Switch Mode

အခန်း (၆၀၈)

လိုလေးသေးမရှိအောင် ဆောင်ရွက်ပေးခြင်း

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ပေတစ်ရာကျော်အကွာတွင် ရှိနေသော နောက်ထပ် ထိပ်သီးအဆင့် မီးသတ္တုရိုင်းတုံး တစ်တုံးဆီသို့ တွားသွားနေ၏။ သူ၏အမြင်တွင် ၎င်းတို့မှာ အဖိုးတန်ရတနာပစ္စည်းများ ဖြစ်ကြပေသည်။ ၎င်းတို့မှာ အရေအတွက်အနည်းငယ်မျှသာ ရှိသောကြောင့် သူသည် အချိန်အတော်အတန်ကြာအောင် ရှာဖွေပြီးခဲ့သည့်တိုင်အောင် သုံးတုံးမျှသာ ရှာတွေ့ခဲ့၏။ ထို့အပြင် ၎င်းတို့၏ အရွယ်အစားမှာ အလွန်အင်မတန်မှ သေးငယ်နေသေးသည်။

၎င်းတို့မှာ အလွန်အင်မတန်မှ ရှားပါးသောရတနာများ ဖြစ်ကြသောကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ပျော်ရွှင်နေရတော့သည်။ သူသည် တွားသွားကာ ထို ထိပ်သီးအဆင့် မီးသတ္တုရိုင်းတုံးအား ကောက်ယူစစ်ဆေးကြည့်လိုက်ပြီးနောက် အားရကျေနပ်သွား၏။

သူသည် အရှင်လက်လက် အကင်ခံနေရသကဲ့သို့ ဖြစ်နေသောကြောင့် ဝေဒနာမျိုးစုံခံစားနေရသည့်တိုင်အောင် ထိပ်သီးအဆင့် မီးသတ္ထုရိုင်းတုံးတစ်တုံးအား ရယူနိုင်မည်ဆိုပါက ထိုသို့ ပေးဆပ်ရသည်မှာ ထိုက်တန်မှုရှိကြောင်း မှတ်ယူထား၏။

မမလေးမှာလည်း ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာကို သတိထားမိနေသည်။ သူမသည် ထိုနေရာမှ တည်နေရာပြောင်းရွှေ့နိုင်ရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့သည့်တိုင်အောင် မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် သူမသည် မခံမရပ်နိုင်ဖြစ်လာရပြီး နှာမှုတ်ကာ ဆိုလိုက်၏။

” ဘာမှမဟုတ်တဲ့ ကျောက်တုံးလေးတွေကို ရှာ‌တွေ့တာ ပျော်နေတယ်ပေါ့။ နင် မရင့်ကျက်နိုင်သေးဘူးလား ”

” မမလေးက ဘာနားလည်လို့လဲ။ ဒါက ထိပ်သီးအဆင့် မီးသတ္တုရိုင်းတုံးဗျ။ အဲတာ ဘာလဲဆိုတာကိုရော မမလေး သိလို့လားဗျာ ” ဝမ်ပေါင်လဲ့မှာ သူမ၏စကားကို ကြားလိုက်ရသောအခါ မကျေမနပ်ဖြစ်သွားရ၏။ သူမသည် ထိပ်သီးအဆင့် မီးသတ္ထုရိုင်းတုံးများကို စော်ကားနေသည် မဟုတ်ပါလော။

” ထိပ်သီးအဆင့် မီးသတ္တုရိုင်း‌တွေက ကြယ်အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးသွားမှ ပေါ်ပေါက်လာနိုင်တာ။ အဲဒီ သတ္တုရိုင်းတုံးတွေက ဘယ်လောက်ပဲ သေးငယ်နေပါစေ အရမ်းကို တန်ဖိုးရှိတာဗျ။ ဒီ ကြယ်အဖွဲ့အစည်းက ပျက်သုဉ်းသွားခဲ့ပြီးတော့ အသစ်ပြန်လည်ပေါ်ပေါက်လာတာမလို့ ဒီဂြိုဟ်ပေါ်မှာ အဲဒီ မီးသတ္တုရိုင်းတုံးတွေ ရှိနေတာပဲဖြစ်ရမယ် ” ဝမ်ပေါင်လဲ့မှာ မမလေးအား တည်ကြည်စွာ ရှင်းပြလိုက်၏။

မမလေးမှာ အရာအားလုံးကို သိထားသည့်ပုံစံ ဟန်ဆောင်နေပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူမ၏ အကြောင်းကို ခေါင်းအစခြေအဆုံး သိထားပြီးသားဖြစ်သည်။ သူမသည် ထိုကဲ့သို့ ဟန်ဆောင်နေသည့်တိုင်အောင် မည်သည့်အရာကိုမှ ထဲထဲဝင်ဝင် နားလည်ထားခြင်းမရှိဘဲ အပေါ်ယံမျှသာ သိထားခြင်း ဖြစ်ပေသည်။

ထို့ကြောင့် မမလေးမှာ ဝမ်ပေါင်လဲ့၏ ပြောစကားများကြောင့် ဇဝေဇဝါ ဖြစ်သွားရ၏။ ထို့နောက် သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့က ကြားဖြတ်ဝင်ပြောလိုက်၏။

” ဒီ ဂြိုဟ်ပေါ်မှာ ထိပ်သီးအဆင့် မီးသတ္တုရိုင်း‌တွေ နည်းနည်းလေးပဲ ရှိလောက်တယ်။ ပြီးရင် အဲဒီ သတ္ထုရိုင်းတွေက ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေကြမှာ။ အဲတာမလို့ ကျွန်တော်တို့တွေ ရှိသမျှအကုန်လုံးကို လိုက်ယူနိုင်မှာမဟုတ်ဘူး။ ဒီလောက်လေး ရှာတွေ့နိုင်တာတောင် တော်တော်ကံကောင်းနေလို့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ သက်ပြင်းချလိုက်ပြီး ထိပ်သီးအဆင့် မီးသတ္တုရိုင်း‌တုံးအား သူ၏ သိုလှောင်လက်ကောက်ထဲသို့ ထည့်သိမ်းလိုက်၏။ ထို့နောက် သူသည် ဘေးဘီဝဲယာအား အကဲခတ်ကြည့်လိုက်သောအခါ ထိုနေရာတစ်ဝိုက်တွင် ထိပ်သီးအဆင့် မီးသတ္တုရိုင်း‌တုံး တစ်တုံးတလေပင် ရှိမနေတော့ကြောင်း သိလိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ ရင်ထဲ၌ နှမြောတသ ဖြစ်သွားရပါသော်လည်း နားလည်ပေးနိုင်ပေသည်။

သူသည်‌ ခေါင်းမော့လာပြီး မမလေးအား တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အကြောင်း မေးမြန်းရန် ပြင််လိုက်၏။ ထိုအချိန်တွင် မမလေး၏ အထူးတဆန်းဖြစ်နေသော စကားသံကြီးမှာ သူ၏အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

” အဲဒီ ကျောက်တုံးတွေက အရမ်းကို ရှားပါးပြီးတော့ တန်ဖိုးရှိနေတယ်ဆိုတာ နင် သေချာတယ်နော် ”

” သိပ်သေချာတာပေါ့ဗျ။ အဲဒီ… ” ဝမ်ပေါင်လဲ့မှာ မျက်ခုံးများပင့်ကာ ချက်ချင်းပြန်ပြောလိုက်ပါသော်လည်း စကားမဆုံးနိုင်ခင်မှာပင် မမလေးမှာ ချောင်းဟန့်ကာ ဆိုလိုက်၏။

” ခေါင်းမော့ပြီး နင့်ရဲ့ညာဘက်ကို လှမ်းကြည့်လိုက်။ ပေတစ်ထောင်ကျော်လောက်မှာ‌ နောက်ထပ်တစ်တုံး ရှိတယ် ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရ၏။ ထို့နောက် သူသည် ချက်ချင်း ခေါင်းမော့ကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်းတွင် ထိပ်သီးအဆင့် မီးသတ္တုရိုင်း‌တုံးတစ်တုံး အမှန်တကယ်ပင် ရှိနေသည်ကို မြင်လိုက်ရသဖြင့် အံ့သြတုန်လှုပ်သွားရတော့သည်။ သူသည် စောစောတုန်းက ထိုနေရာအား ရှာဖွေခဲ့ပါသော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ယခုတွင် သူသည် ထိုနေရာသို့ တွားသွားနေရင်း တစ်ကိုယ်လုံးတုန်ရီသွားပြီး မျက်လုံးများပြူးသွားရတော့သည်။

ထိုနေရာတွင်…. ထိပ်သီးအဆင့် မီးသတ္တုရိုင်း‌တုံးတစ်တုံးသာ ရှိနေခဲ့ရာမှ မျက်စိတစ်မှိတ်အတွင်းတွင် တစ်တုံးပြီးတစ်တုံး ဆက်တိုက်ပေါ်ပေါက်လာ၏။ ထို့နောက် အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် ထိပ်သီးအဆင့် မီးသတ္တုရိုင်းတုံးများမှာ မြေကြီးထဲမှ အဆက်အပြတ် ထိုးထွက်လာကြတော့သည်။ ထို့ကြောင့် တစ်ခဏလေးအတွင်းတွင် ၎င်းတို့မှာ တောင်လိုပုံသွား၏။

၎င်းတို့၏ အရေအတွက်မှာ ထောင်ဂဏန်းအထိ ရှိလောက်ပေသည်။ ထိပ်သီးအဆင့် မီးသတ္တုရိုင်း‌တုံးများမှာ မြေကြီးထဲမှ အဆက်မပြတ် ထိုးထွက်လာနေကြဆဲ ဖြစ်သောကြောင့် တောင်လိုပုံနေသည့် အပုံများ တစ်ပုံပြီးတစ်ပုံ ပေါ်ပေါက်လာတော့သည်။

ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ နာရီဝက်တိတိ ကြာမြင့်သွား၏။ ဝမ်ပေါင်လဲ့မှာ ဝမ်းလျားမှောက်ကာ တွားသွားနေရင်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။ သူသည် အမြင်အာရုံများ ဝေဝါးလာပြီး အသက်ရှူသံများပင် ရပ်တန့်သွားတော့မည့်အလား ဖြစ်သွား၏။ သူ ငေးကြည့်နေစဉ်မှာပင် သူ၏ ပတ်ပတ်လည်၌ တောင်ငယ်လေးများကဲ့သို့ ပုံနေသည့် ထိပ်သီးအဆင့် မီးသတ္တုရိုင်း‌တုံးပုံ ရှစ်ပုံတိတိ ပေါ်ပေါက်လာသည်မဟုတ်ပါလော။

” ဒါ…. ဒါ… ” ဝမ်ပေါင်လဲ့မှာ ပါးစပ်အဟောင်းသားနှင့် စကားများထ‌စ်ငေါ့သွားရပြီး တစ်ခေါင်းလုံး ထူပူသွားရပြီဖြစ်သည်။ သူသည် သူ့ကိုယ်သူပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသောကြောင့် ကြက်သီး‌မွေးညင်းများ ထလာ၏။ ထို့နောက် သူသည် ဇောချွေးများပြန်လာပြီး ဦးရေခွံများ ထုံကျဉ်လာရတော့သည်။

မမလေးပင်လျှင် ဆွံ့အသွားရပြီဖြစ်သည်။ သူမသည် သူတို့၏ ဘေးပတ်ဝန်းကျင် အခြေအနေကြီးအား အကဲခတ်လေ့လာကြည့်လိုက်ပြီးနောက် ပို၍ပင် ကြောက်ရွံ့တုန်လှုပ်သွားရ၏။ နောက်ဆုံးတွင် သူမသည် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးမှ အသက်ပြင်းပြင်းရှူကာ တိုးတိုးလေး ဆိုလိုက်တော့သည်။

” ပေါင်လဲ့။ ဒါ နင့်အိမ်လားဟ။ နင့်ရဲ့ ပါးစပ်က ထိပ်သီးအဆင့် မီးသတ္တုရိုင်း‌အကြောင်း ထွက်လာတာနဲ့ အဲဒီ ကျောက်တုံးတွေက နင့်ရဲ့ဘေးမှာ တောင်လိုပုံသွားကြတာလေ။ ငါ သေချာကြည့်ပြီးသွားပြီ။ ဒီကျောက်တုံးတွေအကုန်လုံးက ကျောက်ကျင်းထဲက ထွက်လာတဲ့အတိုင်း အချိုးအစားကျနအောင် သွေးထားပြီးသားတွေချည်းပဲ။ တစ်တုံးနဲ့တစ်တုံး အရွယ်အစားကလည်း အတူတူပဲ ”

ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးဘီဝဲယာအား တအံ့တဩနှင့် ဝေ့ဝိုက်ကြည့်ရှုနေမိတော့သည်။ မမလေး၏ စကားများကြောင့် သူသည် ဇဝေဇဝါဖြစ်သွားရ၏။ သူသည် ကမ္ဘာမြေကြီး၊ အင်္ဂါဂြိုဟ်နှင့် ကျယ်ပြန့်တာအိုနန်းတော်တို့၏ မောင်ကံကောင်းလေး ဖြစ်နေရုံသာမက မီလော့တောအုပ်၏ မောင်ကံကောင်းလေးပါ ဖြစ်နေသည်လောဟုပင် တွေးနေမိတော့သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ချက်ချင်း ခေါင်းယမ်းလိုက်ပြီး မမလေးကြောင့် ခေါင်းထဲ၌ ထိုကဲ့သို့သော ဗရုတ်သုတ်ခ အတွေးများ ပေါ်ပေါက်လာရခြင်းဖြစ်မည်ဟု မှတ်ယူလိုက်၏။ သူကြုံနေရသည့် အရာအားလုံးမှာ ကျောချမ်းစရာကောင်းလွန်းနေသည် မဟုတ်ပါလော။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ဆဋ္ဌမမြောက်နန်းတော်ထဲတွင် ရှိနေခဲ့စဉ်တုန်းက သူ၏တာဝန် အမျိုးမျိုး ပြောင်းလဲသွားခဲ့သည်ကို ပြန်၍သတိရသွားတော့သည်။

” တစ်ယောက်ယောက်က ငါ့ကို ဒီနေရာကို ရောက်လာအောင် လုပ်ခဲ့တာပဲဖြစ်ရမယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သူသည် ထိပ်သီးအဆင့် မီးသတ္တုရိုင်း‌တုံးများကို နိုင်သလောက် သိမ်းဆည်းကာ သိုလှောင်လက်ကောက်ထဲ၌ အပြည့်ဖြည့်ပြီးသွားသောအခါ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ရုတ်တရက် အော်ပြောလိုက်တော့သည် ” ငါ ကြယ်အစွယ်သားရဲတစ်ကောင်ရဲ့ အမြုတေကို လိုသေးတယ် ”

မမလေးမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် စိုးထိတ်သွားရ၏။ ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ တောင်ထိပ်ပေါ်တွင် အရက်သောက်နေသော လူငယ်လေးမှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။

” ဂိုဏ်းတူညီလေးရာ။ မင်းက အစ်ကို့ကို ပူဆာရမယ်ဆိုရင် ဣန္ဒြေတောင် မဆည်နိုင်တော့ပါလားကွ။ ထားပါတော့လေ။ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့ ”

ထို လူငယ်လေးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ညာဘက်လက်ကိုမြှောက်ကာ လက်ညှိုးထိုးလိုက်၏။ ယခုအကြိမ်တွင် သူသည် ကြယ်အစွယ်သားရဲ မျိုးနွယ်စု နေထိုင်ကျက်စားရာ ဘုံဗိမာန်အား လက်ညှိုးထိုးလိုက်ခြင်းဖြစ်သည်။ ထိုအခါ အော်ဟစ်အားပေးနေကြသည့် ကြယ်အစွယ်သားရဲများဖြင့် ပြည့်နှက်နေသော ထိုဘုံဗိမာန်ထဲရှိ ထာဝရဝိညာဉ်အဆင့် ဧရာမ ကြယ်အစွယ်သားရဲကြီးနှစ်ကောင်မှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့နောက် ၎င်းတို့မှာ နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွားကြပြီး အဝေးသို့ထွက်ပြေးသွားကြတော့သည်။

ကျန်သားရဲများမှာမူ ထိုနှစ်ကောင် ထွက်ပြေးသွားကြသည်ကို သတိမထားမိလိုက်ကြပေ။ စွမ်းအားတစ်မျိုးမှာ သားရဲဘုရင်ကြီး အပါအဝင် အခြားသားရဲများအားလုံးကို ထိုအဖြစ်အပျက်အား သတိမထားမိနိုင်အောင် တားဆီးထားသကဲ့သို့ပင်။ အဝေးသို့ ထွက်ပြေးသွားသော ကြယ်အစွယ်သားရဲကြီး နှစ်ကောင်မှာမူ မတူညီသော နေရာနှစ်ခုမှ ထွက်ပြေးလာခြင်း ဖြစ်သည့်တိုင်အောင် ၎င်းတို့၏ ဦးတည်သွားနေသည့် ပန်းတိုင်မှာ အတူတူပင်ဖြစ်သည်။

၎င်းမှာ ပေတစ်သောင်းအကွာရှိ ဝမ်ပေါင်လဲ့ ရပ်နေသော နေရာပင် ဖြစ်သည်။

ထို သားရဲကြီးနှစ်ကောင်စလုံးမှာ ထာဝရဝိညာဉ်အဆင့်တွင် ရှိနေကြသည်ဖြစ်ရာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လွန်းနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုသို့တောင်းဆိုပြီးသွားသည်နှင့် ဆန့်ကျင်ဘက် အရပ်မျက်နှာနှစ်ခုမှ အားကောင်းသော အငွေ့အသက်ကြီးနှစ်ခု သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်ကို အာရုံခံမိလိုက်တော့သည်။ ထို့ကြောင့် သူသည် ရင်ခုန်နှုန်းများ မြန်ဆန်လာပြီး မြေကြီးပေါ်သို့ ချက်ချင်းဝပ်ချလိုက်၏။ ထိုနောက် သူ၏ ဘယ်ဘက်နှင့် ညာဘက်တွင် ဧရာမ ကြယ်အစွယ်သားရဲကြီးနှစ်ကောင် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။

” တကယ်ကြီး ရောက်လာတာဟ ” ဝမ်ပေါင်လဲ့မှာ ရင်တထိတ်ထိတ် ဖြစ်နေရတော့သည်။ ထိုသားရဲကြီးနှစ်ကောင်၏ အငွေ့အသက်များမှာ အားကောင်းလွန်းနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် မမလေးအား ထိတ်ထိတ်ပျာပျာနှင့် လှမ်းခေါ်လိုက်ပြီးနောက် သူတို့အား ထိုနေရာမှ ချက်ချင်းတည်နေရာပြောင်းရွှေ့ပေးရန် တောင်းဆိုလိုက်တော့သည်။

” နင်‌ တော်တော် ဂြိုဟ်မွှေတာပဲ ဝမ်ပေါင်လဲ့။

တည်နေရာပြောင်းရွှေ့လို့ မရဘူးဟ။ ငါ ဘာလုပ်ရတော့မှာလဲ ” မမလေးမှာ ဝမ်ပေါင်လဲ့အား ငေါက်ငမ်းလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ မျက်နှာညှိုးငယ်သွားရ၏။ သူသည် ထိုသားရဲကြီးများ၏ လက်မှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်းကို သိထားသည်။ ထို့ကြောင့် သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ လုံးဝမျှော်လင့်မထားသည့် အခြင်းအရာကြီးတစ်ခု ဖြစ်ပျက်သွားတော့သည်။

ထို ကြယ်အစွယ်သားရဲကြီး နှစ်ကောင်မှာ ဝမ်ပေါင်လဲ့အား တစ်ချက်ပင်မကြည့်ဘဲ တစ်ကောင်နှင့်တစ်ကောင် စိုက်ကြည့်ကာ ထိပ်တိုက်ဆုံတွေ့သွားကြခြင်းပင် ဖြစ်သည်။

ထို့အပြင် ၎င်းတို့မှာ တိုက်ပွဲကြီးအား အရသာခံ၍ တိုက်ခိုက်လိုသည့်ပုံစံဖြင့် ၎င်းတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ချုပ်တည်းလိုက်ကြ၏။ ထို့ကြောင့် ၎င်းတို့မှာ တစ်ကောင်နှင့်တစ်ကောင် ထိပ်တိုက်မတွေ့ခင် သာမန်သားရဲများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် ၎င်းတို့မှာ ရှေ့သို့အရှိန်အဟုန်ဖြင့် ပြေးလာကြပြီး တစ်ကောင်နှင့်တစ်ကောင် အပြင်းအထန် ဝင်တိုက်လိုက်ကြတော့သည်။

ထိုအခါ အုန်းခနဲ အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုကြယ်အစွယ်သားရဲကြီး နှစ်ကောင်စလုံးမှာ သူတို့၏ကျင့်ကြံခြင်းစွမ်းအားများကို ချုပ်တည်းထားခဲ့သည်ဖြစ်ရာ သူတို့၏ ရိုက်ခတ်မှုကြီးမှာ ဘေးပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုမရှိပေ။ ထို့နောက် ၎င်းတို့မှာ ဒဏ်ရာအပြင်းအထန် ရသွားသဖြင့် ခေါင်းထဲမှ သွေးများစီးကျလာကြပြီး ပါးစပ်ထဲမှ သွေးပွက်များ အန်ထွက်လာကြ၏။ နောက်ဆုံးတွင် ထိုနှစ်ကောင်စလုံးမှာ မြေကြီးပေါ်သို့ ပြုတ်ကျလာကြပြီး ကြက်သေသေနေသော ဝမ်ပေါင်လဲ၏ရှေ့သို့ လိမ့်ဆင်းလာကြတော့သည်။

ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ မမလေးမှာလည်း ဆွံ့အမှင်တက်နေရပြီဖြစ်သည်။ ထို့နောက် ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြင်းအရာကြီးတစ်ခု ထပ်၍ ဖြစ်ပျက်သွားပြန်သည်။ အပြင်းအထန် ဒဏ်ရာရထားသော ကြယ်အစွယ်သားရဲကြီးနှစ်ကောင်မှာ ဝမ်ပေါင်လဲ့၏ရှေ့တွင် ၎င်းတို့၏ အမြုတေများကို ကုတ်ဖဲ့ကာ ဆွဲထုတ်နေကြခြင်းပင်။ ၎င်းတို့မှာ ထိုအမြုတေများအား ဝမ်ပေါင်လဲ့၏ရှေ့၌ ချထားလိုက်ပြီးနောက် တစ်ကိုယ်လုံး ဆန့်ငင်ဆန့်ငင်ဖြစ်ကာ သေဆုံးသွားကြတော့သည်။

၎င်းတို့မှာ သေဆုံးသွားသည့်တိုင်အောင် ၎င်းတို့၏ ရုပ်အလောင်းထဲမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခု ထွက်ပေါ်နေဆဲပင်။ ဝမ်ပေါင်လဲ့မှာမူ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ။ သူမြင်ခဲ့ရသည့် အဖြစ်အပျက်များအားလုံးမှာ စိတ်ကူးများနှင့်ပင် မမှန်းဆနိုင်လောက်အောင် ထူးဆန်းလွန်းနေသည်မဟုတ်ပါလော…

ကြောက်စရာအကောင်းဆုံးအချက်မှာ ထိုသားရဲကြီးနှစ်ကောင် သတ်သေသွားခဲ့သည့်အချက် မဟုတ်ဘဲ ဝမ်ပေါင်လဲ့ ၎င်းတို့၏ အရေခွံအား ဆုတ်ဖြဲနိုင်စွမ်း မရှိမည်ကို စိုးရိမ်သည့်ပုံစံဖြင့် ၎င်းတို့၏ အမြုတေများအား ကိုယ်တိုင်ကိုယ်ကျ ဆွဲထုတ်ပေးခဲ့သည့် အချက်ပင် ဖြစ်သည်။ ၎င်းတို့မှာ အစမှ အဆုံးအထိ လိုလေသေးမရှိအောင် ဆောင်ရွက်ပေးခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ ဇောချွေးများပြန်လာရတော့သည်။

Comment

  1. Aung Kyaw Lin says:

    တစ်နေ့တစ်ပိုင်း ဖတ်ရတာ အားမရတော့ဘူး

    1. Sai Htet says:

      လုပ်စရာကိစ္စလေးတွေ ပေါ်လာလို့ပါ အခု တစ်နေ့နှစ်ပိုင်း ပြန်တင်ပါပြီဗျ

Leave a Reply

Options

not work with dark mode
Reset