Switch Mode

အခန်း( ၄၁ )

နဂါးနှင့်လူသား ရင်ဆိုင်တိုက်ပွဲ

‘ အဲဒီလက်ညှိုးက… ’
လီချန်ရှို့ စိတ်ပျက်သွားသည်။ ထိုအချိန်တွင် သူက လူများကြားတွင် မမြင်ရလောက်သည်အထိ ပုန်းကွယ်နေခြင်းဖြစ်သည်။

ထိုလောကသည် အဘယ်ကြောင့် သူ့အပေါ် ဤမျှရက်စက်ရသနည်း။

ထိုနေရာတွင် ကျင့်ကြံသူ(၈၀၀၀)ခန့်ရှိ၏။ ကျင့်ကြံသူအငယ်များအကြားတွင် သူ၏ကျင့်ကြံခြင်းအဆင့်သည် အလယ်အလတ်သာ ဖြစ်သည်။ တချို့ဂိုဏ်းငယ်လေးများမှ ကျင့်ကြံသူအငယ်များဆိုလျှင် ဗလာနတ္ထိအဆင့်ပင် မရောက်ကြသေးချေ။

ဒုတိယမင်းသားလေးသည် ထိုလူအများကြီးကြားမှ အဘယ်ကြောင့် သူ့အားရွေးရသနည်း။

လီချန်ရှို့ မည်သို့မျှ နားမလည်နိုင်ချေ။ သို့သော် ယခုအချိန်သည် တွေးတောနေရမည့်အချိန်မဟုတ်‌တော့ကြောင်း သူ သိလေသည်။ ထိုအခြေအနေမှလွတ်မြောက်ရန် တစ်ခုခုပြုရပေတော့မည်။

သူ့ထံသို့ အကြည့်များစွာရောက်လာကြပြီး စိတ်အာရုံ၊ နတ်အာရုံများသည်လည်း သူ့ကိုလွှမ်းခြုံသွားတော့သည်။

တော်သေးသည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို စစ်ရန် သူ၏သွေးကြောကို မစမ်းသပ်ကြည့်ကြခြင်းပင်။ သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန် ပေါ်သွား၍မဖြစ်ပေ။

သို့သော် ထိုသို့မစမ်းသပ်ရုံဖြင့် သူ၏အဆင့်အစစ်အမှန်ကို လေပေါ်စင်ရှိ အကြီးအကဲများ မရိပ်မိရန် လုံအောင်ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု အာမ,မခံနိုင်ပေ။

ထိုအခိုက်တွင် လီချန်ရှို့သည် ထိုနဂါးမင်းသားလေးအား ကြမ်းပြင်တွင်ဖိ၍ ပါးစပ်ကိုအတင်းဖြဲကာ နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးများ၊ မိစ္ဆာအရိုးပုတ်ဆေးလုံးများ ပစ်ထည့်ပစ်ချင်စိတ် ပေါက်နေလေသည်။

“ ဂိုဏ်းတူ တူလေးချန်ရှို့ … ဂိုဏ်းတူ တူလေးချန်ရှို့… ”
တုနတ်ဝိဇ္ဇာဂိုဏ်းမှ အမျိုးသမီးအတုမဲ့နတ်ဝိဇ္ဇာတစ်ပါးသည် သူ့ထံသို့ စိတ်လှုပ်ရှားစွာ အသံပို့လွှတ်လိုက်သည်။ လီချန်ရှို့သည် အတွေးစဖြတ်လိုက်ပြီး ခေါင်းမော့ကာ ကြည့်လိုက်၏။

“ အဟမ်း… ”
တုနတ်ဝိဇ္ဇာဂိုဏ်းမှ အမျိုးသားကျင့်ကြံသူတစ်ဦးသည် လည်ချောင်းရှင်း၍ ထရပ်လိုက်ပြီး အောင်းရိကို အရိုအသေပေးလိုက်ကာ အပြုံးဖြင့် ရှေ့သို့ထွက်လိုက်၏။
“ အရှင့်သား… အရှင့်သားက ဒီက ဂိုဏ်းတူ တူလေးချန်ရှို့နဲ့ လက်ရည်စမ်းချင်တာလားခင်ဗျာ ”

“ ဟုတ်တယ် ”
အောင်းရိသည် စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။

“ ကျုပ်သူ့ကို‌ရွေးတယ် ”
ထိုစကားဆုံးသည်နှင့် သူ၏နားအတွင်းသို့ အသံပို့လွှတ်မှုတစ်ခု ဝင်လာလေသည်။
“ အရှင့်သား မှားနေပြီထင်တယ်။ အဲဒီတစ်ယောက်က ဗလာနတ္ထိဒုတိယအဆင့်မှာပဲ ရှိသေးတယ် ”

“ အရှင့်သား … အင်္ကျီအနီရဲရဲဝတ်ထားတဲ့ မိန်းကလေးကိုရွေးပါ။ သူက ဗလာနတ္ထိအဋ္ဌမအဆင့်ရှိနေပြီ ”

အောင်းရိ၏နှုတ်ခမ်းများ အနည်းငယ်တွန့်သွားသော်လည်း မလှုပ်မယှက်ပင် ဆက်၍ရပ်နေလိုက်၏။

လီချန်ရှို့က ထရပ်လိုက်ပြီး သူ၏ဂိုဏ်းမှ အတုမဲ့နတ်ဝိဇ္ဇာများကို ဦးညွှတ်ကာ ပြောလိုက်သည်။
“ ဆရာဦးလေး၊ ဆရာဒေါ်လေးတို့… ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါသေးတယ်။ ပြီးတော့ ကျွန်တော့်ဂိုဏ်းတွင်းအဆင့်ကလည်း အဆင့်(၁၀၀)အတွင်းတောင် မဝင်ပါဘူး။ မင်းသားလေးကို ကျွန်တော်မယှဉ်နိုင်ဘဲ တုနတ်ဝိဇ္ဇာဂိုဏ်းကို အရှက်ရမိစေမှာ စိုးရိမ်မိပါတယ် ”

“ မင်းသားလေးကို တုနတ်ဝိဇ္ဇာဂိုဏ်းက ထိပ်တန်းတပည့်(၁၀)ယောက်ထဲက ပြန်ရွေးခိုင်းလိုက်ရင် ကောင်းမယ်ထင်ပါတယ် ”

“ ကိုယ့်ကိုယ်ကိုရော ဂိုဏ်းကိုပါ အရှက်ရအောင် ကျွန်တော်မလုပ်ချင်ပါဘူး ”
တုနတ်ဝိဇ္ဇာဂိုဏ်းမှ ထိပ်တန်းတပည့်ဆယ်ယောက်က ထရပ်လိုက်ကြသည်။ ယုံချင်ရွှမ်းယာသည် ရှေ့ထွက်ကာ လီချန်ရှို့၏ရှေ့မှာပင် ရပ်လိုက်သေးသည်။

အောင်းရိမျက်မှောင်ကြုတ်သွား၏။ ထိုကျင့်ကြံသူသည် အဆင့်နိမ့်သည့်အပြင် သူရဲဘောလည်း ကြောင်လှပါလား။

နဂါးနန်းတော်၏ ဒုတိယမင်းသားလေးသည် အော်၍ ပြောလိုက်သည်။
“ ကျွန်တော့်ရဲ့ စိတ်ပြောင်းမှာမဟုတ်ဘူး… ”

“ ဘာလဲ… တုနတ်ဝိဇ္ဇာဂိုဏ်းက အရှေ့သမုဒ္ဒရာ နဂါးနန်းတော်ကို ဒီလောက်တောင် အထင်သေးတာလား ”

လီချန်ရှို့ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။ ထိုနဂါမင်းသားသည် သူနှင့် လက်ရည်စမ်းချင်နေတုန်းပင်လော။

မည်သည့်နေရာတွင် မှားသွားခဲ့သနည်း။

ထိုအချိန်တွင် လေပေါ်ရှိစင်မြင့်အထက်မှနေ၍ ကောင်းကင်နတ်မင်းအဆင့် လူသားကျင့်ကြံသူ(၃၀၀)ခန့်သည် အောက်ရှိအခြေအနေကို စောင့်ကြည့်နေကြသည်။ နဂါးနန်းတော်မှ အကြီးအကဲ(၁၀၀)ကျော်သည်လည်း မျက်မှောင်ကြုတ်၍ အခြေအနေကို အကဲခတ်နေလေသည်။

နဂါးဘုရင်အိုကြီးသည်သာ အိပ်ပျော်နေသယောင် သူ့ပလ္လင်ပေါ်တွင် ပြုံးပြုံးကြီးထိုင်နေ၏။ ထိုအခြေအနေများကို ကြိုတင်တွက်စထားပြီးသကဲ့သို့ ဂရုမစိုက်သည့်ဟန်ပေါ်လေသည်။

လီချန်ရှို့မှာ ချီတုံချတုံ ဖြစ်နေစဉ် သူ၏ဆရာဦးလေးတစ်ယောက်သည် သူ့ဘက်လှည့်ကာ အခက်တွေ့နေသည့်ဟန်ဖြင့် ပြုံးလိုက်သည်။
“ ဂိုဏ်းတူ တူလေးချန်ရှို့… မင်းသားလေးနဲ့ တစ်ကွက်၊ နှစ်ကွက်လောက် လက်ရည်သွားစမ်းလိုက်ပါလား ”

ထိုအတုမဲ့နတ်ဝိဇ္ဇာသည် လီချန်ရှို့အား ရှေ့တန်းတင်ပေးရမည်ကိုလည်း မဝံ့မရဲဖြစ်နေသဖြင့် လိုရင်းကိုသာ တန်းပြောလိုက်သည်။
“ နဂိုရည်ရွယ်ချက်ကတော့ မင်းရဲ့အသိအမြင်ကျယ်အောင် ဒီခရီးမှာ ခေါ်လာတာပဲ။ အခု မမျှော်လင့်ဘဲနဲ့ မင်းသားလေးက မင်းကိုပြိုင်ဘက်အဖြစ် ရွေးလိုက်တယ်… ”

“ မင်းသင်ထားတာတွေကိုသာ ထုတ်ပြလိုက်ပါ။ နိုင်စရာမလိုပါဘူး။ မင်းသားလေးသာ ပျင်းမသွားစေရင် ရပါပြီ ”
ထို့နောက် အခြားဆရာဦးလေးတစ်ယောက်သည်လည်း သူ့ထံသို့ အသံပို့လွှတ်လိုက်သည်။
“ စိတ်မပူပါနဲ့ ဂိုဏ်းတူ တူလေးချန်ရှို့။ သွားပြီးသာ နည်းနည်းလောက် လက်ရည်စမ်းလိုက်ပါ။ ဆရာဦးလေးတို့ အခြေအနေကို စောင့်ကြည့်နေမှာပါ… ”

“ ဒီနဂါးလေးက နဂါးနန်းတော်ရဲ့ မင်းသားပဲ။ အစွမ်းထက်မှာ သေချာတယ်။ တကယ်လို့ မင်း ရင်မဆိုင်နိုင်တော့ဘူးလို့ထင်ရင် ချက်ချင်းအရှုံးပေးလိုက်လို့ရတယ်။ ကိုယ့်ကိုမထိခိုက်စေဖို့က အဓိကဆိုတာ မှတ်ထား ”

“ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ရှုံးသွားလည်း အရှက်ရစရာ မရှိပါဘူး။ ဂိုဏ်းရဲ့မာနအတွက် ဂိုဏ်းသားတစ်ယောက် အသက်ပေးလောက်အောင်အထိ မလိုပါဘူး ”
လီချန်ရှို့သည် တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး မပွင့်တပွင့်ပြုံးကာ သူ့အား စိုးရိပ်တကြီး ကြည့်နေကြသော ဆရာဦးလေး၊ ဆရာဒေါ်လေးများကို လက်နှစ်ဘက်ဆုပ်၍ အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် ခပ်လေးလေးပင် လှေကားမှဆင်းသွားလိုက်ပြီး ပြိုင်ပွဲစင်မြင့်ထံသို့ လျှောက်သွားလေ၏။

ဗလာနတ္ထိဒုတိယအဆင့်ရှိသည် ကျင့်ကြံသူတစ်ယောက် လုပ်နိုင်သမျှ အကုန်လုပ်ရန် သူ ဆုံးဖြတ်လိုက်သည်။

ထိုနေ့၏ ကြယ်ပွင့်သည် အောင်းရိဖြစ်သည်။ ထိုနဂါးလေးသည် သူ့အားရွေးသည်မှာ အနိုင်ရရန်သေချာ၍ဖြစ်မည်ဟု လီချန်ရှို့ယူဆလိုက်သည်။

ထိုသို့ဆိုလျှင် သူ၏ဆန္ဒကိုဖြည့်ပေးရပေမည်။ အကွက်အနည်းငယ်တိုက်ပြီးလျှင် လှလှပပဖြင့် သူ အရှုံးပေးလိုက်မည် ဖြစ်သည်။

“ ချန်ရှို့… ဂိုဏ်းတူ တူလေး… ”
ကျိုးကျိုးသည် ဘေးမှနေ၍ ရုတ်တရက်အော်လိုက်သည်။ သူမသည် ကျောတွင်လွယ်ထားသော အရက်အိုးကြီးကို ချွတ်လိုက်ပြီး လီချန်ရှို့အား မျက်လုံးတစ်ဖက်မှိတ်ပြကာ အော်ပြောလိုက်သည်။
“ မင်းရဲ့ မိစ္ဆာနှိမ်နင်း ရူယီဓားကို မမေ့နဲ့လေ။ ငါ ကြည့်ပြီးပါပြီ။ မင်းကိုပြန်ပေးလိုက်မယ် ”

လီချန်ရှို့သည် ရယ်ရအခက်ငိုရအခက် ဖြစ်သွားသည်။ သို့သော် သူ့ဆရာဒေါ်လေး၏ စိုးရိမ်မှုနှင့် ဂရုစိုက်ပေးမှုကိုမူ သူ့ရင်ထဲမှ ခံစားလိုက်ရ၏။

မိစ္ဆာနှိမ်နင်းရူယီဓားသည် အရှင်ဝမ်ချင်းကိုယ်တိုင် ပြုလုပ်ထားသော အဆင့်မြင့်ဓမ္မရတနာဖြစ်သည်။ ထိုဓားသည် ဝိညာဉ်အမြုတေတစ်ခုဖြစ်လာနိုင်သည့် အလားအလာပင်ရှိသည်ဟု ပြောကြသည်။

ထိုဓားသည် ဆရာဒေါ်လေးကျိုးကျိုး၏ ဖွားဖက်ဓမ္မရတနာဖြစ်သည်။ သူမသည် ထိုကဲ့သို့သောပစ္စည်းမျိုးကိုပင် အကြောင်းရှာ၍ လီချန်ရှို့ကို ငှားပေးနေလေ၏။

“ ကျွန်တော်က ဒုတိယမင်းသားလေးနဲ့ လက်ရည်စမ်းရုံလောက်ပါပဲ… ”
လီချန်ရှို့ သိမ်မွေ့စွာပြန်ပြောလိုက်၏။
“ ဒါက သေရေးရှင်ရေး တိုက်ပွဲမဟုတ်ပါဘူး။ အဲဒီလို သတ်ဖြတ်နိုင်လောက်တဲ့ အဆင့်မြင့်ဓမ္မရတနာမျိုး မလိုပါဘူးခင်ဗျာ ”

ထိုသို့ပြောပြီးနောက် လီချန်ရှို့သည် ဆရာဒေါ်လေး၏အရက်အိုးကြီးကို မယူတော့ဘဲ စင်မြင့်ပေါ်သို့တက်လိုက်သည်။ ထို့နောက် သူသည် ဒုတိယမင်းသားလေးနှင့် အကြည့်ချင်းစုံ၍ ကြည့်လိုက်လေသည်။

အောင်းရိ၏ နှုတ်ခမ်းထောင့်စွန်းနှစ်ခု ပင့်သွားပြီး မျက်လုံးထဲတွင် အလျင်လိုမှုများနှင့် ပြည့်နေလေ၏။
‘ ကောင်းတယ်…လာစမ်း ’

‘ နဂါးနန်းတော်ရဲ့ ဒုတိယမင်းသားလေကို တိုက်ခိုက်ပြီး အနိုင်ယူလိုက်ပေတော့ ’

‘ မင်းအစွမ်းရှိသမျှ ဓမ္မမန္တန်တွေ၊ ခြေထောက်တွေ၊ လက်သီးတွေ ပစ်သွင်းလိုက်ပေတော့။ ငါ သွေးကို ရေတံခွန်လောက် အန်ပြလိုက်မယ် ’

လီချန်ရှို့သည် သူ၏ပြိုင်ဘက်ထံမှ ထိုသို့သောအကြည့်ကြောင့် မသက်မသာဖြစ်သွားရသည်။
‘ သူဘာလုပ်ဖို့ ကြိုးစားနေတာတုန်း။ ဘာလို့ သူအကြည့်တွေက ဒီလောက်စူးရှနေရတာလဲ ’

‘ ဒီ နဂါးနန်းတော်က မင်းသားက ဒီနေရာမှာ တုနတ်ဝိဇ္ဇာဂိုဏ်းသားငါ့ကို သတ်မလို့ကြံနေတာလား ’

‘ ငါက နတ်ဝိဇ္ဇာအ‌လောင်းအလျာမဟုတ်လို့ ငါသေသွားလည်း တုနတ်ဝိဇ္ဇာဂိုဏ်းက သိပ်အရေးထားမှာ မဟုတ်ဘူးလို့ ထင်လို့လား။ အဲဒီလိုဆို နဂါးနန်းတော်က လက်စားပြန်ချေနိုင်ပြီ… ’

‘ ဟုတ်တယ်။ အဲဒီလိုပဲဖြစ်ရမယ် ’

‘ ငါသတိကြီးကြီးထားမှ ဖြစ်မယ် ’

ထို့ကြောင့် လီချန်ရှို့သည် ပို၍ပင် စိတ်ပျက်လာလေတော့သည်။

အောင်းရိဝတ်ဆင်ထားသော နတ်ချပ်ဝတ်တန်ဆာသည် တလက်လက် တောက်ပနေသည်။ သူသည် ပြောင်မြောက်သော ကိုယ်ရောင်ကိုယ်ဝါများကို ထုတ်ကာ ရှေ့သို့တစ်လှမ်းတိုးလိုက်၏။

လီချန်ရှို့သည် သူနှင့် ကျန့်(၃၀)အကွာတွင် ရှိလေသည်။ အောင်းရိ၏ စွမ်းအားများသည် သူ့အပေါ်လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသည်။

သူသည် ရုတ်ခြည်းပင် ဓမ္မတန်ခိုးများကို ထုတ်ကာ သူ၏ကိုယ်ရောက်ကိုယ်ဝါကို ဖွက်၍ သူ ဖန်တီးထားသော ချီငြိမ်သက်မန္တန်ကို အာရုံစိုက်ရွတ်လိုက်သည်။ ထိုနည်းဖြင့် သူသည် အစွမ်းများအကုန်ထုတ်သုံးသောအခါ ဗလာနတ္ထိဒုတိယအဆင့်လောက်သာ ထွက်ပေမည်။

ထို့နောက် သူသည် ‌ရှေ့သို့ ခြေလှမ်းဝက်ခန့်တက်လိုက်သည်။ လူသားတစ်‌‌ယောက်နှင့် နဂါးတစ်ကောင်၏ စွမ်းအားများသည် အချင်းချင်းရိုက်ခတ်သွားတော့၏။

‘ လာစမ်း ’
အောင်းရိ၏မျက်လုံးများထဲတွင် ပြာလဲ့လဲ့အလင်းများ ထွက်ပေါ်လာသည်။ သူသည် ဓမ္မရတနာများကိုသုံးကာ အဝေးမှတိုက်မနေတော့ဘဲ ထိပ်တိုက်ရင်ဆိုင်ကာ တုနတ်ဝိဇ္ဇာဂိုဏ်းမှတပည့်၏ လက်သီးလာရာတွင် မျက်နှာထားပေးရန် အသင့်ပြင်လိုက်၏။

“ နေဦး … ”
လီချန်ရှို့က အော်လိုက်သည်။

အောင်းရိသည် ဟန်ချက်ပျက်သွားပြီး ကြမ်းပြင်နှင့်မျက်နှာမိတ်ဆက်တော့ မလိုပင်ဖြစ်သွားရသည်။

မည်သည့်ကိစ္စများရှိသနည်း။

အောင်းရိသည် မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်သည်။ ကြည့်ရှုနေသောပရိသတ်သည်လည်း ကြောင်သွားကြ၏။

တိုက်ပွဲစတင်ခါနီးမှ မည်သည့်အကြောင်းပေါ်သနည်း။

လီချန်ရှို့ က ရှင်းပြလိုက်၏။
“ ဒါက လက်ရည်စမ်းရုံလောက်ပဲဆိုတော့ အခြေခံစည်းကမ်းလေးတွေ သတ်မှတ်ထားတာ ကောင်းမယ်ထင်တယ်။ ပြီးတော့ ရလာဒ်ကိုအဆုံးအဖြတ်ပေးဖို့ သမာသမတ်ကျတဲ့ ဒိုင်လူကြီးလည်း လိုမယ်။ ပြီးတော့ တိုက်ပွဲနေရာသတ်သတ်မှတ်မှတ်ဖြစ်အောင် စည်းဝိုင်းတစ်ခုလည်းတားမှ ရမယ်။ တကယ်လို့ စည်းမျဉ်းစည်းကမ်းတွေသာမရှိဘူးဆိုရင် နဂါးနန်းတော်က ဒီအခမ်းအနားကို အရေးတယူ မျှမျှတတဆောင်ရွက်တယ်လို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ ”

‘ ဘာလို့ ဒီကောင်က ဒီလောက်တောင် ပစိပစပ်များနေရတာလဲ… ’
အောင်းရိစိတ်ညစ်သွားသည်။ သို့သော် ဘေး‌တွင်ရပ်နေသောလိပ်ဘိုးဘိုးသည် လီချန်ရှို့၏ အကြံပေးချက်များသည် ယုတ္တိရှိကာ ငြင်းပယ်ရန်မသင့်ဟု ခံစားလိုက်ရ၏။

နဂါးနန်းတော်သည် ဤအစီအစဉ်အတွက် သေချာကြိုတင်ပြင်ဆင်ရန် လိုအပ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

လိပ်ဘိုးဘိုးသည် ‌ချက်ချင်း ရှေ့သို့ထွက်လိုက်ပြီး ကိုယ်တိုင်ပင် ဒိုင်လူကြီးအဖြစ်တာဝန်ယူလိုက်သည်။ ထို့နောက် တန်ခိုးကိုသုံးကာ ကျန့်(၂၀၀)အဝန်းအဝိုင်းရှိသော စက်ဝိုင်ကြီးကို ဆွဲလိုက်၏။
“ မင်းသားလေးနဲ့ တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်တို့ယှဉ်ပြိုင်မယ့်ပွဲမှာ ဘယ်သူမှ ပြင်းပြင်းထန်ထန် မတိုက်ဘူး။ သတ်ဖြတ်ဓမ္မရတနာတွေကိုလည်း ခွင့်မပြုဘူး… ”

စည်းဝိုင်းလည်း ဆွဲပြီးချေပြီ။ စည်းကမ်းများလည်း သတ်မှတ်ပြီးချေပြီ။ တိုက်ပွဲသည် ပို၍ တရားဝင်ဖြစ်သွားပေပြီ။

လီချန်ရှို့နှင့် အောင်းရိတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကျန့်(၃၀)အကွာတွင် ရပ်နေရင်းမှာပင် သူတို့၏စွမ်းအားများသည် အချင်းချင်းရိုက်ခတ်သွားပြန်လေသည်။

အောင်းရိသည် ကျောက်စိုင်ကြီးကဲ့သို့ မားမားမတ်မတ်ရပ်နေပြီး သူ၏ဘေးပတ်လည်တွင် နှင်းပွင့်ဖတ်များ ပေါ်လာကာ ဝဲပျံနေ၏။ နှင်းပွင့်တစ်ဖတ်စီ၏အတွင်းတွင် အရှိန်တညီးညီးတောက်လောက်နေသော မီးတောက်တစ်ခုရှိလေသည်။
‘ ငါရဲ့ကိုယ်ရောင်ကိုယ်ဝါက ဝင်းလက်တောက်ပြောင်နေရမယ်။ ဒါမှ ရှုံးသွားတဲ့အခါ ပိုပြီး ရင်နာကြမှာ ’

‘ အသက်တစ်ချက်ရှူသွင်းပြီး ပြန်မထုတ်ဘဲ အောင့်ထား ’
အောင်းရိသည် တိုက်ရန်ပြေးထွက်တော့မည့်အချိန်တွင်…

“ နေဦး… ”
လီချန်ရှို့က ထပ်၍ အော်လိုက်ပြန်သည်။

အောင်းရိ၏ ခြေထောက်များချော်သွားပြီး ရှေ့သို့ နှစ်ခါမျှ ယက်ကန်ယက်ကန်ဖြစ်သွားသည်။
‘ ဒီကောင်က သူ ဓမ္မတန်ခိုးတွေထုတ်ဖို့ ပြင်လိုက်တိုင်း ဘာလို့ ‘နေဦး’ လို့ အော်နေရတာတုန်း … ‘

လီချန်ရှို့က ပြောလိုက်သည်။
“ အရှင့်သား… ကျွန်တော်တို့ ဉာဏ်ပဲပြိုင်ရင် မကောင်းဘူးလား ”

“ တော်တော်လျှာရှည်တာပဲ။ လာပြီကွာ… ” အောင်းရိသည် အော်လိုက်ပြီး ရှေ့သို့ဒေါသတကြီးပြေးလာလေတော့သည်။

သူ၏ခန္ဓာကိုယ်သည် မြားတစ်စင်းအလား ပြေးထွက်လာပြီး ဘေးပတ်လည်ရှိ နှင်းပွင့်လေးများသည်လည်း တောက်ပသွားကာ နဂိုနေရာတွင် တံလျှပ်များကျန်ခဲ့လေသည်။ သို့သော် သူ့အရှေ့ပိုင်းတွင် သိသာသော ဟာကွက်တစ်ခု ဖွင့်ပေးထား၏။

လီချန်ရှို့သည် လက်ထဲတွင် အဆောင်စက္ကူတစ်ထပ်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားသည်။ တမုဟုတ်ခြင်းပင် အောင်းရိသည် အန္တရာယ်ပေးနိုင်လောက်သည်အထိ နီးကပ်လာရာ သူသည် ဘေးသို့ အလျင်စလိုဟန်ဖြင့် ရှောင်လိုက်သော်လည်း ကြည့်၍တင့်လှပေသည်။

နဂါးတိမ်စီးခြေကွက်သည် တုနတ်ဝိဇ္ဇာဂိုဏ်းအား ယခင်က သူ ထုတ်ပြပြီးသော အဆင့်မြင့်ခြေကွက်ဖြစ်သည်။ သို့သော် ထိုခြေကွက်သည် လှုပ်ရှားမှုအတတ်တစ်ခုသာဖြစ်၍ ပြိုင်ဖက်ကင်း လျှို့ဝှက်ဆန်းကြယ်သော အစွမ်းမဟုတ်ပေ။

လီချန်ရှို့ကိုလွန်သွားသော အောင်းရိသည် မျက်မှောင်ကြုတ်ကာ လီချန်ရှို့၏တုန်လှုပ်ပုံပေါ်နေသော မျက်နှာထားကို စိုက်ကြည့်လိုက်သည်။

အောင်းရိ တိတ်တဆိတ်တွေးလိုက်၏။
‘ ဘာဖြစ်နေတာလဲ။ ထိပ်တိုက်ရင်ဆိုင်ဖို့ အဲဒီလောက်တောင် ခက်နေလို့လား။ ကြည့်ရတာ ငါ့ပုံက ဒေါသတကြီးဖြစ်နေလို့ ကြောက်သွားတာ ထင်တယ်။ ကြောက်မနေဘဲ ငါ့ကိုသာ ထိပ်တိုက် တိုက်လိုက်စမ်းပါ။ မင်း လှလှပပလေးနိုင်သွားအောင် ငါ လုပ်ပေးမှာပါ ’

ကျန့်(၂၀)ခန့်ဆက်၍ ပြေးပြီးသောအခါ အောင်းရိသည် လေပေါ်တွင် ကျင်လည်စွာ နောက်ကျွမ်းပစ်၍ ‌ပြန်လှည့်လိုက်ပြီး ခြေကုပ်ယူကာ လီချန်ရှို့ထံသို့ ထပ်မံဦးတည်သွားလိုက်သည်။

လီချန်ရှို့သည် အဆောင်စက္ကူခြောက်ရွက်အား ထုတ်၍ ဓမ္မလက်ဟန်တချို့ ပြုလုပ်လိုက်သည်။ အဆောင်ပေါ်ရှိ ပုံများသည် အလင်းရောင်တောက်သွားပြီး မီးတောက်မြွေများထွက်လာကာ ပြိုင်ဘက်ဆီသို့ ပျံထွက်သွားကြ၏။

အောင်းရိသည် မရှောင်ဘဲ ရှေ့သို့သာဆက်ပြေးလာသည်။ မီးတောက်မြွေများမှ မီးတောက်များသည် သူ့ကိုယ်ကို အနည်းငယ်လောင်ကျွမ်းသွားသည်။ သို့သော် မျက်စိတစ်မှတ်အတွင်းပင် ထိုသာမန်မီးတောက်များကို သူ ကျော်ဖြတ်နိုင်ခဲ့၏။

ထိုအရာ‌လောက်ဖြင့် သူ့အား မတားနိုင်ချေ။

လီချန်ရှို့သည် ဤတစ်ကြိမ်တွင်လည်း ခဲယဉ်းသောခြေလှမ်းကွက်တချို့ကို သုံးကာ ရှောင်ထွက်လိုက်ပြန်သည်။ သို့သော် သူသည် အတန်ငယ် စိတ်လှုပ်ရှားနေပုံပေါ်လေသည်။ ထို့နောက် အောင်းရိ၏ တိုက်ခိုက်မှုကို ထပ်မံရှောင်လိုက်ပြီး အောင်းရိထံသို့ပင် အဆောင်နှစ်ခုကို ပြန်လည်ပစ်လွှတ်လိုက်၏။

အောင်းရိသည် လှောင်ပြုံးပြုံးကာ ချက်ချင်းပင် သူ၏တိုက်ခိုက်မှု နည်းစနစ်ကို ပြောင်းလိုက်လေသည်။ သူသည် လီချန်ရှို့အနောက်မှ ထပ်ကြပ်မကွာလိုက်ကာ တမင်ပင် အဆောင်မီးတောက်များအတွင်းသို့ ဝင်ရောက်ဖြတ်သန်းလိုက်သည်။

လီချန်ရှို့သည် ဗလာနတ္ထိဒုတိယအဆင့်ရှိသူတစ်ယောက်၏ ဓမ္မတန်ခိုးလောက်ဖြင့်သာ နဂါးတိမ်းစီးခြေကွက်ကို သုံးနေသည်။ သူသည် ရှောင်လိုက် တိုက်ခိုက်လိုက်လုပ်နေရင်းဖြင့် အရေးနိမ့်လာလေ၏။ ကံအားလျော်စွာ .. အဟမ်း … အဟုတ်ပင်ကံအာလျော်စွာ သူရွေးချယ်ထားသောနေရာသို့ ရောက်ရှိအောင် သွားနိုင်ခဲ့လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနှစ်ယောက်သည် ဆယ်ကွက်မက တိုက်ခိုက်ပြီးပြီ ဖြစ်သည်။

အောင်းရိသည် ပို၍ မျက်မှောင်ကြုတ်သွားသည်။ သူသည် သူ၏ထိပ်တိုက် တိုက်ကွက်များကိုသုံးကာ ဟာကွက်များဖော်ပြပြီး တိုက်ခိုက်ရန် အခွင့်အရေးပေးခဲ့သည်။

သို့သော် သူ့ပြိုင်ဘက်သည် သူ၏အဓိကနေရာများကို မတိုက်ရဲချေ။ နဂါးနန်းတော်အား အပြစ်ပြုမိမည်ကို ကြောက်နေဟန်တူလေသည်။ သို့မဟုတ် သူ့ပြိုင်ဘက်၏ အစွမ်းသည် အမှန်ပင်နိမ့်ကာ သူ ပေးသော အခွင့်အရေးများကို မယူနိုင်ခြင်းဖြစ်ပေမည်။

သူ၏ပြိုင်ဘက်သည် ဖော်ပေးသော ဟာကွက်များကို မတိုက်ခဲ့။

တော်သေးသည်မှာ ထိုသူ၏ အဆောင်အတတ်သည် အစွမ်းမကြီးသော်လည်း သူက တမင်ပင် မီးတိုက်ခိုက်မှုများကို အတော်ခံခဲ့ပြီးပြီ ဖြစ်၏။

မကြာမီတွင် သူသည် နဂါးပေါက်ကွဲအကွက်အား လူများအရှေ့တွင် ပြသနိုင်ပေတော့မည်။

နောက်ဆုံး၌ လီချန်ရှို့နှင့် အောင်းရိတို့၏ ပထမဆုံး ခန္ဓာကိုယ်အချင်းချင်း ထိတွေ့မှုဖြစ်ပွားသွားလေသည်။

လီချန်ရှို့သည် စည်းဝိုင်းနှင့်(၃)ကျန့်သာကွာတော့သော နေရာသို့ ရောက်သွား၏။ သူ၏မျက်လုံးများထဲတွင် ပြတ်သားသောအကြည့်တစ်စ ပေါ်ပေါက်လာသည်။ သူသည် အဆောင်စက္ကူဒါဇင်ကျော်ခန့်ထုတ်ယူလိုက်ပြီး လက်ဖဝါးတွင် ဓမ္မတန်ခိုးများစုကာ လျှပ်စီးများအဖြစ် ပြောင်းလဲလိုက်သည်။

ယင်းကား အလင်းခွင်းလျှပ်စီးငါးသွယ်အတတ်ပင်။

ထိုအတတ်သည် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ အတန်ငယ်အဆင့်မြင့်သော အတတ်ဖြစ်သည်။ ဗလာနတ္ထိအဆင့်ရှိသူများသည် ထိုအတတ်ကို တတ်မြောက်ထားပြီး ဖြစ်သည်။

လျှပ်စီးများလက်သွားပြီး အလင်းတန်းငါးခု ထွက်ခွာသွားလေ၏။

အောင်းရိသည် ထိုအရာများကို ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး လီချန်ရှို့ကို လက်သီးဖြင့်ထိုးလိုက်ရာ လီချန်ရှို့သည် လက်ဝါးဖြင့်ကာလိုက်ရတော့သည်။

‘ အမ်… ’
အောင်းရိမျက်မှောင်ကြုတ်သွားသည်။ ထိုသို့အသားချင်းထိမိသွားသည်နှင့် တပြိုင်နက် သူ၏မွေးရာပါအာရုံခံနိုင်စွမ်းသည် အန္တရာယ်ကို အာရုံခံမိလိုက်၏။

‘ အမ်… ’
တချိန်တည်းမှာပင် လီချန်ရှို့သည်လည်း အနည်းငယ်ကြောင်သွားသည်။

ထိုလက်သီးချက်သည် အားတစ်စက်မျှ မပါချေ။

သို့သော်ငြား လီချန်ရှို့သည် သူ၏ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် နောက်သို့ယိုင်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွား၏။ လီချန်ရှို့သည် အောင်းရိ၏ လက်သီးကို ဘေးသို့တွန်းဖယ်ရန် လက်ဟန်အနည်းငယ်ထုတ်၍ နောက်သို့ ထပ်ဆုတ်သွားသည်။

အောင်းရိသည်လည်း ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ အနည်းငယ် ဒယိမ်းဒယိုင် ဖြစ်သွားဟန်ဆောင်လိုက်သည်။ သူက လက်ဝဲဘက်သို့ ခြေလှမ်းအနည်းငယ်‌ရွှေ့ကာ စိတ်ထဲတွင် ဝမ်းသာအားရဖြစ်နေ၏။
‘ ဒီလောက်ဆို လုံလောက် လောက်ပါတယ် ’

သို့သော် ထိုအချိန်တွင် အောင်းရိသည် ဘေးမှ ချောင်းဆိုးသံကိုကြားလိုက်ရသည်။ သူသည် မျက်စောင်းထိုးကြည့်ကာ အကဲခတ်လိုက်၏။

လီချန်ရှို့သည် သူ၏ခေါင်းကို ငုံ့၍ ချောင်းတဟွတ်ဟွတ်ဆိုးကာ သွေးများအန်နေလေ၏။ ထို့နောက် သူသည် ကောင်းကင်သို့မော့ကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုချ၍ လက်လျှော့လိုက်သော လေသံဖြင့် ရေရွတ်လိုက်သည်။
“ ရှိပါစေတော့ … ကျွန်တော်ရှုံးပါတယ်။ ကျွန်တော့်ရဲ့အရည်အချင်းက မလုံလောက်သေးပါဘူး။ ပိုပြီးကျင့်ကြံဖို့လိုအပ်ပါသေးတယ် ”

သူသည် နောက်သို့ ခြေလှမ်းဝက်ခန့် ဆုတ်လိုက်သောအခါ စည်းဝိုင်း၏အပြင်ဘက်သို့ ရောက်သွားလေတော့သည်။

ရေကြာပွင့်ပေါ်ရှိ များစွာသော နတ်ဝိဇ္ဇာများ၊ ကျင့်ကြံသူများ၊ နဂါးမျိုးနွယ်မှသူများနှင့် သမုဒ္ဒရာနေသူများသည် စိတ်မကောင်းစွာဖြင့် ကြည့်နေကြသည်။

လီချန်ရှို့သုံးသွားသော ခြေလှမ်းကွက်များ၊ အ‌ဆောင်အတတ်များနှင့် လျှပ်စီးအတတ်များသည် ဗလာနတ္ထိဒုတိယအဆင့်ရှိသူတစ်ယောက် အနေနှင့်ဆိုလျှင် အတန်ငယ် အထင်ကြီးဖွယ်ကောင်းလေ၏။

‘ သူ…သူအရှုံးပေးသွားတာပဲ ’
အောင်းရိသည် ခေတ္တမျှ ဆွံ့အသွားသည်။ သူငုံ့ကြည့်လိုက်သောအခါ လီချန်ရှို့အရှေ့ရှိ စူးရှတောက်ပသော စည်းဝိုင်းအစွန်းကို တွေ့လိုက်လေသည်။
‘ မင်းဘကြီး…ဘာလို့များ အရှုံးပေးသွားရတာတုန်းဟ။ ဘာလို့ မင်းက အရင်ဆုံး အရှုံးပေးလိုက်တာလဲ။ မင်းမနိုင်ချင်ဘူးလား။ မင်းက လူသားမျိုးနွယ်က ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား… ’

ထို့နောက် သူသည် လိပ်ဘိုးဘိုး ကြေညာလိုက်သောအသံကို ကြားလိုက်၏။
“ ဒီပွဲစဉ်မှာ ဒုတိယမင်းသားလေးက… ”

အောင်းရိ၏မျက်လုံးများ ပြူးသွားပြီး မျက်နှာရှုံ့မဲ့သွားသည်။
‘ ဒီလိုဖြစ်လို့မရဘူးလေ။ ငါရဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ်လေး … နဂါးမျိုးနွယ်ကို နိုးထလာအောင်လုပ်ပေးနိုင်မယ့် အစီအစဉ်လေး… မင်းက အရှုံးပေးရဲတယ်ပေါ့လေ။ ငါ တမင်‌တကာတောင် အထိခိုက်ခံခဲ့ရတာကွ …ဒါ..ဒါ.. ’

ဒုတိယမင်းသားလေး၏မျက်နှာသည် ချက်ချင်းပင် သွေးရောင်သမ်းသွားသည်။

လိပ်ဘိုးဘိုး၏ ကြေညာချက်သည် မဆုံးသေးပေ။

“ အား…. ”
အောင်းရိသည် ခေါင်းမော့လိုက်ပြီး ရုတ်တရက် ပြင်းထန်စွာအော်ဟစ်လိုက်သည်။

တစ်ပြိုင်နက်တည်း သူ၏ နတ်ချပ်ဝတ်ဆာပတ်ပတ်လည်တွင် အက်ကြောင်းများပေါ်လာပြီး ထိုအက်ကြောင်းများအတွင်းမှ ရွှေရောင်ဖျော့ဖျော့ နဂါးသွေးများစီးကျလာကာ ကြမ်းပေါ်တွင် အိုင်ထွန်းသွားတော့သည်။

ကောင်းကင်နတ်မင်းအဆင့်လိပ်ဘိုးဘိုး ထိတ်လန့်သွားရသည်။

အောင်းရိသည် လီချန်ရှို့အားကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ပြောလိုက်၏။
“ တော်တော်…အ..အစွမ်း..ကြီး…ကြီးတဲ့…အ…အဆောင်ပညာရပ်ပဲ… ”

ထိုသို့ပြောလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် နောက်သို့လန်ကာ သွေးအိုင်အတွင်းသို့ လဲကျသွားလေသည်။ အနီးရှိ နဂါးအကြီးအကဲများသည် စင်မြင့်ပေါ်သို့ စိုးရိမ်တကြီးတက်လာကြသည်။ ရေကြာပွင့်အပေါ်တွင် ပွက်လောရိုက်သွားပေ၏။

လီချန်ရှို့ဆွံ့အသွားသည်။
‘ ဒီနဂါးမင်းသားရဲ့ သရုပ်ဆောင်စွမ်းရည်က တော်တော် ဆိုးဆိုးဝါးဝါးပဲ ’

တုနတ်ဝိဇ္ဇာဂိုဏ်းမှ အတုမဲ့နတ်ဝိဇ္ဇာတချို့လည်း ရောက်ရှိလာကြပြီး လီချန်ရှို့၏အရှေ့တွင် ရပ်ကာ သူ့အား အကာအကွယ်ပေးထားလိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset