ကန့်သတ်နယ်မြေအတွင်းရှိ အနီရောင်အပင်များအကြားတွင် ဝမ်ပေါင်လဲ့၏ ပုံရိပ်ထွက်ပေါ်လာ၏။ သူသည် သူ၏အင်္ကျီကို လဲလှယ်ပြီးပြီဖြစ်သည်။ ရုပ်သေးရုပ်များ၏ အစိတ်အပိုင်းများနှင့် ပြုလုပ်ထားသော ချပ်ဝတ်ကို သူ၏ခန္ဓာကိုယ်ပေါ်မှ ဖယ်လိုက်ပေပြီ။ သူသည် ကောင်းကင်တာအိုကျောင်းတော်၏ သာမန်တာအိုဝတ်ရုံကိုသာ ဝတ်ဆင်ထားလေသည်။
သူသည် အခက်အခဲများကို ရင်ဆိုင်ခဲ့ရသဖြင့် သူ၏ခပ်ဖိုင့်ဖိုင့်ခန္ဓာကိုယ်သည်ပင် သိသိသာသာ ပိန်သွားလေသည်။ သူ၏ မျက်နှာသည်လည်း ယခင်ကထက် ပို၍ခံ့ညားပေါ်လွင်လာ၏။
ထို့ပြင် သူ၏ မျက်ဝန်းများအတွင်းမှ ငြိမ်းချမ်းသည့်ပုံစံပေါ်သော အကြည့်တစ်ခုထွက်ပေါ်နေသဖြင့် ပို၍ပင် တည်ငြိမ်ခံ့ညားနေသည်ဟု ထင်ရပေသည်။ ထိုအကြည့်သည် မုန်တိုင်းမလာခင် တည်ငြိမ်နေသော ညကောင်းကင်တစ်ခုကဲ့သို့ပင်။ ၎င်းသည် နက်ရှိုင်းသည်ဟုထင်ရပြီး တချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်း၍ ဖိနှိပ်ထားသည့်ရူးသွပ်မှုတစ်ခုကိုလည်း သယ်ဆောင်လာလေသည်။
သူ၏လက်ထဲတွင် သတ္တမအဆင့်ဓမ္မလက်နက်ကို ကိုင်ထားပြီး သူ့ပတ်လည်တွင် လေဆင်နှာမောင်းများပေါ်လာ၏။ သူ့အနောက်ရှိ သွေးနီရောင်အပင်များအကြားမှ မိကျောင်းကြီး၏ပုံရိပ်ထွက်ပေါ်လာသည်။
ဝမ်ပေါင်လဲ့သည် ငရဲမှပြန်လာသော သတ်ဖြတ် ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ထွက်ပေါ်လာခြင်းပင်။ သူရှေ့သို့ လျှောက်လှမ်းလိုက်သောအခါ သူ့ထံမှထွက်ပေါ်နေသော အရှိန်အဝါများတည်ငြိမ်သွား၏။ သူ၏ ကျင့်ကြံခြင်းအစွမ်း အငွေ့အသက်များကို သူ အာရုံခံ၍ မရနိုင်ပေ။ သို့သော် သူ၏လက်ထဲတွင်ကိုင်ထားသည့် ဓမ္မလက်နက်ကြောင့် သူ၏ ခန္ဓာကိုယ်ထဲတွင် အတိုင်းအစမရှိ များပြားသော စွမ်းအားများရှိနေကြောင်း သိနိုင်ပေသည်။ သူ၏ ကိုယ်တွင်းမှစွမ်းအားများကြောင့် ယခင်က ပြန်၍အာခံကာ ၎င်း၏အသုံးပြုသူကို အလွယ်တကူပြန်၍ တိုက်ခိုက်တတ်သောဓားကြီးသည် ဝမ်ပေါင်လဲ့ကို နာခံနေပေပြီ။
လမ်းတစ်လျှောက်တွင် ဝမ်ပေါင်လဲ့သည် ဝေ့ဝိုက်နေရန် စိတ်မပါပေ။ သူသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်မနေသလို သူ့ကိုယ်သူလည်း အပြစ်တင်မနေလိုပေ။ သူသည် အကောင်းမြင်စိတ်ရှိသူတစ်ဦးဖြစ်သော်လည်း အခြေအနေအပေါ်မူတည်လေသည်။ ယခုတွင် သူ့စိတ်ထဲတွင် စကားလုံးတစ်လုံးပင် ရှိလေသည်။
ထိုစကားလုံးကား… ‘သတ်’ဟူသောစကားလုံးပင်။
သူအသတ်ချင်ဆုံးလူမှာ သူ၏တာအိုအခြေခံကိုဖျက်ဆီးကာ သူ၏ အခြေတည်အဆင့်သို့တက်လှမ်းနိုင်မည့် အခွင့်အရေးကိုလူယူသွားသော ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အဘွားကြီးဖြစ်လေသည်။ ထိုအဘွားကြီးပြီးလျှင် နောက်ထပ် သူအသတ်ချင်ဆုံးလူမှာ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျိုးဖေဖြစ်လေသည်။
ကျိုးဖေပြီးလျှင် သူ့ကိုသတ်ရန် သူ့နောက်သို့လိုက်လာသော ကျင့်ကြံသူများ ဖြစ်ပေသည်။ သူတို့သည် အာနာပါနအဆင့်ကျင့်ကြံသူများဖြစ်စေ သို့မဟုတ် အခြေတည်အဆင့်ကျင့်ကြံသူများဖြစ်စေ အရေးမပါပေ။ သူ၏ ကောက်ချက်ချမှုအရ အမြုတေအဆင့်အဘွားကြီးမှလွဲ၍ အခြားသူများကို တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် အလောင်းဘဝသို့ ပြောင်းလဲပစ်နိုင်မည်ဖြစ်ကြောင်း သူ သိလေသည်။
ဝမ်ပေါင်လဲ့သည် ကန့်သတ်နယ်မြေအတွင်းရှိ ထူထပ်သောမြူခိုးများအတွင်းမှ အပြင်သို့ထွက်လိုက်သည်။ လဝိညာဉ်များနှင့် အမှောင်ညနတ်ဆိုးများသည် သူ့အနောက်သို့ တိတ်တဆိတ်လိုက်လာကြပြီး သူ့ကို အရိုအသေပေးကာ လိုက်ပါပို့ဆောင်နေကြလေသည်။
ကန့်သတ်နယ်မြေအပြင်ဘက်တွင် စောင့်နေသော ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူသုံးဦးသည် ထိုအခြင်းအရာကို သူတို့၏မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသည်။ သူတို့သည် လက်ဗလာပြန်မသွားလိုသဖြင့် ဝမ်ပေါင်လဲ့၏အလောင်းနှင့် ဓမ္မလက်နက်ကိုရှာရန် မြူခိုးများ ရှင်းသွားသည်အထိ စောင့်နေကြခြင်းပင်။
အစပိုင်းတွင် သူတို့သည် မြူခိုးများ လည်ပတ်လာသည်ကို တွေ့လိုက်သောအခါ မြူခိုးများ ပျောက်ကွယ်သွားတော့မည်အထင်ဖြင့် စိတ်လှုပ်ရှားခဲ့ကြသည်။ သို့သော် လျင်မြန်စွာပင် မြူခိုးအတွင်းမှ ထွက်လာသောလူသည် ဝမ်ပေါင်လဲ့ဖြစ်ကြောင်း သူတို့မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြလေသည်။ သူတို့၏ သတ်ဖြတ်လိုသောစိတ်များ အလိုအလျောက်ပြန်ပေါ်လာသည်။ သို့သော် တချိန်တည်းမှာပင် သူတို့၏နှလုံးသားများအတွင်း၌ ဖော်ပြ၍မရနိုင်သော ဆန်းကြယ်သည့်ခံစားချက်တစ်ခုပေါ်ပေါက်လာလေသည်။
ထိုအတွေးများနှင့် ခံစားချက်များ ပေါ်ပေါက်လာသည့်အခိုက်အတန့်တွင် သူတို့သည် မြူခိုးများအတွင်းမှ မရေမတွက်နိုင်အောင်များပြားသော လဝိညာဉ်များနှင့် အမှောင်ညနတ်ဆိုးများထွက်လာပြီး ဝမ်ပေါင်လဲ့အနောက်သို့ လိုက်လာသည်ကို ထပ်မံမြင်လိုက်ရသောအခါ အံ့အားသင့်ကာ တုန်လှုပ်သွားကြသည်။ ၎င်းတို့သည် ဝမ်ပေါင်လဲ့ကို ရိုရိုကျိုးကျိုးဖြင့် လိုက်ပါပို့ဆောင်နေသည်ဟု ထင်ရ၏။ ၎င်းတို့သည် ဝမ်ပေါင်လဲ့ ကန့်သတ်နယ်မြေအတွင်းမှ အပြင်သို့ လုံးဝထွက်သွားသည့်အခါမှ ရပ်တန့်သွားကြသည်။ ထို့နောက် ၎င်းတို့သည် ဦးညွှတ်၍ပင် ဝမ်ပေါင်လဲ့ကို နှုတ်ဆက်လိုက်ကြလေသည်။
ထိုမြင်ကွင်းကြောင့် ထိုကျင့်ကြံသူသုံးဦး၏ ခေါင်းထဲတွင် နားမလည်နိုင်ဖြစ်သွားလေသည်။ သူတို့ အသက်ရှူမြန်လာပြီး သူတို့၏ မျက်လုံးများသည်လည်း သူတို့မြင်လိုက်ရသည့် ထိုမယုံနိုင်စရာမြင်ကွင်းကြောင့် မျက်လုံးအိမ်အတွင်းမှ ထွက်ကျတော့မတတ် ပြူးကျယ်နေလေသည်။
‘ လဝိညာဉ်တွေ… အမှောင်ညနတ်ဆိုးတွေ… အဲဒါတွေက သူ့ကိုဦးညွှတ်နေတာလား ’
‘ ဒီဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က မသေရုံတင်မကဘူး အကောင်းပကတိ ပြန်ဖြစ်သွားတာလား ’
ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူသုံးဦး တုန်လှုပ်သွားကြသည်။ သူတို့သည် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်အတိအကျကို အာရုံမခံနိုင်သော်လည်း နောက်သို့ခြေတစ်လှမ်းဆုတ်ရန် အလိုလိုရွေးချယ်မိသွားသည်။
သို့သော် သူတို့ ထိုသို့နောက်သို့အလိုအလျောက် ခြေတစ်လှမ်းဆုတ်လိုက်ချိန်တွင် ကန့်သတ်နယ်မြေအတွင်းမှထွက်လာသော ဝမ်ပေါင်လဲ့ထံမှ သတ်ဖြတ်လိုသော အကြည့်တစ်ချက်ထွက်ပေါ်လာလေသည်။ သူသည် ထိုသုံးဦးရှိနေကြောင်းကို အာရုံခံမိခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူသည် အခွင့်အရေးကို မည်သည့်အခါမှ လက်လွတ်ခံမည်မဟုတ်ပေ။ သူတို့ ထွက်ပြေးတော့မည့်အချိန်တွင် သူသည် သူတို့ဘက်သို့လှည့်၍ အရှိန်ဖြင့် ပြေးသွားလိုက်သည်။
သူသည် လက်ဖျားခါရလောက်အောင် လွန်စွာ လျင်မြန်လေသည်။ သူ ပြေးလွှားသွားသော လမ်းတစ်လျှောက်တွင် လေခွင်းသံကြီးများ ကျန်ခဲ့လေသည်။ သူ၏ အရှိန်သည် လွန်စွာ မြန်ဆန်သဖြင့် ပတ်ဝန်းကျင်ကို လေလှိုင်းများပင် ရိုက်ခတ်သွားသည်။ ထို့ကြောင့် သစ်ကိုင်းအများအပြားသည် အပြင်းအထန်တုန်ခါကာ ကျိုးပဲ့သွားကြလေသည်။ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးသည်ပင် ယိမ်းထိုးသွားမည်ဖြစ်ပြီး တုန်လှုပ်သွားနိုင်ပေသည်။
ထိုအခိုက်တွင် ဝမ်ပေါင်လဲ့သည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကို ဖြတ်ကျော်သွားပြီး သူ၏ ဓားကြီးသည်လည်း အရောင်လက်သွားသည်။ ထိုအခြေတည်အဆင့်ကျင့်ကြံသူသည် ဝမ်ပေါင်လဲ့ ဖြတ်ကျော်သွားသောအခါ တုန်ခါသွား၏။ သူသည် သူ့အရှေ့တွင်ရပ်နေသော ဝမ်ပေါင်လဲ့ကို မယုံနိုင်သောမျက်နှာထားဖြင့် ကြည့်နေ၏။
“ မင်း… ”
ထိုအခြေတည်အဆင့်ကျင့်ကြံသူသည် တစ်စုံတစ်ခုကို ပြောလိုနေဟန်ရှိသော်လည်း ပြောရန်အခွင့်မသာတော့ပေ။ သူသည် စကားတစ်ခွန်းသာပြောလိုက်ရပြီး သူ့လည်ပင်းတွင် သွေးစီးကြောင်းတစ်ကြောင်းပေါ်လာလေတော့သည်။ ထို့နောက် သူ၏ဦးခေါင်းသည် မြေပေါ်သို့ ပြုတ်ကျသွား၏။ သူ၏ ခေါင်းမရှိတော့သော ခန္ဓာကိုယ်ကြီးသည် လည်ပင်းမှနေ၍ သွေးများပန်းထွက်ကာ ဘေးသို့လဲကျသွားလေသည်။
သူသည် သူနှင့်အဆင့်တူ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကို တိတိရိရိခေါင်းဖြတ်သတ်လိုက်နိုင်လေသည်။ သူ၏စွမ်းအားအကုန်ကိုပင် မသုံးခဲ့ပေ။ သူ၏ အစိမ်းရောင်ကြာပွင့် အခြေတည်အဆင့်သည် သူ၏ဓမ္မလက်နက်နှင့် ပေါင်းလိုက်သောအခါ သူသည် အခြေတည်အဆင့်ကျင့်ကြံသူများအကြားတွင် ထိပ်တန်းကျင့်ကြံသူတစ်ဦး ဖြစ်လာပေသည်။
ဝမ်ပေါင်လဲ့သည် ထိုအခြေတည်အဆင့်ကျင့်ကြံသူ၏ အလောင်းကို ကြည့်ပင်မကြည့်လိုက်ဘဲ နောက်သို့လှည့်၍ ကျန်နှစ်ဦးထွက်ပြေးသွားသောဘက်သို့ကြည့်ကာ သူတို့နောက်သို့ လိုက်သွားလိုက်လေသည်။
ယခုအခါ အခြားတစ်ဖက်တွင်ရပ်နေခဲ့သော ဆည်းဆာကြယ်စင်စုဂိုဏ်းမှ သက်လတ်ပိုင်း အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးသည် အကြောက်တရားများဖြင့် ပြည့်နှက်နေပေပြီ။ သူ၏ ခေါင်းထဲတွင် ကြီးမားသောလှိုင်းလုံးကြီးများ အပြင်းအထန်ရိုက်ခတ်နေသကဲ့သို့ အတွေးများ ရှုပ်ထွေးနေလေသည်။ သူ၏နှလုံးသားထဲတွင် ဖော်ပြရမရနိုင်သော အကြောက်တရားတစ်ခု ထိန်းမနိုင်သိမ်းမရ ပေါ်ပေါက်လာ၏။
‘ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ’
သူသည် သူ၏မျက်လုံးများကို မယုံနိုင်ဖြစ်နေ၏။ သူ၏အဖော်သေဆုံးသွားမှုသည် သူ့ကို အိပ်မက်ဆိုးတစ်ခုအတွင်းရောက်နေသည်ဟု ခံစားသွားရစေသည်။ ဝမ်ပေါင်လဲ့တစ်ယောက် ကန့်သတ်နယ်မြေအတွင်း၌ မည်သို့ရှင်သန်ခဲ့သည်ကို သူတွေးမကြည့်နိုင်ပေ။ ဝမ်ပေါင်လဲ့သည် ရှင်သန်နိုင်ခဲ့ရုံသာမက သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကိုလည်း အကောင်းအတိုင်းဖြစ်အောင် ကုသနိုင်ခဲ့ပြီး ပို၍ပင် သန်မာလာသေးသည်။ ထိုအရာသည် မယုံနိုင်စရာပင်။
သို့သော် သူ၏သံသယများအတွက် အဖြေမရှိပေ။ သူသည် အရူးတစ်ယောက်သဖွယ် ထွက်ပြေးရန် ကြိုးစားနေစဉ် ဝမ်ပေါင်လဲ့သည် လေးမှလွှတ်လိုက်သော မြားတစ်စင်းသဖွယ် လွန်စွာလျင်မြန်သောအရှိန်ဖြင့် သူ့ထံသို့ ချဉ်းကပ်လာလေသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ကောင်းကင်ပေါ်မှ ငုံ့ကြည့်ခဲ့လျှင် ဝမ်ပေါင်လဲ့သည် ရှေ့မှပြေးလွှားနေသူများထက် ဆယ်ဆပိုမြန်သည်ကို တွေ့ရပေလိမ့်မည်။ သူသည် ရှေ့မှလူများကို ခြေလှမ်းအနည်းငယ်ဖြင့်ပင် မီလာလေသည်။
“ ဒါက နားလည်မှုလွဲတာပါ… ဝမ်ပေါင်လဲ့ ငါပြောတာနားထောင်ပါဦး… ”
ထိုအခြေတည်အဆင့်ကျင့်ကြံသူသည် ကြောက်ရွံ့တုန်လှုပ်နေပြီး ရှင်းပြရန် ချက်ချင်း ကြိုးစားလိုက်သည်။ သို့သော် သူပြန်ရလိုက်သောအရာမှာ သတ်ဖြတ်လိုသောအငွေ့အသက်များပြည့်နှက်နေသည့် ဝမ်ပေါင်လဲ့၏ အေးစက်စက်အကြည့်တစ်ခုသာ ဖြစ်သည်။ ဓားကြီးမှ အလင်းတန်းသည် သူ၏လောကကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည့်နှယ် သူ့ထံသို့ မျက်စိတစ်မှိတ်အတွင်း ချဉ်းကပ်လာတော့သည်။
ဓားကြီးမှ အလင်းတန်းသည် ဧရာမမိကျောင်းကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။ ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာပြီး မိကျောင်းကြီးသည် ၎င်း၏ပါးစပ်ကိုဟကာ အထင်သေးသည့်အကြည့်ဖြင့် ထိုကျင့်ကြံသူကို တစ်ကိုယ်လုံးဝါးမျိုချလိုက်သည်။ အလင်းတန်းပျောက်ကွယ်သွားသောအခါတွင် ထိုအခြေတည်အဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းပြတ်နေပေပြီ။ ဝမ်ပေါင်လဲ့သည် တစ်ဖက်သို့လှည့်လိုက်ပြီး တတိယမြောက်ကျင့်ကြံသူထံသို့ ပြေးသွားလိုက်သည်။
ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော ထိုအခြေတည်အဆင့်ကျင့်ကြံသူသုံးဦးသည် သူ့ကိုအလစ်ဝင်တိုက်ကာ သူကြိုးစားပမ်းစားဖိနှိပ်ထားရသည့် ဒဏ်ရာများကို ပို၍ဆိုးဝါးလာအောင်လုပ်ခဲ့သူများဖြစ်ကြောင်း ဝမ်ပေါင်လဲ့ သေသေချာချာမှတ်မိလေသည်။
“ မင်းက မြန်တယ်ပေါ့လေ… ”
ဝမ်ပေါင်လဲ့က တည်ငြိမ်နေသည်။ အဝေးခပ်လှမ်းလှမ်းသို့ ရောက်နေပြီဖြစ်သော တတိယမြောက်ကျင့်ကြံသူကိုလှမ်းပြောလိုက်သော သူ၏ အသံသည် ဆောင်းတွင်းအအေးဓာတ်ကဲ့သို့ အေးစိမ့်စိမ့်ရှိလှပေသည်။ ထိုကျင့်ကြံသူသည် ကျောက်စိမ်းပြားကိုသုံး၍ အသည်းအသန် အကူအညီလှမ်းခေါ်နေလေသည်။ သူ၏ သူငယ်အိမ်များသည် ကျဉ်းမြောင်းလာပြီး သူ့ခေါင်းထဲတွင်လည်း အတွေးများဖြင့်ပြည့်နေသည်။ သူသည် နတ်ဘုရားရတနာအများအပြားကို ထုတ်ယူလိုက်ပြီး မန္တန်မျိုးစုံကိုလည်းသုံးကာ သူ့ကိုယ်သူကာကွယ်ရန်ကြိုးစားနေရင်း အော်ပြောလိုက်သည်။
“ ဝမ်ပေါင်လဲ့… ငါမင်းအကြောင်းကို သတင်းပို့လိုက်ပြီကွ။ မင်းမှာထွက်ပြေးဖို့အချိန်ရှိသေးတယ်။ မဟုတ်ရင်တော့ အကြီးအကဲရောက်လာရင် မင်းကိုသတ်ပစ်မှာ ”
ဝမ်ပေါင်လဲ့သည် ထိုအခြေတည့်အဆင့်ကျင့်ကြံသူ၏ ခြိမ်းခြောက်မှုကို မကြားလိုက်သကဲ့သို့ အရေးပင်မစိုက်ပေ။ သူသည် ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ရုတ်ခြည်းပင် ကောင်းကင်ပေါ်တွင် လျှပ်စီးတန်းတစ်ခုထွက်ပေါ်လာသည်။ ထိုလျှပ်စီးတန်းသည် သူ အာနာပါနအဆင့်တွင်ရှိခဲ့ချိန်ကထက် ဆယ်ဆပို၍ ထူထဲပြီး ကျယ်လောင်သောအသံကြီးများ ထုတ်လွှတ်နေလေသည်။ ၎င်းသည် အလွှာများအဖြစ် ထွက်ပေါ်လာပြီး လျှပ်စီးဓားများအဖြစ် ပြောင်းလဲသွားကာ တစ်ချောင်းနှင့်တစ်ချောင်း ကန့်လန့်ဖြတ်၍ လျှပ်စီးကွန်ရက်ကြီးကို ဖန်တီးလိုက်သည်။ ထိုအခြေတည်အဆင့်ကျင့်ကြံသူသည် သူ့ကိုယ်သူကာကွယ်ရန်နှင့် ပြန်တိုက်ရန် မည်မျှပင်ကြိုးစားစေကာမူ ဝမ်ပေါင်လဲ့၏အေးစက်စက်အကြည့်အောက်တွင် သူ့တစ်ကိုယ်လုံးကို လျှပ်စီးကွန်ရက်ကြီးက လွှမ်းခြုံထားလေရာ အချည်းနှီးသာဖြစ်လေတော့သည်။
ထိုအခြေတည်အဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အပိုင်းဆယ်ချီ ပိုင်းဖြတ်လိုက်သောအခါ နာကျင်စွာအော်ဟစ်သံကြီးများ ပဲ့တင်ထပ်သွားလေသည်။ ထိုအပိုင်းများ မြေပေါ်သို့ ကျသွားသောအခါ အော်သံများလည်း ရပ်တန့်သွားလေသည်။
ဝမ်ပေါင်လဲ့သည် ခြေလှမ်းကျဲကြီးများဖြင့် အလောင်းအနီးသို့ ကပ်သွားပြီး ထိုကျင့်ကြံသူအသုံးပြုခဲ့သော ကျောက်စိမ်းပြားကို တက်နင်းလိုက်သည်။ ထို့နောက် အားအနည်းငယ်သုံး၍ ၎င်းကို အစိတ်စိတ်အမွှာမွှာ ချိုးဖျက်ပစ်လိုက်၏။
“ ငါကလည်း မင်းကို အသံပို့လွှတ်စေချင်ခဲ့တာပဲကွ။ အဲဒါမှ ငါတစ်ယောက်ချင်းလိုက်ရှာပြီး သတ်နေစရာမလိုတော့မှာပေါ့ ”
ဝမ်ပေါင်လဲ့က တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ လူသုံးယောက်ကိုသတ်လိုက်ခြင်းသည် သူ့ရင်ထဲရှိ အမုန်းတရားများကို မချေဖျက်နိုင်သေးပေ။ သူသည် နောက်သို့ပြန်လှည့်ကြည့်လိုက်ပြီး ကန့်သတ်နယ်မြေကို အချိန်အတော်ကြာငေးကြည့်လိုက်သည်။ ထို့နောက် ဝမ်ပေါင်လဲ့သည် အားကောင်းသော ခက်ထန်သည့်အရှိန်အဝါနှင့် သတ်ဖြတ်လိုသောအငွေ့အသက်များကို သယ်ဆောင်ကာ ကန့်သတ်နယ်မြေနှင့် ဆန့်ကျင်ဘက်အရပ်သို့ ခြေလှမ်းကျဲကျဲဖြင့်သွားလိုက်လေသည်။
‘ အစကတော့ ဘယ်သူ့ကိုမှ ငါ မသတ်ချင်ဘူး။ ဒါပေမဲ့ ဆည်းဆာကြယ်စင်စုဂိုဏ်းက အားကြီးသူနိုင်စတမ်းဆိုတဲ့ ကစားပွဲကို ကစားချင်နေတော့လည်း သူတို့စိတ်ကြိုက်ကစားပေးရတော့မှာပေါ့ ’
‘ ငါ့ကိုသတ်ဖို့ သူတို့လူဘယ်နှစ်ယောက်လွှတ်လိုက်မလဲဆိုတာ ကြည့်ရသေးတာပေါ့ ’
‘ ပြီးတော့ ကျိုးဖေလည်းရှိသေးတယ်… ငါ သူ့ကိုလိုက်ရှာမနေရအောင် သူကိုယ်တိုင်ငါ့ကိုလာရှာရင် သိပ်ကောင်းမယ် ’
ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်လိုက်ပြီး တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။ သူသည် အပိုင်းပိုင်းပြတ်နေသော အလောင်းသုံးလောင်းကို မတူညီသောနေရာသုံးနေရာတွင် ချန်ခဲ့လေသည်။ လကမ္ဘာကို သွေးများ ထပ်မံစွန်းထင်းသွားစေပြီး ထိုသွေးနံ့များသည် အရပ်မျက်နှာအနှံ့ကို ပျံ့နှံ့နေပေသည်။