ဂိုဏ်းသားတပည့်တစ်ယောက်အနေဖြင့် တာဝန်ထမ်းဆောင်ရခြင်းသည် စိတ်ပျက်ဖွယ်ကောင်းပြီး ခရီးမဆိုက်ပင် နဂါးနန်းတော်၏ ထောင်ချောက်ဆင်မှုကို ခံလိုက်ရသော်လည်း ထိုအချက်ကြောင့်ပင် တုနတ်ဝိဇ္ဇာဂိုဏ်းသည် သတိထားလာလေ၏။
လီချန်ရှို့သည် ထို့ကြောင့် အတန်ငယ် စိတ်သက်သာရာ ရသွားသော်လည်း သတိမပြတ်စေပေ။
တဖြည်းဖြည်းဖြင့် သူတို့ဝန်းကျင်တွင် လူများဖြင့် ပြည့်လာလေသည်။ ထိုသို့လူရှုပ်ရှုပ် ပတ်ဝန်းကျင်ကို လီချန်ရှို့ မနှစ်သက်ချေ။ အထူးသဖြင့် ရှုပ်နေသောသူများသည် သူစိမ်းများဖြစ်နေရာ စက္ကန့်မလပ် သတိကြီးကြီးထားကာ လှုပ်ရှားမှုများကို စောင့်ကြည့်နေရလေသည်။
လေလှိုင်းအသံဖမ်းအတတ်ကို မည်သူမျှ သတိမထားမိခင် သူ သုံးလိုက်သည်။
လေပြေလေညင်းများတိုက်ခတ်သွားတိုင်း သတင်းအချက်အလက်များသည် လီချန်ရှို့ထံသို့ ရောက်လာကြ၏။
သူ၏ စိတ်အာရုံကိုသုံး၍ အခြားသူများကို စူးစမ်းခြင်းသည် မျက်လုံးဖြင့် တိုက်ရိုက်သွားကြည့်သည်နှင့် သိပ်မကွာပေ။ စောင့်ကြည့်ခံရသူသည် နိုးနိုးကြားကြားရှိနေမှ အာရုံခံမိမည်ဖြစ်သည်။ ထိုအရာကို တိုက်ရိုက်ထောက်လှမ်းမှုဟု ခေါ်၏။
လေလှိုင်းအသံဖမ်းအတတ်ကို သုံးလျှင်မူ စိတ်အာရုံကိုသုံး၍ အသံပို့လွှတ်၍ မရသည်မှလွဲ၍ သတင်းအချက်အလက်များကို အလိုအလျောက်ရနေပေမည်။
ထိုအရာကို အလိုအလျှောက်ထောက်လှမ်းခြင်းဟု လီချန်ရှို့အမည်ပေးထားလေသည်။ ထိုအတတ်၏ ကောင်းကျိုးသည် သူ့ဝိညာဉ်၏ စွမ်းအားများကို မသုံးစွဲရခြင်းဖြစ်ပြီး ဆိုးကျိုးကား လိုသည့်သတင်းသာမက မလိုသည့်သတင်းပါ ရောသမမွှေ၍ ရရှိခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသတင်းအချက်အလက်များကို အဆက်မပြတ် စမ်းစစ်နေရန်လိုပေသည်။
ရှေးကတည်းကပင် လီချန်ရှို့သည် သူ၏ထောက်လှမ်းမှုအတတ်များ၊ စိတ်တန်ခိုးနှင့် စိတ်အာရုံကို အထူးတလည် အလေးပေး လေ့ကျင့်ခဲ့၏။
သူကဲ့သို့တာအိုပေါင်းစည်းခြင်းအဆင့်၌ ရှိသော ကျင့်ကြံသူအများစုသည် နာရီပိုင်းမျှကြာလျှင် စိတ်ပျံလွင့်သွားကာ ပတ်ဝန်းကျင်အားစူးစမ်းမှုကို အနားပေးလိုက်ရမည်ဖြစ်သည်။ သို့သော် လီချန်ရှို့သည် သေချာလေ့ကျင့်ထားသည်ဖြစ်ရာ လေလှိုင်းအသံဖမ်းအတတ်ကို နာရီပေါင်းရာချီ မရပ်မနား အသုံးပြုနိုင်ပေသည်။
သို့သော် အမတလမ်းစဉ်ကျင့်ကြံသူတစ်ယောက်က လူသားထောက်လှမ်းရေးပစ္စည်းတစ်ခု ဖြစ်နေရခြင်းမှာ အတန်ငယ်ဝမ်းနည်းစရာကောင်းတော့၏။
အနည်းဆုံးတော့ ထိုသို့ဖြင့် လီချန်ရှို့တစ်ယောက် အတန်ငယ် စိတ်အေးမှုကို ရနိုင်ပေ၏။
လေလှိုင်းအသံဖမ်းအတတ်ကို အသုံးပြုနေသည်ဖြစ်ရာ လီချန်ရှို့သည် ထိုနေရာရှိ ကျင့်ကြံသူများအားလုံးထံမှ စကားသံများ၊ ရယ်သံများကို ကြားနေရသည်ဖြစ်သောကြောင့် ယင်းတို့ထံမှ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို နားထောင်နိုင်လေသည်။
ထိုနေရာရှိ အတုမဲ့နတ်ဝိဇ္ဇာများသည် ယခုတွေ့ဆုံပွဲအကြောင်းနှင့် ကောင်ကင်နတ်မင်းများအတွက် ပေးထားသည့် လေပေါ်ရှိစင်ကြီးအကြောင်းကိုသာ အများအားဖြင့်ဆွေးနွေးနေကြသည်။
အတုမဲ့နတ်ဝိဇ္ဇာအများစုသည် နဂါးနန်းတော်နှင့် မည်ကဲ့သို့သော သဘောတူညီမှုလုပ်ရမည်နည်း၊ အရှေ့ပင်လယ်၏ နယ်နမိတ်များကို မည်သို့ပိုင်းခြားမည်နည်း၊ နဂါးမျိုးနွယ်သည် လူသားကျင့်ကြံသူများကို အခက်တွေ့အောင် ပြုလုပ်ကြမည်လော ဟူ၍သာ စိုးရိမ်နေကြ၏။
အခြားတစ်ဘက်တွင်လည်း ငယ်ရွယ်သောတပည့်များသည် ကောင်းကင်ပြစ်ဒဏ်အကြောင်းကိုသာ ဆွေးနွေးနေကြလေသည်။
ကျင့်ကြံသူအများစုသည် ကောင်းကင်ပြစ်ဒဏ်ကို ကြောက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် နှိုင်းယှဉ်ပြ၍မရနိုင်လောက်အောင် အန္တရာယ်များသောကြောင့်ပင်။ ထိုအရာသည် ရှောင်လွှဲ၍မရသော စမ်းသပ်ချက်တစ်ခုလည်းဖြစ်သည်။
အကယ်၍ ကျင့်ကြံခြင်းအားရပ်တန့်လိုက်လျှင် သို့မဟုတ် ချီသန့်စင်ခြင်းအဆင့်၊ ဝိညာဉ်အခြေတည်အဆင့်၊ ဗလာနတ္ထိအဆင့်၊ တာအိုပေါင်းစည်းခြင်းအဆင့်ဟူသော အဆင့်တစ်ခုခုတွင် ရပ်သွားမည်ဆိုပါက ကောင်းကင်ပြစ်ဒဏ်အား ခံယူရန်မလိုတော့ဘဲ ရှောင်လွှဲနိုင်မည်မှာမူ ထည့်၍ပြောရန် လိုမည်မထင်ပေ။
တုနတ်ဝိဇ္ဇာဂိုဏ်းအတွင်းရှိ ကျင့်ကြံသူများသည် ချီလမ်းကြောင်း လွဲသွားမှုကို မကြုံရသရွေ့ ကောင်းကင်ပြစ်ဒဏ်ကို ခံရရန် အခွင့်အရေးများစွာရှိလေသည်။
အဘယ်ကြောင့်ဆိုသော် တုနတ်ဝိဇ္ဇာဂိုဏ်းသည် အရှေ့ကျွန်းတွင် ဂုဏ်သိက္ခာကြီးသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သောကြောင့် ဖြစ်သည်။ တော်သင့်ရုံ အလားအလာဖြင့် ဂိုဏ်းအတွင်းသို့ ဝင်ခွင့်မရှိပေ။ တုနတ်ဝိဇ္ဇာဂိုဏ်း၏ တာအိုအမွေအနှစ်သည် ပြီးပြည့်စုံ၍ ကျင့်ကြံခြင်းနည်းလမ်းများသည်လည်း ပြောင်မြောက်ကြသည်။ ဂိုဏ်းအတွင်းရှိ နည်းစနစ်များသည် ခိုင်မာ၍ ငွေရေးကြေးရေးလည်း ခိုင်မာပေသည်။
အခြားနတ်ဝိဇ္ဇာဂိုဏ်းများသည် ထိုကဲ့သို့ မဟုတ်ပေ။
အာဒိကပ္ပလောကနှင့် စကြဝဠာတိုက်တစ်သောင်းကို ကြည့်လျှင် လူသားမျိုးနွယ်၏ (၉၀)ရာခိုင်နှုန်းကျော်သည် ကျင့်ကြံနိုင်သည့် အလားအလာ မရှိချေ။ ထို့ကြောင့် လူသားမျိုးနွယ်၏ (၉၅)ရာခိုင်နှုန်းသည် သာမန်သေမျိုးလူသားများသာ ဖြစ်ကြသည်။
ကျင့်ကြံသူများ၏ (၉၀)ရာခိုင်နှုန်းခန့်သည်လည်း အလားအလာကောင်းများမရှိမှု၊ ကျင့်ကြံခြင်းနည်းစနစ်များမပြည့်စုံမှုတို့ကြောင့် နတ်ဝိဇ္ဇာအဖြစ် မတက်လှမ်းနိုင်ကြပေ။
နောက်ဆုံးတွင် (၁၀)ရာခိုင်နှုန်းမှ (၂၀)ရာခိုင်နှုန်းခန့်သာ နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းနိုင်လေသည်။
ထိုဂဏန်းအချက်အလက်များအရ ကြည့်လျှင် နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းနိုင်ခဲ့သော လူသားများ သိပ်မများခဲ့သယောင်ထင်ရ၏။
အမှန်တွင် လူသားမျိုးနွယ်မှ နတ်ဝိဇ္ဇာဖြစ်သွားသူအရေအတွက်သည် စုန်းကဝေများနှင့် မိစ္ဆာတို့၏ ရွှေခေတ်ရှိ နတ်ဝိဇ္ဇာစုစုပေါင်းထက်ပင် ပိုလေသည်။
အံ့ဩစရာကား မရှိပေ။ လူသားမျိုးနွယ်သည် ကလေးတပြွတ်ပြွတ်မွေးရာတွင် ထိပ်တန်းပင်။ သူတို့၏ အရေအတွက်ကိုက များပြားလွန်းနေခြင်းသာ ဖြစ်သည်။
လီချန်ရှို့သည် ရှေးဟောင်းကျမ်းစာများကို ဖတ်ရှုပြီးနောက် စုန်းကဝေ-မိစ္ဆာစစ်ပွဲကြီးအပြီးတွင် လူသားမျိုးနွယ် ခေါင်းထောင်လာနိုင်ကာ စုန်းကဝေမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်အား နှိမ်နင်းနိုင်ခဲ့ခြင်းမှာ အဓိကအကြောင်း(၃)ချက်ကြောင့် ဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။
ပထမအချက်မှာ နွီဝါးနတ်ဘုရားမသည် လူသားများကို မူလတာအိုခန္ဓာ ပေးအပ်ခဲ့သည်။
ဒုတိယအနေဖြင့် လူသားများသည် ကလေး တပြုံတခေါင်း မွေးကြပြီး သူတို့၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ကြ၏။
တတိယအချက်မှာကား လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်များသည် စုပေါင်းနေထိုင်မှုနှင့် ပေါင်းစည်းအင်အားတို့၏ အကျိုးကျေးဇူးကို မျိုးစေ့ချပေးခဲ့သည်။
ကောင်းကင်တာအိုသည် လူသားမျိုးနွယ်အပေါ် မျက်နှာသာပေးသည်ဟူသော စကားကို လီချန်ရှို့ လက်မခံနိုင်ပေ။
ဖြောင့်မတ်သော ကောင်းကင်တာအိုသည် အဘယ်သို့ လူသားမျိုးနွယ်အပေါ် ဘက်လိုက်ပေမည်နည်း။
ကောင်းကင်တာအိုသည် လောကတွင်ဖြစ်ပျက်နေသောအကြောင်းအရာများကို ဆင်ခြင်၍ လူသားမျိုးနွယ်သည် ထိပ်တန်းရောက်လိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုအရာသည် လူသားမျိုးနွယ်အပေါ် နိမိတ်ဖတ်ခဲ့သည့် သဘောသာ ရှိလေ၏။
ထိပ်တန်းရောက်ရန် လူသားမျိုးနွယ်သည် ကျောင်းတော်သုံးကျောင်းအပေါ်မှီခိုခဲ့ရသည်ဟူသော စကားမှာ ပို၍ပင် ရယ်စရာကောင်းသေး၏။
လူသားမျိုးနွယ် တန်းခိုးထွားလာချိန်၌ တာအိုဂိုဏ်းများ၏ တည်ထောင်သူသုံးဦးသည် လူသားမျိုးနွယ်၏ ကံကြမ္မာကို အသုံးချကာ သူတို့၏ တာအိုကို တရားဝင်ဖြစ်အောင် ပြုလုပ်ပြီး သူတို့ အပူဇော်ခံရစေရန် ကျောင်းတော်သုံးကျောင်းကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
တာအိုဂိုဏ်းသားတစ်ယောက်အနေဖြင့် ထိုသို့တွေးခြင်းသည် မှားကြောင်း သိသော်လည်း တာအိုနတ်မင်းကြီးသုံးပါးသည် လူသားမျိုးနွယ်၏ စိန်နားကပ်အရောင်ကြောင့် ပါးပြောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း လီချန်ရှို့ ခံစားရလေသည်။
ရန်ကျောင်းတော်သည် လူသားကျောင်းတော်အဖြစ် ကျော်ကြားသည်။ ထိုက်စန့်လောင်ကျွင်းသည် လူသားမျိုးနွယ်ငါးဆက်မြောက်မှ ရွှမ်းဒူအရှင်ကိုသာ တပည့်အဖြစ် လက်ခံခဲ့သည်။ တုနတ်ဝိဇ္ဇာဂိုဏ်း၏ တည်ထောင်သူဖြစ်သော အတုမဲ့တုအယ်၏ နောက်ကြောင်းသည် မရှင်းပေ။ သူသည် လူသားမျိုးနွယ်မဟုတ်သည်လည်း ဖြစ်နိုင်သလို ထိုက်စန့်လောင်ကျွင်း၏ တပည့်မဟုတ်သည်လည်း ဖြစ်နိုင်ပေသည်။
ထိုက်စန့်လောင်ကျွင်းသည် သေမျိုးလောကသို့ လာကာ လူသားမျိုးနွယ်သို့ပင် တောက်တယ်ကျင်း ( တာအိုကျမ်းစာ )ကို မချီးမြှင့်ရသေးပေ။
( ဘာသာပြန်သူမှတ်စု။ ေတာက်တယ်ကျင်းသည် ဘီစီ ( ၄၀၀ ) ခန့်တွင်ရေးသားခဲ့သော တရုတ်ရှေးဟောင်းကျမ်းစာဖြစ်သည်။ ရေးသားသူသည် လောင်ကျစ့် ( လောင်ဇူ ) ဖြစ်သည်ဟု မှတ်ယူထားသည်။ ဤဇာတ်လမ်းတည်ထားသောအချိန်သည် ကမ္ဘာဦးခေတ်ဖြစ်သဖြင့် ထိုကျမ်းစာမပေါ်သေးပေ )
ထို့ကြောင့် လီချန်ရှို့သည် ယခင်ဘဝက သူ ကျက်မှတ်ထားသော တာအိုကျမ်းစာများကို မလေ့ကျင့်ဝံ့ပေ။
ချန်ကျောင်းတော်သည်လည်း မဆိုးလှချေ။ ယွမ့်ရှစ်ထျန်းကျွမ်းသည် ပထမဆုံး လူသားမျိုးနွယ်မှ အလားအလာရှိသူများကို တပည့်အဖြစ် လက်ခံခဲ့သည်။ ချန်ကျောင်းတော်၏တပည့်များသည် အလယ်ကျွန်းတွင် ကိုယ်ပိုင်ဂိုဏ်းများထောင်ကာ လူသားကျင့်ကြံသူများအကြား ကျင့်ကြံခြင်းနည်းလမ်းများကို ဖြန့်ဝေပေးနေကြ၏။
( တာအိုဝါဒ၌ ကောင်းကင်အရှင်မြတ်ဖြစ်သော ယွမ့်ရှစ်ထျန်းကျွမ်းကို တာအိုနတ်မင်းကြီးသုံးပါးအနက် အကြီးမြတ်ဆုံးနတ်မင်းအဖြစ် ယူဆထားကြပြီး လောကကိုဖန်ဆင်းသူဟု ယုံကြည်ထားကြသည်။ သူက ချန်ကျောင်းတော်၏ခေါင်းဆောင် ဖြစ်သည် )
သို့သော် ကျဲကျောင်းတော်သည် အလွန်အကျွံ ပြုမူခဲ့သည်။
ယင်းသည် လင်းပေါင်ထျန်းကျွမ်းက လူသားမျိုးနွယ်၏ ကံကြမ္မာကို အသုံးချကာ အခြားမျိုးနွယ်များအား အကူအညီပေးခဲ့သည်နှင့် ဆင်တူလေသည်။ ကျဲကျောင်းတော်တွင် လူသားကျင့်ကြံသူအနည်းအကျဉ်းသာ ရှိသည်။ ထိုကျောင်းတော်သည် တနည်းတဖုံ ပြုမူသည်ဟု ဆိုနိုင်ပေသည်။
လူသားမျိုးနွယ်နှင့် တာအိုကျောင်းတော်သုံးကျောင်းတို့အကြား ပတ်သက်ဆက်နွယ်မှုကိုပြောရလျှင် လူသားမျိုးနွယ်သည် ထိုကျောင်းတော်များအတွက် အခြေခံအုတ်မြစ်ဖြစ်၍ ထိုကျောင်းတော်များသည်လည်း လူသားမျိုးနွယ်အတွက် လုံခြုံကြွယ်ဝမှုပေးနိုင်သောအရာများဖြစ်ရာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပင် ဖြစ်လေသည်။
အာဒိကပ္ပလောကသည် အကြံသမားများနှင့် ပြည့်နှက်နေ၏။
လူသားမျိုးနွယ် တိုးတက်မှုအတွက် အမှန်တကယ် အကျိုးပြုခဲ့သော အကြီးအကဲများသည် မီးတိမ်တိုက်ဂူတွင် အေးချမ်းစွာ အနားယူနေနိုင်သလို တဖန်ပြန်၍ မွေးဖွားခဲ့ပြီး ဖြစ်ရပေမည်။
ထိုအတွေးများသည် တာအိုလမ်းမှ လွဲစေသည်ဟု ရှုံ့ချခံရမည့် အတွေးများ ဖြစ်သည်။ လီချန်ရှို့သည် ထိုအတွေးများကို စိတ်ထဲတွင်ပင် ထားကာ အခြားမည်သူ့ကိုမှ ပြန်မပြောခဲ့ချေ။
ဥပမာအားဖြင့် လီချန်ရှို့သည် လင်းအယ်အား ကြမ္မာနှောင်ကြိုး မတွယ်မိစေရန် နေထိုင်နည်းနှင့် အရေးကြုံချိန်တွင် မည်သို့လွတ်မြောက်အောင်ပြုလုပ်ရမည်ကိုသာ သင်ကြားပေး၏။ ကိုယ့်တာဝန်ကိုယ်ယူနိုင်ရန်သာ သူ လေ့ကျင့်ပေးခဲ့သည်။ သူမသည် ပြဿနာများနှင့်ရင်ဆိုင်ရာတွင် သူမ၏အစ်ကိုကြီးလောက် တည်ငြိမ်နိုင်မည် မဟုတ်ပေ။
သို့သော် လင်းအယ်၏ အလားအလာများသည် အမှန်ပင် ကောင်းမွန်လေ၏။ နတ်ဝိဇ္ဇာဖြစ်လာနိုင်သည်အထိ အလားအလာရှိပြီး ဇွဲလည်းကောင်းလေသည်။
မသေမျိုးဖြစ်ရန် ကျင့်ကြံမှုအလားအလာက မျိုးရိုးနှင့် ဆိုင်ရမည်ဟု လီချန်ရှို့ အမြဲပင် ခံစားမိသည်။
လင်းအယ်နှင့်ပတ်သက်၍ သူမ၏မိသားစုရှိ ဘိုးဘေးဘီဘင်ရှစ်ဆယ်သည် သာမန်လူသားများ ဖြစ်ကြသော်လည်း ထူးချွန်သော ကျင့်ကြံသူပါရမီရှင်တစ်ယောက် ရှိလိမ့်မည် ဖြစ်သည်။
လီချန်ရှို့သည် ခေတ္တမျှကြာသောအခါ စိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ခုကို ထပ်၍ကြားလိုက်ရသည်။ ထိုအရာကား လူသားမျိုးနွယ်များ၏ ကောင်းကင်ပြစ်ဒဏ်ကို အောင်မြင်စွာဖြတ်ကျော်နိုင်သည့် နှုန်း ဖြစ်သည်။
ထိုအခြင်းအရာအား တရားသေပြော၍မရပေ။ တာအိုနောက်ခံမတူသောဂိုဏ်းများမှ ကွဲပြားသော ဂိုဏ်းသားများ၏ အောင်မြင်နိုင်နှုန်းသည်လည်း ကွဲပြားကြသည်။
ကျောင်းတော်သုံးကျောင်းပြင်ပမှ ကျင့်ကြံသူများသည် ပြောင်မြောက်သော ကျင့်ကြံခြင်းနည်းစနစ်များ မရှိသည့်အပြင် ကျောင်းတော်သုံးကျောင်း၏ ကာကွယ်ပေးမှုကိုလည်း မခံရချေ။ ကောင်းကင်ပြစ်ဒဏ်ခံရသော ထိုပြင်ပကျင့်ကြံသူဆယ်ယောက်တွင် တစ်ယောက်သာ ရှင်သန်နိုင်လေသည်။
သို့သော် ကျောင်းတော်သုံးကျောင်းမှ ကျင့်ကြံသူများသည် အမှားတစ်စုံတရာမလုပ်မိသ၍ ချန်ကျောင်းတော်နှင့် ရန်ကျောင်းတော်မှ သူများသည် ကောင်းကင်ပြစ်ဒဏ်ကို အောင်မြင်စွာဖြတ်ကျော်နိုင်သည့်နှုန်းမှာ ငါးဆယ်ရာခိုင်နှုန်းမှ ခြောက်ဆယ်ရာခိုင်နှုန်းအထိ ရှိကြ၏။
သို့သော် ကျဲကျောင်းတော်ကြောင့် သုံးကျောင်းပေါင်း ပျှမ်းမျှနှုန်းကို ပြောရလျှင် သုံးဆယ်ရာခိုင်နှုန်းမျှပင် မပြည့်ချင်ပေ။
ချန်ကျောင်းတော်သည် အကောင်းဆုံး အတော်ဆုံးဖြစ်ရန် ရည်သန်သည်။ ထို့ကြောင့် သူတို့တပည့်များ၏ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်သည့်နှုန်း မြင့်ကြသည်။ ဂိုဏ်းသားအရေအတွက်မှာမူ အလယ်အလတ် ဖြစ်သည်။
ရန်ကျောင်းတော်သည် ကံတရားကို လက်ကိုင်ပြုသည်။ ထို့ကြောင့် သူတို့ တပည့်များ၏ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်သည့်နှုန်းသည် အလယ်အလတ်သာဖြစ်ကြသည်။ သို့သော် ကောင်းကင်ဘိုးဘိုးထိုက်စန့်လောင်ကျွင်းသည် တပည့်လက်ခံရသည်ကို မနှစ်သက်ပေ။ ထို့ကြောင့် ဂိုဏ်းသားအရေအတွက်သည် နည်းပါးလေ၏။
ကျဲကျောင်းတော်သည် မည်သူမဆို ပညာသင်ကြားနိုင်ရမည်ဟု ယုံကြည်ချက်ထားသည်။ ထို့ကြောင့် သူတို့၏ ဂိုဏ်းသားများသည် လူသားများ၊ မိစ္ဆာများ၊ ဝိညာဉ်များစသည်ဖြင့် ရောနှောနေသည်။ သူတို့၏ အောင်မြင်မှုသည် ကိုယ့်ကံတရားပေါ်တွင်သာ မူတည်လေသည်။ သို့ဖြစ်ရာ ဂိုဏ်းသားများသည် စကြတဠာတိုက်တစ်သောင်းအနှံ့အပြားတွင် ရှိလေ၏။
ကျောင်းတော်သုံးကျောင်း၏ တာအိုတရားသည် မည်မျှပင် ပြောင်မြောက်စေကာမူ၊ သူတို့၏ ကံတရားသည် မည်မျှပင် ကောင်းမွန်စေကာမူ သို့မဟုတ် နတ်ရတနာက သူတို့၏ကံကြမ္မာအား စေစားနိုင်စေကာမူ နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းနိုင်မှုနှုန်းကို မမြှင့်တင်နိုင်ဘဲ မျှခြေတွင်သာ ရှိနေရလေသည်။
ထို့ပြင် ကျဲကျောင်းတော်၏ခေါင်းဆောင် လင်းပေါင်ထျန်းကျွမ်း၌ ကောင်းကင်ပြစ်ဒဏ်အား တွန်းလှန်နိုင်မည့် ရတနာ မရှိပေ။ သူသည် ကျူးရှန်ဓားလေးချောင်းကဲ့သို့ ရတနာမျိုးကိုသာ ထိန်းချုပ်နိုင်၏။
ထို့ကြောင့် လီချန်ရှို့သည် သူ့အား ရန်ကျောင်းတော်သို့ ခေါ်ဆောင်ခဲ့သော သူ့ဆရာ၏ကျေးဇူးကို အစဉ်အမြဲအောက်မေ့မိပေ၏။
“ ချန်ရှို့လေး … ဒီကိုလာပါဦး ”
ရုတ်တရက် ဆရာဒေါ်လေးကျိူးကျိုး၏ အသံပို့လွှတ်မှုကို ကြားလိုက်ရသဖြင့် လီချန်ရှို့သည် အာရုံစိုက်နေမှုပျက်သွားကာ သူ့အား လက်လှမ်းပြနေသော ကျိုးကျိုးထံသို့ လှမ်းကြည့်လိုက်သည်။
လီချန်ရှို့သည် မလာချင်သည့်ဟန်ဖြင့် ခေါင်းခါပြလိုက်သည်။
ကျိုးကျိုးသည် သူ့အား ခြိမ်းခြောက်သည့်အကြည့်မျိုးဖြင့် ကြည့်လိုက်၏။
လီချန်ရှို့သည် ဘာမှမမြင်လိုက်ဟန်သာ ဆောင်နေလိုက်သည်။ သူသည် မျက်လုံးကိုမှိတ်လိုက်ပြီး လေလှိုင်းအသံဖမ်းအတတ်ကိုသာ ဆက်၍သုံးလိုက်၏။
ခေတ္တမျှကြာသောအခါ ကျိုးကျိုးသည် ပြုံးကာ လီချန်ရှို့၏ စားပွဲပုလေးနားသို့ လာထိုင်လေ၏။
ကျိုးကျိုးက တီးတိုးပြောလိုက်သည်။
“ ဂိုဏ်းတူတူလေး ချန်ရှို့… ပျော်ဖို့ကောင်းတဲ့ ပစ္စည်းတစ်ခုခုယူလာခဲ့သေးလား ”
“ မယူခဲ့ဘူး ”
လီချန်ရှို့သည် အသံပို့လွှတ်၍ ပြန်ပြောလိုက်သည်။
“ အဲဒါတွေက ချုံတောင်လေးရဲ့ ရတနာတွေပဲ။ အပြင်ကို သယ်လာလို့မရဘူး ”
ကျိုးကျိုး၏ မျက်နှာလေး ညှိုးသွားသည်။ သို့သော် ဟန်မပျက်ပင် ဆက်၍ထိုင်နေ၏။ သူမသည် အသံပို့လွှတ်၍ ညည်းညူလိုက်သည်။
“ ငါ အရမ်းပျင်းနေပြီ။ ဒီကိစ္စတွေက တအားအာရုံနောက်ဖို့ကောင်းတာပဲ။ ပွဲစဖို့ကို နောက်နှစ်ရက် သုံးရက်လောက်စောင့်ရဦးမယ်… ဆရာကလည်း အပေါ်မှာရှိနေတော့ လျှောက်လည်းမသွားရဲဘူး ”
လီချန်ရှို့သည် အတန်ငယ်ပြုံးလိုက်ပြီး ထိုဆရာဒေါ်လေး ကိုယ့်နေရာကို ပြန်သွားစေရန် မည်သို့ပြုလုပ်ရမည်ကို တွေးတောလိုက်၏။
ထိုကဲ့သို့ အာရုံစိုက်ခံနေရမှုသည် မကောင်းပေ။
လီချန်ရှို့သည် မျက်နှာပြင်ခြောက်ဘက်၊ အရောင်ခြောက်ရောင်ပါသည့် သစ်သားတုံးလေးအား ထုတ်လိုက်ပြီး လက်ထဲ ဟိုလှည့်ဒီလှည့် လုပ်လိုက်သည်။ သူ၏လှည့်မှုသည် ချောမွေ့ကာ မကြာမီမှာပင် ကျိုးကျိုး၏ အာရုံစိုက်မှုကို ရသွားတော့သည်။
“ အဲဒါဘာလဲ ”
လီချန်ရှို့သည် လှည့်နေသည်ကိုရပ်လိုက်ပြီး အရောင်စုံများရောနေသော သစ်သားတုံးကို ကျိုးကျိုးအား ပြလိုက်သည်။ ထို့နောက် တခဏအတွင်းမှာပင် သ်စသားတုံး၏ မူလအနေအထားသို့ ရောက်အောင် ပြန်လှည့်ပြလိုက်၏။
ကျိုးကျိုး၏ မျက်လုံးများ တောက်ပသွားသည်။
လီချန်ရှို့သည် သစ်သားတုံးအား အရောင်ပြန်၍ရောအောင်လှည့်လိုက်ပြီး ဘေးတွင်ချကာ အသံပို့လွှတ်လိုက်သည်။
“ ဒါကို တခြားဘယ်သူ့ကိုမှ မပေးနဲ့နော် ”
“ အင်းပါ…မပူပါနဲ့။ မင်းရဲ့ စည်းကမ်းတွေကို ငါနားလည်ပါတယ် ”
ကျိုးကျိုးက သဘောတူကြောင်းပြောကာ သစ်သားတုံးကိုယူလိုက်ပြီး ခေါင်းငုံ့၍ စတင်လှည့်ကြည့်လေတော့သည်။ မကြာမီမှာပင် ထိုအထဲတွင် စိတ်နစ်သွားပြီး ထကာ ကိုယ့်စားပွဲနေရာသို့ပြန်၍သွားလေ၏။
နောက်ဆုံးတွင် သူမက ငြိမ်းအေးမှုကို ပြန်၍ရခဲ့ပြီ ဖြစ်သည်။
လီချန်ရှို့သည် ဆက်၍ လူသားထောက်လှမ်းစက်အဖြစ် ပြုမူလိုက်သည်။ ထိုအခြင်းအရာကို မည်သူမျှသတိမထားမိပေ။ သူသည် မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲပြီးမည့် အချိန်အား စောင့်ဆိုင်းနေလိုက်သည်။
နေ့တစ်ဝက်ခန့်ကြာပြီးသောအခါ နတ်ဝိဇ္ဇာဂိုဏ်းတော်တော်များများ ရောက်ရှိခဲ့ပြီဖြစ်သည်။ ရေကြာပွင့်ကြီးပေါ်တွင် ခံ့ညားသောအမျိုးသားများ၊ လှပသောအမျိုးသမီးများနှင့် ပြည့်နှက်နေလေသည်။ သူတို့သည် အလွန် စွဲမက်ဖွယ်ကောင်းလှသည်။
ရုတ်တရက် ဗုံသံ၊ မောင်းသံများကို ကြားလိုက်ရသည်။ တိမ်ဖြူတစ်အုပ်က ကောင်းကင်ကို ပျံတက်သွားပြီး ထိုတိမ်တိုက်ပေါ်တွင် ခရမ်းရောင်ဝတ်ရုံများနှင့် အနီရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော ပင်လယ်အတွင်း နေထိုင်သူများရှိလေသည်။ ထိုသူတို့သည် နဂါးနန်းတော်မှ စေလွှတ်လိုက်သော တီးဝိုင်းအဖွဲ့ဖြစ်သည်။
ကမာအစေခံများသည် ဗျက်စောင်းတီး၍ ရေသူမများသည် နူးညံ့စွာ သီဆိုကြ၏။
ရေနဂါးများသည် ဝါးပုလွေများကိုမှုတ်ကာ ပုစွန်များမှာ ဗုံများကိုတီး၍ လိပ်များသည် ကြေးတူရိယာများကိုတီးကြပြီး ကဏန်းများကား မောင်းများကို တီးကြလေသည်။
တင့်တယ်သော ကိုယ်ဟန်ရှိပြီး ပါးလှပ်သော အဝတ်များကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ဦးသည် စင်မြင့်ကျယ်ကြီး၏ အလယ်တွင် ကပြဖျော်ဖြေနေ၏။
သူမသည် အင်္ကျီလက်များကို ဝှေ့ယမ်းကာ လှပကြော့ရှင်းစွာ ကပြအသုံးတော်ခံနေပေသည်။
နှစ်ရက်ခန့်ကြာမည့် နဂါးနန်းတော်၏ စာပေနှင့်အနုပညာပြပွဲ စတင်ပေပြီ။
လီချန်ရှို့သည် ထိုအခြင်းအရာများကြောင့် အာရုံပျက်သွားခြင်းမရှိချေ။ သို့သော် သူ့နံဘေးရှိ စကားပြောသံများ နည်းပါးသွား၏။ လူအများစုသည် အဆိုအကများကို ကြည့်နေကြလေသည်။ ထို့ကြောင့် သူလေ့လာစရာ သတင်းအချက်အလက်အနည်းငယ်သာ ရှိလေသည်။
ကျန်သည့်ရက်များတွင်လည်း အခြေအနေများသည် ဤကဲ့သို့ပင် အေးဆေးနေလျှင် ကောင်းပေမည်။
လီချန်ရှို့သည် ထိုသို့ဆုတောင်းလိုက်ပြီး သူကြုံရနိုင်သည့် အန္တရာယ်များကို တွက်ဆလိုက်သည်။
တွေ့ဆုံပွဲကိစ္စများသည် သူနှင့်မဆိုင်ပေ။ အများအမြင်တွင် သူသည် ဗလာနတ္ထိဒုတိယအဆင့်သာ ရှိသေးသူတစ်ယောက်ဖြစ်သည်။ သူ့အဆင့်နှင့် ထိုပွဲတွင် နေရာမရနိုင်ပေ။
တပည့်ငယ်များအတွက်လည်း ထိုအဆိုသည် အကျုံးဝင်ပေ၏။
သို့သော်…
‘ ဟာ… ’
ဂိုဏ်းတူညီမယုံချင်ရွှမ်းယာသည် သူမ၏ တရားထိုင်ဖျာအား သယ်ကာ နောက်ကျောတွင် ဓားကြီးကို လွယ်၍ သူ့ထံသို့ လျှောက်လာနေလေသည်။
‘ ဒါက… ’
လူတိုင်း အပန်းဖြေနေစဉ် ဤမျှလောက် တာဝန်ယူ အလုပ်လုပ်နေစရာ လိုပါသလော။
ယုံချင်ရွှမ်းယာ ခြေနှစ်လှမ်းလှမ်းပြီးနောက် လီချန်ရှို့သည် သူမထံ အသံပို့လွှတ်လိုက်သည်။
“ အစ်ကိုတောင်းပန်ပါတယ် ညီမလေးယုံချင်ရွှမ်းယာ။ အစ်ကိုတစ်ယောက်တည်းပဲ အနားယူချင်လို့ ”
သူမ မရောက်လာစေရန် ဤသို့ ပွင့်ပွင့်လင်းလင်း ငြင်းလိုက်ခြင်းက ပို၍ကောင်း၏။
နှစ်ကျန့်အကွာတွင်ရှိသော ယုံချင်ရွှမ်းယာတစ်ယောက် ရပ်တန့်သွားသည်။ သူမသည် လီချန်ရှို့အား လှမ်းကြည့်လိုက်ပြီး တရားထိုင်ဖျာအား အမျိုးသမီးအတုမဲ့နတ်ဝိဇ္ဇာတစ်ပါး၏ ဘေးတွင် ချလိုက်လေသည်။
ထိုအမျိုးသမီး အတုမဲ့နတ်ဝိဇ္ဇာသည် ရယ်မောကာပင် ပြောလိုက်သေး၏။
“ လာ ရှောင်ယာ… ဆရာဒေါ်လေး မကြာခင်ကရေးထားတဲ့ တေးသွားကို လာကြည့်ပါလား ”
“ ဟုတ်ကဲ့ပါ ဆရာဒေါ်လေး… ”
“ ဂိုဏ်းတူအစ်ကိုချန်ရှို့… အစ်ကိုနေမကောင်းဘူးလား ”
ယုံချင်ရွှမ်းယာသည် နူးညံစွာမေးလိုက်သည်။ သူမ၏လှပသော မျက်ဝန်းလေးများထဲတွင် အမှန်တကယ် စိတ်ပူသည့်အရိပ်အယောင်များ ပေါ်နေလေသည်။
လီချန်ရှို့သည် တည်တည်ငြိမ်ငြိမ်ပင် ခေါင်းခါလိုက်ကာ သူမကိုပြုံးပြလိုက်ပြီးနောက် မျက်လုံးပြန်မှိတ်ထားလိုက်သည်။
ယင်းက အနည်းငယ်အိုးတိုးအန်းတန်းနိုင်၏။
သို့သော် ဂိုဏ်းတူညီမ သူ့ဆီရောက်လာကာ အခြားသူများ၏ အာရုံစိုက်မှုကို သယ်ဆောင်လာမည်ထက်စာလျှင် တော်သေးသည်။
ယုံချင်ရွှမ်းယာ မတ်တတ်ထရပ်လိုက်စဉ် ဘေးပတ်ဝန်းကျင်ရှိလူများ၏ အကြည့်များသည် တုနတ်ဝိဇ္ဇာဂိုဏ်းပေါ်သို့ ကျရောက်လာကြောင်း လီချန်ရှို့ အာရုံခံမိခဲ့၏။
ထိုနေရာရှိ လူတိုင်းသည် ကျင့်ကြံသူများဖြစ်သော်လည်း ယုံချင်ရွှမ်းယာ၏ အပြုအမူများ၊ သူမ၏ရုပ်ရည်၊ ကိုယ်နေဟန်ထားများသည် ကျီးအုပ်အကြား ဒေါင်းနားသကဲ့သို့ ထင်ရှားလှပေသည်။ ထိုအရည်အသွေးများရှိသဖြင့် အာရုံစိုက်မခံရရန်မှာ ခက်ခဲလေ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် သူမအား လက်ထပ်ယူလိုခဲ့သော် သူမကို ဖက်တီးဖြစ်သွားသည်အထိ ကျွေးပါမှ စိတ်အေးလက်အေး နေနိုင်ပေလိမ့်မည်။
အထက်ပါအချက်သည် အစ်ကိုချန်ရှို့မှ စေတနာဖြင့် သတိပေးခြင်းသာ ဖြစ်ပေသည်။
***