Switch Mode

အခန်း ( ၂၇၀ )

ငါ ပြန်လာပြီ

အချိန်များကုန်ဆုံးသွား၏။ အချိန်ကုန်ဆုံးသည်မှာ မြန်သည်ဟုလည်းဆို၍ရသလို နှေးသည်ဟုလည်း ဆိုင်နိုင်ပေသည်။ ဝမ်ပေါင်လဲ့သည် အချိန်မည်မျှ ကုန်ဆုံးသွားကြောင်း မသိပေ။ သို့သော် သူသတိပြန်လည်လာသောအခါ မိန်းမပျိုသည် ပျောက်ကွယ်သွားပေပြီ။ သူမျက်လုံးပွင့်လာသောအခါ ပထမဆုံးမြင်လိုက်ရသောအရာမှာ လိုဏ်ဂူအမိုးဖြစ်လေသည်။

ဝမ်ပေါင်လဲ့သည် တစ်ခဏမျှ ကြောင်နေပြီးနောက် မျက်မှောင်ကြုတ်ကာ ရုတ်တရက်ထရပ်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်ကို သတိတကြီး လေ့လာလိုက်သည်။ သူ့မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် သူမျက်လုံးပြူးသွားပြီး တုန်လှုပ်သွားလေသည်။

‘ ဒါက… ’
ဝမ်ပေါင်လဲ့ အံ့အားသင့်နေ၏။ သူသည် သူ့ရှေ့ရှိ ခမ်းနားသောမြင်ကွင်းကို လေ့လာကြည့်ရှူနေစဉ် အသက်ရှူရန်ပင် မေ့နေခဲ့လေသည်။ ရှေးဟောင်းကျင့်ကြံသူ သောင်းချီ၏ အလောင်းများနှင့် ထိုအလောင်းများ ဦးညွှတ်နေသော ဘုံသုံးဆင့်ယဇ်ပလ္လင်ကြီးတို့ကြောင့် ဝမ်ပေါင်လဲ့၏ ရင်ထဲတွင် ခံစားချက်များ လှိုင်းထနေ၏။

အထူးသဖြင့် ယဇ်ပလ္လင်ကြီးနှင့် ၎င်းအပေါ်ရှိ ပစ္စည်းများသည် သူကို အိပ်မက်ဆန်ဆန်ခံစားချက်တစ်ခုကို ပေးနေ၏။ သူသည် ထိုယဇ်ပလ္လင်ကြီးကို ချက်ချင်းပင် မှတ်မိသွားသည်။ ၎င်းသည် သူ သုံးချောင်းထောက်ဒယ်စောက်အိုးလေးနှင့် ပေါင်းစည်းခဲ့စဉ်က သူ၏စိတ်ထဲတွင် ပေါ်လာသော မြင်ကွင်းတစ်ခုထဲမှ ယဇ်ပလ္လင်ကြီးဖြစ်လေသည်။

‘ ငါဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ… ’
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးမှုများ ရှိ‌နေ၏။ သူသည် သူ့နောက်သို့ လိုက်နေသူများလက်မှ လွတ်မြောက်ရန် ကန့်သတ်နယ်မြေအတွင်းသို့ ဝင်လာခဲ့သည်မှလွဲ၍ နောက်ပိုင်းကိစ္စများကို ပြန်စဉ်းစား၍မရေပေ။ သူ သေအံ့ဆဲဆဲဖြစ်နေကြောင်းကိုတော့ သူမှတ်မိ၏။ သူ၏ အသက်သည် ငွေ့ငွေ့သာကျန်တော့ပြီး အချိန်မရွေးငြိမ်းသွားနိုင်သည့် ဖျော့တော့တော့မီးတောက်လေးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

သူ၏အနီးကို သေခြင်းတရား ချဉ်းကပ်လာသည်ကိုပင် သူခံစားခဲ့ရသည်။ သူ၏ သုံးချောင်းထောက်ဒယ်စောက်အိုးလေးကို လုယူခံလိုက်ရလေသည်။ သူ၏ တာအိုအုတ်မြစ်သည်လည်း ဖျက်ဆီးခံလိုက်ရသည်။ သူသည်လည်း ဒဏ်ရာအပြင်းအထန်ရထားလေသည်။ သူသည် မိမိအသက်ရှင်သန်ရေးအတွက် အခြေတည်အဆင့်ကျင့်ကြံသူအများအပြားထံမှ ထွက်ပြေးခဲ့ရသည်။ သူ ထိုအခြေတည်အဆင့်ကျင့်ကြံသူ မည်မျှကို သတ်နိုင်ခဲ့သည်မှာ အရေးမပါချေ။ သူ၏ သေခြင်းတရားသည် ရှောင်လွှဲ၍မရသည့်အရာတစ်ခုဟု ထင်ခဲ့ရပေသည်။

သူ၏ မှတ်ဉာဏ်သည် သူ ကန့်သတ်နယ်မြေအတွင်းသို့ ဝင်လာခဲ့သည့်အချိန်မှစ၍ ရပ်တန့်သွားတော့သည်။ ထို့နောက် သူသည် အချိန်ကြာမြင့်စွာ သတိမေ့မြောသွားခဲ့သည်။ သူ သတိလည်လာသောအခါ ထိုနေရာသို့ ရောက်နေသည်ကို တွေ့လိုက်ရခြင်းပင်။

ဝမ်ပေါင်လဲ့သည် နားမလည်နိုင်ဖြစ်နေပြီး အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သူ၏ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။ အနက်ရောင် မျက်နှာဖုံးလေးသည် သူ မသိလိုက်ခင် အပြင်သို့ထွက်နေပေသည်။ သူ တွေဝေသွား၏။ သူသည် ပြောင်းလဲမှုများကို ခံစားနိုင်လေသည်။ သူ၏ ဒဏ်ရာများသည် ပျောက်ကင်းသွားပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည်လည်း အားအင်များပြည့်ဖြိုးနေလေသည်။

ထိုအရာများကို သတိထားမိသွားသောအခါ ဝမ်ပေါင်လဲ့ ကြက်သီးထသွား၏။ သူ၏မျက်ဝန်းများထဲတွင် မယုံနိုင်သော အရိပ်အယောင်များ လက်သွား၏။ သူသည် သူ၏ခန္ဓာကိုယ်ကို စတင်စစ်ဆေးလိုက်ပြီး မကြာခင် မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် မှင်တက်တုန်လှုပ်သွားလေတော့သည်။

သူ့ကိုယ်တွင်းမှ ကျင့်ကြံခြင်းအုတ်မြစ်ကို ပြန်လည်တည်ဆောင်ထားကြောင်း သူသိလိုက်ရ၏။ သူ၏ ဝိညာဥ်သွေးကြောများသည်လည်း အကောင်းအတိုင်းပြန်ဖြစ်သွားပေပြီ။ ထို့ပြင် သုံးချောင်းစောက်ဒယ်စောက်အိုးလေးကို အဘွားကြီး ဖြုတ်ယူသွားသဖြင့် ဗလာအဖြစ်ကျန်ခဲ့သော သူ၏ဒန်တျန်အတွင်း၌ အစိမ်းရောင်ကြာပွင့်တစ်ပွင်းရှိနေလေသည်။

ထိုအစိမ်းရောင်ကြာပွင့်သည် သူ၏လက်တစ်ဝါးစာအရွယ်ရှိလေသည်။ ၎င်းလှုပ်ခါသွားသည့်အခါတိုင်း သူ၏တစ်ကိုယ်လုံးသို့ များပြားသောသက်စောင့်အားများနှင့် ဝိညာဉ်ချီများကို ပို့လွှတ်နေ၏။ ဝမ်ပေါင်လဲ့ အသက်ရှူရပ်သွား၏။ ထိုအခိုက်တွင် သူသည် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတစ်ယောက်အဖြစ် ခံစားနေရ၏။ သူ့ထံတွင် နေမင်း၊ လမင်းနှင့် ကြယ်တာရာများကိုပင် ခူးဆွတ်နိုင်သည့် အစွမ်းများရှိနေသကဲ့သို့ပင်။

သူခံစားနေရမှုများသည် အမှန်မဟုတ်ကြောင်း သိသော်လည်း သူ၏ကိုယ်တွင်းရှိ ဝိညာဉ်ချီများသည် သုံးချောင်းထောက်ဒယ်စောက်အိုးလေးနှင့်ပေါင်းစည်းကာ အခြေတည်အဆင့်သို့တက်လှမ်းခဲ့စဉ်ကထက် ဆယ်ဆအားကောင်းနေကြောင်းကိုမူ သူရှင်းရှင်းလင်းလင်းသိနိုင်ပေသည်။

ထိုအရာသည် အံ့ဖွယ်ဖြစ်ရပ်တစ်ခုကဲ့သို့ပင်။ ဝမ်ပေါင်လဲ့သည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရ၏။ သူသည် ထိုအစိမ်းရောင်ကြာပွင့်လေးကို ရင်းနှီးနေသလိုလို ဖြစ်နေ၏။ ထိုအစိမ်းရောင်ကြာပွင့်လေးသည် သူ သုံးချောင်းထောက်ဒယ်စောက်အိုးလေးနှင့် ပေါင်းစည်းစဉ်က မြင်ခဲ့ရသည့် မြင်ကွင်းအတွင်းမှ ဒယ်စောက်အိုးလေးနှင့် အခြားသက်ရှိများ ဦးညွှတ်နေကြသည့် ကြာပွင့်လေးနှင့် ဆင်တူပေသည်။

သို့သော် ထိုနှစ်ခုကို ယှဉ်ကြည့်ရန် အချက်အလက်လည်းမရှိသလို ယှဉ်ကြည့်ရန်လည်းမလိုပေ။ အကယ်၍ သူ့ကိုယ်တွင်းရှိ ကြာပွင့်သည်သာ သူ့စိတ်ထဲတွင်မြင်ခဲ့ရသည့် ကြာပွင့်ဖြစ်ပါက ၎င်းသည် ဒယ်စောက်အိုးလေးထက်များစွာ အစွမ်းကြီးမည်ဖြစ်ကြောင်း သူသိလေသည်။

‘ အဲဒါက ဘယ်လိုလုပ် ငါ့ကိုယ်ထဲကို ရောက်နေရတာလဲ… ’
ဝမ်ပေါင်လဲ့သည် ဝမ်းသာစိတ်လှုပ်ရှားနေ၏။ သူသည် သူဆုံးရှုံးခဲ့သည့်အရာကို ပြန်ရသည်ထက် ပိုပေသည်။ သူဆုံးရှုံးခဲ့သည့်အရာထက်ပို၍ အဖိုးတန်သောအရာတစ်ခုကို ပြန်ရခဲ့ခြင်းပင်။ ထိုခံစားချက်သည် စကားလုံးများဖြင့် ဖော်ပြရန်ပင် မဖြစ်နိုင်ချေ။

သူ၏နှလုံးသားသည် အပြင်းအထန်ခုန်လာ၏။ သူသည် သူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပြီး သူ၏ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ နောက်ဆုံးတွင် သူ၏အကြည့်များသည် အနက်ရောင်မျက်နှာဖုံးပေါ် ရောက်သွား၏။ ဝမ်ပေါင်လဲ့သည် သူ၏အဖြေကို တွေ့ရှိသွားပြီဟု ခံစားလိုက်ရ၏။

“ ကျနော့်ကို ကယ်ခဲ့တာမဟုတ်လား မမလေး ”
ဝမ်ပေါင်လဲ့က နူးညံ့စွာမေးလိုက်၏။ သူသည် အနက်ရောင်မျက်နှာဖုံးလေးကို ကောက်ယူလိုက်သော်လည်း ၎င်းသည် ပြန်၍မတုံ့ပြန်ပေ။ အတော်ကြာပြီး‌နောက် သူက ထရပ်လိုက်ပြီး မျက်နှာဖုံးကို သူ့ရှေ့တွင်ထားလိုက်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
“ မမလေးက ကျနော့်ရဲ့အသက်ကို ကယ်ခဲ့တာပါ။ ကျနော် ဝမ်ပေါင်လဲ့ ဒီကျေးဇူးတရားကို ဘယ်တော့မှ မေ့မှမဟုတ်ပါဘူး ”

အနက်ရောင်မျက်နှာဖုံးသည် ဝမ်ပေါင်လဲ့၏ ကျေးဇူးတင်စွာ လေးလေးနက်နက်ဦးညွှတ်လိုက်သည်ကို ပြန်၍တုံ့ပြန်လိုက်သကဲ့သို့ အလင်းဖျော့ဖျော့လက်သွားလေသည်။ ဝမ်ပေါင်လဲ့သည် အနက်ရောင်မျက်နှာဖုံး၏ တုံ့ပြန်လိုက်သော အလင်းဖျော့ဖျော့ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေလိုက်သည်။ ထိုနေရာတွင် ထပ်မံတိတ်ဆိတ်သွားလေသည်။ သူ၏ ဒန်ထျန်အတွင်းရှိ ဝါးမျိုခြင်းသစ်စေ့အတွင်း၌ ရှိနေသော အစိမ်းရောင်ကြာပွင့်မှ ထုတ်လွှတ်နေသော များပြားသည့် သက်စောင့်အားများနှင့် ဝိညာဉ်ချီများကို သူခံစားနိုင်သည်။ သူသည် အခြေတည်အဆင့် ဝိညာဉ်ချီများနှင့် ယခင်ကထက် အစွမ်းကြီးကာ တုန်လှုပ်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းများကိုလည်း ခံစားနိုင်လေသည်။

ဝမ်ပေါင်လဲ့၏ မျက်ဝန်များထဲတွင် အားကောင်းသော သတ်ဖြတ်လိုသည့်အရိပ်အယောင်တစ်ခု ရုတ်တရက်ထွက်ပေါ်လာ၏။ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကြောက်မက်ဖွယ် အေးစက်စက်အလင်းတစ်ချက် ဝင်းလက်သွားလေသည်။

“ ဆည်းဆာကြယ်စင်စုဂိုဏ်း၊ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်… ငါ ဝမ်ပေါင်လဲ့ မသေခဲ့ဘူးဆိုတော့ မင်းတို့အပေါ်မှာရှိနေတဲ့ ငါ့ရဲ့အမုန်းတရားတွေအတွက် စာရင်းရှင်းရတော့မှာပေါ့ ”
သူ ခပ်တိုးတိုးရေရွတ်လိုက်သောစကားများသည် အေးစက်နေလေသည်။ ထိုစကားများသည် လိုဏ်ဂူအတွင်း ခပ်တိုးတိုး ပဲ့တင်ထပ်သွား၏။ ဝမ်ပေါင်လဲ့သည် သူ၏ဒန်ထျန်အတွင်းရှိ အစိမ်းရောင်ကြာပွင့်ကို နှိုးရန်ကြိုးစားလိုက်၏။ သူသည် ထိုကြာပွင့်ကို အသုံးပြု၍ အခြေတည်အဆင့်သို့ရောက်သွားခြင်းဖြစ်ရာ ထိုကြာပွင့်သည် သူ့ကိုမည်မျှပြောင်းလဲပစ်လိုက်ကြောင်း သူသိလိုပေသည်။

ထိုအတွေးများသည် အစိမ်းရောင်ကြာပွင့်နှင့် ပေါင်းစည်းသွားသည်ဟုထင်ရပြီး ကြာပွင့်လှုပ်ရှားလာတော့မည်အချိန်တွင် မြေပြင်သည် ရုတ်တရက် တုန်ခါသွားလေသည်။ ထိုမြေပြင်၏ နက်ရှိုင်းသောနေရာမှနေ၍ ထူးခြားသော အရှိန်အဝါတစ်ခု ရုတ်တရက်ထွက်ပေါ်လာရာ ဝမ်ပေါင်လဲ့ပင် တုန်လှုပ်သွားလေသည်။

ထိုအရှိန်အဝါသည် လွန်စွာပြင်းထန်ရာ တဒင်္ဂမျှ ထွက်ပေါ်လာခြင်းသည်ပင် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားစေပေသည်။ လကမ္ဘာပေါ်ရှိ သက်ရှိအားလုံးပင် တုန်လှုပ်သွားကြ၏။ ထို အရှိန်အဝါ၏ ပိုင်ရှင်သည် အိပ်မောကျနေသူတစ်ဦးဖြစ်ပြီး ထိုကဲ့သို့ ဝိညာဉ်စွမ်းအင်များ ရုတ်တရက်ထွက်ပေါ်လာခြင်းသည် သူနိုးထလာခြင်း၏ လက္ခဏာပင်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့ သိလေသည်။

‘ အမှောင်ညနတ်ဆိုးဧကရာဇ်လား… ’
ဝမ်ပေါင်လဲ့သည် အစိမ်းရောင်ကြာပွင့်အတွင်း နစ်မြုပ်နေသော သူ၏အသိစိတ်ကို ချက်ချင်း ပြန်ထုတ်လိုက်သည်။ သူ ပြန်ထုတ်လိုက်သည်နှင့်တပြိုင်နက် သိပ်သည်းသော ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွား၏။ အစောပိုင်းကထွက်ပေါ်လာသော နိုးထလာသည့် လက္ခဏာများလည်း ပျောက်ကွယ်သွားပြီး အမှောင်ညနတ်ဆိုးဧကရာဇ်သည် ပြန်၍အိပ်မောကျသွားလေတော့သည်။

ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် သံသယများထွက်ပေါ်လာ၏။ လကမ္ဘာပေါ်တွင် ထိုကဲ့သို့ ထူးခြားသည့် ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်နိုင်သော တစ်ခုတည်းသောအရာမှာ အိပ်မောကျနေသည့် ရှေးဟောင်းဧရာမအလောင်း‌ကောင်ကြီးသာရှိသည်ဟု ဝမ်ပေါင်လဲ့ခန့်မှန်းလိုက်၏။ သူသည် သူ၏ခန့်မှန်းချက်ကို ဆက်၍စမ်းသပ်မနေတော့ပေ။ သို့သော် သူ့ကိုယ်တွင်းရှိ အစိမ်း‌ရောင်ကြာပွင့်နှင့် ထိုရှေးဟောင်းအလောင်းကောင်ကြီးသည် တစ်နည်းနည်းဆက်နွယ်နေကြောင်း သူခံစားနိုင်လေသည်။

ဝမ်ပေါင်လဲ့ တွေဝေသွား၏။ သူ အစိမ်းရောင်ကြာပွင့်ကို နှိုးလိုက်သဖြင့် ရှေးဟောင်းအလောင်းကောင်ကြီး နိုးထလာခြင်းပေလောဟု သူ မရေမရာတွေးမိလိုက်သည်။ အကယ်၍ ထိုအလောင်းကောင်ကြီးသာ အပြည့်အဝနိုးထလာပါက ၎င်းကို သူထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။

သူ၏ မရေရာမှုများကြောင့် အလောင်းကောင်ကြီးကို နှိုးမည့်အကြံကို ‌ဘေးဖယ်ထားလိုက်ရလေသည်။ သူခေါင်းမော့လိုက်ပြီး လိုဏ်ဂူအပေါက်ဝကို ကြည့်လိုက်၏။ သူ အပြင်သို့ထွက်သွားသည်နှင့် ချက်ချင်းဆိုသလို အပြင်ရှိ ပါးလွှာသောမြူခိုးအတွင်းမှ လဝိညာဉ်များနှင့် အမှောင်ညနတ်ဆိုးများ၏ ပုံရိပ်များကို တွေ့လိုက်ရသည်။

လဝိညာဉ်များနှင့် အမှောင်ညနတ်ဆိုးများသည် ဝမ်ပေါင်လဲ့ကို တွေ့လိုက်သောအခါ ဦးညွှတ်သည့်သဖွယ် သူတို့၏ဦးခေါင်းကို ငုံ့လိုက်ကြ၏။

ဝမ်ပေါင်လဲ့သည် ထိုမြင်ကွင်းကြောင်း ကြက်သေ,သေသွား၏။ သူသည် ၎င်းတို့ကို ထိန်းချုပ်ရန် ကြိုးစားကြည့်လိုက်သော်လည်း အကြိမ်အနည်းငယ် ကြိုးစားကြည့်ပြီးနောက် လဝိညာဉ်များနှင့် အမှောင်ညနတ်ဆိုးများသည် သူ့ကို ဦးညွှတ်သော်လည်း သူ၏အမိန့်ကိုနာခံမည်မဟုတ်ကြောင်း သူသိရှိသွားလေသည်။

ဝမ်ပေါင်လဲ့သည် သူ၏ ပတ်ဝန်းကျင်ရှိ မြူခိုးကို တိတ်တဆိတ်လေ့လာလိုက်သည်။ ထိုမြူခိုးသည် မှော်လမ်းကြောင်းမြူခိုးနှင့် ကွဲပြားကြောင်း သူအာရုံခံနိုင်၏။ သို့သော် ၎င်းတို့၏ အရင်းအမြစ်သည် တူပုံရလေသည်။ ထိုမြူခိုးများထဲတွင် မကြာမကြာဆိုသလို မှော်လမ်းကြောင်းမြူခိုးတန်းများ ထွက်ပေါ်လာလေသည်။

သူသည် မြူခိုးကို ဆက်၍ကြည့်မနေတော့ဘဲ အဝေးသို့ ခေါင်းမော့ကြည့်လိုက်သည်။ ထိုနေရာမှနေ၍ သူလာခဲ့ခြင်းဖြစ်ရပေမည်။ သူ၏ မျက်ဝန်းများအတွင်းရှိ အေးစက်စက်အလင်းများကို သူဖုံးကွယ်သည်ဆိုရုံသာ ဖုံးကွယ်ထားနိုင်လေသည်။

သူ၏ တိုတောင်းသောဘဝတစ်လျှောက်တွင် လူအနည်းငယ်ကို သတ်ခဲ့ဖူးလေသည်။ သူ၏ လကမ္ဘာခရီးစဉ်သည် အမှတ်ရဖွယ်ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပေပြီ။ သူခံစားခဲ့ရသော ခိုကိုးရာမဲ့ခံစားချက်များ၊ မကျေနပ်ချက်များ၊ သူအား သေလုမြောပါးဖြစ်အောင် အလုပ်ခံခဲ့ရမှုများ အားလုံးသည် သူ၏ စိတ်ထဲတွင် ထိန်းချုပ်၍မရနိုင်သော ဒေါသတစ်ခုအဖြစ် ပြောင်းလဲထွက်ပေါ်လာလေသည်။ သူ၏ ကိုယ်ထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေ၏။ သူသာ ထိုဒေါသများကို ထွက်ပေါက်မပေးခဲ့ပါက ရူးသွားနိုင်ပေသည်။

သူ၏ ခန့်မှန်းချက်များအရ အစိမ်းရောင်ကြာပွင့်သည် သေချာပေါက် လွန်စွာအစွမ်းကြီးသော အရာတစ်ခုဖြစ်ပေမည်။ သို့သော် ၎င်း၏အစွမ်းသည် မည်မျှပင်ကြီးစေကာမူ သူသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေသည်။ သူပို၍ အစွမ်းကြီးလာရန် အချိန်လိုပေသည်။ လက်ရှိတွင် သူသည် အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးကို မယှဉ်နိုင်သေးပေ။ ကျင့်ကြံခြင်းအဆင့်များအကြားရှိ ကွာခြားမှုသည် အဆင့်တက်လာသည်နှင့်အမျှ ပို၍ ကွာဟလာသည်။

သို့သော် ဝမ်ပေါင်လဲ့သည် သူ၏ အစိမ်းရောင်ကြာပွင့် အခြေတည်အဆင့်ကြောင့် သူ၏ရည်ရွယ်ချက်ကို မစွန့်လွှတ်လိုက်ချေ။ သူတွေးတောလိုက်ပြီး နောက်လှည့်ကာ သူ့ပတ်ဝန်းကျင်ရှိ မြူခိုးကို ပြန်၍ကြည့်လိုက်လေသည်။ သူမျက်ဝန်းများထဲတွင် အလင်းတစ်ချက် လက်သွားလေ၏။

‘ ငါ မှော်လမ်းကြောင်းပုတီးစေ့တွေကို လေ့လာခဲ့တာကြာပြီ။ ငါ မစမ်းသပ်ရသေးတဲ့ အဆင့်တချို့ရှိသေးတယ်။ ငါသာအောင်မြင်သွားရင်… ငါလက်စားချေမှာကို တားနိုင်မယ့်သူ လကမ္ဘာ‌ပေါ်မှာ ရှိတော့မှာ မဟုတ်ဘူး ’
ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်စားချေလိုစိတ်များ ပြည့်နှက်နေသည့် အမျက်ဒေါသများကို တဒင်္ဂချိုးနှိမ်ထားလိုက်သည်။ သူသည် မြူခိုးအတွင်း လျှောက်လှမ်းလိုက်ပြီး သူ၏ညာဘက်လက်ဖဝါးကို ဖြန့်လိုက်၏။ လက်ဖဝါးပေါ်တွင် ပုတီးစေ့လက်တစ်ဆုပ်စာပေါ်လာ၏။

ထို့နောက် သူသည် မှော်လမ်းကြောင်းမြူခိုးကို ဆက်၍လေ့လာလိုက်သည်။

အခြေတည်အဆင့်သည် ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည်ကို တိုးမြှင့်ပေးရုံသာမက သူ၏စိတ်ကိုလည်း ပို၍ထက်မြက်လာစေလေသည်။ သူသည် ကမ္ပည်းစာများနှင့် ဓမ္မလက်နက်များကို ပို၍ အလွယ်တကူ ပြုလုပ်လာနိုင်လေသည်။ ထို့ပြင် ထိုနေရာတွင် မှော်လမ်းကြောင်းမြူခိုး အများအပြားရှိသည်။ သို့သော် သူ၏ကိုယ်တွင်းရှိ အစိမ်းရောင်ကြာပွင့်နှင့်ဆိုလျှင် မှော်လမ်းကြောင်းမြူခိုးများ၏ တည်နေရာရွှေ့ပြောင်းမှုကို မခံရတော့ကြောင်း ဝမ်ပေါင်လဲ့ သိရှိသွား၏။

သူ၏ လေ့လာမှုသည် အလျင်အမြန် ခရီးပေါက်နေပေသည်။ ရက်အနည်းငယ်ကြာပြီးနောက် ဝမ်ပေါင်လဲ့သည် မှော်လမ်းကြောင်းပုတီးစေ့ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့လေသည်။ ထို့နောက် သူသည် ကန့်သတ်နယ်မြေအတွင်းမှ ထွက်သွားလိုက်၏။ သူ၏ခန္ဓာကိုယ်မှ တိုက်ပွဲကိုဆာလောင်နေသော အငွေ့အသက်များထွက်ပေါ်နေပြီး သတ်ဖြတ်လိုသောအငွေ့အသက်များသည်လည်း တဟုန်ဟုန်းတောက်လောင်နေသည်။

‘ ငါပြန်လာပြီကွ ’

Comment

  1. kyawthiha1499 says:

    ကြမ်းပြီလေ

Leave a Reply

Options

not work with dark mode
Reset