နေရာသစ်တစ်ခုသို့ ရောက်တိုင်း ထိုနေရာ၌ အချိန်တစ်ခုအထိ နေမည်ဆိုပါက အရေးပေါ်ထွက်ပေါက်အား ရှာဖွေထားခြင်းသည် ရှိသင့်သော အကျင့်ကောင်းတစ်ခု ဖြစ်သည်။
တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ပိုင်ဖန်ခန်းမကဲ့သို့ပင် ထိုနေရာတွင်လည်း တံခါးမကြီးတစ်ပေါက်၊ ဘေးတံခါးနှစ်ပေါက်နှင့် အနောက်တံခါးတစ်ပေါက် ရှိသည်။ ထို့ပြင် ပိုင်ဖန်ခန်းမ၌ လူတော်တော်များများ သတိမထားမိသည့် လမ်းကြောင်းလွှဲ မန္တန်အစီအရင်များလည်း ရှိ၏။ ထိုမန္တန်အစီအရင်သည် ဂိုဏ်းချုပ်အခန်းအောင်းကျင့်ကြံရာနေရာတွင် တည်ရှိလေသည်။
လီချန်ရှို့သည် ကလေးအရွယ်တွင် ပိုင်ဖန်ခန်းမသို့ လစဉ်အသုံးစရိတ်ယူရန်သွားရင်းဖြင့် ထိုမန္တန်အစီအရင်ရှိကြောင်း သိရှိခဲ့ခြင်းပင်။
အခြားမျိုးနွယ်ဖြစ်သော နဂါးမျိုးနွယ်သည် အရှေ့ပင်လယ်တစ်ဝိုက်ရှိ နတ်ဝိဇ္ဇာဂိုဏ်းများနှင့် ပဋိပက္ခများရှိ၏။ ထို့ပြင် နဂါးနန်းတော်သည် မန္တန်အစီအရင်များ၏ အပေါ်တွင် ရှိလေသည်။ ရေကြာပွင့်ကြီးပေါ်တွင် သတ်ဖြတ်မန္တန်အစီအရင်များ ရှိ၊မရှိ မည်သူမျှ အတတ်မပြောနိုင်ချေ။
သို့ဖြစ်သောကြောင့် အရေးကြုံလျှင် ထွက်ပြေးရန် လမ်းကြောင်းတစ်ခုရှာထားရန် မသင့်ပေလော။
ဆရာဦးလေး၊ ဆရာဒေါ်လေးများသည် ခပ်မဆိတ်သာ နေကြသည်။ လီချန်ရှို့အပါအဝင် ဂိုဏ်းသားတပည့် (၁၁)ယောက်အနက် (၆)ယောက်သာ သူတို့ရှေ့ရှိ သစ်သီးများကို ယူစားကြ၏။
‘ မင်းတို့ရဲ့ အကျင့်တွေဘာဖြစ်ကုန်တာလဲ။ မင်းတို့အကုန်လုံးက နတ်ဝိဇ္ဇာအဖြစ်လျာထားခံရတဲ့ သူတွေလေ။ တုနတ်ဝိဇ္ဇာဂိုဏ်းက မင်းတို့ကို အငတ်များထားနေလို့လား။ ဒါမှမဟုတ် တည်ခင်းထားတဲ့ စပျစ်သီးကို မစားရင် ဧည့်ကောင်းဆောင်ကောင်းမပီသမှာ ဆိုးလို့လား။ အဟမ်း…ဆရာတွေကတော့ မစားမိလောက်… ’
တချို့ ဆရာဦးလေး၊ ဆရာဒေါ်လေးတို့၏ အရှေ့ရှိ စပျစ်သီးများသည် အရိုးတံသာကျန်တော့လေ၏။
‘ မင်းမေဘ…ထားလိုက်ပါတော့။ ဒါတွေက ငါ့အရေးမဟုတ်ပါဘူး ’
လီချန်ရှို့သည် မည်သည့်ကိစ္စမျှမဖြစ်ဟန် ခပ်မတ်မတ်ထိုင်လိုက်သည်။ မျက်လုံးများကို မှိတ်လိုက်ကာ သူ၏ဂိုဏ်းကို ခေတ္တစွန့်ပစ်လိုက်သည်။
သူသည် စိတ်အာရုံများကို ဖြန့်ကျက်လိုက်ပြီး အရေးပေါ်ထွက်ပေါက်ကို ရှာဖွေလိုက်၏။
စားပွဲရှိရာသို့ လာရာလမ်းတွင် လီချန်ရှို့သည် နေရာအနေအထားကို အကြမ်းဖျင်းသိရှိခဲ့သည်။ ယခုအခါတွင် ရေကြာပွင့်ကြီးပေါ်ရှိ မန္တန်အစီအရင်များနှင့် ထွက်ပေါက်များကို လေ့လာရှာဖွေနေလေသည်။
လက်ညှိုးညွှန်ရာ ရေဖြစ်နေသော်လည်း အရေးကြုံလျှင် လေကိုယ်ယောင်ဖျောက်အတတ်ကိုသုံးရန် ပို၍သင့်တော်သည်မှာ ထင်ရှား၏။
ပထမအကြောင်းမှာ ရေကိုယ်ယောင်ဖျောက်အတတ်သည် ပို၍နှေးသည်။ လီချန်ရှို့သည် လွန်ခဲ့သောဆယ်နှစ်ခန့်မှ ရေကိုယ်ယောင်ဖျောက်ပညာကို စတင်ကျင့်ကြံခဲ့ခြင်းဖြစ်၏။ ထို့ပြင် သူသည် လေကိုယ်ယောက်ဖျောက်အတတ်ကို ပို၍ ကျွမ်းကျင်လေသည်။
ဒုတိယအကြောင်းကား သမုဒ္ဒရာရေမျက်နှာပြင်ပေါ်တွင် ပြင်းထန်သော လေစီးကြောင်းကြီးများရှိပြီး …
ရုတ်တရက် မအောင့်အီးထားနိုင်တော့သော အရာတစ်ခု ထွက်ပေါ်လာတော့၏။ ထိုအရာသည် သေနတ်နှစ်ချက် ဖောက်လိုက်သောအသံကဲ့သို့ပင် မြည်ဟည်းသွားသည်။
ထိုအသံ၏နောက်တွင် ထူးဆန်းသော ရနံတစ်ခုလည်း ကပ်ပါလာသည်။ ယင်းရနံသည် ပျံ့နှံ့သွားပြီး ချဉ်စူးစူးအနံ့တစ်ခုကို ဖြန့်ကျက်ပေးနေပေ၏။
ထိုသူသည် မနေ့က အသားအရည်ကောင်းစေသော ဆေးလုံးတစ်မျိုးကိုသောက်ထားခြင်း ဖြစ်ရပေမည်။ ထိုအနံ့တွင် နုပျိုမှုကိုပေးသော ဆေးပင်များ၏ ရနံ့များပါလေသည်။ သို့သော် ဆေးဖော်စပ်သောသူသည် ဆေးလုံးကို အကောင်းဆုံးအနေအထားရောက်အောင် မဖော်စပ်နိုင်ခဲ့ပေ။
ချဉ်စူးစူးအနံ့ထွက်ရခြင်းမှာ စပါးစေ့ငါးစေ့ကို မစားခဲ့သောကြောင့်ပင်။ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်သည် အညစ်အကြေးကင်းစင်ကာ စပျစ်သားကဲ့သို့ပင် ကြည်လင်သန့်ရှင်းကြ၏။ ထို့ကြောင့် မသန့်သောအရာတစ်ခုကို စားမိလျှင် သူတို့၏ခန္ဓာကိုယ်သည် ချက်ချင်းတုန့်ပြန်လေသည်။
သို့သော် ထိုရနံ့သည် တော်ရုံတန်ရုံအဆင့်တော့ မဟုတ်ပေ။
လီချန်ရှို့သည် မျက်လုံးမှေးဖြင့် အသံလာရာသို့ ကြည့်လိုက်ရာ ဂိုဏ်းတူအစ်မတစ်ယောက်ထံမှ ဖြစ်ကြောင်းသိလိုက်ရသည်။
ထိုဂိုဏ်းတူအစ်မသည် မှင်ကောင်းကောင်းဖြင့် ထိုင်နေလေသည်။ သူမ၏လက်များသည်သာ အင်္ကျီအနားစကို ဆုတ်ကိုင်မထားလျှင် မည်သည့်အရာမျှ မဖြစ်ခဲ့ဟုပင် ထင်ရပေလိမ့်မည်။
သူမ၏ဘေးရှိ ဂိုဏ်းတူမောင်လေးနှစ်ယောက်သည် ထိုင်ရအခက်ထရအခက် ကိုးရိုးကားရားဖြစ်သွား၏။ သူတို့၏ နှုတ်ခမ်းများသည်လည်း တဆတ်ဆတ် တုန်ရီနေ၏။
ထိုအရာသည် သင်ယူစရာ သင်ခန်းစာပင်။
တော်သေးသည်မှာ နဂါးနန်းတော်သည် စနောက်ရုံသာဖြစ်၍ သူတို့အား အချစ်ကပ်ပါးပိုး အဆိပ်မပေးခဲ့ခြင်း ဖြစ်သည်။
အီးမပေါက်ဖူးသည့် လူသား အဘယ်မှာရှိသနည်း။
ကျင့်ကြံသူများသည် ချီသန့်စင်ခြင်း ဆဋ္ဌမအဆင့်တွင် အစာမစားဘဲ နေနိုင်ခြင်းကို စတင်ကျင့်ကြံခဲ့ရသော်လည်း ခန္ဓာကိုယ်အတွင်းမှ လေဆိုးများကို ထိန်းချုပ်ခြင်းအားလည်း သင်ယူခဲ့ကြသင့်ပေသည်။
ထိုနေရာတွင် တုနတ်ဝိဇ္ဇာဂိုဏ်းမှ လူ(၂၇)ယောက်ရှိလေသည်။ ယင်းတို့ထဲမှ (၈)ဦးသည် မျက်စိမျက်နှာပျက်နေကြပြီး (၃)ဦးမှာကား စအိုအကြောပြေလျှော့ရာမှ ထွက်ပေါ်လာသောအသံကို ထုတ်လွှတ်ပြီး ဖြစ်၏။
ယုံချင်ရွှမ်းယာသည် ရုတ်တရက်ထရပ်လိုက်ပြီး ထိုနေရာတွင် ဝါအကြီးဆုံးဖြစ်သော ဆရာဦးလေးနှစ်ယောက်ထံသို့သွားကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ ဆရာဦးလေးတို့… ဆရာဦးလေးတို့က သတိလက်လွတ်ဖြစ်ပြီး သစ်သီးထဲက ထောင်ချောက်ကို သတိမထားမိလိုက်ဘူးထင်တယ် ”
လီချန်ရှို့ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
ထိုကဲ့သို့သော အဖွဲ့နှင့် သူမည်ကဲ့သို့ လုံခြုံသည်ဟု ခံစားရပေမည်နည်း။
ထိုအဖွဲ့၏ ပူးပေါင်းလုပ်ဆောင်မှုသည် သူ၏ စက္ကူရုပ်နှစ်ရုပ်လောက်မျှပင် သုံးစားမရချေ။
နောင်တွင် ဂိုဏ်းမှ မထွက်ခြင်းသည် အကောင်းဆုံးဖြစ်မည်။ ဂိုဏ်းသို့ပြန်ရောက်လျှင် ဆရာဦးလေးကျိုးဝူတစ်ယောက် သူ့အားထပ်၍ ဒုက္ခမပေးနိုင်စေရန် ရင်ဆိုင်နိုင်မည့် နိုင်ကွက်တစ်ခု ရှာရပေမည်။
ယုံချင်ရွှမ်းယာသည် ခေါင်းမော့ပြီး လီချန်ရှို့အား လှမ်းကြည့်ကာ နှုတ်ခမ်းကိုက်လိုက်၏။ သူမ၏ မျက်နှာလေးသည်လည်း ရဲတက်လာလေသည်။ ထို့နောက် သူမနေရာသို့ ခပ်သုတ်သုတ်ပြန်သွားလိုက်ပြီး မျက်စိမှိတ်ကာ အကြောလျော့သွားမည့်အရေးကို တောင့်ခံနေပေ၏။
သူမသည် လီချန်ရှို့ကဲ့သို့ပင် စပျစ်သီးတစ်လုံးသာ စားထားသဖြင့် တောင့်ခံနိုင်ဆဲဖြစ်သည်။
သို့သော် လီချန်ရှို့စားလိုက်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ စူးစမ်းသည့် သဘောဖြင့်စားသည် ဖြစ်ရာ သူ၏ဓမ္မတန်ခိုးအား သုံး၍ သစ်သီး၏ဆေးအာနိသင်ကို ပယ်ရှားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူသည် လေချဉ်သာတက်ခဲ့ခြင်းပင်။
ထို့နောက် လီချန်ရှို့သည် စပျစ်သီးကို မည်သူမှ သတိမထားမိလိုက်ခင် ပြန်ထွေးထုတ်ထားခဲ့ခြင်းဖြစ်၏။ ထိုအရာကို ယုံချင်ရွှမ်းယာပင် သတိမပြုလိုက်ပေ။
မကြာမီမှာပင် သူ၏ ချစ်လှစွာသော သူငယ်ချင်းမလေးသည် တောင့်မထားနိုင်တော့ချေ။
ထပ်၍ မကြာမီမှာပင် … နောက်ထပ်အီးတစ်ရွှတ် …
ထိုအရာသည် စက်သေနတ်သံပေလော။
ထိုဂိုဏ်းတူညီမလေး၏ မျက်နှာသည် ဒန်းဆေးဆိုးထားသကဲ့သို့ ရဲရဲတွတ်နေချေပြီ။ သူမသည် ရေမရှိသည့်ချောင်းတွင် နှာခေါင်းဖော်၍ သတ်သေချင်ကောင်းသေချင်နေပေလိမ့်မည်။ သူမကဲ့သို့ နတ်သမီးတမျှလှပသူလေးသည် လူကြားထဲတွင် အီးပေါက်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားကြမည်မဟုတ်။
ခေတ္တမျှကြာပြီးနောက်…
လီချန်ရှို့သည် ထိုကဲ့သို့သော ဆွဲဆွဲငင်ငင်တေးသွားမျိုး ထွက်လာစေရန် ကြွက်သားအား မည်ကဲ့သို့ ညှစ်ထားရသနည်းဟု သူ၏ ဂိုဏ်းတူညီမလေးအား မေးချင်လှပေသည်။
လီချန်ရှို့သည် ခေါင်းငုံကာ ကိုယ့်နဖူးကိုယ်ရိုက်လိုက်ရ၏။ သူ့တွင် သူများကို မှိုချိုးမျှစ်ချိုးပြောနိုင်သော စွမ်းရည်မျိုးရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။
အခြေအနေက ဖန်လာသောအခါ သူ မည်သို့တတ်နိုင်မည်နည်း။ အနည်းငယ် လှောင်ပေးရမည်သာ။
ထိုအခိုက်တွင် ဆရာဦးလေးတစ်ယောက်၏ စကားသံကို ကြားလိုက်ရသည်။
“ ပိုပြီးဂရုစိုက်ကြ။ မင်းတို့ရှေ့က သစ်သီးမှာ ထောင်ချောက်တစ်မျိုးပါတယ်။ နဂါးနန်းတော်က ငါတို့ဟာသဖြစ်တာကို မြင်ချင်တာ။ အဲဒီစပျစ်သီးတွေကို လုံးဝစားလို့မဖြစ်ဘူး။ ဘေးက အရက်ကိုလည်း မသောက်ကြနဲ့။ အဲဒီအရက်ကလည်း အဲဒီစပျစ်သီးတွေနဲ့ ချက်ထားတာပဲ ”
အရက်…
လီချန်ရှို့သည် အရက်သောက်ရန်စိတ်ကူးမရှိသဖြင့် အရောင်တောက်နေသောခွက်အတွင်းမှ အရက်များကို စစ်ဆေးရန် သတိမရခဲ့ပေ။
ထိုအခိုက်မှာပင် တစ်စုံတစ်ယောက်သည် သူ့အားကြည့်နေကြောင်း လီချန်ရှို့ အာရုံခံမိလိုက်၏။
သူသည် အကြည့်၏လားရာသို့ ကြည့်လိုက်သောအခါ တုန်တုန်ရင်ရင်ဖြင့် ထိုင်နေသော ဆရာဒေါ်လေးကျိုးကျိုးကို တွေ့လိုက်ရလေ၏။ သူမ၏ မျက်လုံးရွဲရွဲနှစ်လုံးသည် သူ့အား အကူအညီတောင်းသည့်ဟန်ဖြင့် ကြည့်နေပေသည်။ ထို့နောက် သူမသည် တင်ပျဉ်ခွေထိုင်နေရာမှ ဆောင့်ေကြာင့်ထိုင်လိုက်၏။
သူမ၏ရှေ့ရှိ ခွက်သည် ပြောင်သလင်းခါနေပေပြီ။
အရက်သမား အရက်သောက်ခြင်းသည် မဆန်းချေ။
သို့သော် မည်သည်ကြောင့် ဆရာဒေါ်လေးသည် ထ၍ သူ့ထံသို့လာနေရသနည်း။
လီချန်ရှို့ စကားတစ်ခွန်းမျှမဟရသေးမီပင် ကျိုးကျိုးသည် လျင်မြန်စွာပင် ရောက်လာ၍ သူ့ဘေးနားတွင် တရားထိုင်ဖျာလေးချကာ အားတုံ့အားနာဟန်ဖြင့် ထိုင်လိုက်လေသည်။
သူမ၏ အကြည့်များသည် အောက်ပါအတိုင်း ပြောနေသယောင်ယောင်။
“ ငါတောင်းပန်ပါတယ် ဂိုဏ်းတူတူလေး… ဂိုဏ်းကိုပြန်ရောက်မှ ပြန်ပြီး တစ်ခုခုလုပ်ပေးပါ့မယ် ”
လီချန်ရှို့၏ ဆရာဒေါ်လေးသည် သူနှင့်လက်တစ်ကမ်းအကွာလောက်တွင် ထိုင်နေသည်။ သူမ၏ လက်ဝဲလက်သည် လီချန်ရှို့ တာအိုဝတ်ရုံ၏ ထောင့်စွန်းအောက်တွင် ရှိလေ၏။ ထို့နောက်တွင်မူ ဝတ်ရုံအစွန်းလေးသည် မြောက်လိုက်ကျလိုက် ဖြစ်လာတော့သည်…
ထိုစည်းချက်နှင့်အညီ လက်တစ်ကမ်း အကွာတွင်ထိုင်နေသော ကျိုးကျိုးထံမှ အသံတစ်သံထွက်ပေါ်လာတော့သည်။
စည်းချက်သည် ခပ်မှန်မှန်ခပ်စိတ်စိတ်ဖြစ်လာ၏။
နံဘေးရှိ ကမာအစေခံမလေးသည် နှုတ်ခမ်းကိုက်၍ မရယ်မိအောင်ထိန်းထားရလေသည်။
လီချန်ရှို့သည် မည်သည်မျှ မဖြစ်ဟန်ဆောင်၍ တီးတိုးပြောလိုက်သည်။
“ ဒီနေရာမှာလူတွေများတယ်။ ဆူညံသံပယ်မန္တန်အစီအရင်နှစ်ခု အရင်ဆင်လိုက်ကြရင်ကောင်းမယ်။ နဂါးနန်းတော်ကလည်း ဒီလောက်ကိုတော့ ခွင့်ပြုမှာပါ။ ပြီးတော့ ကျွန်တော်တို့ ဝင်တိုက်မယ့်သူရွေးဖို့နဲ့ အခြားဂိုဏ်းတွေရဲ့ မန္တန်အစီအရင်တွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ တိုင်ပင်ရဦးမယ်မလား ”
စပျစ်သီးစားမိထားသော အမျိုးသမီးအတုမဲ့နတ်ဝိဇ္ဇာတစ်ပါးသည် ထိုစကားကိုကြားလိုက်သောအခါ ကျယ်ကျယ်ပင် ထပြောလိုက်သည်။
“ ငါတို့တွေ တိုက်ပွဲဝင်မယ့်သူတွေရွေးဖို့ ဆွေးနွေးရအောင် မန္တန်အစီအရင်တစ်ခု ဆင်ကြမယ် ”
ထို့နောက် သူမသည် နတ်ဝိဇ္ဇာတန်ခိုးများကိုသုံးကာ ဖောက်ထွင်းမြင်ရသောမန္တန်အစီအရင်တစ်ခုကို သူမ၏ခေါင်းပေါ်မှ စတင်၍ လူ(၂၇)ယောက်လုံးအား ဖုံးအုပ်သွားသည်အထိ ဆင်လိုက်လေသည်။
သူတို့အား အသံပို့လွှတ်၍ သတိပေးခဲ့သော ဆရာဦးလေးသည်လည်း စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်၏။
“ ဒီပြဿနာကို မြန်မြန် အဆင်ပြေအောင်လုပ်ကြတော့။ ငါ အတည်ပြောနေတာနော် ”
ရုတ်ခြည်းပင် လူတစ်ဒါဇင်ကျော်၏ မျက်နှာထားသည် အိုးတိုးအန်းတန်းဖြစ်သွားကြပြီး ပြုံးစိစိအသွင်များ စတင်ပေါ်လာတော့သည်။
လီချန်ရှို့သည် နံဘေးရှိ ဆရာဒေါ်လေးကျိုးကျိုးအား လှမ်းကြည့်လိုက်သည်။ သူမ၏အကြည့်သည် စောစောစီးစီး ဂရုမပြုမိကောင်းလားဟု သူ့အား အပြစ်တင်နေဟန်ရှိလေသည်။
သူမထံမှ အသံများသည်တော့ မပျောက်သေးချေ။ လီချန်ရှို့၏ တာအိုဝတ်ရုံအစွန်းလေးသည်လည်း မြောက်လိုက်..ကျလိုက်..မြောက်လိုက်…ကျလိုက်…
သူသည် မျက်နှာသေဖြင့် ကောင်းကင်သို့မော့ကြည့်လိုက်သည်။
‘ ဆရာဒေါ်လေး… အီးပေါက်ရုံနဲ့ ဝတ်ရုံကအဲ့လို လန်လန်သွားတာကို ဆရာဒေါ်လေးမြင်ဖူးလို့လား ’
သို့သော် မကြာမီတွင် ဗုံသံ၊ မောင်းသံများ ထွက်ပေါ်လာလေ၏။
သူတို့နေရာဘေးရှိ စားပွဲလွတ်သို့ အခြားဂိုဏ်းတစ်ခုမှလူများ ရောက်လာကြသည်။ ထိုသူတို့သည် အရှေ့ကျွန်းရှိ ကျဲကျောင်းတော်ကိုယ်စားပြု အရှေ့လေလွင့်သစ်တောဂိုဏ်း ဖြစ်သည်။
ထိုအဖွဲ့အားဦးဆောင်လာသော အတုမဲ့နတ်ဝိဇ္ဇာနှစ်ပါးသည် လက်နှစ်ဘက်ဆုပ်ကာ တုနတ်ဝိဇ္ဇာဂိုဏ်းရှိလူများအား နှုတ်ဆက်လိုက်သည်။ စားပွဲထိပ်ပိုင်းတွင်ထိုင်နေသော ဆရာဦးလေးနှစ်ယောက်သည် ပြုံးကာပြန်၍ နှုတ်ဆက်လိုက်၏။
ဆူညံသံပယ်အကာအကွယ်အတွင်း သေနတ်သံ၊ ဗုံးသံများငြိမ်သက်သွားသောအခါ ဂိုဏ်းမှအတုမဲ့နတ်ဝိဇ္ဇာတစ်ပါးသည် သူ၏လက်ကိုမြောက်ကာ အကာအကွယ်ကိုပြန်ရုတ်ပြီး မည်သည်မျှမဖြစ်ခဲ့ဟန်ဖြင့် ပြောလိုက်သည်။
“ မင်းတို့ (၁၁)ယောက် ငါအခုပြောတာကို မှတ်ထားကြ။ ဘာအမှားမှမလုပ်မိစေနဲ့ ”
လီချန်ရှို့အပါအဝင် တပည့်များသည် တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။
“ ဟုတ်ကဲ့ပါဆရာဦးလေး…နားလည်ပါတယ် ”
ထိုအခိုက်တွင် တုနတ်ဝိဇ္ဇာဂိုဏ်းမှ အနံ့အသက်အချို့သည့် လေအဝေ့တွင်ခြေဆော့၍ အရှေ့လေလွင့်သစ်တောဂိုဏ်းဆီသို့ ကူးရောက်သွားလေတော့သည်။
ထိုဂိုဏ်းမှ တပည့်ငယ်များသည် မူးခနဲမိုက်ခနဲဖြစ်သွားကြသဖြင့် စားပွဲကိုကိုင်၍ ကိုယ်ဟန်ထိန်းလိုက်ရကာ ပန်းကန်သံ၊ ခွက်သံများပင် ပေါ်ထွက်သွားပေ၏။
မျက်လုံးတောက်တောက် သွားဖြူဖြူဖြင့် ကလေးမလေးသည် မျက်နှာထားပြောင်းသွားပြီး စားပွဲထိပ်ပိုင်းရှိ သူအား အော်၍ပြောလိုက်သည်။
“ ဆရာဒေါ်လေး(၃)… မိစ္ဆာအနံ့အသက်တွေရှိနေတယ်… ”
အမျိုးသမီးနတ်ဝိဇ္ဇာသည် ပြုံးပြီး ပြန်ဖြေလိုက်၏။
“ ဘာမှ စိတ်ပူစရာမဟုတ်ပါဘူး။ ဒါက ပင်လယ်က ညှီနံ့ပါ ”
“ ဒီနေရာအောက်မှာလည်း ပုစွန်စစ်သည်တွေ ကဏန်းစစ်သူကြီးတွေရှိတယ်။ ပြီးတော့ ဘေးမှာလည်း ကမာအစေခံမလေးတွေရှိနေတယ်… အဲဒါတွေပြောမနေနဲ့တော့။ ဒါက နဂါးနန်းတော်ပဲလေ ”
ထိုဂိုဏ်းနှစ်ခု၏ဘေးတွင် အလုပ်အကျွေးပြုရန်စောင့်နေရသည့် ကမာအစေခံမလေး စုစုပေါင်းရှစ်ဦးရှိသည်။ သူတို့သည် အလင်းတန်းများလွှတ်ကာ အခွံအတွင်းသို့ ပြန်ဝင်သွားကြ၏။ ဖြူဖွေးနေသော ကမာခွံလေးများ လှုပ်ရမ်းသွားလေ၏။
လီချန်ရှို့သည် အခြားဂိုဏ်းများ၏ ပြုမူပုံကို လျှို့ဝှက်စွာ ဂရုစိုက်နေပေရာ ထိုမှ သတင်းအချက်အလက်များစွာ ရခဲ့သည်။
ဥပမာအားဖြင့် အဆိပ်ရွှမ်းယာသည် အလွန်ရှက်တတ်သူဖြစ်ကြောင်း သူသိလိုက်ရသည်။ သူမ၏ လည်တိုင်လေးသည် ရှက်ရွံ့မှုကြောင့် ပန်းရောင်သန်းနေ၏။ သူမသည် ဖြစ်ခဲ့ပြီးသောကိစ္စကြောင့် အသက်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင် လုပ်နေရဆဲပင်။
အသက်(၁၀၀၀)ကျော်ရှိပြီဖြစ်သော ဆရာဦးလေး၊ ဆရာဒေါ်လေးများသည် အရေထူသော မြေခွေးအိုများကဲ့သို့ပင်။ သူတို့သည် အေးအေးလူလူပင် မျက်နှာထားတစ်ချက်မပျက်ကြချေ။
တုနတ်ဝိဇ္ဇာဂိုဏ်းမှ ဆရာဦးလေးတစ်ယောက်သည် ကျန်လူ(၂၆)ဦးထံ အသံပို့လွှတ်လိုက်သည်။
“ ငါတို့မသိချင်ယောင်ဆောင်နေရင် ဘာမှမဖြစ်ခဲ့သလို သဘောထားလို့ရတယ် ”
တပည့်များသည် ချက်ချင်းပင် ကိုယ်နေဟန်ထားပြင်ထိုင်လိုက်ကြသည်။
လီချန်ရှို့သည် သူ၏ကျီးကန်းတောင်းမှောက်အကြည့်အား ပြန်ရုတ်သိမ်းလိုက်ပြီး သူမ၏နေရာသို့ ပြန်သွားပြီဖြစ်သော ကျိုးကျိုးအား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏အနီးရှိ ကမာခွံကြီးများကို ကြည့်လိုက်၏။
ထိုအစေခံများသည် အရိုက်ခံရမည်ကို ကြောက်၍ အခွံအတွင်းသို့ ပြန်ဝင်သွားခြင်းပေလော။
အနှောင့်အယှက်များကင်းသွားသောအခါ သူသည် မန္တန်အစီအရင်များကို လေ့လာကာ အရေးပေါ်အခြေအနေတွင် အမြန်ဆုံးထွက်ပြေးနိုင်မည့် ထွက်ပေါက်အား ရှာဖွေနေလေသည်။
***
“ ခန်းမဆောင်အား လေညင်းတစ်ချက် ဖြတ်သန်းသွားရာ ငါတေးသွားတစ်ခု ညည်းမိပေ၏။ နတ်ဝိဇ္ဇာတောအုပ်က အထီးကျန်လွန်းလှတယ်။ သံသရာဝဲဂယက်ကို ကျော်ဖြတ်ဖို့ အရက်ချက်ကာ အရက်ဖက် ရပေမယ်… ”
တိမ်ဖြူတစ်အုပ်ပေါ်တွင် မူးမူးဖြင့်ဟစ်လိုက်သော သီချင်းမကျ ကဗျာမကျသည့် အသံဆိုးကြီးတစ်သံ ထွက်ပေါ်လာ၏။ တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာလက်သစ်ကလေးများ သူတို့၏ သောက်ပွဲစားပွဲမှ ပြန်လာကြပေပြီ။
တာအိုရသေ့အိုကြီး ချီယွမ်သည် တိမ်ပေါ်မှ ခုန်ဆင်းကာ သူ၏တပည့်များကိုအော်ခေါ်လိုက်သည်။ မည်သူမျှပြန်၍ မတုန့်ပြန်သောအခါ သူသည် တဲများရှိရာသို့ ကြည့်လိုက်၏။ သူ၏တပည့်များသည် အခန်းအောင်းကျင့်ကြံနေခြင်း ဖြစ်ရမည်။ ထို့ကြောင့် သူသည် သူ၏တဲရှိရာသို့သာ သိုင်းကွက်နင်း၍ လျှောက်သွားလိုက်သည်။
တံခါးအား တွန်းဖွင့်ရန်ပြင်လိုက်စဉ်မှာပင် ချီယွမ်သည် တစ်စုံတစ်ခုအားအမှတ်ရသွားဟန်ဖြင့် ငါးခူပြုံး ပြုံးကာ ရေရွတ်လိုက်သည်။
“ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံး ငါအခန်းအောင်းကျင့်ကြံနေတာနဲ့ပဲ အချိန်ကုန်နေတာပဲ။ ချုံတောင်လေးကို လှည့်ပတ်မကြည့်ရတာတောင်ကြာပြီ။ ရှုခင်းလေးတွေ လှည့်ပတ်ခံစားဦးမှ… ငါလည်း နတ်ဝိဇ္ဇာဖြစ်ပြီဆိုတော့ လက်တလောတော့ ငါတို့တောင်လေးရဲ့ အမွေအနှစ်ကိုကာကွယ်နိုင်ခဲ့ပြီပဲ ”
ချီယွမ်သည် သက်ပြင်းသဲ့သဲ့ချ၍ လက်နှစ်ဘက်နောက်ပစ်ကာ အနီးရှိ သစ်တောလေးဆီသို့ ပျံသန်းသွားလိုက်၏။
အကယ်၍ ထိုရသေ့အိုကြီးသည် ခြေတစ်လှမ်းရှေ့တိုး၍ တဲတံခါးကိုသာဖွင့်ခဲ့မည်ဆိုလျှင် စားပွဲပေါ်တွင် တင်ထားသော စာတစ်စောင်ကို တွေ့ရပေလိမ့်မည်ဖြစ်သည်။
စားပွဲပေါ်တွင်သာမဟုတ် တရားထိုင်ဖျာပေါ်၊ ကုတင်ပေါ်၊ မော့ကြည့်လျှင်မြင်ရမည့် အမိုးထုတ်တန်းပေါ်တို့တွင်လည်း ထိုကဲ့သို့စာများ ရှိလေသည်။
လီချန်ရှို့သည် စာအားသူ့ဆရာ မတွေ့မည်ဆိုး၍ နေရာအနှံ့တွင် ထားခဲ့ခြင်းဖြစ်သည်။
လီချန်ရှို့သည်ပင် တွက်ကိန်းမှားသည့်အခါမျိုး ရှိပေ၏။ သူ၏ အရက်မူးနေသောဆရာသည် တဲသို့ ဖြောင့်ဖြောင့်တန်းတန်း မပြန်ချေ။
စာပါအကြောင်းအရာများသည် ရှင်းပေ၏။ သူ၏ဆရာ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်ခြင်းကို ဂုဏ်ပြုထားပြီး သူ အရှေ့ပင်လယ်သို့ သွားရမည့်အကြောင်းနှင့် (၇)ရက်၊ (၈)ရက်အတွင်း ပြန်ရောက်မည့်အကြောင်း ဖော်ပြထားသည်။ ထို့နောက် သူ့ဆရာအား လက်တလောတွင် တောင်အနောက်ပိုင်းသို့ မသွားသေးရန် တားမြစ်ထား၏။ ဆောက်ထားခါစ ဆေးဖော်ဆောင်၏ ဘေးပတ်လည်တွင် ဝင်္ကပါများ ထောင်ချောက်မန္တန်အစီအရင်များ ရှိကြောင်း ပြောထားပေသည်။
သူ ဂိုဏ်းမှမထွက်ခွာမီ ထိုမန္တန်အစီအရင် တစ်ဝက်ကျော်ကျော်ကို နှိုးထားခဲ့ပေသည်။
***