Switch Mode

အခန်း (၄၃)

မရှိမှုအာကာသအဆင့်သို့တက်ရောက်ရန် အခွင့်အရေး

အခန်း (၄၃) မရှိမှုအာကာသအဆင့်သို့တက်ရောက်ရန် အခွင့်အရေး

ကျန်းလန် မော့ကျန်းသုန့်ကို ခေါင်းညိတ်ပြလိုက်သည်။

ယခုကဲ့သို့ အနည်းငယ် မသက်မသာခံစားရသည်က သက်တံ့တိမ်တိုက်ကျင့်စဉ်နှင့် ပတ်သက်နေမည်ဟု ကျန်းလန်လည်း ခံစားမိပြီးသား ဖြစ်သည်။

သက်တံ့တိမ်တိုက်ကျင့်စဉ်က သူ့အတွက် သိပ်တော့ အသုံးမဝင်လှပေ။

သို့သော်… စနစ်တွင် မှတ်ပုံတင်လျှင်တော့ သူ့ကို ကံကောင်းခြင်းများ မြင့်တက်လာစေနိုင်မည်ဟု ယူဆရသည်။

သူက စနစ်တွင် မှတ်ပုံတင်လျှင် သက်တံ့တိမ်တိုက်ကျင့်စဉ်ကို အသုံးပြုလေ့ မရှိပေ။ ပုံမှန်အတိုင်းသာ မှတ်ပုံတင်လေ့ရှိသည်။

သို့သော်… အရေးကြီးသည့် နေရာများတွင် မှတ်ပုံတင်လျှင်တော့ သက်တံ့တိမ်တိုက်ကျင့်စဉ်ကို အသုံးပြုပါက သာမန်ထက်ပိုပြီး ကံကောင်းစေနိုင်မည် ဖြစ်သည်။

သို့သော်… ထိုအချက်က သိပ်တော့ အသုံးဝင်မည် မဟုတ်ပေ။

သက်တံ့တိမ်တိုက်ကျင့်စဉ်က မဟာတာအိုကျင့်စဉ်များနှင့် မည်သို့မျှ နှိုင်းယှဉ် မရနိုင်ပေ။

စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတစ်ခုအဖြစ်သာ ထိုကျင့်စဉ်ကို အသုံးပြုသင့်လေသည်။

မော့ကျန်းသုန့်က…

“တခြား ဘာပြဿနာတွေ ရှိသေးလဲ….”

ကျန်းလန်က ခေါင်းခါရမ်းလိုက်ရင်း…

“မရှိပါဘူး…”

ဟု ပြောလိုက်၏။

နဝမတောင်ထွတ် ခန်းမဆောင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် စာကြည့်တိုက်ထဲတွင် (၂)ရက်ခန့် အချိန်ဖြုန်းရန် ကျန်းလန် ဆုံးဖြတ်ထားသည်။

ရတနာဝတ်ရည်သေရည်အကြောင်း ပိုမိုသိရှိရန် စာကြည့်တိုက်ရှိ စာအုပ်များထဲတွင် ရှာဖွေရမည် ဖြစ်၏။

ရတနာဝတ်ရည်သေရည်ကို မသောက်သုံးမီ သူ၏မူလဝိညာဉ်ကို တည်ငြိမ်အောင် ထပ်မံကျင့်ကြံရန်လည်း လိုအပ်သေးသည်။

လက်ရှိအချိန်တွင် ကျန်းလန်လည်း အနည်းငယ် အားလပ်နေလေရာ စာကြည့်တိုက်တွင် ရက်အနည်းငယ်လေ့လာပြီးမှ မရဏဂူသို့ပြန်ကာ ထပ်မံကျင့်ကြံမှုများ ပြုလပ်မည်ဟု စိတ်ကူးထားသည်။

ကျန်းလန်က သူ့အစီအစဉ်နှင့်သူ အဆင်ပြေနေသော်လည်း မော့ကျန်းသုန့်ကတော့ အဆင်ပြေဟန် မရှိပေ။

မော့ကျန်းသုန့်က…

“မင်း အခု အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်သွားပြီ မဟုတ်လား…”

ကျန်းလန် ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်ကဲ့ ဆရာ…”

မော့ကျန်းသုန့်က ခေါင်းတညိတ်ညိတ်လုပ်ရင်း…

“အင်း… အချိန်တောင် အတော်ကြာနေပြီပဲ…”

မော့ကျန်းသုန့်က ကျန်းလန်အနေဖြင့် ရွှေပြဒါးအမြုတေအဆင့်သို့ တက်ရောက်ရန် အချိန်တန်ပြီဟု တွေးလိုက်သည်။

သို့သော်… ရွှေပြဒါးအမြုတေအဆင့်သို့ အဆင့်တက်ရောက်ရန်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အဆင့်တက်ရောက်ခြင်းကဲ့သို့ ရိုးရှင်းမည် မဟုတ်ပေ။

အတော်လေး အချိန်ယူရမည် ဖြစ်သည်။

သို့သော်… ကျန်းလန်ကတော့ မူလဝိညာဉ်အဆင့်အထိ ရောက်ရှိနေပြီဖြစ်ရာ ထိုအချက်များကို သိပ်ပြီး စိတ်ထဲ မထားတော့ပေ။

ဆရာဖြစ်သူပြောသည့်အတိုင်းသာ ရေလိုက်ငါးလိုက် လိုက်လုပ်ရန်ဆုံးဖြတ်ထားသည်။

သူ့အတွက် အရေးကြီးသည်က မူလဝိညာဉ်အဆင့် အောင်မြင်သည်အထိ ကျင့်ကြံပြီး မရှိမှုအာကာသအဆင့်သို့ တက်ရောက်ရန် ဖြစ်လေ၏။

မော့ကျန်းသုန့်က သေရည်တစ်အိုးကို ထုတ်ယူလိုက်ပြီး ကျန်းလန်ကို ပေးလိုက်သည်။

“ဒီသေရည်အိုးကို ယူလိုက်…”

ကျန်းလန် သေရည်အိုးကို လှမ်းယူလိုက်ပြီး သေသေချာချာ ကြည့်လိုက်သည်။

ခွန်လွန်တောင်ခြေရှိ သေရည်ဆိုင်မှ သေရည်အိုးနှင့် အနည်းငယ်ဆင်တူသော်လည်း ပုံသဏ္ဍန်က အနည်းငယ်ထူးခြားနေကြောင်း ရိပ်မိလိုက်သည်။

ဆရာဖြစ်သူ ဤသေရည်အိုးကို မည်သည့်နေရာက ရရှိလာပါသနည်း…။

ကျန်းလန် သေရည်အိုးကို လေ့လာနေစဉ်မှာပင် …. မာ့ကျန်းသုန့်က စကားဆက်ပြော၏။

“ဒီညမှောင်ရည်ပျိုးတာနဲ့ ကောင်းကင်ရိပ်ငြိမ်ရေကန်ကိုသွားပါ ၊ ပြီးရင် ရေကန်စောင့်နတ်ဘုရားကို အဲဒီ သေရည်အိုး ပေးလိုက်… ၊ သူက မင်းကို တစ်နေရာကို ပို့ပေးလိမ့်မယ်… ၊ မင်း ဘာလုပ်ဖို့လိုအပ်လဲဆိုတာ သူ… သိတယ်… ၊ ကျန်တဲ့ကိစ္စတွေကတော့ မင်းအပေါ်ပဲ မူတည်တယ်…”

တပည့်ဖြစ်သူကျန်းလန်က မည်သို့သောလူစားမျိုးဖြစ်ကြောင်း မော့ကျန်းသုန့် အသိဆုံး ဖြစ်သည်။

ကျန်းလန်ကို ကလေးငယ်တစ်ယောက်လို အသေးစိတ်ကအစ လိုက်လံသင်ပြပေးနေရန် မလိုအပ်ပေ။ ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ရောက်သည်နှင့် ကျန်းလန်က သူ့လမ်းသူ ချောချောမွေ့မွေ့ ဆက်လျှောက်သွားမည် ဖြစ်သည်။

သူက ကျန်းလန်အပေါ် စေတနာဗရပွနှင့် လမ်းညွှန်မှုများစွာ ပေးလိုက်မည်ဆိုလျှင် ကျန်းလန်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ထိခိုက်သွားနိုင်သည်။

ထို့ပြင်… ကောင်းကင်ရိပ်ငြိမ်ရေကန်ရောက်မှ ကျန်းလန်၏ ဆုံးဖြတ်ချက် မှားယွင်းခဲ့မည်ဆိုလျှင်လည်း သူက ဆရာတစ်ယောက်အနေဖြင့် တာဝန်ယူမှု ၊ တာဝန်ခံမှု အပြည့်အဝပေးမည် ဖြစ်သည်။

ကျန်းလန်က သေရည်အိုးကို သိမ်းဆည်းလိုက်ရင်း…

“ဟုတ်ကဲ့ပါ … ဆရာ…”

ဟု ပြောလိုက်၏။

ထို့နောက်… မော့ကျန်းသုန့်က ကျန်းလန်ကို ကောင်းကင်ရိပ်ငြိမ်ရေကန် မည်သည့်နေရာတွင်ရှိကြောင်းနှင့် ထိုနေရာသို့ မည်သို့ သွားရောက်ရမည်ဖြစ်ကြေင်း ရှင်းပြနေ၏။

အရင်အချိန်များတုန်းက… ကောင်းကင်ရိပ်ငြိမ်ရေကန်အကြောင်း ကျန်းလန် ကြားဖူးခဲ့သည်။

နဝမတောင်ထွတ်တွင် ဆက်ခံသူတပည့်အဖြစ် အပ်နှင်းခံရသည့်နေ့က ကျန်းလန် သေရည်ဆိုင်တွင် သေရည်သွားဝယ်စဉ် ဆိုင်ရှင်အဘိုးအိုက ပြောပြလိုက်ခြင်း ဖြစ်၏။

ထိုစဉ်က… အဘိုးအိုကိုကြည့်ရသည်မှာ သူ့ကို စိတ်အားထက်သန်စွာဖြင့် ကူညီလိုဟန် ရှိသည်။

ယခုတော့…ဆရာဖြစ်သူက သူ့ကို သေရည်တစ်အိုးပေးကာ ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ စေလွှတ်နေပြီ ဖြစ်သည်။

ဆရာဖြစ်သူပေးသည့် သေရည်အိုးက အနည်းငယ် ထူးခြားဟန် ရှိသည်။ ကြည့်ရသည်မှာ တောင်ခြေရှိ သေရည်ဆိုင်မှ သေရည်များထက် ပိုမိုကောင်းမွန်ဟန် ရှိသည်။

ထို့ပြင်… ဆရာဖြစ်သူက ထူခြားကောင်းမွန်သည့် သေရည်အိုးကို ကောင်းကင်ရိပ်ငြိမ်ရေကန်စောင့် နတ်ဘုရားအတွက် ကျန်းလန်နှင့်အတူ တကူးတက ပေးအပ်လိုက်ခြင်းက တစ်စုံတရာ ထူးခြားနေကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။

အခြေအနေများက ကျန်းလန်ထင်သလောက် ရိုးရှင်းခြင်း မရှိနိုင်ပေ။

“ကြည့်ရတာ… ကောင်းကင်ရိပ်ငြိမ်ရေကန်ကိုသွားဖို့က သိပ်တော့ မရိုးရှင်းဘူးထင်တယ်…”

ကျန်းလန် တွေးလိုက်၏။

ထိုစဉ်မှာပင်… မော့ကျန်းသုန့်က ကျန်းလန်၏ ပခုံးကို အသာပုတ်လိုက်ရင်း…

“ကဲ… ဒီည သွားဖို့အတွက် အဆင်သင့်ပြင်ထားပေတော့… ၊ ဆရာ… သွားတော့မယ်…”

ကျန်းလန် ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်ကဲ့… ဆရာ…”

ထို့နောက်… မော့ကျန်းသုန့် ကျန်းလန်ရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားလေတော့၏။

ကျန်းလန်လည်း နဝမတောင်ထွတ်၏ ခန်းမဆောင်မှ ထွက်ခွာလာခဲ့သည်။

ညနေ မှောင်ရီပျိုးချိန်မှ ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ သွားရမည်ဖြစ်လေရာ ကျန်းလန်အတွက် တစ်နေကုန် အချိန်များအားလပ်နေသေးသည်။

ထို့ကြောင့်… စာကြည့်တိုက်သို့သွားပြီး စာအုပ်အနည်းငယ်ဖတ်ရှုရန် စဉ်းစားလိုက်သည်။ သို့သော်… သူသိချင်သည့် ကိစ္စရပ်အားလုံးကိုတော့ ဖတ်ရှုနိုင်ပါမည်လား မသေချာပေ။

အသိပညာက စွမ်းအားဖြစ်သည်မှာ အမှန်ပင် ဖြစ်၏။ သို့သော်… အရေးကြီးသည်က အသိပညာကို အသုံးချနိုင်စွမ်းပင် ဖြစ်သည်။

……………

နဝမတောင်ထွတ်တွင်တော့…

ကျင်းထင်နှင့် မုရှိုးက လုန်ယွိနှင့် အနည်းငယ်ဝေးကွာသည့် တစ်နေရာတွင် နတ်ဘုရားရောင်ဝါအစီအရင်အသစ်တစ်ခု ထပ်မံပြုလုပ်လျှက် ရှိသည်။

သို့သော်… သူတို့က လုန်ယွိကိုလည်း သေသေချာချာ သတိထားလေ့လာနေကြသည်။

မနက်ခင်းတစ်ခုလုံး ကုန်ဆုံးသွားပြီးသည့်နောက်… လုန်ယွိကိုကြည့်ရသည်မှာ အဆင်ပြေပြေပင် ရှိနေလေသည်။

မုရှိုးက လုန်ယွိကို လှမ်းကြည့်လိုက်ပြီး စိုးရိမ်ပူပန်သည့် လေသံဖြင့်…

“ဂိုဏ်းတူအစ်ကို’ကျင်း’… ၊ ဂိုဏ်းတူညီမလေး’လုန်’ ရဲ့ အခြေအနေ ဘယ်လိုရှိလဲ… အာရုံခံလို့ရလား…”

ကျင်းထင်က ခေါင်းခါရမ်းလိုက်ရင်း…

“ဂိုဏ်းတူညီမလေး’လုန်’ က ထူးခြားတဲ့သူတစ်ယောက်ပဲ… ၊ ကျုပ်တို့ သူ့ကို ဘယ်လိုလုပ် အာရုံခံပြီး ထွင်းဖောက်မြင်နိုင်စွမ်း ရှိပါ့မလဲ…”

မုရှိုးက ခေါင်းညိတ်လိုက်ရင်း…

“အမှန်ပဲ… ပြီးတော့ ဂိုဏ်းတူညီမလေး’လုန်’ ရဲ့ အနားကို ချဉ်းကပ်ဖို့ဆိုတာလည်း အရမ်းခက်ခဲတယ်… ၊ သူ ဘာဖြစ်နေလဲဆိုတာ သိနိုင်ဖို့ ကျွန်မတို့အတွက် ဘယ်လိုလုပ် ဖြစ်နိုင်မလဲ…”

ကျင်းထင်က…

“ဒီနေ့ည ဘာဖြစ်မလဲဆိုတာပဲ အခြေအနေကို စောင့်ကြည့်ကြတာပေါ့… ပြဿနာတစ်ခုခု ရှိလာရင်တော့ ညဘက်မှာ ဖြစ်နိုင်ချေများတယ်လေ…”

ညဘက်အချိန်တွင် လုန်ယွိရှိနေသည့် နတ်ဘုရားရောင်ဝါ အစီအရင်အဟောင်းမှ ပြဿနာတစ်ခုခု ဖြစ်ပေါ်လာပါက သူတို့ ချက်ချင်းသိရှိပြီး လုန်ယွိကို ကူညီပေးနိုင်မည် ဖြစ်သည်။

ဖြည်းဖြည်းချင်းဖြစ်ပေါ်လာမည့် ပြဿနာမျိုးဆိုလျှင် သူတို့အနေဖြင့် လက်ရှိအချိန်တွင် လုန်ယွိ ရင်ဆိုင်ရမည့် အခက်အခဲများကို သိမြင်နိုင်ဦးမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော်… နတ်ဘုရားရောင်ဝါ အစီအရင်ကို ပြုပြင်လိုက်ခြင်းက အပြောင်းအလဲများကို ခပ်ဖြည်းဖြည်းသာ ဖြစ်ပေါ်စေပေလိမ့်မည်။

မုရှိုးက ကျင်းထင်ကိုကြည့်လိုက်ပြီး လေသံ ခပ်တိုးတိုးဖြင့်…

“ဂိုဏ်းတူညီမလေးလုန်ယွိ အဆင်ပြေမယ်လို့ အစ်ကို’ကျင်း’ ထင်သလား…”

လုန်ယွိ မည်သည့်နည်းနှင့်မှ အဆင်ပြေနိုင်မည်မဟုတ်ဟု သူတို့ တွေးထင်ထားကြသည်။

သို့သော်… မထင်မှတ်ဘဲ လုန်ယွိ အဆင်ပြေသွားခဲ့လျှင်…

သူမ ကံကောင်းသွားခဲ့လျှင်… မည်သို့ ရှိမည်နည်း။

ကျင်းထင်က မျက်မှောင်ကြုတ်လိုက်ရင်း…

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ၊ ကျုပ် ဘယ်လိုပဲ ကြည့်ကြည့် နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက အဲဒီလောက်တော်မယ်လို့ မထင်ပါဘူး…”

ကျန်းလန် ထိုမျှ မတော်နိုင်ပေ။

ထို့ပြင်… သူ့အနေဖြင့် ကျန်းလန်ကို ယုံကြည်ခြင်းလည်း မရှိပေ။

သို့သော်… လုန်ယွိက ကျန်းလန်ပြောပြသည့်နည်းလမ်းအတိုင်း စမ်းသပ်ကြည့်ချင်သည်မှာလည်း သူမ အကြောင်းနှင့် သူမ ရှိပေလိမ့်မည်။

လုန်ယွိ မည်သို့တွေးသည်ကို သူတို့လည်း မသိရှိနိုင်ပေ။

ကျင်းထင်က…

“ဒီနေ့ည စောင့်ကြည့်တာပေါ့… ၊ အဲဒီအစီအရင်က အဆင်မပြေနိုင်လောက်ပါဘူး ၊ လုန်ယွိလည်း ဘာလို့ စမ်းသပ်ကြည့်ချင်ရတာလည်း မသိဘူး ၊ အဲဒီလိုမျိုး လက်တည့်စမ်းတတ်တဲ့သူတွေက ရေရှည်မှာ အသက်အန္တရယ်နဲ့ ရင်ဆိုင်ရတတ်တယ်…”

မုရှိုးက မည်သည့်စကားမှ ပြန်မပြောတော့ပေ။

သူမ လုန်ယွိကိုသာ ငေးစိုက်ကြည့်နေခဲ့သည်။ ယခုအချိန်ထိတော့… ပြဿနာတစ်စုံတစ်ရာ ဖြစ်လာခြင်း မရှိသေးပေ။

မည်သည့်အချိန် ပြဿနာတက်မည်လဲဆိုသည်ကို သူတို့ စောင့်ကြည့်ရပေလိမ့်မည်။

ပြဿနာတစ်ခုခု ဖြစ်လာခဲ့ပါက လုန်ယွိကို ချက်ချင်း ကူညီနိုင်ရန် အသင့်ပြင်ထားရမည် ဖြစ်၏။

……………

“သြော… လက်စသတ်တော့… ဒီ ရတနာဝတ်ရည်သေရည်က မူလဝိညာဉ်အဆင့်အောင်မြင်သွားတဲ့ ကျင့်ကြံသူတွေအပေါ်မှာပဲ အပြည့်အဝသက်ရောက်မှု ရှိတာကိုး…”

ကျန်းလန် စာကြည့်တိုက်ထဲတွင် စာအုပ်တစ်အုပ်ကိုဖတ်ရင်း မှတ်ချက်ပြုနေခြင်း ဖြစ်၏။

ရတနာဝတ်ရည်သေရည်နှင့်ပတ်သက်သည့် အချက်အလက်အချို့ကို စာအုပ်တစ်အုပ်ထဲတွင် ကျန်းလန် တွေ့ရှိခဲ့သည်။ ထိုစာအုပ်ထဲတွင် သူသိချင်သည့် အဖြေရရှိခဲ့ပြီး အချက်အလက်များကလည်း ရှုတ်ထွေးခြင်း မရှိခဲ့ပေ။

ရတနာဝတ်ရည်သေရည်သည် ကျင့်ကြံသူတစ်ယောက်၏ မူလဝိညာဉ်ကို သေရည်ရစ်မူးခြင်းတစ်ဝက် ၊ သတိရှိနေခြင်းတစ်ဝက် ဖြစ်ပေါ်စေမည် ဖြစ်သည်။

သို့သော်… မူလဝိညာဉ်အဆင့် လုံး၀ အောင်မြင်သည့် အဆင့်ရောက်သည့်အချိန်တွင် သေရည်ကိုသောက်မှသာ မရှိမှုအာကာသအဆင့်သို့ စတင်ရောက်ရှိရန် အခွင့်အရေးရမည် ဖြစ်သည်။

ထိုအခြေအနေသို့ ရောက်ရှိရန်မှာ သိပ်တော့ မလွယ်ကူလှပေ။

မူလဝိညာဉ်အဆင့် အောင်မြင်ရန် အခက်အခဲများ ကျော်ဖြတ်နိုင်သည့်တိုင် မရှိမှုအာကာသအဆင့်သို့ တက်ရောက်သည့်အချိန်တွင်တော့ ရတနာဝတ်ရည်သေရည်ကို သောက်ထားသည့်တိုင် သေချာပေါက် အခက်အခဲများ ရင်ဆိုင်ရနိုင်သည်။

ကျန်းလန်အတွက် အစစအရာရာ အဆင်ပြေချောမွေ့စေရန် အခွင့်ကောင်းတစ်ခု လိုအပ်လေသည်။

ရတနာဝတ်ရည်သေရည်ကတော့ အကူအညီများစွာပေးနိုင်သော်လည်း သေချာပေါက် အောင်မြင်မှုကိုပေးအပ်နိုင်မည်ဟု အာမခံချက် မရှိပေ။

ကျန်းလန် သက်ပြင်းတစ်ချက်ချလိုက်ရင်း…

“မရှိမှုအာကာသအဆင့်တက်ရောက်ဖို့က တကယ်မလွယ်ဘူးပဲ… ၊ ဒါပေမဲ့ … ရတနာဝတ်ရည်သေရည်နဲ့ဆိုရင်တော့ (၅၀) ရာခိုင်နှုန်းလောက်တော့ အောင်မြင်နိုင်ချေ ရှိမယ်ထင်တယ်…”

(၅၀) ရာခိုင်နှုန်းသည်ပင် အတော်လေး မြင့်မားနေပြီ ဖြစ်သည်။

ကျန်းလန်က ပြင်းပြင်းထန်ထန်ကျင့်ကြံမည်ဆိုလျှင် အခြေအနေက (၆၀)ရာနှုန်း ၊ (၇၀) ရာနှုန်းအထိ တိုးတက်သွားနိုင်ဖွယ် ရှိသည်။

ရတနာဝတ်ရည်သေရည်ကိုသောက်လိုက်ခြင်းအားဖြင့် သူ၏ မူလဝိညာဉ်မှာ နိုးတစ်ဝက် ၊ သေရည်ယစ်မူးနေခြင်းတစ်ဝက် ဖြစ်သွားပေလိမ့်မည်။

သို့သော်… သူ့အနေဖြင့် မူလဝိညာဉ်အဆင့် အောင်မြင်သည်အထိ အရင်ဆုံး ကျင့်ကြံရန် လိုအပ်သည်။

သူ၏ ကျင့်စဉ်လမ်းက ချောချောမွေ့မွေ့နှင့် အဆင်ပြေသွားမည်ဟုသာ ကျန်းလန် မျှော်လင့်နေမိတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset