ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူ ရောက်လာသောအခါ ဝမ်ပေါင်လဲ့သည်စကားတစ်ခွန်းမှမဆိုလိုက်ဘဲ သူ၏ဘယ်ဘက်လက်ကို မြှောက်၍ ထိုလူကို ထိုးလိုက်လေသည်။
လက်သီးချက်သည် ဆွေ့ရှင်းပေါင်ကို ထုတ်လွှတ်လိုက်ပြီး ဝမ်ပေါင်လဲ့၏ ခွန်အားများကို တိုးပွားလာစေသည်။ စွမ်းအားအမြောက်အမြားသည် ကြီးမားသောဝဲကတော့ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရာအားလုံးကို ဖျက်ဆီးပစ်ကာ မြည်ဟည်းသံကြီးဖြင့် ထိုအခြေတည်အဆင့်ကျင့်ကြံသူကို ထိုးနှက်လိုက်လေသည်။
ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူ၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုအရိပ်အယောင်များပေါ်လာ၏။ ဝမ်ပေါင်လဲ့သည် အားနည်းနေပြီး သူတို့၏အကြီးအကဲသည် သူ၏တာအိုအုတ်မြစ်ကို ဖျက်ဆီးလိုက်ကြောင်း သူ သိလေသည်။ ထို့ကြောင့် သူသည် ယုံကြည်မှုရှိရှိ တိုက်ခိုက်လိုက်ခြင်းပင်။ ဝမ်ပေါင်လဲ့၏ လက်သီးချက်နောက်တွင် ထိုမျှပြင်းထန်သောအားများပါလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူ့အနေဖြင့် အာနာပါနအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ သူနှင့်အဆင့်တူ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလာရလေသည်။
‘ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အကြီးအကဲက သူ့ရဲ့တာအိုအုတ်မြစ်ကို ဖျက်ဆီးလိုက်ပြီ မဟုတ်ဘူးလား ’
ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ကျင့်ကြံသူ၏ မျက်နှာပေါ်တွင် ခံစားချက်များ ဖြတ်သန်းသွားပြီး မျက်ဝန်းများထဲတွင် အလင်းတစ်ချက်လက်သွားကာ လက်ဟန်များကို လျင်မြန်စွာ ပြုလိုက်လိုက်လေသည်။ သူ့အရှေ့တွင် ကြီးမားသော လခြမ်းကွေးတစ်ခုပေါ်လာပြီး ဆွေ့ရှင်းပေါင်ကြောင့် ဖြစ်ပေါ်လာသော ဝဲကတော့ကြီးနှင့် ထိခတ်သွား၏။
ထိုအခိုက်တွင် ဝမ်ပေါင်လဲ့၏ ဘယ်ဘက်လက်မှ ဆွေ့ရှင်းပေါင် ပျောက်ကွယ်သွားပြီး သူ၏ညာဘက်လက်သည် လေထဲသို့ မြောက်တက်သွားသည်။ သူ့လက်ထဲတွင် သတ္တမအဆင့် ဓမ္မလက်နက်ထွက်ပေါ်လာ၏။ ၎င်းသည် ကျယ်လောင်သံမြည်ဟည်းသံကြီးတစ်ခုနှင့်အတူ ဆွေ့ရှင်းပေါင်ဝဲကတော့ကြီးကို ခုတ်ချလိုက်လေသည်။
“ သေစမ်း ”
ယခင်အခေါက်များကထက် ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ထွက်ပေါ်လာ၏။ ယခင်က ကျိုးဖေနှင့်တိုက်ပွဲတွင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းသည် မမြင့်သေးပေ။ သူသည် ဓမ္မလက်နက်မှ တန်ပြန်ဒဏ်ကို ခံခဲ့ရပြီး ၎င်း၏ အစွမ်းအကုန်ကို ထုတ်မသုံးနိုင်ခဲ့ပေ။ သို့သော် ယခုတွင် ပြောင်းလဲခဲ့ပေပြီ။ သူသည် သူ၏ကိုယ်တွင်းရှိ ထိခိုက်နေသော ဝိညာဉ်ချီများကိုပင် မချန်ဘဲ အစွမ်းကုန်ထုတ်သုံးလိုက်၏။ သက်တမ်းတိုသော ကြာပွင့်တစ်ပွင့်သည် သေခါနီးဆဲဆဲအချိန်တွင် နောင်တမရှိဘဲ အစွမ်းကုန်ဖူးပွင့်လိုက်သကဲ့သို့ပင်။
ကျယ်လောင်သောမြည်ဟည်းသံကြီးတစ်သံနှင့်အတူ အနက်ရောင်လေဆင်နှာမောင်းကြီးသည် ကောင်းကင်သို့ထိုးတက်သွားပြီး ပတ်ဝန်းကျင်ရှိ မြေပြင်ကို တုန်ခါသွားစေလေသည်။ အနက်ရောင်မိကျောင်းကြီးသည်လည်း ၎င်း၏ အသံအစစ်အမှန်ဖြင့် အော်ဟစ်လိုက်ရာ လေထဲတွင် ပဲ့တင်ထပ်သွား၏။ ၎င်းသည် ဓားကြီး၏ အသံလွှာဖျက်ဆီး လျှပ်စီးနေရာတွင် အစားထိုးနေရာယူသွားပြီး ဝမ်ပေါင်လဲ့၏ ဓမ္မလက်နက်ဓားကြီးမှနေ၍ မီတာတစ်ရာမြင့်သော အလင်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာလေသည်။
ဓားအလင်းတန်းသည် လင်းလက်သွားပြီး ဆွေ့ရှင်းပေါင်ဝဲကတော့ကြီးကို ခုတ်ချလိုက်သည်။ အလင်းတန်းသည် ဓားနှင့် တကွဲတပြားဖြစ်သွားပြီး ဆွေ့ရှင်းပေါင်ဝဲကတော့ကြီးကို တိကနဲ ဖြတ်တောက်လိုက်ပြီး ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူ ဆင့်ခေါ်ထားသော လခြမ်းကွေးကြီးထံသို့ ကျဆင်းသွား၏။
ထိုကျင့်ကြံသူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် တုန်လှုပ်မှုများပေါ်လာပြီး နောက်သို့ အလျင်အမြန်ဆုတ်သွား၏။ လခြမ်းကွေးကြီးသည် ကြာရှည်ပင်တောင်မခံနိုင်လိုက်ဘဲ ပျောက်ကွယ်သွားလေတော့သည်။ ထိုအခါ ဓားအလင်းတန်းသည် အခြေတည်အဆင့်ကျင့်ကြံသူထံသို့ အတားအဆီးမရှိ ကျဆင်းသွားလေသည်။
“ မဟုတ်ဘူး ”
အခြေတည်အဆင့်ကျင့်ကြံသူသည် တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ သူသည် ပြန်တိုက်ရန်ကြံ၍ နတ်ဘုရားရတနာအများအပြားကို ထုတ်ကာ သူ့ကိုယ်သူ အလျင်အမြန်ကာကွယ်လိုက်သည်။ သို့သော် သူသည် မြှောက်ထားသော ဖိနပ်အောက်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် ဖြစ်လေသည်။ ဝမ်ပေါင်လဲ့၏ သက်စောင့်အားကိုသုံး၍ ခုတ်လိုက်သော အားပြင်းသည့်ဓားအလင်းတန်းခုတ်ချက်အောက်တွင် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူ ပစ်လွှတ်လိုက်သော နတ်ဘုရားရတနာများ ပျက်ဆီးသွားလေသည်။ နတ်ဘုရားရတနာများအတွင်းမှ ဝိညာဉ်စွမ်းအင်များကို တစ်စက်မကျန် စုပ်ယူသွားသကဲ့သို့ပင်။ အားပြင်းသော ဓားအလင်းတန်းကြီးသည် ထိုကျင့်ကြံသူ၏ ခေါင်းပေါ်သို့ တိုက်ရိုက်ကျဆင်းသွားပြီး တိကနဲ ဖြတ်ချလိုက်လေတော့သည်။
ကျယ်လောင်သော အသံကြီးတစ်သံသည် မြေပြင်ကို တုန်ခါသွားစေပြီး အခြေတည်အဆင့်ကျင့်ကြံသူ၏ ခြေထောက်နှစ်ချောင်းအကြားရှိ မြေပြင်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းသည် မြေကြီးအတွင်းနက်နက်ရှိုင်းရှိုင်းနေရာအထိ ကွဲအက်နေပြီး အနည်းဆုံးကိုက်သုံးဆယ်မျှ ရှည်လျားပေသည်။
ဝမ်ပေါင်လဲ့သည်လည်း မြေပေါ်သို့ ပြန်ကျဆင်းလာ၏။ သူ၏ဓားကြီးသည် မြေကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီး သူ၏ခန္ဓာကိုယ်သည် မြေကြီးနှင့်ထိလုမတတ် ကိုင်းနေလေသည်။ သူသည် ခေါင်းမော့ကာ ဖြည်းဖြည်းချင်းထရပ်လိုက်သည်။
သူ့အရှေ့ရှိ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူသည် နှစ်ပိုင်းပြတ်နေပြီး မကြာခင် ပေါက်ကွဲသွားလေသည်။ သွေးများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများသည် လေထဲတွင် ဝဲလွင့်သွားကြ၏။ သူ၏ အသွေးအသားများအပြင် သူ၏ဝိညာဉ်ပါ ပျက်ဆီးသွားပြီဖြစ်သည်။
ထိုအစွမ်းသည် ဝမ်ပေါင်လဲ့၏ လက်ရှိအစွမ်းပင်။ သူသည် ဒဏ်ရာအပြင်းအထန်ရထားပြီး သူ၏ဝိညာဥ်သွေးကြော သုံးဆယ်ရာခိုင်နှုန်းကို ဖျက်ဆီးခံလိုက်ရသည့်တိုင်အောင် သူ၏ တာအိုအခြေခံကို အလုယူခံလိုက်ရပါသည့်အပြင် တဖြည်ဖြည်းအားနည်းလာပါသော်လည်း သ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကို သတ်နိုင်သည်အထိ အားအင်ကျန်သေးလေသည်။
ဝမ်ပေါင်လဲ့ ထရပ်လိုက်၏။ သူသည် ထိုတစ်စစီဖြစ်ကာ သေဆုံးသွားသော ကျင့်ကြံသူကို တစ်ချက်ပင်မကြည့်လိုက်ဘဲ သူ၏ ဘေးဘီဝဲယာကိုသာ ကြည့်လိုက်သည်။ သူသည် သူ၏ဓမ္မလက်နက်ကို မြှောက်လိုက်ပြီး ဘေးဘီဝဲယာကို ရွယ်လိုက်၏။ ထို့နောက် သူသည် နောက်လှည့်ကာ တောနက်အတွင်းသို့ အမြင့်ဆုံးအရှိန်ဖြင့် ပြေးဝင်သွားလေသည်။
သူထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ၏ဓမ္မလက်နက်ကို ရွယ်လိုက်သောနေရာများမှ အခြေတည်အဆင့်ကျင့်ကြံသူနှစ်ဦး ထွက်လာလေသည်။ သူတို့သည် မျက်စိမျက်နှာပျက်နေကြပြီး သူတို့၏ မျက်နှာထားသည် လွန်စွာ တည်ငြိမ်လေးနက်နေလေသည်။
သူတို့သည် အသတ်ခံလိုက်ရသော ကျင့်ကြံသူနှင့် ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့ခြင်းပင်။ သူတို့သည် ထိုကျင့်ကြံသူကို ကူညီရန် ပြေးထွက်သွားချိန်ပင်မရလိုက်ဘဲ တိုက်ပွဲသည် ပြီးဆုံးသွားခဲ့လေသည်။ သူတို့သည် ဝမ်ပေါင်လဲ့၏ တိုက်ခိုက်မှုကို သူတို့၏မျက်စိဖြင့် မျက်ဝါးထင်ထင်မြင်လိုက်ကြရ၏။ ထို တုန်လှုပ်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် သူတို့၏နှလုံးသားအတွင်းသို့ အကြောက်တရားဓားမြှောင်တစ်ချောင်းကို နက်နက်ရှိုင်းရှိုင်းထိုးစိုက်လိုက်သကဲ့သို့ပင်။
“ သူ့ရဲ့ တာအိုအုတ်မြစ်ကို တကယ်ပဲ အကြီးအကဲက ဖျက်ဆီးလိုက်တာ ဟုတ်ရဲ့လား ”
အချိန်အတော်အတန်ကြာပြီးနောက် သူတို့ထဲမှ တစ်ယောက်က မရေရာဟန်ဖြင့် မေးလိုက်၏။
“ အကြီးအကဲက သူ့ရဲ့တာအိုအုတ်မြစ်ကို ဖျက်ဆီးလိုက်ရုံတင်မကဘူး သူ့ကိုယ်ထဲကနေပြီး အကောင်းပကတိရတနာတစ်ခုကိုလည်း ထုတ်ယူသွားတယ်လို့ ငါကြားတယ်… သူက အဲ့တုန်းက အခြေတည်အဆင့်ကိုရောက်ဖို့ နည်းနည်းပဲလိုတော့တာတဲ့ ”
အခြားတစ်ယောက်က ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားလိုက်သောအခါ မေးလိုက်သောသူသည် လေအေးများကို ရှူရှိုက်လိုက်၏။ ထိုအရာသည် မည်သို့ဆိုလိုကြောင်း သူရှင်းရှင်းလင်းလင်းသိပေသည်။ ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် ဝမ်ပေါင်လဲ့ ခံစားခဲ့ရမည့် မချိတင်ကဲဝေဒနာများကိုလည်း သူသိလေသည်။ ထိုဝေဒနာများသည် တွေး၍ပင်မရနိုင်သော နာကျင်မှုများဖြစ်၏။
ထိုဝေဒနာများကို ခံစားခဲ့ရသည်ပင် ဝမ်ပေါင်လဲ့သည် ထိုမျှအထိ တိုက်ခိုက်နိုင်ပေသေးသည်။ ထို့ကြောင့် ထိုလူငယ်လေးသည် သာမန်ပါရမီရှင်တစ်ဦးမဟုတ်ကြောင်း သူတို့သိရှိသွားလေသည်။ အကယ်၍ သူသာ အခြေတည်အဆင့်ကိူ အောင်အောင်မြင်မြင်ရောက်ရှိသွားလျှင် ပြည်ထောင်စုအတွင်း သူ၏ဂုဏ်သတင်းသည် ပို၍ ကြီးထွားသွားမည်ဖြစ်သည်။
“ သူက အခြေတည်အဆင့်ကို မရောက်ခဲ့တာတောင် အခြေတည်အဆင့်ကျင့်ကြံသူတွေနဲ့ တိုက်ရည်ခိုက်ရည်အတူတူပဲ… နှမြောစရာပဲ ”
ထိုနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူတို့နှစ်ဦးအကြားတွင် ထုတ်ပြောရန်မလိုသည့် စကားလုံးများ ရှိနေလေသည်။ ထိုစကားလုံးများမှာ ဝမ်ပေါင်လဲ့ ပိုင်ဆိုင်ထားသော ဓမ္မလက်နက်၏ အကြောင်းပင်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်တွင် ဓမ္မလက်နက်ကို တစ်ချက်မျှကြည့်လိုက်ရုံဖြင့် ဓမ္မလက်နက်ဖြစ်ကြောင်း သိနိုင်လေသည်။ ယခုတွင် ဝမ်ပေါင်လဲ့အနောက်သို့လိုက်သည်ကို လက်မလျှော့ရန် အကြောင်းပြချက် နောက်တစ်ခုရှိလာပေပြီ။ သို့သော် ဝမ်ပေါင်လဲ့၏ ဒူပေနာပေခံမှုနှင့် တိုက်ခိုက်မှုစွမ်းရည်များကို မြင်ခဲ့ရသဖြင့် သူ့အနီးသို့ ကပ်မသွားဘဲ လုံခြုံမှုရှိသော အကွာအဝေးမှသာလိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
“ သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာပဲ။ သူ့ရဲ့ ဝိညာဉ်ချီ အားနည်းလာတာကို ငါခံစားမိတယ်… ”
“ သူပိုပြီး အားနည်းလာမှ ငါတို့ သူ့ကိုသတ်ပစ်လိုက်မယ် ”
ထိုနှစ်ဦးသည် ကိုယ့်အကြံနှင့်ကိုယ် ရှိလေသည်။ သူတို့သည် ဝမ်ပေါင်လဲ့နောက်သို့ ခပ်ခွာခွာ လိုက်၍ သူတို့ကိုယ်သူတို့ အသင့်ပြင်ထား၏။ အကယ်၍ ဝမ်ပေါင်လဲ့သာ နောက်လှည့်၍ တိုက်ခိုက်ခဲ့ပါက သူတို့သည် ပြန်၍တိုက်ခိုက်မည်မဟုတ်ပေ။ သူတို့သည် အဝေးမှသာ စောင့်ဆိုင်းနေရန် ရွေးချယ်မည်ဖြစ်သည်။
သူတို့သည် ငတုံးများမဟုတ်ပေ။ ဓမ္မလက်နက်သည် မည်မျှပင် အဖိုးတန်စေကာမူ ဝမ်ပေါင်လဲ့၏ အခြေတည်အဆင့်ရှိသော တိုက်ခိုက်မှုစွမ်းရည်ကို သူတို့ ကောင်းကောင်းသိလေသည်။ ဓမ္မလက်နက်အတွက် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည့်သူများ ရှိနိုင်သော်လည်း ထိုကဲ့သို့လူများမှာ ရှားပါးပြီး အနည်းငယ်သာရှိလေသည်။ သူတို့သည် ဝမ်ပေါင်လဲ့နှင့် ရင်ဆိုင်ရာ၌ သေမသွားလျှင်ပင် နောက်မှလိုက်လာသော အခြားသူများနှင့် ရင်ဆိုင်ရလျှင် သေသွားနိုင်ပေသည်။
အထူးသဖြင့် ဆည်းဆာကြယ်စင်စုဂိုဏ်းမှလူများသည် မိမိအကျိုးကိုသာကြည့်တတ်သူများဖြစ်သည်။ အခြားသူများအတွက် အနစ်နာခံပေးသော ကိစ္စမျိုးကို မည်သည့်အခါမှလုပ်မည်မဟုတ်ချေ။
ထို့ကြောင့် အခြေတည်အဆင့်ကျင့်ကြံသူများသည် ထူးဆန်းသောအခြေအနေနှင့် ဝမ်ပေါင်လဲ့ထံမှ ထွက်ပေါ်နေသော ဝိညာဉ်ချီများကို သတိပြုမိသွားကာ ဝမ်ပေါင်လဲ့ထံတွင် ဓမ္မလက်နက်တစ်ခုရှိကြောင်း သိသော်လည်း ဝင်မတိုက်ခိုက်သေးဘဲ ခပ်လှမ်းလှမ်းမှလိုက်ကာ အခြေအနေကိုလေ့လာနေကြခြင်းပင်။
သို့သော် ထိုအထဲတွင် စိတ်လောကြီးသောသူအချို့လည်း ပါပေသည်။ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးသည် ဆက်၍စောင့်မနေနိုင်တော့ဘဲ ဝမ်ပေါင်လဲ့၏ ဝိညာဉ်ချီအားနည်းလာကြောင်း အာရုံခံမိလိုက်သောအခါ ချက်ချင်းတိုက်ခိုက်လိုက်သည်။ လေထဲတွင် ရုတ်ခြည်းပင် ဓားရောင်တစ်ချက်လက်သွားပြီး ကျယ်လောင်သောမြည်ဟည်းသံကြီးကို မြေကြီးကို နှစ်ခြမ်းခွဲပစ်မတတ် ထွက်ပေါ်လာလေသည်။ ထိုအခြေတည်အဆင့်ကျင့်ကြံသူ၏ ခေါင်းပြတ်ကြီးသည် လေထဲသို့လွင့်ထွက်သွားပြီး သူ၏ ခေါင်းမဲ့သွားသော ကိုယ်ခန္ဓာသည် မြေပေါ်သို့ လဲကျသွားတော့သည်။ အနောက်မှ လိုက်နေသော အခြား အခြေတည်အဆင့်ကျင့်ကြံသူ ရှစ်ယောက်၊ ကိုးယောက်တို့သည် တုန်လှုပ်သွားကြ၏။ သူတို့သည် သူတို့ကိုယ်သူတို့ ပြန်ထိန်းချုပ်လိုက်ကြသည်။ တချိန်တည်းမှာပင် သူတို့၏ မျက်လုံးများထဲတွင် ပြင်းပြသောအလိုဆန္ဒများ တောက်လောင်နေလေသည်။
သူတို့သည် ထိုသတင်းကို သူတို့၏လက်ထဲတွင်သာထားပြီး အမြုတေအဆင့်အကြီးအကဲထံ ပြန်၍ သတင်းမပို့ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် အခွင့်ကောင်းကိုစောင့်ရင်း ဝမ်ပေါင်လဲ့နောက်သို့ လိုက်နေကြ၏။
သူ့နောက်သို့ လိုက်နေသူများသည် မည်သို့ကြံနေကြောင်း ဝမ်ပေါင်လဲ့သိ၏။ သူ၏ မျက်လုံးများ အရောင်လက်သွားပြီး ထိုသူများကို လျစ်လျူရှုလိုက်သည်။ အမှန်တွင် လက်ရှိအခြေအနေသည် သူ့အတွက် အကျိုးရှိပေသည်။ သူသည် သူ၏ဓမ္မလက်နက်ကို ထုတ်ပြလိုက်ခြင်းမှာ ထိုကျင့်ကြံသူများကို ကြောက်သွားအောင် ခြောက်လှန့်မည့်ရည်ရွယ်ချက်အပြင် ထိုကျင့်ကြံသူများ၏ ဓမ္မလက်နက်ကို လိုချင်တပ်မက်မှုကို အသုံးချ၍ သူ့အတွက် အကျိုးရှိအောင်လုပ်ရန်လည်း ဖြစ်သည်။ သူတို့သည် သူရှိနေသောနေရာကို အမြုတေအဆင့်အကြီးအကဲထံ အလွယ်တကူသတင်းပို့မည်မဟုတ်ပေ။
သူတို့သည် ကိုယ်အကြံနှင့်ကိုယ်ဖြစ်သကဲ့သို့ ဝမ်ပေါင်လဲ့သည်လည်း သူ့အကြံနှင့်သူဖြစ်လေသည်။
တချိန်တည်းမှာပင် ထိုကဲ့သို့ အချိန်ဆွဲသည့်ဗျူဟာသည် ဝမ်ပေါင်လဲ့၏ အကြံနှင့် ကိုက်ညီ၏။ သူသည် ရှေ့သို့သွားနေရင်း မြေနိမ့်ပိုင်းသို့သွား၍ မှော်လမ်းကြောင်းမြူခိုးများကို ရှာဖွေနေလေသည်။
သူသည် ကြောက်ခမန်းလိလိ အားနည်းလာကြောင်း သိ၏။ အကယ်၍ သူသာ ထိုသူများ သူ့ကိုလာတိုက်မည့်အတိုင်းအတာအထိ အားမနည်းသေးခင် မှော်လမ်းကြောင်းမြူခိုးကို ရှာနိုင်ခဲ့ပါက သူ့အတွက် အချိန်ပိုရပေလိမ့်မည်။
အကယ်၍ သူသာ မှော်လမ်းကြောင်းမြူခိုးကို ရှာမတွေ့ခဲ့ပါက သူ စိုးရိမ်သွား၏။ သူ မည်သည့်နေရာသို့ရောက်နေကြောင်း သူ အတိအကျမသိတော့ပေ။ သို့သော် သူ၏တွက်ချက်မှုများအရ သူသည် လက်ရှိတွင် လကမ္ဘာအမှောင်ခြမ်း၏ နက်ရှိုင်းသောနေရာသို့ ရောက်နေခြင်းမဟုတ်သော်လည်း တာအိုကျောင်းတော်က မည်သည့်အကြောင်းနှင့်မှမဝင်ရန် မှာထားသော ကန့်သတ်နယ်မြေအနီးသို့ ချဉ်းကပ်လာပြီဖြစ်ကြောင်း သူသိလေသည်။
‘ အဲဒါကို ရှာတွေ့ရင် သိပ်ကောင်းမယ် … ’
ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။ သူပို၍ အားနည်းလာကြောင်း အာရုံခံမိလေသည်။ သူ ဆက်၍ရှာဖွေရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက် ဘယ်ဘက်မှနေ၍ လူရိပ်တစ်ရိပ်သည် သူ့ထံသို့ တုန်လှုပ်ဖွယ် အမြန်နှုန်းဖြင့် လာနေသည်ကို တွေ့လိုက်ရ၏။
ထိုလူသည် အလွန်အမင်း စိတ်လှုပ်ရှားနေပုံပေါ်၏။ ထိုလူ ချဉ်းကပ်လာသောအခါ ဝမ်ပေါင်လဲ့သာမကာ ဝမ်ပေါင်လဲ့အနောက်သို့ လိုက်နေသော အခြေတည်အဆင့်ကျင့်ကြံသူ ရှစ်ဦး၊ ကိုးဦးသည်လည်း ထိုလူကို သတိပြုမိသွားပြီး ထိုလူအပေါ်သို့ အာရုံရောက်သွားကြ၏။
တဒင်္ဂမျှကြာသောအခါ သူတို့သည် ထိုချဉ်းကပ်လာသောလူကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရ၏။ ထိုလူကား ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျိုးဖေပင်။
ကျိုးဖေသည် ထိုနေရာအနီးသို့ ရောက်လာနှင့် ချက်ချင်းဆိုသလို အော်ပြောလိုက်သည်။
“ အားလုံးပဲ ဆက်စောင့်မနေကြပါနဲ့တော့။ သူက မှော်လမ်းကြောင်းမြူခိုးကို ဘယ်လိုရှာမလဲဆိုတာကို သိနေပြီ။ ကျုပ်တို့သာ မြန်မြန် တစ်ခုခုမလုပ်ရင် သူက မှော်လမ်းကြောင်းမြူခိုးကို ရှာတွေ့သွားပြီး သူ့ကိုယ်သူ တည်နေရာရွှေ့ပြောင်းသွားလိမ့်မယ်။ အရင်တစ်ခေါက်ကလည်း အဲ့နည်းနဲ့ သူ ကျုပ်လက်ထဲက လွတ်သွားတာပဲ ”
ကျိုးဖေ၏စကားများကို ကြားလိုက်ရသောအခါ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူများ တုံ့ဆိုင်းသွား၏။ သူတို့၏ မျက်နှာထားများလည်း ပြောင်းလဲသွားသည်။ ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်သွား၏။ သူသည် ရင်ထဲတွင် သက်ပြင်း ခပ်သဲ့သဲ့ချလိုက်ပြီး ကျိုးဖေကို အေးစက်စက်စိုက်ကြည့်လိုက်လေသည်။ ကျိုးဖေသည် အလိုလောဘများပြည့်နှက်နေသောအကြည့်ဖြင့် ဝမ်ပေါင်လဲ့ထံ ပြေးဝင်သွားကာ စတင်တိုက်ခိုက်လိုက်လေတော့သည်။