ချန်ရှင်း၏ စကားသံမှာ မောက်မာဝင့်ကြွားနေခြင်း မရှိသလို ဩဇာညောင်းနေသည့်လေသံလည်း မပေါက်ပေ။ သို့သော် သူ၏စကားသံကြီး ထွက်ပေါ်လာသည်နှင့် တစ်ကမ္ဘာလုံးမှာ ငြိမ်ကျသွားရ၏။ ကြယ်အစွယ်သားရဲဘုရင်ကြီးမှာလည်း တစ်ကိုယ်လုံးတုန်ရီသွားရပြီး မျက်ဝန်းများထဲ၌ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ ၎င်းမှာ စကားပင် မပြောနိုင်တော့ပေ။
အခြား ကြယ်အစွယ်သားရဲများမှာဆိုလျှင် ပို၍ပင်ဆိုးပေသည်။ ချန်ရှင်း၏ နှုတ်မှ ထွက်ပေါ်လာသည့် စကားသံကြီးမှာ သက်ရှိများအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိနေသည်အလားပင်။ ထို့ကြောင့် ၎င်းတို့မှာ စဉ်းစားတွေးတောနိုင်စွမ်းမရှိတော့ဘဲ ဖြစ်သွားရ၏။
ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် အသိစိတ်ထဲ၌ မိုးခြိမ်းသံများ အဆက်အပြတ် ပေါ်ပေါက်လာသည်အလား ခံစားလိုက်ရ၏။ သူသည် အမှောင်အိပ်မက်တစ်ခုအား မက်ခဲ့ဖူးပြီး ထိုအိပ်မက်ထဲမှ သူ၏ဆရာဖြစ်သူမှာ သူ့အား ချန်ရှင်းအကြောင်း သတိပေးခဲ့ဖူးသဖြင့် သူသည် သူနှင့် သူ၏ဂိုဏ်းတူအစ်ကို ချန်ရှင်းတို့၏ ကြားရှိ ဆက်ဆံရေး အစစ်အမှန်အကြောင်းကို တွေးတောကြည့်ခဲ့ဖူးသည်။
မည်သို့ပင် ဆိုစေကာမူ သူသည် ထိုအကြောင်းများအား တွေးရုံမျှသာ တွေးထားခဲ့ခြင်းဖြစ်ပြီး ယခုလို ဆုံတွေ့မှုအတွက် ပြင်ဆင်ထားခြင်းမရှိပေ။ အမှန်အတိုင်းဆိုရမည်ဆိုလျှင် သူသည် သူ၏အိမ်မက်ထဲ၌ တွေ့ခဲ့ရသည့် သူ၏ဂိုဏ်းတူအစ်ကိုနှင့် ယခုလောက် မြန်မြန်ကြီး ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။
ထိုအခိုက်အတန့်တွင် သူ၏ အမှောင်အိပ်မက်ထဲမှ မှတ်ဉာဏ်များမှာ လက်တွေ့လောကနှင့် ပေါင်းစည်းသွားတော့သည်။ သူ့အား ပြုံးပြခဲ့ပြီး နောက်ဘဝတွင် သူ၏ တာအိုလက်တွဲဖော် ဖြစ်လာမည့် မိန်းကလေးအား ရှာတွေ့ခဲ့ပြီဟု ပြောပြခဲ့သည့် သူ၏ ဂိုဏ်းတူအစ်ကို၏ ပုံရိပ်မှာ ယခု သူ၏ရှေ့ ကောင်းကင်ကြီးထဲတွင် ရှိနေသည့် မျက်နှာကြီးနှင့် ဖြည်းဖြည်းချင်း ပေါင်းစည်းသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အရာအားလုံးကို နားလည်သွားသဖြင့် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာတော့သည်။ သူသည် စကားပြောခြင်းပါသော်လည်း ဆွံ့အနေရ၏။
ချန်ရှင်း၏ ပေါ်ပေါက်လာမှုကြောင့် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများမှာ ပြန်လည်တည်ငြိမ်သွား၏။ ဝမ်ပေါင်လဲ့ နှုတ်ဆိတ်နေစဉ်မှာပင် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်ကြီးမှာ ပို၍အားကောင်းလာ၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ ပုံရိပ်မှာ မှုန်ဝါးဝါးဖြစ်လာတော့သည်။
ကြယ်အစွယ်သားရဲကြီးများမှာ ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည့် မြင်းကွင်းအား စိုက်ကြည့်နေရ၏။ မည်သူကမှ သူ့အား မတားဆီးရဲပေ။ ၎င်းတို့မှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီကာ ၎င်းတို့၏ သားရဲဘုရင်ကြီးကို လှမ်းကြည့်နေကြပါသော်လည်း သားရဲဘုရင်ကြီးမှာမူ ၎င်းတို့၏ အကြည့်များကို သတိမထားမိသည့်ပုံစံသာ ဟန်ဆောင်နေရ၏။ ၎င်းမှာ စိုးရိမ်တုန်လှုပ်နေရသဖြင့် အခြား သားရဲမျိုးနွယ်စုများမှ စစ်ကူများရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေမိတော့သည်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ပို၍ပင် မှုန်ဝါးလာ၏။ သူသည် ချန်ရှင်းတစ်ယောက် သူမည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် မမလေး ငြိမ်ကျသွားသည့်အချက်ကို သတိမထားမိခဲ့ပေ။ သူ၏ ကြေညာချက်ကြောင့် သူမမှာ အပြင်းအထန် အံ့ဩတုန်လှုပ်သွားခဲ့ရသည့် ပုံပင်။
တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်မှာ ပြီးဆုံးတော့မည်ဖြစ်သည်။ ထိုအချိန်တွင် ချန်ရှင်းမှာ မပွင့်တပွင့်ပြုံးလိုက်၏။ သူသည် ဝမ်ပေါင်လဲ့ တွေးတောနေသည့် အရာများကို နားလည်သည့်ပုံစံဖြင့် သိမ်မွေ့စွာ လှမ်းပြောလိုက်၏ ” ဂိုဏ်းတူညီလေး။ တာအိုက မင်းကိုစောင့်နေတယ်။ မင်းမှာ အချိန်သိပ်မကျန်တော့ဘူး။ မင်း ပြန်ရောက်ရင် မင်းရဲ့ ကိစ္စတွေကို ပြီးအောင်လုပ်ထား… ငါလည်း ငါ့ရဲ့ ကိစ္စတွေကို လက်စသတ်ပြီးတာနဲ့ မင်းရဲ့ ကြယ်အဖွဲ့အစည်းဆီ လာပြီးတော့ မင်းကို ခေါ်သွားပေးမယ် ”
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။ သူသည် ထိုစကားများ၏ အဓိပ္ပါယ်ကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်မှာ ပြီးဆုံးသွားတော့သည်။ ထို့ကြောင့် ထစ်ချုန်းသံ အကျယ်ကြီးထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့မှာ ထိုဂြိုဟ်ပေါ်မှ ပျောက်ကွယ်သွား၏။ သူ ပြန်လည်ပေါ်ပေါက်လာချိန်တွင် သူသည် ရှေးဟောင်း အစိမ်းရောင် ကြေးဓားကြီးပေါ်သို့ ပြန်ရောက်နေပြီဖြစ်သည်။ သူသည် ရှိခိုးနန်းတော်အဆောင်ထဲသို့ ပြန်ရောက်သွားပြီဖြစ်ပြီး သတ္တမမြောက်နန်းတော်၏ ပင်မခန်းမကြီး၏ရှေ့၌ မတ်တတ်ရပ်လျက်သား ဖြစ်နေ၏။
သူ တည်ရာပြောင်းရွှေ့ခဲ့ရသည့် အကွာအဝေးမှာ အလွန်အင်မတန်မှ ကြီးမားလွန်းနေသောကြောင့် သူ၏ မျက်နှာတစ်ခုလုံးမှာ ဖြူဖပ်ဖြူရော် ဖြစ်နေရပြီး သူ၏ အသက်ရှူသံများမှာလည်း သိသိသာသာ မြန်ဆန်လာ၏။ ချန်ရှင်း၏ နောက်ဆုံးစကားများမှာ သူ၏ခေါင်းထဲ၌ ပဲ့တင်ထပ်နေသောကြောင့် သူ၏ အမူအရာမှာလည်း ခံစားချက်မျိုးစုံ ရှုပ်ထွေးနေသည့်ပုံစံ ပေါက်နေတော့သည်။
” တာအိုက ငါ့ကိုစောင့်နေတယ်တဲ့လား။ ဘာအဓိပ္ပါယ်လဲဟ။ သူက…. ငါ့ကို ခေါ်သွားမှာလို့ ပြောခဲ့တာလား ” ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်နေရတော့သည်။ သူတို့မှာ ရုတ်ခြည်းဆိုသလို ဆုံတွေ့ခဲ့ရပြီး ချက်ချင်းကြီး ခွဲခွာခဲ့ရသည်မဟုတ်ပါလော။ ထို့ကြောင့် သူမသိသေးသည့် အချက်ပေါင်းများစွာ ရှိနေသေးသည်။
သူသိထားသည့် တစ်ခုတည်းသောအရာမှာ ချန်ရှင်းသည် ဤ စမ်းသပ်ပွဲကြီးတစ်ခုလုံးအား နောက်ကွယ်မှ ကြိုးကိုင်နေခဲ့သည်ဆိုသော အချက်ပင်။ ထို့အပြင် သူသည် ချန်ရှင်းမှာ အဆုံးမဲ့မျိုးနွယ်စု၏ နတ်ဘုရင်တစ်ပါး ဖြစ်သည်ဆိုသည့် အချက်ကိုလည်း သိရှိခဲ့ရသေးသည်။
” ပထမအဆင့် နတ်ဘုရင် ” ဝမ်ပေါင်လဲ့မှာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် အဆုံးမဲ့မျိုးနွယ်စုထဲရှိ လျှို့ဝှက်ဆန်းကြယ် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်မှာ အမှောင်ဂိုဏ်းသားတစ်ယောက် ဖြစ်သည်ဟု ဆိုခဲ့သော မမလေး၏ စကားများကို ပြန်၍ သတိရသွား၏။ ထိုစဉ်တုန်းက သူသည် သူမ၏စကားများကို မယုံခဲ့ဘဲ သူမသည် လုပ်ကြံဇာတ်လမ်းများ ဖန်တီးနေခြင်းဖြစ်သည်ဟုသာ မှတ်ယူခဲ့သည်။ သို့သော် သူမသည် အမှန်အတိုင်း ပြောခဲ့သည့်ပုံပင်။
သို့ရာတွင် ဝမ်ပေါင်လဲ့မှာ တစ်ခုခုမှာ လွဲနေသည်ဟု သင်္ကာမကင်း ဖြစ်နေဆဲပင်။ မမလေးမှာ သူမသည် ထိုပုဂ္ဂိုလ်၏ တပည့်ဖြစ်ခဲ့ဖူးသည့်ဟု ဆိုခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တွေးတောသုံးသပ်ကြည့်လိုက်ပြီးနောက် မမလေးမှာ ချဲ့ကားပြောဆိုခဲ့ခြင်း ဖြစ်နိုင်ပါသော်လည်း အမှန်တရား၏ တစ်စိတ်တစ်ပိုင်းအား သိရှိထားလိမ့်မည်ဟု ကောက်ချောက်ချလိုက်၏။
” မမလေး။ အမှောင်ဂိုဏ်းက ချန်ရှင်းက အဆုံးမဲ့မျိုးနွယ်စုရဲ့ ပထမအဆင့် နတ်ဘုရင်ဖြစ်နေတာကို မမလေးက ဟိုးအရင်ကတည်းက သိထားပြီးသားမလား ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
” … ” မမလေးမှာမူ ပါးစပ်ဟလိုက်ပါသော်လည်း မည်သည့်စကားများကို ပြောရမှန်း မသိနိုင်လောက်အောင် ဖြစ်နေ၏။ ကြယ်အစွယ်သားရဲများ နေထိုင်ကျက်စားသည့် ဂြိုဟ်ပေါ်၌ ချန်ရှင်းတစ်ယောက် သူ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြောခဲ့စဉ်တုန်းက သူမသည် အတွေးထဲ၌ အဆက်မပြတ် ကျိန်ဆဲနေမိခဲ့သည် မဟုတ်ပါလော။
ယခုတွင်မူ သူမသည် လုံးဝ ဆွံ့အနေရပြီ ဖြစ်သည်။ ထိုသို့ဖြစ်နေရခြင်းမှာ ချန်ရှင်း၏ နောက်ကြောင်းရာဇဝင်ကြောင့် ဖြစ်သလို သူမ ဝမ်ပေါင်လဲ့အား ပြောခဲ့သည့် စကားများကြောင့်လည်း ဖြစ်ပေသည်။ သူမ၏ စကားများထဲ၌ ထူးဆန်းသော စွမ်းပကားများ ကိန်းအောင်းနေသကဲ့သို့ပင်။ သူမ ပြောလိုက်သည့်စကားတိုင်း အမှန်တကယ် ဖြစ်လာရသည် မဟုတ်ပါလော။
ထို့အပြင် သူမအား ပို၍ပင် အံ့ဩတုန်လှုပ်သွားစေသည့် ဒုတိယအချက် ရှိနေသေးသည်။ သူမသည် သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ထပ်၍ တိုးတက်သွားခဲ့သည်ဟု ခံစားနေရခြင်း ဖြစ်သည်။
ကံကောင်းစွာဖြင့် မမလေးမှာ ဝမ်ပေါင်လဲ့နှင့် အတူတူ ရှိနေခဲ့ရသဖြင့် မျက်နှာပြောင်ခြင်းအနုပညာအား ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူမသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အနည်းငယ်ခန့် မောက်မာဝင့်ကြွားသည့် လေသံဖြင့် တည်ကြည်စွာ ဆိုလိုက်၏ ” ငါ ရှင်းပြလို့မရတဲ့ တချို့ အကြောင်းအရင်းတွေကြောင့် ငါက အမှန်အတိုင်း ထုတ်ပြောလို့မရလို့ လျှို့ဝှက်ပြီးတော့ ပြောခဲ့တာ။ နင် သိရင် သိတယ်လို့ မှတ်လိုက်။ မသိဘူးဆိုရင်လည်း တစ်သက်လုံး သိမှာမဟုတ်တော့ဘူး ” မမလေးမှာ သူမ၏ ဉာဏ်လျင်မှုအတွက် သူမကိုယ်သူမ ကျိတ်၍ ကျေနပ်နေမိတော့သည်။ သူမသည် ဝမ်ပေါင်လဲ့အား လိမ်ညာခဲ့ခြင်းမရှိဘဲ ထုတ်ပြော၍ မရသည့် အကြောင်းအရင် အချို့သာရှိနေသည်မဟုတ်ပါလော။
ထိုအခါ ဝမ်ပေါင်လဲ့မှာ အမူအရာ တည်ကြည်သွား၏။ မမလေး၏ စကားလုံးများမှာ အလွန်အင်မတန်မှ အဓိပ္ပါယ်လေးနက်နေသည် မဟုတ်ပါလော။ သူသည် စိတ်ကိုတည်ငြိမ်အောင်ထားကာ ကြယ်အစွယ်သားရဲများ နေထိုင်ကျက်စားသည့် ဂြိုဟ်ပေါ်၌ သူ၏ ဂိုဏ်းတူအစ်ကို ချန်ရှင်းအား ဆုံတွေ့ခဲ့ရသဖြင့် ခံစားနေရသော အံ့ဩတုန်လုပ်မှုများကို မေ့ပျောက်ထားလိုက်တော့သည်။ ထို့နောက် သူသည် ခေါင်းမော့ကာ သူ၏ရှေ့တွင်ရှိနေသော သတ္တမမြောက်နန်းတော်အား ငေးကြည့်နေလိုက်၏။ အချိန်အတော်အတန် ကြာပြီးနောက် သူသည် သူ၏ သိုလှောင်လက်ကောက်ထဲမှ သားရဲအမြုတေနှစ်ခုအား ထုတ်ယူလိုက်သည်။
ထိုအခါ ထို အမြုတေများထဲမှ အားကောင်းသော ဝိညာဉ်ချီလှိုင်းများ ချက်ချင်းပင် ထွက်ပေါ်လာပြီး ထိုတစ်နေရာလုံး၌ ပြည့်နှက်သွားသဖြင့် ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ သူသည် ဤနေရာ၌ ရပ်နေပြီဖြစ်ရာ ဆဋ္ဌမမြောက်နန်းတော်၏ စမ်းသပ်ပွဲအား အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်၏။ သို့သော် သူသည် ထိုသားရဲအမြုတေများကို ပိုင်ဆိုင်ထားဆဲပင်။
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းအား တစ်ခဏမျှသာ တွေးတောလိုက်ပြီးနောက် မေ့ပျောက်ထားလိုက်၏။ ယခုလိုဖြစ်နေရခြင်းမှာ သူ၏ အစွမ်းထက်သော ဂိုဏ်းတူအစ်ကိုကြီးကြောင့်ဖြစ်ကြောင်း ငတုံးတစ်ယောက်ပင်လျှင် သိနိုင်သည် မဟုတ်ပါလော။ ယခုတွင်မူ သူသည် ထိုအမြုတေများအား အကောင်းဆုံး အသုံးချနိုင်မည့် နည်းလမ်းများကို စဉ်းစားနေ၏။
” မမလေး။ ဒါကို စားလို့ရလားဗျ ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မေးမြန်းကြည့်လိုက်၏။
” ရတာပေါ့။ စားပြီးရင် နင့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အုန်းခနဲ ပေါက်ကွဲသွားပြီးတော့ နင့်ရဲ့ ဝိညာဉ်လည်း တစ်စစီပျက်စီးသွားမှာ။ နင် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်ဘူးဆိုရင် အဲဒီအမြုတေထဲက အာဟာရဓာတ်တွေကို နင့်ရဲ့ ဝါးမျိုခြင်းသစ်စေ့နဲ့ ဖြစ်ဖြစ်ချင်း စုပ်ယူမှာပဲရမှာ။ နင်နဲ့ငါက မတူဘူးလေ။ ငါက ကလေးဘဝကတည်းက နတ်ဘုရားခန္ဓာကိုယ်သစ်သီးတစ်လုံးကို စားခဲ့တာမလို့ ဘာနဲ့မှဖျက်ဆီးလို့မရတဲ့ အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားတာ။ ငါက သုံးနှစ်သမီးအရွယ်ကတည်းက ဒီလို ထာဝရဝိညာဉ်အဆင့် သားရဲအမြုတေတွေကို ချိုချဥ်တွေလို စားလာခဲ့တာဟ။ ငါ စားဖူးသမျှ ချိုချဉ်တွေထဲ ဒီအမြုတေတွေက အသေဆုံးပဲ ” မမလေးမှာ ‘ အုန်း ‘ ဆိုသည့် စကားလုံးအား အသားပေးကာ တည်ကြည်စွာ ရှင်းပြလိုက်၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိ ပေကလပ်ပေကလပ် ဖြစ်သွားရပြီး ထိုသားရဲအမြုတေနှစ်ခုအား စားပစ်ချင်သည့် ဆန္ဒများကို မေ့ပျောက်ထားလိုက်ရတော့သည်။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောကြည့်လိုက်ပြီးနောက် သူ၏ ဝါးမျိုခြင်းသစ်စေ့အား လည်ပတ်သွားစေလိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အလွန်အင်မတန်မှအားကောင်းသော စုပ်ယူအားတစ်မျိုး ရုတ်တရက် ပေါ်ထွက်လာပြီး ထိုသားရဲအမြုတေများအား လွှမ်းခြုံသွား၏။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် ထိုသားရဲအမြုတေများထဲမှ အားကောင်းသော ဝိညာဉ်ချီများ စတင်ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းသစ်စေ့မှာ အာကာသတွင်းနက်ကြီး တစ်ခုကဲ့သို့ ထိုဝိညာဉ်ချီများအားလုံးကို သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူနေတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ လျင်မြန်စွာ မြင့်တက်လာ၏။ သူသည် နှောင်းပိုင်းအမြုတေအဆင့်မှ ဖောက်ထွက်သွားပြီးနောက် အမြုတေထိပ်ဆုံးအဆင့်သို့ ချက်ချင်းရောက်ရှိသွားတော့သည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝါးမျိုခြင်းသစ်စေ့မှာ ဆက်လက်စုပ်ယူနေသောကြောင့် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ဖောင်းကားလာသော လေဘောလုံးကြီးတစ်လုံးကဲ့သို့ အဆက်မပြတ် ကြီးထွားလာ၏။ ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြည့်နှက်နေသည့်အလား ခံစားနေရပြီ ဖြစ်သည်။ သူသည် မျက်လုံးများပွင့်လာပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်အား အကဲခတ်ကြည့်လိုက်သောအခါ စိတ်လှုပ်ရှားသွားရတော့သည်။
” အမြုတေထိပ်ဆုံးအဆင့် ”
သူသည် အချိန်တိုလေးအတွင်း ဖောက်ထွက်သွားခဲ့ခြင်းဖြစ်ရာ မမလေးပင်လျှင် သူ့အား အနည်းငယ်ခန့် မနာလိုဖြစ်နေရတော့သည်။ သားရဲအမြုတေနှစ်ခုထဲမှ အာဟာရဓာတ်များမှာမူ အများကြီး ကုန်ခန်းသွားခြင်းအင် မရှိသေးပေ။ ၎င်းတို့မှာ သုံးမကုန်သော စွမ်းအင်များကိုပိုင်ဆိုင်ထားသည့် ဝိညာဉ်ကျောက်တုံးများကဲ့သို့ ဖြစ်နေသောကြောင့် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်တွင် လိုအပ်သည့် ဝိညာဉ်ချီများကို လိုသလောက် ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။
၎င်းမှာ ဝမ်ပေါင်လဲ့ သူ၏ ဂိုဏ်းတူအစ်ကိုနှင့် ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ခဲ့ရပြီးနောက် သူ ပေးခဲ့သည့် လက်ဆောင်များထဲမှ တစ်ဝက်ဖြစ်ပေသည်။
နောက်ထပ်တစ်ဝက်မှာ ကြယ်အစွယ်သားရဲကြီးနှစ်ကောင်၏ ရုပ်အလောင်များ ဖြစ်သည်။ ထာဝရဝိညာဉ်အဆင့်ရှိ သားရဲကြီးတစ်ကောင်၏ ရုပ်အလောင်းမှာ ခေါင်းအစ ခြေအဆုံး ရတနာသိုက်ကြီးတစ်ခုဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။ သို့သော် သူသည် ထိုရုပ်အလောင်းများအား အသုံးပြုနိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားထားပြီးသား ဖြစ်သည်။ သူသည် ၎င်းတို့အား သန့်စင်ကာ ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲဖြစ်မည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အကယ်၍ သူသာ အောင်မြင်သွားမည်ဆိုပါက နေအဖွဲ့အစည်းထဲ၌ ဘာမဆို လုပ်နိုင်သွားလိမ့်မည်ဟု ယုံကြည်နေ၏။
” အချိန်တော့ နည်းနည်းပေးရလိမ့်မယ်။ ငါ ပြန်ရောက်မှ ဘယ်လိုလုပ်ရမလဲဆိုတာ လေ့လာကြည့်တာပေါ့။ တကယ်လို့ ဘယ်လိုမှ လုပ်လို့မရဘူးဆိုရင်လည်း ဒီရုပ်အလောင်းတွေကို အရေဆုတ်ပြီးတော့ အရိုးတွေထုတ်ယူလို့ ရပါသေးတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း စိတ်ဓာတ်များ တက်ကြွလာ၏။ အလွန်အင်မတန်မှ အစွမ်းထက်သော ဂိုဏ်းတူအစ်ကိုတစ်ယောက်ကို ပိုင်ဆိုင်ထားရသည်မှာ သူ့အတွက် များစွာ အကျိုးရှိလှပေသည်။