မိနစ်နှစ်ဆယ်လောက်ကြာတော့ ဝူပင်သူဌေး ချန်းဟိုင်က သူ့လူများနှင့်အတူ ရောက်လာသည်။
‘ဘယ်ညီအစ်ကိုက ဆောင်းဝမ်ကျင်း သူဌေးဆောင်းကို သိတာလဲ’ ချန်းဟိုင်က လေးလေးစားစားပင်မေးလိုက်သည်။
ချန်းဟိုင်လည်း ဝူပင်ဖုန်းခေါ်ပြီးတော့ လန့်သွားပါတယ်။ ငါ့ကျမှ ဘာလို့ ဒီလိုလူမျိုးနဲ့လာတွေ့ရတာလည်း။ ဆောင်းဝမ်ကျင်းကို သိတယ်။ ဟိုက ဘယ်သူလဲ မြေအောက်လောကရဲ့ တကယ့်သူဌေး။
သူက အသေးစားချေးငွေလုပ်ငန်းပိုင်ရှင်လေးပါ။ ဆောင်ဝမ်ကျင်းကို သွားစလျှင် ပုရွက်ဆိတ်သတ်သလို သတ်သွားမှာပါ။
သို့သော်သူလည်း စဉ်းစားနေပါတယ်။ ဒီလိုနေရာမျိုးမှာ နေတဲ့သူက ဘယ်လိုအစွမ်းအစမျိုးရှိနိုင်မှာလဲ။ ဒါပေမယ့် အခြေအနေမှန်ကို မသိခင်မှာ နှိမ့်ချနေတာကောင်းပါတယ်။
‘အစ်ကိုဟိုင် သူကသူဌေးဆောင်းကိုသိတယ်လို့ ပြောတာပါ’ ဝူပင်က အပြေးအလွှားထကာ လီဖန်းကို ညွှန်ပြရင်းပြောလိုက်သည်။
‘အိုး’ ချန်းဟိုင်က လီဖန်းကို သံသယနဲ့ကြည့်ပြီးမေးလိုက်သည်။
‘ဒီကညီလေးက ဘယ်လိုခေါ်လဲ’ လီဖန်းက သာမန်ဝတ်စုံဝတ်ထားပေမယ့် သူ့ပုံစံက သာမန်လူနဲ့မတူပါဘူး။ ချန်းဟိုင်လည်း ဒါကြောင့် အထင်မသေးရဲပါ။
‘လီဖန်း၊ ဆောင်းဝမ်ကျင်း မရောက်သေးဘူး။ ဒါကြောင့် ခဏရပ်စောင့်ပါဦး။ တကယ်လို့ တစ်ခုခုလုပ်ချင်တယ်ဆိုလည်း ကျွန်တော်က ပူးပေါင်းပေးမှာပါ’ လီဖန်းက မျက်ခုံးပင့်ကာ ခံစားချက်မဲ့သော မျက်နှာနှင့် ပြောလိုက်သည်။
ချင်းမန်ကို ၂၄နာရီ သူစောင့်ရှောက်မပေးနိုင်သလို ဝူပင်လိုလူမျိုးကိုလည်း ရိုက်နှက်ရုံနဲ့ လက်လျှော့အောင် လုပ်လို့မရပါဘူး။ ပြဿနာကို တစ်ခါတည်းရှင်းဖို့က ဆောင်းဝမ်ကျင်းကို လာရှင်းခိုင်းဖို့သာ သူစဉ်းစားမိသည်။
ဒါပေမယ့် သူမကနှေးလွန်းပါတယ်။ မိနစ်၂၀ကျော်တာတောင် ပေါ်မလာသေးပါဘူး။ မိတ်ကပ်လိမ်းနေတာတော့ မဟုတ်ပါဘူးနော်။
‘မစ္စတာလီက သူဌေးဆောင်းနဲ့ ဘယ်လိုဆက်ဆံရေးမျိုးရှိလဲဗျ’ ချန်းဟိုင်ရဲ့ ပုံက ပိုပြီးလေးစားလာပါတယ်။ ဒီကောင့်ကိုကြည့်ရတာ ယုံကြည်ချက်အပြည့်ပဲ။ တကယ်ပဲ ဆောင်းဝမ်ကျင်းနဲ့ တစ်ခုခုပက်သက်မယ်ထင်တယ်။
‘ဘာမှမဟုတ်ပါဘူး တစ်ခါပဲတွေ့ဖူးတာပါ’ လီဖန်းက အေးအေးဆေးဆေးပဲပြောလိုက်သည်။
‘အိုး’ ချန်းဟိုင်က ကြောင်သွားပါတယ်။ ဝူပင်ပြောတော့ လီဖန်းက ဖုန်းထဲမှာ အစ်မလို့ခေါ်တာဆို။ ဘာလို့အခု တစ်ခါတည်းတွေးဖူးတာ ဖြစ်သွားရတာလဲ။ ဘာတုန်းဟ။
‘အစ်ကိုဟိုင် ကျွန်တော်သိသလောက်ဆို လီဖန်းက ဘာဆောင်းဝမ်ကျင်းမှ မသိပါဘူး။ သူက လခစား သာမန်အလုပ်သမားလေးပါ။ အဲလိုလူမျိုးနဲ့ရင်းနှီးလျှင် ဒီလိုနေရာမျိုးမှာ နေမလား။ ကျွန်တော်ပြောတာမှားလျှင် တီကောင်အရှင်စားပြလိုက်မယ် ’ ဝမ်ချမ်းက ရပ်မနေနိုင်တော့ပါဘူး။
လီဖန်းက အခုပဲသူ့ကို ပါးရိုက်ထားတာပါ။ ဘယ်ယောက်ျားက လက်စားမချေပဲ နေနိုင်မလဲ။
‘ဝမ်ချမ်း နင်ဘာတွေလျှောက်ပြောနေတာလဲ’ ချင်းမန်က ဘေးကနေစိတ်ပူနေပါပြီ။ ဒါက လီဖန်းကို တမင်ချောက်ချတာပဲ။
‘ငါကအမှန်ပြောနေတာ။ဘာမှားလို့လဲ’ ဝမ်ချမ်းက အထင်သေးစွာပြောလိုက်သည်။
‘ကောင်းပြီ သူပြောတာအမှန်ပဲ။ ငါကလခစားအလုပ်သမားလေးဖြစ်ပြီး ဒီမှာအိမ်ငှားနေရတာ’ လီဖန်းက ဝမ်ချမ်းကိုပြုံးပြကာ ပြောလိုက်သည်။
ချန်းဟိုင်ကို သူနဲ့ဆောင်းဝမ်ကျင်း မသိဘူးလို့ မှားတွေးစေချင်တာပါ။ ဒါဆို ဆောင်းဝမ်ကျင်းမလာခင် အကုန်လုံးကိုသူ ဟဲ ဟဲ ဟဲ။
ဒီငမန်းငွေချေးကုမ္ပဏီက ၁၀၀၀၀ယွမ်လောက်ချေးပြီး ၁မီလီယံလောက် အတိုးတက်နိုင်ပါတယ်။ ဘယ်မိသားစုမှာ ဇနီးဘယ်နှစ်ယောက် ဆုံးရှုံးခဲ့ပြီးပြီလဲ။ ယုတ်မာမှုနဲ့တွက်ကြည့်လျှင် ဒီကောင်တွေက လူသတ်သမားထက်ဆိုးပါတယ်။
‘မင်းတို့ကြားလိုက်လား။ ငါပြောပါတယ်။ ဒီကောင်က ဆောင်းဝမ်ကျင်းကို ဘယ်လိုသိမှာလဲ’ ဝမ်းချမ်းက အရောက်ပို့နေတာပါ။ လီဖန်းကိုတော့မဟုတ်ဘူး သူ့ကိုယ်သူနဲ့ အဖော်တောင်ပါသေး။
‘ဒါက..’ ချန်းဟိုင်ကရှုပ်ထွေးနေသည်။ လီဖန်းကသာ ဆောင်းဝမ်ကျင်းနဲ့ မသိဘူးဆို သူလက်တွန့်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက ဆောင်းဝမ်ကျင်းနဲ့ အသိမိတ်ဆွေတွေဆို ဘယ်လိုလုပ်မလဲ။
‘ကောင်းပြီ ဝမ်ချမ်း မင်းပြောခဲ့တာတွေကိုမှတ်ထား’ လီဖန်းက ဝမ်ချမ်းကို အေးစက်စွာကြည့်ပြီး ပြောလိုက်သည်။
အစကတော့ သူကပညာနည်းနည်းပဲ ပေးချင်တာပါ။ ဒါပေမယ့် အခုတော့မဖြစ်တော့ဘူးနဲ့တူတယ်။ ဒီကောင်က တကယ်မှတ်ဉာဏ်မကောင်းဘူး။ နောက်တစ်ခါ မှတ်မိအောင်လုပ်ပေးရမယ်။
‘အစ်ကိုဟိုင် ကျွန်တော်တို့အခု ဘာဆက်လုပ်ကြမလဲ’ ဝူပင်ရဲ့ ပုံစံတောင် ထကြွလာပါတယ်။ သူက ခုနကပဲ အကျွေးခံထားရတာပါ။ ဒါကြောင့်သူ သည်းမခံနိုင်တော့ပါဘူး။
‘နေဦး’ ချန်းဟိုင်လည်းစိတ်ကို မနည်းအောင့်ထားရသည်။ ဆောင်းဝမ်ကျင်းဆိုတဲ့ စကားသုံးလုံးရဲ့ အဓိပ္ပာယ်ကို သူက အခြားလူများထက်ပိုသိသည်။ အနည်းငယ်ဖြစ်နိုင်ချေရှိလျှင်တောင် သူအရမ်းမလုပ်ရဲပါဘူး။
တကယ်လို့လီဖန်းက သူတို့ကိုလိမ်တာဆိုလျှင်တော့ သူလီဖန်းကို အကြောင်းသိအောင်လုပ်ပေးလိုက်မှာပါ။
လီဖန်းက ချန်းဟိုင်ကို အံ့ဩစွာကြည့်လိုက်သည်။ မြေအောက်လောကက လူတွေဟာ တကယ့်ကို သတိကြီးကြသည်။
နောက်၁၀မိနစ်လောက်ကြာတော့ ဒေါက်ဖိနပ်သံတစ်ခုကို အပြင်ဘက်မှကြားလိုက်သည်။ ပြီးတော့ အနည်းငယ်ရှုပ်ထွေးနေတဲ့ ခြေသံတွေလဲ ကြားလိုက်ပါတယ်။
ဒါက လူတွေအများကြီးက လှေကားကိုတက်နေတာပါ။ ပြီးတော့ အနည်းဆုံးမိန်းမ တစ်ယောက်တော့ပါလိမ့်မယ်။ ရုတ်တရက် အိမ်ထဲမှာရှိတဲ့လူတွေက ကြောက်လန့်သွားကြသည်။
‘မောင်လေး မမကဒီမှာ လာမကြိုတော့ဘူးလား’ လူမရောက်ခင်မှာပဲ ချန်းဟိုင်၊ ဝူပင်၊ ဝမ်ချမ်းနဲ့ အခြားလူများမှာ အသံကိုကြားပြီး အမူအရာပြောင်းသွားကြသည်။ ဒါဆောင်းဝမ်ကျင်း အသံလား။
‘ဒီမှာဧည့်သည်တွေရောက်နေလို့ ထွက်မတွေ့နိုင်ဘူး’ လီဖန်းက ရွှတ်နောက်နောက်ဖြင့် လှမ်းအော်လိုက်သည်။
‘ကြိုတောင်မကြိုအားပဲ မမကိုဘာလို့ခေါ်တာလဲ’ ချိုသာစွာပြုံးရင်း ဆောင်းဝမ်ကျင်း ခြောက်ထပ်သို့တက်လာကာ လူတိုင်းရဲ့မျက်လုံးရှေ့၌ ပေါ်လာသည်။
ဒီတစ်ခါ သူမက အစိမ်းရောင်ဝတ်စုံကိုဝတ်ထားပြီး ပိုတင့်တယ်ကာ ကြော့ရှင်းသည်။ ဒါပေမယ့် သူမရဲ့ လှပတဲ့ခန္ဓာကိုယ်မှ ဆွဲဆောင်မှုက ထွက်ပေါ်နေဆဲပါ။
သူမနောက်မှာတော့ ထိုက်ပေ၁၂ယောက်က တစ်လှမ်းချင်းလျှောက်လာသည်။ နောက်တွင်လည်း ညီအစ်ကိုတွေ အများကြီးပါလာသေးသည်။ နည်းနည်းနောနောမဟုတ်ပါ။
‘ဆောင်း…သူဌေးဆောင်း’ ဆောင်းဝမ်ကျင်းကို တွေ့လိုက်ချိန်တွင် ချန်းဟိုင်ရဲ့ ခြေထောက်တွေမခိုင်တော့ပါ ဒူးထောက်ကျမတတ်ပဲ။
ဝူပင်၊ ဝမ်ချမ်းနှင့် အခြားလူများရဲ့ အမူအရာများလည်း ပြောင်းကုန်သည်။ ဒါဆောင်းဝမ်ကျင်းလား။ လှလိုက်တာ။ သူမနောက်လိုက်ရလျှင် ဒီဘဝမှာ နောင်တရစရာရှိတော့မှာ မဟုတ်ဘူး။
ဆောင်းဝမ်ကျင်းရဲ့ အလှကြောင့် ဝူပင်နဲ့ အခြားလူများမှာ ကြောက်ဖို့တောင်မေ့နေပါပြီ။ ဒါကလည်း သူမရဲ့ ကြောက်စရာကောင်းတဲ့ အချက်တစ်ခုပါ။ ဒါပေမယ့် ချင်းမန်ကတော့ သူမကို ကြည့်ရတာ မကြိုက်ပါဘူး။
‘အိုး မောင်လေး ဧည့်သည်တွေအများကြီးရောက်နေတာပဲ’ ဆောင်းဝမ်ကျင်းက လီဖန်းကိုမြင်တော့ တောက်ပစွာ သူ့ဆီသို့ လျှောက်သွားသည်။
‘မခေါ်ထားတဲ့ ဧည့်သည်တွေပါ’ လီဖန်းက သူ့မျက်နှာကို မွှေးပျံ့တဲ့လေတစ်ခု ဖြတ်သွားတယ်လို့ခံစားရပြီး နှလုံးခုန်မြန်လာသည်။
‘ဒါက ရှင့်ကိုရန်စတဲ့ အစ်ကိုကြီးတွေလား။ နင်တို့ကတကယ့်ကိုမျက်စိမပါကြဘူး’ ဆောင်းဝမ်ကျင်းက ချန်းဟိုင်နဲ့သူ့လူတွေကို ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။ ထိုအသံကိုကြားလိုက်တာနဲ့ ထိုက်ပေ၁၂ယောက်နဲ့ လူများက သူတို့ကိုဝိုင်းလိုက်ကြသည်။ ဆောင်းဝမ်ကျင်းရဲ့ အမိန့်ကိုပဲ စောင့်နေတာပါ။
‘ဘော့စ်ဆောင်း က မစ္စတာလီနဲ့ သိကြတာကျွန်တော်မသိလိုက်ဘူး၊ လျူထုံပေးစရာရှိတဲ့ အကြွေး၈၀၀၀၀၀ကို ကျွန်တော်မယူတော့ဘူး။ ကျေးဇူးပြုပြီး သွားခွင့်ပြုပါ’ ချန်းဟိုင်က နောင်တရနေပါပြီ။
ရောက်လာတည်းက လီဖန်းကို တောင်းပန်ပြီးကိစ္စရှင်းလိုက်လျှင် ဘယ်လောက်ကောင်းလိုက်မလဲ။ အခုက အခွင့်ကောင်းကိုလွတ်သွားခဲ့ပြီ။ ဆောင်းဝမ်ကျင်းက သူ့ကို အခွင့်အရေးပေးပါ့မလား။
‘ရှင့်ကိုလွှတ်မလွှတ်က ကျွန်မမောင်လေးမှာပဲ ဆုံးဖြတ်ခွင့်ရှိတယ်’ ဆောင်းဝမ်ကျင်းက လီဖန်းကို ကြည့်ပြီးပြောလိုက်သည်။ သူမအခုလာတာ လီဖန်းကို သူမလက်အောက်ရောက်အောင် သိမ်းသွင်းဖို့ပါ။ ဒါကြောင့် သူကျေနပ်ဖို့က အရေးကြီးသည်။
ချန်းဟိုင်သဘောပေါက်သွားပြီး လီဖန်းဆီသို့သွားကာ ဒူးထောက်လိုက်သည် ‘လီသခင်လေး ကျွန်တော်မျက်လုံးမပါလို့ သခင်လေးကို ပစ်မှားမိတာပါ။ ကျေးဇူးပြုပြီး တစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ’ ‘ဝူပင် မင်းကဘာရပ်လုပ်နေတာလဲ။ ဦးနှောက်ပျက်နေတာလား။ ဒီမှာမြန်မြန်လာတောင်းပန်လေ’
ဝူပင်နဲ့အခြားနောက်လိုက်တွေလည်း တုန်လှုပ်နေကြပြီး လီဖန်းဆီသွားကာ ဒူးထောက်လိုက်ကြသည်။
တစ်ဖက်မှာ ကြည့်နေတဲ့ ဝမ်ချမ်းကတော့ လုံးဝကြောက်ဒူးတုန်နေပါပြီ။
လီဖန်းက ချန်းဟိုင်နဲ့ အခြားလူတွေကို စပ်ဆုပ်စွာကြည့်လိုက်သည်။
‘ခွင့်လွှတ်ရမယ်ပေါ့။ ငါမင်းတို့ကို မင်ကျောက်မှာ မတွေ့ချင်တော့ဘူး’