ဤအကြိမ်၌ ဆည်းဆာကြယ်စင်စုဂိုဏ်းသည် လကမ္ဘာပေါ်တွင် ဧရာမသစ်ပင်နှင့် ပူးပေါင်းခဲ့သည်။ သူတို့သည် အတိုင်းအတာတစ်ခုအထိ လကမ္ဘာပေါ်ရှိ မန္တန်အစီအရင်ကြီးကို လျစ်လျူရှုနိုင်ရန် လုံလောက်သော ပြင်ဆင်မှုများပြုလုပ်ထားခဲ့ပြီး အခြေတည်အဆင့်ကျင့်ကြံသူ တစ်ရာကျော် ခေါ်လာပုံရ၏။
သို့သော် ဂိုဏ်းမှလူအားလုံးပါဝင်ခဲ့ခြင်းမဟုတ်ဘဲ ထိုပူးပေါင်းမှုနှင့် အန္တရာယ်များသောခရီးစဉ်တွင်ပါရန် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ အဖွဲ့ခွဲ့အားလုံးက သဘောတူခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် ယခုအကြိမ်တွင်ပါလာသူများမှာ အဘွားကြီးနှင့်အဖွဲ့တူသောလူများပင် ဖြစ်လေသည်။
ထို့ပြင် အဖွဲ့အစည်းြကီးတစ်ခုအတွက် စနစ်တကျပြင်ဆင်ထားသော တာဝန်မဟုတ်လျှင် အရာအားလုံးကို စွန့်စား၍ လုပ်ဆောင်လေ့မရှိကြပေ။ ပုံမှန်ဆိုလျှင် ပြဿနာတစ်စုံတစ်ခု ရှိလာပါက သူတို့သည် သူတို့ကိုယ်သူတို့ ကာကွယ်ရန် လွတ်လမ်းမှ ထွက်ခွာသွားကြမည် ဖြစ်သည်။
ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်သည်လည်း ထိုကဲ့သို့သာဖြစ်သည်။ ဂိုဏ်းမှလူအားလုံးသည် ဧရာမသစ်ပင်နှင့် ပူးပေါင်းရန် သဘောတူခဲ့ခြင်းမဟုတ်ပေ။ အလွယ်တကူနောက်ပြန်ဆုတ်နိုင်ရန် မျိုးနွယ်မိသားစုအချို့သာ ပူးပေါင်းခဲ့ခြင်းပင်။ အကယ်၍ သူတို့ကျဆုံးခဲ့လျှင်ပင် သူတို့ပူးပေါင်းပါဝင်ခဲ့သည့် သက်သေများကို ဖျက်ဆီး၍ ပြည်ထောင်စုကို ရှင်းပြချက်ပေးလိုက်ရုံသာဖြစ်သည်။
အခြားအချိန်များတွင် အဖွဲအသီးသီး၊ ဂိုဏ်းအသီးအသီးသည် စစ်ပွဲကို မစလိုကြပေ။ သို့သော် အဖွဲ့အစည်းတိုင်းသည် အခြားသူများကို အပြစ်ပေးခြင်းနှင့် အင်အားနည်းအောင်ပြုလုပ်ခြင်း ဗျူဟာကိုမူ လက်ခံကြလေသည်။
ထို့ကြောင့် ယခုအကြိမ်တွင် လကမ္ဘာသို့လာခဲ့သည့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ရာကျော်အတွင်းမှ အများစုသည် အစောပိုင်းအဆင့် သို့မဟုတ် အလယ်အလတ်အဆင့်ရှိသူများသာ ဖြစ်သည်။ ထိုအထဲမှ ရှစ်ဦး၊ ကိုးဦးသာ အခြေတည်အဆင့်အထွတ်အထိပ်ရောက်နေသူများ ဖြစ်လေသည်။
ထိုလူများသည် အဘွားကြီး၏ မျိုးနွယ်၏ အင်အားအကုန်ဖြစ်သည်။ လကမ္ဘာအနောက်ခြမ်းတွင် အခြေစိုက်စခန်းသုံးခန်း တည်ဆောက်ထားပုံရ၏။ ထိုနယ်မြေသုံးခုသည် ဧရာမသစ်ပင်ကြီးနှင့် ပူးပေါင်းခြင်း လုပ်ငန်းစဉ်မှ စမ်းသပ်နယ်မြေများဖြစ်ပုံရလေသည်။ သူတို့သည် တစ်စုံတစ်ခုကို ရှာဖွေနေပုံပေါ်၏။
ဝမ်ပေါင်လဲ့ရှိနေသောတောအုပ်အနီးတွင် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ အခြေစိုက်စခန်းရှိလေသည်။ စခန်းကို စောင့်ကြပ်နေသော ကျင့်ကြံသူအနည်းငယ်မှလွဲ၍ ကျန်အခြေတည်အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ဦးသည် ပြင်းထန်သော သတ်ဖြတ်လိုသည့်အငွေ့အသက်များရှိနေသော ဝမ်ပေါင်လဲ့ကို နောက်ဆုံးမြင်လိုက်ရသောနေရာသို့ သွားနေပြီဖြစ်သည်။
တချိန်တည်းမှာပင် အဘွားကြီးသည်လည်း အခြားအခြေစိုက်စခန်းတစ်ခုမှနေ၍ ထိုနေရာကိုပင် လျင်မြန်သောအရှိန်ဖြင့် သွားနေလေသည်။ လကမ္ဘာပေါ်တွင် သူမကြောက်ရမည့်လူမရှိသဖြင့် သူမသည် သူမ၏အရှိန်ကို ဖုံးကွယ်ရန်ပင် မကြိုးစားခဲ့ပေ။ သူမသည် အေးစက်စက်မျက်ဝန်းများဖြင့် လျှပ်စီးတန်းတစ်ခုသဖွယ် လျင်မြန်စွာသွားနေလေသည်။
ထိုသို့ဖြင့် ဆည်းဆာကြယ်စင်စုဂိုဏ်းသည် ဝမ်ပေါင်လဲ့ကို ပိုက်ကွန်ကြီးတစ်ခုသဖွယ် နှစ်ဖက်ညှပ်ထားသကဲ့သို့ ဖြစ်လာလေသည်။ တောအုပ်အတွင်း ပြေးလွှားနေသော ဝမ်ပေါင်လဲ့သည် သူစေလွှတ်ထားသော ခြင်များမှ ရရှိသော မြင်ကွင်းမှတဆင့် ထိုအကြောင်းကို ချက်ချင်းသိရှိခဲ့လေသည်။
အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက် ခြင်များကို ယခင်ကထက် ပို၍ဝေးဝေးစေလွှတ်နိုင်ပြီဖြစ်သည်။ ၎င်းတို့သည် ယခုတွင် သူနှင့် ငါးကီလိုမီတာ အကွာထိသွားနိုင်ပြီဖြစ်သည်။ ဝမ်ပေါင်လဲ့သည် ထိုအဝန်းအဝိုင်းတစ်ခုလုံးအတွင်းရှိ နေရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်ရမည်မဟုတ်သော်လည်း သူ့ခြင်များပတ်လည်ရှိ ပတ်ဝန်းကျင်ကိုမူ အတိုင်းအတာတစ်ခုအထိ အကြမ်းဖျင်းမြင်နိုင်ပေသည်။
ယခုတွင် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ပထမဆုံးကျင့်ကြံသူတစ်ဦးသည် သူ၏မြင်ကွင်းအတွင်း ဝင်လာပေပြီ။ ဝမ်ပေါင်လဲ့က ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ သေချာကြည့်ရှုလိုက်သည်။ မကြာမီ သူ့ပတ်ဝန်းကျင်ရှိ မတူညီသောနယ်မြေများမှ ဒုတိယ၊ တတိယနှင့် စတုတ္ထ ကျင့်ကြံသများကို တွေ့လိုက်ရလေသည်။
အခြေတည်အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ဦးပေါ်လာသောအခါ ဝမ်ပေါင်လဲ့ ပြုံးသွားပြီး သူ၏မျက်ဝန်းများထဲ အေးစက်စက်အလင်းတစ်ချက် လက်သွားလေသည်။
အခြေတည်အဆင့်အစောပိုင်းရှစ်ယောက်၊ အခြေတည်အဆင့်အလယ်ပိုင်းက လေးယောက်၊ လကမ္ဘာကို ဆည်းဆာကြယ်စင်စုဂိုဏ်းက အဖွဲ့ခွဲတော်တော်များများ ရောက်နေတဲ့ပုံပဲ …
ဝမ်ပေါင်လဲ့တစ်ယောက် နှုတ်ခမ်းသပ်လိုက်၏။ သူ သေလုမြောပါးဖြစ်ခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲတွင် အစိမ်းရောင်ကြာပွင့်ပေါ်လာကာ အခြေတည်အဆင့်သို့ ထပ်မံရောက်ရှိသွားပြီးနောက် သူ၏အကန့်အသတ်ကို မသိရှိသေးပေ။
အစောပိုင်းက သူသုံးခဲ့သော တိုက်ခိုက်မှုများနှင့် ယခု သူခံစားနေရသော ခံစားချက်များသည် အစွမ်းကုန်မဟုတ်သေးဟု ထင်ရပေသည်။ ယခင်က သူသတ်ခဲ့သော လူများသည် အခြေတည်အစောပိုင်းအဆင့်ရှိသူများသာဖြစ်သည်။ အရာအားလုံးကို လေ့သာသုံးသပ်ပြီးနောက် သူ၏အတိုက်အခိုက်စွမ်းရည်ကို သူ အကြမ်းဖျင်းသိရှိလာသည်။
‘ အခြေတည်အစောပိုင်းအဆင့် ကျင့်ကြံသူတွေကို သတ်ရလွယ်တယ်။ အခြတည်အလယ်အလတ်အဆင့် ကျင့်ကြံသူတွေကိုလည်း ဓမ္မလက်နက်သုံးလိုက်ရင် သတ်ရမခက်ဘူး။ အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေကိုတော့ ငါ ရင်မဆိုင်နိုင်ဘူးလို့ ကောက်ချက်ချဖို့မလွယ်ဘူး။ ငါ နိုင်လောက်တယ်ဆိုပေမယ့် အချိန်ဖြုန်းသလို ဖြစ်နေမှာလည်း စိုးရသေးတယ် ’
ဝမ်ပေါင်လဲ့ တိတ်တဆိတ်ကောက်ချက်ချလိုက်သည်။ သူသည် မျက်မှောင်ကြုတ်၍ သူနှင့်အနီးဆုံးလူထံ ပြေးသွားလိုက်သည်။
ဝမ်ပေါင်လဲ့သည် ဓမ္မလက်နက်မရှိသည့်အခြေအနေတွင် သူ မည်မျှစွမ်းဆောင်နိုင်မည်ကို မခန့်မှန်းနိုင်ပေ။ သူသည် ဓမ္မလက်နက်အဆောင်၏ လက်ထောက်အဆောင်မှူးဖြစ်သဖြင့် သူ့ထံတွင် ဓမ္မလက်နက်များရှိခြင်းသည် သာမန်သာဖြစ်သည်ဟု သူ ခံစားရလေသည်။ သူ့ထံတွင် ဓမ္မလက်နက်များမရှိမှသာ ထူးဆန်းနေမည်ဖြစ်သည်။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့သည် အစောပိုင်းက တိုက်ပွဲအရ သူ့ကိုယ်တွင်းရှိ အစိမ်းရောင်ကြာပွင့်၏ အစွမ်းကို အနည်းငယ်သိလာပြီဖြစ်သည်။ ထိုအစိမ်းရောင်ကြာပွင့်သည် သူ၏မန္တန်များအပေါ် များစွာသက်ရောက်မှုရှိသည့်ပုံမပေါ်ချေ။ သို့သော် ၎င်းသည် သူ၏ခွန်အားကို တိုးမြှင့်ပေးနိုင်ပေသည်။
သူ သတိလည်လာသည့်အချိန်မှစ၍ ယခုအထိ ပင်ပန်းနွမ်းနယ်မှုကို တစိုးတစိမျှ မခံစားရသေးပေ။ သူ၏ခန္ဓာကိုယ်ထဲတွင် သက်စောင့်အားအရင်းအမြစ်တစ်ခု ပေါ်လာပြီး သက်စောင့်အားများကို အဆက်မပြတ်ထုတ်လွှတ်ပေးနေကာ သူ့ကို စွမ်းဆောင်မှုအထွတ်အထိပ်တွင်ရှိနေအောင် ထောက်ပံ့ပေးထားသကဲ့သို့ပင်။
‘ အဲဒီတော့… ငါ ဒီဆယ့်နှစ်ယောက်ကို အသုံးချပြီး ငါ ဘယ်လောက်အထိ တိုးတက်လာလည်းဆိုတာ စမ်းသပ်ရမယ်… ’
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသောအငွေ့အသက်များ ထွက်ပေါ်လာပြီး သူသည် တဟုန်ထိုး ပြေးထွက်သွားရာ အသံလှိုင်းတစ်ခု ပဲ့တင်ထပ်သွား၏။ အခြေတည်အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ဦးသည် ထိုအသံလှိုင်းကို အာရုံခံမိလိုက်၏။ ဝမ်ပေါင်လဲ့သည် သူနှင့်အနီးဆုံးလူ၏အရှေ့သို့ လျှပ်စီးတန်းတစ်ခုသဖွယ် ရောက်ရှိသွားလေသည်။ ထိုကျင့်ကြံသူများအားလုံးသည် အသံထွက်ပေါ်လာရာနေရာကို ကြည့်လိုက်ကြသည်။
ဝမ်ပေါင်လဲ့နှင့် အနီးဆုံးလူသည် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်သည်။ သူသည် ထိုအသံလှိုင်းကို ကြားလိုက်ရသည်နှင့် သူ၏အမြင်များ ဝေဝါးသွားလေသည်။ သူ၏ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့် အတွေ့အကြုံများကြောင့် အလိုအလျောက်ပင် နောက်သို့ဆုတ်သွားမိလိုက်ပြီး သူ့ဘယ်ဘက်သို့ ရှောင်လိုက်သည်။ သူသည် ဝမ်ပေါင်လဲ့၏တိုက်ခိုက်မှုကို ခုခံရန် လက်ဟန်များဖော်ကာ မန္တန်များကို ထုတ်သုံးလိုက်ပြီးနောက် အလင်းရောင်တောက်ပနေသည့် နတ်ဘုရားရတနာများကိုထုတ်ကာ အကာအရံတစ်ခု ပြုလုပ်လိုက်သည်။
သို့သော် ဝမ်ပေါင်လဲ့၏ ခွန်အားကို စမ်းသပ်လိုက်မှုအောက်တွင် သူ၏ခုခံမှုသည် အလဟဿဖြစ်သွားလေတော့သည်။ သတ္တမအဆင့်ဓမ္မလက်နက် ထွက်ပေါ်လာပြီး ပေတစ်ရာကျော်ရှည်သော ဓားအလင်းတန်းကြီးက သက်လတ်ပိုင်းလူ အရှေ့သို့ ကျဆင်းလာသည်။ ၎င်းသည် ၎င်းဖြတ်သန်းသွားသော လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးသွားပြီး နတ်ဘုရားရတနာများနှင့် မန္တန်များအားလုံး ပျောက်ကွယ်သွားလေတော့သည်။ ထိုဓားချက်ကို ကာကွယ်ရန် နည်းလမ်းမရှိတော့ပေ။ ထို့နောက် သက်လတ်ပိုင်းလူသည် ကြောက်လန့်တကြားအော်ဟစ်လိုက်ပြီး ဓားချက်သည် သူ၏မျက်ခုံးနှစ်ခုအကြား ကျဆင်းသွားလေသည်။ သူ မြေပေါ်သို့ လဲကျသွား၏။
မြေပေါ်တွင် ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာ၏။ မြေပေါ်တွင် ကြီးမားသောအက်ကြောင်းကြီးတစ်ခု ပေါ်လာပြီး အခြေတည်အဆင့်ကျင့်ကြံသူများသည် အမြန်ဆုံးအရှိန်ဖြင့် နေရာအနှံ့မှ ရောက်ရှိလာလေသည်။ သူတို့သည် နှစ်ခြမ်းပြတ်နေသော အလောင်းကို တွေ့ရသော်လည်း ဝမ်ပေါင်လဲ့ကိုမူ အရိပ်အယောင်ပင် မမြင်ရချေ။
နှစ်ခြမ်းပြတ်နေသောအလောင်းနှင့် မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းကြီးသည် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ကျင့်ကြံသူများအားလုံးကို ပင့်သက်ရှိုက်ကာ တုန်လှုပ်သွားစေသည်။ သူတို့၏ ရင်ထဲတွင် အကြောက်တရားများနှင့် ပြည့်နှက်နေပြီး သူတို့၏ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်ရှုလိုက်ကြသည်။
“ သူက တစ်ချက်တည်းနဲ့… အခြေတည်အဆင့်ကျင့်ကြံသူကို သတ်သွားတာပဲ ”
“ အဲ့ကောင်ရဲ့ အတိုက်အခိုက်စွမ်းရည်က အနည်းဆုံး အခြေတည်နှောင်းပိုင်းအဆင့်ကျင့်ကြံသူနဲ့ အဆင့်အတူတူလောက်ပဲ။ သေစမ်း… ဝမ်ပေါင်လဲ့ဆီမှာ ဓမ္မလက်နက်တစ်ခုရှိတယ်လို့ ငါကြားထားပေမယ့် သူရဲ့ကျင့်ကြံခြင်းအဆင့်က ဘာလို့ ဒီလောက်အဆင့်အထိ မြင့်လာရတာတုံး။ သူက တန်ပြန်ခံရမှာကို မကြောက်ဘူးလား ”
ထိုလူအုပ် ကြောက်ရွံ့တုန်လှုပ်နေစဉ် ဓားအလင်းတန်းတစ်ခုသည် ညာဘက် ပေများစွာအကွာမှ ထွက်ပေါ်လာ၏။ အားလုံးကြောက်လန့်သွားပြီး အလျင်အမြန်ရှောင်ရန် ကြိုးစားလိုက်ကြသည်။ ဓားအလင်းတန်းသည် သူတို့ရှေ့ရှိ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ကျယ်လောင်သောအသံကြီးတစ်ခုနှင့်အတူ မြေမှုန်များသည် နေရာအနှံ့သို့ လွင့်စင်သွားလေသည်။ အပင်များလည်း လေထဲမြောက်တက်သွားသည်။ အနက်ရောင်လေဆင်နှာမောင်းကြီး ထွက်ပေါ်လာပြီး ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားကာ လူအားလုံးကို ပရမ်းပတာဖြစ်သွားစေလေသည်။
ထိုရုန့်ရင်းဆန်ခတ်ဖြစ်နေသော အခြေအနေတွင် ဓားကြီးကိုကိုင်ထားသော ဝမ်ပေါင်လဲ့၏ပုံရိပ်သည် လျှပ်စီးတန်းတစ်ခုသဖွယ် ပေါ်ပေါက်လာသည်။ သူသည် ထိုလူအုပ်ကို ချုံခိုမတိုက်လိုပေ။ ထိုအစား လေထဲတွင် ဝဲလွင့်နေသည့် အပင်များကို အသုံးချ၍ ရှေ့မှ ထိပ်တိုက်ဝင်တိုက်လိုက်သည်။
‘ ငါရဲ့ ခွန်အားကို စမ်းသပ်ဖို့ အကောင်းဆုံးနည်းလမ်းက ဓမ္မလက်နက်ကို တန်ပြန်ဒဏ်မခံရဘဲ ဘယ်နှစ်ကြိမ်အသုံးပြုနိုင်လည်းဆိုတာကို ကြည့်ဖို့ပဲ ’
ဝမ်ပေါင်လဲ့၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက်လက်သွား၏။ သူသည် ထိုလူအုပ်ထဲမှ တစ်ယောက်၏ အနီးသို့ ရုတ်ခြည်းရောက်ရှိသွားသည်။ ထို့နောက် သူ၏လက်ထဲရှိ ဓမ္မလက်နက်ဓားကြီးကို မြှောက်လိုက်ပြီး ခုတ်ချလိုက်သည်။
ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုကျင့်ကြံသူသည် ဓားချက်ကြောင့် နှစ်ပိုင်းပြတ်သွားပြီး အော်ချိန်ပင်မရလိုက်ဘဲ သေဆုံးသွားလေတော့သည်။ နေရာအနှံသို့ သွေးများ ပန်းထွက်သွားသည်။
အခြားသူများ တုန်လှုပ်နေစဉ် ဝမ်ပေါင်လဲ့သည် သွေးများအကြားမှ ထွက်ပေါ်လာပြီး အခြားတစ်ယောက်အနီးသို့ ရောက်ရှိသွားကာ သူ၏ဓားကြီးကို ထပ်မံခုတ်ချလိုက်လေသည်။ သို့သော် ထိုအကြိမ်တွင် အခုတ်ခံလိုက်ရသောသူသည် အနည်းငယ်ပြန်၍ ခုခံနိုင်ခဲ့၏။
“ အခြေတည်အလယ်အလတ်အဆင့်လား… သေစမ်းကွာ ”
ဝမ်ပေါင်လဲ့ မျက်ခုံးပင့်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအစွမ်းကို ထုတ်ဖော်လိုက်လေသည်။ သူ၏ဓားကြီးမှ အစွမ်းများ တိုးလာလာပြီး ထိုကျင့်ကြံသူကို ချောမွေ့စွာ နှစ်ပိုင်းဖြတ်လိုက်လေတော့သည်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့သည် ထိုကျင့်ကြံသူများကို လျင်မြန်စွာ လှည့်ပတ်နေ၏။ မန္တန်များသည်လည်း သူ့ပတ်လည်တွင် ကျယ်လောင်သောအသံကြီးများနှင့်အတူ ထွက်ပေါ်လာလေသည်။ ထိုအခြေတည်အဆင့်ကျင့်ကြံသူများသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သူတို့၏ ဝှက်ဖဲများကို ထုတ်လိုက်ကြတော့သည်။
သူတို့၏ ဝှက်ဖဲများသည် အစွမ်းထက်သော်လည်း ဝမ်ပေါင်လဲ့သည် အလွန်လျင်မြန်ပြီး သူ၏ဓားကြီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းရာ ဝမ်ပေါင်လဲနှင့် ထိပ်တိုက်တွေ့သူတိုင်း သေဆုံးသွားရသည်ချည်းဖြစ်လေသည်။ အသားစများနှင့် သွေးများသည် အသက်ရှင်နေသေးသောအခြားသူများကို လွန်စွာစိတ်ဖိစီးသွားစေ၏။
အရာအားလုံးသည် အသက်ရှူချိန်အနည်းငယ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ တစ်ခဏအတွင်း မြေပြင်ပေါ်တွင် အလောင်းခြောက်လောင်း ရှိသွားပေပြီ။ ကျန်ကျင့်ကြံခြောက်ဦးသည် လျင်မြန်စွာ လူစုခွဲလိုက်သည်။ သို့သော် ဝမ်ပေါင်လဲ့သည် သေမင်းတစ်ပါးနှယ် သတ္တမမြောက်ကျင့်ကြံသူနောက်သို့ လိုက်သွားပြီး အေးစက်စက်မျက်ဝန်းများဖြင့် ထိုသူကို ခုတ်ချရန်ပြင်လိုက်သည်။
သို့သော် ထိုအခိုက်တွင် ကောင်းကင်ထက်မှနေ၍ ဒေါသသံတစ်သံ ဟိန်းထွက်လာသည်။
“ အတင့်ရဲလှချည်လား ”
ထိုနေရာအနီးရှိ ကောင်းကင်ထက်မှနေ၍ ယခင်က တွေ့ကြုံခဲ့ဖူးသည့် အားကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာသည်။ ထိုလူသည် မရောက်လာသေးသော်လည်း ဖိအားသည် လွန်စွာအားကောင်းရာ ကောင်းကင်၏ ဖိအားသည် တောအုပ်တစ်ခုလုံးကို ဖိနှိပ်ထားသည်ဟု ထင်ရပေသည်။ အခြေတည်အဆင့်ကျင့်ကြံသူများသည် ထိုလူရောက်ရှိလာသဖြင့် သူတို့၏ကျင့်ကြံခြင်းအစွမ်းများကို ဖိနှိပ်ခံလိုက်ရသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်သွားကြ၏။ သို့သော် သူတို့ထဲမှအများစုက အံ့အားသင့်နေစဉ် တချို့က ဝမ်းသာသွားကြသည်။
“ အကြီးအကဲရောက်လာပြီ ”
“ ဝမ်ပေါင်လဲ့ မင်းတော့သေပြီပဲ ”
ဝမ်ပေါင်လဲ့၏မျက်ဝန်းများထဲ အလင်းတစ်ချက် လက်သွားသည်။ သူက စိတ်လှုပ်ရှားစွာြဖင့် ထိုစကားပြောသည့်အခြေတည်အဆင့်ကျင့်ကြံသူ၏ဦးခေါင်းကို ဖြတ်လိုက်လေသည်။
“ ဝမ်ပေါင်လဲ့… ခွေးကောင် ”
အဘွားကြီးသည် ဒေါသတကြီး ကြုံးဝါး၍ အရှိန်မြှင့်လိုက်သည်။
ဝမ်ပေါင်လဲ့သည် ထောပတ်ကို ဓားဖြင့်ဖြတ်သကဲ့သို့ လူများကို အလွယ်တကူသတ်လိုက်၏။ သူသည် အနည်းငယ်မျှပင် တွန့်ဆုတ်မနေခဲ့ပေ။ သတ္တမမြောက် ကျင့်ကြံသူကို သတ်လိုက်ပြီးနောက် သူသည် လှည့်ကြည့်ကာ ညာလက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်၏။ ထိုအခါ ကောင်းကင်ပေါ်ရှိ ဒေါသအမျက်ချောင်းချောင်း ထွက်နေသော အဘွားကြီးထံသို့ ပုတီးစေ့သုံးစေ့ပျံထွက်သွား၏။
“ ထွက်သွားစမ်း ”
ဝမ်ပေါင်လဲ့သည် အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နေရသော်လည်း သူ၏ကျဉ်းမြောင်းသော မျက်ဝန်းများထဲ အကြောက်တရားတစ်စက်မျှ မရှိပေ။ သူသည် ထိုပုတီးစေ့များကို ပစ်လွှတ်လိုက်စဉ် ထိုအဘွားကြီးကို လှောင်ရယ်လိုက်သေးသည်။
သူ အော်လိုက်သည်နှင့်တပြိုင်နက် ပုတီးစေ့သုံးစေ့သည် အလိုလို ပေါက်ကွဲသွားပြီး ထိုချဉ်းကပ်လာသောအဘွားကြီး၏ရှေ့တွင် မြူခိုးတစ်ခု ပေါ်လာလေတော့သည်။
အေးစက်စက် မျက်နှာထားရှိနေသော အဘွားကြီးသည် ဝမ်ပေါင်လဲ့၏ တိုက်ခိုက်မှုကို ဖြုံပင်မဖြုံချေ။ ဝမ်ပေါင်လဲ့က မည်မျှပင် အစွမ်းထက်သော အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်စေကာမူ အမြုတေအဆင့်ကျင့်ကြံသူတစ်ဦး၏ ပြိုင်ဘက်မဟုတ်ဟု အဘွားကြီးမှာ ယုံကြည်နေ၏။
သူမသည် ပေါက်ကွဲသွားသော ပုတီးစေ့များမှ ထွက်ပေါ်လာသည့် မြူခိုးများကို ရှင်းလင်းရန် အင်္ကျီလက်ကိုယမ်းလိုက်သည်။ သို့သော် သူမ မျက်မှောင်ကြုတ်သွားပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာလေသည်။
“ ဒါ…ဒါက… မှော်လမ်းကြောင်းမြူခိုး… ”
သူမသည် အထိတ်တလန့်ဖြင့် အော်ပြောလိုက်သည်။ သူမ၏ စကားမဆုံးခင်မှာပင် မှော်လမ်းကြောင်းမြူခိုးများသည် သူမတစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး ချက်ချင်းဆိုသလိုပင် သူမကို အဝေးသို့ ပို့ဆောင်လိုက်လေသည်။