အခန်း (၄၄) အနောက်တံခါးမှလာဘ်ထိုးခြင်း
မှောင်စပျိုးချိန်ရောက်လာခဲ့ပေပြီ…။
ကျန်းလန် ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်သည်။
ရတနာဝတ်ရည်သေရည်အကြောင်း လေ့လာပြီးနောက် နဂါးဘာသာစကား အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ဆက်လက်လေ့လာနေခဲ့ခြင်း ဖြစ်သည်။
အချို့သော ဂါထာမန္တန်များက နဂါးမျိုးနွယ်မှ ဆင်းသက်လာသည့် ဂါထာမန္တန်များ ဖြစ်လေသည်။ ထိုသို့သော ဂါထာမန္တန်များကို နဂါးဘာသာစကားဖြင့် အသုံးပြုပါက အတော်လေး အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။
သို့သော်… အခြားဂါထာမန္တန်များကိုတော့ နဂါးဘာသာစကားနှင့်အသုံးပြုပါက သက်ရောက်မှု သိပ်မရှိနိုင်ပေ။
ဂါထာမန္တန်များကို နဂါးဘာသာစကားအသုံးပြုပြီး တန်ခိုးစွမ်းအားမြှင့်တင်နိုင်သည့်တိုင် ခွန်လွန်စိတ်ကျမ်း၏ တန်ခိုးစွမ်းအားမြင့်မားမှုကိုတော့ မမီနိုင်ပေ။
သို့သော်…
ကောင်းကင်မိုးကြိုးလျှပ်စီးကျင့်စဉ်နှင့် လေနှင့်မိုးကိုဆင့်ခေါ်ခြင်း ဂါထာမန္တန်များကို နဂါးဘာသာစကားဖြင့် အသုံးပြုပါက ခွန်လွန်စိတ်ကျမ်းထက်ပင် ပိုမို တန်ခိုးစွမ်းအား မြင့်မားကြောင်း တွေ့ရှိရပြန်သည်။
ထို့ပြင်… နဂါးဘာသာစကားဖြင့် ဝိညာဉ်စကားတန်ခိုးစွမ်းအားကို အသုံးပြုလျှင်လည်း အတော်လေး အကျိုးရှိကြောင်း တွေ့ရှိရသည်။
ထို့ကြောင့်… အချိန်အားလျှင်တော့ နဂါးဘာသာစကားကို သင်ယူထားရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။
သို့သော်… လောလောဆယ်တွင်တော့ နဂါးဘာသာစကားကို သင်ယူရန် သူ့တွင် အချိန်မရှိသေးပေ။ သူ့အနေဖြင့် ကျင့်ကြံခြင်းကို အာရုံစိုက်ရဦးမည် မဟုတ်ပါလား။
မည်သည့်အရာကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ကျန်းလန်က ရှင်းရှင်းလင်းလင်း နားလည်လေသည်။
………………
ကျန်းလန် စာကြည့်တိုက်မှ ထွက်ခွာလာခဲ့သည်။
သူ၏ ဦးတည်ရာက ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ ဖြစ်၏။
ဆရာဖြစ်သူ ပြောပြသည့် စကားများအရဆိုလျှင်…
ကောင်းကင်ရိပ်ငြိမ်ရေကန်က ခွန်လွန်တောင်၏ အဓိကတောင်ထွတ်ကြီး (၉)ခုနှင့် မသက်ဆိုင်သည့် သီးခြားနေရာတစ်ခုတွင် တည်ရှိလေသည်။
ထိုနေရာက… ပထမတောင်ထွတ်နှင့် အနည်းငယ် နီးကပ်လေရာ နဝမတောင်ထွတ်နှင့်တော့ အတော်လေး အလှမ်းဝေးသည်ဟု ဆိုနိုင်သည်။
အများအမြင်တွင် ကျန်းလန်က အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေရာ ထိုနေရာသို့ သွားရောက်ရန် သိပ်ပြီး အချိန်ကြာမည် မဟုတ်ပေ။
လပြည့်ဝန်းက ကောင်းကင်ထက်တွင် ထိန်ထိန်သာလျှက် ရှိ၏။
ကျန်းလန်… ကောင်းကင်ရိပ်ငြိမ်ရေကန် တည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့လေသည်။
ထိုနေရာက အတော်လေး ကျယ်ပြန့်သည့် လွယ်ပြင်ချိုင့်ဝှမ်းဒေသတစ်ခုဖြစ်ပြီး ပတ်ပတ်လည်တွင်တော့ တောင်များ ဝန်းရံလျှက် ရှိလေ၏။
ချိုင့်ဝှမ်းလွင်ပြင်အလယ်တွင် အလွန်ကြီးမားကျယ်ပြန့်လှသည့် ရေကန်ကြီးတစ်ကန် ရှိနေလေသည်။ ကောင်းကင်ထက်တွင် ထိန်ထိန်သာနေသည့် လဝန်းက ရေကန်ထက်တွင် အရိပ်ထင်လျှက်ရှိသည်။
ရေကန်ရှေ့တွင်တော့ အလွန်တရာသေးငယ်သည့် တဲကုပ်လေးတစ်ခု ရှိနေလေသည်။
ရေကန်နံဘေးတွင်တော့ သက်လတ်ပိုင်းလူရွယ်တစ်ယောက် ငြိမ်သက်စွာထိုုင်နေသည်ကို တွေ့လိုက်ရသည်။
ကျန်းလန် သေသေချာချာ ကြည့်လိုက်သည့်အခါ ထိုသူက ငါးမျှားနေခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ညဘက်ကြီး ငါးမျှားနေခြင်း ဖြစ်လေရာ အနည်းငယ်ပင် ထူးဆန်းသလို ခံစားလိုက်ရသည်။
ရေကန်နှင့် မနီးမဝေးတွင်တော့ ခွန်လွန်တောင်မှ တပည့်များ အုပ်စုလိုက် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။
သူတို့ကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကို ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေကြဟန် ရှိသည်။ သို့မဟုတ်… တရားထိုင်နေကြခြင်းလည်း ဖြစ်ပေလိမ့်မည်။
ထိုသူများ ကျင့်ကြံနေကြခြင်း မဟုတ်သည်ကိုတော့ ကျန်းလန် သေချာပေါက် သိရှိသည်။
သို့သော်… သူတို့ ဘာကိုထိုင်စောင့်နေကြသည်လဲ ကျန်းလန် သေသေချာချာ မသိရှိပေ။
ငါးမျှားနေသည့် အကြီးအကဲက ဆရာဖြစ်သူ ပြောပြလိုက်သည့် ကောင်းကင်ရိပ်ငြိမ်ရေကန်စောင့်နတ်ဘုရား ဖြစ်ပေလိမ့်မည်။
ကောင်းကင်ရိပ်ငြိမ် ရေကန်စောင့်နတ်ဘုရားကို သေရည်နတ်ဘုရားဟုလည်း ခေါ်ဆိုကြသည်။
ထိုနတ်ဘုရား ငါးမျှားနေသည်ကို ကျန်းလန် သွားပြီး မနှောက်ယှက်ရဲပေ။
ထို့ကြောင့်… နေရာလွတ်တစ်ခုရှာပြီး တိတ်ဆိတ်ငြိမ်သက်စွာပင် ထိုင်နေလိုက်သည်။ ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ ဝင်ရောက်ရန် အချိန် အနည်းငယ် စောင့်ဆိုင်းရပေလိမ့်မည်။
ကျန်းလန်က ထိုင်စောင့်ရမည့်အတူတူ အချိန်မဖြုန်းဘဲ စိတ်ငြိမ်မန္တန်ကို ကျင့်ကြံနေလိုက်သည်။
စိတ်ငြိမ်မန္တန်က စိတ်ကိုတည်ငြိမ်စေသည့် မန္တန်တစ်ပုဒ်ဖြစ်ပြီး ပြင်ပတွင် တစ်စုံတစ်ခု ထူးခြားမှု ဖြစ်ပါကလည်း ချက်ချင်း သတိပြန်ဝင်လာနိုင်မည် ဖြစ်သည်။
ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ သူရောက်လာရသည့်အကြောင်းရင်းက ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် အခွင့်အလမ်း ရှာဖွေရန်ဖြစ်၏။
ထို့ကြောင့် သူ့အနေဖြင့်… အခြားတပည့်များနှင့် သွားရောက်ရောနှောလိုစိတ် မရှိပေ။
ကျန်းလန် မျက်လုံးများမှိတ်ကာ ကျင့်ကြံနေလေသည်။
ထိုအချိန်မှာပင်… ကောင်းကင်ရိပ်ငြိမ်ရေကန်မှ ရေများ တစ်ချက် လှိုင်းထသွားသည်။
ရေကန်ထဲတွင် လှိုင်းထသွားသည်နှင့် သေရည်နတ်ဘုရား၏ မျက်နှာထက်တွင် အနည်းငယ် အံ့အားသင့်သည့် အမူအရာများ ထွက်ပေါ်လာသည်။
ဤသို့ ရေကန်ထဲတွင် လှိုင်းထသွားရသည်က ရေကန်သို့ ဝင်ရောက်နိုင်စွမ်းရှိသည့် စိတ်စွမ်းအားကောင်းမွန်သော တပည့်တစ်ယောက် ရောက်ရှိလာသောကြောင့် ဖြစ်သည်။
သေရည်နတ်ဘုရားက တပည့်များထိုင်နေသည့် နေရာသို့ တအံ့တသြဖြင့် လှမ်းကြည့်လိုက်သည်။
ထို့နောက်… သူ၏ အကြည့်က ကျန်းလန်ထံတွင် ရပ်တန့်သွား၏။
“လက်စသတ်တော့ ဒီလူငယ်ကြောင့်ကိုး… ၊ အိမ်း… အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ… ၊ ဒါပေမဲ့ ပါရမီတော့ နည်းတယ်…”
သေရည်နတ်ဘုရား ကျန်းလန်ကို အကဲခတ်ရင်းတွေးလိုက်၏။
ထို့နောက်… သက်ပြင်းတစ်ချက်ချလိုက်ရင်း…
“ဒါပေမဲ့… ကောင်းကင်ဝိညာဉ်ရေကန်ကို ဝင်ရောက်ဖို့တော့ အရည်အချင်း လုံလောက်ပါတယ်လေ…”
ဟု တွေးလိုက်ပြန်၏။
ထို့နောက်… သေရည်နတ်ဘုရားက ငါးမျှားတံကို တစ်ချက်ဝှေ့ရမ်းလိုက်လေရာ ကျန်းလန်ရှိရာသို့ ရေစက်များ လာရောက်ထိမှန်လေသည်။
“ဗြန်း…”
ကျန်းလန်၏ မျက်နှာထက် ရေများ ရွှဲရွှဲစိုသွားပြီး မျက်ခုံးများကြားမှ ရေစက်များ စီးဆင်းကျလာသည်။
ကျန်းလန် မျက်လုံးများကို ချက်ချင်းဖွင့်ကြည့်လိုက်သည်။
အမှန်တော့… သူ့ထံသို့ ရေစက်များ လွင့်စင်လာကတည်းက ကျန်းလန် အာရုံခံမိလေသည်။ သို့သော်… ရေစက်များရောက်ရှိလာသည့် မြန်နှုန်းက အလွန်လျှင်မြန်လေရာ အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။
သေရည်နတ်ဘုရားက ပေါ့သေးသေး မဟုတ်ပေ။ တန်ခိုးစွမ်းအားမြင့်မားသည့် နတ်ဘုရားတစ်ပါး ဖြစ်လေရာ ကျန်းလန်အနေဖြင့် အဘယ်မှာ အံ့တုယှဉ်ပြိုင်နိုင်ပါမည်နည်း။
ကျန်းလန် မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် သူ့ကို စိုက်ကြည့်နေသည့် သေရည်နတ်ဘုရား၏ အကြည့်စူးစူးများဖြင့် ရင်ဆိုင်လိုက်ရသည်။
သေရည်နတ်ဘုရားက…
“မင်း… ဒီနားကို လာခဲ့စမ်း…”
ကျန်းလန် ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး သေရည်နတ်ဘုရားအနားသို့ လျှောက်သွားလိုက်သည်။
သေရည်နတ်ဘုရားက တပည့်တစ်ယောက်ကို ခေါ်ယူလိုက်သည်နှင့် ရေကန်အနီးပတ်ဝန်းကျင်တွင် ထိုင်နေကြသည့် တပည့်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
“သေရည်နတ်ဘုရားက တပည့်တစ်ယောက်ကို ခေါ်လိုက်ပြီကွ… အဲဒီတပည့်က ဘယ်သူများလဲ…”
“အေးလေကွာ… ကျုပ်တို့မှာတော့ သေရည်နတ်ဘုရားရဲ့ လမ်းညွှန်မှုရဖို့ အချိန်အကြာကြီး စောင့်နေရတယ်… ၊ အဲဒီတပည့်ကတော့ ခုမှ ရောက်ရုံရှိသေးတယ် အခေါ်ခံလိုက်ရတယ်… တကယ်ကံကောင်းတာပဲ…”
“သူက အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ… ၊ အခြားသူတွေနဲ့ယှဉ်ရင် သူ့အဆင့်က မနိမ့်ဘူးကွ… ၊ ဒါပေမဲ့ အရင်က သူ့ကို တစ်ခါမှ မတွေ့ဖူးပါဘူး…”
ရုတ်တရက် ရောက်ရှိလာသည့် ထိုလူငယ် မည်သူမည်ဝါဖြစ်သည်ကို သူတို့အားလုံး သိချင်နေကြသည်။
သို့သော်… တပည့်အများစုက ကျန်းလန် မည်သူဖြစ်ကြောင်း မသိရှိကြပေ။
“ဟုတ်တယ်ကွ… အရင်က တစ်ခါမှ မတွေ့ဖူးဘူး… ၊ ကြည့်ရတာ တပည့်အသစ်ထင်တယ်… ၊ ဒါပေမဲ့ သူက အခြေခံတည်ဆောက်ခြင်းအဆင့်တောင် အောင်မြင်ထားတာပဲ… တပည့်အသစ်လည်း မဖြစ်နိုင်ပြန်ဘူး…”
“ဒါမှမဟုတ်… သူက ပါရမီရှင်တစ်ယောက်လား…”
“ဒါပေမဲ့… အရင်က ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ…”
စကားသံများ တစ်ယောက်တစ်ပေါက် ဆူညံနေကြစဉ် တပည့်တစ်ယောက်က ဝင်ပြောလိုက်သည်။
“နေဦး… ကျုပ် သူ့ကို အရင်တုန်းက မြင်ဖူးသလိုပဲ… ၊ ဘယ်မှာ မြင်ဖူးတာပါလိမ့်…”
ထိုသူက မျက်မှောင်များကြုတ်ရင်း စဉ်းစားနေချိန် အခြားတပည့်များကလည်း သိချင်စိတ်ဖြင့် သူ့ကို ဝိုင်းဝန်းပြီး ကြည့်နေကြသည်။
ခဏကြာမှ ထိုသူက ပေါင်ကို လက်ဖြင့်တစ်ချက်ပုတ်လိုက်ရင်း…
“မှတ်မိပြီ … မှတ်မိပြီ… သူက နဝမတောင်ထွတ်က တပည့်ပဲ… ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀)လောက်က ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးမှာ ထူးချွန်တဲ့တပည့်တွေကို မှော်ဝင်ပစ္စည်းတွေချီးမြှင့်တုန်းက သူ လာယူတာ တွေ့ဖူးတယ်…”
ထိုသူ၏ စကားကြောင့် အခြားတပည့်များ တအံ့တသြဖြစ်သွားကြသည်။
“နဝမတောင်ထွတ် ဟုတ်လား… ၊ ပြောတော့… နဝမတောင်ထွတ်မှာ တပည့်တစ်ယောက်မှ မရှိဘူးဆို…”
“ရှိတော့ ရှိပါတယ်ကွာ… အချိန်ကြာကြာသာ မနေနိုင်ကြတာ… ၊ ပြီးတော့ နဝမတောင်ထွတ်က တပည့်တွေက အရည်အချင်းလည်း မရှိကြပါဘူး… ၊ ဒါပေမဲ့ ဒီလူငယ်ကတော့ အခြေခံတည်ဆောက်ခြင်းအဆင့်တောင် အောင်မြင်ပြီးနေပြီကွ…”
“နဝမတောင်ထွတ်တစ်ခုလုံးက ရင်းမြစ်တွေကို တစ်ယောက်တည်း အသုံးပြုနေရတာပဲကွာ… ၊ ဒီလောက်အဆင့်ကတော့ ရောက်မှာပေါ့…”
“အေးလေ… သူမှ မဟုတ်ပါဘူး ၊ တောင်ထွတ်တစ်ခုလုံးက ရင်းမြစ်တွေအားလုံးကိုသာ တစ်ယောက်တည်း အသုံးပြုပြီး ကျင့်ကြံရလို့ကတော့ ဘယ်သူမဆို နှစ်ပေါင်း (၄၀) လောက်ကြာရင် အခြေခံတည်ဆောက်ခြင်းအဆင့်လောက်က အောင်မြင်မှာပဲလေ… ၊ နှေးတယ်လို့တောင် ပြောလို့ရသေးတယ်…”
“ဒါပေမဲ့ ပြင်ပပစ္စည်းတွေ ၊ ရင်းမြစ်တွေအကူအညီနဲ့ ဒီတိုင်းသာ ဆက်ကျင့်ကြံနေရင် သူ့အရည်အချင်းတွေ တုံးသွားပြီး ကြာလေ အဆင့်တက်လို့မရဘဲ ခက်ခဲလေ ဖြစ်သွားလိမ့်မယ်…”
ပတ်ဝန်းကျင်တစ်ခုလုံး ဝေဖန်သံများဖြင့် ဆူညံနေကြလေသည်။
သို့သော်… ကျန်းလန်ကတော့ အရေးမစိုက်ပေ။
သူက သေရည်နတ်ဘုရားကို ဂါရဝပြုလိုက်ရင်း…
“ရေကန်စောင့်နတ်ဘုရားကို ဂါရဝပြုပါတယ်…”
သေရည်နတ်ဘုရားက ကျန်းလန်ကို အတန်ကြာအောင် အကဲခတ်ကြည့်နေ၏။
အခြားတပည့်များ ဝေဖန်ပြောဆိုနေသည့် စကားသံများကို နားထောင်ရင်း သူ့ရှေ့မှ လူငယ်မှာ နဝမတောင်ထွတ်မှ တပည့်မှန်း သိရှိလိုက်သည်။
“လက်စသတ်တော့… ဒီတပည့်က နဝမတောင်ထွတ်က တပည့်ကိုး…”
သေရည်နတ်ဘုရားတွေးလိုက်၏။
ထို့နောက် သေရည်နတ်ဘုရားက…
“မင်းရဲ့ဆရာက ကျုပ်အတွက် သေရည်မပေးလိုက်ဘူးလား…”
အမှန်တော့ ထိုမေးခွန်းကို သူ မမေးချင်ခဲ့ပေ။
သို့သော်… မော့ကျန်းသုန့်က သူ့ကို ထိပ်တန်းအဆင့် သေရည်တစ်အိုး လက်ဆောင်ပေးမည်ဟု လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကတိပေးခဲ့ဖူးသည်။
မော့ကျန်းသုန့်ပေးမည့် ထိပ်တန်းအဆင့်သေရည်ကို သူ့အနေဖြင့် အလွန်တရာလိုချင်မိသည်ကတော့ အမှန်ပင် ဖြစ်၏။
သေရည်နတ်ဘုရားမေးလိုက်သည့် မေးခွန်းနောက်ကွယ်တွင် အကြောင်းတစ်စုံတရာရှိရမည်ဟု ကျန်းလန် တွေးလိုက်သည်။
ဆရာဖြစ်သူ မော့ကျန်းသုန့်နှင့် သေရည်နတ်ဘုရားကြားတွင် တစ်စုံတစ်ခု အချိတ်အဆက်ရှိကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
ကျန်းလန်က…
“ဟုတ်ကဲ့… ပေးလိုက်ပါတယ်…”
ထို့နောက်… ကျန်းလန်က ချက်ချင်းပင် ဆရာဖြစ်သူပေးလိုက်သည့် သေရည်အိုးကို ထုတ်ယူပြီး သေရည်နတ်ဘုရားထံသို့ ရိုရိုသေသေ လှမ်းပေးလိုက်သည်။
သေရည်နတ်ဘုရားက ကျန်းလန် ပေးလာသည့် သေရည်အိုးကို ယူလိုက်ပြီး သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။
သေရည်က အလွန်တရာ ရှားပါးကောင်းမွန်သည့် ထိပ်တန်းအဆင့် သေရည် ဖြစ်လေသည်။
မော့ကျန်းသုန့်ကတော့ သူ့ကို သေရည်လက်ဆောင်ပေးပြီး တပည့်ဖြစ်သူကို ကူညီရန် တောင်းဆိုလိုက်ပြီဖြစ်ကြောင်း သေရည်နတ်ဘုရား ရိပ်မိလိုက်သည်။
သို့သော်… ကျန်းလန်က စိတ်စွမ်းအား အလွန်ကောင်းမွန်သူ ဖြစ်သည်။ စိတ်စွမ်းအား မြင့်မားလွန်းသောကြောင့် နဝမတောင်ထွတ်တွင် နှစ်ပေါင်းများစွာ နေထိုင်နိုင်သည်မှာ အံ့သြစရာ မရှိတော့ပေ။
ထို့ကြောင့်… မော့ကျန်းသုန့်ပေးလိုက်သည့် လက်ဆောင်အတွက်သာမက ကျန်းလန်၏ စိတ်စွမ်းအားကောင်းမွန်မှုကြောင့်လည်း ဤလူငယ်လေးကို သူ အကောင်းဆုံး ကူညီနိုင်မည် ဖြစ်သည်။
သေရည်နတ်ဘုရားက ပြုံးလိုက်ရင်း…
“မင်းကို ကောင်းကင်ရိပ်ငြိမ်ရေကန်ရဲ့ နဝမမြောက်တည်နေရာကို ပို့ပေးမယ် ၊ ဒါပေမဲ့ မင်း… ဘယ်အထိရောက်အောင် သွားနိုင်မလဲဆိုတာကတော့ မင်းအပေါ်ပဲ မူတည်တယ်…”
သေရည်နတ်ဘုရားက တည်ကြည်သည့်မျက်နှာထားဖြင့် ဆက်ပြောသည်။
“ကောင်းကင်ရိပ်ငြိမ်ရေကန်ရဲ့ နဝမမြောက်တည်နေရာကို ရောက်တဲ့အခါ မင်းရဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေနဲ့ အားနည်းချက်တွေကို ရေကန်မျက်နှာပြင်မှာ တွေ့မြင်ရလိမ့်မယ် ၊ ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေနဲ့ အားနည်းချက်တွေကို နားလည်သွားပြီဆိုရင် မင်းအနေနဲ့ ရွှေပြဒါးအမြုတေအဆင့်ကို အဆင့်တက်ဖို့ လွယ်ကူသွားလိမ့်မယ်…”
ကျန်းလန်က ခေါင်းညိတ်ပြလိုက်သည်။
သေရည်နတ်ဘုရားက…
“ဒါပေမဲ့… မင်းရဲ့စိတ်စွမ်းအားက ခံနိုင်ရည် ကုန်ဆုံးသွားရင်တော့ မင်း ရေကန်ထဲ ပြုတ်ကျပြီး ရေနစ်သွားလိမ့်မယ်… ၊ အဲဒီအချိန်ကျရင်တော့ ကိုယ့်ဟာကိုယ် ရေကူးပြီး ဒီနေရာကို ပြန်လာခဲ့ပေါ့ကွာ…”
ကျန်းလန်က တိုးလျသည့် လေသံဖြင့်…
“ခုလို လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ် ရေကန်စောင့်နတ်ဘုရား…”
ကောင်းကင်ရိပ်ငြိမ်ရေကန်၏ နဝမမြောက်တည်နေရာသို့ သွားရမည်ဆိုသည်က ကောင်းသည့်အချက်ပင် ဖြစ်၏။
သေရည်နတ်ဘုရားပြောပုံအရ… ထိုနေရာသို့ရောက်လျှင် သူ၏ ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် လိုအပ်ချက်များနှင့် အားနည်းချက်များကို ရေကန်မျက်နှာပြင်တွင် တွေ့မြင်ရမည် ဖြစ်သည်။
ကျန်းလန်၏ မူလဝိညာဉ်တွင် ဖြစ်ပေါ်နေသည့် လိုအပ်ချက်များနှင့် အားနည်းချက်များကို ကန်ရေပြင်ထက်တွင် တွေ့မြင်ရပေလိမ့်မည်။
ဤသို့ဆိုလျှင်… မရှိမှုအာကာသအဆင့်သို့ တက်ရောက်ရန် များစွာ အထောက်အကူ ဖြစ်နိုင်လေသည်။
သို့သော်… နဝမမြောက်တည်နေရာတွင် အခြားသူများလည်း ရှိနေလေရာ ကန်ရေပြင်တွင် သူတွေ့မြင်ရမည့် အရာများကို အခြားသူများ တွေ့မြင်သွားမည်ဆိုလျှင် ကျန်းလန်အတွက် အဆင်မပြေလှပေ။
သေရည်နတ်ဘုရားက ကျန်းလန်၏ အတွေးများကို ရိပ်မိသည့်အလား ဆက်လက်ရှင်းပြလိုက်သည်။
“စိတ်မပူနဲ့… ရေကန်ထဲမှာ မင်းမြင်တဲ့အရာတွေကို တခြားသူတွေ မမြင်နိုင်ပါဘူး…”
သေရည်နတ်ဘုရားနှင့် ကျန်းလန် စကားပြောနေကြစဉ်တွင် ရေကန်အနီးပတ်ဝန်းကျင်မှ အခြားတပည့်များမှာတော့ ရုတ်ရုတ်သဲသဲ ဖြစ်လျှက် ရှိ၏။
“ကောင်းကင်ရိပ်ငြိမ်ရေကန်ရဲ့ နဝမမြောက်တည်နေရာက တော်ရုံလူကို ပေးဝင်တာ မဟုတ်ဘူးကွ…”
“မင်း… မတွေ့ဘူးလား… ၊ နဝမတောင်ထွတ်က တောင်သခင်က သေရည်နတ်ဘုရားကို ထိပ်တန်းအဆင့် သေရည်အိုးတစ်အိုးနဲ့ လာဘ်ထိုးလိုက်တာလေ…”
“ဟုတ်တယ်ဟေ့… နဝမတောင်ထွတ်က တောင်သခင်က သူ့တပည့်အတွက် အနောက်တံခါးက ဒိုင်လျှိုလာဘ်ထိုးလိုက်တာပဲကွ…”
“ကောင်းကင်ရိပ်ငြိမ်ရေကန်ရဲ့ နဝမမြောက်တည်နေရာဆိုတာ ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီး ရှိနေတဲ့ နေရာမဟုတ်လား…”
“အေးဆို… အဲဒီ နေရာက တကယ့် နေရာကောင်းတစ်ခုကွ… ၊ ဒါပေမဲ့ ဒီကောင်က သူ့အရည်အချင်းနဲ့သူ သွားနိုင်တာမှ မဟုတ်တာ … ၊ သူ့ဆရာရဲ့ မျက်နှာနဲ့ ဝင်ခွင့်ရတာပဲ… ၊ အဲဒီနေရာမှာ … သိပ်အကြာကြီးနေနိုင်မှာ မဟုတ်ပါဘူးကွာ…”
“အမှန်ပဲ… နည်းနည်းလောက်ကြာရင် ဒီကောင် ရေကန်ထဲ ပြုတ်ကျပြီး ပြန်ရောက်လာမှာပဲ…”
“ဒါပေမဲ့… ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးကတော့ အဲဒီနေရာရောက်နေတာ (၁) ရက်ကျော်သွားပြီနော်… ၊ ဂိုဏ်းတူအစ်ကိုကြီးက မူလဝိညာဉ်အဆင့်ကို တက်ရောက်ဖို့ နဝမမြောက်တည်နေရာကို ဝင်သွားတာ မဟုတ်လား…”
“ဒီ… နဝမတောင်ထွတ်က တပည့်က ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ… ၊ အရှက်ကွဲမှာ မြင်ယောင်ပါသေးတယ်…”
“တိုးတိုးပြောစမ်းပါ… မင်းပြောတဲ့စကားကိုသာ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးကြားသွားရင် ရှက်သွားဦးမယ်…”
ထိုသူများ ပြောသည့်စကားကို နားထောင်ရင်း ကျန်းလန် စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။
ကောင်းကင်ရိပ်ငြိမ်ရေကန်၏ နဝမမြောက်တည်နေရာတွင် သူတစ်ယောက်တည်းမဟုတ်ဘဲ အခြားသူတစ်ယောက်လည်း ရှိနေသည် မဟုတ်ပါလား။
ကျန်းလန် သက်ပြင်းချလိုက်ရင်း…
“အဲဒီနေရာမှာ တခြားသူတွေလည်း ရှိနေသေးတာလား…”
ဟု တွေးလိုက်မိ၏။
ကျန်းလန်က တစ်ယောက်တည်းသာ ရှိချင်မိသည်။ အခြားသူများနှင့် ပတ်သက်ရမည်ကို သဘောမကျပေ။
အခြားသူများ ရှိနေလျှင်လည်း တစ်ယောက်နှင့်တစ်ယောက် အနှောက်အယှက်မပေးလျှင်တော့ အဆင်ပြေလေသည်။
သို့သော်… ကောင်းကင်ရိပ်ငြိမ်ရေကန်၏ နဝမမြောက်တည်နေရာတွင် တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေကဲ့သို့ မထင်မှတ်သည့် အန္တရယ်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်တော့ ကျန်းလန်အတွက် အတော်လေး စိတ်ဒုက္ခရောက်ရပေလိမ့်မည်။