Switch Mode

အခန်း ( ၂၆၇ )

အိပ်မောကျနေသူ၏နယ်မြေ

ကျိုးဖေ၏စကားလုံးများသည် ဝမ်ပေါင်လဲ့၏ အချိန်ဆွဲမည့်ဗျူဟာကို ပေါ်သွားစေသည်။ ကျိုးဖေပေါ်လာသည်နှင့် ချက်ချင်းဆိုသလို ဝမ်ပေါင်လဲ့၏အကြံများပျက်သွားလေတော့သည်။ ထိုအခိုက်တွင် ဝမ်ပေါင်လဲ့သည် အာနာပါနအဆင့်ကျင့်ကြံသူတစ်ဦးနှင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးတို့အကြားရှိ ခြားနားချက်ကို ရှင်းရှင်းလင်းလင်း သိရှိသွားပြီဖြစ်သည်။

အာနာပါအဆင့်ကျင့်ကြံသူနှင့်ယှဉ်လျှင် အခြေတည်အဆင့်ကျင့်ကြံသူများသည် သေရေး၊ရှင်ရေးတိုက်ပွဲများနှင့် အရင်းအမြစ်များအတွက် ပြိုင်ဆိုင်မှုများကို များစွာပို၍တွေ့ကြုံခဲ့ဖူးလေသည်။ ထိုသို့ဖြင့် သူတို့သည် မျက်နှာမွဲ အာနာပါနအဆင့်ကျင့်ကြံသူများအဖြစ်မှ ပြည်ထောင်စု၏ ဗဟိုအင်အားများ ဖြစ်လာကြခြင်းပင်။

ထိုတိုက်ပွဲများ၊ ပြိုင်ဆိုင်မှုများမှ ရှင်သန်ကျန်ရစ်ခဲ့သူများသည် အခက်အခဲများစွာကိုကြုံတွေ့ခဲ့ရခြင်း၊ အမြင်ကျယ်လာခြင်းတို့ကြောင့် သူတို့၏စိတ်သည် ပို၍ခိုင်မာလာခဲ့ကြသည်။ သူတို့၏ စိတ်ဓာတ်သည် အာနာပါနအဆင့်ကျင့်ကြံသူများထက် ပို၍ကြံ့ခိုင်လေသည်။ သူတို့ စိတ်ပိုင်းဖြတ်ပြီးသည်နှင့် သူတို့၏ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားမှုကို အာနပါနအဆင့်ကျင့်ကြံသူတစ်ဦးက မည်သို့မှ မယှဉ်နိုင်ပေ။ သူတို့သည် စိတ်ပိုင်းဖြတ်ပြီးလျှင် အလွယ်တကူ စိတ်မယိမ်းယိုင်ကြပေ။ ထို့ပြင် သူတို့သည် အာနပါနအဆင့်ကျင့်ကြံသူများထက် ပို၍ ဉာဏ်နီဉာဏ်နက်များလေသည်။

ဝမ်ပေါင်လဲ့သည် ဆက်၍တွေးတောမနေနိုင်တော့ပေ။ သူ၏မျက်လုံးများ အရောင်လက်သွား၏။ ကျိုးဖေချဉ်းကပ်လာသည်နှင့်တပြိုင်နက် သူသည် ညာလက်ကိုမြှောက်ကာ သတ္တမအဆင့်ဓမ္မလက်နက်ဓားကို ဆင့်‌ခေါ်လိုက်ပြီး ကျိုးဖေကို ခုတ်ချလိုက်လေသည်။

ဤနေရာရှိ အခြားမည်သူ့ထက်မဆို ကျိုးဖေသည် သူ၏ဓမ္မလက်နက်အကြောင်းကို ပိုနားလည်ကြောင်း ဝမ်ပေါင်လဲ့သိပေသည်။ သို့သော် ကျိုးဖေသည် ထိုကဲ့သို့ ထိပ်တိုက်မရင်ဆိုင်ဝံ့သဖြင့် သူ့မှာလည်း သူ နိုင်မည်ဟု ယုံကြည်ချက်အတော်အသင့်ရှိနေပေလိမ့်မည်။ အကယ်၍ ဝမ်ပေါင်လဲ့ထံတွင်သာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကို နှစ်ပိုင်းပိုင်းပစ်နိုင်လောက်သည့် အင်အားများရှိနေသေးလျှင် သိပ်၍စိုးရိမ်ပူပန်မည်မဟုတ်ပေ။ သို့သော် သူ၏ကျင့်ကြံခြင်းအစွမ်းသည် တစ်စထက်တစ်စ အားနည်းလာကြောင်း သူခံစားမိလေသည်။ အစွမ်းသည် ယခင်ကထက် ဆယ်ပုံသုံးပုံ ကျဆင်းသွားပြီဖြစ်သည်။ လက်ရှိ သူ၏ ကျင့်ကြံခြင်းအစွမ်းသည် ဆယ်ပုံခုနစ်ပုံသာ ရှိတော့လေသည်။

သူ့တွင်ရွေးချယ်စရာဟူ၍ ကျိုးဖေကို အလျင်အမြန် သတ်ရန်သာ ရှိတော့သည်။ ကျိုးဖေ၏သေဆုံးမှုသည် အခြားသူများကို ကြောက်ရွံ့သွားစေလိမ့်မည်။ ထိုသူများသည် သူ၏အကြံကို ရိပ်မိစေကာမူ သတိကြီးသွားမည်ဖြစ်သဖြင့် သူ့အနေဖြင့် မှော်လမ်းကြောင်းမြူခိုးကိုရှာရန်အတွက် အချိန်ပိုရသွားပေမည်။

ဝမ်ပေါင်လဲ့သည် အားကုန်သုံး၍ တိုက်ခိုက်လိုက်သည်။ လေဆင်နှာမောင်းကြီး ထွက်ပေါ်လာပြီး အနက်ရောင်မိကျောင်းကြီးသည်လည်း အော်ဟစ်၍ နေရာအနှံ့ကို အမြီးဖြင့်ရိုက်လိုက်သည်။ ဝမ်ပေါင်လဲ့သည် မျက်မှောင်ကြုတ်လိုက်ပြီး မြေပြင်ကို ညာခြေဖြင့်ဆောင့်လိုက်သည်။ သူ့တစ်ကိုယ်လုံး လေပေါ်သို့ ရုတ်တရက်မြောက်တက်သွားပြီး သက်တန့်ကွေးတစ်ခုအလား သူ၏ဓားအလင်းကွေးနောက်မှနေ၍ ကျိုးဖေထံသို့ သွားလိုက်လေသည်။

ကျိုးဖေသည် ဝမ်ပေါင်လဲ့၏တိုက်ခိုက်မှုကိုကြည့်၍ လှောင်ရယ်လိုက်ပြီး အလျင်အမြန် လက်ဟန်ဖော်လိုက်၏။ သူ့အရှေ့တွင် ဝိညာဉ်ကျောက်တုံးများနှင့် ပြုလုပ်ထားပုံပေါ်သည့် ကြီးမားသောမှန်ကြီးတစ်ချပ်ပေါ်လာလေသည်။ ၎င်းသည် ပေါ်လာသည်နှင့်တပြိုင်နက် စူးရှတောက်ပသောအလင်းများကို ထုတ်လွှတ်လိုက်သည်။ ထိုမှန်ကြီးသည် ကျိုးဖေတစ်ယောက် ဝမ်ပေါင်လဲ့၏ဓမ္မလက်နက်ကို ယှဉ်ရန် အခြားသူတစ်ဦးဆီမှ ငှားရမ်းလာသောပစ္စည်းပင်။

သူ လက်ဟန်ဖော်ကာ မှန်ကြီးထွက်ပေါ်လာစဉ် ဓားအလင်းကွေးသည်လည်း သူ့ထံသို့ ဝင်ရောက်လာပြီဖြစ်သည်။ မှန်ကြီးမှအလင်းများနှင့် ဓားအလင်းကွေးကြီး ထိခတ်သွား၏။ အရာအားလုံးသည် တချိန်တည်း ဖြစ်ပျက်သွားသကဲ့သို့ပင်။ ထိုအလင်းနှစ်ခု ထိခတ်သွားသောအခါ ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။

မှန်ကြီးသည် ပေါက်ကွဲပျက်ဆီးသွား၏။ မှန်ကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ပျက်ဆီးသွားပြီးနောက် မှန်ကွဲအတွင်းမှနေ၍ အလင်းလက်ကြီးတစ်ဖက်ထွက်ပေါ်လာပြီး ချဉ်းကပ်လာသော ဝမ်ပေါင်လဲ့ထံသို့ ဆန့်တန်းသွားသည်။ ၎င်းသည် ဝမ်‌ပေါင်လဲ့ကို လက်ညှိုးညွှန်လိုက်၏။

သိပ်သည်းသောစွမ်းအင်တစ်ခု လေထဲတွင် တိတ်တဆိတ်ပျံ့နှံ့သွားလေသည်။ ထိုစွမ်းအင်သည် ဝမ်ပေါင်လဲ့ကို တုတ်နှောင်လိုက်၏။ ဝမ်ပေါင်လဲ့သည် ရုတ်တရက် ရေနက်ထဲသို့ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ကို ရုတ်တရက် တင်းတင်းကြပ်ကြပ်တုတ်နှောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ‌ရှေ့သို့ဆက်မတိုးနိုင်တော့ဘဲ သူ၏လှုပ်ရှားမှုများသည်လည်း အတော်လေးနှေးကွေးလာလေသည်။

သူသည် ထိုနေရာတွင် အမြစ်တွယ်သွားသကဲ့သို့ပင်။ လှုပ်၍လည်းမရသလို ပြန်တိုက်ခိုက်၍လည်း မရပေ။

ပတ်ဝန်းကျင်ရှိ အခြေတည်အဆင့်ကျင့်ကြံသူများသည် သူတို့အရှေ့ရှိ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် မျက်လုံးများ အရောင်လက်သွားလေသည်။ သူတို့သည် ရှေ့သို့ထွက်ရန် ဟန်ပြင်လိုက်စဉ် ကျိုးဖေသည် ကျယ်လောင်စွာရယ်မောလိုက်၏။ သူသည် စိတ်တက်ကြွနေပြီး သူ၏ညာလက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့၏ ဓမ္မလက်နက်ကို လှမ်းယူလိုက်သည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အသက်ရှူမြန်လာလေသည်။ ကျိုးဖေ၏လက်ချောင်းများသည် ဓမ္မလက်နက်ကို ဆုပ်ကိုင်မိတော့ပေမည်။ သို့သော် ဝမ်ပေါင်လဲ့သည် မလှုပ်နိုင်သေးပေ။ ရုတ်တရက် သူ၏ခေါင်းဆောင်းအနောက်တွင် ပုန်းကွယ်နေသော မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ချက် လက်သွား၏။

သူ၏ ဝါးမျိုခြင်းသစ်စေ့သည် သူ၏ဒဏ်ရာများကို ဖိနှိပ်ထားရန် အာရုံစိုက်နေ၏။ သူ၏ လျှပ်စီးနက်နှင့် သူ၏မျက်လုံးထဲတွင် ပုန်းအောင်းနေသော ခရမ်းရောင်ပင်လယ်၏ စွမ်းအားများသည် ကူးလောင်ချိုင့်ဝှမ်းမှ အဖြစ်အပျက်များပြီးဆုံးသွားပြီးနောက်တွင် အိပ်မောကျနေခဲ့လေသည်။ ၎င်းတို့သည် နိုးထလာမည့်လက္ခဏာမရှိသေးပေ။ ၎င်းတို့သည် အဘွားကြီးနှင့်ရင်ဆိုင်ခဲ့ရစဉ်ကပင် ထွက်ပေါ်မလာခဲ့ကြပေ။

သို့သော် ဝမ်ပေါင်လဲ့သည် ၎င်းတို့ကို နှိုးရန်နည်းလမ်းမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ သူ၏မျက်ဝန်းများထဲတွင် ခက်ထန်သောအလင်းတစ်ချက် လက်သွားပြီးနောက် သူ ဝတ်ဆင်ထားသော အနက်ရောင်ချပ်ဝတ်ကြီးသည် အနက်ရောင်အလင်းတစ်ခုကို စတင်ထုတ်လွှတ်လိုက်သည်။ စူးရှသော သတ္တုသံများ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့၏ ချပ်ဝတ်အပြင်ပိုင်းသည် အတွင်းသို့ စတင်ချိုင့်ဝင်လာ၏။ ချိုင့်ရာတစ်ခုစီ၏ အလယ်တွင် ပေါက်ကွဲပုတီးစေ့တစ်စေ့စီရှိ၏။ ၎င်းတို့သည် လေထဲသို့ ရုတ်ခြည်းပျံထွက်သွားကြသည်။

ဝမ်ပေါင်လဲ့၏အနက်ရောင်ချပ်ဝတ်မှနေ၍ ပေါက်ကွဲပုတီးစေ့အလုံးတစ်ရာကျော် ပျံထွက်သွားပြီး ရုတ်ခြည်းပေါက်ကွဲသွားလေသည်။ လေထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး မြေပြင်သည် တုန်ခါသွားလေသည်။ ထိုပေါက်ကွဲမှုများသည် ရုတ်တရက်ထွက်ပေါ်လာသော မိုးကြိုးမုန်တိုင်းတစ်ခုကဲ့သို့ပင်။ ပေါက်ကွဲမှုအဟုန်များသည် လှိုင်းများအဖြစ် ထိုနေရာတစ်ခုလုံးကို ပျံ့နှံ့သွား၏။ ဝမ်ပေါင်လဲ့၏ ပတ်ဝန်းကျင်ရှိ မြေပြင်သည် တုန်ခါလာပြီး မြက်များ၊ သစ်ရွက်များကို တစ်စစီဖြစ်သွားစေပြီး သစ်ပင်ကို တစ်ပင်လုံးအမြစ်မှလန်သွားစေလေသည်။ ဝမ်ပေါင်လဲ့ကို တုတ်နှောင်ထားသောစွမ်းအင်သည်လည်း ရုတ်ခြည်းပင် ပြတ်ထွက်သွားသည်။

ကျိုးဖေ တုန်လှုပ်သွား၏။ သူ လျင်မြန်စွာ ပြန်ဆုတ်လိုက်သော်လည်း နောက်ကျသွားပေပြီ။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများအတွင်းရှိ အေးစက်စက်အလင်းသည် သတ်ဖြတ်လိုသောအလင်းအဖြစ် ပြောင်းလဲသွားလေသည်။ သူသည် ချဉ်းကပ်လာသော အခြေတည်အဆင့်ကျင့်ကြံသူများကိုကြည့်၍ စိတ်ထဲမှ ရွတ်လိုက်၏။

“ ဉာဏ်အလင်းပွင့်စေ … ”
သူသည် ထိုစာလုံးကို ရင်ထဲတွင် အဖန်ဖန်အထပ်ထပ် ရွတ်လိုက်၏။ သူ၏ကိုယ်တွင်းမှနေ၍ ထူးခြားသော ဝိညာဉ်စွမ်းအင်တစ်ခု ထွက်ပေါ်လာလေသည်။ ကောင်းကင်သည် တုန်ခါသွားပြီး အဝေးမှ ကြယ်တာရာများအကြားရှိ ရှေးဟောင်းသက်ရှိတစ်မျိုးသည် နိုးထလာသည့်ပုံပေါ်လေသည်။ ၎င်းသည် သူတို့ကို ကြည့်နေ၏။ ထိုအကြည့်၏ ဖိအားများကြောင့် ဝမ်ပေါင်လဲ့ထံချဉ်းကပ်လာကြသော အခြေတည်အဆင့်ကျင့်ကြံသူများသည် ကြက်သီးထသွားကြလေသည်။
“ ဒီအရှိန်အဝါက ဘာလဲ ”

“ ဘုရားရေ… ဒါက…ဒါက… ”
ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူများသည် နောက်သို့တပြိုင်တည်း ဆုတ်လိုက်ကြ၏။ သို့သော် ဝမ်ပေါင်လဲ့သည် သူတို့ကို သိပ်အရေးမစိုက်ပေ။ သူသည် ကျမ်းစာကို ရွတ်ဆိုရင်း အရှေ့သို့ အလျင်အမြန်ပြေးထွက်သွားပြီး နောက်သို့ဆုတ်နေသော ကျိုးဖေ၏အရှေ့သို့‌ ရောက်သွားလေသည်။ ဝမ်ပေါင်လဲ့သည် သတ်ဖြတ်လိုသောအရိပ်အယောင်များပြည့်နေသည့် မျက်လုံးများဖြင့် တချိန်လုံး မျိုသိပ်ထားရသော ဒေါသများကို ဖြေလျှော့လိုက်ပြီး ကျိုးဖေကို ခုတ်ချလိုက်လေသည်။

ထိုရုတ်တရက်ကျဆင်းလာသော ဓားချက်ကြောင့် ကျိုးဖေသည် ကြောက်ရွံ့ကာ လိပ်ပြာလွင့်မတတ်ဖြစ်သွား၏။ သူ အကောင်းဆုံးကာကွယ်လိုက်သော်လည်း အချည်းနှီးသာ။ ဓားချက်ကျသွားသောအခါ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာပြီး ကျိုးဖေတစ်ယောက် သွေးအန်ကာ နာနာကျင်ကျင် အော်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်သဖွယ် မြေကြီးပေါ်သို့ လဲကျသွား၏။ သူ၏ရင်ဘတ်တွင် သွေးချင်းချင်းနီနေပေပြီ။ ဒဏ်ရာကို မမြင်နိုင်သော်လည်း ဒဏ်ရာသည် အလွန်ပြင်းထန်ကြောင်း ထင်ရှားလေသည်။

ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်လိုက်၏။ သူသည် သေလုမြောပါးဖြစ်နေသော ကျိုးဖေကို စိုက်ကြည့်လိုက်သည်။ ကျိုးဖေသည် အခြားအခြေတည်အဆင့်ကျင့်ကြံသူများ ရပ်နေသောနေရာအနီးတွင် လဲကျသွားခြင်းပင်။ ထိုအရာသည် တိုက်ဆိုင်မှုမဖြစ်နိုင်ပေ။

ဝမ်ပေါင်လဲ့သည် လက်စတုံးရန် နောက်တစ်ချက် ထပ်မခုတ်တော့ဘဲ နောက်လှည့်ကာ တောအုပ်အတွင်းသို့ ပြေးဝင်သွားလေသည်။

“ သူ့ကိုတား… သူက မှော်လမ်းကြောင်းမြူခိုးကို ရှာဖို့လုပ်နေတာ။ မင်းတို့ကို ခုနက ခြောက်လှန့်လိုက်တဲ့ အရှိန်အဝါက ဓမ္မလက်နက်က အရှိန်အဝါပဲ… ”
ကျိုးဖေက အားတင်း၍ ပြောလိုက်၏။ သူသည် နောက်တစ်ကြိမ် သွေးအန်လိုက်ပြီး သေဆုံးသွားလေတော့သည်။

အခြားသူများသည် သူ၏စကားများကို ယုံရခက်၊ မယုံရခက်ဖြစ်သွား၏။ သို့သော် သူတို့သည် သူပြောသော စကားထဲမှ တစ်ခုကိုမူ သံသယမရှိယုံကြည်ကြလေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ ထွက်ပြေးသွားရခြင်းအကြောင်းပင်။

ထိုအရာသည် သူတို့ မမျှော်လင့်ထားသည့် အရာတစ်ခုဖြစ်သည်။ သို့သော် ထိုအရာသည် အမှန်တရားအရိပ်အယောင်အချို့ပါပြီး ဖြစ်နိုင်ချေရှိလေသည်။ သူတို့၏ မျက်လုံးများ အရောင်လက်သွားကြ၏။ ဝမ်ပေါင်လဲ့သည် အဝေးသို့ ထွက်ပြေးနေပြီဖြစ်သည်။ မကြာသေးခင်က သူတို့ခံစားခဲ့ရသော ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင်သည် သူတို့ကို ဆက်၍မလိုက်ရန် မတားဆီးနိုင်ချေ။

ရုတ်ခြည်းပင် ထိုကျင့်ကြံသူများ၏ လက်အတွင်းမှနေ၍ ဆဋ္ဌမအဆင့် နတ်ဘုရားရတနာ ခုနစ်ခု၊ ရှစ်ခု ပျံထွက်သွားကြပြီး ဝမ်ပေါင်လဲ့ထံ တန်းတန်းမတ်မတ်ဝင်သွားလေသည်။

ဝမ်ပေါင်လဲ့၏မျက်နှာတွင် သွေးရောင်ပျောက်သွား၏။ သူသည် အားကောင်းပုံပြ၍ သူ့နောက်လိုက်နေသူများ၏ နှလုံးသားများအတွင်းသို့ အကြောက်တရားများ ဆက်ထည့်ပေးလို၏။ သို့သော် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပေ။ သူသည် ထွက်ပြေးနေရင်း ညာလက်ကိုသာ တစ်ချက်မျှ ဝှေ့ယမ်းလိုက်လေသည်။ သူသည် ထိုတိုက်ခိုက်မှု၏နောက်တွင် သူ့တွင်ကျန်ရှိနေသည့်စွမ်းအားများကို အကုန်အစင် သုံးလိုက်ခြင်းဖြစ်သော်လည်း သူ၏အားနည်းနေသော ကျင့်ကြံခြင်းအစွမ်းနှင့် သူရရှိထားသော ပြင်းထန်သည့်ဒဏ်ရာများကြောင့် သူ့ထံဝင်လာသော နတ်ဘုရားရတနာအားလုံးကို မတားဆီးနိုင်လိုက်ပေ။ နတ်ဘုရားရတနာအဆင့် ဓားပျံနှစ်ချောင်းသည် သူ၏ဘယ်ဘက်လက်မောင်းနှင့် ပခုံးကို စိုက်ဝင်သွားကြလေသည်။

ဝမ်ပေါင်လဲ့သည် ဓားချက်များကြောင့် တုန်ယင်သွား၏။ သူ၏ခေါင်းဆောင်းထဲတွင် သူ၏ပါးစပ်အတွင်းမှ သွေးများအန်ထွက်လာလေသည်။ သူသည် အလျင်အမြန် ဆက်လက်ထွက်ပြေးလိုက်ပြီး ထိုလူအုပ်ကို နောက်တွင်ချန်ခဲ့ရန် ဓမ္မရတနာကို ထားခဲ့မည့်အကြံပင် သူ့ခေါင်းထဲတွင် ပေါ်လာလေသည်။

သို့သော် ထိုသို့လုပ်လျှင်လည်း အခြေအနေကို သိသိသာသာ ပြောင်းလဲနိုင်မည်မဟုတ်ပေ။ သူ့လက်ထဲတွင် ဓမ္မလက်နက်ရှိနေလျှင်လည်း ထိုလူအုပ်၏ အဆက်မပြတ်လိုက်ခြင်းကို ခံရပေလိမ့်မည်။ သူ့ထံတွင် ဓမ္မလက်နက်မရှိတော့လျှင်လည်း အခြေအနေသည် ပြောင်းလဲသွားမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ပို၍ပင် အခြေအနေဆိုးသွားနိုင်လေသည်။

သူ၏ အားနည်းနေသောအခြေအနေသည် ချက်ချင်းပေါ်သွားတော့သည်။ သူ့နောက်သို့ လိုက်နေသော အခြေတည်အဆင့်ကျင့်ကြံသူများ၏ မျက်ဝန်းများထဲတွင် တက်ကြွသောအရိပ်အယောင်များ ပေါ်လာကြသည်။ သူတို့သည် ရှေ့သို့ အလျင်အမြန်ပြေးထွက်လာကြပြီး အရှိန်ကုန် လိုက်လာကြလေတော့သည်။ သူတို့၏ မျက်ဝန်းများထဲတွင် လောဘမီးတောက်များ တောက်ပစွာ တောက်လောင်နေပေသည်။ ထိုအရာသည် သူတို့စောင့်ဆိုင်းနေခဲ့သော အခွင့်အရေးပင်။

တောအုပ်အတွင်း ကျွက်ကျွက်ညံသွားလေသည်။ ဝမ်ပေါင်လဲ့သည် ပြေးလွှားရင်း ပြန်တိုက်ခိုက်လိုက်၏။ သူထံသို့ အရပ်မျက်နှာအဖက်ဖက်မှနေ၍ မန္တန်တစ်ခုပြီးတစ်ခု၊ နတ်ဘုရားရတနာတစ်ခုပြီးတစ်ခု ပျံသန်းဝင်ရောက်လာသည်။ တိုက်ခိုက်ရာတွင် လျင်မြန်ကျင်လည်သော အခြေတည်အဆင့်ကျင့်ကြံသူအချို့သည်လည်း သူ့အနီးသို့ကပ်ကာ မကြာခဏဆိုသလို အလစ်ဝင်တိုက်ကြလေသည်။

အကယ်၍ အခြေတည်အဆင့်ကျင့်ကြံသူ ရှစ်ဦး၊ ကိုးဦးသည် ပူးပေါင်း၍ အတူတကွတိုက်ခိုက်လျှင် လျင်မြန်စွာအားနည်းလာသော ဝမ်ပေါင်လဲ့ကို ချက်ချင်းသတ်ပစ်နိုင်ပေသည်။ သို့သော် သူတို့အကုန်လုံးသည် ဓမ္မလက်နက်ကို သွားရည်ကျနေသည်ဖြစ်ရာ ကိုယ့်အတွက်သာကိုယ်ကြည့်၍ အခြားသူများကို မျက်ခြေမပြတ်စောင့်ကြည့်နေကြလေသည်။ သူတို့သည် ဝမ်ပေါင်လဲ့တစ်ယောက် မသေခင် ပြန်၍တိုက်ခိုက်သွားမည်ကိုလည်း သတိထားနေရလေသည်။ သူတို့တစ်ဦးချင်းစီသည် အကြံကိုယ်စီနှင့်ဖြစ်သဖြင့် ဝမ်ပေါင်လဲ့ကို အသေမသတ်သေးဘဲ စောင့်နေကြခြင်းဖြစ်သည်။ သူတို့သည် ဝမ်ပေါင်လဲ့ ခြေကုန်လက်ပန်းကျသွားစေရန် အချိန်ဆွဲတိုက်ခိုက်နေကြ၏။

ဝမ်ပေါင်လဲ့၏အခြေအနေသည် ပို၍ဆိုးလာသည်။ ကျယ်လောင်သောပေါက်ကွဲသံတစ်ချက်နှင့်အတူ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးသည် ဝမ်ပေါင်လဲ့၏ဓားကြီးကြောင့် လက်ပြတ်သွားလေသည်။ သွေးများသည် နေရာအနှံ့ ပန်းထွက်သွား၏။ တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့၏ဝမ်းဗိုက်ကိုလည်း ရုတ်တရက်ဝင်ရောက်လာသည့် ဓားပျံတစ်ချောင်းက ထိုးဖောက်သွား၏။

ထိုဓားပျံသည် သူ၏ဝမ်းဗိုက်ရှိ ရှိပြီးသားဒဏ်ရာကို ထွင်းဖောက်သွားခြင်းဖြစ်ရာ ဝါးမျိုခြင်းသစ်စေ့သည် လည်ပတ်နေရာမှ တုန်ခါသွားလေသည်။ ဝမ်‌ပေါင်လဲ့ တုန်ယင်သွားပြီး ပါးစပ်ထဲမှ သွေးများအန်ထုတ်လိုက်၏။ သူသည် သူ၏ဒဏ်ရာများကို ဆက်၍ဖိနှိပ်မထားနိုင်တော့သဖြင့် ၎င်းတို့သည် ပြန်၍ပွင့်ထွက်ကုန်ကြလေသည်။ သူ၏ကျင်ကြံခြင်းအစွမ်းသည်လည်း အဝေးသို့စီးဆင်းသွားသောရေများကဲ့သို့ ကုန်ခမ်းသွားလေတော့သည်။

သူ၏မျက်လုံးများ ရဲရဲနီလာပြီး သေခြင်းတရားကဲ့သို့ တည်ငြိမ်အေးစက်သောအမူအရာက သူ့ကိုလွှမ်းခြုံသွားလေသည်။ သူသည် တိတ်ဆိတ်နေသော အထီးကျန်ဝံပုလွေတစ်ကောင်ကဲ့သို့ သူ၏ရန်သူတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး ထိုသူ၏နဖူးတည့်တည့်ကို ဓားဖြင့်ခုတ်ချလိုက်သည်။ ထိုသူသည် နောက်သို့ပစ်လဲသွားပြီး သူသည်လည်း နောက်သို့ ဒယိမ်းဒယိုင်ဆုတ်သွားကာ ပင့်သက်ရှိုက်နေရလေသည်။ သူ၏လက်များ တုန်ယင်လာပြီး သူ၏အမြင်ထဲတွင် အနက်ရောင်အစက်အပြောက် အမြောက်များ ကခုန်နေပေသည်။ သူ့ထံမှ ထွက်ပေါ်နေသော တင်းမာခက်ထန်သော အငွေ့အသက်များက ပို၍ပင် ပြင်းထန်လာ၏။

သူသည် နောက်မှလိုက်နေသော ကျင့်ကြံသူများ၏လက်မှ ဆက်လက်ထွက်ပြေးနေပြီး တဖြည်းဖြည်းဖြင့် လကမ္ဘာအမှောင်ခြမ်း၏ နက်ရှိုင်းသောနေရာ၊ ကန့်သတ်နယ်မြေများအကြားမှ အထူးကန့်သတ်နယ်မြေ၊ ဆန်းကြယ်သောရှေးဟောင်းအလောင်းကြီးဖြစ်သော မဟူရာတန်ခိုးရှင်ဧကရာဇ် အိပ်စက်ရာနယ်မြေ၏ အလယ်ဗဟိုအနီးသို့ ရောက်မှန်းမသိရောက်လာလေတော့သည်။

သူတို့သည် မြေပြင်ကို စောင်ကြီးသဖွယ်လွှမ်းခြုံထားသော အနီရောင်အပင်များ ထူထဲစွာ ပေါက်ရောက်နေသောနေရာအနီးသို့ ရောက်လာကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုနေရာသည် နိုင်ငံရေးအင်အားစုများအားလုံးမှ ဖြန့်ဝေထားသော သတင်းအချက်အလက်များတွင် အသားပေးဖော်ပြထားသည့် ကန့်သတ်နယ်မြေဖြစ်ကြောင်း သိနိုင်ပေသည်။ ထိုနေရာသို့ ဝင်သူတိုင်းသည် သေခြင်းတရားနှင့် မလွဲမသွေရင်ဆိုင်ရပေလိမ့်မည်။

ဝမ်ပေါင်လဲ့အနောက်သို့ လိုက်နေသော အခြေတည်အဆင့်ကျင့်ကြံသူများသည် ဝမ်ပေါင်လဲ့က သူတို့ကို မည်သည့်နေရာသို့ ခေါ်လာကြောင်း သိလိုက်ရသောအခါ တုန်လှုပ်သွားကြလေသည်။ သူတို့ထဲမှ တချို့သည် ဆက်မလိုက်တော့ဘဲ ရပ်တန့်လိုက်ကြ၏။ သူတို့သည် အသက်ရှူရန်ပင် မေ့လျော့နေကြသည်။
“ သူက မှော်လမ်းကြောင်းမြူခိုးကို ရှာနေတာမဟုတ်ဘူး… သူက ငါတို့ကို မဟူရာတန်ခိုးရှင်ဧကရာဇ် အိပ်စက်နေတဲ့နေရာဆီကို မျှားခေါ်ဖို့ကြိုးစားနေတာပဲ ”

Comment

Leave a Reply

Options

not work with dark mode
Reset