Switch Mode

အခန်း (၆၀၉)

ဂိုဏ်းတူအစ်ကိုကြီးကို လှမ်းခေါ်လိုက်ပါကွ

” ကောင်းလွန်းလှပါလားဟ ” ဝမ်ပေါင်လဲ့မှာ နဖူးမှ ချွေးများကိုသုတ်ကာ ရေရွတ်လိုက်၏။ အရာအားလုံးမှာ သူ့အတွက် လိုလေသေးမရှိအောင် ပြင်ဆင်ထားသကဲ့သို့ ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် အလွန်အင်မတန်မှ အံ့အားသင့်ကာ အထူးတဆန်းဖြစ်နေရတော့သည်။

မမလေးမှာလည်း သူ့နည်းတူပင် အံ့ဩတုန်လှု‌ပ်‌နေရ၏။ သူမသည် ထိပ်သီးအဆင့် မီးသတ္တုရိုင်းတုံးများ သူ၏ရှေ့၌ တောင်လိုပုံသွားခဲ့သည့် မြင်ကွင်းမှစ၍ ထာဝရဝိညာဉ်အဆင့်တွင် ရှိနေသည့် ကြယ်အစွယ်သားရဲကြီးနှစ်ကောင် အချင်းချင်းတိုက်ခိုက်ကာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီးနောက် မသေခင် ၎င်းတို့၏ အမြုတေများကို ထုတ်ပေးခဲ့သည့် မြင်ကွင်းများအထိ မျက်ဝါးထင်ထင် မြင်ခဲ့ရသည်မဟုတ်ပါလော။

ထို့ကြောင့် မမလေးမှာ အချိန်အတော်‌အတန် ကုန်ဆုံးသွားပြီးသည့်တိုင်အောင် စကားမပြောနိုင်ဘဲဖြစ်နေရ၏။

ထိုကဲ့သို့သောအချိန်မျိုးတွင် ဝမ်ပေါင်လဲ့၏ မျက်‌နှာပြောင်တတ်သော အကျင့်စရိုက်မှာ နိုးထလာတော့သည်။ သူသည် ဇဝေဇဝါဖြစ်နေရာမှ ချက်ချင်းပင် သတိပြန်ကပ်သွားပြီး ချောင်းဟန့်ကာ တည်ကြည်စွာဆိုလိုက်၏ ” ‌တွေ့လား မမလေး။ ကျွန်တော်နဲ့ ဆုံတွေ့ခွင့်ရခဲ့တာ မမလေးအတွက် အကောင်းဆုံး အခွင့်အရေးကြီးပဲဗျ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သားရဲအမြုတေနှစ်ခုမှာ သူ၏လက်ထဲသို့ ချက်ချင်း ဝဲပျံလာသည်။ ထိုအမြုတေများဆီမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များနှင့် စကားလုံးများနှင့်ပင် မဖော်ပြနိုင်သော ဝိညာဉ်ချီလှိုင်းများ ထွက်‌ပေါ်နေသည်ကို သူက အာရုံခံမိနေ၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ ထို ဝိညာဉ်ချီများ၏ ပြင်းအားကို တောင်ခံနိုင်စွမ်း မရှိသဖြင့် တဆတ်ဆတ် တုန်ရီနေရတော့သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ အလိမ်မပေါ်လိုသောကြောင့် တည်ကြည်မှု အပြည့်ရှိနေသည့်ပုံစံ ဟန်ဆောင်နေလိုက်၏။ သူသည် ထိုအမြုတေများအား သူ၏ သိုလှောင်လက်ကောက်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် အရောင်တလက် လက်တောက်ပနေသော မျက်ဝန်းများဖြင့် သားရဲကြီးနှစ်ကောင်၏ ရုပ်အလောင်းများအား လှမ်းကြည့်လိုက်သည်။

ထာဝရဝိညာဉ်အဆင့်တွင် ရှိနေသည့် သားကြီးများ၏ ရုပ်အလောင်းများမှာ အဖိုးတန်ရတနာသိုက်ကြီးများ ဖြစ်ကြပေသည်။ ၎င်းတို့၏ အရေခွံ၊ သွေး၊ အသားများနှင့် အတွင်းကလီစာများသာမက အရိုးများမှာ အဆောင်ပစ္စည်းများနှင့် ဆေးလုံးများ ဖန်တီးသန့်စင်ရာတွင် အသုံးပြုနိုင်သည့် အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းများဖြစ်ကြပေသည်။

အကယ်၍ ဤ‌အကြောင်းကို ပြည်‌ထောင်စုကြီးကသာ သိရှိသွားပါက အကုန်လုံး အံ့ဩတုန်လှုပ်သွားကြမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို ရုပ်အလောင်းနှစ်ခုအား လျှံကျလုမတတ် ပြည့်နှက်နေပြီဖြစ်သော သူ၏ သိုလှောင်လက်ကောက်ထဲသို့ ထည့်သင့် မထည့်သင့် စဉ်းစားတွေးတောနေစဉ်မှာပင် ထိုဂြိုဟ်ပေါ်၌ အငွေ့အသက်မျိုးစုံ ရုတ်တရက် ပေါ်ပေါက်လာတော့သည်။

သူတို့မှာ တစ်ခုခုလွဲနေသည်ကို သတိထားမိသွားသောကြောင့်လား သို့မဟုတ် ထာဝရဝိညာဉ်အဆင့် ကြယ်အစွယ်သားရဲကြီးနှစ်ကောင် ပျောက်ကွယ်သွားသည်ကို သိရှိသွားသောကြောင့်လားတော့ မသိပေ။ ကြယ်အစွယ်သားရဲဘုရင်ကြီး၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခုမှာ ရုတ်ချည်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာ၏။ မသင်္ကာစိတ်များနှင့် ဒေါသစိတ်များ ကိန်းအောင်းနေသည့် ထို အငွေ့အသက်ကြီးမှာ တစ်ဂြိုဟ်လုံးပေါ်သို့ ပျံ့နှံ့သွားတော့သည်။

၎င်းမှာ ဝမ်ပေါင်လဲ့အား ချက်ချင်းပင် ရှာတွေ့သွား၏။ ထို အငွေ့အသက်ကြီးမှာ သားရဲ ရုပ်အလောင်းနှစ်ခုကို မြင်လိုက်ရသောအခါ တဆတ်ဆတ် တုန်ရီသွားရတော့သည်။

” သေပေတော့ ” ဝိညာဉ်အတွင်းပိုင်းထဲမှ ထွက်ပေါ်လာဟန်တူသည့် အသံကြီးတစ်သံမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုအသံကြီးကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားရသည်။ ဂြိုဟ်ကြီးမှာလည်း အပြင်းအထန် တုန်ခါသွားပြီး မြေကြီးထဲမှ မီးတောက်များ ထိုးထွက်လာ၏။ ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားတစ်မျိုးမှာ ဝမ်ပေါင်လဲ့အား သုတ်သင်ရှင်းလင်းပစ်တော့မည့် ပုံပင်။

ထိုအဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် သူ၏ ပတ်ပတ်လည်ရှိ မီးတောက်များမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြပြီဖြစ်သည်။ ထို့နောက် ၎င်းတို့မှာ ဧရာမ လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွား၏။ ထိုလက်ကြီးမှာ တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဝမ်ပေါင်လဲ့အား တစ်စစီ ချေမှုန်းပစ်နိုင်စွမ်း ရှိပေသည်။

ဝမ်ပေါင်လဲ့မှာ အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့ရတော့မည့်အလား ခံစားလိုက်ရပြီး မမလေး၏ စူးစူးဝါးဝါး အော်ဟစ်သံအား ကြားလိုက်ရ၏။ ထို့နောက် သူ၏ အမြင်အာရုံမှာ မှောင်မိုက်သွားတော့သည်။ သူသည် လှိုင်းထန်နေသော ပင်လယ်ကြီးပေါ်တွင် ရောက်နေသည့် ဝါးဖောင်ငယ်လေးတစ်ခုကဲ့သို့ အချိန်မရွေး ကျိုးပဲ့ပျက်စီးသွားနိုင်သည့် အခြေအနေသို့ ရောက်သွား၏။

ထိုအခိုက်အတန့်တွင် ထိုဂြိုဟ်ပေါ်ရှိ နေရာတစ်ခုမှ မောက်မာဝင့်ကြွားသော နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံ ထွက်ပေါ်လာသည်နှင့် မီးတောက်များဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ကြီးမှာ ရပ်တန့်သွားပြီး တိတ်တဆိတ် ပျက်စီးသွားတော့သည်။ စောစောတုန်းက ရှိနေခဲ့သည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးမှာလည်း ၎င်းနှင့်အတူတူ လွင့်ပါးပျောက်ကွယ်သွား၏။

ဝမ်ပေါင်လဲ့၏ ရှေ့ရှိ ကမ္ဘာကြီးမှာလည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။ ဝမ်ပေါင်လဲ့မှာမူ အံ့သြတုန်လှုပ်ကာ မျက်နှာတစ်ခုလုံး ဖြူဖပ်‌ဖြူရော် ဖြစ်နေပါသော်လည်း နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်အား ‌မြှောက်ကာ ရုပ်အလောင်းနှစ်ခုအား သူ၏ သိုလှောင်အိတ်ထဲသို့ ချက်ချင်းပစ်ထည့်လိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ ထိုရုပ်အလောင်းနှစ်ခုအား ထည့်နိုင်ရန်အတွက် ရုပ်သေးရုပ်ပေါင်း မြောက်မြားစွာနှင့် အခြားပစ္စည်းများကိုပင် ရင်နာနာနှင့် စွန့်ပစ်ခဲ့ရ၏။

ထိုအခါမှသာ သူသည် ထိုရုပ်အလောင်းကြီးနှစ်ခုအား သိုလှောင်လက်ကောက်ထဲသို့ မဝင်ဝင်အောင် ထည့်နိုင်သွားတော့သည်။ မမလေးမှာလည်း အခြေအနေများပြောင်းလဲသွားသည်ကို သတိထားမိလိုက်သဖြင့် ကတုန်ကယင်နှင့် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အား ပြန်လည်စတင်လိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ မည်သည့် အတားအဆီးမှမရှိတော့သောကြောင့် မမလေးမှာ အခက်အခဲမရှိ အောင်မြင်သွားခဲ့၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများ စတင်ပေါ်ပေါက်လာတော့သည်။ ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ ကြယ်အစွယ်သားရဲဘုံဗိမာန်ထဲမှနေ၍ အမျက်ချောင်းချောင်းထွက်နေသော အော်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

” ဒါ မျိုးနွယ်စုတစ်ရာ မဟာမိတ်အဖွဲ့အစည်းပိုင်တဲ့ မီလော့တောအုပ်ကွ။ မင်း ဘာ‌ကောင်ကြီးပဲ ဖြစ်နေဖြစ်နေ ကြယ်အစွယ်သားရဲမျိုးနွယ်စုကို အန္တရာယ်ပြုခဲ့တဲ့အတွက် နောင်တရစေရမယ် ”

ထိုအော်သံကြီးနှင့်အတူ ကြယ်အစွယ်သားရဲများ၏ အငွေ့အသက်ပေါင်း မြောက်မြားစွာမှာ ကောင်းကင်ပေါ်သို့ မြင့်တက်သွားကြ၏။ ထို့ကြောင့် မိုးကောင်းကင်ကြီးမှာ တုန်ရီသွားပြီး ကောင်းကင်ယံထဲ၌ ဧရာမ ကြယ်အစွယ်သားရဲကြီးများ၏ အရိပ်များ ပေါ်ပေါက်လာတော့သည်။ အဝေးမှကြည့်လိုက်ပါက ၎င်းတို့မှာ ဧရာမ အသားလုံးကြီးများနှင့် တူနေ၏။ ထိုသားရဲ တစ်ကောင်ချင်းစီတိုင်းမှာ ဟင်းလင်းပြင်ကြီးကိုပင် တွန့်လိမ်ပုံပျက်သွားစေနိုင်သည့် အစွမ်းထက် အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။ ကြယ်အစွယ်သားရဲဘုရင်ကြီးမှာဆိုလျှင် ထိုဂြိုဟ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုနေသကဲ့သို့ပင်။ ၎င်းဆီမှ ထွက်ပေါ်နေသည့် အားပြင်လွန်းလှသော အငွေ့အသက်ကြီးကြောင့် ဝမ်ပေါင်လဲ့၏ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်မှာ မတည်မငြိမ်ဖြစ်သွားရ၏။ ထို လုပ်ငန်းစဉ်မှာ အချိန်မရွေး ပျက်သုဉ်းသွားတော့မည့် အနေအထားသို့ပင် ရောက်နေပြီဖြစ်သည်။

ကြယ်အစွယ်သားရဲအုပ်ကြီးမှာလည်း ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာနေကြ၏။ ထို့ကြောင့် မြေပြင်ကြီးမှာတုန်ရီနေပြီး မြေကြီးထဲမှ ထွက်ပေါ်လာသော မီးတောက်များမှာ ကောင်းကင်ထဲသို့ ထိုးတက်သွားနေကြတော့သည်။ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် အားပြင်းသော စွမ်းအားကြီးတစ်မျိုးမှာလည်း ထိုသားရဲအုပ်ကြီးနှင့်အတူ ရှေ့သို့ပျံ့နှံ့လာ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သွေးပျက်သွားရတော့သည်။ ထို ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးမှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကိုသာမက အပြင်ခန္ဓာကိုယ်ကိုပါ ဖိနှိပ်ချုပ်တည်းနေသကဲ့သို့ပင်။ သူသည် လှုပ်ရှားဖို့ပင် မဆိုထားနှင့် အသက်ပင် ကောင်းကောင်းမရှူ‌နိုင်တော့ပေ။ မမလေးမှာလည်း အရူးမီးဝိုင်းဖြစ်နေရပြီ ဖြစ်သည်။ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်မှာ လေထဲရှိ ဖယောင်းတိုင်မီးကဲ့သို့ အချိန်မရွေး မှေးမှိန်ပျောက်ကွယ်သွားတော့မည့် အလားပင်။

အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏အသိစိတ်ထဲ၌ သိမ်မွေ့သော စကားသံတစ်သံကို ကြားလိုက်ရ၏။ ၎င်းမှာ ယောက်ျားတစ်ယောက်၏ စကားသံဖြစ်ပြီး သူသည် ထိုအသံအား ကြားဖူးနေသလို ခံစားနေရသည်။

” လုပ်ပါ ပေါင်လဲ့ရာ။ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို လှမ်းခေါ်လိုက်ပါ။ အစ်ကို မင်းကို ကူညီပေးပါ့မယ်ကွ ”

ထိုစကားသံမှာ လုံးဝတည်ကြည်မှုမရှိသည့်အပြင် စနောက်နေသည့် လေသံပင် ပေါက်နေ၏။ ဝမ်ပေါင်လဲ့၏ အ‌သိစိတ်ထဲ၌ ထိုစကားသံ ပဲ့တင်ထပ်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းမနေဘဲ ချက်ချင်း အော်ဟစ်လိုက်တော့သည် ” ဂိုဏ်းတူအစ်ကို။ ကျွန်တော့်ကို ကယ်ပါဦး ”

ဝမ်ပေါင်လဲ့ ထိုသို့အော်ဟစ်လိုက်သည်နှင့် ကောင်းကင်ယံထဲ၌ ရယ်မောသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ဧရာမ ပုံရိပ်ယောင်လက်ကြီးတစ်ဖက်မှာ ကောင်းကင်ယံကြီး တစ်ခုလုံးထဲ၌ ပြည့်နှက်သွားတော့သည်။ ၎င်းမှာ အရပ်မျက်နှာအနှံ့သို့ ယမ်းခါနေရင်း ကောင်းကင်ထဲရှိ အသားလုံးများအား တစ်လုံးပြီးတစ်လုံး လှမ်းရိုက်နေ၏။ ထို့ကြောင့် မကြာသေးမီတုန်းက အလွန်အင်မတန်မှ အစွမ်းထက်နေခဲ့သော ကြယ်အစွယ်သားရဲဘုရင်ကြီးနှင့် ၎င်း၏ သားရဲအုပ်ကြီးမှာ အပြင်းအထန်တုန်ရီသွားရတော့သည်။ ၎င်းတို့မှာ ထို ပုံရိပ်ယောင်လက်ကြီးအား မယှဉ်နိုင်သောကြောင့် ‌၎င်း၏ ရိုက်နှက်ခြင်းကို ခံလိုက်ရပြီး အဝေးသို့ လွင့်ထွက်သွားကြတော့သည်။

အချို့မှာဆိုလျှင် ထိုရိုက်ခတ်မှုဒဏ်အား ခုခံနိုင်စွမ်းမရှိသောကြောင့် ချက်ချင်းပင် တစ်စစီကြေမွပျက်စီးသွားရ၏။ ချက်ချင်းသေဆုံးသွားခြင်း မရှိသည့် သားရဲကြီးများမှာလည်း အပြင်းအထန် ဒဏ်ရာရသွားကြသည်သာ ဖြစ်သည်။ သားရဲဘုရင်ကြီးပင်လျှင် သွေးတစ်ပွက် အန်ထွက်လာပြီး ၎င်း၏အရိပ်မှာ ကောင်းကင်ထဲ၌ တွန့်လိမ်ပုံပျက်သွားရ၏။ ထို့နောက် ၎င်းမှာ အံ့ဩတုန်လှုပ်နေသည့် မျက်ဝန်းများဖြင့် ကောင်းကင်ကြီးအား မော့ကြည့်ကာ ကတုန်ကယင်နှင့် အော်မေးလိုက်တော့သည်။

” မင်းက ဘယ်သူလဲကွ ” ထိုအခါ ကောင်းကင်ယံထဲရှိ လက်ကြီးမှာ လွင့်ပါးပျောက်ကွယ်သွားပြီး ၎င်း၏နေရာတွင် ဧရာမမျက်နှာကြီးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ လူငယ်လေးတစ်ယောက်၏ မျက်နှာတစ်ခု ဖြစ်ပေသည်။ ထိုလူငယ်လေးမှာ အသားဖြူပြီး မျက်လုံးများမှေးကာ မျက်နှာပေါ်တွင် တင်းတိပ်များ ပေါက်နေ၏။ သူသည် ရုပ်ရည်ချောမောပြီး ကိုယ်ဟန်မူအရာ သိမ်မွေ့သည့်ပုံ ပေါ်ပေသည်။ သို့သော်လည်း သူ့ဆီမှ ထွက်ပေါ်နေသော အငွေ့အသက်ကြီးကြောင့် ထိုဂြိုဟ်ကြီးတစ်ခုလုံးမှာ တုန်ရီသွားရ၏။ ထို့ကြောင့် သူသည် တစ််ချက်မျှ တွေးလိုက်ရုံနှင့် တစ်ဂြိုဟ်လုံးအား ဖျက်ဆီးနိုင်စွမ်းရှိနေသည့်ပုံ ပေါက်နေတော့သည်။

ကြယ်အစွယ်သားရဲဘုရင်ကြီးသားလျှင် အံ့ဩတုန်လှုပ်သွားရသည်တော့ မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သို့သော် သူသည် ကြောက်ရွံ့နေသောကြောင့် မဟုတ်ဘဲ ထိုမျက်နှာအား သိနေသောကြောင့် အံ့ဩတုန်လှုပ်သွားရခြင်းဖြစ်သည်။

” မင်း… မင်း… ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရပြီး နှလုံးသားထဲ၌ ခံစားချက်မျိုးစုံပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ဤဂြိုဟ်ပေါ်၌ ဖြစ်ပျက်ခဲ့သည့် အထူးအဆန်းဖြစ်ရပ်များ၏ အကြောင်းအရင်းကို ရိပ်မိသွားတော့သည်။

မမလေးမှာလည်း အသက်ရှူသံများ မြန်ဆန်လာပြီး ကောင်းကင်ယံထဲရှိ ထိုဧရာမမျက်နှာကြီးအား လှမ်း၍ခိုးကြည့်လိုက်၏။ သူမမှာ ထိုမျက်နှာကြီးအား ငေးကြည့်ရင်း ၎င်းမှာ ပို၍ ချောမောလာသည်ဟု ခံစားနေရတော့သည်….

” မင်းက စောစောတုန်းကပဲ ငါ့ဆီကနေ အကူအညီ လှမ်းတောင်းနေခဲ့ပြီးတော့ အခု ငါလာကယ်တော့မှ ငါ့ကို မမှတ်မိဘူးတဲ့လား ” ကောင်းကင်ယံထဲမှ မျက်နှာကြီးမှာ အံ့သြတုန်လှုပ်နေသော ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ သိမ်မွေ့သောလေသံဖြင့် မေးလိုက်၏။ ထို့နောက် သူသည် မပွင့်တပွင့်ပြုံးကာ စကားဆက်လိုက်ပြန်သည်။

” ထားပါတော့လေ။ ငါတို့နှစ်ယောက်က အခုမှ အပြင်မှာ ပထမဆုံးတွေ့ဖူးတာဆိုတော့လဲ။ ဒီက မင်းရဲ့ ဂိုဏ်းတူအစ်ကြီးကပဲ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါ့မယ်။ ငါက… မင်းရဲ့ ဂိုဏ်းတူအစ်ကို ချန်ရှင်းပဲ ” မျက်နှာကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေသည့် ကြယ်အစွယ်သားရဲဘုရင်ကြီးအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆက်ပြောလိုက်တော့သည် ” ပြီးတော့…. အဆုံးမဲ့မျိုးနွယ်စုရဲ့ ပထမအဆင့် နတ်ဘုရင်ပဲ “

Comment

Leave a Reply

Options

not work with dark mode
Reset