ချန်ဟွေ့သည် သူမ၏ဆရာစကားကို ကြားလိုက်ရသောအခါ နှလုံးခုန်မြန်လာပြီး မယုံနိုင်ဟန်ဖြင့် မျက်လုံးပြူးသွားလေသည်။ ထိုအချုပ်အနှောင်ကြီးသည် သူမ၏ဂိုဏ်းနှင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သော အရာဖြစ်မည်ဟု သူမ တစ်ခါမှမတွေးမိခဲ့ပေ။
ထိုကိစ္စ၏ နောက်ဆက်တွဲပြဿနာများသည် မည်မျှပြင်းထန်မည်ဖြစ်ကြောင်း သူမသိလေသည်။ ထိုကဲ့သို့ ပြုလုပ်ခဲ့သော ဂိုဏ်းသည် ပြည်ထောင်စုတစ်ခုလုံးကို စိန်ခေါ်လိုက်သကဲ့သို့ပင်။ ထိုကိစ္စပေါ်သွားလျှင် စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာနိုင်လေသည်။
သို့သော် ထိုအကြောင်းအရာများကိုသိသော်လည်း သူမ၏ဂိုဏ်းသည် ထိုကိစ္စထဲတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့ပေသည်။ သူမ၏ဂိုဏ်း၌ ကြီးမားသော အကြံအစည်များ ရှိနေကြောင်းကို သိသွားသောအခါ ချန်ဟွေ့ အံ့ဩတကြီး ပင့်သက်ရှိုက်လိုက်မိလေသည်။
အဘွားအိုသည် ဆက်၍ ပြောမနေတော့ပေ။ သူမသည် ချန်ဟွေ့ကို ဆေးလုံးအနည်းငယ်ပေး၍ ဝိညာဉ်ချီအရင်းအမြစ်အကြောင်းကို အသေးစိတ်မေးလိုက်သည်။ ထိုအရင်းအမြစ်သည် သုံးချောင်းထောက်ဒယ်စောက်အိုးလေးဖြစ်ကြောင်း သိရှိပြီးသောအခါ သူမသည် နောက်လှည့်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ဝမ်ပေါင်လဲ့တစ်ယောက် အခြေတည်အဆင့်သို့ တက်လှမ်းနေသောနေရာကို ဦးတည်ပျံသန်းသွားလိုက်လေသည်။
သူမသည် အလွန်လျင်မြန်ရာ လေသံ၊ မိုးခြိမ်းသံများ ကျယ်လောင်စွာ မြည်ဟည်းသွားပြီး ကောင်းကင်ပေါ်တွင် ပြောင်းလဲမှုများဖြစ်သွားကာ အရပ်မျက်နှာအနှံ့သို့ ကျယ်လောင်သောဆူညံသံများ ပဲ့တင်ထပ်သွားလေသည်။ ထိုအခြင်းအရာများကို ကျင့်ကြံသူအများအပြား သတိပြုမိလိုက်ကြသည်။ ကောင်းကင်ပေါ်ရှိ အဘွားအိုကို မြင်လိုက်သောအခါ လူအားလုံး၏ နှလုံးသားများထဲတွင် ခံစားချက်များ ဗလောင်ဆူသွားကြလေသည်။
“ အမြုတေအဆင့် ”
“ ဘုရားရေ… အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး… လကမ္ဘာပေါ်မှာ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ပေါ်လာတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ”
“ အချုပ်အနှောင်က ပျက်မသွားသေးပါဘူး.. ဒါပေမဲ့ ဒီကို အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ရောက်နေပြီလား ”
ထိုအဘွားအိုမြင်လိုက်ရသော ကျင့်ကြံသူအားလုံးသည် အံ့ဩတုန်လှုပ်သွားကြပြီး အသက်ရှူမြန်လာလေတော့သည်။ လကမ္ဘာပေါ်တွင် သူတို့တွေးတောနိုင်သည်ထက် ပိုသောကိစ္စများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသည်ဟု သူတို့ခံစားလိုက်ရ၏။ ထိုကိစ္စများ မည်သို့ပြီးဆုံးသွားမည်ကို မည်သူမှ သေချာမသိနိုင်ပေ။ သူတို့ရင်ထဲရှိ အကြောက်တရားများသည် ဖော်ပြ၍မရနိုင်သောအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
အဘွားအိုသည် တုန်လှုပ်သွားသော အာနပါနအဆင့်ကျင့်ကြံသူလေးများကို ဂရုပင်မစိုက်သည့်အပြင် သူမ၏အရှိန်ကိုလည်း တစိုးတစိမျှ မလျှော့ခဲ့ချေ။ သူမပြုလုပ်နေသော ပြင်ဆင်မှုများသည် ပြီးဆုံးတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ သူမအနေဖြင့် ပုန်းအောင်းနေရန် မလိုတော့ပေ။ ထို့ကြောင့် သူမသည် သူမ၏တပည့်ကို ပေါ်ပေါ်ထင်ထင် ရှာခဲ့ခြင်းပင်။ အကောင်းပကတိရတနာအကြောင်းကို ကြားလိုက်ရသောအခါ သူမဝမ်းသာသွား၏။
‘ အဲ့သုံးချောင်းထောက်ဒယ်စောက်အိုးလေးက ငါတို့ ဟွေ့အာ အခြေတည်အဆင့်ကိုရောက်နိုင်ဖို့အတွက် အကောင်းဆုံးပစ္စည်းပဲ ’
တစ်ဖက်တွင်လည်း ဝမ်ပေါင်လဲ့သည် ဂူထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ၏ရင်ထဲတွင် မျှော်လင့်ချက်များ၊ စိုးရိမ်မှုများနှင့် ပြည့်နှက်နေလေသည်။ သူသည် အခြေတည်အဆင့်သို့ အလျင်အမြန် တက်လှမ်းနိုင်နေ၏။
အခြေတည်အဆင့်သို့တက်လှမ်းရန် ပစ္စည်းတစ်ခုကို အသုံးပြုခြင်းတွင် အဆင့်နှစ်ဆင့်ပါဝင်လေသည်။ ပထမအဆင့်သည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ဖြစ်သည်။ ထိုအဆင့်တွင် လုံလောက်သောအကျိုးအပဲ့များကို အသုံးပြု၍ သို့မဟုတ် အကောင်းပကတိ ပစ္စည်းများကို အသုံးပြု၍ ထိုပစ္စည်းများကို မိမိ၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားဖြင့် လွှမ်းခြုံကာ ၎င်းတို့ကို အားလျော့သွားအောင် လုပ်ရပေမည်။ ထိုသို့ပြုလုပ်ရခြင်းသည် ၎င်းတို့၏ ဝိညာဉ်ချီများနှင့် မိမိ၏ ဝိညာဉ်ချီကို ပေါင်းစည်းရန်ဖြစ်ပြီး ထိုသို့ပေါင်းစည်းပြီးနောက် ၎င်းတို့ကို ကိုယ်တွင်းသို့စုပ်ယူကာ မိမိ၏ ဒန်ထျန်အတွင်းသို့ နစ်ဝင်သွားစေရမည်ဖြစ်သည်။
ဒုတိယအဆင့်သည် ဇီဝအခြေတည်အဆင့်ပင်။
ဇီဝအခြေတည်အဆင့်ဆိုသည်မှာ ထိုပစ္စည်းများကို မိမိ၏ အသွေးအသားများအဖြစ် ပြောင်းလဲပစ်ခြင်းဖြစ်ပြီး ကိုယ်ထဲတွင် ထိုပစ္စည်းများဖြင့် အလုံးစုံပေါင်းစည်းရမည့် အဆင့်ပင်။ ထို့နောက် ၎င်းတို့ကို အသုံးပြု၍ အခြေတည်ကျောက်တုံးကို တည်ဆောက်ရပေမည်။
‘တည်’ ဟူသောစကားလုံးသည် တည်ဆောက်ခြင်းကို ဆိုလိုပေသည်။ ‘အခြေ’ဟူသောစကားလုံးသည် ထိုပစ္စည်းများကို ဆိုလိုခြင်းပင်။
အလွယ်ပြောရမည်ဆိုလျှင် အခြေတည်အဆင့်ဆိုသည်မှာ လူတစ်ဦး၏ခန္ဓာကိုယ်ထဲတွင် အင်္ဂါအစိတ်အပိုင်းအသစ်တစ်ခုကို တည်ဆောက်ခြင်းဖြစ်လေသည်။ ထိုအင်္ဂါအစိတ်အပိုင်း၏ ရည်ရွယ်ချက်သည် ကျင့်ကြံသူ၏ ဇီဝဖြစ်စဉ်များကို တိုးမြှင့်ပေးရန်ပင်။
အခြေတည်အဆင့်ရောက်သွားလျှင် ကိုယ်တွင်းရှိ ဝိညာဉ်ချီအရင်းအမြစ်သည် မှီတွယ်ရာရှိလာမည်ဖြစ်ပြီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဝိညာဉ်ချီအရင်းအမြစ် ဝဲကတော့ကြီးအဖြစ် ပြောင်းလဲလိုက်မည်ဖြစ်သည်။ ထိုအခါ ကျင့်ကြံသူသည် ကောင်းကင်နှင့် မြေကြီး၏ အစွမ်းများကို စုပ်ယူနိုင်သည့်စွမ်းရည်ရှိလာပြီး အာကာသစကြဝဠာကြီး၏ အစွမ်းများကို လက်ခံနိုင်သည့် အခြေတစ်ခု ဖြစ်လာပေမည်။
ထိုအဆင့်ကို အောင်မြင်သွားလျှင် သဘာဝဇီဝဖြစ်စဉ်များ၊ မန္တန်များနှင့် အခြားအရာအားလုံးတို့သည် ထင်ထင်ရှားရှား ပြောင်းလဲသွားမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့သည် သူ၏ကိုယ်ပိုင်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ကာ ဒယ်စောက်အိုးလေးကို လွှမ်းခြုံလိုက်ပြီးနောက် လက်ဟန်များ ထပ်မံဖော်လိုက်ပြီး တာအိုကျောင်းတော်မှ သင်ကြားပေးထားသည့် နည်းလမ်းအတိုင်း ဝိညာဉ်ပေါင်းစည်းခြင်းကို စတင်လိုက်လေသည်။
တဖြည်းဖြည်းဖြင့် ဒယ်စောက်အိုးလေးသည် သူ၏ဝိညာဉ်စွမ်းအားများထဲတွင် နစ်မြုပ်နေပြီး အလင်းများတောက်ပလာလေသည်။ ထို့နောက် ထွင်းဖောက်မြင်နိုင်သည့်အရာတစ်ခုအဖြစ်ပြောင်းလဲသွားကာ နောက်ဆုံးတွင် မျက်စိဖြင့် မမြင်နိုင်တော့သည်အထိ ဖြစ်သွားလေသည်။ ထိုသို့ဖြစ်သွားသောအခါ ဝမ်ပေါင်လဲ့သည် စိတ်ပြင်းပြသောမျက်ဝန်းများဖြင့် ပါးစပ်ဟကာ ၎င်းကိုစုပ်ယူလိုက်လေတော့သည်။ ရုတ်ခြည်းပင် သူထုတ်လွှတ်ထားသော ဝိညာဉ်စွမ်းအားများသည် မမြင်နိုင်တော့သော ဒယ်စောက်အိုးလေးကို သယ်ဆောင်လာပြီး သူ့ပါးစပ်အတွင်းသို့ လျင်မြန်စွာဝင်သွားလေသည်။
ဝမ်ပေါင်လဲ့သည် ဂျယ်လီတစ်တုံးကို မျိုချလိုက်ရသကဲ့သို့ ရုတ်တရက်ခံစားလိုက်ရ၏။ ၎င်းသည် ချေမွေ့နေပြီး သူမျိုချလိုက်သောအခါ သူ့ပါးစပ်အတွင်းရှိ ဝိညာဉ်စွမ်းအားများသည် သူ၏ဒန်ထျန်အတွင်း ဝင်သွားလေသည်။
သူ၏ဒန်ထျန်ထဲတွင် ဒယ်စောက်အိုးလေးသည် ၎င်း၏ ပုံစံကို တဖြည်းဖြည်းပြန်၍ပေါ်လာ၏။ ၎င်းသည် ဖောက်ထွင်းမြင်ရသည့်အရာတစ်ခုမဟုတ်တော့ပေ။ ၎င်းသည် ဝါးမျိုခြင်းသစ်စေ့အတွင်း၌ အဆုံးမရှိမျောလွင့်နေပေသည်။
ထိုဒယ်စောက်အိုးလေးသည် အခြေတည်အဆင့်သို့ တက်လှမ်းရာတွင် သင့်တော်သော ပြီးပြည့်စုံသည် အကောင်းပကတိရတနာတစ်ခုပင်။
‘ ငါ ပထမအဆင့်ကိုတော့ လွယ်လွယ်ကူကူ လုပ်နိုင်လိုက်ပြီ ’
ဝမ်ပေါင်လဲ့ စိတ်လှုပ်ရှား တက်ကြွသွားသည်။ ကောင်းကင်တာအိုကျောင်းတော်မှ ရရှိထားသော ပထမအဆင့်အကြောင်း သတင်းအချက်အလက်များအရ အကျိုးအပဲ့အခုနှစ်ဆယ်ကို ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် တစ်ခုနှင့်တစ်ခု အံကိုက်ဖြစ်အောင် စုပ်ယူရန်မလွယ်ကူကြောင်း သူသိလေသည်။
ထို့ပြင် ထိုအဆင့်တွင် အခြားအမှားများကို မပြုလုပ်မိစေရန် ထိုဖြစ်စဉ်တစ်လျှောက်လုံး၌ သတိကြီးကြီးထား၍ ဂရုတစိုက် ရှိနေရမည်ဖြစ်သည်။ အခြေတည်အဆင့်သို့ တက်လှမ်းရန် ကျဆုံးသွားခြင်းသည် နောက်ဆက်တွဲဆိုးကျိုးအသေးလေးသာဖြစ်သည်။ ထိုဖြစ်စဉ်အတွင်း ကျင့်ကြံသူ၏ အသက်သွေးကြောများနှင့် ဒန်ထျန်ကိုသာ ထိခိုက်သွားပါက အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိလေသည်။
ထို့ကြောင့် ထိုဖြစ်စဉ်တစ်လျှောက်လုံးအတွင်း၌ ခန္ဓာကိုယ်လှုပ်ရှား၍မရခြင်းပင်။ သို့ဖြစ်ရာ အခြေတည်အဆင့်သို့ တက်လှမ်းရာတွင် အလွန်လုံခြုံသောနေရာတွင်သာ တက်လှမ်းသင့်ပေသည်။
ဝမ်ပေါင်လဲ့သည် အကောင်းပကတိရတနာတစ်ခုတည်းဖြင့်သာ ပေါင်းစည်းနေခြင်းဖြစ်သော်လည်း ခန္ဓာကိုယ်ကို လှုပ်ရှား၍မရပေ။ ထိုအချိန်တွင်လည်း မလိုအပ်ဘဲ မလှုပ်ရှားသင့်ဟု သူခံစားနေရလေသည်။ မဟုတ်လျှင် သူ၏ကိုယ်တွင်းရှိ ပေါင်းစည်းထားသည်မှာ မကြာသေးသော ဒယ်စောက်အိုးလေးသည် မတည်မငြိမ်ဖြစ်သွားပြီး ၎င်းထဲမှနေ၍ ဝိညာဉ်ချီများ ထွက်ပေါ်လာနိုင်ပေသည်။ ထိုအခါ သူ၏ခန္ဓာကိုယ်သည် ဝိညာဉ်ချီပူဖောင်းတစ်လုံးကဲ့သို့ ဖြစ်လာပြီး ပေါက်ကွဲထွက်သွားပေလိမ့်မည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့သည် မကြာသေးခင်က အခြေတည်အဆင့်သို့ မတက်လှမ်းဝံ့ခဲ့ခြင်းပင်။ သူလုံခြုံပြီဟု ခံစားရသောအချိန်မှ အခွင့်အရေးကို အသုံးချ၍ အခြေတည်အဆင့်သို့ တက်လှမ်းခဲ့ခြင်းဖြစ်လေသည်။ သူ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ခန္ဓာကိုယ်ကို မလှုပ်မရှားနေလိုက်ပြီး သူ၏ဒန်ထျန်နှင့် ပေါင်းစည်းသွားသည့် ဒယ်စောက်အိုးလေးကို တည်ငြိမ်သွားအောင် လုပ်လိုက်သည်။ ထို့နောက် သူသည် ဒုတိယအဆင့်ကို စတင်လိုက်၏။ ထိုအဆင့်သည်လည်း အခြေတည်အဆင့်သို့တက်လှမ်းရာတွင် အရေးကြီးသောအဆင့်တစ်ဆင့်ပင်။
အကယ်၍ ပထမအဆင့်တွင်သာ အဆင်ပြေချောမွေ့ခဲ့ပါက ဒုတိယအဆင့်တွင်လည်း ပို၍ပင် အဆင်ပြေချောမွေ့ပေလိမ့်မည်။ သို့သော် အနှောင့်အယှက်အသေးလေးတစ်ခုပင် ဝင်ခဲ့ပါက ထိုဒယ်စောက်အိုးလေးကို မိမိ၏ အင်္ဂါအစိတ်အပိုင်းအဖြစ် ပြောင်းရန်အတွက် ၎င်းကို မိမိအသွေးအသားများဖြင့် ပေါင်းစည်းမည့် ဇီဝအခြေတည်အဆင့်သည် ကျရှုံးသွားမည်ဖြစ်သည်။
ထို့ကြောင့် သူသည် အနှောင့်အယှက်ခံ၍ မရပေ။
ဝမ်ပေါင်လဲ့သည် ဂူအပြင်ဘက်တွင် လှည့်ပတ်စောင့်ကြပ်နေသော သူ၏ခြင်များထံသို့ အမိန့်များ ပို့လွှတ်လိုက်ပြီး မည်သူမှ ထိုဂူအနားသို့ ကပ်မလာစေရန် ကာကွယ်ခိုင်းလိုက်သည်။ ထို့နောက် သူသည် စိတ်အာရုံကိုစုစည်းလိုက်ပြီး တာအိုကျောင်းတော်က သင်ကြားပေးထားသည့်အတိုင်း ဒယ်စောက်အိုးလေးကို သူ၏အသွေးအသားများနှင့် ပေါင်းစည်းလိုက်လေသည်။
အခြေတည်အဆင့်သို့ တက်လှမ်းရန်အတွက် အကောင်းပကတိရတနာကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးသည် သိသာထင်ရှားပေသည်။ ထိုဖြစ်စဉ်တစ်ခုလုံးသည် လွန်စွာချောမွေ့နေ၏။ ဝမ်ပေါင်လဲ့၏ အသွေးအသားများသည် ဒယ်စောက်အိုးလေးနှင့် အလျင်အမြန် ပေါင်းစည်းလာနိုင်ခဲ့ပြီဖြစ်သည်။ ငါးမိနစ်ကြာပြီးနောက် ပေါင်းစည်ခြင်းသည် သုံးဆယ်ရာခိုင်နှုန်းပြီးမြောက်ခဲ့ပေပြီ။
တဖြည်းဖြည်းဖြင့် လေးဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်း၊ ခြောက်ဆယ်ရာခိုင်နှုန်းအထိ ပြီးမြောက်လာ၏။
အချိန်များကုန်ဆုံးလာပြီး ပေါင်းစည်ခြင်းသည်လည်း တဖြည်းဖြည်း တိုးတက်လာပေသည်။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းသည်လည်း အားကောင်းလာ၏။ အကယ်၍ အကျိုးအပဲ့များကို အသုံးပြု၍ အခြေတည်အဆင့်ကို တက်လှမ်းခဲ့သူများသာ သူ့ကိုတွေ့ခဲ့လျှင် အကြီးအကျယ်အံ့အားသင့်သွားမည်ဖြစ်သည်။ ခြောက်ဆယ်ရာခိုင်နှုန်းအထိ ပေါင်းစည်းပြီးသွားသောအခါ ဝမ်ပေါင်လဲ့ကိုယ်မှနေ၍ အကျိုးအပဲ့များကို အသုံးပြုကာ အခြေတည်အဆင့်ရောက်ရှိပြီးသွားသည့် သူတစ်ဦး၏ အရှိန်အဝါများနှင့် ဆင်တူသော အားကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်နေပြီဖြစ်သည်။
ပေါင်းစည်းခြင်းသည် ထိုမျှဖြင့်ပင် မရပ်တန့်ပေ။ တဖြည်းဖြည်းဖြင့် ပေါင်းစည်းခြင်းသည် ခုနှစ်ဆယ်ရာခိုင်းနှုန်းမှနေ၍ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်သွားလေသည်။
ပေါင်းစည်းခြင်း တိုးတက်လာသကဲ့သို့ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းသည်လည်း အံ့အားသင့်ဖွယ်အမြန်နှုန်းဖြင့် သိသိသာသာ တိုးတက်လာလေသည်။ သူ၏အသွေးအသားများနှင့် သူ၏ဝိညာဉ်သည် ထိုဒယ်စောက်အိုးလေးနှင့် ပေါင်းစည်းခြင်းဖြစ်စဉ်အတွင်းတွင် ဆင့်ကဲပြောင်းလဲသွားပုံပင်။ တချိန်တည်းမှာပင် ထိုဒယ်စောက်အိုးလေးမှနေ၍ မှတ်ဉာဏ်များနှင့် ရှေးခေတ်မြင်ကွင်းများ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ စိတ်ထဲသို့ တိုးဝင်သွား၏။
ထိုမြင်ကွင်းပုံရိပ်များသည် လွန်စွာများပြားရာ ဝမ်ပေါင်လဲ့သည် အကုန်လုံးကို သေချာမကြည့်နိုင်ခဲ့ပေ။ သူ၏စိတ်ထဲတွင် မကြာခဏပေါ်ပေါက်လာသော ပုံရိပ်မှာ ဝေဝါးနေသော လူရိပ်အများအပြား ဝန်းရံဆုတောင်းနေကြသည့် ဧရာမယဇ်ပလ္လင်ကြီး၏ ပုံရိပ်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့ သတိပြုမိလိုက်၏။ ထိုဆုတောင်းနေသူများအကြားတွင် သူတို့၏အရှိန်အဝါဖြင့်ပင် ဝမ်ပေါင်လဲ့ကို ကြောက်ရွံ့သွားအောင်လုပ်နိုင်သည့် လူအများအပြားပါဝင်လေသည်။ ထိုသူများ၏ ကျင့်ကြံခြင်းအဆင့်ကို သူ မသိသော်လည်း ထိုသူများ၏ အကြည့်တစ်ချက်သည်ပင် သူ့ကိုအလုံးစုံပျက်သုဉ်းသွားအောင် လုပ်နိုင်ကြောင်း သူသိ၏။
ထိုသူများ ဆုတောင်းနေသော ယဇ်ပလ္လင်သည် သုံးဆင့်ဖြစ်၏။ အနိမ့်ဆုံးအဆင့်တွင် သုံးချောင်းထောက်ဒယ်စောက်အိုးလေး လေးခုရှိပြီး ထိုအထဲမှ တစ်ခုသည် ဝမ်ပေါင်လဲ့နှင့်ပေါင်းစည်းနေသော တစ်ခုဖြစ်လေသည်။
ဒုတိယအဆင့်တွင် ပုလဲနှစ်လုံးရှိပြီး တစ်လုံးသည် အနက်ရောင်ဖြစ်၍ ကျန်တစ်လုံးသည် အဖြူရောင်ဖြစ်သည်။ အနက်ရောင်ပုလဲသည် အမှောင်အငွေ့အသက်များကို ထုတ်လွှတ်နေပြီး အဖြူရောင်ပုလဲသည် စူးရှတောက်ပသောအလင်းများကို ထုတ်လွှတ်နေပေသည်။
တတိယအဆင့်တွင် မြူခိုးလွှာတစ်ခုရှိလေသည်။ လွန်စွာရိုကျိုးကိုင်းရှိုင်းဟန်ရှိသည့် သာမန်လူများ၏ မျက်နှာများသည် ထိုမြူခိုးအတွင်း ပေါ်ထွက်နေ၏။ ထိုအရာများသည် လွန်စွာဆန်းကြယ်ပေသည်။ ထိုသုံးဆင့်တွင်တင်ထားသော ပစ္စည်းများသည် ယဇ်ပူဇော်မည့် ပစ္စည်းများဖြစ်ကြောင်း ထင်ရှားလေသည်။ အဆင့်တစ်ဆင့် မြင့်တက်သွားတိုင်း ပစ္စည်းများ၏ တန်ဖိုးပိုတင်လာသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့သည် မည်မျှကံကောင်းကြောင်း သိနိုင်ပေသည်။
ထိုသုံးချောင်းထောက်ဒယ်စောက်အိုးလေးသည် ပထမအစင့်တွင်သာရှိသော်လည်း လူများစွာ၏ အလေးအမြတ်ထားမှုကို ခံခဲ့ရသည်သာဖြစ်သည်။ ထို့ကြောင့် ထိုဒယ်စောက်အိုးလေး၏ တန်ဖိုးကို စကားလုံးများဖြင့် မဖော်ပြနိုင်ပေ။
မရေမတွက်နိုင်လောက်အောင် များပြားသောလူများ တန်ဖိုးကြီးပစ္စည်းများကိုပူဇော်ကာ ဆုတောင်းနေသော အရာသည် သူ၏ကိုယ်တွင်းရှိ ဒယ်စောက်အိုးလေးမှထွက်ပေါ်နေသော ပုံရိပ်များမှတဆင့် သူ၏စိတ်ထဲတွင် ပေါ်လာ၏။
ထိုအရာသည် လေထဲတွင် ရှိနေသော အစိမ်းရောင်ကြာပန်းတစ်ပွင့် ဖြစ်သည်။
သူ ထိုအစိမ်းရောင်ကြာပွင့်ကို မြင်လိုက်သည်နှင့်တပြိုင်နက် ပေါင်းစည်းခြင်းသည် ရှစ်ဆယ်ရာခိုင်နှုန်းပြီးမြောက်သွားလေသည်။ ဝမ်ပေါင်လဲ့၏ အရှိန်အဝါသည် လွန်စွာအားကောင်းလာပြီး အခြေတည်အဆင့်ကိုရောက်ရှိပြီးသူများထက်ပင် ပို၍အားကောင်းလာသည်။ ဝမ်ပေါင်လဲ့သာ အခြေတည်အဆင့်သို့ရောက်ရှိသွားလျှင် အခြားအခြေတည်အဆင့်ကျင့်ကြံသူများထက် ပို၍အစွမ်းထက်မည်ဖြစ်ကြောင်း သိနိုင်ပေသည်။
သို့သော် ထိုအခိုက်တွင် တစ်စုံတစ်ခုဖြစ်ပေါ်လာ၏။ ဂူအပြင်ဘက်တွင် ရှိနေသော ဝမ်ပေါင်လဲ့၏ခြင်များသည် တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို အာရုံမခံလိုက်နိုင်ခင်မှာပင် ပေါက်ကွဲသွားကြလေသည်။ မီးခိုးရောင်ခြင်သည် ပို၍သန်မာသော်လည်း အခြားခြင်များထက် တဒင်္ဂမျှသာပို၍ ခံပေသည်။ ၎င်းသည် ဝမ်ပေါင်လဲ့ထံသို့ လက်မတင်လေး သတင်းပို့လိုက်ပြီးနောက် အရည်ပျော်သွားလေတော့သည်။
ဝမ်ပေါင်လဲ့ တုန်လှုပ်သွား၏။ သူ၏စိတ်ထဲရှိ အစိမ်းရောင်ကြာပွင့်၏ပုံရိပ် ပျောက်ကွယ်သွားပြီး မီးခိုးရောင်ခြင်ပို့လိုက်သော ပျံသန်းလာနေသည့် အဘွားကြီးတစ်ဦး၏ ခံစားချက်မဲ့နေသော မျက်နှာကြီးပေါ်လာလေသည်။
ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် ထိုအဘွားကြီး၏ ပုံရိပ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အံ့အားသင့်ဖွယ် ကျယ်လောင်သောအသံတစ်သံသည် အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားပြီး မြေပြင်သည် တုန်ခါသွားရာ ဝမ်ပေါင်လဲ့၏ ဂူလေးသည်လည်း တုန်ခါသွားပြီး ဝမ်ပေါင်လဲ့ခေါင်းအထက်ရှိ ဂူအမိုးတွင် အပေါက်တစ်ပေါက် ဖြစ်သွားလေသည်။
သူ့ခေါင်းပေါ်ရှိ ဂူအမိုးသည် ပေါက်ကွဲကာ ပွင့်ထွက်သွား၏။ ကျောက်တုံးအများအပြား ပြိုကျလာပြီး ကြမ်းတမ်းသောအမူအကျင့်နှင့် ခက်ထန်သောအရှိန်အဝါရှိသည့် အဘွားကြီးတစ်ဦးသည် သူ့ကို စူးစူးဝါးဝါး ကြည့်နေလေသည်။
အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပေပြီ။