အခန်း (၉၂) အခု မင်း ဘာပြောစရာရှိသေးလဲ
ရန်ကျောက်ကဲသည် စားမတတ် ဝါးမတတ် မျက်လုံးများဖြင့် ရီကျင်းအား ကြည့်နေ၏။
ရန်ကျောက်ကဲ၏မေးခွန်းကို ကြားပြီးနောက် အသိစိတ်ပျောက်လုနီးပါးဖြစ်နေသော ရီကျင်း၏မျက်လုံးထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်ပေါက်လာသည်။
ဒေါသ၊ နောင်တ၊ မလိုလားခြင်း၊ တပ်မက်ခြင်း၊ မုန်းတီးခြင်းနှင့် စက်ဆုတ်ခြင်းများက သူ့မျက်ဝန်းထဲတွင် တဒင်္ဂမျှ ဖြတ်ခနဲ ပေါ်လာလေ၏။
သို့သော်လည်း ထိုခံစားမှုများအားလုံးကို ဒေါသမီးတောက်များက လျင်မြန်စွာ ဝါးမြိုသွားသည်။
ရီကျင်းသည် ရန်ကျောက်ကဲ၏မေးခွန်းကို ပြန်မဖြေဘဲ အံကို တင်းတင်းကြိတ်၍ ထပ်ခါထပ်ခါ အော်ဟစ်လိုက်သည်။
“မင်းကြောင့်ပဲ…. မင်းကြောင့်ပဲ…. ဒါတွေအားလုံး မင်းကြောင့်ပဲ”
ဤသည်ကို ဘေးမှ ကြည့်နေသော ရန်ရှု၏အမူအရာက မပြောင်းလဲပေ။ သို့သော် စိတ်ပျက်မှုက သူ့မျက်လုံးထဲတွင် ဖုံးမနိုင်ဖိမရအောင် ပေါ်လာ၏။
“ရွှံ့ပုပ်က နံရံကို မထောက်ကန်ပေးနိုင်ဘူးပဲ”
ရီကျင်းအား တွေ့ရှိခဲ့ပြီးနောက် ရန်ရှုသည် သူ့သရုပ်မှန်ကို ထုတ်ဖော်မပြောခဲ့ဘဲ ရီကျင်း လက်စားချေရန် ကူညီပေးနိုင်ကြောင်း ပြောခဲ့သည်။
ရီကျင်းထံမှ ပူးပေါင်းဆောင်ရွက်မှု တစ်ခုတည်းကိုသာ သူ လိုအပ်၏။
တစ္ဆေရဲဒင်းအဘိုးအိုကို ထိုနေရာသို့ ရီကျင်းက လမ်းညွှန်ပေးလိုက်ခြင်းဖြစ်သည်။ ထိုဟန်ရှန်း လှုပ်ရှားခဲ့သည်က ရန်ရှုအတွက် မျှော်လင့်မထားသော အံအားသင့်စရာ ကိစ္စတစ်ခု ဖြစ်ခဲ့သည်။
ဟန်ရှန်း၏လက်မှာ ရန်ကျောက်ကဲ သေပြီး ဟန်ရှန်းက ဝါဒတောင်ဂိုဏ်း၏ ထိပ်တန်းကျင့်ကြံသူများ ပြန်လည်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်က ရန်ရှုအတွက် အကောင်းမွန်ဆုံး အပြည့်စုံဆုံး အခြေအနေဖြစ်သည်။
အကယ်၍ ရန်ကျောက်ကဲအား သူကိုယ်တိုင် ကိစ္စတုံးရန် လိုအပ်လာပါကလည်း ရီကျင်းကို အသုံးချကာ အငှားလက်ဖြင့် လူသတ်ခိုင်းနိုင်သည်။
သို့သော် ယခုတော့ ကြည့်ရသည်မှာ ရီကျင်းသည် ဘယ်နေရာမှ အသုံးမဝင်ချေ။ လင်းယုရှောင်သေဆုံးမှုအတွက် ရန်ကျောက်ကဲကို အပြစ်ပုံချရန် ရီကျင်းအား သူ သေချာ သင်ပေးခဲ့သည်။
သို့သော် ထိုဒေါသမွှန်နေသော ရီကျင်းမှာ သူ သင်ပေးထားခဲ့သည်ကို သတိရသည့်ပုံမပေါ်ချေ။
သူ့ဘက်က ဘယ်လိုလုပ် ရန်ကျောက်ကဲကို စွပ်စွဲမည်နည်း။
သည်နေ့ ကိစ္စသည် ရီကျင်းနှင့် ရန်ကျောက်ကဲတို့ကြား ကိစ္စသာဖြစ်သည်။
ရီကျင်းကို ကြည့်ရင်း ရန်ရှုသည် စိတ်ထဲတွင် ခေါင်းတခါခါ ဖြစ်မိသည်။
စဉ်းစားဆင်ခြင်နိုင်စွမ်းပျောက်ဆုံးနေသော လူများမှာ အမှန်တကယ်ပင် ထိန်းချုပ်ရလွယ်ကူ၏။ သို့သော်လည်း ထိုလူများသည် သူတို့၏ ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်းနည်းပါးကာ မလိုအပ်သောပြဿနာများ ပေါ်ပေါက်လာနိုင်သည်။
ရန်ရှုသည် ဝက်လို လုပ်ဖော်ကိုင်ဖက်နှင့် လက်တွဲမိသည့်အတွက် အလွန် စိတ်ရှုပ်ထွေးနေမိသည်။
ရီကျင်း ဖြစ်နေပုံကို ကြည့်ရင်း ရှီတိသည်လည်း ခေါင်းတယမ်းယမ်း ဖြစ်မိသည်။
သူ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပေးသော နည်းစနစ်၏ သက်ရောက်မှုကြောင့် ရီကျင်း၏စိတ်သည် အကြီးအကျယ် ကယောက်ကယက်ဖြစ်နေကာ ဒေါသ ထွက်လွယ်နေပြီး သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပုံ မရချေ။
ထိုနေ့က နဂါးချုပ်လှောင်ချောက်နက်ထဲမှာ သူ ဘာဖြစ်ခဲ့တယ်ဆိုတာကို တကယ်ပဲ သဘောမပေါက်တာလား။
မဟုတ်လောက်ပေ။ သူ မယုံကြည်နိုင်တာ ဖြစ်လောက်မည်။
အဆုံးမှာတော့ သူကိုယ်တိုင်သည်သာ တကယ့် လက်တွေ့ကို လက်မခံနိုင်ခြင်းဖြစ်သည်။ ဤသို့သော ကြမ္မာဆိုးနှင့် အကြောင်းအရင်းမရှိဘဲ ကြုံတွေ့နိုင်စရာမရှိဟု ရီကျင်း ခံစားမိခဲ့ခြင်းကြောင့်ပင်။ အထူးသဖြင့် ရန်ကျောက်ကဲ၏ ရှေ့မှာပေါ့။
ဤသို့သော ကြမ္မာဆိုးနှင့် ကြုံတွေ့ခဲ့ရရာ နောက်ကွယ်၌ ကြံစည်သူ တစ်စုံတစ်ယောက် သေချာပေါက် ရှိပေလိမ့်မည်။ သူနှင့် ရန်ငြိုးရှိသော ရန်ကျောက်ကဲက လွဲလျှင် အခြားဘယ်သူများ ဖြစ်နိုင်မှာပါလိမ့်။
ရှု့ထောင့်တစ်မျိုးမှ ကြည့်လျှင် ထိုကဲ့သို့ ကြမ္မာဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်းကြောင့် ရီကျင်း ဒေါသထွက်နေပြီး သူ့ဒေါသကို ထွက်ပေါက်ရှာနိုင်မည့် တစ်စုံတစ်ခုကို ရှာဖွေနေခြင်းဖြစ်သည်။
ထို့နောက်မှာတော့ ရီကျင်းသည် သူ့ကိုယ်သူ နစ်နာသူတစ်ယောက်ဟု ခံစားမိလာပြီး သူ့အပေါ် ကြံစည်သူ၏ရှေ့တွင် သူ့ခေါင်းကို ငုံ့လိမ့်မည် မဟုတ်ပေ။ သူ့အတွက် တရားမျှတမှုကို ရှာဖွေပြီး သူ ခံစားခဲ့ရသည်ထက် အဆပေါင်းများစွာ ပြန်ပေးဆပ်ခိုင်းမည်ဖြစ်သည်။
ထိုကဲ့သို့ သူ့ကိုယ်သူ မှန်ကန်ကြောင်း သက်သေထူနေသော အတွေးစဉ်များအတွင်း ရီကျင်း၏ခံစားချက်များက တစထက်တစ ပိုမို ကယောက်ကယက်ဖြစ်လာသည်။
ဒေါသကြီးသည်ထက် ကြီးလာလာသလို သူ့နှလုံးသားထဲမှ အကြမ်းဖက်လိုသည့် ဆန္ဒကလည်း မြင့်သည်ထက် မြင့်မားလာသည်။
သူ့ကိုယ်သူ မတရားခံရသူဟု တွေးနေရာမှ သူ့ဒေါသက သူ့ပတ်ဝန်းကျင်မှလူများကို နာကျင်စေသည်အထိ တစထက်တစ ပိုမို ပြင်းထန်လာသည်။ သူ့ကိုယ်သူ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတော့ဘဲ အထိန်းအကွပ်မဲ့လာသည်။
ရှီတိသည် နောင်တရခဲသော လူဖြစ်သည်။ ယခု သူ့ကိုယ်သူ အနည်းငယ် ပြန်မေးခွန်းထုတ်မိလာသည်။
သူ့ရှေ့က ရီကျင်းမှာ သူ အရင်က မျက်စိကျပြီး တပည့်လက်ခံဖို့အထိ စဉ်းစားခဲ့ဖူးတဲ့ လူနဲ့ တစ်ယောက်တည်းပဲလား။
ရန်ကျောက်ကဲ၏မေးခွန်းကိုကြားပြီးနောက် ရီကျင်းဖြစ်ပုံကို သူ မြင်ခဲ့ရပြီးဖြစ်သည်။ ရီကျင်း၏ ‘မင်းကြောင့်‘ဟူသော စကားမှာ ရန်ကျောက်ကဲကို တကယ့်လူသတ်သမားအဖြစ် လက်ညှိုးထိုးသည်ထက်စာလျှင် ဒေါသ၊ မုန်းတီးမှုများကြောင့် ပြောလိုက်ခြင်းဖြစ်ကြောင်း သူ သဘောပေါက်သည်။
ရီကျင်းသည် ရန်ကျောက်ကဲကို စိုက်ကြည့်လျက် လက်ညှိုးတထိုးထိုးဖြင့် ပြောလိုက်သည်။
“ယုရှောင်က မင်း ပြုစားတာ မခံရရင် ဘယ်လိုလုပ် ငါ့ကို ထားသွားမလဲ”
ရန်ကျောက်ကဲက ရီကျင်းရှေ့မှာ ရပ်၍ ရီကျင်းအား စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
“မင်းနဲ့မလိုက်ချင်မှတော့ ငါနဲ့လည်းမလိုက်နဲ့ဆိုပြီး မင်းက သူ့ကို ပြတ်သားလိုက်တယ်ပေါ့ ၊ ဟုတ်လား”
ရီကျင်းက နှာခေါင်းရှုံ့လိုက်သည်။ သူ့မျက်လုံးများသည် သွေးရောင်ပြောင်းသွားပြီး ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းနှင့် ကြည်လင်မှုက တစ်ဖန် လုံးဝ ပျောက်ကွယ်သွားသည်။
“မင်းဘက်မှာ ရပ်တဲ့ ဘယ်သူဖြစ်ဖြစ် ငါ့ရန်သူပဲ”
ရီကျင်းအား ကြည့်လျက် ပြောနေသော ရန်ကျောက်ကဲ၏ တည်ငြိမ်သော လေသံက ကျောချမ်းလောက်အောင် အေးစိမ့်သွားသည်။
“ကောင်းတယ် ၊ ဂိုဏ်းတူညီမလေး‘လင်း’ အတွက် မင်းအသက်ကို ပြန်ပေးဖို့ ပြင်ထားတော့”
ရီကျင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းပါးစပ်က သူ့နာမည်ကို ခေါ်ခွင့်မရှိဘူး၊ အဲ့နှစ်က မင်းကြောင့်သာ မဟုတ်ရင် ဒါတွေအကုန် ဖြစ်လာမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက သူ့အား အရေးလုပ်ခြင်း မရှိတော့။ ထိုထက်စာလျှင် ရန်ရှုအား ကြည့်လိုက်သည်။
“ရီကျင်းက တုရှိတလက်ဝါးသိုင်း မတတ်ဘူး”
“သူလက်ရှိကျင့်ကြံတဲ့ဟာက အရမ်း ထူးဆန်းပေမယ့် အဲဒါရဲ့ မီးစွမ်းအားက တုရှိတလက်ဝါးကနဲ့ တခြားစီပဲ”
“ဂိုဏ်းတူညီမလေး‘လင်း’ရဲ့အလောင်းကို ပထမဆုံးတွေ့တဲ့သူက အကြီးအကဲ‘ရန်’ ခင်ဗျားပဲ ၊ ကျွန်တော် ခင်ဗျားကို မေးချင်တယ် ၊ ဂိုဏ်းတူညီမလေး‘လင်း’ ကိုယ်ပေါ်က တုရှိတလက်ဝါးချက်က ဘယ်သူ့ လက်ချက်လဲ”
ရှီတိ၏အကြည့်ကလည်း ရန်ရှုပေါ် ကျရောက်သွားသည်။
ရန်ကျောက်ကဲနှင့် ရှီတိတို့ စိုက်ကြည့်နေသော ရန်ရှု့သည် တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ငြိမ်သက်သော သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
“အဲဒါ ဒီအဘိုးကြး လုပ်တာပဲ”
ရန်ရှုက ဖြည်းဖြည်းချင်း ဆက်ပြောသည်။
“အကြီးအကဲ ‘ရန်’ နဲ့ အကြီးအကဲ ‘ဖန်း’ တို့ကြားပြိုင်ပွဲက နေ့စဉ်နဲ့အမျှ ပြင်းထန်လာတယ် ၊ ဒီလူအိုကြီးက ခဏလောက် မိစ္ဆာစိတ်ဝင်သွားပြီး ရန်ကျောက်ကဲကတစ်ဆင့် အကြီးအကဲရန်ကို ထိုးနှက်ဖို့ ကြံရွယ်မိတယ်”
“ဒီရာဇဝတ်မှုမှာ ရန်ကျောက်ကဲ အပြစ်ရှိကြောင်း တွေ့ရှိရင် သူ သိက္ခာကျတာတင်မကဘူး အကြီးအကဲ‘ရန်’ကလည်း ညံ့ဖျင်းတဲ့ဖခင်အဖြစ် သမုတ်တာ ခံရလိမ့်မယ်”
“ပြီးတော့ ဒီလိုလူက ဂိုဏ်းချုပ်နေရာကို ဘယ်လိုလုပ် ဆက်ခံနိုင်ဦးမှာလဲ”
ရန်ရှု၏ တည်ငြိမ်သော လေသံက ခပ်တိုးတိုးလေး ဆက်ထွက်လာသည်။
“ပြီးတော့ အဲ့ကိစ္စကြောင့်ပဲ လက်ရှိဂိုဏ်းချုပ် ၊ အကြီးအကဲ‘ရှီ’ နဲ့ ဂိုဏ်းရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေက ရန်သားအဖကို အထင်အမြင်သေးကုန်ကြလိမ့်မယ်”
“အဲ့အခါကျရင် အကြီးအကဲဖန်း အာဏာရဖို့လမ်းကြောင်းက ပိုမို ဖြောင့်ဖြူးလာလိမ့်မယ် ၊ အဲဒီကိစ္စအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အနာဂတ်မှာ ဒီအဘိုးကြီးက အကျိုးအမြတ်တွေ အများကြီး ရလာလိမ့်မယ်”
“ဒါက လောဘဖုံးလွှမ်းသွားတဲ့ ဒီအဘိုးကြီးရဲ့ ပထမအပြစ်ပဲ”
“အဲဒါအပြင်ကို တပည့်ငယ်တစ်ယောက်ဖြစ်တဲ့ ရန်ကျောက်ကဲက ဒီအဘိုးကြီးကိ ကြိမ်ဖန်များစွာ ဆန့်ကျင်နေတာကြောင့် ဒီအဘိုးကြီးရင်ထဲ အတော်လေး မုန်းတီးမိတယ် ၊ ဒါကြောင့် ဒီအဘိုးကြီးက သူ့ကို တမင်သက်သက် ဒုက္ခပေးပြီး သင်ခန်းစာပေးဖို့ ကြံရွယ်ခဲ့တာပဲ”
“ဒါက ဒေါသ ဖုံးလွှမ်းသွားခဲ့တဲ့ ဒီအဘိုးကြီးရဲ့ ဒုတိယမြောက်အပြစ်ပဲ”
ရန်ရှု၏လေသံသည် အနည်းငယ်မျှပင် တုန်ခါသွားခြင်းမရှိဘဲ တည်ငြိမ်နေ၏။
“ဒီအဘိုးကြီးဟာ အဆင့်မြင့်အကြီးအကဲတစ်ယောက်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ မလိုက်ဖက်စွာပဲ ကြီးလေးတဲ့ အပြစ်တွေအများကြီး ကျူးလွန်မိပါတယ်၊ ဒီလူအိုကြီး ရာထူးကနေ နှုတ်ထွက်ပြီး စည်းကမ်းထိန်းသိမ်းရေးခန်းမမှာ အပြစ်ဒဏ်ကို ခံယူချင်ပါတယ်”
“ဂိုဏ်းက ဘယ်လိုအပြစ်ဒဏ်ပဲ ပေးပေး၊ ဒီလူအိုကြီး မငြင်းပယ်ပါဘူး”
“လက်ရှိမှာ ငါတို့ဝါဒတောင်ဂိုဏ်းက နေသူတော်စင်ဂိုဏ်းနဲ့ စစ်ပွဲဖြစ်ပွားနေတာမို့ ဒီလူအိုကြီး မျက်နှာပြောင်တိုက်ပြီး အရှေ့တန်မှာ ဆက်မနေတော့ပါဘူး၊ မီးနယ်မြေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တောင်ပိုင်းကောင်းကင်ဒေသ ရှေ့တန်းကို သွားပြီး တိုက်ပွဲဝင်ခွင့်ပေးဖို့ ဒီအဘိုးကြီး အနူးအညွှတ် တောင်းဆိုချင်ပါတယ်”
“အဲ့မှာ ဒီအဘိုးကြီး ကျဆုံးသွားခဲ့တယ်ဆို ဒီကအပြစ်ကြွေးတွေကို ပြန်ပေးဆပ်လိုက်တယ်လို့ပဲ သတ်မှတ်လိုက်ပါ၊ ဒီအဘိုးကြီးကို ဒါလေး လုပ်ခွင့်ပေးဖို့တော့ အကြီးအကဲရှီ ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်”
ရှီတိသည် သဘောတူကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်း မပြသလို မည်သည့်စကားမှလည်း မပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေ၏။
ရန်ကျောက်ကဲသည် ရန်ရှုအား ကြည့်လျက် မေးလိုက်သည်။
“အကြီးအကဲရန်၊ ဒါအကုန်ပဲလား”
ရန်ရှုက ပျော့ပျော့ပျောင်းပျောင်း ပြောလိုက်သည်။
“ဒီအဘိုးကြီးက ကိုယ့်မိုက်ပြစ်တွေကို မင်းတပည့်ငယ်တစ်ယောက်ရဲ့ရှေ့မှာ ကိုယ်တိုင် ဝန်ခံပြီးပြီပဲ၊ ဒီအဘိုးကြီးရဲ့မျက်နှာဟောင်းကြီးကို ခွာချပြီးပြီပဲ ၊ တခြားဘာဖုံးကွယ်စရာရှိဦးမှာလဲ”
ရန်ကျောက်ကဲက ဟက်ခနဲ ရယ်မောလိုက်သည်။ သူ့အကြည့်က အနည်းငယ် အေးစက်နေ၏။
“အကြီးကြီးကို ဖမ်းဆုပ်ပြီး အသေးလေးကို လွှတ်ချတဲ့ အကြီးအကဲရန်ရဲ့ စွမ်းရည်ကတော့ တကယ်ပဲ ကျွန်တော် ပညာယူဖို့ ထိုက်တန်ပါတယ်”
“ဒါပေမယ့် ကျွန်တော် မေးပါရစေဦး၊ ကျွန်တော်နဲ့ အကြီးအကဲရှုချွမ်ရဲ့ နေရာကို နေသူတော်စင်ဂိုဏ်းက ဘယ်လိုလုပ် သိသွားတာလဲ”
ရန်ရှု၏မျက်နှာ ပျက်မသွားပေ။
“ဒီအဘိုးကြီးည်း အဲဒီကိစ္စကို သိချင်နေတာပါပဲ”
သူသည် ရန်ကျောက်ကဲအား ကြည့်လိုက်၏။
“ဒီအဘိုးကြီးက ဒီသတင်းကို နေသူတော်စင်ဂိုဏ်း သိအောင် တမင်သက်သက် ပေါက်ကြားအောင်လုပ်တယ်လို့ မင်း ထင်နေတာလား၊ မင်းသေအောင် အငှားလက်နဲ့ လူသတ်ဖို့ ကြိုးစားတယ်လို့ ထင်နေတာလား”
“ဒီအဘိုးကြီးက မင်းကိစ္စမှာ သဘောထားကျဉ်းမြောင်းတယ်ဆိုတာ ဝန်ခံတယ်၊ ဒါပေမယ့် မင်းကို သတ်လောက်တဲ့အထိတော့ မဟုတ်ဘူး၊ ငါ့မှာ မင်းကို သေစေချင်စရာ အကြောင်းမရှိဘူးလေ”
“ဒီအဘိုးကြီး ပြောပြီးသားပဲ မဟုတ်ဘူးလား ၊ ဒီအဘိုးကြီး ဒီမှာပေါ်လာတာက မင်းကို ကူညီချင်လို့ အပြေးလာတာပါဆိုနေ”
ရန်ရှုက ရန်ကျောက်ကဲကို ကြည့်လိုက်သည်။
“ဒီလူအိုကြီးက မင်းအသက်ကို ယူချင်နေတယ်လို့ မင်းကပြောတယ်၊ တကယ်ပဲ မင်း တစ်ယောက်ယောက်ကို ပြစ်တင်ရှုံ့ချချင်ရင် လက်ဆုပ်လက်ကိုင်ပြစရာ တစ်ခုခုတော့ ရှိသင့်တယ်”
ရန်ကျောက်ကဲက လှောင်ရယ်လိုက်သည်။
“သက်သေက ထင်ထင်ရှားရှားရှိနေပြီ၊ ငြင်းမရတော့ဘူး”
ရှီတိက ရန်ရှုကို ကြည့်၍ ဖြည်းဖြည်းချင်း ခေါင်းယမ်းလိုက်သည်။
“အကြီးအကဲရန်၊ ကျုပ်ကိုယ်တိုင် ဒီကို ရောက်နေတာတောင် မျှော်လင့်ချက်ထားနေတုန်းလား”
ရန်ရှု၏မျက်နှာ ပျက်မသွားပေ။ သို့သော် သူ့စိတ်ထဲ လေးလံသွားသည်။
ရှီတိက မည်သည့်စကားမှ ထပ်မပြောတော့ဘဲ သူတို့အားလုံးကို ခေါ်ဆောင်ကာ တိမ်တိုက်များကြားသို့ ထိုးဖောက်ပျံသန်းသွားသည်။ သိပ်မကြာခင်မှာပင် အိမ်တော်တစ်ခုကို ရောက်လာကြသည်။
ထိုအိမ်တော်ကို မြင်သောအခါ ရန်ရှု၏မျက်လုံးများကချက်ချင်း အရောင်ဖျော့သွားသည်။
အိမ်တော်အပြင်ဘက်တွင် သန်သန်မာမာရှိသော အဘိုးကြီးတစ်ယောက် မတ်တပ်ရပ်နေ၏။
၎င်းသည် ရန်ကျောက်ကဲကိစ္စကြောင့် အရှေ့ထန်ကို လွန်ခဲ့သည့် နှစ်ဝက်က ရောက်လာခဲ့ဖူးသည့် အရှေ့ကောင်းကင်ဒေသ၏စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲဖြစ်၏။
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ရှီတိအား ဂါဝရပြုလိုက်သည်။
“ခန်းမခေါင်းဆောင်၊ သူတို့နှုတ်ပိတ်နေတုန်း ကျွန်တော်တို့ ရောက်လာခဲ့ပါတယ်၊ နှစ်ယောက်ကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး”
“ဒါပေမယ့် အားလုံးကိုတော့ ထိန်းချုပ်ပြီးပါပြီ၊ ကနဦး စစ်ဆေးမေးမြန်းချက်အရ ရန်ရှုက နေသူတော်စင်ဂိုဏ်းနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ဂိုဏ်းက တပည့်တွေရဲ့ လှုပ်ရှားမှုတွေကို ပေါ်ပေါက်စေခဲ့တယ်လို့ ကောက်ချက်ချလို့ရပါတယ်”
ရှီတိသည် နောက်လှည့်၍ ရန်ရှုအား ကြည့်လိုက်သည်။
“အခု မင်း ဘာပြောစရာရှိသေးလဲ”