Switch Mode

အခန်း ( ၂၆၅ )

လွတ်မြောက်ခြင်း

ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှလွဲ၍ အခြားသူများသည် ဝမ်ပေါင်လဲ့တစ်ယောက် လကမ္ဘာပေါ်တွင် မည်သည့်အရာများကို တွေ့ကြုံခံစားခဲ့ရသည်၊ မည်သည့်အရာများကို ဆုံးရှုံးခဲ့ရသည်ကို မသိကြပေ။ ဝမ်ပေါင့်လဲ့သည် ယခုအခါတွင် မည်မျှ သနားဖွယ်ကောင်းနေကြောင်း မည်သူမှမသိကြပေ။

‘သနားဖွယ်ကောင်းသည်’ ဟူသော စကားလုံးကိုသုံးခြင်းသည်ပင် လျှော့၍ပြောထားသည်ဟု ထင်ရပေသည်။ အမှန်တွင် ဝမ်ပေါင်လဲ့ကြုံတွေ့ခဲ့ရသည်မှာ အခြားသူများ တွေးပင်တွေးမကြည့်နိုင်သည့် အိပ်မက်ဆိုးတစ်ခုပင်ဖြစ်လေသည်။

ကျင့်ကြံသူတစ်ဦးဖြစ်သော အထူးသဖြင့် ပြည်ထောင်စုပျိုးပင်များအကြားတွင် အထင်ကြီးခံရသည့် ပါရမီရှင်တစ်ဦးဖြစ်သော ဝမ်ပေါင်လဲ့သည် သာမန်ပြည်ထောင်စုပျိုးပင်တစ်ယောက်မဟုတ်ဘဲ စစ်တပ်အတွင်းတွင်လည်း ကျော်ကြားသော ကြယ်ပွင့်တစ်ပွင့်ဖြစ်လေသည်။ တာအိုကျောင်းတော်ကြီးလေးကျောင်း၏ လက်ထောက်အဆောင်မှူးဖြစ်ပြီး သူနှင့်မျိုးဆက်တူ အခြားသူများနှင့်ယှဉ်လျှင် ပြိုင်ဘက်ကင်းဟု သတ်မှတ်နိုင်သောသူတစ်ယောက်ဖြစ်သည်။ ထိုဖော်ပြချက်သည် ပိုလွန်းသည်ဟု ထင်ရသော်လည်း အမှန်တရားနှင့် သိပ်မဝေးကွာချေ။

ထိုအရာများသည် ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည်နှင့် ဂုဏ်အရှိန်အဝါတို့၏ သက်သေသာဓကများပင်။ သို့သော် ထိုအရာများသည် ကမ္ဘာမြေပေါ်တွင်သာ အကျုံးဝင်လေသည်။ လကမ္ဘာပေါ်တွင်မူ ကွဲပြားသွားပေပြီ။ အချုပ်အနှောင်ကြီးသည် အမှောင်ထုကို ဖြစ်ပေါ်စေပြီး အလင်းထုကို အနိုင်ယူခဲ့ကာ စည်းမျဉ်းဥပဒေများကို ပျောက်ကွယ်သွားစေလေသည်။ ထို့ကြောင့် ထိုနေရာတွင် အင်အားကြီးသူသာ အသက်ရှင်နိုင်မည့် တောတွင်းစည်းမျဉ်းကို ကျင့်သုံးကြလေတော့သည်။

အာနာပါနအဆင့်ကျင့်ကြံသူတစ်ဦးသည် အမြုတေအဆင့်ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို မည်သို့ခံနိုင်ပါမည်နည်း။

အာနာပါနအဆင့်ကျင့်ကြံသူဖြစ်သော ဝမ်ပေါင်လဲ့အတွက် အရေးအကြီးဆုံးဖြစ်သည့် အခြေတည်အဆင့်သို့ တက်လှမ်းခြင်း လုပ်ငန်းစဉ်ကို အဘွားကြီး၏ တိုက်ခိုက်မှုက ပျက်ဆီးသွားစေလေသည်။ ထို့ပြင် ဝမ်ပေါင်လဲ့သည် အခြေတည်အဆင့်သို့ တက်လှမ်းရာတွင် သူ၏အကျိုးအပဲ့များကို အသုံးမပြုဘဲ ပြီးပြည့်စုံသော ရှားပါးပစ္စည်းတစ်ခုဖြစ်သည့် သုံးချောင်းထောက်ဒယ်စောက်အိုးလေးကို အသုံးပြုခဲ့ခြင်းပင်။

ထို့ကြောင့် သူနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းအကြားရှိ ရန်ငြိုးသည် ပို၍နက်ရှိုင်းလာလေတော့သည်။ သို့သော် ဝမ်ပေါင်လဲ့သည် မဆဲဆိုပေ။ ဆဲဆိုခြင်းဆိုသည်မှာ အားနည်းသူများသာလုပ်လေ့ရှိသော အရေးမပါသည့်အော်ဟစ်ခြင်းတစ်ခုဟု သူ ခံစားရလေသည်။

အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများမှ သင်ကြားမှုများသည် လွန်စွာအဓိပ္ပာယ်ရှိသည်ဟု သူခံစားရ၏။ သူသည် သူ၏ဝမ်းဗိုက်ကိုဖိ၍ လေးလေးပင်ပင် အသက်ရှူနေရ၏။ သူသည် တောအုပ်အတွင်း နှေးကွေးသောခြေလှမ်းများဖြင့် ထွက်ပြေးနေ၏။ ဆဲဆိုခြင်းမှလွဲ၍ သူ၏ခံစားချက်များကို ထွက်ပေါက်ပေးရန် အခြားနည်းလမ်းမရှိပေ။

‘ ငါမဆဲချင်သေးဘူး…ဒါပေမဲ့ ငါ ဆက်ပြီး အသက်ရှင်နိုင်ခဲ့မယ်ဆိုရင်… ဆည်းဆာကြယ်စင်စုဂိုဏ်း… ’
ဝမ်ပေါင်လဲ့သည် ပျော်ရွှင်မှုအရိပ်အယောင် တစိုးတစိမျှမပါသည့် မျက်နှာထားဖြင့် မနှစ်မြို့ဖွယ် ပြုံးလိုက်လေသည်။ သူ၏မျက်ဝန်းများအတွင်းရှိ အမုန်းတရားများသည် ယခင်ကနှင့်မတူတော့ပေ။ ထိုအခိုက်အတန့်တွင် သူသည် လုံးဝကွဲပြားသော အခြားသူတစ်ဦးဖြစ်လာသကဲ့သို့ပင်။

လူများသည် ပြောင်းလဲရန် ကွဲပြားသောအတွေ့အကြုံများကို ဖြတ်ကျော်ရလေသည်။ သူ့အတွက်လည်း ထိုသို့ပင်ဖြစ်မည်ဟု ဝမ်ပေါင်လဲ့ခံစားနေရသည်။ သူသည် မိုးသစ်တောအတွင်း သတ်ဖြတ်ခြင်းနှင့် အားကုန်သုံးခြင်းတို့ကို သင်ယူခဲ့သည်။ ကူးလောင်ချိုင့်ဝှမ်းတွင် ညီညွတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို သင်ယူခဲ့ရသည်။ ဤနေရာတွင်မူ သူ့တွင်ရှိသင့်သည့်အရာတစ်ခုဖြစ်သော နက်ရှိုင်းသည့်အမုန်းတရားကို သင်ယူခဲ့ရလေသည်။

ထိုအမုန်းတရားသည် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်မည့် သူ၏အခွင့်အရေးကိုလုယူသွားခြင်း၊ သူ့အား သေမင်းခံတွင်းဝသို့ရောက်အောင် တွန်းပို့ခြင်းနှင့် သူ၏အနာဂတ်ကို ဖျက်ဆီးခြင်းတို့ကြောင့် ထွက်ပေါ်လာသော အမုန်းတရားပင်။

ထိုစဉ် သူ၏ဝမ်းဗိုက်အတွင်းမှ သွေးများစီးကျလာသဖြင့် လက်ဖြင့်ဖိထားလိုက်ရသည်။ သူ အသက်ပြင်းပြင်းရှူလိုက်ပြီး သစ်ပင်တစ်ပင်တွင်မှီကာ သူ၏ဒဏ်ရာကို ငုံ့ကြည့်လိုက်သည်။ သူသည် သူ၏အူများကို မြင်နေရပြီး သူ၏လက်ကိုသာဖယ်လိုက်ပါက အူများသည် မြေပေါ်သို့ ထွက်ကျသွားမည်ဖြစ်သည်။

ထိုဒဏ်ရာမှနေ၍ သူ၏ကိုယ်တွင်းအင်္ဂါများအားလုံး ထွက်ကျသွားနိုင်သကဲ့သို့ပင်။

သူသည် ဒဏ်ရာကို လက်ဖြင့်ဖိထားသော်လည်း ဒဏ်ရာသည် အလွန်ပြင်းထန်သည်ဖြစ်ရာ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်က တစ်စထက်တစ်စ ပို၍အားနည်းလာသည်ကို ဝမ်‌ပေါင်လဲ့ခံစားနေရလေသည်။ သူ ယခုအထိအသက်ရှင်နေနိုင်ခြင်းမှာ အခြေတည်အဆင့်ရောက်ရန် ရှစ်ဆယ်ရာခိုင်နှုန်းပြီးမြောက်သွားခဲ့၍သာဖြစ်ပေသည်။ သို့သော် သူ၏ကျင့်ကြံခြင်းသည် ပြန်၍ကျဆင်းသွားပေသည်။

သူသည် အခြေတည်အဆင့်တွင် မရှိတော့ပေ။ သို့သော် သူ၏ဝါးမျိုခြင်းသစ်စေ့က အကောင်းအတိုင်းရှိနေသေးသဖြင့် သူလွတ်မြောက်သွားလျှင် မတည်မငြိမ်ဖြစ်နေသည့် ကျင့်ကြံခြင်းအဆင့်ကို အင်အားသုံး၍ တည်ငြိမ်အောင်လုပ်နိုင်ပေသည်။ ဝါးမျိုခြင်းသစ်စေ့ကြောင့်သာ သူ၏ ကျင့်ကြံခြင်းအဆင့်ကျဆင်းနှုန်းသည် နှေးကွေးနေခြင်းဖြစ်သည်။ သူ့အသက်သွေးကြောများ၏ သုံးဆယ်ရာခိုင်နှုန်းပျက်ဆီးသွားသော်လည်း ဝမ်ပေါင်လဲ့၏ ဝိညာဉ်အမြစ်သည် ရှစ်လက်မ မဟုတ်ဘဲ ဆယ်လက်မဖြစ်ကြောင်းကို မည်သူမှ မသိကြပေ။

သူလွတ်မြောက်သွားခဲ့ပြီး ကျင့်ကြံခြင်းအဆင့်ကို ပြန်တည်ငြိမ်အောင်လုပ်နိုင်ခဲ့ပါက ကျန်ရှိနေသေးသော သူ၏အသက်သွေးကြော ခုနစ်ဆယ်ရာခိုင်နှုန်းသည် သူ၏ကျင့်ကြံခြင်းအစွမ်းကို အားသုံး၍ ထုတ်လွှတ်နိုင်ပြီး သူ၏တိုက်ခိုက်စွမ်းရည်ကို အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး၏အဆင့်နှင့် ယှဉ်နိုင်သည်အထိ မြှင့်တင်နိုင်ပေသည်။

ထိုလုပ်ငန်းစဉ်သည် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ ဝမ်ပေါင်လဲ့သည် အခြေတည်အဆင့်သို့ရောက်ရန် ရှစ်ဆယ်ရာခိုင်နှုန်းသာပြီးမြောက်သေးပြီး သူ၏ဝိညာဥ်သွေးကြောသုံးဆယ်ရာခိုင်နှုန်းကိုလည်း ဖျက်ဆီးခံလိုက်ရကာ ဒဏ်ရာအပြင်းအထန်ရနေသူတစ်ဦး မဟုတ်ပါလော။ သို့သော် သူထုတ်သုံးနိုင်သော တိုက်ခိုက်စွမ်းရည်သည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးနှင့် အဆင့်တူနေပေပြီ။ အခြားတစ်နည်းဆိုရလျှင် သူ၏ဒဏ်ရာများသည် သူ၏ကျင့်ကြံခြင်းအဆင့်ကို အခြေတည်အဆင့်သို့ မြင့်တက်သွားစေသကဲ့သို့ပင်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ၏ကျင့်ကြံခြင်းအဆင့်သည် တဖြည်းဖြည်းလျှောကျသွားမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့ ရှင်းရှင်းလင်းလင်းသိလေသည်။ ထိုအခြေအနေသည် နာရီအနည်းငယ် သို့မဟုတ် ရက်အနည်းငယ်သာ ခံမည်ဖြစ်သည်။

‘ တာအိုကျောင်းတော်လေးကျောင်းက ငါ့ရဲ့အဖော်တွေကို ရှာတွေ့ရင်လည်း ဘာမှအသုံးဝင်မှာ မဟုတ်ဘူး။ ငါက အန္တရာယ်ကို သူတို့ဆီခေါ်သွားသလိုတောင် ဖြစ်နေလိမ့်မယ်။ လက်ရှိ ငါ့အတွက် အသက်ရှင်နိုင်မယ့်အခွင့်အရေးက အချိန်ပဲ… ငါသာ အချုပ်အနှောင်ကြီး ပျက်ဆီးသွားတဲ့အချိန်အထိ တောင့်ခံနိုင်ခဲ့ရင်၊ တာအိုကျောင်းတော်က စီနီယာတွေ ရောက်လာတဲ့အထိ တောင့်ခံနိုင်ခဲ့ရင်… ’
ဝမ်ပေါင်လဲ့ သူ၏ အသက်ရှူနှုန်းကို ပြန်၍ချိန်ညှိလိုက်သည်။ သူ၏ မျက်နှာသည် ဖြူဖျော့နေ၏။ သူသည် မကြာသေးခင်က ခိုကိုးရာမဲ့နေသကဲ့သို့ ခါးသက်သက်ခံစားနေရသော်လည်း သူလွတ်မြောက်လာနိုင်ခဲ့သဖြင့် သူ၏ အားငယ်နေသောစိတ်များသည် အားကောင်းသောရှင်သန်လိုစိတ်အဖြစ် ပြောင်းလဲသွားလေသည်။ သူ၏ရှင်သန်လိုစိတ်သည် သူခံစားခဲ့ရသော မျှော်လင့်ချက်မဲ့မှု အတိုင်းအတာအတိုင်း အားကောင်းနေပေသည်။

သူ အသက်မသေလိုပေ။ သူသည် သူ၏မိဘများနှင့် သူငယ်ချင်းများကို ခွဲမသွားလိုသေးပေ။ ထို့ပြင် သူသည် ပြည်ထောင်စုဥက္ကဋ္ဌဖြစ်မလာသေးသလို လက်စားလည်းမချေရသေးပေ။

‘ ငါတောင့်ခံထားမှရမယ်… ငါရဲ့ ဒဏ်ရာတွေကို ကုသပြီးတော့ မှော်လမ်းကြောင်းမြူခိုးကို ရှာရမယ်…. ’
ဝမ်ပေါင်လဲ့သည် ခေါင်းငုံ့၍ သူ၏ဒဏ်ရာများကို ကြည့်ကာ ခါးသက်သက်ရယ်မောလိုက်သည်။ သူဒဏ်ရာသည် လွန်စွာကြီးမားပြင်းထန်သဖြင့် ဆေးလုံးများဖြင့် ကုသ၍မရပေ။

ထိုကဲ့သို့သော ဒဏ်ရာများဖြင့် သူယခုထိရှင်သန်နေနိုင်သည်မှာပင် ဆန်းကြယ်မှုတစ်ခုဖြစ်နေပေပြီ။ သို့သော် သူ၏ထူးခြားသော ဝါးမျိုခြင်းသစ်စေ့က သူ့ဒဏ်ရာများ၏အန္တရာယ်ကို လျှော့ချပေးရာတွင် ကူညီနေကြောင်း သူသိလေသည်။

သူ့သိုလှောင်လက်ပတ်အတွင်းရှိ ဆေးလုံးများသည် ဒဏ်ရာကို အနည်းငယ်မျှပင် သက်သာလာစေမည်မဟုတ်ပေ။ ထိုသို့သာ ဆက်၍ရှိနေမည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်က သာမန်လူတစ်ယောက်အဖြစ်အထိ လျှောကျမသွားခင်မှာပင် သူ၏ခန္ဓာကိုယ်သည် ပျက်ဆီးသွားပေလိမ့်မည်။ ထို့နောက် သူသည် သွေးထွက်လွန်ခြင်း၊ ကျင့်ကြံခြင်းအစွမ်းများပျောက်ကွယ်သွားသဖြင့် ဒဏ်ရာပိုးဝင်ခြင်းတို့ကြောင့် သေဆုံးသွားမည်ဖြစ်သည်။

ရန်သူနှင့်တွေ့ခဲ့ရလျှင် ပို၍သေလမ်းနှင့် နီးသွားပေလိမ့်မည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ သူ၏ဝမ်းဗိုက်ကိုဖိထားသော လက်ကိုမြှောက်လိုက်ပါက အူများအခွေလိုက်ထွက်ကျလာမည်ဖြစ်သည်။ အူများထွက်မကျသွားစေရန် ဝါးမျိုခြင်းသစ်စေ့ကိုအသုံးပြု၍ စုပ်ယူထားခြင်းသည် ရေရှည်အတွက် အဖြေတစ်ခုမဟုတ်ပေ။

သူ့အတွက် အသက်ရှင်ရန် လမ်းတစ်လမ်းသာရှိတော့ကြောင်း ဝမ်‌ပေါင်လဲ့ သိလေသည်။

သို့သော် သူ့ခေါင်းအတွင်းသို့ ထိုအကြံဝင်လာစဉ်တွင် ဝမ်ပေါင်လဲ့သည် သူ၏အခြားလက်တစ်ဖက်ကို မြှောက်လိုက်ရာ လက်ထဲတွင် ဓားတစ်ချောင်းရုတ်ခြည်းပေါ်လာပြီး သူ၏ညာဘက်တွင်ရှိနေသည့် သစ်ပင်များအကြားမှ မမြင်ရသည့်အရာတစ်ခုကို ခုတ်ချလိုက်လေသည်။

အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်သော ကျင့်ကြံခြင်းအဆင့်ကို ထုတ်လိုက်ကာ ဓမ္မလက်နက်အပေါ်တွင် တိတိကျကျ အသုံးပြုလိုက်ခြင်းပင်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ယခင်ကထက် များစွာပို၍မြင့်မားနေရာ ဓမ္မလက်နက်ကို ပို၍ချောမွေ့စွာ ထိန်းချုပ်လာနိုင်ပေသည်။ ဓားချက်ကျသွားသောအခါ ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ဓားချက်သည် လူတစ်ရပ်စာနေရာတွင် ကျရောက်သွားခြင်းပင်။ အနက်ရောင်မိကျောင်းကြီးလည်း ထွက်ပေါ်လာပြီး အော်ဟစ်ကာ မျက်ဝန်းများထဲတွင် အလိုလောဘများရှိသော တောအုပ်အတွင်းရှိ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ တပည့်ကို တိုက်ခိုက်လိုက်သည်။

“ ဝုန်း ”
ထိုတပည့်၏ မျက်ဝန်းများထဲတွင် အလိုလောဘအရိပ်အယောင်များ ရှိနေပေးသည်။ သို့သော် သူ၏မျက်ခုံးနှစ်ဖက်အကြားတွင် အက်ကြောင်းတစ်ခုပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲသွားလေသည်။ ထို့နောက် ထိုပြတ်သွားသော ကိုယ်နှစ်ခြမ်းသည် မြေပေါ်သို့လဲကျသွားပြီး တစ်ခြမ်းစီမှနေ၍ သွေးများပန်းထွက်နေသည်။

အစမှအဆုံးအထိ ဝမ်ပေါင်လဲ့သည် ထိုသူကို တစ်ချက်ပင်မကြည့်ခဲ့ချေ။ သူ၏ ဓမ္မလက်နက်ကိုလည်း ဆက်ကိုင်မထားခဲ့ပေ။ သူသည် ဓားကြီးကို မြေကြီးပေါ်တွင် ထိုးစိုက်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ပြတ်သားသောအရိပ်အယောင်တစ်ခုပေါ်လာပြီး အသက်ရှူအောင့်လိုက်သည်။

သူသည် ရုတ်ခြည်းပင် ရုပ်သေးရုပ်လေးရုပ်ထုတ်လိုက်၏။

‘ တစ်ခုတည်းသော နည်းလမ်းက ဒီရုပ်သေးရုပ်တွေကို တစ်စစီဖြုတ်ပြီး ငါ့တစ်ကိုယ်လုံးကို ကာပေးနိုင်မယ့် ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းပစ်ရမယ်။ အဲ့လိုဆို ဒဏ်ရာကိုလည်း နည်းနည်းတော့ ဖိထားနိုင်မှာပဲ ’
ဝမ်ပေါင်လဲ့သည် တစ်ချက်မျှပင် တုံ့ဆိုင်းမနေခဲ့ပေ။ သူသည် ဆက်ပြေးနေသင့်ပြီး ထိုသို့ရပ်မနေသင့်ကြောင်း သိ၏။ သို့သော် သူ၏ဒဏ်ရာမှ အန္တရာယ်သည် ပို၍ကြီးပေသည်။ ထို့ကြောင့် သူသည် လက်တစ်ဖက်ဖြင့် ရုပ်သေးရုပ်များကို တစ်စစီဖြုတ်လိုက်လေသည်။

ကံအားလျော်စွာ သူသည် ဓမ္မလက်နက်အဆောင်၏ လက်ထောက်အဆောင်မှူးဖြစ်သဖြင့် ရုပ်သေးရုပ်များကို ကိုယ်တိုင်ပြုလုပ်ထားခြင်း ဖြစ်လေသည်။ သို့ဖြစ်ရာ သူ၏ ဓမ္မလက်နက်များအပေါ် နားလည်မှုနှင့် ရုပ်သေးရုပ်များနှင့် အကျွမ်းတဝင်ရှိမှုတို့ကြောင့် ကျင်လည်စွာ လုပ်ကိုင်နိုင်လေသည်။ မကြာခင် သူသည် ရုပ်သေးရုပ်များကို တစ်စစီဖြုတ်ပြီးသွားပေပြီ။ ထို့နောက် ထိုအစိတ်အပိုင်းများပေါ်တွင် ကမ္ပည်းစာအသစ်များ ထွင်းလိုက်ပြီး သူ၏ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ပုံစံပြောင်းလိုက်လေသည်။

ထိုမြင်ကွင်းသည် ဝမ်ပေါင်လဲ့ဖန်တီးထားသော အနုပညာတစ်ခုကဲ့သို့ပင်။ သူ ဓမ္မလက်နက်ကို သုံးလိုက်သည့်မြင်ကွင်း၊ သူ့ပတ်လည်တွင်ဝန်းရံနေသော မီးမုန်တိုင်းပညာရပ်၊ လကမ္ဘာအမှောင်ခြမ်းရှိ တောအုပ်နှင့် သူ၏ ဒဏ်ရာရနေသောခန္ဓာကိုယ်ကို နောက်ခံအဖြစ်ထားသော မြင်ကွင်းတစ်ခုလုံးကြောင့် ဓမ္မလက်နက်ဆရာတစ်ဆူပင် ဝမ်ပေါင်လဲ့ကို သတိပြုမိသွားပါက ရင်ထဲခံစားသွားရပေလိမ့်မည်။

မကြာမီ ဝမ်ပေါင်လဲ့၏ မျက်စိရှေ့တွင် ချပ်ဝတ်တစ်စုံပေါ်လာလေသည်။ ၎င်းသည် အနက်ရောင်ဖြစ်ပြီး အလွန် ခက်ထန်အေးစက်သည့် အသွင်ရှိ၏။ ၎င်း၏ အပြင်ကိုယ်ထည်တွင် လွန်စွာချွန်ထက်သော ဆူးချွန်များ သိပ်သည်းစွာကာထားသည်။ ထိုချပ်ဝတ်သည် စစ်ပွဲအတွက် ပြင်ဆင်ထားသော ချပ်ဝတ်တစ်စုံဟုပင် ဆိုနိုင်လေသည်။

ထိုလုပ်ငန်းစဉ်တစ်ခုလုံးသည် တစ်နာရီမျှ ကြာမြင့်ခဲ့၏။ ထိုချပ်ဝတ်သည် ဆယ်ပေမြင့်သော ဘီလူးအသေးလေးတစ်ကောင်ကဲ့သို့ ဝမ်ပေါင်လဲ့အရှေ့တွင် ရပ်နေလေသည်။ သူ့ရင်ထဲတွင် ခံစားချက်များ ထွက်ပေါ်လာ၏။

ဝမ်ပေါင်လဲ့သည် ၎င်းကို အပြည့်အဝကျေနပ်မှုမရှိသေးပေ။ သို့သော် သူ၏လက်ရှိအခြေအနေအရ ၎င်းသည် သူအကောင်းဆုံးလုပ်နိုင်သည့် အရာတစ်ခုပင်ဖြစ်လေသည်။ သူသည် ဒယိမ်းဒယိုင်ဖြင့် မတ်တပ်ရပ်လိုက်ပြီး လက်ဟန်များပြုလုပ်လိုက်သည်။ သူ၏ အရှေ့ရှိ ချပ်ဝတ်သည် ၎င်းဘာသာ လှုပ်ရှားသွားပြီး အပိုင်းအစများအဖြစ် ကွဲထွက်သွားကာ ဝမ်ပေါင်လဲ့ထံသို့ ချဉ်းကပ်သွားပြီး သူ့တစ်ကိုယ်လုံးကို ကာရံလိုက်လေသည်။

အရာအားလုံး ပြီးဆုံးသွားသောအခါ ဓမ္မလက်နက်လည်း ပြန်၍ပျောက်ကွယ်သွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကိုလည်း မမြင်ရတော့ပေ။ ကြီးမားသော သစ်ပင်ကြီးတစ်ပင်အရှေ့တွင် ရပ်နေသော ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူတစ်ဦးကိုသာ မြင်ရလေတော့သည်။

မျက်လုံးပေါက်သာပါသည့် အနက်ရောင် ခေါင်း‌ဆောင်းသည် သူ၏ဦးခေါင်းကို ကာရံထားပြီး အနက်ရောင်ချပ်ဝတ်သည် သူ၏တစ်ကိုယ်လုံးကို ကာရံထားကာ သူ့ဝမ်းဗိုက်ရှိ ဒဏ်ရာကို ဖိနှိပ်ထားလေသည်။ ထိုချပ်ဝတ်သည် သူ၏အရေပြားနေရာတွင် အစားဝင်လာသကဲ့သို့ သူ၏ အူများနှင့် ကိုယ်တွင်းအင်္ဂါများ အပြင်သို့ထွက်ကျသွားမည်ကို ကာကွယ်ပေးထားသည်။

တဖြည်းဖြည်း တိုးပွားလာသော အားနည်းမှုများ သိသိသာသာသက်သာသွားကြောင်း ဝမ်ပေါင်လဲ့ခံစားလိုက်ရသည်။ အကယ်၍ အားနည်းမှုသည် သူ့ထံသို့ လှိုင်းတပိုးထန်နေသော မြစ်တစ်စင်းကဲ့သို့ စီးဆင်းလာခြင်းဖြစ်ပါက ယခုခံစားချက်သည် တည်ငြိမ်အေးချမ်းသော စမ်းချောင်းလေးနှင့် ဆင်တူလေသည်။

ထိုသို့ ဝမ်ပေါင်လဲ့ ရပ်တန့်နေသည့်အခိုက်တွင် သာမန်ခြင်ကိုးကောင်သည် အဝေးမှနေ၍ သူ့ထံသို့ လူတစ်ယောက်၏ ပုံရိပ်တစ်ခုကို ပို့လွှတ်လိုက်၏။

ထိုလူရိပ်သည် သူ့အနီးတွင် မဟုတ်ချေ။ သို့သော် ထိုလူရိပ်ထံမှ အားကောင်းသော အခြေတည်အဆင့်ရှိသည့် အစွမ်းများ ထွက်ပေါ်နေသည်ကို ထင်ထင်ရှားရှား ခံစားနိုင်လေသည်။

ထိုလူက သူ့နေရာအတိအကျအား ရှာနိုင်ခဲ့သည်ကို သူ အံ့အားသင့်နေ၏။ အကယ်၍ သူ့ထံတွင် ရွေးချယ်စရာရှိခဲ့ပါက ထိုမျှအကြာကြီး ရပ်တန့်နေခဲ့မည်မဟုတ်ပေ။ သူ့ထံသို့လာနေသူမှာ အဘွားကြီးမဟုတ်ကြောင်း သိလိုက်ရသောအခါ သူ ဆွံ့အသွားပြီး သူ့မျက်ဝန်းများထဲ၌ အေးစက်စက်အလင်းတစ်ချက် ဖြတ်သန်းသွားလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset