ပုံရိပ်ယောင် မိန်းမပျိုသည် သတိမေ့နေသောဝမ်ပေါင်လဲ့ကို ချိုင့်ဝှမ်းအတွင်းသို့ ခေါ်သွား၏။
ထိုနေရာရှိ မြူခိုးများသည် ပါးလွှာသဖြင့် သူတို့ရှေ့မှမြင်ကွင်းကို အပြည့်အဝမကာထားနိုင်ပေ။ သူတို့ရှေ့တွင် ကိုက်တစ်ထောင်ကျော်ရှည်လျားသော လိုဏ်ဂူအခုံးကြီးတစ်ခုရှိ၏။ အကယ်၍ ကုန်းမြင့်တစ်နေရာမှသာ မကြည့်လျှင် ထိုဂူကြီး၏ အဆုံးကိုမြင်ရမည်မဟုတ်ပေ။
ထိုဂူထဲတွင် ပုံရိပ်တစ်ထောင်ကျော်သည် မြေပေါ်တွင်စက်ဝိုင်းပုံစံဒူးထောက်၍ အရှေ့သို့ဦးညွှတ်နေသည်ကို မြင်ရ၏။ သူတို့သည် တစ်လက်မပင်မလှုပ်ကြပေ။ သူတို့၏ အဝတ်အစားများသည် ကမ္ဘာမြေပေါ်မှ လူများနှင့်မတူဘဲ ပို၍ရှေးကျကြောင်း ထင်ရှားလေသည်။ အကယ်၍ ပြည်ထောင်စုမှ ရှေးဟောင်း ကြေးညိုရောင်ဓားကြီးကို လေ့လာနေသောပညာရှင်တစ်ဦးသာ ထိုနေရာတွင်ရှိနေပါက ထိုသူများသည် ခေတ်ဟောင်း ဓားသမားများဖြစ်ကြောင်း ချက်ချင်းသတိပြုမိသွားမည်ဖြစ်သည်။
ထိုလူအုပ်ထဲတွင် အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် လူငယ် စသည့်ဖြင့် လူစုံပါလေသည်။ သူတို့သည် ဒူးထောက်၍ အလေးအနက်ဦးညွှတ်နေကြသည်။ သူတို့သေဆုံးခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် သူတို့ချန်ခဲ့သော အလောင်းများတွင် သူတို့မသေခင်က မျက်နှာထားများ ရှိနေသေးသည်။ သူတို့သည် အလေးအနက်ဆုတောင်းရန် မျက်လုံးများကို ပိတ်ထားကြလေသလော သို့မဟုတ် သူတို့မသေခင် တစ်စုံတစ်ခုကို ဆင့်ခေါ်ရန် ကြိုးစားခဲ့သလော မပြောနိုင်ပေ။
တစ်ချက်မျှကြည့်လိုက်ရုံဖြင့် စက်ဝိုင်းပုံဒူးထောက်နေသော ဓားသမားများသည် တစ်ဝိုင်းနောက်တွင် တစ်ဝိုင်းဆင့်၍ လိုဏ်ဂူအပြည့်ရှိနေကြောင်း မြင်နိုင်ပေသည်။ ထိုစက်ဝိုင်းများ၏ အလယ်ဗဟိုတွင် မြင့်မားသောယဇ်ပလ္လင်ကြီးတစ်ခု ရှိ၏။
ထိုယဇ်ပလ္လင်ကြီးသည် မီတာသုံးရာမြင့်၍ သုံးစင့်ရှိလေသည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ သတိမလစ်နေပါက သူသည် ထိုယဇ်ပလ္လင်ကို မြင်ဖူးကြောင်း သိသွားပေမည်။ ၎င်းသည် သူ သုံးချောင်းထောက်ဒယ်စောက်အိုးကလေးနှင့် ပေါင်းစည်းစဉ်က မြင်ခဲ့ရသော ယဇ်ပလ္လင်ဖြစ်လေသည်။
အောက်ဆုံးအစင့်ရှိ ထောင့်လေးထောင့်တွင်ရှိနေသော သုံးချောင်းထောက်ဒယ်စောက်အိုးလေးများသည်ပင် တစ်ပုံစံထဲဖြစ်လေသည်။ သို့သော် ယဇ်ပလ္လင်ပေါ်တွင် သုံးချောင်းထောက်ဒယ်စောက်အိုး နှစ်အိုးသာရှိနေပြီး ၎င်းတို့သည် ပျက်ဆီးနေကြလေသည်။ ၎င်းတို့ထံမှ မည်သည့်ဝိညာဉ်ချီမှ ထွက်မနေပေ။ အခြားဒယ်စောက်အိုးနှစ်ဦးမှာမူ လိုဏ်ဂူအတွင်းမှ လွှင့်ပစ်ခံရခြင်း သို့မဟုတ် အခြားနည်းလမ်း၊ အခြားအကြောင်းများကြောင့် ထိုယဇ်ပလ္လင်ပေါ်တွင် ရှိနေတော့ပေ။ ထိုနှစ်အိုးထဲမှ တစ်အိုးသည် ဝမ်ပေါင်လဲ့နှင့်ပေါင်းစည်းခဲ့သော ဒယ်စောက်အိုးလေးဖြစ်မည်ကို သံသယဖြစ်ရန်မရှိချေ။
ဒုတိယအဆင့်ရှိ ပုလဲလုံးများနှင့် တတိယအဆင့်ရှိ မြူခိုးများသည် မရှိတော့သည့်အရာကမရှိ၊ ပျက်ဆီးသည့်အရာကပျက်ဆီးဖြင့် ရှိနေပြီး မည်သည့်ဝိညာဉ်ချီမှလည်း မရှိတော့ပေ။
သို့သော် ၎င်းတို့သည် အရေးမကြီးပေ။ အရေးအကြီးဆုံးအရာမှာ ယဇ်ပလ္လင်အထက်ရှိ လေထဲတွင် ဝဲလွင့်နေသော မြူခိုးများဖြစ်သည်။ ၎င်းမှနေ၍ အံ့အားသင့်ဖွယ် သက်စောင့်အားတစ်ခု ထွက်ပေါ်နေ၏။ မြူခိုးအကြားတွင် အစိမ်းရောင်ကြာပွင့်တစ်ပွင့်သည် မထင်မရှားရှိနေလေသည်။
အစိမ်းရောင်ကြာပွင့်သည် တစ်ခြမ်းကျော်မျှ ညှိုးခြောက်နေပြီဖြစ်သည်။ ထိုသို့ ညှိုးခြောက်နေသော်လည်း လေထဲတွင် ၎င်းက အသာအယာလှုပ်ယမ်းသွားသောအခါ ကန့်သတ်ချက်အချို့ကို ကျော်လွန်သော ဝိညာဉ်စွမ်းအင်ပါသည့် အစိမ်းရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေ၏။ သို့သော် အစိမ်းရောင်ကြာပွင့်ကို ကြည့်လိုက်ပါက ကောင်းကင်ပေါ်သို့ မြင့်တက်နေသော ဝိညာဉ်ချီမိုးကြိုးမုန်တိုင်းတစ်ခုကို ကြည့်နေရသကဲ့သို့ ခံစားရပေသည်။
ထိုကြာပွင့်နှင့်ယှဉ်လျှင် မကြာသေးခင်က ဝမ်ပေါင်လဲ့ရရှိခဲ့သော သုံးချောင်းထောက်ဒယ်စောက်အိုးလေးသည် လမင်းကြီးအနီးမှ မှိန်ဖျော့ဖျော့ ကြယ်လေးတစ်ခုကဲ့သို့သာ ထင်ရလေသည်။ ထိုပစ္စည်းနှစ်ခုမှ ထုတ်လွှတ်သော အလင်းများသည် အဆင့်မတူပေ။
မြူခိုးအတွင်းရှိ သက်စောင့်အားများသည် ထိုအစိမ်းရောင်ကြာပွင့်လေးမှ ထွက်ပေါ်နေခြင်းဖြစ်သည်။ ထိုသက်စောင့်အား၏ သိပ်သည်းမှုကို ဖြေလျှော့လိုက်ပါက လကမ္ဘာတစ်ခုလုံးကိုပင် လွှမ်းခြုံသွားနိုင်လေသည်။
အစိမ်းရောင်ကြာပွင့်လေးသည် မြူခိုးများအတွင်း၌ ရှိနေ၏။ ၎င်းသည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ ခံစားရလေသည်။ ၎င်းကို ကြည့်မိရုံဖြင့်ပင် မိမိ၏ ဝိညာဉ်ကို အားကောင်းသော မုန်တိုင်းကြီးတစ်ခုက ဖြတ်သန်းတိုက်ခတ်သွားသကဲ့သို့ အသည်းစိမ့်အောင် တုန်လှုပ်သွားနိုင်ပေသည်။
၎င်းသည် ရှေးဟောင်းကျင့်ကြံသူ သောင်းချီ၏ ကိုးကွယ်ခြင်းကိုခံခဲ့ရသော အရာတစ်ခုဖြစ်ပြီး သုံးချောင်းထောက်ဒယ်စောက်အိုးလေးများနှင့် အခြားပို၍ရှားပါးသော ပစ္စည်းများဖြင့် ပူဇော်ခြင်းကိုခံရသော အရာတစ်ခုလည်း ဖြစ်လေသည်။ ထိုအခြင်းအရာကိုကြည့်လျှင်ပင် ၎င်း၏ များပြားသောအစွမ်းကို သိနိုင်ပေသည်။
၎င်းသည် ဒဏ္ဍာရီများ၏ ပြယုဂ်တစ်ခုကဲ့သို့ပင်။
ပုံပြင်များ၏ ပြယုဂ်တစ်ခုကဲ့သို့ပင်။
မျှော်လင့်ချက်များနှင့် အဆုံးမဲ့ဖြစ်နိုင်ချေများ၏ ပြယုဂ်တစ်ခုကဲ့သိုပင်။
၎င်း၏ အစွမ်းများသည် ကမ္ဘာမြေပေါ်ရှိ ကျင့်ကြံသူများအပေါ်တွင်သာ သက်ရောက်ခြင်းမဟုတ်ကြောင်း ဆိုနိုင်လေသည်။ မည်သည့်ကမ္ဘာမှဖြစ်စေကာမူ၊ မည်သည့်ကျင့်ကြံခြင်းအတတ်ကို ကျင့်ကြံစေကာမူ၊ မည်သည့်ကျင့်ကြံခြင်းအဆင့်တွင် ရှိနေစေကာမူ ထိုအစိမ်းရောင်ကြာပွင့်ကို မြင်ခဲ့ရပါက ၎င်းကိုလိုချင်တပ်မက်သည့်စိတ်ဖြင့် ရူးသွပ်သွားနိုင်ပေသည်။ သူတို့၏ နှလုံးသားထဲတွင် လိုချင်တပ်မက်မှုများသည် လှိုင်းတံပိုးများကဲ့သို့ ထကြွလာမည်ဖြစ်သည်။
အစိမ်းရောင်ကြာပွင့်လေးသည် အဆုံးမဲ့ ဩဇာအာဏာများ ရှိသည့်ပုံပေါ်ပြီး စကြဝဠာကြီးအတွင်းရှိ ဆန်းကြယ်သော ဇီဝပြောင်းလဲအစွမ်းများထဲမှ တစ်ခုဖြစ်နိုင်လေသည်။ ထိုနေရာရှိ ရှေးဟောင်းကျင့်ကြံသူများသည် ရှေးဟောင်းကြေးညိုရောင်ဓားကြီး တစ်စစီကျိုးပဲ့သွားပြီးနောက် လကမ္ဘာပေါ်သို့ ရောက်လာသူများ ဖြစ်ရပေမည်။ သူတို့မသေခင်၌ ခမ်းနားသော ယဇ်ပူဇော်ပွဲကြီးတစ်ခုကို ကျင်းပ၍ အစိမ်းရောင်ကြာပွင့်ကို ဆင့်ခေါ်ရန်ကြိုးစားခဲ့ခြင်းဖြစ်ရပေမည်။ သူတို့အောင်မြင်ခဲ့သော်လည်း အကြောင်းတချို့ကြောင့် အသက်သေဆုံးသွားခြင်း ဖြစ်နိုင်၏။
သို့တည်းမဟုတ် အစိမ်းရောင်ကြာပွင့်သည် သူတို့မျိုးနွယ်ပိုင်ဆိုင်သော အထွတ်အမြတ်ပစ္စည်းတစ်ခုလည်း ဖြစ်နိုင်လေသည်။ သူတို့သည် ထိုကြာပွင့်ကို အသက်နှင့်ရင်း၍ ကာကွယ်သွားခြင်းလည်း ဖြစ်နိုင်ပေသည်။
ပုံရိပ်ယောင်မိန်းမပျို၏ အကူအညီဖြင့် သတိမေ့နေသော ဝမ်ပေါင်လဲ့သည် ထိုနေရာသို့ ရောက်လာခဲ့ပေပြီ။ သူမသည် ဝမ်ပေါင်လဲ့ကို ဂူတစ်ဖက်တွင် ချလိုက်ပြီး ခေါင်းမော့ကာ မြူခိုးအတွင်းရှိ အစိမ်းရောင်ကြာပွင့်ကို ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် အတိတ်ပုံရိပ်အချို့ လင်းလက်နေသကဲ့သို့ပင်။ သူမသည် ပျော်ရွှင်ဖွယ် မှတ်ဉာဏ်များထဲတွင် နစ်မြောနေသည်ဟု ထင်ရပေသည်။ အချိန်အတော်ကြာပြီးနောက် သူမသည် ညာလက်ကိုမြှောက်၍ လက်ညှိုးညွှန်လိုက်သည်။ ရုတ်တရက် မြူခိုးများအတွင်းရှိ အစိမ်းရောင်ကြာပွင့်သည် လှုပ်ခါသွားသည်။ ၎င်းသည် မြူခိုးများအတွင်းမှ ခပ်ဖြည်းဖြည်း ပျံထွက်လာပြီး မိန်းမပျိုထံ ပျံသန်းသွားလိုက်၏။ နောက်ဆုံးတွင် ၎င်းသည် သူမအရှေ့ရှိ လေထဲတွင် ရပ်တန့်သွားလေသည်။
၎င်း၏ အစိတ်အပိုင်းတော်တော်များသည် ညှိုးခြောက်နေပေပြီ။ သို့သော် ၎င်းသည် သိပ်သည်းသော သက်စောင့်အားများကို ထုတ်လွှတ်နိုင်သေးပေသည်။ သက်စောင့်အားများသည် ရှေ့သို့ ပျံ့လွင့်လာ၏။ ၎င်းထံတွင် အလွန်အမင်းဖိနှိပ်ထားသော ဝိညာဉ်ချီများ ရှိသည့်ပုံပင်။ ၎င်း၏ ဝိညာဉ်ချီများသည် သက်စောင့်အားများနှင့် ပြည့်ဝနေပေသည်။ ၎င်းထံမှ ထွက်ပေါ်နေသော ငယ်ရွယ်သန်စွမ်းသည် အညွန့်လေးများသည် ကျောက်စိမ်းရောင်ကဲ့သို့ စိမ်းဖန့်နေပြီး လောကအလှအားလုံးထက် သာလွန်လှပနေ၏။ ၎င်းကို တစ်ချက်မျှမြင်လိုက်ရသည်နှင့် ပြင်းထန်သော လိုချင်တပ်မက်စိတ်များ ထွက်ပေါ်လာမည်ဖြစ်သည်။
“ ငါနဲ့တွေ့တာ မင်းကံကောင်းတယ်မှတ်ပါ… ”
မိန်းမပျိုလေးသည် ခေါင်းငုံ့လိုက်သည်။ သူမ၏ စကားလုံးများသည် ဝမ်ပေါင်လဲ့ကို ရည်ညွှန်းသလော၊ အစိမ်းရောင်ကြာပွင့်ကို ရည်ညွှန်းသလော မသိပေ။ သူမသည် အင်တင်တင်ဖြင့် စိတ်မပါဟန်ရှိနေပြီး စိတ်တိုနေဟန်ရှိ၏။ သူမသည် ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး အစိမ်းရောင်ကြာပွင့်လေးကို ဝမ်ပေါင်လဲ့၏ ဒန်ထျန်ပေါ်သို့ တိုက်ရိုက်တင်ပေးလိုက်သည်။
အစိမ်းရောင်ကြာပွင့်သည် ဝမ်ပေါင်လဲ့နှင့် ထိတွေ့သည်နှင့်တပြိုင်နက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ပျော်ဝင်သွားလေသည်။ ၎င်းသည် ပျောက်ကွယ်သွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အတွင်းရှိ အပြင်းအထန်ဒဏ်ရာရထားသော ပျက်ဆီးလုဆဲဆဲဒန်ထျန်အတွင်း၌ ပြန်ပေါ်လာ၏။
၎င်းသည် ဒန်ထျန်နှင့် ပေါင်းစည်းသွားသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် ဖော်ပြရန်မစွမ်းသာသော သက်စောင့်အားတစ်ခု ထွက်ပေါ်လာ၏။ ထိုအခိုက်တွင် မြေပြင်တုန်ဟည်းကာ ကောင်းကင်ကြီး တုန်ခါသွားစေနိုင်သော ပြောင်းလဲမှုတစ်ခု ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ ဖြစ်ပေါ်ရန် စိုင်းပြင်းနေသည်။
သက်စောင့်အားသည် လွန်စွာသိပ်သည်းလေရာ ဝမ်ပေါင်လဲ့၏ ဝမ်ဗိုက်ရှိဒဏ်ရာကို မျက်စိတစ်မှိတ်အတွင်း ပျောက်အောင်ကုသလိုက်လေသည်။ ထိုစွမ်းအင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အသက်သွေးကြောများကို ကုသလိုက်ပြီး သူ၏ ပြင်ပဒဏ်ရာများနှင့် ထိခိုက်ထားသောအင်္ဂါအစိတ်အပိုင်းများသည် ရုတ်ခြည်းပြန်ကောင်းသွားကြသည်။
အံ့အားသင့်ဖွယ် ပြောင်းလဲမှုသည် ထိုမျှဖြင့် မပြီးဆုံးသေးပေ။ အစိမ်းရောင်ကြာပွင့်သည် ဝမ်ပေါင်လဲ့၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ကုသပြီးသွားသောအခါ ၎င်း၏အမြစ်များသည် ကိုယ်တွင်းသို့ နက်နက်ရှိုင်းရှိုင်းဆက်ဝင်သွားပြီး ဝါးမျိုခြင်းသစ်စေ့ထံ ဦးတည်သွားလိုက်လေသည်။
ဝါးမျိုခြင်းသစ်စေ့သည် နာခံသည့် လက္ခဏာကို ပထမဆုံးအကြိမ်ပြသလိုက်သည်။ ဝါးမျိုခြင်းသစ်စေ့သည် ၎င်းအတွင်းသို့ အစိမ်းရောင်ကြာပွင့်၏ အမြစ်များကို အဝင်ခံလိုက်၏။ ထိုနှစ်ခုသည် တစ်ခုအဖြစ်ပေါင်းစည်းသွား၏။ ဝါးမျိုခြင်းသစ်စေ့သည် မကြာခင်က အစိမ်းရောင်ကြာပွင့်ကို လွှမ်းခြုံထားသော မြူခိုးနေရာတွင် အစားထိုးနေရာဝင်ယူလိုက်သကဲ့သို့ပင်။ ဝါးမျိုခြင်းသစ်စေ့သည် အစိမ်းရောင်ကြာပွင့်၏ တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီး ၎င်းအတွက် အထောက်အပံ့အရင်းအမြစ်လည်း ဖြစ်သွားလေသည်။
ထိုအခါတွင် အစိမ်းရောင်ကြာပွင့်၏ ညှိုးခြောက်မှုများ ပျောက်ကွယ်သွား၏။ ၎င်းသည် အခြေမဲ့အရာတစ်ခု မဟုတ်တော့ပေ။ ယခုတွင် ၎င်းထံ၌ အခြေတစ်ခုရှိနေပေပြီ။ ၎င်း၏ အမြစ်များသည်လည်း ရှင်သန်ကြီးထွားနိုင်ပေပြီ။
ထိုအခိုက်တွင် အစိမ်းရောင်ကြာပွင့်အတွင်းရှိ ဝိညာဉ်ချီများ ထွက်ပေါ်လာ၏။ ၎င်းသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကို ပြောင်းလဲနေရင်းမှ အခြေတစ်ခုကို စတင်တည်ဆောက်လေတော့သည်။
သုံးချောင်းထောက်ဒယ်စောက်အိုးလေးကို လုယူခံလိုက်ရပြီး သူ၏တာအိုအုတ်မြစ်ကို ဖျက်ဆီးခံလိုက်ရသဖြင့် ဝမ်ပေါင်လဲ့အနေဖြင့် သူ၏ဘဝတစ်လျှောက်လုံးတွင် အခြေတည်အဆင့်သို့ ရောက်ရန်မဖြစ်နိုင်တော့ပေ။ သို့သော် ယခုတွင် အခြေအနေများ ပြောင်းလဲသွားပေပြီ။ သူ၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်ချီများ ထွက်ပေါ်နေပြီး သူ့ကိုယ်တွင်းမှနေ၍ မိုးခြုန်းသံကဲ့သို့ ကျယ်လောင်သောအသံများ ပဲ့တင်ထပ်နေလေသည်။ အစိမ်းရောင်ကြာပွင့်သည် သုံးချောင်းထောက်ဒယ်စောက်အိုးလေး၏ နေရာတွင် အစားထိုးနေရာယူလိုက်ပြီး ဝမ်ပေါင်လဲ့၏ အသွေးအသားများနှင့် ပေါင်းစည်းလိုက်၏။
ထိုပေါင်းစည်းမှု၏ အမြန်နှုန်းသည် သုံးချောင်းထောက်ဒယ်စောက်အိုးလေးနှင့် ပေါင်းစည်းနှုန်းထက် ပိုမြန်လေသည်။ အသက်တစ်ဒါဇင်ရှိုက်ချိန်မျှ ကြာပြီးသောအခါ ကြာပွင့်၏ ဆယ်ပုံတစ်ပုံသည် ဝမ်ပေါင်လဲ့နှင့် ပေါင်းစည်းသွားပေပြီ။ သူ၏ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်ချီများသည် ခန္ဓာကိုယ်အပြင်သို့ပင် ထွက်သွားလေသည်။ ထိုဆယ်ပုံတစ်ပုံမျှ ပေါင်းစည်းခြင်းသည် သုံးချောင်းထောက်ဒယ်စောက်အိုးလေးနှင့် ရှစ်ဆယ်ရာခိုင်နှုန်းပေါင်းစည်းခဲ့ခြင်းထက် ပို၍အစွမ်းကြီးလေသည်။
ထိုကဲ့သို့သော ကံကောင်းမှုသည် မယုံနိုင်လောက်အောင် အံ့အားသင့်ဖွယ်ကောင်းပေသည်။ ဝမ်ပေါင်လဲ့၏ ကိုယ်တွင်းမှ ဝိညာဉ်ချီများထွက်ပေါ်နေပြီး ပေါင်းစည်းခြင်းသည်လည်း နှစ်ဆယ်ရာခိုင်နှုန်းကိုကျော်ကာ သုံးဆယ်ရာခိုင်နှုန်းသို့ ရောက်သွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ကိုယ်တွင်းရှိ ဝိညာဉ်ချီများသည် လျင်မြန်သောနှုန်းဖြင့် ဆတိုး တိုးပွားနေလေသည်။ ပေါင်းစည်းခြင်း တစ်ရာရာခိုင်နှုန်းပြည့်သွားသောအခါ ဝမ်ပေါင်လဲ့၏ကိုယ်တွင်း မြေပြင်တုန်ဟည်းစေသော ပြောင်းလဲမှုတစ်ခု ဖြစ်သွား၏။ သူ၏ကိုယ်ထဲတွင် အလွန် အစွမ်းကြီးမားသော အခြေတစ်ခု တည်ရှိသွားပေပြီ။ အစွမ်းကြီးသော အစိမ်းရောင်ကြာပွင့်သည် ဝမ်ပေါင်လဲ့နှင့် ပေါင်းစည်းသွားပြီးနောက် သူ၏ အခြေတည်အမြုတေဖြစ်သွားသောအခါ ဝမ်ပေါင်လဲ့၏ ကိုယ်တွင်းရှိ အခြားအရာများကို မနှစ်မြို့ဟန်ဖြင့် ကြည့်လိုက်လေသည်။ ၎င်းသည် လှုပ်ယမ်းသွားပြီး ဝမ်ပေါင်လဲ့၏ တစ်ကိုယ်လုံးကို တုန်ခါသွားစေလိုက်၏။ သူ၏ မျက်လုံးများထဲ ခရမ်းရောင်ပင်လယ်ပေါ်ထွက်လာပြီး တုန်ခါသွားသည်။ ထို့နောက် သူ၏ဝိညာဥ်သွေးကြောများထဲ အနားယူနေသော အနက်ရောင်လျှပ်စီးသည်လည်း နိုးထလာလေသည်။
ခရမ်းရောင် ပင်လယ်သည် အစိမ်းရောင်ကြာပွင့်၏ ပြင်းထန်သောအရှိန်အဝါကို ရင်မဆိုင်တော့ဘဲ အခြားပြေးစရာနေရာလည်းမရှိသဖြင့် ဝမ်ပေါင်လဲ့၏ ကိုယ်တွင်းရှိ ဓားအိမ်အတွင်းသို့ ဝင်သွားပြီး ဆယ့်တစ်ကောင်မြောက် ခြင်အဖြစ်ပြောင်းလဲသွားလေသည်။
အနက်ရောင်လျှပ်စီးသည်လည်း တဒင်္ဂမျှရပ်တန့်နေပြီးနောက် ပုံပြောင်းရန် ဆုံးဖြတ်လိုက်ပြီး ဓားအိမ်အတွင်းသို့ ဝင်ကာ ဆယ့်နှစ်ကောင်မြောက် ခြင်အဖြစ်ပြောင်းလဲသွား၏။
အစိမ်းရောင်ကြာပွင့်သည် ဝမ်ပေါင်လဲ့ကိုယ်တွင်းရှိ အရှုပ်များကို ရှင်းလင်းလိုက်ပြီးနောက် ကျေနပ်သွားလေသည်။ ၎င်းသည် ဝါးမျိုခြင်းသစ်စေ့အတွင်းသို့ ဖြည်းဖြည်းချင်း နစ်ဝင်သွားပြီး ယခင်က မည်သူမှမလုပ်ဆောင်ဖူးသည့် အခြေတည်အဆင့်၏ နောက်ဆုံးအဆင့်ကို လုပ်ဆောင်လိုက်လေသည်။
အဆင့်တက်ခြင်း၊
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် မြည်ဟည်းသံများဆက်လက်ထွက်ပေါ်နေ၏။ အဆင့်တက်ခြင်း လုပ်ငန်းစဉ်မှာ ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံခြင်းအစွမ်းကို သန့်စင်၍ အရည်အသွေးကို တိုးမြှင့်ခြင်းပင်။ အစိမ်းရောင်ကြာပွင့်သည် ထိုသို့လုပ်ရင်းဖြင့် ဝမ်ပေါင်လဲ့ကို ပြောင်းလဲနေသည်။
အစိမ်းရောင်ကြာပွင့်သည် ဝမ်ပေါင်လဲ့၏အသွေးအသားများနှင့် ပေါင်းစည်းပြီးသောအခါ သူ့ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်လာ၏။ ၎င်းသည် ၎င်း၏အမြစ်များကို ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်ထားလေသည်။ ဝမ်ပေါင်လဲ့၏ ကြွက်သားများ၊ အရိုးများနှင့် ဝိညာဥ်သွေးကြောများသည် ဆင့်ကဲပြောင်းလဲခြင်းကဲ့သို့ အလျင်အမြန်ပြောင်းလဲနေသည်။
အချိန်များကုန်ဆုံးသွားပြီး သူ၏ဝိညာဉ်ချီသည် တစ်စထက်တစ်စ အားကောင်းလာကာ သူ၏မူလအဆင့်ကိုပင် ကျော်လွန်သွားပေသည်။ သူ၏တာအိုအုတ်မြစ်သည် သူ၏ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းအဆင့် ပြောင်းလဲမှုတို့ကြောင့် တဖြည်းဖြည်း အစိမ်းရောင်ကြာပွင့်၏ မျှော်မှန်းချက်နှင့် ကိုက်ညီလာပြီး အရှားပါးဆုံးတာအိုအုတ်မြစ်ပုံစံများထဲမှ တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
သူ၏ အခြေတည်အမြုတေသည်လည်း ပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာသော သာမန်အမြုတေတစ်ခုမဟုတ်တော့ချေ။ ၎င်းသည် စကြဝဠာတစ်ခုလုံးရှိ ကျင့်ကြံသူများအကြားတွင် ကျော်ကြားခဲ့သည့် ပြိုင်ဘက်ကင်းသော အစွမ်းကြီး အစိမ်းရောင်ကြာပွင့် အခြေတည်အမြုတေဖြစ်လာပေပြီ။