ဝေ့ပင်ချင်းနဲ့ အခြားလူများမှာ မှင်သက်နေကြသည်။ ကျောက်ကျီမှာလည်း မျက်လုံးများကျဉ်းသွားပြီး ကြက်သေသေနေသည်။
ကျောက်ပန်မှာ ပို၍ပင် မယုံနိုင်ဖွယ်ဖြစ်ကာ ပါးစပ်တောင် ပွင့်ဟသွားသည်။
ဖာ့ခ် ဒီဆေးက တကယ်အလုပ်ဖြစ်တာလား။ မဖြစ်နိုင်တာ။ ဒီလို အံ့ဩဖွယ်ဆေးမျိုး ကမ္ဘာပေါ်မှာ မရှိနိုင်ပါ။
ဝေ့ပင်ချင်းက သူမနှုတ်ခမ်းကို လက်ဖြင့်အုပ်ကာ အံ့အားသင့်နေပြီး အသံတောင်မထွက်ရဲပါဘူး။ အရာအားလုံးက ထင်ယောင်ထင်မှားဖြစ်ကာ ပျောက်သွားမှာကြောက်လို့ပါ။
ထို့နောက် မျက်ရည်များက အတားအဆီးမဲ့စွာ ပြိုကျလာတော့သည်။
ဝေ့မိသားစုလို ချမ်းသာတဲ့မိသားစုကြီးမှာ သူမသံယောဇဉ်ရှိတာ အဖိုးတစ်ယောက်တည်းရှိသည်။ သူသာသေလျှင် သူမကိုယ်သူမ ဘာဖြစ်မယ်မှန်းမသိနိုင်ပါ။
ဒီအပြောင်းအလဲဟာ မူလက ဆူညံနေတဲ့ အိပ်ခန်းကို တိတ်ဆိတ်သွားစေသည်။ ဘယ်သူမှလည်း အချိန်အတော်ကြာအောင် မရွေ့ကြနိုင်ပါ။
‘ဒေါက်တာကျောက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်အခုမှ နေလို့ပိုကောင်းလာတယ်’ ဝေ့ဖူက ဒီလို သက်တောင့်သက်သာ မဖြစ်တာ ကြာပါပြီ။ လူငယ်တစ်ယောက်လိုပါပဲ။
‘ဒါက…’ကျောက်ကျီမှာ ရှက်သွားပြီး အမှန်တရားကိုပြောဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် တွန့်ဆုတ်နေသည်။ ခုနကပဲ သူကလီဖန်းကို ဆေးအတုတွေ ရောင်းသူဆိုပြီး ရဲခေါ်ဖမ်းခိုင်းမလို့ပါ။
ဝေ့ဖူက ဘယ်လိုလုပ်ထလာတာလဲ။ ရောဂါဖြစ်နေတာနဲ့လည်း မတူပါလား။ ဒါသူ့မျက်နှာကို အိုးမည်းသုပ်တာပါ။
ဝေ့ချန်ကုံးနှင့် ကျန်လူများမှာ ပါးစပ်များပိတ်ထားကြပြီး စကားတစ်ခွန်းမှ မထွက်နိုင်တော့ပါ။
သူတို့က လီဖန်းကို လှောင်ပြီး လူလိမ်ဟုစွတ်စွဲကာ မောင်းထုတ်ခဲ့ကြသေးသည်။ လောင်းတောင် လောင်းခဲ့ကြသည်မဟုတ်လား။
ဝေ့ဖူနိုးထလာတော့ ဝေ့ပင်ချင်းရဲ့ နေရာက ပိုခိုင်သွားပြီး သူတို့က ၁မီလီယံကို အလကားသက်သက် ပေးရတော့မှာပါ။ ဒီလို အခြေအနေမျိုးမှာ ဘယ်သူက အမှန်ကိုပြောချင်ကြမလဲ။ ဒီအတိုင်းသာ ရပ်နေကြသည်။
‘အဖိုး အဲ့ဒါကလီဖန်း၊ သူ့ဘိုးဘွားတွေချန်ခဲ့တဲ့ အသက်ဆက်ဆေးကို တိုက်လိုက်လို့ အဖိုးပြန်နိုးလာတာ’ ဝေ့ပင်ချင်းက မျက်ရည်များကို သုတ်ရင်းပြောလိုက်သည်။
‘လီဖန်း၊ အသက်ဆက်မှော်ဆေး’ ဝေ့ဖူရဲ့မျက်နှာက အံ့ဩသွားသည်။ လီဖန်းရဲ့နာမည်ကို ဖုန်းထဲမှာ သူကြားဖူးထားသည်။ သူ့ဒုတိယသားကြောင့် သူပင်သတိလစ်သွားခဲ့သည်။
အခုတော့ လီဖန်းအကြောင်း သူစိတ်မဝင်စားပါဘူး။ အသက်ဆက်ဆေးကိုသာ မေးချင်နေတာပါ။ ဝေ့ပင်ချင်းကလည်း ဖုံးကွယ်မထားရဲပဲ ဆေးရဲ့အာနိသင်ကို လီဖန်းကို မေးလိုက်သည်။
‘ဒီလိုဆေးမျိုး ဘယ်နှစ်လုံးကျန်သေးလဲ’ ဝေ့ဖူက စိတ်လှုပ်ရှားမှုကို မြိုသိပ်ကာ တုန်လှုပ်စွာမေးလိုက်သည်။
လူတိုင်းက သေဖို့ကြောက်ကြသည်။ အထူးသဖြင့် သူ့လိုချမ်းသာတဲ့လူက ပို၍ပင်ကြောက်သည်။
သူ့မှာ အောင်မြင်မှုနဲ့ ကြွယ်ဝမှုရှိသည်။ အသက်ရှည်ဖို့သာ နည်းလမ်းရှိလျှင် သူအဲ့ဒါကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။
ဒီအသက်ဆက်ဆေးက လီဖန်းပြာသလို အစွမ်းထက်လျှင် ဘာပဲဖြစ်ဖြစ် နည်းနည်းလောက်တော့ ထပ်ဝယ်ရမှာပါ။ ‘မစ္စတာဝေ့ ဒီဆေးက ဘိုးဘွားတွေလက်ထက်တည်းက လက်ဆင့်ကမ်းခဲ့တာ။ ကျွန်တော့မှာ တစ်လုံးပဲရှိတယ်’ လီဖန်းမျက်နှာကို ခါးသက်စွာပြုံးပြလိုက်ပြီး စိတ်ထဲမှာလည်း သတိထားလိုက်သည်။
ဒီကိစ္စကပြန့်သွားလျှင် သူ့ကိုတချို့လူတွေက လွှတ်ထားမှာမဟုတ်ပါဘူး။ တစ်လုံးတည်းရှိတယ်လို့ အခိုင်အမာ ပြောရမယ်။ ဒါမှ အန္တရာယ်ကို လျော့ပါးစေမှာ။
‘တကယ့်ကိုစိတ်မကောင်းစရာပဲ..လီဖန်း ဒီလိုအသက်ဆက်ဆေး နောက်တစ်လုံးလောက် ရှိသေးလျှင် ၁၀မီလီယံပေးပြီးတော့ ဝယ်ချင်တယ်။
‘ပင်ချင်း နင်အခုသွား သူ့ကိုပိုက်ဆံ ၁၀မီလီယံလွှဲပေးလိုက်’ ဝေ့ဖူက အဓိပ္ပါယ်ရှိစွာပြောလိုက်သည်။ လီဖန်းမှာ ဆေးတစ်လုံးတည်းရှိတယ်လို့ သူမထင်ပါဘူး။ သူသာလုံလောက်အောင်ပေးနိုင်လျှင် နောက်ထပ်ထွက်လာမှာပါ။
ဒါကိုကြားတော့ ဝေ့ချန်ကုံးနဲ့ အခြားလူတွေက ဘာမှမခံစားရပါဘူး။ ဒါပေမယ့် ကျောက်ပန်ကတော့ မနာလိုဖြစ်နေပါပြီ။
ဒါက ၁၀မီလီယံပါ။ သူတို့ ကျောက်မိသားစုက ချမ်းသာပြီး ထင်ရှားတဲ့ ဆရာဝန်တွေဖြစ်ပေမယ့် ဝေ့မိသားစုနဲ့ မနှိုင်းယှဉ်သာပါဘူး။
သူ့အတွက် ၁၀မီလီယံဆိုတာ တစ်နှစ်လောက် အသည်းအသန်ကြိုးစားမှ ရနိုင်မှာပါ။ ဒါပေမယ့် လီဖန်းကတော့ ဆေးတစ်လုံးထုတ် လိုက်ရုံပါပဲ။
ပြီးတော့ ဝေ့ချန်ကုံးနဲ့ အခြားလူတွေမှ ၁မီလီယံစီရလျှင် လီဖန်းက တစ်နေ့တည်း ၁၈မီလီယံလောက်ရမှာပါ။နောက်ပြီး ဒီကိစ္စပြီးလျှင် ဝေ့ပင်ချန်းက လီဖန်းအပေါ် သံယောဇဉ်တွယ်လာမှာပါ။
ဒီအရာတွေကိုတွေးလိုက်လျှင် ကျောက်ပန်ကို ရူးမတတ်ဖြစ်စေသည်။
‘ဝေ့အဖိုးက အားနာနေပြန်ပြီ။ အခြားတစ်ယောက်က ဆေးဖိုးပေးပြီးပါပြီ။ ဒါကြောင့်၁၀မီလီယံက မလိုတော့ပါဘူး’ လီဖန်းသိပါတယ် တချို့အရာတွေက လောဘကြီးလို့ မကောင်းပါဘူး။
သူ့ဆီမှာ၁၀မီလီယံကို ယူဖို့အကြောင်းပြချက် လုံလုံလောက်လောက်ရှိပေမယ့် ဝေ့ပင်ချင်းရဲ့အမြင်မှာ လောဘကြီးတဲ့သူဖြစ်သွားမှာပါ။ ဝေ့ပင်ချင်းကို ရအောင်လိုက်ဖို့ စနစ်က တာဝန်ပေးလျှင် သူအရှုံးသမား ဖြစ်သွားမှာပေါ့။
ဒါပေမယ့် ဒီနေ့အဖြစ်အပျက်က လီဖန်းကို အသိတစ်ခုပေးလိုက်သည်။ ဒါကတော့ စနစ်အမှတ်ကို ပိုက်ဆံနဲ့တိုက်ရိုက် လဲတာထက် ဒီလိုဆေးဝယ်ပြီးရောင်းလျှင် ကျေးဇူးလည်း အတင်ခံရပြီး ပိုက်ဆံလည်းပိုရမှာပါ။
‘အို’ ဝေ့ဖူက ဝေ့ပင်ချင်းကို ချက်ချင်းကြည့်လိုက်သည်။ သူမပေးထားတာလို့ ထင်နေတာပါ။
‘ဖိုးဖိုး ကျွန်မမဟုတ်ဘူး။ အဲ့ဒါက ဒုတိယ အန်ကယ်’ ဝေ့ပင်ချင်းက မကြာခင်က အဖြစ်အပျက်ကို ပြန်ပြောပြလိုက်သည်။
‘နေပါဦး အဖိုးကြီးက နိုးလာပေမယ့် ဒီဆေးက နှစ်ဝက်ခံတယ်လို့ မပြောနိုင်ဘူး’ ဝေ့ချန်ကုံးက တစ်ခုခုကို စဉ်းစားပြီး အမြန်ပြောလိုက်သည်။
‘ဟုတ်တယ် အခုချက်ချင်း ပြန်သေသွားချင်သွားမှာ’ ဝေ့ကျီဖန်ကပြောပြီး သူ့ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
လီဖန်းက ပြုံးလိုက်သည်။ သူတို့ဘာသာ ပြဿနာစတက်ပြီ။ စိတ်ဝင်စားစရာပဲ။
‘ဟန့် ငါ့ခန္ဓာကိုယ်ကိုငါသိတယ်’ ဝေ့ဖူက သူ့သားသမီးတွေကို ပိုပြီးမကျေနပ်တော့ပါ။ ဒါပေမယ့် သတိထားတဲ့အနေနဲ့ ကျောက်ကျီကို သွေးခုန်နှုန်းစစ်ခိုင်းလိုက်သည်။
‘သွေးခုန်နှုန်းက ငြိမ်တယ်။ ဝေ့အဖိုးကြီးရဲ့ ခန္ဓာကိုယ်က အခြေအနေ အရမ်းကောင်းလာတယ်။ အချိန်ခဏအတွင်းတော့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး’ ကျောက်ကျီက ပြောရင်း သက်ပြင်းချလိုက်သည်။
ဒီကိစ္စကို အခုထိသူမယုံနိုင်သေးပါ။ ဆေးလေးတစ်လုံးက သေတော့မယ့်လူကို ပြန်ရှင်လာစေတယ်။ ဆေးပညာသမိုင်းမှာ အံ့ဖွယ်ကိစ္စတစ်ခုလို့ပြောနိုင်သည်။
ကံမကောင်းစွာပဲ ဒုတိယဆေးလုံး မရှိတော့ပါဘူး။ မဟုတ်လျှင် သုသေသနလုပ်ပြီး ပြန်ထွင်လို့ရနိုင်သည်။ ဒါဆို ကျော်ကြားမှုနှင့် စည်းစိမ်တို့က အရမ်းကိုလွယ်ကူစွာ ရောက်လာမှာပါ။
ကျောက်ကျီက တွေးရင်းနဲ့နောင်တရနေသည်။ သူသာလီဖန်းကို ယုံပြီး နည်းနည်းလောက်ဖဲ့ထားနိုင်လျှင် ဘယ်လောက်ကောင်းလိုက်မလဲ။
ကျောက်ကျီရဲ့ အဆိုပြုချက်ကြောင့် ဝေ့ချန်ကုံးနဲ့ အခြားလူတွေဟာ ဘာမှဆက်မပြောကြတော့ပါ။ အဖိုးကြီးရဲ့ မျက်စိရှေ့မှာပဲ လီဖန်းက တစ်ယောက်၁မီလီယံစီ ရခဲ့လေသည်။
တစ်ချိန်တည်းမှာ ကျောက်ပန်က ကျောက်ကျီကိုတစ်ဖက်သို့ဆွဲကာ တိတ်တဆိတ်ပြောနေသည်။ လီဖန်းက ပိုက်ဆံရပြီးတော့ ကျောက်ကျီက အိပ်ယာဆီကို ထပ်သွားလိုက်သည်။
‘အဖိုးကြီးဝေ့ ငါမင်းနဲ့ဆွေးနွေးစရာရှိလို့။ ပန်အာက မစ်ဝေ့ပင်ချင်းကို မြင်မြင်ချင်း မေတ္တာရှိသွားလို့ လက်ထပ်ခွင့်တောင်းချင်လို့တဲ့။ ဒီကိစ္စကို ဘယ်လိုသဘောရလဲ’ ကျောက်ကျီက အပြုံးနှင့်မေးလိုက်သည်။
အိပ်ခန်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဝေ့ချန်ကုံးနဲ့ အခြားလူများမှာလည်း ထူးဆန်းနေသည်။
ကျောက်ပန်က ဝေ့ပင်ချင်းကို လက်ထပ်ချင်တယ်။ ကောင်းတယ်။ ဝေ့ပင်ချင်း ကျောက်မိသားစုကို လက်ထပ်သွားတာနဲ့ အဖိုးကြီးက သူမကို ဥက္ကဌလုပ်ခိုင်းဖို့ အကြောင်းမရှိတော့ဘူး။
‘ကျောက်ပန်က အရည်အချင်းရှိပြီး ဆေးပညာမှာလည်း ထက်မြက်တယ်. ကျွန်တော်တို့ပင်ချင်းနဲ့ လိုက်ပါပေတယ်’ ဝေ့ချန်ကုံးက ပြုံးကာပြောလိုက်သည်။
‘ဒါက တကယ့်ကို လိုက်ဖက်တဲ့စုံတွဲပဲ။ အဒေါ်ဖြစ်တဲ့ငါက လုံးဝသဘောတူတယ်’ ဝေ့ချန်လီကလည်း စိတ်လှုပ်ရှားစွာပြောလိုက်သည်။
‘အဖိုး အစ်ကိုကျောက်က တကယ့်လူကောင်းပါ။ သူနဲ့လက်ထပ်ရတာ အစ်မရဲ့ကံကောင်းမှုပဲ’ ဝေ့ကျီဖန်က လည်းဝင်ပြေသည်။
‘ကောင်းပြီ ပင်ချင်းရဲ့ သဘောထားကို မေးပါရစေဦး’ ဝေ့ဖူက ပြုံးကာ ဝေ့ပင်ချင်းဆီသို့ တစ်ခါတည်းလွှဲလိုက်သည်။
ကျောက်ပန်ကို သူမကြိုက်ပါဘူး။ ဒါပေမယ့် ကျောက်ကျီက သူ့ကိုကယ်ခဲ့တာ။ သူငြင်းလျှင် မကောင်းတတ်ပါ။
လူတိုင်းက ဝေ့ပင်ချင်းကို ကြည့်လိုက်သည်။ ကျောက်ပန်က စိတ်လှုပ်ရှားကာ လက်ဝါး၌ ချွေးစေးများပင်ထွက်နေသည်။
အခုဝေ့ပင်ချင်းက သူမရဲ့ရှယ်ယာတွေနဲ့ ဆိုတော့ သူနဲ့အရမ်းကိုသင့်တော်ပါတယ်။ သူမသာလက်ခံလျှင် ဂုဏ်၊ပိုက်ဆံ၊ မိန်းမလှ အားလုံးကိုရနိုင်ပြီ။
လီဖန်းရဲ့မျက်နှာက တည်ငြိမ်သည်။ ဒါပေမယ့် စိတ်ထဲမှာတော့ လှုပ်ရှားနေသည်။ ဝေ့ပင်ချင်းကို သူမချစ်သေးပေမယ့် ကျောက်ပန်လိုကျက်သတုံးနဲ့တော့ သဘောမတူချင်ပါ။
အခုမေးခွန်းက ဝေ့ပင်ချင်း….မင်းလက်ခံမှာလား