Switch Mode

အခန်း ( ၂၆၈ )

ဝိညာဉ်များနှင့် အမှောင်ညနတ်ဆိုးများ ဒူးထောက်ကျပြီ

စကားများ ပျံ့နှံ့သွားပြီး သူတို့မည်သည့်နေရာသို့ ရောက်နေကြောင်း သိရှိသွားသောအခါ အခြေတည်အဆင့်ကျင့်ကြံသူများ၏ မျက်နှာထားများ ပြောင်းလဲသွားကြလေသည်။ သူတို့သည် ခြေလှမ်းတုံ့ဆိုင်းသွားပြီး သတိကြီးသွားကာ ချီတုံချတုံဖြစ်လာကြသည်။ ထိုနယ်မြေသည် အမြုတေအဆင့်မရောက်သေးသူများအတွက် သေမင်းနယ်မြေဖြစ်ကြောင်း ထိုဆည်းဆာကြယ်စင်စုဂိုဏ်းမှလူအားလုံး သိလေသည်။

သူတို့သည် ပုံမှန်ဆိုလျှင် ထိုမျှလောက် သတိလက်လွတ်မဖြစ်ကြပေ။ သို့သော် သူတို့သည် ဝမ်ပေါင်လဲ့နောက်သို့လိုက်ရန်သာ အာရုံစိုက်နေကြပြီး တစ်ဦးကိုတစ်ဦးလည်း သတိထားစောင့်ကြည့်နေရသဖြင့် သတိလက်လွတ်ဖြစ်သွားကြခြင်းပင်။ ဝမ်ပေါင်လဲ့သည် မှော်လမ်းကြောင်းမြူခိုးကို ရှာနေသည်ဟူသော ကျိုးဖေ၏စကားကို ယုံမိခဲ့ခြင်းကြောင့်လည်း ပါပေသည်။

သူတို့သည် ကန့်သတ်နယ်မြေဆီသို့ သွားနေကြောင်းကို သိရှိသွားသောအခါတွင် အရာအာလုံး‌နောက်ကျသွားခဲ့ပေပြီ။

သူ့နောက်သို့လိုက်လာသူများ ရပ်တန့်သွားသည်ကို ဝမ်ပေါင်လဲ့မြင်လိုက်ရ၏။ သူ အသက်ပြင်းပြင်းရှူလိုက်သည်။ သွေးများသည် သူ့ဝမ်းဗိုက်နေရာရှိ ချပ်ဝတ်အကြားမှ စီးကျလာ၏။ သူ့အမြင်များ မှောင်မိုက်သွားပြီး သူ့မျက်လုံးများထဲတွင် အရာအားလုံးဝေဝါးကာ ချာချာလည်နေပေသည်။ သူသည် သစ်ပင်ကြီးတစ်ပင်ကို မှီ၍ သူ့နောက်လိုက်လာသော ကျင့်ကြံသူများကို လှမ်းကြည့်လိုက်သည်။

“ လာလေကွာ… မင်းတို့ရဲ့ အဘိုးဝမ်နောက်ကို ဆက်မလိုက်တော့ဘူးလားကွ ”
ဝမ်ပေါင်လဲ့ မချင့်မရဲဖြစ်နေ၏။ သူသည် ခေါင်းဆောင်းကိုချွတ်လိုက်ပြီး သူ၏ အလွန်အမင်းဖြူဖျော့နေသော မျက်နှာကို လှစ်ဟပြလိုက်သည်။ သူ၏ နှုတ်ခမ်းတွင် သွေးများစွန်းထင်နေပြီး သူ၏မျက်လုံးများသည်လည်း ရဲရဲနီနေလေသည်။ သူသည် ကြောက်ရွံ့ခြင်းမရှိသည့်ဟန်ဖြင့် ခပ်ရွဲ့ရွဲ့ပြုံးလိုက်သည်။ သူသည် အတန်ငယ် ရူးသွပ်နေသကဲ့သို့ဖြစ်နေပြီး သူ့ခန္ဓာကိုယ်ပတ်လည်တွင် သတ်ဖြတ်လိုသောအငွေ့အသက်များ ရှိနေလေသည်။ သူသည် သူ့နောက်လိုက်လာသူများကို စူးစူးစိုက်စိုက်ငေးကြည့်နေ၏။

“ မင်းတို့က မင်းတို့အဘိုးရဲ့ ဓမ္မလက်နက်ကို မျက်စိကျနေတာမလား။ ဒီမှာလေကွာ… လာယူပါကွ ”
ဝမ်ပေါင်လဲ့၏ခြေထောက်များ ပျော့ခွေလာ၏။ သူ၏ အပြုံးထဲတွင် သရော်‌တော်တော် အရိပ်အယောင်များပါလေသည်။ သူ၏စကားများသည်လည်း ခနဲ့တဲ့တဲ့စကားများဖြစ်သည်။ သူ၏အမြင်များဝေဝါးသွားပြီး မျက်လုံးများအတွင်းမှ သွေးများယိုစီးကျလာသဖြင့် သူ့မြင်ကွင်းတစ်ခုလုံး နီရဲသွားလေသည်။

“ ပြီးတော့ အဲ့တစ်ယောက်… ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်ကကောင်လေ… သေချင်ယောင်ဆောင်တဲ့နေရာမှာတော့ တော်တော်လေး တော်တဲ့သူပဲ။ မင်းလည်း ထွက်လာခဲ့လို့ရပါတယ်။ သူတို့မရိပ်မိအောင် နောက်ကလိုက်လာလို့ရပေမယ့် မင်းအဘိုးငါ မရိပ်မိအောင် လိုက်လာနိုင်မယ်လို့ ထင်လို့လား ”
ဝမ်ပေါင်လဲ့သည် တစ်ကိုယ်လုံး အေးစက်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ ကျင့်ကြံခြင်းအစွမ်းများသာ ကုန်ခမ်းသွားသည်မဟုတ်ဘဲ သူ၏သက်စောင့်အားများသည်လည်း သူ့ကိုယ်တွင်းမှ အလျင်အမြန် ကုန်ဆုံးနေလေသည်။ သူသည် အားတင်း၍ ခေါင်းမော့လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။

သူထိုသို့ပြောလိုက်သောအခါ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ကျင့်ကြံသူတချို့သည် အံ့ဩတကြီးဖြင့် နောက်လှည့်ကြည့်လိုက်ကြသည်။ သို့သော် တချို့သည် ထိုကိစ္စကို သိထားသည့်ဟန်ဖြင့် မတုန်မလှုပ်ဆက်ရပ်နေကြလေသည်။

နောက်သို့လှည့်ကြည့်လိုက်သူများ၏ အကြည့်များအောက်တွင် ကျိုးဖေသည် တောအုပ်အတွင်းမှ ထွက်လာလေသည်။ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းတွင် သူ၏ ဖောက်ထွင်းမြင်နေရသောပုံရိပ်သည် ဖြည်းဖြည်းချင်း လူလုံးပေါ်လာပြီး သူ့ကိုမြင်နိုင်လာလေသည်။ သူသည် သူ့ကိုယ်သူ ဖုံးကွယ်ရန် ဝမ်ပေါင်လဲ့ကို နောက်ယောင်ခံလိုက်ခဲ့စဉ်က သုံးခဲ့သောအတတ်ကိုပင် သုံးထားခြင်းဖြစ်သည်။

သူသည် သူရရှိနိုင်မည့် ဒဏ်ရာများအတွက်လည်း ကြိုတင်ပြင်ဆင်ထားပေသည်။ သူ၏ ဒဏ်ရာများသည် ပြင်းထန်သယောင်ထင်ရသော်လည်း အမှန်တွင် ထိုဒဏ်ရာများသည် သူခံနိုင်သည့်ပမာဏအတွင်း၌သာ ရှိပေသေးသည်။ သူသည် အရှေ့သို့သာမဲကာ သတိလက်လွတ်ဖြစ်နေသည့် ရှစ်ခိုးကောင်များကို ချောင်းမြောင်းနေသည့် ငှက်ရွှေဝါတစ်ကောင်ကဲ့သို့ ထိုကျင့်ကြံသူများ ဝမ်ပေါင်လဲ့ကို သတ်သွားပြီးနောက် ဓမ္မလက်နက်အတွက် သူတို့အချင်းချင်းပြန်သတ်မည့်အချိန်ကို စောင့်ဆိုင်းနေရန် ကြံရွယ်ထားခြင်းပင်။

“ ဝမ်ပေါင်လဲ့… မင်းက သေခါနီးနေပါပြီ… ဓမ္မလက်နက်ကို အသာတကြည်ပေးပြီး ကိုယ့်ဘာသာ သတ်သေလိုက်တော့။ တခြားတာအိုရောင်းရင်းတွေကလည်း အဲဒါကို သဘောတူမယ်ထင်တယ် ”
ကျိုးဖေက ခပ်ဖြည်းဖြည်းပြောလိုက်သည်။ သူသည် သတိကြီးကြီးထားကာ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေလေသည်။ သူတို့သည် ကန့်သတ်နယ်မြေအစွန်းကို ရောက်နေကြောင်း သူသိပြီးဖြစ်သော်လည်း သူ၏အလိုလောဘသည် အလွန်ကြီးမားရာ ထိုဓမ္မလက်နက်ကို အခြားသူများ ရသွားမည်ကို သူလက်မခံနိုင်ပေ။ သို့သော် သူသည် သတိကြီးကြီး ထားနေလေ၏။
“ အသုံးမကျတဲ့ကောင်တွေ… မင်းတို့က ဓမ္မလက်နက်ကို လိုချင်တာမလား.. လာယူလေကွာ ”

“ မပူပါနဲ့ မင်းတို့ရဲ့ အဘိုးဝမ်မသေခင် မင်းတို့ထဲက တချို့ကိုလည်း အပါခေါ်သွားဦးမှာ။ မင်းတို့ထဲက ဘယ်သူတွေများ ကံဆိုးသူဖြစ်မလဲ… ကျန်တဲ့သူတွေအတွက်ကတော့ ကန့်သတ်နယ်မြေက တကယ်ပဲ ဒဏ္ဍာရီတွေထဲကလို ကြောက်စရာကောင်းလားဆိုတာ သိခွင့်ရသွားမှာပေါ့ ”
ဝမ်ပေါင်လဲ့သည် ကျိုးဖေကို မထီမဲ့မြင် ကြည့်လိုက်သည်။ ထို့နောက် သူသည် အခြားသူများကို ဆက်ကြည့်လိုက်သည်။ သူသည် ညာဘက်လက်ဖြင့် သစ်ပင်ကိုတွန်းကာ အရှိန်ယူလိုက်ပြီး ရုတ်တရက် ပြေးထွက်သွားလေသည်။ သူသည် အနီရောင်အပင်များပေါက်နေသော နေရာသို့ ပြေးသွားလိုက်ပြီး လကမ္ဘာအမှောင်ခြမ်းရှိ ကန့်သတ်နယ်မြေအတွင်းသို့ ဝင်သွားလေတော့သည်။

သူသည် ကန့်သတ်နယ်မြေအတွင်းသို့ ဝင်လိုက်သောအခါ သက်ပြင်းချသံတစ်သံကို ကြားလိုက်ရ၏။ သူ၏ မျက်လုံးများထဲတွင် လောကကြီးချာချာလည်နေရာ ထိုအကြောင်းကို ဆက်၍တွေးတောမနေနိုင်ပေ။ သူသည် အားတင်း၍ ရှေ့သို့သွားလိုက်၏။

ခြေလှမ်းတိုင်းတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မချိမဆန့်နာကျင်နေလေသည်။ သူ၏အမြင်များဝေဝါးနေပြီး သူ့ခန္ဓာကိုယ်သည်လည်း အားနည်းကာ အေးစက်လာလေတော့သည်။ အားနည်းမှုနှင့် အေးစက်မှုသည် သူကိုလှိုင်းလုံးများသဖွယ် လွှမ်းခြုံသွား၏။

သူ့ဝမ်းဗိုက်ရှိဒဏ်ရာကို ဆက်၍ဖိနှိပ်မထားနိုင်တော့ပေ။ ဒဏ်ရာအတွင်းမှ သွေးများ တဖြည်းဖြည်းစီးကျလာပြီး သူ၏အူများသည်လည်း အပြင်သို့ထွက်လာလေသည်။ သူသည် အူများကို လက်ဖြင့်ထိန်းထားနိုင်ရန် အကောင်းဆုံးကြိုးစားလိုက်သည်။ သူ၏ချပ်ဝတ်သည် နေရာ‌တော်တော်များများတွင် ထိခိုက်ပျက်ဆီးနေပြီဖြစ်သည်။ တချို့နေရာများတွင် လန်ထွက်နေပြီး တချို့နေရာများတွင် ချိုင့်ဝင်နေလေသည်။

သူသွားရာလမ်းတစ်လျှောက်တွင် သွေးလမ်းကြောင်းတစ်ကြောင်း ကျန်ခဲ့လေသည်။ ထိုသွေးများသည် အနီရောင်အပင်များနှင့် ရောယှက်ကာ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ရပ်ကို ဖန်တီးနေပေသည်။

သူ့အနောက်ရှိ အခြေတည်အဆင့်ကျင့်ကြံသူများသည် တိတ်ဆိတ်နေ၏။ သူတို့သည် သူတို့စိတ်ကူးနိုင်သည်ထက် ပို၍ဇွဲကြီးသော ဝမ်ပေါင်လဲ့ကို ငေးကြည့်နေကြသည်။ သူတို့သည် ကိုယ့်အကြံနှင့်ကိုယ်ရှိကာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုမရှိဘဲ မညီမညွတ်ဖြစ်နေသော်လည်း ဝမ်ပေါင်လဲ့တစ်ယောက် ထိုမျှကြာအောင် ရှင်သန်နိုင်ခဲ့ခြင်းကြောင့် သူ့ထံတွင် ထူးခြားသောစွမ်းရည်များ ရှိကြောင်းကိုမူ သူတို့ တညီတညွတ်တည်း လက်ခံနိုင်လေသည်။

သူတို့သာ ဝမ်‌ပေါင်လဲ့နေရာတွင် ဖြစ်ခဲ့ပါက ထိုမျှတောင့်ခံနိုင်မည်မဟုတ်ပေ။ သူတို့သည် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရန်အတွက် လောင်းကြေးထပ်သည့်အနေဖြင့် ဓမ္မလက်နက်ကြီးကို အစောကတည်းက ချန်ထားခဲ့မည်ဖြစ်သည်။

သို့သော် အကယ်၍ ဝမ်ပေါင်လဲ့သာ ဓမ္မလက်နက်ကို ချန်ထားခဲ့လျှင် သူတို့အချင်းချင်း ပြန်တိုက်ကာ ၎င်းကိုလုကြမည်ဖြစ်သော်လည် လုပြီးသွားလျှင် သူတို့သည် ဝမ်ပေါင်လဲ့ကို သတ်ဦးမည်သာဖြစ်ကြောင်းကို သူတို့၏ နှလုံးသားထဲက သိလေသည်။ သူ၏ သေခြင်းသည် လျင်မြန်ပေလိမ့်မည်။ သူတို့သည် ဝမ်ပေါင်လဲ့ကို လွတ်မြောက်ခွင့်ပေးမည်မဟုတ်ပေ။

အကြီးအကဲပေးလိုက်သော တာဝန်၏ ဆုလာဘ်ထဲတွင် ဓမ္မလက်နက်မပါပေ။ သို့သော် အကြီးအကဲထံမှ ဆုလာဘ်ကိုရရန် တစ်ခုတည်းသောနည်းလမ်းမှာ ဝမ်ပေါင်လဲ့ကို သတ်ရန်သာဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ဦးခေါင်းသည် ဓမ္မလက်နက်လောက် အဖိုးမတန်သော်လည်း အကြီးအကဲထံမှရမည့် ဆုလာဘ်များကြောင့် သူတို့သည် ဝမ်ပေါင်လဲ့ကိုသတ်မည်သာဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့သည် ဓမ္မလက်နက်ကြီးကို ချန်မထားခဲ့ပေ။ ထို့ကြောင့် သူတို့သည် ဆွံ့အခဲ့ရပေသည်။ ဝမ်ပေါင်လဲ့သည် ဉာဏ်အလင်းပွင့်မှုတစ်ခုကို ရထားသည်ဟု သူတို့ထင်နေကြ၏။ ထိုကဲ့သို့သော သေရေး၊ ရှင်ရေးအခြေအနေတွင်ပင် ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ရှင်းရှင်းထားနိုင်နေသေးသောအချက်သည် သူတို့ကို တုန်လှုပ်သွားစေဆုံးအချက်ဖြစ်လေသည်။
“ အဲ့ကောင်လေးသာ ငါတို့ ဆည်းဆာကြယ်စင်စုဂိုဏ်းကို ဝင်မယ်ဆိုရင် အခုထက်ပိုပြီး အစွမ်းထက်လာမှာပဲ ”

ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူများသည် ဝမ်ပေါင်လဲ့အနောက်သို့ အချိန်အတော်ကြာလိုက်ပြီးနောက်တွင် တစ်စိတ်တစ်ဝမ်းတည်း ကောက်ချက်ချလိုက်ကြလေသည်။

သူတို့သည် လှည့်ပြန်မသွားနိုင်ပေ။ သူတို့အရှေ့ရှိ ကန့်သတ်နယ်မြေသည်ပင် သူတို့လှည့်ပြန်သွားအောင် မလုပ်နိုင်ပေ။ သူတို့သည် ထိုကန့်သတ်နယ်မြေအတွင်းသို့ ဓမ္မလက်နက်ကိုကိုင်၍ ဝင်သွားသော ဝမ်ပေါင်လဲ့ကို ငေးကြည့်နေကြသည်။ ကျိုးဖေအပါအဝင် သူတို့အားလုံးသည် အသက်ရှူမြန်လာလေတော့သည်။ သူတို့၏ ရင်ထဲတွင် လွန်ဆွဲနေ၏။ မကြာမီမှာပင် သူတို့၏ မျက်ဝန်းများအတွင်း၌ လောင်းကြေးထပ်မည့် ပြတ်သားသောဆုံးဖြတ်ချက် အလင်းရောင်များ လက်သွားလေတော့သည်။

သူတို့သည် လောင်းကြေးထပ်ရန် ပြင်လိုက်စဉ်မှာပင် သူတို့ပတ်ပတ်လည်မှနေ၍ နူးညံ့စွာ ငိုရှိုက်လိုက်သံတစ်သံထွက်ပေါ်လာ၏။ ထို ကျောချမ်းဖွယ်ကောင်းသော နူးညံ့သည့်ငိုရှိုက်သံသည် လေထဲတွင် ပဲ့တင်ထပ်နေလေသည်။ ထိုအသံနှင့်အတူ သူတို့ပတ်ပတ်လည်တွင် ဖြူဖျော့သော မြူခိုးတစ်ခုထွက်ပေါ်လာ၏။

ထိုမြူခိုးသည် မှော်လမ်းကြောင်းမြူခိုးမဟုတ်ပေ။ ဖြူဖျော့၊ ပါးလွှာသော မြူခိုးတစ်ခုသာဖြစ်လေသည်။ မြူခိုးထဲတွင် ဝေဝေဝါးဝါး ပုံရိပ်များ တဖြည်းဖြည်းပေါ်ပေါက်လာ၏။ ထိုပုံရိပ်များသည် လဝိညာဉ်များဖြစ်လေသည်။

ထိုလဝိညာဉ်များသည် သုံးလေးငါးကောင် မကပေ။ တစ်ဒါဇင်လည်း မကပေ။ ၎င်းတို့၏ အရေအတွက်သည် လွန်စွာများပြားလေသည်။

လေထုအတွင်းနှင့် မြူခိုးအတွင်း၌ အမှောင်ညနတ်ဆိုးများလည်း စတင်ပေါ်ပေါက်လာသည်။ ၎င်းတို့သည်လည်း လဝိညာဉ်များကဲ့သို့ပင် အရေအတွက် လွန်စွာများပြားလေသည်။

၎င်းတို့သည် တိတ်တဆိတ် ထွက်ပေါ်လာခြင်းဖြစ်ပြီး အစောင့်များသဖွယ် ဝေ့ဝဲနေကာ ကန့်သတ်နယ်မြေကို စောင့်ကြပ်နေကြသည်။ ၎င်းတို့သည် ကန့်သတ်နယ်မြေအတွင်းရှိ အနီရောင်အပင်များရှိရာနေရာတွင် ပြန့်ကားနေသော မြူခိုးနှင့်အတူ ဝဲလွင့်နေလေသည်။ မြူခိုးသည် ဝမ်ပေါင်လဲ့ကိုလည်း လွှမ်းခြုံသွားပြီး သူ့အား အခြားကျင့်ကြံသူများ၏မြင်ကွင်းမှ ဖုံးကွယ်လိုက်သည်။ သူတို့၏ ခေါင်းထဲတွင် တကျီကျီအသံများကို ကြားလိုက်ရပြီး ကျိုးဖေအပါအဝင် သူတို့အားလုံးသည် တုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့ ဆုတ်လိုက်ကြလေသည်။ သူတို့သည် နှလုံးခုန်မြန်လာပြီး သူတို့၏ ကြွက်သားများသည်လည်း ကြောက်ရွံ့တုန်လှုပ်မှုများကြောင့် တုန်ခါသွားကြသည်။

သူတို့သည် ဝမ်ပေါင်လဲ့နောက်သို့လိုက်မည့် အကြံကို ခေါင်းထဲမှထုတ်လိုက်ပြီး ထိုနေရာမှ အမြန်ဆုံးထွက်သွားနိုင်ရန်သာ အကောင်းဆုံးကြိုးစားလိုက်ကြသည်။ ကံအားလျော်စွာပင် လဝိညာဉ်များနှင့် အမှောင်ညနတ်ဆိုးများသည် ကန့်သတ်နယ်မြေကို စောင့်ကြပ်ရန်သာ အာရုံစိုက်နေကြပုံပေါ်လေသည်။ ၎င်းတို့သည် ကျင့်ကြံသူများနောက်သို့ လိုက်မသွားကြဘဲ ထိုသူများကို အသက်ရှင်လျှက် ထွက်သွားခွင့်ပြုလိုက်ကြသည်။

ကျင့်ကြံသူများသည် နောက်သို့ပြန်လှည့်ကြည့်လိုက်ပြီး ကန့်သတ်နယ်မြေရှိရာဘက်သို့ ငေးကြည့်ကာ တိတ်ဆိတ်သွားလေသည်။ သူတို့သည် ရင်ထဲမှသက်ပြင်းချလိုက်ကြပြီး လေးလံသောနှလုံးသားများဖြင့် လမ်းခွဲကာ ကိုယ့်လမ်းကိုယ်သွားလိုက်ကြလေတော့သည်။ တချို့သည် ထွက်ခွာသွားကြပြီး တချို့သည် ထိုနေရာအနီးတွင် ဆက်နေကာ မြူခိုးများ ပျောက်ကွယ်သွားမည့်အချိန်ကို စောင့်နေကြသည်။ သူတို့သည် ဝမ်ပေါင်လဲ့၏အလောင်းကို ပြန်ယူနိုင်မည့်အခွင့်အရေးရှိမည်လောဟု သိချင်သဖြင့် စောင့်နေကြခြင်းပင်။

သူတို့သည် ဝမ်ပေါင်လဲ့ ရှင်သန်နေမည့်ဖြစ်နိုင်ချေကို ထည့်မတွေးကြတော့ပေ။

မြူခိုးထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့သည် လဝိညာဉ်များ၊ အမှောင်ညနတ်ဆိုးများအကြားတွင် ပိတ်မိနေခြင်းဖြစ်ရာ သူ၏သေခြင်းတရားကို ရှောင်လွှဲ၍ရနိုင်မည် မဟုတ်ဟု သူတို့တွေးထားကြသည်။

သို့သော် ထိုအခြေအနေများအကြားမှာပင် ဝမ်ပေါင်လဲ့သည် မသေခဲ့ပေ။

မြူခိုးသည် ဆက်၍ပြန့်ကားနေပြီး အရာအားလုံးကို လွှမ်းခြုံသွားလေသည်။ ဝမ်ပေါင်လဲ့ နောက်လှည့်ကြည့်လိုက်၏။ သူသည် မြူခိုးများကို ‌ဖောက်ထွင်း၍ သူ့နောက်သို့လိုက်နေခဲ့သည့်သူများကို ကြည့်ကာ ပြုံးလိုက်သည်။ သူ အရှေ့ကိုပြန်လှည့်လိုက်၏။

သူ၏ အသိစိတ်သည် ဝေဝါးနေပေပြီ။ သူ၏ခန္ဓာကိုယ်သည်လည်း ခြေကုန်လက်ပန်းကျသည်ထက်ပင် ပို၍နွမ်းနယ်နေပေပြီ။ သူ ဆက်၍လျှောက်နေသော်လည်း အသိစိတ်မရှိတော့ပေ။ သူ ပစ်လဲတော့မည်အချိန်တွင် အနက်ရောင်မျက်နှာဖုံးသည် သူ့ထံမှ ပျံထွက်သွားပြီး သူ့ခေါင်းပေါ်တွင် ဝဲနေလေသည်။

ဝမ်ပေါင်လဲ့သည် ထိုအချိန်တွင် အသိစိတ်ပျောက်ဆုံးနေပြီဖြစ်သည်။ အနက်ရောင်မျက်နှာဖုံးမှ ထွက်ပေါ်နေသော အလင်းဖျော့ဖျော့ကို သူမမြင်နိုင်ပေ။ ထိုအလင်းသည် သူ့နံဘေးသို့ ကျဆင်းလာပြီး အလင်းဖျော့ဖျော့တောက်ပနေသော ပုံရိပ်တစ်ခုအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားလေသည်။

ထိုပုံရိပ်သည် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် အပြစ်ဆိုစရာမရှိအောင် လှပသော အမျိုးသမီးတစ်ဦးဖြစ်လေသည်။ သူမ၏ ရှည်လျားသောဆံနွယ်များသည် လေထဲတွင် ဝဲလွင့်နေ၏။

သူမသည် ဝမ်ပေါင်လဲ့ကို ထိန်းပေးထားလိုက်၏။ သူမသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ဖြစ်သော်လည်း ဆန်းကြယ်သောအစွမ်းတစ်ခုသည် သူမအား ဝမ်ပေါင်လဲ့၏ခန္ဓာကိုယ်ကို ထိန်းကိုင်နိုင်စွမ်းပေးထားပုံပေါ်ပြီး သူမသည် ဝမ်ပေါင်လဲ့ပစ်လဲကျမသွားအောင် ထိန်းထားနိုင်လေသည်။ သူမသည် သူ့ကို ရှေ့သို့ဆက်ခေါ်သွား၏။

သူမတို့သည် မြူခိုးအတွင်း လျှောက်လှမ်းကာ ကန့်သတ်နယ်မြေအတွင်းပိုင်းသို့ ရောက်လာကြလေသည်။ သူမတို့ အတွင်းပိုင်းသို့ ရောက်လာလေလေ လဝိညာဉ်များ၊ အမှောင်ညနတ်ဆိုးများ၏ အရေအတွက်သည်လည်း ပိုများလာလေလေပင်။ ထိုအရေအတွက်သည် ပြည်ထောင်စုက ခန့်မှန်းတွက်ချက်ထားသည့်အရေအတွက်ထက် လွန်စွာများပြားလေရာ ပြည်ထောင်စုတစ်ခုလုံး တုန်လှုပ်သွားနိုင်ပေသည်။

ပို၍ထူးဆန်းသည်မှာ ထိုမရေမတွက်နိုင်အောင်များပြားသော လဝိညာဉ်များနှင့် အမှောင်ညနတ်ဆိုးများသည် ထိုအမျိုးသမီးကို မြင်လိုက်သောအခါ ဘေးသို့ရှဲ၍ သူမအတွက် လမ်းဖယ်ပေးနေခြင်းပင်။

တန်ခိုးအာဏာအကြီးဆုံး အုပ်ချုပ်သူတစ်ဦး ပြန်ရောက်လာသကဲ့သို့ပင်။ လဝိညာဉ်များနှင့် အမှောင်ညနတ်ဆိုးများသည် သူမအတွက် လမ်းဖယ်ပေးရုံသာမဟုတ်ပေ။ ၎င်းတို့သည် လမ်းကြောင်း၏ ဘေးနှစ်ဖက်တွင် ဒူးထောက်ကာ သူမကို ဦးညွှတ်လိုက်ကြလေသည်။

၎င်းတို့သည် သတိလစ်နေသောဝမ်ပေါင်လဲ့ကိုတွဲကာ လျှောက်လှမ်းနေသော အမျိုးသမီးကိုကြည့်နေကြ၏။ သူမသည် ဝမ်ပေါင်လဲ့ကို မြူခိုးအတွင်းရှိ အနက်ရှိုင်းဆုံးနေရာဖြစ်သော မည်သူမှမရောက်ဖူးသည့် နေရာတစ်ခုသို့ တွဲ၍ခေါ်သွားလေသည်။ ထိုနေရာတွင် ကျယ်ပြန့်သော ချိုင့်ဝှမ်းကြီးတစ်ခုရှိနေလေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset