အခန်း ( ၄၂ )

ဂိုဏ်းတူအစ်ကိုအား ချောက်ချခြင်း

အောင်းရိလဲကျသွားချိန်တွင် ပွဲကျင်းပရာနေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

နဂါးနန်းတော်အကြီးအကဲတချို့ထံမှ အလွန်ရန်လိုသောအကြည့်များ သူ့အပေါ်ကျရောက်လာကြောင်း လီချန်ရှို့ခံစားလိုက်ရသည်။

နဂါးနန်းတော်မှ ဒုတိယမင်းသားလေးမှာ ဟန်ဆောင်နေကြောင်း သူသိ၏။ ထို့ကြောင့် ဖြေရှင်းရန်နည်းလမ်းတစ်ခုကို အလျင်အမြန်စတင်စဉ်းစားလိုက်သည်။

ထိုနဂါးလေး၏ သရုပ်ဆောင်မှုသည် အလွန်သိသာသော်လည်း သူသည် မင်းသားတစ်ပါးပင်ဖြစ်၏။ နဂါးနန်းတော်သည် ထိုအခွင့်အရေးကို အသုံးချကာ ပြဿနာရှာလျှင် မလွယ်ပေ။

ကျိုးကျိုးသည် လီချန်ရှို့၏ ရှေ့တွင်ရပ်ကာ သူမ၏ သေးသွယ်သောခန္ဓာကိုယ်နှင့် ကာပေးထားလေသည်။

သူမသည် လေသံတိုးတိုးဖြင့်မေးလိုက်သည်။
“ ဒဏ်ရာရသွားသေးလား ဂိုဏ်းတူ တူလေးချန်ရှို့ ”

“ ကျွန်တော်ရဲ့ ကိုယ်ရောင်ကိုယ်ဝါပဲ နည်းနည်းမတည်မငြိမ်ဖြစ်သွားတာပါ။ စိတ်မပူပါနဲ့ ဆရာဒေါ်လေး … ဒုတိယမင်းသားလေးရဲ့ လက်သီးချက်ကလည်း ပြင်းတာကိုး။ ဒါပေမဲ့ ကျွန်တော်အဆင်ပြေပါတယ် ”
လီချန်ရှို့သည် ခပ်တိုးတိုးပြန်ဖြေလိုက်၏။ ဤအခြေအနေအား မည်သို့ဖြေရှင်းရမည်ကို သူစဉ်းစားပြီးပြီ ဖြစ်သည်။

သူသည် သက်ပြင်းချလိုက်ပြီး ဝမ်းနည်းကာအပြစ်ရှိသည့် လေသံဖြင့် ပြောလိုက်သည်။
“ ဒုတိယမင်းသားလေးရဲ့ ဒဏ်ရာအခြေအနေဘယ်လိုရှိလဲ။ ကျွန်တော့်ရဲ့ အဆောင်အတတ်က မင်းသားလေးဝတ်ထားတဲ့ နတ်ရတနာချပ်ဝတ်ကို မဖောက်နိုင်လောက်ပါဘူး။ ကျွန်တော် မင်းသားလေးကို ထိပ်တိုက်ရင်မဆိုင်ဘဲ ရှောင်ပြေးနေလို့ သူစိတ်တိုလာပြီး ဓမ္မတန်ခိုးတွေဖောက်လွှဲဖောက်ပြန် ဖြစ်သွားတာ ဖြစ်နိုင်တယ်။ ဆရာဒေါ်လေး သူ့ခန္ဓာကိုယ်ကို စစ်ဆေးပေးကြည့်ပါလား။ နဂါးနန်းတော်ရဲ့ ဆေးပညာက ဘယ်လောက်အဆင့်မြင့်လဲ၊ ဒီလိုရောဂါမျိုးကို ရှာနိုင်လား၊ မရှာနိုင်ဘူးလားတော့ ကျွန်တော် မသိဘူး ”

ကျိုးကျိုး ခြောက်ကပ်ကပ် ရယ်၍ ပြောလိုက်သည်။
“ နဂါးနန်းတော်မှာ ပညာရှင်တွေအများကြီးရှိတာပဲ ရှာနိုင်မှာပါ။ စိတ်မပူပါနဲ့ ”

ထိုစကားများကို ကြားသွားသော နဂါးနန်းတော်မှ အမတ်များသည် အောင်းရိအား ကြည့်လိုက်ကြသည်။ အောင်းရိထံသို့ ရှေးဦးစွာရောက်သွားသော လိပ်ဘိုးဘိုးသည် အော်၍ပြောလိုက်၏။
“ အရှင့်သား အဆင်ပြေပါတယ်။ ဓမ္မတန်ခိုးစီးဆင်းနေတုန်း အနှောင့်အယှက်တစ်ခုဖြစ်သွားလို့ ဓမ္မတန်ခိုးတွေ မင်းသားလေးကိုယ်ထဲက ဖောက်ထွက်ကုန်တာပါ။ မင်းသားလေးက သတိမေ့သွားရုံပါပဲ။ မကြာခင် သတိပြန်လည်လာပြီး ကောင်းသွားမှာပါ ”

ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော နဂါးနန်းတော်မှ စစ်သူကြီးတစ်ဦးသည် ချက်ချင်းဝင်မေးလိုက်သည်။
“ ဒါဆို ဒီတိုက်ပွဲကို ဘယ်လိုအဆုံးအဖြတ်ပေးမှာလဲ ”

လိပ်ဘိုးဘိုး အသံတိတ်သွားသည်။ သူသည် စည်းဝိုင်းအစွန်းကို ကြည့်လိုက်ပြီးနောက် သတိမေ့နေသောအောင်းရိကို ကြည့်လိုက်ပြန်၏။

ထိုအချိန်တွင် လီချန်ရှို့အတွက် စိတ်ပူစရာမရှိတော့ချေ။

ဘေးတွင်ရပ်နေသော တုနတ်ဝိဇ္ဇာဂိုဏ်းမှ အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးသည် ပြုံး၍ ဝင်ပြောလိုက်၏။
“ ဒုတိယမင်းသားလေးက နိုင်သွားတာ အသေအချာပါပဲ။ ဂိုဏ်းတူ တူလေးချန်ရှို့ စည်းဝိုင်းထဲက ထွက်သွားပြီး‌တော့မှ ဒုတိယမင်းသားလေးက အတွင်းဒဏ်ရာရသွားတာမလား။ ရလာဒ်က ရှင်းပါတယ်။ ကျွန်တော့်မှာ ချီစီးဆင်းမှု အားကောင်းစေတဲ့ ဆေးလုံးရှိပါတယ်။ နဂါးနန်းတော်အနေနဲ့ ဒီလို သာမန်ဆေးလုံးလေးကို အရေးထားမယ်တော့မထင်ပါဘူး။ ဒါပေမဲ့ တုနတ်ဝိဇ္ဇာဂိုဏ်းက စေတနာနဲ့ပေးတယ်လို့ သဘောထားပြီး လက်ခံပေးပါ ”

“ ကျေးဇူးတင်ပါတယ် ”
လိပ်ဘိုးဘိုးသည် နဂါးစစ်သူကြီးကို ဆေးလုံးလက်ခံလိုက်ရန် လက်ဟန်ပြလိုက်သည်။ ဤသို့ဖြင့် ထိုပြဿနာသည် ဆုံးခန်းတိုင်ခဲ့လေပြီ။

လိပ်ဘိုးဘိုးသည် ချက်ချင်းပင် ပုစွန်စစ်သည်အနည်းငယ်အားခေါ်၍ ဒုတိယမင်းသားလေးအောင်းရိကို ကျောက်စိမ်းဘီးတပ်ကုလားထိုင်ပေါ်သို့တင်ကာ အပြင်သို့ ခေါ်သွားခိုင်းလိုက်လေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများသည် လက်နှစ်ဘက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီးနောက် လီချန်ရှို့အား သူတို့၏အလယ်တွင်ထား၍ အကာအကွယ်ပေးကာ တုနတ်ဝိဇ္ဇာဂိုဏ်းအတွက်ပေးထားသော နေရာသို့ ပြန်သွားကြ၏။

ထိုသို့ပြန်သွားနေစဉ် လီချန်ရှို့သည် ‌ဘေးရှိ ကျိုးကျိုးကို ခပ်တိုးတိုးပြောလိုက်သည်။
“ ဆရာဒေါ်လေး ကျွန်တော် ရှေးဟောင်းကျမ်းစာထဲမှာ ဖတ်ရတာကတော့ ကျွန်တော်တို့ကို တည်ခင်းထားတဲ့ စပျစ်သီးတွေက ချီဖောက်လွှဲဖောက်ပြန်ဖြစ်တာအတွက် ကောင်းတယ်တဲ့… ”

“ အဲဒါက နဂါးနန်းတော်က ဧည့်ခံထားတဲ့ဟာပဲ။ သူတို့က မင်းထက်ပိုသိမှာပါ… ”
ကျိုးကျိုးက ပြန်ပြောလိုက်၏။
“ ပြီးတော့ မင်းဘာလို့ စည်းဝိုင်ထဲက ထွက်လိုက်ရတာလဲ။ အထဲမှာသာ နည်းနည်းလောက်ထပ်ရပ်နေလိုက်ရင် နိုင်မယ့်ဟာကို ”

လီချန်ရှို့သည် ခါးသက်သက်ပြုံး၍ ပြန်ဖြေလေ၏။
“ ကျွန်တော်လည်း ဘယ်လိုမှ ဆက်ပြီး တောင့်မခံနိုင်တော့လို့ပါ ”

ကျိုးကျိုးသည် စိတ်ပျက်သွားပြီး လီချန်ရှို့ကို ဆူလိုက်သည်။
“ ဂိုဏ်းကိုပြန်ရောက်ရင်‌တော့ မင်းကို သေချာကျင့်ကြံခိုင်းမှ ရ‌တော့မယ်။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့်နေရင် မှော်ေဆးပညာတွေ၊ မန္တန်အစီအရင်ပညာတွေ ကျွမ်းနေတော့ရော ဘာလုပ်ရမှာလဲ… ”

“ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က မင်းရဲ့ တာအိုအခြေခံပဲ… ”

“ ကျင့်ကြံခြင်းအဆင့်မမြင့်ဘူးဆိုရင် စွမ်းအားကြီးတဲ့ ဓမ္မရတနာကို သုံးရရင်တောင် အဲဒီရတနာကို အစွမ်းကုန် ထုတ်သုံးနိုင်မှာ မဟုတ်ဘူး ”

လီချန်ရှို့သည် ခေါင်းငုံ့လိုက်ပြီး စိတ်သက်သာရာရသွားဟန် ပြန်ဖြေလိုက်သည်။
“ ဟုတ်ကဲ့ပါ… ကျွန်တော့်ရဲ့ အမှားကို သိပါပြီ ”

သူ့အားကြည့်နေသော အကြည့်များ တဖြည်းဖြည်း ပျောက်ကွယ်လာကြကြောင်း သူအာရုံခံမိလိုက်၏။

ဓားကြီးကိုလွယ်ထားသော ယုံချင်ရွှမ်းယာသည် သူ့ဆီသို့လျှောက်လာကာ စိုးရိမ်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။
“ ဂိုဏ်းတူအစ်ကို ချန်ရှို့… ဒဏ်ရာတွေရလာသေးလား ”

“ ဘာမှမဖြစ်ပါဘူး…ဘာမှမဖြစ်ပါဘူး… အစ်ကိုရဲ့ ကိုယ်ရောင်ကိုယ်ဝါပဲ နည်းနည်းမတည်မငြိမ်ဖြစ်သွားတာပါ ”
လီချန်ရှို့သည် လိပ်ပြာမလုံသည့် လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ အစ်ကို အရည်အချင်းမရှိလို့ ညီမလေးနဲ့ ဂိုဏ်းကတခြားသူတွေကို စိတ်ပူစေမိပြီ။ ပြီးတော့ ဂိုဏ်းလည်း မျက်နှာပျက်ရပြီ ”

ဂိုဏ်းတူအစ်ကိုတစ်ယောက်သည် ချက်ချင်းပင် သူ့ထံသို့ အသံပို့လွှတ်လိုက်သည်။
“ နဂါးနန်းတော်က ဒုတိယမင်းသားက တမင်ပြဿနာရှာချင်လို့ ဂိုဏ်းတူညီလေးချန်ရှို့ကိုရွေးမှန်း အသိသာကြီးပါ ”

“ စောင့်ကြည့်နေပါ ညီလေး… နောက်ပွဲမှာ ဝင်ပြိုင်မယ့် နဂါးတွေကို အစ်ကိုတို့ ဘယ်လောက် အစွမ်းထက်လည်းဆိုတာ ပြပေးလိုက်မယ် ”

လီချန်ရှို့သည် ထိုဂိုဏ်းတူအစ်ကိုအား ကျေးဇူးတင်သည့် ဟန်ဖြင့်ကြည့်လိုက်သည်။

“ ဂိုဏ်းတူအစ်ကို ချန်ရှို့ … နေရာကို ပြန်ပြီး နားလိုက်ပါဦး။ ဆက်ပြီး ရပ်နေဖို့မလိုပါဘူး ”

“ နဂါးနန်းတော်က တော်တော်လွန်တာပဲ… ဒုတိယမင်းသားကလည်း အောက်တန်းကျချက် ”

ကျိုးကျိုးက ဝင်ပြောလိုက်ရတော့သည်။
“ ဘာမှအပြစ်တွေ ပြောမနေဘဲ အေးအေးဆေးဆေး ထိုင်နေကြ။ အပေါ်မှာ စောင့်ကြည့်နေတဲ့ ကောင်းကင်နတ်မင်းတွေ ရှိတယ် ”

တပည့်အများစုသည် ငြိမ်ကျသွားသော်လည်း တချို့တပည့်များမှာ လီချန်ရှို့ အနိုင်ကျင့်ခံခဲ့ရမှုအပေါ် မကျေမနပ် ဖြစ်နေကြဆဲပင်။ ထို့ကြောင့် သူတို့သည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ အခြားအတုမဲ့နတ်ဝိဇ္ဇာများ၏ ဆူပူခြင်းကို ခံရလေသည်။

ထိုသူများ ဤသို့တုန့်ပြန်မည်ကို ကြိုတင်မှန်းထားပြီး ဖြစ်သည်။

ထိုသို့တုန့်ပြန်မှုများသည် သူ့ကြောင့် သီးသန့်မဟုတ်ဘဲ မိမိတို့ ဂိုဏ်းသားတစ်ယောက်ဟူသော ဂိုဏ်း၏မာနအရကြောင့် ဖြစ်ကြောင်း လီချန်ရှို့ သိလေသည်။

သူသည် သူ၏ထိုင်ခုံရှိရာသို့ ပြန်သွားလိုက်သည်။ သူ၏ မငြိမ်မသက်ဖြစ်နေသော ကိုယ်ရောင်ကိုယ်ဝါသည်လည်း တဖြည်းဖြည်းပြန်၍ တည်ငြိမ်လာ၏။ ယုံချင်ရွှမ်းယာသည် သူ့အားလှည့်ကြည့် လှည့်ကြည့်ဖြင့် သူမ၏နေရာသို့ ပြန်သွားလေ၏။

ထို့နောက် သူမ၏မျက်နှာပေါ်မှ စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး အေးစက်တင်းမာသွားလေတော့သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ အတော်ဆုံးတပည့်မလေး၏ မျက်လုံးသည် ဒေါသများဖြင့် တောက်လောင်နေ၏။ သူမသည် နောက်ကျောမှ ဓားကြီးကို ဖြုတ်ကာ စားပွဲပုလေးပေါ်တွင် တင်လိုက်သည်။ ဓားပေါ်ရှိ နေရာတချို့အားထောက်၍ ပိတ်ထားသည်များကို ဖွင့်ပြီးသွားသောအခါ ဓားကြီးပေါ်တွင် မီးတောက်သင်္ကေတများ ပေါ်လာ၏။ ထို့နောက် ယင်းမီးတောက်များသည် ရှည်လျားပါးလျသော ဓားပျံများအဖြစ် ပြောင်းလဲသွားကြသည်။

ရုတ်ခြည်းပင် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်ငယ်များထိုင်ရာနေရာရှိ အပူချိန်သည် တိုး၍လာလေ၏။

သူမသည် ဆေးပုလင်းနှစ်လုံးအား ထုတ်၍ ဓမ္မတန်ခိုးများပြန်ဖြည့်ရန် ဆေးလုံး အလုံအလောက်ရှိ၊မရှိ စစ်ဆေးကြည့်လိုက်သည်။

ထို့နောက် သူမသည် လက်ကိုင်ပဝါလေးတစ်ထည်ကို ထုတ်ကာ ဓားပျံများကို သုတ်၍နေလေသည်။ သူမ၏ မျက်နှာသည် အေးစက်စက်ဖြစ်နေကာ မည့်သည့်ခံစားချက်မျှ ရှိမနေပေ။ သူမ၏မျက်လုံးများသည်လည်း အတန်ငယ် ကြောက်စရာကောင်းနေပေ၏။

“ ဂိုဏ်းတူညီမလေးယုံချင်… ”
လီချန်ရှို့၏ အသံပို့လွှတ်မှုကို ကြားလိုက်သောအခါ ယုံချင်ရွှမ်းယာ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူမသည် ချက်ချင်းပင်လှည့်ကာ သူ့အားကြည့်လိုက်သည်။
“ ညီမပြိုင်ရမယ့် အလှည့်ကိုရောက်ရင် ထိန်းထိန်းသိမ်းသိမ်းလုပ်ပါ။ အစ်ကိုတို့က နဂါးနန်းတော်မှာရောက်နေတာဆိုတော့ သူတို့နဲ့ ထိပ်တိုက်မတွေ့သင့်ဘူး ”

ယုံချင်ရွှမ်းယာက ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်၏။ သူမ၏ ဒေါသခိုးဝေနေသောအကြည့်များသည် ပြန်၍နူးညံ့လာလေသည်။

ထိုအချိန်တွင် သူမသည် နှုတ်ခမ်းသပ်ကာ ပြုံးလိုက်၏။ သူမ၏ မျက်နှာထားနှင့် အကြည့်များကတော့ လီချန်ရှို့အား စိတ်မပူရန် ပြောနေသကဲ့သို့ပင်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ အခြားတပည့်သုံးဦးသည် ယုံချင်ရွှမ်းယာထံမှ ထိုသို့မျက်နှာထားကို ပထမဆုံးမြင်ဖူးလိုက်ခြင်းဖြစ်သည်။ သူတို့သည် အံ့အားသင့်သွားပြီး အကြည်စိုက်နေကြသည့်ကြား ဝင်နှောင့်ယှက်နေမိသကဲ့သို့ပင် ခံစားလိုက်ရသည်။

ယုံချင်ရွှမ်းယာသည် ဓားပျံများကိုမူ ဆက်၍သုတ်နေဆဲပင်။ လီချန်ရှို့၏ အသံပို့လွှတ်မှုတစ်ခုအတွက်နှင့်တော့ သူမ၏စိတ်ကို မပြောင်းနိုင်ချေ။

လီချန်ရှို့သည် ပြော၍မရသဖြင့် အရေးမစိုက်ဘဲသာ နေလိုက်ရလေသည်။

သူသည် ကျင်းပရာနေရာတွင် ပြောဆိုနေကျသော အတင်းစကားများကို နားထောင်ရန် လေလှိုင်းအသံဖမ်းအတတ်ကို ထုတ်လိုက်သည်။ ထိုနည်းအားဖြင့် သူ၏သရုပ်ဆောင်မှုအပေါ် တိုက်ရိုက်ဝေဖန်ချက်များကို သိရမည် မဟုတ်ပါလား။

မကြာမီတွင် သူ၏နားအတွင်းသို့ နေရာအနှံ့မှ အသံများသည် လေနှင့်အတူ ဝင်ရောက်လာကြသည်။
“ ဒီတုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်က မဆိုးဘူးပဲ။ အဲဒီ နဂါးနန်းတော်ရဲ့ ဒုတိယမင်းသားက လောကြီးပြီး သူ့ရဲ့ အစွမ်းကုန် မထုတ်နိုင်ခဲ့ဘူး ”

“ လိပ်ဘိုးဘိုးလည်း အဲဒီလိုပြောတယ်မလား။ အေးလေ ဒုတိယမင်းသားက ဆယ်နှစ်ပဲရှိသေးတာကို။ သူ သွေးနည်းနည်းဆူနေတာ အံ့ဩစရာတော့မရှိပါဘူး ”

“ ငါဆိုရင်လည်း ဒုတိယမင်းသားလေးကို နိုင်မှာမဟုတ်ဘူး။ တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်က စည်းဝိုင်းထဲက အရင်ထွက်သွားတာ နှမြောစရာပဲ… ”
ခေတ္တမျှ သေချာစူးစမ်းပြီးသောအခါ လီချန်ရှို့ စိတ်‌အေးသွားသည်။

သူသည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တော်သောဂိုဏ်းသားတစ်ယောက်ဖြစ်သည်ဟူသော ပုံရိပ်သည် ဟာကွက်များမရှိဘဲ ယုံကြည်ဖွယ်ကောင်းခဲ့၏။

သူသည် ထိပ်တန်းတပည့်ဆယ်ယောက်နှင့် အတူထိုင်နေရသည်ဖြစ်ရာ သူ့၌ အာရုံတွင်စွဲနေနိုင်မည့် အရည်အချင်းများ မရှိသဖြင့် မကြာခင် လူအများ သူ့အား မေ့သွားကြပေမည်။

လိပ်ဘိုးဘိုးသည် ပြိုင်ပွဲ၏ရလာဒ်ကို ထပ်မံ၍ တရားဝင်ကြေညာလိုက်သည်။ ထိုပွဲတွင် နဂါးနန်းတော်၏ ဒုတိယမင်းသားလေး အနိုင်ရလေသည်။

သို့သော် သူ၏စိတ်လောကြီးမှုကြောင့် ဒုတိယမင်းသားလေး၏ ကိုယ်ရောင်ကိုယ်ဝါသည် ဖောက်လွှဲဖောက်ပြန်ဖြစ်သွားပြီး အတွင်းဒဏ်ရာအနည်းငယ် ရလိုက်၏။ သူ့အား အနားယူရန် နဂါးနန်းတော်သို့ ပြန်ခေါ်သွားပြီဖြစ်သည်။ ထို့ကြောင့် အောင်ပွဲခံမည့် အခမ်းအနားကို ပယ်ဖျက်လိုက်ရသည်။

ထိုဖြစ်ရပ်အသေးစားလေးသည် ယာယီပြီးဆုံးသွားပြီ ဖြစ်သည်။

ထိုဖြစ်စဉ်မှနေ၍ ကြိုတင်ခန့်မှန်းရန်မလွယ်သော အာဒိကပ္ပလောကကြီးနှင့် ရှုပ်ထွေးသော နဂါးနှလုံးသားကို လီချန်ရှို့ နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရ၏။ လီချန်ရှို့သည် မိမိကိုယ်ကို အတွေ့အကြုံနုလှသေးသည်ဟု တွေးမိသွားသည်။ ထို့ကြောင့်သာ လူသားတို့၏နှလုံးသားနှင့် နဂါးတို့၏သဘာဝကို လျှော့တွက်မိကာ အခြေအနေကို အပြည့်အဝ မသုံးသပ်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုနဂါးလေးသည် ဤကဲ့သို့ လှည့်ကွက်မျိုးပြုလုပ်လိမ့်မည်ဟု သူ မည်ကဲ့သို့ တွေးမိနိုင်မည်နည်း။

အောင်းရိသည် အမှန်ပင် ထင်ရာစိုင်းကာ တမင်အရှုံးပေးရန် လုပ်ခဲ့၏။

ကံအားလျော်စွာ လီချန်ရှို့သည် စည်းဝိုင်းအပြင်သို့ ထွက်ကာ အရင်ဆုံး အရှုံးပေးခဲ့၏။ မဟုတ်လျှင် အခြေအနေသည် ယခုထက်ပို၍ ဆိုးပေလိမ့်မည်။

ဤကဲ့သို့သော အခြေအနေမျိုး နောက်တစ်ခါကြုံခဲ့လျှင် ကိုယ့်မျက်ခွက်ကိုယ်ထိုး၍ ဒဏ်ရာရ‌အောင် လုပ်ပြီး ပွဲမှထွက်မည်ဟု လီချန်ရှို့ တွေးထားလိုက်သည်။

လီချန်ရှို့သည် အပြင်ပန်းတွင် အေးဆေးပုံပေါ်သောလည်း အမှန်တွင် အလွန်ကိုးရိုးကားရားနိုင်သော တိုက်ပွဲအကြောင်းကို ပြန်စဉ်းစားနေမိသည်။

သူတို့၏ လက်သီးနှင့်လက်ဝါးထိသွားစဉ် လူသားနှင့် နဂါးတို့၏ ကိုယ်ထဲမှ အရိပ်နှစ်ခုထွက်သွားပြီး တစ်‌ဦးကိုတစ်ဦး ခပ်စိမ်းစိမ်းကြည့်ကာ စကာားပြောလိုက်ကြသည်ဟုပင် ထင်နေမိသည်။

‘ မင်းက ငါ့ကိုလှည့်စားရဲတယ်ပေါ့ ’

‘ မင်းလိုပဲပေါ့ သူငယ်ချင်းရာ ’

နဂါးလေးတွင် အခြားအစီအစဉ်များလည်း ရှိရပေမည်။

ယခုတွင် လီချန်ရှို့၏ အကြီးမားဆုံးမျှော်လင့်ချက်မှာ ဂိုဏ်းသို့ဘေးကင်းကင်းဖြင့် ပြန်ရောက်ရန်ဖြစ်သည်။

ကောင်းကျိုး၊ ဆိုးကျိုးများကို တွက်ဆပြီးသောအခါ ဤအန္တရာယ်ရှိသော‌ နေရာမှ လုံခြုံစွာ ထွက်ခွာနိုင်မည်ဆိုပါက ဝှက်ဖဲတစ်ခု၊ နှစ်ခုထုတ်ပြရလျှင်လည်း တန်သည်ဟု သူ တွေးလိုက်သည်။

ထိုသို့ဝှက်ဖဲများ ထားသည်မှာ ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်ရန်ပင် မဟုတ်ပေလော။

နဂါးတစ်ကောင်တွင် လှည့်ကွက်မည်မျှရှိသည်ကို မည်သူသိနိုင်ပေမည်နည်း။

***

ဖျော်ဖြေမှုတစ်ခုပြီးသွားပြီးနောက် မိစ္ဆာနှိမ်နင်းရေး တွေ့ဆုံပွဲကို တရားဝင်စပေပြီ။

နဂါးနန်းတော်သည် ကျင်းပမည့်ပြိုင်ပွဲတွင် တပည့်များကို ချီးမြှင့်ရန် နတ်ဓမ္မရတနာ(၁၂)ခုကို ထုတ်ယူလာလေသည်။

ပြိုင်ပွဲဝင်များသည် ကာကွယ်လိုက် တိုက်ခိုက်လိုက်ဖြင့် တိုက်ပွဲစတင်ချေပြီ။ တပည့်အမြောက်အမြားသည် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြ၏။ ရေကြာပွင့်ကြီး၏အပေါ်တွင် နေရာများခွဲ၍ တိုက်ပွဲများကို ကျင်းပလေသည်။

ပြိုင်ပွဲတစ်ချီတွင် နတ်ဓမ္မရတာတစ်ခု ချီးမြှင့်မည်ဖြစ်သည်။ အကယ်၍ ပြိုင်ပွဲဝင်တစ်ယောက်သည် နေရာတစ်ခုတွင် ကိုးကြိမ်နိုင်လျှင် နဂါးနန်းတော်မှ သူရဲကောင်းနှင့် ယှဉ်ပြိုင်ရမည်။ ထိုသူရဲကောင်းကို နိုင်လျှင် ရတနာကို ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။

ထိုသူရဲကောင်းများသည် တာအိုပေါင်းစည်းခြင်း ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ယောက်ကဲ့သို့ အစွမ်းထက်သည့် နဂါးပျိုများဖြစ်သည်။

ရတနာရရှိနိုင်ရန်ကား မလွယ်ပေ။ သို့သော် နတ်ဝိဇ္ဇာဂိုဏ်းအသီးသီးမှ တပည့်များသည် သူတို့အတွက် နတ်ရတနာတစ်ခုရရန် မလွယ်သဖြင့် ထိုအခွင့်အရေးကို အရယူရန် စိတ်အားထက်သန်နေကြ၏။

တိုက်ပွဲစသည်နှင့် တစ်ပြိုင်နက် တပည့်အများအပြားသည် သူတို့၏ အတတ်များကို ထုတ်သုံးလိုက်ကြသည်။ မြင်ကွင်းတစ်ခုလုံးသည် အလွန်ခမ်းနားနေပေ၏။

သို့သော် အမွှေးတိုင်နှစ်တိုင်စာ ကုန်သွားသည်အထိ ဂိုဏ်းကြီးများမှ တာအိုပေါင်းစည်းခြင်းအဆင့် အစပိုင်းတွင်ရှိသူတချို့သာ ကိုးကြိမ်နိုင်၍ နဂါးသူရဲကောင်းများနှင့် ပြိုင်ရလေသည်။ သို့သော်ငြား နောက်ဆုံးတွင် ကျင့်ကြံသူများသာ ရှုံးလေသည်။

ထိုအချိန်တွင် ယုံချင်ရွှမ်းယာသည် စားပွဲပုလေးကို ပုတ်ကာ ကောင်းကင်ပေါ်သို့ပျံသွားလိုက်သည်။ ဓားပျံ(၁၂)ချောင်းသည် သူမအား လှည့်ပတ်၍ ပျံနေ၏။ ထို့နောက်သူမသည် နဂါးလေးတစ်ကောင်ရှေ့တွင် ဆင်းလိုက်သည်။
“ ပထမတိုက်ပွဲ ”

ထိုနေ့တွင် တုနတ်ဝိဇ္ဇာဂိုဏ်းမှ ယုံချင်ရွှမ်းယာသည် ထိုနေရာတွင် ရှိနေသောသူများကို အံ့အားသင့်သွားစေခဲ့သည်။

သူမသည် ဓားပျံများနှင့် မီးတောက်များကိုထိန်းချုပ်တိုက်ခိုက်ကာ နတ်ရတနာ(၄)ခုကို အရယူနိုင်ခဲ့သည်။ ကျင့်ကြံသူအများအပြားကိုလည်း အနိုင်ယူခဲ့ပြီး တာအိုပေါင်းစည်းခြင်းအဆင့်ရှိသော နဂါးမျိုးနွယ်မှ နဂါးလေး(၄)ကောင်ကိုလည်း ဒဏ်ရာရစေခဲ့၏။ သူမ၏ ဂုဏ်သတင်းသည် အ‌ရှေ့ကျွန်းတစ်ခုလုံးတွင် သင်းပျံ့သွားလေတော့သည်။

ထိုအမျိုးသမီးကျင့်ကြံသူတွင် တောက်ပသောအနာဂတ်ရှိပေသည်။ ထိုပြင်းထန်သော တိုက်ပွဲများပြီးသွားချိန်တွင် အားလုံး၏အကြည့်သည် သူမထံသို့ ရောက်နေပေပြီ။ သူမသည် ခန္ဓာကိုယ်တွင် ဒဏ်ရာအပြည့်ဖြင့် ဓားကြီးကိုကျောတွင်လွယ်ပြီး မောပန်နွမ်းနယ်စွာဖြင့် တုနတ်ဝိဇ္ဇာဂိုဏ်းနေရာသို့ ဖြည်းညင်းစွာ လျှောက်သွားလေ၏။

ဂိုဏ်းရှိအခြားသူများမှ တွဲပေးမည်လုပ်သည်ကို ငြင်းပယ်လိုက်ပြီး ဆရာဦးလေးများ၏ ချက်ချင်းအနားယူရန် အကြံပေးချက်ကိုလည်း မသိဟန်ဆောင်၍ သူမ၏နေရာကို ကျော်ကာ ရှေ့သို့ အနည်းငယ်ထပ်လျှောက်လိုက်သည်။

သူမသည် ခေါင်းငုံ့နေပြီး ခါးလည်းကိုင်း၍နေလေသည်။ သွယ်လျသောလက်ကလေးများသည်လည်း ဓမ္မတန်ခိုးများ အလွန်အကျွံသုံးခဲ့ရသောကြောင့် တုန်ခါနေချေ၏။

သို့သော်လည်း သူမသည် သက်တံ့ရောင်တလက်လက်ဖြစ်နေသော နတ်ရတနာ(၄)ခုကို လူများမေ့လျှော့နေပြီဖြစ်သော တုနတ်ဝိဇ္ဇာဂိုဏ်းမှ ဗလာနတ္ထိဒုတိယအဆင့်ရှိသော တပည့်တစ်ယောက်၏ စားပွဲပုလေးပေါ်သို့ အောင်မြင်စွာတင်နိုင်လိုက်လေသည်။

ထို့နောက် သူမအားကြည့်နေသော အမျိုးသားကျင့်ကြံသူကို နွမ်းနယ်သည့်ဟန်ဖြင့် ပြုံးပြလိုက်သည်။

ထိုအခိုက်တွင် ယင်းရေကြာပွင့်ပေါ်၌ရှိနေသော ကျင့်ကြံသူများသည် ယုံချင်ရွှမ်းယာကို အလွန်လေးစားသွားကြသည်။ ဂိုဏ်းပေါင်းစုံမှ အတုမဲ့နတ်ဝိဇ္ဇာများသည်လည်း သူမကို အထင်ကြီးသွားလေ၏။

လီချန်ရှို့သည် ဆွံ့အသွားကာ သူမအား နားမလည်နိုင်စွာ ပြန်ကြည့်လိုက်၏။ သူမအားတွဲပေးရန် ထရန်ပြင်လိုက်သော်လည်း ယုံချင်ရွှမ်းယာသည် သူ၏ဒဏ်ရာကို စိတ်ပူသဖြင့် ချက်ချင်းပင် သူ လက်ကမ်းပေးသည်ကို ရှောင်၍ လှည့်ထွက်သွားလေသည်။

ထို့ကြောင့် လီချန်ရှို့သည် ယုံချင်ရွှမ်းယာ၏ ကျောပြင်ကိုသာ လက်နှစ်ဘက်ဆုပ်၍ အရိုအသေပေးလိုက်ရသည်။ စိတ်ထဲတွင်မူ ဆရာဦးလေးကျိူးဝူကို အကြိမ်ကြိမ် မေတ္တာပို့လိုက်တော့သည်။

***

ခမ်းနားလှသော ရေအောက် နန်းဆောင်ခန်းမကြီးထဲတွင်…

ကျန့်(၁၀၀)ခန့်ရှည်လျားသော ကုတင်ကြီးပေါ်၌ လဲလျောင်းနေသော နဂါးပျိုတစ်ကောင်သည် ရုတ်တရက် မျက်လုံးများပွင့်လာပေသည်။ သူသည် ဘေးတွင် ဒူးထောက်ကာ စပျစ်သီးကို အခွံခွာနေသော အမျိုးသမီးအစေခံလေး၏ လက်ကိုဆွဲ၍ မေးလိုက်သည်။

“ ငါရှုံးသွားလား … ငါရှုံးသွားလား… ”

“ မပူပါနဲ့ အရှင့်သား… အရှင့်သား နိုင်သွားပါတယ်… ”

“ ဘာ… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ငါသေချာကို… ”

“ ဒုတိယမင်းသားလေး… ဒုတိယမင်းသားလေး… ”

“ လာကြပါဦး… မင်းသားလေး ထပ်ပြီး သတိလစ်သွားပြန်ပြီ ”

***


Comment

Leave a Reply

Options

not work with dark mode
Reset