ မြန်ဆန်လာပြီးနောက် ထိုကျောက်တုံးများကို လက်ခံလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်အား ကျောက်တုံး အတုံးတစ်ရာကျော် ပေးခဲ့၏။ ထို့နောက် အကယ်၍ နောင်တွင် ထပ်လိုပါက သူ့ဆီသို့ အချိန်မရွေး လာတောင်းနိုင်ကြောင်း အသိပေးလိုက်သည်။ ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ရက်ရောနေသည်ဖြစ်ရာ ခုန်းတောက်မှာလည်း တိမ်ဖျော်သစ်သီးနှစ်လုံးကို ထုတ်ယူကာ ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့အား တစ်ယောက်တစ်လုံးစီ ပေးလိုက်တော့သည်။

ကျောက်ယမုန့်မှာလည်း သူမ ရှာဖွေတွေ့ရှိခဲ့သည်ပစ္စည်းများကို သူတို့နှစ်ယောက်နှင့် ပြန်လည်ဝေမျှလိုက်၏။ ထိုကဲ့သို့ ပစ္စည်းများ ဖလှယ်လိုက်ကြပြီးနောက် သူတို့မှာ စိတ်ဓာတ်များ တက်ကြွလာကြတော့သည်။ ဣန္ဒြေကြီးသော ကျောက်ယမုန့်ပင်လျှင် ရင်ခုန်သံများမြန်ဆန်လာရ၏။ သူမသည် စကားတစ်ခွန်းပြောရန် ပြင်လိုက်စဉ်မှာပင် ထွန်းတောက်လမ်းနှင့် ရှိခိုးနန်းတော်အဆောင်တို့မှာ စတင်တုန်ရီလာတော့သည်။

မြေပြင်ကြီးမှာလည်း စတင်တုန်ရီလာပြီး ဒုတိယ၊ တတိယနှင့် ဆဋ္ဌမမြောက်နန်းတော်တို့ထဲမှ အလင်းတန်းများ ပေါ်ပေါက်လာ၏။ ထို အလင်းတန်းများမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီးနောက် ကောင်းကင်ယံထဲ၌ စုဝေးသွားကြပြီး ကျောက်စိမ်းပေလွှာသုံးခုအဖြစ် ပြောင်းလဲသွား၏။

တစ်ခုမှာ အစိမ်းရောင်၊ အခြားတစ်ခုမှာ အနီရောင်ဖြစ်ပြီး နောက်ဆုံးတစ်ခုမှာ ခရမ်းရောင်ဖြစ်သည်။

အစိမ်းရောင်မှာ အပြင်စည်းဂိုဏ်းသား၊ အနီရောင်မှာ အတွင်းစည်းဂိုဏ်းသားနှင့် ခရမ်းရောင်မှာ မွေးစားဂိုဏ်းသားကို ကိုယ်စားပြုပေသည်။

ထို တလက်လက်တောက်ပနေသည့် ကျောက်စိမ်းပေလွှာသုံးခုမှာ သူတို့ သုံးယောက်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြ၏။ သူတို့မှာ ၎င်းတို့အား လှမ်းဖမ်းလိုက်သောအခါ သူတို့၏ နှလုံးသားထဲ၌ ထူးဆန်းသောခံစားချက်တစ်ခု ပေါ်ပေါက်လာသည်ကို အာရုံခံမိလိုက်ကြသည်။

ခုန်းတောက်မှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး တစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏အမြင်တွင် ထိုဓားကြီးမှာ မရေမတွက်နိုင်လောက်အောင် များပြားသော အမျှင်အတန်းများဖြင့် ပြည့်နှက်နေသကဲ့သို့ ဖြစ်သွားသည်။ ထို အမျှင်အတန်းများမှာ ထူထပ်သိပ်သည်းစွာ စုဝေးနေကြပြီး သူ၏ လှုပ်ရှားမှုများကို လုံးဝရပ်တန့်ပစ်နိုင်စွမ်း မရှိပါသော်လည်း အတိုင်းအတာတစ်ခုအထိ ချုပ်တည်းနိုင်စွမ်းရှိနေ၏။

ယခုတွင်မူ သူ၏လက်ထဲ၌ အစိမ်းရောင်ကျောက်စိမ်းပေလွှာလေး ရောက်ရှိလာပြီဖြစ်ရာ ထို အမျှင်အတန်းများ၏ ကြားရှိ နေရာလွတ်များမှာ ပို၍ကျယ်လာသည့်ပုံ ပေါက်သွား၏။ ထို့အပြင် သူသည် ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။

ထို့ကြောင့် ခုန်းတောက်မှာ မျက်လုံးများအရောင်လက်သွားပြီး ဂိုဏ်းသားရာထူးတစ်ခုအား ပိုင်ဆိုင်ထားရသည့် အကျိုးကျေးဇူးကို နားလည်သွားတော့သည်။ ကျောက်ယမုန့်မှာလည်း ထိုကဲ့သို့ပင် ခံစားလိုက်ရပါသော်လည်း သူမ၏ ခံစားချက်များမှာ ပို၍ပြင်းထန်၏။ ထို အမျှင်အတန်းများ၏ ကြားရှိ နေရာလွတ်များမှာ သူမအတွက် ပိုကျယ်လာသည့်ပုံပင်။ သူမသည် အသာအယာ တိုးဝှေ့လိုက်ရုံဖြင့် ထိုအမျှင်အတန်းများနှင့် လုံးဝမထိအောင် ရှောင်တိမ်းနိုင်စွမ်းရှိသွားပြီဖြစ်သည်။

သူမသည် မန္တန်အစီအရင်များကို နားလည်ထားသောကြောင့် ထိုခံစားချက်၏ အဓိပ္ပါယ်ကို ကောင်းကောင်းကြီး သိထား၏။ ယခုတွင် သူမသည် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်ရှိ အချုပ်အနှောင် အမြောက်အမြားကို ကျော်ဖြတ်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။

” ဂိုဏ်းသားရာထူးအစစ်တစ်ခု ပိုင်ဆိုင်ပြီးတော့ ကိုယ့်ရဲ့နာမည်ကို တာအိုကျောက်ပြားပေါ်မှာ ရေးထိုးနိုင်ရင် ဒီလိုအကျိုးကျေးဇူးတွေ ရတာကိုး ” ကျောက်ယမုန့်၏ မျက်ဝန်းများထဲ၌ ပျော်ရွှင်မှု အရိပ်အယောင်များ တောက်ပလာ၏။ ထို့နောက် သူမနှင့် ခုန်းတောက်တို့ နှစ်ယောက်စလုံးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။

” ပေါင်လဲ့။ မင်းက ဆဋ္ဌမမြောက်နန်းတော်ရဲ့ မွေးစားဂိုဏ်းသားအဆင့်ကို ရခဲ့တာဆိုတော့ အခု ဘယ်လိုခံစားနေရလဲ ” ခုန်းတောက်က သိချင်ဇောဖြင့် မေးလိုက်၏။

” အင်း… တစ်ကမ္ဘာလုံးက ငါ့ကို အားပေးနေသလိုမျိုး ငါက ခံစားနေရတာကွ ” ဝမ်ပေါင်လဲ့မှာ အထူးတဆန်း ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်၏။ သူသည် လိမ်ညာပြောဆိုနေခြင်းမဟုတ်ပေ။ သူသည် ထို ကျောက်စိမ်းပေလွှာလေးအား ထိသွားသည်နှင့်တစ်ပြိုင်နက် သူ၏ ပတ်ပတ်လည်ရှိ ကမ္ဘာကြီးမှာ သူ့အား နွေးထွေးစွာကြိုဆိုနေသကဲ့သို့ ခံစားလိုက်ရခြင်းဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံးမှာ သူမသွားနိုင်သည့် နေရာဟူ၍ သိပ်မရှိတော့ကြောင်း အသိပေးနေသကဲ့သို့ပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ရှေ့သို့လှမ်းကာ မီးပင်လယ်ကြီးထဲသို့ ဦးတည်သွားလိုက်၏။ သူသည် ရှိခိုးနန်းတော်အဆောင်၏ အကာအကွယ်များထဲမှ ထွက်ကာ မီးပင်လယ်ထဲသို့ဆင်းရန် ပြင်နေပြီ ဖြစ်သည်။ သို့သော် သူ၏ခြေထောက် မီးပင်လယ်ထဲသို့ ကျခါနီးတွင် သူ၏ခြေထောက်အောက်၌ ကျောက်ပြားတစ်ပြား ချက်ချင်းပေါ်ပေါက်လာ၏….

” ငါ ခံစားနေရတာဒီလိုကွ ” ဝမ်ပေါင်လဲ့မှာ မျက်ခုံးပင့်ကာ ထိုကျောက်ပြားပေါ်တွင်ရပ်ရင်း ပခုံးတွန့်ပြလိုက်၏။ ထို့နောက် သူသည် ပါးစပ်အဟောင်းသားဖြစ်နေသည့် ခုန်းတောက်နှင့် မျက်လုံးများပြူးနေသော ကျောက်ယမုန့်တို့အား လှည့်ကြည့်လိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset