Switch Mode

အခန်း ( ၂၇၄ )

အခြေစိုက်စခန်းမှသတ်ပွဲ

လကမ္ဘာအလင်းခြမ်းရှိ အခြားချိုင့်ဝှမ်းတစ်ခု၏ နယ်နိမိတ်တွင် ကျင့်ကြံသူဆယ်ဂဏန်းသည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေကြ၏။ သူတို့ဝင်ဆင်ထားသည့် ဝတ်စုံများအရ လွှတ်တော်မှလူများနှင့် လသုံးစင်းမဟာမိတ်မှလူများ တိုက်ခိုက်နေကြောင်း သိရပေသည်။ ထိုလူအုပ်ထဲတွင် ကျင့်သိုမင်လည်း ရှိလေသည်။

ထိုလူအုပ်ထဲတွင် အကျိုးအပဲ့အခုနှစ်ဆယ်ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော အခြေတည်အဆင့်ကျင့်ကြံသူ လက်သစ်လေးများ ရှိ၏။ သို့သော် လသုံးစင်းမဟာမိတ်မှ ကျင့်သိုမင်သည် အကျိုးအပဲ့အခုနှစ်ဆယ်ကို ရရှိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း အခြေတည်အဆင့်သို့ တက်လှမ်းမည့် လုပ်ငန်းစဉ်ကို မစရသေးပေ။ သူသည် ထိုင်ခုံပေါ်တွင် လှဲ၍ ပျင်းရိဟန်ဖြင့် လွှတ်တော်မှ ကျောင်းသားများကို ကြည့်နေလေသည်။

“ မင်းတို့က ငါ့ကို တိုက်ရဲတယ်ပေါ့လေ ”
လွှတ်တော်မှ ကျောင်းသားများအကြားရှိ အခြေတည်အဆင့်ကျင့်ကြံသူများသည် ကျင့်သိုမင်ကို ဒေါသတကြီးကြည့်နေကြသည်။ အကြောင်းတစ်ခုခုကြောင့် သူတို့အုပ်စုနှစ်စုအကြားတွင် ပဋိပက္ခတစ်ခုခုပေါ်ပေါက်လာပုံပင်။ သို့သော် သူတို့သည် ကျင့်သိုမင်ကို မတိုက်ခိုက်နိုင်သဖြင့် ဒေါသတကြီးကြည့်၍သာ ‌သူတို့၏ ဒေါသများကို ဖော်ပြနေရလေသည်။

နှစ်ဖက်စလုံးမှ ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး စူးစူးဝါးဝါးကြည့်နေကြစဉ် သူတို့အနီးရှိ နေရာတစ်ခုမှ အားကောင်းသော တည်နေရာရွှေ့ပြောင်းခြင်းအစွမ်းများ ရုတ်တရက်ထွက်ပေါ်လာ၏။ သူတို့ ခေါင်းလှည့်ကြည့်လိုက်ရာ ထိုနေရာတွင် အဘွားကြီးတစ်ယောက် ပေါ်လာသည်ကို တွေ့လိုက်ရ၏။

အမြုတေအဆင့်ကျင့်ကြံသူတစ်ဦး၏ ဖိအားလှိုင်းတစ်ခုသည် အရပ်မျက်နှာအနှံ့သို့ ရုတ်ခြည်းပျံ့နှံ့သွားပြီး နှစ်ဖက်စလုံးမှ ကျင့်ကြံသူများ၏ နှလုံးသားများကို ဖျစ်ညှစ်လိုက်သည်။ ကျင့်သိုမင်ပင် ခါးမတ်မတ်ထိုင်လိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် မြင်ရခဲသည့် စိုးရိမ်ပူပန်သောအရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

လွှတ်တော်မှ ကျောင်းသားများသည် အသက်ရှူအောင့်သွားကြ၏။ သို့သော် သူတို့သည် အံ့အားသင့်သွားပုံ မပေါ်ချေ။ လကမ္ဘာပေါ်တွင် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးရှိနေကြောင်း သူတို့သိထားဟန်တူသည်။

အဘွားကြီး ရှေ့သို့လျှောက်လာသောအခါ သူတို့သည် သတိကြီးကြီးထားလိုက်ကြသည်။ သူမ ထွက်ပေါ်လာစဉ် သူမ၏ မျက်နှာထားသည် လွန်စွာမကျေမနပ်ဖြစ်နေဟန် ရှိလေသည်။ သူမ၏ နဖူးတွင် အစိမ်းရောင်အကြောများပင် ထောင်ထလာသည်။ သူမရင်ထဲတွင် မျိုသိပ်ထားသော ဒေါသများနှင့် မကျေနပ်မှုများသည် ဖော်ပြ၍မရနိုင်လောက်သောအဆင့်သို့ပင် ရောက်ရှိနေပေပြီ။ သူမသည် ထိုနေရာတွင် ထွက်ပေါ်လာသောအခါ ခေါင်းမော့၍ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“ ဝမ်ပေါင်လဲ့… မျိုးမစစ်ကောင်… ငါမင်းနဲ့ မပြီးသေးဘူးဟေ့ ”
သူမက ဒေါသတကြီးအော်ဟစ်လိုက်ရာ သူမ၏အသံသည် ပဲ့တင်ထပ်သွားသည်။ ထို့ကြောင့် လွှတ်တော်မှလူများနှင့် လသုံးစင်းမဟာမိတ်မှလူများသည် ပို၍ပင် သတိကြီးသွား၏။ ကျင့်သိုမင်ပင် ဝမ်‌ပေါင်လဲ့ နှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းအကြားရှိ ကိစ္စကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားသည်။

ဝမ်ပေါင်လဲ့သည် ချောက်ချားဖွယ်အဖြစ်အပျက်အတွင်း သေဆုံးသွားခဲ့ပြီဟု သူထင်ထားခဲ့၏။ သို့သော် ယခုတွင် ထိုအဘွားကြီး၏ အပြုအမူများကြောင့် သူ့ရင်ထဲတွင် သိလိုစိတ်များ ဖြစ်ပေါ်လာ၏။

ထိုသိလိုစိတ် ပေါ်လာသည့်အချိန်နှင့် တချိန်တည်းနီးပါးမှာပင် အဘွားကြီး၏ ဒေါသသည် အထွတ်အထိပ်သို့ ရောက်ရှိသွားလေတော့သည်။ သူမသည် ဒေါသတကြီးဖြင့် လသုံးစင်းမဟာမိတ်မှလူများနှင့် လွှတ်တော်မှလူများကို ကြောက်မက်ဖွယ် ကြည့်လိုက်သည်။ ထိုသူများအပေါ်တွင် သူမ၏ဒေါသကို ပုံချလိုသော်လည်း ထိုစိတ်ကို မျိုသိပ်ထားလိုက်ရသည်။

လွှတ်တော်နှင့် လသုံးစင်းမဟာမိတ်မှလူများသည် ဒုတိယမျိုးဆက်များ ဖြစ်ကြသည်။ ထိုအဖွဲ့အစည်းများ၏ အကြီးအကဲများထဲမှ တစ်ယောက်ကိုပင် လျှော့တွက်၍မရပေ။ အဘွားကြီးသည် ဝမ်ပေါင်လဲ့ကို သတ်ပစ်၍ရသော်လည်း ထိုအကြီးအကဲများနှင့် ပတ်သက်နေသူများကို အပြစ်မပြုမိလိုပေ။ အထူးသဖြင့် ကျင့်သိုမင်ကို သတိပြုမိသွားသောအခါ သူမသည် ဒေါသကို မျိုသိပ်ထားလိုက်ရလေသည်။ သူမသည် နောက်သို့လှည့်လိုက်ပြီး လကမ္ဘာအမှောင်ခြမ်းဆီသို့ ဦးတည်သွားလိုက်သည်။

သူမသည် ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ကို ပြန်တွေးမိသွားသောအခါ မကျေမနပ်ဖြစ်သွားရသလို မယုံနိုင်လောက်အောင်လည်း အံ့အားသင့်သွား၏။ ဝမ်ပေါင်လဲ့ကို ထပ်တွေ့လျှင် ‌နောက်ထပ်အခွင့်အရေး ထပ်ပေးတော့မည်မဟုတ်ကြောင်း သူမ ဆုံးဖြတ်ချက်ချလိုက်လေသည်။ ဝမ်ပေါင်လဲ့ကို အစွမ်းကုန်တိုက်ခိုက်၍ ချက်ချင်းသတ်ပစ်လိုက်မည်ဖြစ်သည်။

အဘွားကြီးက အမြန်ဆုံးအရှိန်ဖြင့် ပြန်လာနေစဉ် ဝမ်ပေါင်လဲ့သည် လကမ္ဘာအမှောင်ခြမ်းတွင် ရပ်နေကာ မကြာသေးခင်က အဘွားကြီးရှိခဲ့သော နေရာမှနေ၍ အကြည့်လွှဲလိုက်လေသည်။ ထို့နောက် သူသည် သူ့ပတ်လည်ရှိ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် တုန်လှုပ်အံ့အားသင့်နေသော အခြေတည်အဆင့်ကျင့်ကြံသူငါးဦးကို ကြည့်လိုက်သည်။

ထိုကျင့်ကြံသူတစ်ဦးချင်းစီသည် လက်မခံနိုင်လောက်အောင် ဖြစ်နေလေသည်။ အရာအားလုံးသည် အဓိပ္ပာယ်မရှိသကဲ့သို့ သူတို့ခံစားနေကြရ၏။ ဖြစ်ပျက်သွားခဲ့သောအရာများသည် သူတို့အိပ်မက်ထဲမှာပင် ထည့်မမက်ဖူးသည့် အရာများဖြစ်သည်။ အရှိန်အဝါအပြည့်ဖြင့် ရောက်ရှိလာသော တန်ခိုးအစွမ်းကြီးသည့် အမြုတေအဆင့်ကျင့်ကြံသူသည် ဝမ်ပေါင်လဲ့က ‘ထွက်သွားစမ်း’ဟုအော်ကာ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် အ‌ဝေးသို့ တည်နေရာရွှေ့ပြောင်းခြင်းခံခဲ့ရပေသည်။

ထိုကဲ့သို့ ကြီးမားသည့်အပြောင်းအလဲကြောင့် အဘွားကြီးရောက်ရှိလာသဖြင့် ပျော်ရွှင်နေမှုများသည် ထိတ်လန့်တုန်လှုပ်မှုအဖြစ် ချက်ချင်းပြောင်းလဲသွားလေသည်။ ဝမ်ပေါင်လဲ့ ပစ်လွှတ်လိုက်သော ပုတီးစေ့များ၏ အစွမ်းကို သူတို့ရှင်းရှင်းလင်းလင်းသိပေသည်။ သူတို့၏ စိတ်အတွင်းသို့ အရှိတရားနှင့် နားလည်မှုများ ဝင်ရောက်လာသောအခါ သူတို့သည် မျက်နှာထားပြောင်းကာ တွန့်ဆုတ်သွားကြလေသည်။ သူတို့ထံမှ တအံ့တဩအော်ဟစ်သံများ ထွက်ပေါ်လာ၏။

“ ဒါ… ဒါက မှော်လမ်းကြောင်းမြူခိုးပဲ။ ဘုရားရေ… ဝမ်ပေါင်လဲ့က တကယ်ပဲ မှော်လမ်းကြောင်းမြူခိုးကို ပုတီးစေ့ထဲသိမ်းထားပြီး ဓမ္မရတနာတစ်ခုလို အသုံးပြုနိုင်တာပဲ ”

“ ချီးပဲကွာ… ဘယ်လိုလုပ် ဒီလိုတွေဖြစ်လာရတာလဲ။ ဝမ်ပေါင်လဲ့မှာသာ အဲဒီလိုပုတီးစေ့မျိုးတွေ ရှိနေရင် သူ တည်နေရာရွှေ့ပြောင်းချင်တဲ့သူကို စိတ်ကြိုက်တည်နေရာရွှေ့ပြောင်းပစ်လို့ရတဲ့သဘောပေါ့။ အဲဒီလိုဆိုရင် သူက အတိုင်းအတာတစ်ခုအထိ ပြိုက်ဘက်ကင်းသွားတယ်လို့ ပြောလို့ရတယ် ”
ထိုလူအုပ်ကြီး တုန်လှုပ်နေပြီး တိုက်ခိုက်လိုစိတ်များ မရှိတော့ပေ။ ဝမ်ပေါင်လဲ့၏ အစွမ်းသည် သူတို့ကို တုန်ရီသွားစေပြီး မှော်လမ်းကြောင်းမြူခိုးသည် သူတို့၏ မျှော်လင့်ချက်များကို ရိုက်ချိုးသွားလေသည်။ သူတို့သည် ထွက်ပြေးပုန်းအောင်းရန် အတွေးတစ်ခုတည်းဖြင့်သာ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးလိုက်ကြ၏။

သူတို့အတွက် ဝမ်ပေါင်လဲ့ကဲ့သို့ သူတို့နှင့်အဆင့်တူသည့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကို တိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်သည်မဟုတ်ပေ။ သို့သော် သူတို့သည် ဆက်လက်တိုက်ခိုက်ရန် အလွန်အမင်းကြောက်ရွံ့နေပြီး ဝမ်ပေါင်လဲ့ကဲ့သို့ လူမျိုးသည် သူတို့ယှဉ်နိုင်သောလူမျိုးမဟုတ်ဟု ခံစားနေရလေသည်။

အထူးသဖြင့် ဝမ်ပေါင်လဲ့၏အမြန်နှုန်းနှင့် အပြင်ခန္ဓာက တခြားလူများထက် သူ့ကို အဆက်မပြတ် တိုက်ခိုက်နိုင်စေရန်နှင့် ပို၍ ခံနိုင်ရည်ရှိစေသည်။ ထိုအကြောင်းကို တွေးကြည့်ရုံဖြင့်ပင် တုန်လှုပ်ဖွယ်ကောင်းနေပေပြီ။ သို့သော် ဝမ်ပေါင်လဲ့သည် အခြားသူများမပိုင်ဆိုင်နိုင်သည့် ဓမ္မလက်နက်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။ ထိုဓမ္မလက်နက်တစ်ခုတည်းဖြင့်ပင် လူများကို အိပ်မက်ဆိုးများ ရသွားစေနိုင်သည်။ ထို့ကြောင့် သူတို့လုပ်နိုင်သော တစ်ခုတည်းသောအရာမှာ ထွက်ပြေးလွတ်မြောက်နိုင်ရေးအတွက် ခြေထောက်များ ထပ်ပေါက်လာစေရန် ဆုတောင်းရုံသာရှိလေတော့သည်။

သို့သော် ဝမ်ပေါင်လဲ့သည် သူတို့ကို အလွယ်တကူ ထွက်သွားခွင့်မပြုလိုက်ပေ။ သူ၏မျက်ဝန်းများထဲတွင် အလင်းတစ်ချက်လက်သွားပြီး ပို၍လျင်မြန်သောအရှိန်ဖြင့် အနက်ရောင်လျှပ်စီးတန်းတစ်ခုသဖွယ် ပြေးထွက်လိုက်လေသည်။ သူက လူတစ်ယောက်၏အနီးတွင် ပေါ်လာသောအခါ ဘယ်ဘက်လက်ကို ယမ်း၍ မီးပင်လယ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ မီးမုန်တိုင်း မှော်အတတ်ကို သူ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

မီးလှိုင်းများသည် လွန်စွာပြင်းထန်ပြီး ရုတ်ခြည်းပင် ပျံ့နှံ့သွားကာ ထွက်ပြေးနေသည့် ကျင့်ကြံသူများကို လွှမ်းခြုံသွားလေသည်။ ကျင့်ကြံသူတစ်ဦးသည် သူ့ကိုယ်သူ ကာကွယ်ရန်ကြိုးစား၍ နောက်သို့ဆုတ်လိုက်သော်လည်း မီးပင်လယ်သည် သူ့ကိုလွှမ်းခြုံသွားပြီး မီးတောက်များက သူ့ကိုအရှင်လတ်လတ်ဝါးမျိုနေစဉ် လျှပ်စီးတန်းများပေါ်လာကာ သူ့အပေါ်ကျဆင်းသွားလေသည်။

ထိုကျင့်ကြံသူကို သတ်ပြီးသွားသောအခါ ဝမ်ပေါင်လဲ့သည် တုံ့ဆိုင်းခြင်းမရှိဘဲ အခြားသူတစ်ဦးထံသို့ ဆက်သွားလိုက်သည်။ တောအုပ်အတွင်း မချိမဆန့်အော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ ငါးမိနစ်ကြာပြီးသွားနောက် ဝမ်ပေါင်လဲ့သည် နောက်ဆုံးကျန်ရစ်သူ အခြေတည်အဆင့်ကျင့်ကြံသူ၏ ဝမ်းဗိုက်ကို ကန်လိုက်၏။ ထိုကျင့်ကြံသူ၏ ဝမ်းဗိုက်သည် တစ်စစီပွင့်ထွက်သွားလေသည်။ သူသည် တချိန်က သူ့ကိုသတ်ရန်အကြံဖြင့် သူ့နောက်သို့လိုက်ခဲ့သည့် ရှုံ့မဲ့နေသောမျက်နှာထားနှင့် ကျင့်ကြံသူကို ကြည့်၍ ပွင့်ထွက်နေသော ဝမ်းဗိုက်ကို နောက်တစ်ကြိမ်ထပ်မံကန်လိုက်လေသည်။

နာကျင်စွာအော်ဟစ်သံများကို ဆက်၍မကြားရတော့ပေ။ ထိုကျင့်ကြံသူသည် ထိုနေရာတွင် လဲကျ၍ တဆတ်ဆတ်တုန်နေပြီး သူ၏မျက်လုံးများလည်း ဝေဝါးလာလေ၏။ နောက်ဆုံးတွင် သူသည် အသက်ရှူရပ်ကာ သေဆုံးသွားလေတော့သည်။

ဝမ်ပေါင်လဲ့သည် သူ့ရှေ့ရှိ အလောင်းကို အေးစက်စက်ကြည့်လိုက်ပြီး ထိုသူ၏ သိုလှောင်အိတ်ကို ကောက်ယူလိုက်သည်။ သူသည် ထိုအိတ်ကိုဖွင့်၍ ကြည့်လိုက်ပြီး အထဲမှနေ၍ ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူလိုက်သည်။ အခြားကျင့်ကြံသူများ၏ သိုလှောင်အိတ်များထဲတွင်လည်း ထိုကဲ့သို့ ကျောက်စိမ်းပြားများပါလေသည်။ ထိုကျောက်စိမ်းပြားများပေါ်တွင် အနီးရှိ တည်နေရာတစ်ခုကို မှတ်သားထား၏။

ဤနေရာသို့ ကျင့်ကြံသူအများအပြားကို အလျင်အမြန်ပို့နိုင်ခဲ့ခြင်းကိုထောက်လျှင် ထိုမှတ်သားထားသောနေရာသည် သူတို့၏ စုရပ်ဖြစ်နိုင်ပေသည်။ ဝမ်ပေါင်လဲ့၏ နှလုံးသားထဲရှိ ရန်လိုမှုများ တဒင်္ဂပျောက်ဆုံးသွား၏။ သူ ညည်းညူလိုက်ပြီး ထိုကျောက်စိမ်းပြားပေါ်တွင် မှတ်သားထားသောနေရာဆီသို့ ပြေးသွားလိုက်လေသည်။

အမှန်တွင် ထိုမှတ်သားထားသောနေရာသည် ဝမ်ပေါင်လဲ့ရှိနေသောနေရာနှင့် သိပ်မဝေးသည့် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ အခြေစိုက်စခန်းဖြစ်ပင်။ ထိုနေရာရှိ မြေပြင်တွင် နက်ရှိုင်းသောမြောင်းတစ်ခုရှိလေသည်။ အာနပါနအဆင့်ကျင့်ကြံသူ တစ်ရာကျော်သည် ထိုမြောင်းအတွင်းသို့ ဝင်လာလိုက်၊ ထွက်သွားလိုက်နှင့် ရှိနေလေသည်။ သူတို့သည် မြေတူးနေသည့်ပုံပေါ်၏။

ထိုမြောင်းကြီး၏ အောက်ခြေတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးသည် မျက်ခုံးရှုံ့၍ မြေတူးနေသော တပည့်များကို ကြည့်နေလေသည်။ သူတို့သည် အဘွားကြီးထံမှ ဝမ်ပေါင်လဲ့ကိုသတ်ရန် အမိန့်ရခဲ့၏။ အဘွားကြီးသည် ဝမ်ပေါင်လဲ့၏ မှော်လမ်းကြောင်းပုတီးစေ့များကို သတိထားရန်လည်း သူတို့ကို ပြောသွား၏။
“ မှော်လမ်းကြောင်းပုတီးစေ့ဟုတ်လား ”

“ စိတ်ဝင်စားစရာပဲ ”
ထိုသက်လက်ပိုင်း အမျိုးသားနှစ်ဦးသည် သတိကြီးလာ၏။ အဘွားကြီးကိုယ်တိုင်ပင် သူတို့ကို သတိပေးခဲ့သည်ဖြစ်ရာ ထိုပုတီးစေ့များထံတွင် တုန်လှုပ်ဖွယ်အစွမ်းတစ်စုံတစ်ရာ ရှိနေပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် တစ်ဦးကိုတစ်ဦးကိုကြည့်၍ မြောင်းအပြင်သို့ထွက်ကာ ဝမ်ပေါင်လဲ့ကို ရှာဖွေရန် ဟန်ပြင်လိုက်စဉ်တွင် မြောင်အပြင်မှနေ၍ နာကျင်စွာအော်ဟစ်သံတစ်သံ ရုတ်တရက်ထွက်ပေါ်လာ၏။ ထို့နောက် အထိတ်တလန့်အော်သံများလည်း ဆက်လက်ထွက်ပေါ်လာ၏။

“ ရန်သူတွေလာတိုက်တာလား ”
ထိုနှစ်ဦးသည် တုန်လှုပ်သွားပြီး အရှိန်မြှင့်၍ မြောင်းအပြင်ဘက်သို့ ထွက်လိုက်၏။ တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့သည် လျင်မြန်‌သောအရှိန်ဖြင့် တောအုပ်အပြင်သို့ ထွက်လာခဲ့ပြီဖြစ်သည်။ သူသည် အခြေစိုက်စခန်းသို့ ရောက်ရှိလာသောအခါ သူလက်ထဲမှ ဓမ္မလက်နက်ဖြင့် ခုတ်ချလိုက်သည်။

သူသည် အာနပါနအဆင့်ကျင့်ကြံသူများကို တိုက်ခိုက်ရန် စိတ်ကူးမရှိပေ။ သို့သော် ထိုလူများက ကိုယ့်သေလမ်းကိုယ်ရှာလာလျှင်တော့ ထိုသူများကို သေလမ်းသို့ပို့ပေးလိုက်မည်ဖြစ်သည်။ သူ၏ ပစ်မှတ်သည် အခြေတည်အဆင့်ကျင့်ကြံသူများသာဖြစ်သည်။ သူ နီးကပ်လာသောအခါ ဆွေ့ရှင်းပေါင်ကို ထုတ်ဖော်လိုက်ပြီး သေမည်ကိုမကြောက်မရွံ့ဝင်လာသော အာနာပါနအဆင့်ကျင့်ကြံသူ အများအပြားကို သတ်ပစ်လိုက်လေသည်။ ထို့ပြင် သူသည် သူ့ထံသို့ ပြေးဝင်လာသော အခြေတည်အဆင့်ကျင့်ကြံသူ အယောက်တိုင်းကို ဓားဖြင့် ခုတ်နေ၏။ ထိုလူများသည် နှစ်ပိုင်းပြတ်သွားပြီး သူတို့၏ဒဏ်ရာများမှနေ၍ သွေးများပန်းထွက်လာလေသည်။ ထိုမြင်ကွင်းသည် သူ့ပတ်ပတ်လည်ရှိ အာနာပါနကျင့်ကြံသူများအတွက် အလွန်သွေးပျက်ဖွယ် မြင်ကွင်းဖြစ်သည်။ သူတို့အားလုံး တုန်လှုပ်သွားပြီး နောက်သို့ဆုတ်သွားကာ ဝမ်ပေါင်လဲ့ကို မယုံနိုင်ဟန်ဖြင့် ကြောက်လန့်တကြားကြည့်လိုက်ကြသည်။

အထူးသဖြင့် သူတို့ထဲမှ ပြည်ထောင်စုပျိုးပင်တစ်ဦးသည် ပို၍ပင် မယုံနိုင်ဖြစ်သွားလေသည်။ သူသည် ဝမ်ပေါင်လဲ့ကိုကြည့်ရင်း ရင်ထဲတွင် ခံစားချက်များ လှိုင်းထလာ၏။ သူသည် ယခင်က ဝမ်ပေါင်လဲ့၏အကြောင်းကို ကြားဖူးထားသော်လည်း ဝမ်‌ပေါင်လဲ့ မည်မျှစွမ်းအားကြီးကြောင်းကို သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်လိုက်ရသောအခါတွင် မယုံနိုင်အောင် ဖြစ်နေလေသည်။

ဝမ်ပေါင်လဲ့သည်လည်း ထိုတစ်ယောက်ကို သတိထားမိသွား၏။ သို့သော် သူ၏ အကြည့်များကို တိတ်တဆိတ်ပြန်ရုတ်သိမ်းလိုက်လေသည်။ ထိုလူသည် ကိုယ့်သေတွင်းကိုယ်တူးမည့်သူများအကြားတွင် မပါဘဲ သူ့ကို တိုက်ခိုက်လိုသည့်ဟန်လည်း မရှိပေ။ ထို့ပြင် ထိုလူသည် ပြည်ထောင်စုပျိုးပင်တစ်ဦးလည်းဖြစ်သည်။ ထိုကဲ့သို့ ပတ်သတ်မှုရှိနေသဖြင့် ဝမ်ပေါင်လဲ့သည် ထိုလူကို အရေးစိုက်မနေ‌တော့ဘဲ မြောင်းဆီသို့သာ ဦးတည်သွားလိုက်သည်။ သူ့လမ်းကို ပိတ်မည့်သူများ မရှိတော့ပေ။

သူ မြောင်းအနားသို့ နီးကပ်လာသောအခါ မြောင်းအတွင်းမှနေ၍ လူနှစ်ယောက်၏ အားကောင်းသောအရှိန်အဝါနှစ်ခုက ဝမ်ပေါင်လဲ့ထံသို့ ထိုးထွက်သွား၏။ ဝမ်ပေါင်လဲ့သည် ကြည့်ပင်မကြည့်လိုက်ဘဲ မှော်လမ်းကြောင်းပုတီးစေ့များကို ပစ်လွှတ်လိုက်သည်။

“ ထွက်သွားစမ်း ”
ပုတီးစေ့များပေါက်ကွဲသွားပြီး ကျယ်လောင်သောအသံကြီးတစ်သံ မြည်ဟည်း လာ၏။ ထူထဲသောမြူခိုးများသည် မြောင်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ထိုအခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးသည် သတိပေးခြင်းခံထားရသော်လည်း ယင်းကဲ့သို့ ရုတ်တရက်ထွက်ပေါ်လာသည့် မှော်လမ်းကြောင်းမြူခိုးများကို မခုခံနိုင်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် အဝေးသို့ တည်နေရာ‌ရွှေ့ပြောင်းခံလိုက်ရလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset