ဝမ်ပေါင်လဲ့သည် သွေးများပေကျံနေသော ချန်ဟွေ့တစ်ယောက် ထွက်ပြေးသွားသည်ကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်၏။ အမှန်တွင် တစ်စုံတစ်ယောက်က လျှို့ဝှက်နောက်ယောင်ခံလိုက်နေသည်ကို သူ ခံစားမိနေခဲ့သည်။ သို့သော် သူ၏ခြင်များကိုသုံး၍ မည်မျှပင်ကြိုးစားရှာဖွေသော်လည်း ထိုနောက်ယောင်ခံလိုက်လာသူ၏ တည်နေရာကို မသိနိုင်ခဲ့ပေ။
ထို့ကြောင့် သုံးချောင်းထောက်ဒယ်စောက်အိုးလေးကို တွေ့ခဲ့သည့် ပပ်ကြားအက်အတွင်း တွေ့ဆုံခဲ့သော ဝတ်စုံဖြူနှင့် မိန်းမပျိုလေးကို သူပြန်အမှတ်ရမိသွားသည်။ ထိုမိန်းမပျိုသည် ပုန်းအောင်းခြင်းအတတ်ကို ကျွမ်းကျင်လေသည်။ ဝမ်ပေါင်လဲ့အနေဖြင့် သူမ ပပ်ကြားအက်အတွင်းသို့ ဝင်သွားသောအခါမှသာ သူမကို သတိထားမိခဲ့ခြင်းပင်။
ထိုသို့ ဆင်ခြင်မိသောအခါ ဝမ်ပေါင်လဲ့သည် သူ့နောက်သို့ နောက်ယောင်ခံလိုက်နေသူမှာ ထိုမိန်းမပျိုဖြစ်ရမည်ဟု သေချာသွားလေတော့သည်။ သူမ၏ ဗျူဟာများသည် တုန်လှုပ်ဖွယ်ကောင်း၏။ အထူးသဖြင့် သူမ၏ နတ်ဘုရားရတနာများသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ သူသာ သူမကို သူ့အနီးသို့ အကပ်ခံလိုက်လျှင် ဓားသွားပေါ်တွင် လမ်းလျှောက်ရသည့်ပမာ၊ မြွေပွေးခါးပိုက်ပိုက်မိနေသကဲ့သို့ ဖြစ်နေပေမည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့သည် သူမ ထွက်ပေါ်လာစေရန် မျှားခေါ်ခဲ့ခြင်းပင်။
သို့သော် ရက်များစွာကုန်ဆုံးသွားပြီး သူမထွက်ပေါ်လာအောင် ဝမ်ပေါင်လဲ့ မည်မျှပင်ကြိုးစားစေကာမူ ထိုမိန်းမပျိုကို အရိပ်အယောင်မျှပင် မမြင်ခဲ့ရချေ။ ယခုတွင် သူ ရရှိထားသော ဒဏ်ရာများသည်လည်း များပြားလာပြီဖြစ်ပြီး တောင့်မခံနိုင်တော့သော အနေအထားသို့ ရောက်ရှိတော့မည်ဖြစ်သည်။ ထို့ပြင် လွှတ်တော်အမတ်များနှင့်ပတ်သတ်သော လူများနှင့်လည်းကြုံတွေ့ခဲ့ရသဖြင့် ဝမ်ပေါင်လဲ့သည် သူမကို ထပ်မံမျှားထုတ်လိုလာပေသည်။
သူသည် လွှတ်တော်အမတ်များနှင့်ပတ်သတ်သော လူငယ်များ၏ တိုက်ခိုက်မှုကို အသုံးချ၍ သူ့ကိုယ်သူ အားနည်းသွားဟန်ဆောင်ကာ ဒဏ်ရာများကို ဆက်၍တောင့်မခံနိုင်တော့သကဲ့သို့ ပြုမူပြလိုက်သည်။ သူ၏ သရုပ်ဆောင်ချက်သည် လွန်စွာသဘာဝကျသဖြင့် ထိုမိန်းမပျိုထွက်ပေါ်လာလေတော့သည်။ သူသည် သူမကို ဓားတစ်ချက်တည်းဖြင့် အသေသတ်ရန် ကြံရွယ်ထားသော်လည်း သူမ၏တိုက်ကွက်များသည် တွေ့နေကျတိုက်ကွက်များကဲ့သို့ မဟုတ်ဘဲ သူ့တွင်လည်း ဒဏ်ရာများရရှိထားသဖြင့် သူမ၏ လက်တစ်ဖက်ပြတ်သွားအောင်သာ တိုက်ခိုက်လိုက်နိုင်လေသည်။
တချိန်တည်းမှာပင် ထိုအောင်ပွဲနှင့်အတူ တန်ကြေးတစ်ခုပါလာ၏။ သတ္တမအဆင့် ဓမ္မလက်နက်မှ ပြန်ခံရသောဒဏ်ကြောင့် ဝမ်ပေါင်လဲ့၏ ဒဏ်ရာများ ပိုမိုဆိုးဝါးလာလေသည်။ သို့သော် သူသည် ထိုဒဏ်ရာများကို နောက်တစ်ကြိမ် ထပ်မံတောင့်ခံနိုင်လိုက်သည်။ ထိုဓမ္မလက်နက်ကိုသာ အချိန်တစ်ခုအတွင်း ထပ်မံအသုံးမပြုတော့ပါက သူ၏ဒဏ်ရာများ ပွင့်ထွက်သွားမည့်အရေးကို သူကာကွယ်နိုင်ပေသည်။
သူ့လည်ချောင်းထဲတွင် တစ်ဆို့ဆို့ဖြစ်နေသော ခံစားချက်သည်လည်း ပျောက်ကွယ်သွားပေပြီ။ ဝမ်ပေါင်လဲ့ စိတ်သက်သာရာရသွားဟန် သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်သို့လှည့်လိုက်ရာ မလှမ်းမကမ်းရှိ လီရှို့ကိုတွေ့ရှိလိုက်သဖြင့် ရယ်မောလိုက်လေသည်။
“ အစ်ကိုလီ … အဆင်ပြေရဲ့လား။ အစ်ကိုကရော တခြားသူတွေဆီက လုယူဖို့ ကြံနေတာလား ”
လီရှို့တစ်ယောက် ဝမ်ပေါင်လဲ့က သူ့ကိုကြည့်လိုက်သောအခါ တုန်လှုပ်သွားသည်။ သူသည် ဝမ်ပေါင်လဲ့ တိုက်ခိုက်သည်ကို မြင်ပြီးခဲ့ပြီဖြစ်သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ချန်ထျန်းမြို့မြို့စား၏ တူတော်မောင်ရုပ်အလောင်းသည်လည်း သူ့မျက်စိရှေ့မှာပင် ရှိနေလေသည်။ ထို့ပြင် ဝမ်ပေါင်လဲ့၏ ပရိယာယ်ကြွယ်ပုံနှင့် ရက်စက်ပုံကို သူ့မျက်စိနှင့် မျက်ဝါးထင်ထင်မြင်ခဲ့ရသည်။ ထို့ကြောင့် သူသည် မကြာသေးခင်က ချီတုံချတုံဖြစ်ခဲ့သည့် သူ့ကိုယ်သူ ကျေးဇူးတင်နေပေသည်။
ယခုတွင် သူသည် ဝမ်ပေါင်လဲ့၏ အစွမ်းအစစ်အမှန်ကို သိခဲ့ရပေပြီ။ ထိုဖက်တီးသည် အပေါ်ယံတွင် နူးညံ့သူတစ်ဦးဟုထင်ရသော်လည်း အမှန်တွင်မူ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ လူသတ်နိုင်သော ရက်စက်သည့်လူတစ်ဦးပင်။ သူသည် တစ်စုံတစ်ယောက်ကို သတ်မည်ဟု ကြံရွယ်ထားလျှင် ပြတ်ပြတ်သားသား၊ ရက်ရက်စက်စက် သတ်တတ်သူတစ်ဦး ဖြစ်လေသည်။
ဝမ်ပေါင်လဲ့လိုလူမျိုးသည် တာအိုကျောင်းတော်ကြီးလေးကျောင်းတွင် သင်ကြားရမည့်သူတစ်ဦးမဟုတ်ဟု သူခံစားနေရသည်။ သူ့အနေဖြင့် မျက်နှာတွင်အပြုံးဆောင်၍ နောက်ကျောတွင် ဓားဆောင်ထားသော ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ပို၍သင့်တော်ပေလိမ့်မည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့က သူ့ကို ပြုံး၍ကြည့်လိုက်သောအခါ လီရှို့သည် သူ၏တဆတ်ဆတ်တုန်ရီနေသော ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ လီရှို့သည် အိုးတိုးအန်းတန်းရယ်၍ သူ၏သိုလှောင်အိတ်အတွင်းမှ ဆေးလုံးအနည်းငယ်ကို အလျင်အမြန်ထုတ်၍ မြေပြင်ပေါ်တွင်ချလိုက်ကာ ရင်ဘတ်ကိုပုတ်လိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်လေသည်။
“ ညီလေးပေါင်လဲ့… ညီလေးက အစ်ကို့ကို အထင်လွဲနေတာ။ အစ်ကို လီရှို့က အဲဒီလိုလူမျိုးမဟုတ်ပါဘူးကွ။ အစ်ကိုက ဖြောင့်မတ်ပြီး တရားမျှတမှုကို တန်ဖိုးထားတဲ့သူပါ။ အစ်ကိုဒီကိုလာတဲ့ ရည်ရွယ်ချက်က ညီလေးပေါင်လဲ့ကို ဆေးလုံးနည်းနည်း ပေးဖို့ပဲ ”
ဝမ်ပေါင်လဲ့သည် မျက်ခုံးပင့်၍ လီရှို့ကို ကြည့်လိုက်၏။
“ အစ်ကို့ကို ယုံရမယ့် အကြောင်းပြချက်တစ်ခုပေးပါ ”
လီရှို့သည် ဝမ်ပေါင်လဲ့၏စကားကို ကြားသောအခါ မျက်ရည်များပင်ဝဲတက်လာပြီး သူ၏နှလုံးသားသည် ထိန်းမနိုင်သိမ်းမရ ခုန်လာလေတော့သည်။ သူသည် စိတ်ထဲတွင် အကြောင်းပြချက်များကို ရှာဖွေလိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသဖြင့် အော်ပြောလိုက်သည်။
“ ညီလေးပေါင်လဲ့ ညီလေးမှာ ရည်းစားမရှိသေးဘူးမလား။ ညီလေးမှာ ရည်းစားရှိလည်း ကိစ္စမရှိပါဘူး။ အစ်ကို့မှာ တော်တော်လေးလှတဲ့ အစ်မတစ်ယောက်ရှိတယ်… ရုပ်ရည်ရော၊ ခန္ဓာကိုယ်ရောက ညီလေးတွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ အလှဆုံးဖြစ်မှာပဲ။ သူက အခု အင်္ဂါဂြိုလ်က ကျူးကျော်မြေမှာ တာဝန်ထမ်းဆောင်နေတယ်။ ပြည်ထောင်စုတစ်ခုလုံး သူ့ကိုမသိတဲ့သူမရှိဘူး။ အစ်ကိုက ညီလေးကိုတွေ့ကတည်းက တော်တော်လေး ခင်နေတာ။ ပြီးတော့ ညီလေးက အစ်ကို့ယောက်ဖဖြစ်လာနိုင်ချေများတယ်လို့လည်း အစ်ကိုထင်နေတယ်ကွာ ”
‘ ဘယ်လိုတောင်လဲဟ… ’
ဝမ်ပေါင်လဲ့ နားမလည်နိုင်ဖြစ်သွား၏။
“ ယောက်ဖလေး… အစ်ကို့မှာ လုပ်စရာတွေရှိသေးလို့ အရင်သွားတော့မယ်နော်… ”
လီရှို့သည် သူ့ရင်ဘတ်သူ ကျယ်လောင်စွာပုတ်၍ ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် အလျင်အမြန်ထွက်သွားလေတော့သည်။
ဝမ်ပေါင်လဲ့သည် လီရှို့၏ နောက်ကျောကို ကြည့်လိုက်ပြီး သူ့နောက်သို့ လိုက်မသွားတော့ပေ။ သူသည် မယုံကြည်နိုင်ဟန်ဖြင့် ဆေးလုံးများကို ကောက်ယူလိုက်ပြီးနောက် ထိုနေရာမှ ထွက်သွားလိုက်လေသည်။ သူသည် သူ၏ခံစားချက်များကို ချိုးနှိမ်လိုက်၏။ သူသည် လီရှို့၏စကားများကို ကြားပြီးသောအခါ စိတ်အေးသွားပေပြီ။
သူသည် လကမ္ဘာအမှောင်ခြမ်းရှိ တောအုပ်၏ တောနက်အတွင်းသို့ရောက်လာသောအခါ သူ့နောက်သို့လိုက်လာသူများလည်း တဖြည်းဖြည်းနည်းလာလေသည်။ တောအုပ်ထဲတွင် ပြန့်ကျဲနေသော အလောင်းများသည်လည်း အခြားသူများကို ခြောက်လှန့်နိုင်စွမ်းရှိပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့သည် နောက်ဆုံးတွင် အနည်းငယ်အသက်ရှူချောင်လာပေပြီ။
သို့သော် ပြဿနာတစ်ခုမှာ ဝမ်ပေါင်လဲ့တစ်ယောက် အခြေတည်အဆင့်သို့ တက်လှမ်းရန် တိတ်ဆိတ်ငြိမ်းအေးသော နေရာတစ်ခုကိုရှာနေစဉ်တွင် သူ့ကိုယ်ပေါ်မှထွက်ပေါ်နေသော ဝိညာဉ်ချီများကြောင့် ရောက်လာသော အခြားလူအုပ်တစ်အုပ်ကို တွေ့လိုက်ရခြင်းပင်။
ထိုလူများသည် ဝမ်ပေါင်လဲ့ မတွေ့လိုဆုံးလူများဖြစ်သည်။ သို့သော် ထိုလူများကို ရင်ဆိုင်ရုံမှလွဲ၍ သူ့တွင်အခြားရွေးချယ်စရာ မရှိတော့ပေ။
“ ဝမ်ပေါင်လဲ့… ”
ချန်းယွီထုံသည် ခါးသက်သက်ရယ်၍ တောအုပ်အတွင်းမှ ထွက်လာလေသည်။ သူ့ဘေးတွင် တာအိုကျောင်းတော်မှအခြားသူများလည်းပါ၏။ ထိုလူများသည် စုစုပေါင်း ဆယ့်နှစ်ယောက်ခန့်ရှိနိုင်ပြီး ထိုအထဲတွင် လီယီလည်း ပါလေသည်။
ထိုလူအုပ်ထဲတွင် ဝိညာဉ်ချီများကို အာရုံခံရာတွင် ပါရမီရှင်ဖြစ်သော ရှစ်လင်းလည်းပါဝင်၏။ သူမသည် ဝမ်ပေါင်လဲ့ကို မယုံနိုင်သောမျက်နှာထားဖြင့် ကြည့်နေ၏။
သူတို့သည် ယခင်က ထိုဝိညာဉ်ချီများ မည်သူ့ထံမှ ထွက်ပေါ်နေကြောင်းကို မသိခဲ့ကြပေ။ သို့သော် ယခုတွင် ထိုဝိညာဉ်ချီများသည် ဝမ်ပေါင်လဲ့ထံမှ ထွက်ပေါ်နေကြောင်းကို သိရှိသွားသဖြင့် သူတို့ခါးသက်သက်ရယ်လိုက်ကြခြင်းပင်။
လောကကြီး၏ ထုံးစံများအရ ထိုအခြေအနေသည် အလွယ်တကူနားလည်မှုလွဲသွားနိုင်သော အခြေအနေဖြစ်ကြောင်း ချန်းယွီထုံ ရှင်းရှင်းလင်းလင်း သိလေသည်။ အထူးသဖြင့် သူသည် ဝမ်ပေါင်လဲ့၏ ရင်းနှီးသောသူငယ်ချင်းတစ်ယောက်ဖြစ်သဖြင့် သူနှင့်ဝမ်ပေါင်လဲ့ကြားတွင် နားလည်မှုလွဲစေမည့် မည်သည့်ကိစ္စကိုမှ အဖြစ်ခံ၍မရပေ။
ထို့ကြောင့် သူက ရှေ့သို့ထွက်ရပ်လိုက်၏။ သို့သော် ဝမ်ပေါင်လဲ့အနားသို့ ကပ်မသွားခဲ့ပေ။ ထို့ပြင် သူသည် သူ၏သိုလှောင်အိတ်အတွင်းမှနေ၍ ဆေးပုလင်းတစ်ပုလင်းကိုထုတ်ယူလိုက်၏။
“ ပေါင်လဲ့… ငါ အများကြီးပြောမနေတော့ဘူး။ အခုလောလောဆယ် မင်းနားမှာ တခြားလူတွေရှိနေဖို့ မသင့်တော်ဘူး။ မင်း အခြေတည်အဆင့်ကို တက်လှမ်းနိုင်ပါစေလို့ ငါဒီနေရာကနေပဲ ဆုတောင်းပေးလိုက်ပါတယ် ”
ချန်းယွီထုံသည် ဝမ်ပေါင်လဲ့ကို ရိုးရိုးသားသားကြည့်ရှုလိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။
လူအုပ်ထဲမှ အခြားသူများသည်လည်း သူတို့၏ ဆေးလုံးများကို တိတ်တဆိတ်ထုတ်လိုက်ကြသည်။
သူ၏ တာအိုကျောင်းတော်မှ လူများ၏တုံ့ပြန်မှုကို တွေ့လိုက်ရသောအခါ ဝမ်ပေါင်လဲ့တစ်ယောက် နွေးထွေးမှုကို ခံစားလိုက်ရပြီး ရင်ထဲထိသွားလေသည်။ အထူးသဖြင့် ချန်းယွီထုံ၏ အပြုအမူများသည် သူ့ကိုပို၍ခံစားရစေလေသည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး ဆေးလုံးများကို ကောက်ယူလိုက်သည်။ ထို့နောက် သူ နောက်လှည့်၍ ထွက်သွားရန် ဟန်ပြင်လိုက်စဉ် လီယီ၏ မျက်ဝန်းများထဲတွင် အလင်းတစ်ချက်လက်သွားလေသည်။ သူမထံတွင် အတွေးအချို့ ရှိနေပုံပေါ်၏။ သို့သော် သူမမည်သို့မှ မလုပ်နိုင်သေးခင်မှာပင် ချန်းယွီထုံသည် သူမကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
လီယီတစ်ယောက် ခေါင်းငုံ့သွားပြီး တိတ်တဆိတ်နေလိုက်ရလေသည်။
ဝမ်ပေါင်လဲ့သည် သူတို့ကို ကျောခိုင်းထားသော်လည်း ခြင်များ၏အကူအညီဖြင့် ထိုမြင်ကွင်းအစအဆုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူ့မျက်ဝန်းများထဲတွင် ခက်ထန်သော အလင်းတစ်ချက်လက်သွားသော်လည်း မည်သို့မှ မပြောခဲ့ပေ။ ထို့ထက် သူသည် လမ်းတစ်လျှောက်သတ်ဖြတ်မှုများမှ ရရှိခဲ့သော အကျိုးအပဲ့အပိုများကို ထုတ်လိုက်၏။ ထိုအကျိုးအပဲ့များသည် သူလိုအပ်သော အရေအတွက် နှစ်ဆယ်မှ ပိုလျှံသော အကျိုးအပဲ့များပင်။ သူသည် လက်ဝှေ့ယမ်းလိုက်ပြီး ထိုအကျိုးအပဲ့များထဲမှ အများစုကို ချန်းယွီထုံထံ ပစ်ပေးလိုက်သည်။
“ အစ်ကိုချန်… ဒီတစ်ဝိုက်မှာ အကျိုးအပဲ့တွေရှိသေးတဲ့ အလောင်းတွေ ရှိပါသေးတယ်။ ကျနော့်မှာ အဲဒါတွေကို ယူဖို့ အချိန်မရခဲ့ဘူး။ အဲဒီတော့ အစ်ကိုတို့ပဲ ကောက်ယူထားလိုက်ပါ… ကျေးဇူးတင်ပါတယ်…ပြီးတော့ နှုတ်ဆက်ပါတယ် ”
ဝမ်ပေါင်လဲ့သည် စကားပြောပြီးနောက် နောက်လှည့်ကာ အဝေးသို့ ထွက်သွားလိုက်ပြီး တောနက်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
ဝမ်ပေါင်လဲ့သည် တာအိုကျောင်းတော်ကြီးလေးကျောင်းမှ လူများကို နောက်တွင်ချန်ခဲ့ပြီး တောနက်အတွင်းသို့ ဆက်လက်သွားနေလေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ဒဏ်ရာများသည် ပို၍ဆိုးရွားလာ၏။ သူသည် ဆေးလုံးများကို အသုံးပြု၍ ဒဏ်ရာများကို ကုသထားနိုင်သော်လည်း ယာယီသာအလုပ်ဖြစ်ပေမည်။ လုံခြုံသောနေရာတစ်ခုကို ရှာဖွေ၍ ပုန်းအောင်းအနားယူမှ ရပေမည်။ အကယ်၍ သူ့ဒဏ်ရာများ ပြန်ပွင့်သွားပါက အခြေအနေဆိုးသွားပေလိမ့်မည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့သည် နောက်တစ်ရက် တောင့်ခံလိုက်ပြီးနောက် ခြင်များကို ဖြန့်ကျက်လိုက်လေသည်။ သူ့အနောက်သို့ မည်သူမှ လိုက်မလာတော့ကြောင်း သေချာသွားသောအခါ တောင်စောင်းလေးတစ်ခုရှိ လုံခြုံသောနေရာတစ်ခုတွင် ဂူတစ်ဂူတူး၍ အတွင်းသို့ဝင်ကာ ဂူဝကို အသေပိတ်လိုက်လေသည်။
ထို့နောက် သူသည် ခြင်များကို အပြင်တွင် ဖြန့်ကျက်ထားလိုက်ပြီးနောက် စိတ်ပေါ့သွားဟန် သက်ပြင်းတစ်ချက်ချလိုက်၏။ သူသည် သုံးချောင်းထောက်ဒယ်စောက်အိုးလေးကို အလျင်အမြန်ထုတ်လိုက်၏။ သူ၏ မျက်ဝန်းများသည် ထိုဒယ်စောက်အိုးလေးကို ကြည့်၍ စိတ်ပြင်းပြမှုများများဖြင့် တောက်လောင်နေလေသည်။
ထိုသုံးချောင်းထောက်ဒယ်စောက်အိုးလေးသည် ရှေးဟောင်းပစ္စည်းတစ်ခုပင်။ ၎င်းပေါ်တွင် ဟောင်းနွမ်းမှုများကို မြင်နေရပေသည်။ ၎င်းအပေါ်တွင် အဓိပ္ပာယ်မဖော်နိုင်သော စာလုံးအချို့နှင့် ကြမ်းကြုတ်သောသားရဲပုံများဖြင့် လွှမ်းခြုံနေပေသည်။ ထို့ကြောင့် ဒယ်စောက်အိုးလေးသည် အလွန်ပင် အထင်ကြီးဖွယ်ကောင်းနေ၏။
‘ ငါ ဒီပစ္စည်းကို အခြေတည်အဆင့်ကို တက်လှမ်းဖို့အတွက် အသုံးပြုမယ် ’
ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။ သူသည် ရှေးဦးစွာ သူ၏ဒဏ်ရာများကို ထပ်မံဖိနှိပ်ထားရန် ဆေးလုံးအနည်းငယ်ကို မျိုချလိုက်ပြီး လျင်မြန်စွာ ချေဖျက်လိုက်သည်။ ထို့နောက် သူသည် လက်ဟန်များဖော်၍ သူ၏ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ကာ ဒယ်စောက်အိုးလေးကို လွှမ်းခြုံလိုက်ပြီး အခြေတည်အဆင့်ကို စတင်ကျင့်ကြံလိုက်သည်။ သူသည် အခြေတည်အဆင့်၏ ပထမအဆင့်ဖြစ်သော ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကို စတင်လိုက်လေသည်။
ဝမ်ပေါင်လဲ့တစ်ယောက် အခြေတည်အဆင့်ကို စတင်တက်လှမ်းနေသည့်အချိန်မှာပင် သူနှင့် မိုင်ထောင်ချီအကွာတွင်ရှိနေသာ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ချန်ဟွေ့သည် မှင်တက်နေသော ဖြူဖျော့ဖျော့မျက်နှာဖြင့် အရှေ့သို့ ပြေးလွှားနေလေသည်။ သူမသည် လက်တစ်ချောင်းဆုံးရှုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိထား၏။ သူမကိုယ်ပေါ်တွင် ယခင်ကကဲ့သို့ မပြောင်းမလဲရှိနေသော တစ်ခုတည်းသောအရာမှာ မျက်ဝန်းများအတွင်းရှိ အမုန်းတရားများနှင့် ရူးသွပ်မှုများ ဖြစ်လေသည်။
အကယ်၍ အမုန်းတရားများကိုသာ မီးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲ၍ရပါက ထိုအခိုက်မှာပင် ကောင်းကင်နှင့်မြေကြီးသည် လောင်မီးကျသွားမည်ဖြစ်သည်။
‘ ဝမ်ပေါင်လဲ့… ’
ချန်ဟွေ့ အံကြိတ်လိုက်၏။ သူမ၏ နှလုံးသားထဲတွင် ခါးသည်းမှုများနှင့် ပြည့်နေပေသည်။ သူမသည် ပြန်လည်အားဖြည့်နိုင်ရန် လုံခြုံသောနေရာတစ်ခု ရှာနေစဥ် သူမ၏နားထဲတွင် ကြင်နာသောအသံတစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။
“ ဟွေ့အာ … သမီးကို ဒီလိုအခြေအနေဖြစ်အောင် ဘယ်သူလုပ်လိုက်တာလဲ ”
ချန်ဟွေ့သည် ထိုအသံကို ကြားလိုက်သောအခါ အံ့အားသင့်သွား၏။ သူမနောက်လှည့်ကြည့်လိုက်ရာ အဘွားအိုတစ်ယောက်သည် သူမသတိမထားမိခင် သူမအနီးသို့ ရောက်ရှိနေကြောင်း သိလိုက်ရလေသည်။ အဘွားအို၏ မျက်နှာသည် အရေးအကြောင်းများနှင့် ဖုံးလွှမ်းနေပြီး ချိုင်းထောက်တစ်ချောင်းကိုကိုင်ထားပြီး သူမကို ပြုံး၍ကြည့်နေ၏။
“ ဆရာ… ”
ချန်ဟွေ့ မယုံနိုင်အောင်ဖြစ်သွား၏။ သူမ၏ ဆရာသည် အမြုတေအဆင့်ရှိသော ဆည်းဆာကြယ်စင်စုဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦးဖြစ်လေသည်။ အမြုတေအဆင့်ကျင့်ကြံသူများကို လကမ္ဘာအတွင်း ဝင်ခွင့်မပြုထားပေ။ ထို့ပြင် လက်ရှိတွင် လကမ္ဘာသည် ချိတ်ပိတ်ခံထားရသဖြင့် ပို၍ပင် ဝင်ရန်မလွယ်ပေ။ သူမ ပထမဆုံးတွေးမိသည်မှာ အချုပ်အနှောင်ကြီး ပျက်သွားပြီဟူ၍ ဖြစ်သည်။ သို့သော် သူမခေါင်းမော့၍ ကြည့်လိုက်ရာ သစ်ကြောများသည် အကောင်းအတိုင်းရှိနေသေးသည်ကို တွေ့လိုက်ရလေသည်။
“ အရင်က မင်းတို့တွေ လျှို့ဝှက်ချက်ကို ကောင်းကောင်းမထိန်းသိမ်းနိုင်မှာစိုးလို့ မင်တို့ကို မပြောထားတဲ့ ကိစ္စလေးတွေရှိတယ်… ”
အဘွားအိုသည် ချန်ဟွေ့၏ အတွေးများကို မြင်နိုင်သည့်အလား ပြုံး၍ပြောလိုက်ပြီး ချန်ဟွေ့၏ ခေါင်းကိုပွတ်ပေးလိုက်လေသည်။
“ ဒီတစ်ခေါက် ဆည်းဆာကြယ်စင်စုဂိုဏ်းက အထူးတာအိုရသေ့တစ်ပါးကို ထောက်ပံ့ပေးနေတာ။ သူ့ရဲ့အကူအညီနဲ့ ဆရာတို့ မန္တန်အစီအရင်ကို လှည့်စားပြီး လကမ္ဘာထဲကို ဝင်ခဲ့တာပဲ။ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်ကလူတွေလည်း အဲဒီလိုပဲ ဝင်လာတာ။ ကွာခြားတာတစ်ခုကတော့ သူတို့က တခြားတစ်ကောင်ကို ထောက်ပံ့ပေးနေတာပဲ ”
“ ဒီအချုပ်အနှောင်ကတော့… ဆရာတို့ နှစ်ဖွဲ့လုံးက ဖန်တီးထားတာ ”
“ သမီး ဆုံးရှုံးလိုက်ရတဲ့ အခြေတည်အဆင့်တက်ဖို့ သုံးနိုင်တဲ့ အကောင်းပကတိရတနာအကြောင်းကို ဆရာအကြမ်းဖျင်းသိပြီးပြီ။ ဆရာ့ကို ဒီမှာစောင့်နေ… ဆရာ အဲဒါကို သမီးအတွက် သွားပြန်ယူပေးမယ် ”
gold ဝယ်လို့ ဘယ်ကဝယ့ရမှာလဲဗျ
gold က အကောင့် > ရွှေဆိုင်မှာ ဝယ်လို့ရပါတယ်။
ဘေနဲ့ဆိုရင် mm xianxia ပေ့ချ်မှာ ဝယ်ရမှာပါ