သေခါနီးဆဲဆဲအချိန်တွင် မည်းမှောင်နေသော ကမ္ဘာကြီးထဲ၌ အလင်းတန်းတစ်ခုပေါ်လာသည်ကို မြင်ရလေ့ရှိသည်ဟု ဆိုစမှတ်ပြုကြ၏။ ထိုအလင်းတန်းမှာ မိမိတို့အား လမ်းညွှန်ပေးသောအရာဖြစ်ပြီး မိမိတို့၏ ခန္ဓာကိုယ်အား လေပေါ်သို့ မြောက်တက်လာစေပြီးနောက် ၎င်းနှင့် ပေါင်းစည်းသွားစေမည် ဖြစ်သည်။
ထိုကဲ့သို့ ပေါင်းစည်းသွားပြီလျှင် မိမိတို့၏ ခန္ဓာကိုယ်မှာ မည်သည့်နေရာသို့ ရောက်ရှိသွားမည်နည်း။ မိမိတို့၏ အသိစိတ်များမှာလည်း ကျန်ရစ်နေဦးမည်လော။ ထိုမေးခွန်းများ၏ အဖြေများကို သိထားသောလူများ ရှိနိုင်ပါသော်လည်း သူတို့မှာ ထိုလျှို့ဝှက်ချက်များကို ထုတ်ပြောနိုင်တော့မည်တော့ မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ထိုအလင်းတန်းကို မြင်နေရပြီဖြစ်သည်။ မည်းမှောင်နေသော ကမ္ဘာကြီးထဲတွင် အဘွားကြီး၏ ကြောက်မက်ဖွယ်ရာ မျက်နှာကြီးမှလွဲ၍ သူမြင်နေရသည့် တစ်ခုတည်းသောအရာမှာ ထိုအဖွားကြီး၏နောက်တွင် တိတ်တဆိတ် ပေါ်လာသော အလင်းတန်းတစ်ခုသာဖြစ်သည်။
ပို၍တိတိကျကျ ဆိုရမည်ဆိုလျှင် အလင်းတန်းတစ်ခုတည်း မဟုတ်ဘဲ အလင်းတန်းပေါင်းမြောက်မြားစွာ ရုတ်ခြည်း ပေါ်ထွက်လာခြင်းဖြစ်သည်။ ထို့အပြင် ခံ့ညားထည်ဝါပြီး အားပြင်းသော စွမ်းအားတစ်မျိုးမှာလည်း ထိုအလင်းတန်းများထဲမှ ထွက်ပေါ်လာ၏။
အရာအားလုံးကို ရှင်းရှင်းလင်းလင်း မမြင်ရပါသော်လည်း ထိုအလင်းတန်း ခုနစ်တန်း ရှစ်တန်းခန့်မှာ သူ့ဆီသို့ ဝဲပျံလာကြသော အရိပ်များဖြစ်ကြောင်း ဝမ်ပေါင်လဲ့ ခပ်ရေးရေး လှမ်းမြင်လိုက်ရ၏။ ၎င်းတို့၏ မျက်နှာများမှာ ပြောင်သလင်းခါနေကြသောကြောင့် ၎င်းတို့၏ ပုံစံကို အတိအကျ မြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ၎င်းတို့ဆီမှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ လဝိညာဉ်များ၏ အငွေ့အသက်များပင်လျှင် မယှဉ်နိုင်လောက်အောင် အစွမ်းထက်လွန်းနေ၏။
၎င်းတို့မှာ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် ဧရာမ ရှေးဟောင်းအလောင်းကောင်ကြီးပြီးလျှင် အစွမ်းအထက်ဆုံး သတ္တဝါများဖြစ်ကြသော ညနတ်ဆိုးများပင် ဖြစ်သည်။
ညနတ်ဆိုး တစ်ကောင်ချင်းစီ၏ ကျင့်ကြံခြင်းအဆင့်မှာ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အတူတူပင်ဖြစ်သည်။ ထို့အပြင် ညနတ်ဆိုးများမှာ အသက်မသေနိုင်သော ဝိသေသလက္ခဏာတစ်ခုကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ အချို့သော ညနတ်ဆိုးများဆိုလျှင် အမြုတေအဆင့် ထိပ်ဆုံးအဆင့်ရှိ ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်။ ထိုဝိသေသလက္ခာကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ၎င်းတို့အား ရှေးဟောင်းအလောင်းကောင်ကြီးထက်ပင် အတိုင်းအတာတစ်ခုအထိ ပို၍ကြောက်ရွံ့ရသည်။
ထိုရှေးဟောင်းအလောင်းကောင်ကြီး အိပ်မောကျနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး ၎င်းကို ရန်မစမိသရွေ့ နိုးထလာမည် မဟုတ်ပေ။ သို့သော် ညနတ်ဆိုးများသည်မူ အုပ်စုဖွဲ့၍ နေထိုင်လေ့ရှိကြသည် မဟုတ်ပါလော။ ပြည်ထောင်စုကြီးပင်လျှင် ၎င်းတို့၏ အရေအတွက်ကို အတိအကျမသိပေ။ ၎င်းတို့မှာ ခန့်မှန်းခြေအားဖြင့် အကောင်ငါးဆယ်ခန့်ရှိပြီး အချိန်အများစုတွင် လ၏ အမှောင်ဘက်ခြမ်း၌ နေထိုင်လေ့ရှိကြသည်ဟုသာ သိထားသည်။ ၎င်းတို့မှာ လ၏ အလင်းဘက်ခြမ်း၌ ပေါ်လာတတ်ပါသော်လည်း ထိုဖြစ်စဉ်များမှာ အလွန်အင်မတန်မှ ရှားပါး၏။
၎င်းတို့မှာ ကြီးမားသော အန္တရာယ်ကြီးတစ်ခုဖြစ်သည်။ ထို့အပြင် ၎င်းတို့မှာ သူစိမ်းများကို အလွန်အင်မတန်မှ မျက်မုန်းကျိုးပြီး သူစိမ်းများအား မြင်လိုက်ရပါက သူတို့အား မသတ်ရမချင်း အလျှော့ပေးကြမည် မဟုတ်ပေ။ သို့သော် ကံကောင်းသည့်အချက်မှာ ၎င်းတို့တွင် အမြုတေအဆင့် ကျင့်ကြံသူများကဲ့သို့ ဝိညာဉ်အာရုံခံနိုင်စွမ်းများ ရှိမနေသောကြောင့် ၎င်းတို့၏ မျက်လုံးများကိုသာ အားကိုးနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ သတိထားမိခြင်းကို မခံရပါက ထွက်ပြေးလွတ်မြောက်နိုင်ပေးသည်။
ထို ဝိသေသလက္ခဏာမှာ မျက်လုံးဖုတ်ကောင်ကြီးနှင့်ပင် ဆင်တူ၏။
ဝမ်ပေါင်လဲ့နှင့် အဘွားကြီးတို့ကို သူတို့ရှိရာဘက်သို့ ပျံဝဲလာကြသော ညနတ်ဆိုးများက သတိထားမိသွားကြသည့် ပုံပင်။ ထို့ကြောင့် ထို ညနတ်ဆိုးများမှာ ချက်ချင်းဆိုသလိုပင် ထိုအဖွားကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းလာကြတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့အား အသက်ထွက်အောင်ကန်ကျောက်နေသည့် အဘွားကြီးမှာ အံ့အားသင့်သွားပြီး သူမ၏ ကန်ချက်များကို ရပ်တန့်လိုက်၏။ သူမပင်လျှင် ညနတ်ဆိုးများကို ကြောက်ရွံ့ရပေသည်။ ညနတ်ဆိုး တစ်ကောင်တည်းသာဆိုလျှင် ကိစ္စမရှိပါသော်လည်း ယခုတွင်မူ အုပ်စုလိုက်ကြီး အနီးသို့ရောက်လာသည်ဖြစ်ရာ သူမမှာ ကြောက်ရွံ့တုန်လှုပ်သွားရတော့သည်။ သူမမှာ ညနတ်ဆိုးများ၏ လိုက်ခံဖမ်းဆီးခြင်းကို ခံ၍ မဖြစ်ကြောင်း သိထား၏။ အကယ်၍ ထိုသို့သာ လိုက်လံဖမ်းဆီးခံလိုက်ရမည်ဆိုပါက ထွက်ပြေးလွတ်မြောက်နိုင်ရန် ခက်ခဲသွားမည်ဖြစ်ပြီး သေချာပေါက် အသက်ဆုံးရှုံးလိုက်ရမည်သာဖြစ်သည်။
ညနတ်ဆိုးများ ပေါ်ပေါက်လာပြီး အဘွားကြီး ရပ်တန့်သွားသောအချိန်တွင် မျှော်လင့်ချက်များပျက်သုဉ်းကာ မျက်ဝန်းထဲတွင် ရူးသွပ်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည့် ဝမ်ပေါင်လဲ့မှာ ပင်ပန်းခက်ခဲကြီးစွာ ကြိုးစား၍ အသက်ရှူနေရာမှ ရပ်တန့်သွားပြီး မျက်လုံးပြူးကြီးများဖြင့် ငေးကြည့်နေမိတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ နုံးချည့်ကာ ဖော်ပြ၍မရနိုင်လောက်အောင် နာကျင်နေပြီး သူ၏ ဝမ်းဗိုက်ပေါ်ရှိ ဒဏ်ရာထဲမှလည်း သွေးစိမ်းများ အဆက်မပြတ် ဆက်လက်စီးထွက်နေသည့်တိုင်အောင် သူသည် အမည်မသိသော နေရာတစ်ခုမှ ခွန်အားများကို ရုတ်တရက်ဆိုသလို ပြန်လည်ရရှိသွား၏။ အမြုတေအဆင့်၏ ဖိနှိပ်ချုပ်တည်းမှုများ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားသောကြောင့်လားတော့ မသိပေ။ သူသည် အစွမ်းကုန်ကြိုးစား၍ မတ်တတ်ပြန်ထလာပြီး သူ၏ဗိုက်ကို လက်ဖြင့်ပိုက်ကာ နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားတော့သည်။
သူ၏ အသိစိတ်ထဲတွင် ထွက်ပြေးလွတ်မြောက်လိုသော အတွေးတစ်ခုသာ ကျန်ရှိတော့သည်။ ထိုနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်မှသာ သူ အသက်ရှင်နိုင်ခွင့် ရှိမည် ဖြစ်သည်။
” တောက်ကွာ ”
အကယ်၍ ချန်ဟွေ့သာ ဝမ်ပေါင်လဲ့ဆီ၌ ဓမ္မလက်နက်တစ်ခု ရှိနေကြောင်းကို သိမထားပါက ထိုအဘွားကြီးမှာ သူမ၏ မျက်ဝန်းထဲ၌ ပါမွှားတစ်ကောင် အဆင့်သာရှိသော အပြင်းအထန်ဒဏ်ရာရနေသည့် ဝမ်ပေါင်လဲ့အား ထပ်၍ တိုက်ခိုက်ခဲ့မည်မဟုတ်ပေ။ သို့သော် ထိုဓမ္မလက်နက်မှာ ထိုအဖွားကြီးအတွက်ပင် အလွန် မက်မောဖွယ်ရာကောင်းသော ပစ္စည်းတစ်ခု ဖြစ်နေ၏။
ထိုအဘွားကြီးမှာ နောက်မှလိုက်ဖမ်းချင်ပါသော်လည်း ညနတ်ဆိုး အဖွဲ့မှာ ရုတ်တရက်ဆိုသလို အရှိန်တင်လိုက်ပြီး သူမအား ဝိုင်းထားလိုက်ကြ၏။ ထို့ကြောင့် အဘွားကြီးမှာ အခက်တွေ့သွားရပြီး ဝမ်ပေါင်လဲ့နောက်သို့ ဆက်၍ မလိုက်နိုင်တော့ပေ။
ညနတ်ဆိုးများ၏ ကျင့်ကြံခြင်းအဆင့်မှာ အမြုတေအဆင့်မှ ကျင့်ကြံသူများနှင့် ယှဉ်နိုင်စွမ်းရှိနေသည် မဟုတ်ပါလော။ ထို့အပြင် ယခုတွင် ၎င်းတို့အားလုံးမှာ အတူတကွ ပေါင်းစည်းထားကြသည်ဖြစ်ရာ အဘွားကြီးပင်လျှင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည့် အနေအထားတွင် ရှိပေသည်။ ထို့ကြောင့် သူမမှာ ဝမ်ပေါင်လဲ့အပေါ် အာရုံမစိုက်နိုင်တော့ပေ။ လက်ရှိတွင် သူမအတွက် အရေးအကြီးဆုံးအချက်မှာ သူမကိုယ်သူမ ဘေးကင်းအောင်လုပ်ရန်သာ ဖြစ်သည်။
နာရီအနည်းငယ် ကြာပြီးနောက် အဘွားကြီးမှာ ဒဏ်ရာများ အပြင်းအထန်ရကာ ထွက်ခွာသွားတော့သည်။ သူမ၏ ပါးစပ်ထဲမှ သွေးစိမ်းများ စီးကျနေပြီး သူမ၏ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း နာကျင်ကိုက်ခဲကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်သည်။ သူမသည် ညနတ်ဆိုးများ၏ စုပေါင်းတိုက်ကွက်ထံမှ လွတ်မြောက်နိုင်ရန်အတွက် အဖိုးတန် နတ်ဘုရားရတနာ မြောက်များစွာကို အသုံးပြု၍ အခွင့်အရေးတစ်ခုကို ဖန်တီးခဲ့ရ၏။ ထိုအခါမှသာ ၎င်းတို့၏ လိုက်လံဖမ်းဆီးခြင်းကို ရှောင်တိမ်းနိုင်ခဲ့သည်။
ထို့နောက် သူမသည် လမ်းကြောင်းပြောင်း၍ ဝမ်ပေါင်လဲ့အား ဆက်လက်ရှာဖွေရန် ပြင်လိုက်ပါသော်လည်း သူမ၏နောက်ဘက်တွင် ညနတ်ဆိုးများ၏ ဟိန်းဟောက်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ထို့ကြောင့် သူမမှာ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထဲတွင် နောက်ထပ် ညနတ်ဆိုးလေးကောင် ထပ်မံပေါ်ပေါက်လာပြီး သူမဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရတော့သည်။
” တောက်။ ဘယ်လိုလုပ်ပြီးတော့ ညနတ်ဆိုးတွေ ထပ်ပေါ်လာရတာလဲ ”
အဘွားကြီးမှာ စိတ်ဆိုးမာန်ဆိုးနှင့် အံကြိတ်၍ လ၏ အလင်းဘက်ခြမ်းဆီသို့ ပြေးသွားလိုက်ရတော့သည်။ လမ်တစ်လျှောက်တွင်လည်း လ၏ အမှောင်ဘက်ခြမ်းရှိ ညနတ်ဆိုးများမှာ မည်သည့်အကြောင်းကြောင့်မှန်းမသိ သူမအား အငြိုးအတေးထားနေသည့်ပုံ ပေါက်နေသည်ဟု ခံစားနေရတော့သည်။
သို့သော် သူမမှာ ဝမ်ပေါင်လဲ့ ထွက်ပြေးလွတ်မြောက်သွားသောကြောင့် မကျေမချမ်းဖြစ်နေဆဲပင်။ ထို့ကြောင့် သူမသည် ညည်းတွားလိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းမှာ အသံလွှင့်လက်စွပ် မဟုတ်ပါသော်လည်း လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် ရှိနေသော မန္တန်အစီအရင်ထဲ၌ပင်လျှင် အသံထုတ်လွှင့်နိုင်စွမ်း ရှိပေသည်။ ၎င်းကို ဆည်းဆာကြယ်စင်စုဂိုဏ်းမှာ ၎င်း၏ အဖွဲ့ဝင်များနှင့်အတူ အခြားမျိုးစိတ်မှ တာအိုရောင်းရင်းများ၏ အကူအညီများကို ရယူကာ ဖန်တီးထားခြင်းဖြစ်သည်။
ထိုကဲ့သို့သော ကျောက်စိမ်းပေလွှာ အရေအတွက်မှာ အများကြီးမရှိသောကြောင့် ၎င်းတို့ကို အာနာပါနအဆင့် ကျင့်ကြံသူများအား မပေးထားပေ။ သို့သော် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့သည် လူများထဲတွင် အာနာပါနအဆင့်နှင့် အမြုတေအဆင့် ကျင့်ကြံသူများသာမက အခြေတည်အဆင့် ကျင့်ကြံသူ မြောက်မြားစွာလည်း ပါဝင်နေသည်မဟုတ်ပါလော။
ထို့ကြောင့် ထိုအဘွားကြီးမှာ အသံလွှင့်အကြောင်းကြားစာများကို အသုံးပြု၍ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့် ကျင့်ကြံသူများကိုစုဝေးကာ ဝမ်ပေါင်လဲ့အား တွေ့အောင်ရှာဖွေပြီး သုတ်သင်ရှင်းလင်းပစ်ရန် အမိန့်တစ်ခုထုတ်ပြန်လိုက်သည်။
” နင် ကံဆိုးတာပဲ။ နင် ထွက်ပြေးသွားတဲ့ဘက်ကာ ငါတို့ရဲ့ ဂိုဏ်းရှိနေတဲ့ လျှို့ဝှက်နေရာနဲ့ သိပ်မဝေးဘူး ”
ထိုအဘွားကြီး အမိန့်ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် လ၏ အမှောင်ဘက်ခြမ်းရှိ အခြေတည်အဆင့် ကျင့်ကြံသူများမှာ ချက်ချင်းပင် တုံ့ပြန်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ ဝင်းလက်သွားကြ၏။ သူတို့မှာ ဂိုဏ်းစောင့် အကြီးအကဲကြီး ပေးအပ်သောတာဝန်ကို ထမ်းဆောင်ရတော့မည်ဖြစ်၍ ပျော်ရွှင်နေကြသည်။
ထို့ကြောင့် ထိုအခြေတည်အဆင့် ကျင့်ကြံသူများမှာ ချက်ချင်းဆိုသလိုပင် စတင်လှုပ်ရှားလိုက်ကြတော့သည်။ သူတို့မှာ အာနာပါနအဆင့် ကျင့်ကြံသူအချို့ကိုပင် စုဝေးကာ သူတို့နှင့်အတူ ပူးပေါင်း၍ လိုက်လံရှာဖွေစေခဲ့၏။
တချိန်တည်းမှာပင် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ မဟာမိတ်ဖြစ်သော ငါးဆက်မြောက်ကောင်းကင်မျိုးဆက်မှ ဝမ်ပေါင်လဲ့အား လိုက်လံသတ်ဖြတ်ရန် ကြိုးစားခဲ့ဖူးသည့် ကျိုးဖေမှာလည်း သူ့ကို မမေ့နိုင်သေးသောကြောင့် လိုက်လံ ရှာဖွေနေဆဲပင်။ သူသည် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ သူ၏မိတ်ဆွေများကိုပင် ဆက်သွယ်၍ ဝမ်ပေါင်လဲ့အား ရှာတွေ့ပါက သူ့အား အကြောင်းကြားရန် အကူအညီ တောင်းထားသေးသည်။
ကျိုးဖေမှာ ထိုကဲ့သို့ရှာဖွေနေရင်း ထိုသတင်းကို ကြားလိုက်ရသောအခါ စိတ်ဓာတ်များ ပြန်လည်တတ်ကြွသွားသလို အနည်းငယ်လည်း စိုးရိမ်သွားရ၏။ သူသည် အခြားသူများက ဝမ်ပေါင်လဲ့အား သူ့ထက်အရင် ရှာတွေ့သွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော် သူသည် ထိုသတင်းကို ကြားသိလိုက်ရပြီးနောက် ဓမ္မလက်နက်အကြောင်းကို သိထားသောလူမှာ အများကြီးမရှိကြောင်း ရိပ်မိသွား၏။ ထို့ကြောင့် သူသည် အချိန်ဖြုန်းမနေတော့ဘဲ ထိုနေရာသို့ ချက်ချင်းပြေးသွားလိုက်တော့သည်။
ထိုသို့ဖြင့် လောဘစိတ်များနှင့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော ကြီးမားကျယ်ပြန့်သည့် ပိုက်ကွန်ကြီးတစ်ခုမှာ လ၏အမှောင်ဘက်ခြမ်းထဲရှိ တောနက်ကြီးပေါ်သို့ တဖြည်းဖြည်း အုပ်မိုးလာနေသကဲ့သို့ ဖြစ်နေတော့သည်။ အာနာပါနအဆင့် ကျင့်ကြံသူများနှင့် အခြေတည်အဆင့် ကျင့်ကြံသူများမှာ စုပေါင်း၍ ဝမ်ပေါင်လဲ့ကို လိုက်လံရှာဖွေကာ သုတ်သင်ရှင်းလင်းပစ်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။
ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အဖွဲ့ဝင်များမှလွဲ၍ တာအိုကျောင်းလေးကျောင်းနှင့် အခြားအဖွဲ့အစည်းများမှာ ထိုအကြောင်းများကို လုံးဝမသိကြသေးပေ။
သူတို့မှာ မန္တန်အစီအရင် အချုပ်အနှောင်ကြီးကို တိုက်ခိုက်ရန် အစွမ်းကုန်ထုတ်နေကြ၏။ ၎င်းအား ဖျက်ဆီးပစ်ရန် အချိန်အကြာကြီး ကြိုးစားခဲ့ပြီးနောက် နောက်ဆုံးတွင် အောင်မြင်သွားခဲ့သည့်ပုံပင်။ သိပ်မကြာခင် ထို မန္တန်အစီအရင်ကြီးမှာ လုံးဝပျက်စီးသွားတော့မည်ဖြစ်သည်။
အခြားအဖွဲ့အစည်းများ၏ ကြားတွင် ရောက်နေသော ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အဖွဲ့ဝင်များ၏ ပုံစံများမှာလည်း သံသယဖြစ်စရာ မရှိပေ။ သူတို့အားလုံးမှာ စိုးထိတ်နေသည့် အမူအရာများဖြင့် အခြားသူများနှင့် ပူးပေါင်းကာ မန္တန်အစီအရင်ကြီးကို ဖျက်ဆီးနိုင်ရန် ကြိုးပမ်းနေကြသည်။
ယခုလက်ရှိတွင် လမင်းကြီးမှာ မျက်လုံးဖြင့်မမြင်နိုင်သော ဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး အင်္ဂါဂြိုလ် ကိုလိုနီနယ်မြေမှ ကျင့်ကြံသူများမှလွဲ၍ ပြည်ထောင်စုကြီး တစ်ခုလုံးရှိ ထိပ်သီးအဆင့် ကျင့်ကြံသူများကို ဆွဲငင်နေသကဲ့သို့ပင် ဖြစ်နေတော့သည်။
အင်္ဂါဂြိုလ် ကိုလိုနီနယ်မြေမှာ ပြည်ထောင်စုကြီး၏ အရေးအပါဆုံး စခန်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ တာဝန်မှာ လပေါ်ရှိ ပြဿနာများကို ဖြေရှင်းရန်မဟုတ်သောကြောင့် ၎င်း၏ တပ်ဖွဲ့များကို တပ်ဖြန့်ထားခြင်းမရှိပေ။
သို့သော် လပေါ်တွင် စုဝေးနေကြသည့် အမြုတေအဆင့် ကျင့်ကြံသူများနှင့် အခြေတည်အဆင့် ကျင့်ကြံသူများ၏ အရေအတွက်မှာ အံ့သြမှင်တက်ဖွယ်ရာ ကောင်းလှပေသည်။ သူတို့၏ လုပ်ရှားမှုများမှာလည်း ပြည်ထောင်စုကြီး တစ်ခုလုံးထဲရှိ သတင်းဖြန့်ချိရေးဌာနများ၏ အဓိက အာရုံစိုက်စရာတစ်ခု ဖြစ်လာတော့သည်။
ယခုခေတ်တွင် အများပြည်သူ အဓိကအာရုံစိုက်ကြသည့် လူများမှာ ရုပ်ရှင်မင်းသားမင်းသမီးများ မဟုတ်တော့ဘဲ ကျင့်ကြံသူများသာ ဖြစ်နေကြသည်မဟုတ်ပါလော။
ထို့အပြင် လျှို့ဝှက်ဆန်းကြယ်လကမ္ဘာကြီး၏ ပြောင်းလဲမှုမှာလည်း ပြည်ထောင်စုကြီးတစ်ခုလုံးကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့၏။ လူပေါင်းမြောက်မြားစွာ စောင့်ကြည့်နေကြပြီး ကောလာဟလ အမျိုးမျိုးမှာလည်း အဆက်မပြတ် ထွက်ပေါ်နေကြ၏။ ဇာမဏီမြို့တော်ထဲတွင် ဝမ်ပေါင်လဲ့၏ မိဘများမှာ သတင်းများထဲတွင် ထုတ်လွှင့်နေသော လျှို့ဝှက်ဆန်းကြယ် လကမ္ဘာအကြောင်းများကို ကြည့်ရှုရင်း တုန်လှုပ်ချောက်ချားကာ မျက်နှာများ ဖြူဆုတ်နေကြတော့သည်။
” ယောက်ျားရေ… မိန်း… မိန်းမ ခေါင်းတွေမူးနေပြီ။ ညာဘက်မျက်ခွံတွေလည်း လှုပ်နေပြီ…. ပေါင်လဲ့လေး…. ဘယ်လိုတွေများ ဖြစ်နေမလဲ မသိဘူး… ”
ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူမှာ ချုံးပွဲချ ငိုထားပုံရပြီး မျက်လုံးများ နီမြန်းနေ၏။ သူမမှာ သတင်းများကို ကြည့်ရှုရင်း သူမကိုယ်သူမ မထိန်းနိုင်တော့ပဲ မျက်ရည်များ ထပ်ကျလာပြန်တော့သည်။
” ဒီကောင်လေးကွာ…. ဘာလို့ ကောင်းကင်တာအိုကျောင်းဆီ သွားတက်ပြီးတော့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာရတာလဲ။ သာမန်လူတစ်ယောက်လိုပဲ နေရင် ပိုမကောင်းဘူးလား ”
ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူမှာ မျက်ရည်လည်ရွဲနှင့် ညည်းတွားနေတော့သည်။ လတ်တလောအတွင်း သူမ၏ ရုပ်ရည်မှာ အိုစာသွားသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ လမင်းကြီးဆီသို့ ထွက်မသွားခင်တုန်းက ကောင်းကင်သစ်သီးများကို သူ၏ မိဘများ စားသုံးနိုင်စေရန် ပေးပို့ပေးဖို့ လျှိုတောက်ပင်းအား မှာကြားခဲ့၏။ သို့သော် သူမ၏ ရင်ထဲမှ သောကများနှင့် ဝမ်ပေါင်လဲ့အတွက် စိတ်ပူပန်မှုများကြောင့် သူမမှာ မျက်တွင်းများကျကာ အိုစာနေသည့်ပုံ ပါနေရခြင်းဖြစ်သည်။
” အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့ မိန်းမရာ။ ဝမ်ပေါင်လဲ့အကြောင်း မသိတာကျလို့။ သူက အပေါ်ယံမှာသာ ရိုးသားတဲ့ပုံ ပေါ်ပေမယ့် ဉာဏ်များတဲ့ လူတစ်ယောက်ပါ။ သူ ဘယ်တုန်းကများ ရှုံးဖူးလို့လဲ ”
ဝမ်ပေါင်လဲ့၏ ဖခင်ဖြစ်သူမှာလည်း သိသိသာသာ အိုစာသွားသည့်ပုံ ပေါက်နေ၏။ သို့သော် သူသည် သူ၏ သောကများကို ဖုံးကွယ်ကာ သူ၏ ဇနီးဖြစ်သူကို နှစ်သိမ့်ပေးနေ၏။
အမှန်တွင်မူ သူ၏ ညာဘက်မျက်ခွံသာ လှုပ်နေရုံသာမက သူ၏နှလုံးသားထဲတွင်လည်း စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်သော ခံစားချက်တစ်မျိုးဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူသည် အဖိုးတန်သောအရာတစ်ခုကို ဆုံးရှုံးရတော့မည့်အလား ခံစားနေရပြီး ထိုခံစားချက်ကြီးကြောင့် သူ၏မျက်နှာပေါ်ရှိ အရေးကြောင်းများပင်လျှင် ပို၍ထင်းလာရတော့သည်။
ကံဆိုးခြင်းတွေပြီးရင်ကံကောင်းခြင်းတွေလာမှာပါ