အခန်း (၉၁) ထိပ်တိုက်ရင်ဆိုင်မိခြင်း
အရိပ်ရှုံ့အိတ်သည် ဝိဉာဉ်လက်နက် ၊ သို့မဟုတ် မှော်ဝင်လက်နက်အဖြစ် အဆင့်သမတ်မှတ်မထားသည့် ထူးခြားသော ရတနာပစ္စည်းတစ်ခု ဖြစ်သည်။
ထိုအိတ်၌ အသုံးပြုထားသော ပစ္စည်းများမှာ အလွန်ရှားပါးသလို ထိုအိတ်ကို ပြုလုပ်ရန်လည်း မလွယ်ကူပေ။ ထို့ကြောင့် ၎င်းကို အစွန်းရောက်ရှစ်ပါးကမ္ဘာ၌ အလွန်တွေ့ရခဲသည်။
လီတစ်ထောင်ပတ်လည်က အိမ်အားလုံးကို အိတ်ထဲ ထည့်ထားနိုင်သည်ဟူသော အဓိပ္ပာယ်သည် အဆုံးမရှိသော ကမ္ဘာကို မုန့်ညင်းစေ့ထဲ ထည့်ထားနိုင်သည်နှင့် ဆင်တူ၏။
အရိပ်ရှုံ့အိတ်၌ သူ့ကိုယ်ပိုင် နေရာလွတ်ကြီးတစ်ခု ပါဝင်သည်။ များပြားသော အရာများကို အိတ်ထဲတွင် သိုလှောင်ထားနိုင်သလို သက်ရှိများကိုလည်း ယာယီမျှ ထိန်းသိမ်းထားနိုင်သည်။
ရန်ရှုက အတတ်နိုင်ဆုံး ဖုံးကွယ်ထားရန် ကြိုးပမ်းသော်လည်း ရှီတိ၏ မြင့်မားသော ကျင့်ကြံမှုနှင့် စိတ်အာရုံက အလွန် ထက်ရှလှသောကြောင့် ၎င်းကို တွေ့သွားခဲ့သည်။
“ဒီလက်အောက်ငယ်သား ဒီကို ပြေးလာနေတုန်း ကျွန်တော်တို့ဂိုဏ်းက ပျောက်ဆုံးနေတဲ့ တပည့် ရီကျင်းကို တွေ့ခဲ့ပါတယ်”
ရန်ရှုက ပုံမှန် အမူအရာဖြင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“အဲ့အချိန်မှာ သူက သတိမေ့နေပါတယ်၊ ဒီလက်အောက်ငယ်သားက သူ့ကို ကယ်ဆယ်ခဲ့တာပါ ၊ ကျွန်တော်က ကူညီချင်လို့ ဒီကို အလျင်စလိုလာနေတာကြောင့် အချိန်မဖြုန်းရဲပါဘူး ၊ အဲဒါကြောင့် သူ့ကို အရိပ်ရှုံ့အိတ်ထဲမှာ ခဏထည့်ထားတာပါ”
ထိုသို့ပြောပြီး ရန်ရှုသည် သေးငယ်သော အိတ်ကလေးကို ထုတ်လိုက်သည်။
ထိုအိတ်ကလေးသည် အနက်ရောင်ရှိပြီး ၎င်း၏အဝကို ရွှေကြိုးဖြင့် ချည်နှောင်ထားသည်။ အပြင်ပန်းအရ ပုံမှန် အိတ်တစ်လုံးနှင့် ဘာမှ မခြားပေ။
သို့သော် ရန်ရှု့က ရွှေရောင်ကြိုးကိုဖြည်ပြီး အိတ်ကို ဖွင့်လိုက်သည်နှင့် ရွှေရောင်ချီစီးကြောင်းတစ်ခု ချက်ချင်း ပန်းထွက်လာသည်။
ရန်ကျောက်ကဲနှင့် အခြားသူများရှေ့တွင် ရွှေရောင်ချီစီးကြောင်းအတိုင်း ပုံရိပ်တစ်ခုပေါ်လာသည်။
ရန်ကျာက်ကဲသည် တိတ်ဆိတ်စွာ ရယ်မောနေ၏။ လက်ရှိတွင် သတိမေ့နေဆဲဖြစ်ပြီး ထိုလူ၏အဝတ်အစား မဖုံးထားသော လက်ဖမိုးများ ၊ လည်ပင်းနှင့် မျက်နှာတွင် မီးကဲ့သို့ ပုံစံများ ရှိနေသည်။
ရီကျင်းမှ လွဲ၍ အခြားမည်သူ ဖြစ်နိုင်မှာလိမ့်။
ရှီတိ၏အကြည့်က ရီကျင်းပေါ် ကျရောက်သွားသည်။ ဖျတ်ခနဲ ကြည့်လိုက်ရုံမျှသာ ဖြစ်သော်လည်း ရီကျင်းသည် ချက်ချင်းပင် ဖြည်းဖြည်းချင်း နိုးလာသည်။
နိုးလာခါစ ရီကျင်းသည် အစက ထိုင်းမှိုင်းနေသော ပုံစံရှိသော်လည်း သူ့ပတ်ဝန်းကျင်ကို သတိပြုမိသောအခါ လျင်မြန်စွာ အသိပြန်ဝင်လာသည်။
ရန်ကျောက်ကဲအား မြင်သောအခါ သူ့မျက်လုံးများသည် သွေးနီရောင်ပြောင်းသွားကာ မီးတောက်တော့မတတ်ဖြစ်နေသည်။ ဘုန်းခနဲ အသံနှင့်အတူ မြေပေါ်မှ ခုန်ထလိုက်သည်။
ရှီတိ အနည်းငယ် မျက်မှောင်ကုပ်သွားသည်။ ရှီတိ မျက်လုံးဖြင့် ကြည့်လိုက်ရုံဖြင့် ရီကျင်းမှာ နေရာမှာတင် တောင့်တင်းသွားပြီး ဆက်လက် မလှုပ်ရှားနိုင်တော့ပေ။ သူ့လည်ပင်းကို ဆန့်ထုတ်ပြီး ရန်ကျောက်ကဲအား အစိမ်းလိုက်ဝါးစားမတတ် စိန်းစိန်းဝါးဝါးကြည့်နေ၏။
“ငါ့နာမည်က ရှီတိပဲ၊ ငါတို့ ဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ငါ ဘယ်သူလဲဆိုတာ မင်း သိလောက်ပါတယ်”
ရှီတိက တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါက ငါတို့ဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေးခန်းမက ပထမအဆင့်အကြီးအကဲပဲ၊ ငါတို့ဂိုဏ်းရဲ့ စည်းမျဉ်းတွေကြပ်မတ်ဖို့ အပြစ်ဒဏ်ချမှတ်ဖို့ကို တာဝန်ယူရတယ်”
“မင်းကိုယ်မင်း မမျှမတ ခံခဲ့ရတယ်လို့ ထင်ရင် ငါ့ရှေ့မှာ အကုန်ဖွင့်ထုတ်နိုင်တယ်၊ မင်းပြောတာ ယုတ္တိရှိတယ် တရားနည်းလမ်းကျတယ်ဆိုရင် မင်း မှားယွင်းဆက်ဆံခံရတာမျိုး မဖြစ်စေရဘူး”
အသက်ပြင်းပြင်းရှုပြီးနောက် ရီကျင်းသည် ရှီတိအား စိုက်ကြည့်လျက် ကျယ်လောင်စွာ ပြောလိုက်သည်။
“ဝါဒတောင်က လူတွေအကုန်လုံးက ‘ရန်’ သားအဖနဲ့ တကျိတ်တည်းတဉာဏ်တည်းတွေချည်းပဲ ၊ သူ့အဖေက ခင်ဗျားလို ပထမအဆင့်အကြီးအကဲပဲ ၊ ဘယ်လိုလုပ် သူ့ကို မျက်နှာသာ မပေးဘဲ ကျွန်တော့အတွက် တရားမျှတမှုကို ရှာဖွေပေးမှာလဲ၊ အဲ့လိုလုပ်ရင် သူ့ကိုတောင် ရန်စမိသလို ဖြစ်ဦးမယ်”
ရန်ရှုသည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေရင်း ရီကျင်း၏ တုံ့ပြန်မှုကို မြင်သောအခါ တိတ်တဆိတ် ခေါင်းယမ်းမိသည်။
“ဒီနေရာမှာ အကြီးအကဲရှီမဟုတ်ဘဲ တခြားသူဆိုရင် မင်းရဲ့ပြောပုံဆိုပုံကို မြင်ပြီး ဒေါသထွက်နေလောက်ပြီ”
ရန်ရှုထင်ထားသလိုပင် ရှီတိသည် ရီကျင်း၏ပြောပုံဆိုပုံကို ဂရုမစိုက်ချေ။
အနည်းငယ်မျှပင် လှုပ်ခတ်ခြင်းမရှိသော လေသံဖြင့် သူ ပြောလိုက်သည်။
“မင်း ဒါမှမဟုတ် တခြားတစ်ယောက်အတွက်နဲ့ ဂိုဏ်းတူညီလေး‘ရန်’ ကို ရန်စမှာမဟုတ်ဘူး ၊ ဒါပေမယ့် ငါတို့ဂိုဏ်းရဲ့ တရားမျှတမှုကို ထိန်းသိမ်းဖို့အတွက် လူသားတိုင်းရဲ့ ရင်ထဲက တရားမျှတမှုကို ထိန်းသိမ်းဖို့အတွက်ဆို ငါ ဘယ်သူ့ကိုမဆို ရန်စဖို့ ဝန်မလေးဘူး”
“ဟုတ်တယ်၊ ကျောက်ကဲက ငါ့မျက်စိအောက်မှာတင် ကြီးပြင်းလာတာ၊ အဲဒါကြောင့်ပဲ သူ လမ်းလွဲနေရင် ငါ သည်းခံမှာ မဟုတ်ဘူး”
“တစ်စုံတစ်ယောက်က မှားယွင်းစွာ စွပ်စွဲပြီး အကောက်ကြံခံရတယ်လို့ သက်သေပြနိုင်ရင် လုပ်တဲ့သူကိုလည်း တူညီတဲ့အပြစ်ဒဏ်မျိုး ပြန်ပေးဆပ်ခိုင်းမယ်”
ရှီတိက တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါက ဒီကိစ္စရဲ့ အမှန်တရားကိုပဲ ရှာဖွေတယ်”
သူ ထိုနေရာ၌ တည်ငြိမ်စွာ ရပ်နေစဉ် တောင်တန်းများကဲ့သို့ လေးလံပြီး ပင်လယ်သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းသော သူ့အရှိန်အဝါကြောင့် ရီကျင်းမှာ ထိတ်လန့်သွားသည့်အလား တိတ်ဆိတ်သွားသည်။
ထိုစကားများကို အေးချမ်းသော ဟန်ပန်အမူအရာဖြင့် ပြောခဲ့သော်လည်း စကားလုံးတစ်လုံးစီတိုင်းက ကီလိုမီတာထောင်ပေါင်းများစွာလေးသော အလေးတုံးကြီးကဲ့သို့ ထိုနေရာတွင် ရှိနေသော လူတိုင်း၏ နှလုံးသားကို ထုရိုက်နေ၏။
ရီကျင်းက သက်ပြင်းတစ်ချက် ရှိုက်၍ ရန်ကျောက်ကဲအား ဒေါသတကြီး စိုက်ကြည့်နေ၏။
“အဲဒီနှစ်က ကျွန်တော် ဂိုဏ်းကို မဝင်ခင်အချိန်မှာ သူက အရှေ့ထန်ကို ရောက်လာပြီး ကျွန်တော်နဲ့အတူတူ ကြီးပြင်းလာခဲ့တဲ့ ကျွန်တော့်ချစ်သူကို ခိုးယူသွားတယ်”
“အဲ့နောက်မှာ ကျွန်တော် ဝါဒတောင်ကို ရောက်တော့ သူက ကျွန်တော့်ကို သူ့အသားထဲက စူးတစ်ချောင်းအနေနဲ့ မြင်ခဲ့တယ်”
“အရင် နဂါးချုပ်လှောင်ချောက်နက်မှာတုန်းက သူ ကျွန်တော့်ကို သတ်ချင်နေခဲ့တယ်၊ ဒါပေမယ့် သူ့ရဲ့မကောင်းတဲ့လုပ်ရပ်တွေအတွက် ဘာခြေရာလက်ရာမှ မချန်ထားချင်ခဲ့ဘူး ၊ အဲဒါကြောင့် သူက အကောက်ကြံပြီး တခြားလူလက်နဲ့ ကျွန်တော့်ကို သတ်ချင်ခဲ့တယ်”
“သူ့ပထမအကြံအစည် မအောင်မမြင်ဖြစ်သွားတော့ နောက်တစ်ခုကို ကြံပြန်တယ်၊ သူ့်ရဲ့အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ချောက်ထဲ ပစ်ချပြီး ကျွန်တော်သေအောင် လုပ်ကြံခဲ့တယ် ၊ ကျွန်တော် ကံကောင်းပြီး အသက်ရှင်ခဲ့တယ် ၊ ဒါပေမယ့် ရေခဲနဂါးရေခဲကန်ထဲမှာ ကျွန်တော့ကို သတ်ဖို့ ကြိုးစားပြန်တယ်”
“ကျွန်တော့်ကို တစ်ခါပြီးတစ်ခါ ဒုက္ခပေးတယ်၊ ကျွန်တော်တို့နှစ်ယောက် ကောင်းကင်တစ်ခုတည်းအောက်မှာ အတူတကွ တည်ရှိဖို့ မဖြစ်နိုင်ဘူး”
ရန်ကျောက်ကဲသည် ဘေး၌ တည်ငြိမ်စွာ ရပ်လျက် ပျော်ရွင်မှုရော ဒေါသပါ ကင်းမဲ့နေသည့် အကြည့်ဖြင့် ရီကျင်းအား ကြည့်နေ၏။
ရှီတိက ရန်ကျောက်ကဲအား ကြည့်လိုက်သည်။
“ကျောက်ကဲ ၊ မင်းမှာ ဘာပြောစရာရှိလဲ”
ရန်ကျောက်ကဲက တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲဒီနှစ်က ဂိုဏ်းတူညီမလေး‘လင်း’ ကိုယ်တိုင်က ကျွန်တော့်ကို ရွေးချယ်ခဲ့တာပဲ ၊ ကျွန်တော်က သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ကြားဝင် ဖျက်စီးခဲ့တာမှ မဟုတ်တာ”
“ရေခဲနဂါးအရိုးဝိညာဉ်ကိစ္စတုန်းကလည်း သူက အပြစ်မရှိတဲ့ ဂိုဏ်းတူညီလေး‘လန်’ ကို အပြင်းအထန် ဒဏ်ရာရအောင်လုပ်ခဲ့လို့ ကျွန်တော်က သူ့ကို ပြန်သင်ခန်းစာပေးခဲ့တာပဲ ၊ အဲဒါကတော့ ကျွန်တော် တမင်သက်သက် လုပ်ခဲ့တာ”
“အရင်က နဂါးချုပ်လှောင်ချောက်နက်ထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စကိုတော့ ကျွန်တော်က ဂိုဏ်းကို အသေးစိတ် တင်ပြပြီးပါပြီ၊ ပထမဆရာဦးလေးလည်း အဲဒါကို မြင်လောက်ပြီးပြီလို့ ကျွန်တော် ယုံကြည်ပါတယ်”
ရှီတိ ခေါင်းညိတ်၏။
ရန်ကျောက်ကဲက ဆက်ပြောသည်။
“ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ် သတ်ချင်နေတဲ့လူက ကျွန်တော်ပဲ ၊ ကျွန်တော့်အနေနဲ့ သူ့လုပ်ရပ်တွေကို ခန့်မှန်းဖို့ ထိန်းချုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”
“ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်က နဂါးချုပ်လှောင်ချောက်နက်ထဲမှာ ကျွန်တော်တို့နေရာကို ဆုံးဖြတ်ဖို့ အစစ်အမှန်လီမီးစေ့ကို သုံးထားတယ်လို့ ကျွန်တော် ကြိုသိထားရင်တောင်…”
ရန်ကျောက်ကဲက ရီကျင်းဘက်ကို လှည့်လိုက်သည်။
“မင်း လီမီးစေ့ကို လုယူတာက ငါ ခန့်မှန်းလို့ရတာမျိုး ဒါမှမဟုတ် ငါ ထိန်းချုပ်လို့ရတာမျိုး မဟုတ်ဘူး ၊ ငါ့ရဲ့ ရည်မှန်းချက် အစစ်အမှန်လီမီးစေ့ကို စိတ်ဝင်စားတဲ့သူက မင်းလေ ၊ ငါတောင် မသိဘဲ ဘယ်လိုလုပ် မင်းအပေါ် အကောက်ကြံမလဲ”
ရီကျင်းသည် ရန်ကျောက်ကဲအား စိုက်ကြည့်ရင်း သူ့အသက်ရှုသံက စက္ကန့်နှင့်အမျှ လေးလံလာသည်။
ရန်ကျောက်ကဲက ခေါင်းယမ်းလိုက်သည်။
“ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်နဲ့ကိစ္စ မဖြစ်ခဲ့ရင်တောင် ငါက မင်းကို ဆင်ဆင်ခြင်ခြင်နဲ့ ပြုမူဖို့ သင်ခန်းစာပေးမယ်ဆိုတာတော့ ငါ မငြင်းလိုပါဘူး ၊ ဒါပေမယ့် အဲ့အချိန်တုန်းက မင်းကို သတ်စရာ အကြောင်းပြချက်မရှိဘူး ၊ ဘာလို့လဲဆိုတော့ မင်းက သတ်လောက်အောင် မတန်သေးလို့ပဲ”
ရီကျင်း အသက်ရှူသံ တခဏမျှ ရပ်တန့်သွားသည်။ သူ့အကြည့်ထဲမှ ဒေါသမီးတောက်များက ယခင်ကထက်ပင် ပိုမိုပြင်းထန်လာသည်။
ရန်ကျောက်ကဲကလည်း သူ့ကို တည်ငြိမ်စွာပြန်ကြည့်လိုက်ပြီး သူ့အကြည့်များက ဖြည်းဖြည်းချင်း ရေခဲတမျှ အေးစက်သွားသည်။
“မင်း ချောက်ထဲကို ကျသွားတဲ့ နောက်ပိုင်းကတော့ ရှင်းပါတယ် ၊ ငါတို့ သွေးဝိဉာဉ်ပြန်လည်တမ်းတခြင်းနည်းစနစ်ကို အသုံးပြုလို့ရတယ် ၊ အဲဒီတုန်းက ဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်းကို ပြန်လည်ပြသပြီး ပထမဆရာဦးလေးက အကဲဖြတ်ပေးလို့ရတယ်”
“ငါက လုပ်ဖို့အသင့်ပဲ၊ မင်းကော လုပ်ရဲလား”
ရီကျင်း၏ပါးစပ်ထဲမှ စကားလုံးများ ချက်ချင်း ပြေးထွက်လာသည်။
“အဲဒါဆို လုပ်လေ”
ရန်ကျောက်ကဲက ပုခုံးတွန့်ပြလိုက်သည်။
ထို့နောက် ကိုယ်ကို လှည့်၍ ရှီတိအား ဦးညွှတ်လိုက်ရင်း…
“ပထမဆရာဦးလေး၊ ကျေးဇူးပြုပြီး…”
ရှီတိက ဘာစကားမှ မပြောဘဲ သူ့လက်ချောင်းကို လှုပ်လိုက်ရာ အလင်းတန်းတစ်ခု မိုးကုပ်စက်ဝိုင်းထဲသို့ ပျံသန်းသွားသည်။ ကောင်းကင်ထဲတွင် အလင်းတိုင်လုံးတစ်ခု ဖြစ်ပေါ်လာပြီး ရန်ကျောက်ကဲနှင့် ရီကျင်းတို့ကို လွှမ်းခြုံသွားသည်။
ရန်ကျောက်ကဲက သူ့လက်ချောင်းထိပ်ကို အနည်းငယ် ကိုက်ဖောက်လိုက်သည်။ လတ်ဆတ်သောသွေးအနည်းငယ်ထွက်လာပြီး ကောင်းကင်သို့ သွေးမျဉ်းကြောင်းတစ်ခုအသွင်ဖြင့် ပျံသန်းသွားသည်။
ထိုသွေးမျဉ်းကြောင်းမှ တဆင့် ရန်ကျောက်ကဲသည် သူ့ဝိဉာဉ်က ခန္ဓာကိုယ်မှ ထွက်သွားပြီး ပိုမြင့်သော လောကဘုံတစ်ခုကို တက်လှမ်းသွားသည်ဟု ခပ်ရေးရေးမျှ ခံစားနေရသည်။
အခြားတစ်ဖက်တွင် ရီကျင်းကလည်း ရှီတိ၏ လမ်းညွှန်မှုအတိုင်း လိုက်လုပ်သည်။
ရှီတိက…
“အဲဒီအခိုက်အတန့်ကို မင်းတို့စိတ်ထဲမှာ ပြန်တွေးနေ ၊ မင်းတို့ မြင်ရတာကို အာရုံမစိုက်နဲ့ ၊ ဒါပေမဲ့ အဲဒီအချိန်က မြင်ကွင်းတစ်ခုတည်းကိုပဲ မျက်လုံးထဲမှာ ပြန်မြင်ယောင်နေပါ”
“ဒီနည်းစနစ်က မင်းတို့ ကိုယ်ပိုင်စိတ်ခံစားမှုတွေရဲ့ လွှမ်းမိုးမှုကြောင့်ဖြစ်တဲ့ အထင်မှား အမြင်မှားတွေကို ဖျောက်ဖျက်ပေးသွားလိမ့်မယ် ၊ မင်းတို့မသိစိတ်က ကျော်ကြည့်ခဲ့တဲ့ အမှန်တရားက ပြန်ပေါ်လာလိမ့်မယ်”
နောက်အခိုက်အတန့်တွင် သူတို့ဦးခေါင်းအထက် ကောင်းကင်၌ အလင်းမှန်တစ်ခု ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
အလင်းမှန်ထဲတွင် နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှ အတိတ်က အဖြစ်အပျက်များက နောက်တစ်ကြိမ် ထင်ရှားစွာ ပြန်လည်ပြသလျက်ရှိသည်။
ရန်ကျောက်ကဲ၏အမူအရာက မပြောင်းလဲပေ။
ရန်ရှုက သူ့ခေါင်းကို အနည်းငယ် ယမ်းလိုက်သည်။
ရီကျင်း၏မျက်လုံးများက နောက်တစ်ဖန် သွေးနီရောင် ပြောင်းသွားသည်။
ရှီတိသည် ထိုစဉ်က ရီကျင်း၏နီညိုရောင်လက်စွပ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါနှင့် မီးတောက်များဖြင့် ဖွဲ့စည်းထားသော ဧရာမ မှုန်ဝါးဝါးပုံရိပ်ကြီးကို အာရုံစိုက်ကြည့်ရှု့ရင်း တခဏမျှ အတွေးနက်နေပုံရသည်။
တခဏမျှကြာပြီးနောက် ရီကျင်း အသိပြန်ဝင်လာပြီး ဒေါသထွက်စွာ ဟိန်းဟောက်လိုက်သည်။
“အလိမ်အညာတွေ၊ လှည့်ကွက်တွေ၊ လှည့်ဖျားနေတာတွေပဲ၊ ကျွန်တော် ထင်ထားတဲ့အတိုင်း ခင်ဗျားဟာ လန်ဝမ်ရန်၊ လင်းယုရှောင်နဲ့ အခြားသူတွေလို ခွေး ရန်ကျောက်ကဲဘက်က ပါပြီး ခွေး ရန်ကျောက်ကဲကို ကာကွယ်ပေးနေတာပဲ”
“သူက ကျွန်တော်ဒုက္ခရောက်ဖို့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို တမင်သက်သက် ပစ်ချတာ သေချာတယ်”
ရှီတိ၏အမူအရာက တဖြည်းဖြည်းချင်း ပုံမှန်အတိုင်း ပြန်လည်တည်ကြည်သွားသည်။ သူ့အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ရုံမျှဖြင့် ရီကျင်းသည် လုံးဝမလှုပ်နိုင်တော့သည်အထိ ဖိအားကို ခံစားနေရသည်။
“သွေးဝိဉာဉ်ပြန်လည်တမ်းတခြင်းနည်းစနစ်က တကယ်ပဲ အတုလုပ်လို့ရတယ်”
ရှီတိက ငြိမ်သက်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီလိုလုပ်နိုင်တဲ့နည်း တစ်နည်းပဲရှိတယ် ၊ အဲဒါကတော့ ပါဝင်တဲ့ နှစ်ဖက်စလုံးက ကြိုတင်ဇာတ်တိုက်ထားဖို့ပဲ ၊ ရီကျင်း၊ မင်း မြင်ကွင်းအတုအယောင်ကို ပြသဖို့ ရန်ကျောက်ကဲနဲ့ ပူးပေါင်းကြံစည်ခဲ့တာလား”
သူ့စကားများကို ကြားသော် ရီကျင်းမှာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လျက် အာစေးထည့်ခံထားရသည့်အလား အမောတကော အသက်ရှုနေကာ သူ့မျက်လုံးထဲမှ ခက်ထန်သော မီးလျှံက တစထက်တစ ပိုမို အားကောင်းလာသလို ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့် ကြည်လင်မှုက လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။
တကယ့် မီးတောက်များ ထတောက်တော့မည့်သကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ်မှ မီးတောက်ပုံစံအမှတ်အသားများက မျက်စိကျိန်းလောက်အောင် တောက်ပလာသည်။
ရန်ကျောက်ကဲကတော့ သူ့ကို တည်ငြိမ်စွာကြည့်ရင်း ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
“ရီကျင်း ၊ ဂိုဏ်းတူညီမလေး‘လင်း’ က ဘယ်လိုသေသွားရတာလဲ”