အခန်း(၈၈) အပြစ်တင်ချင်ရင် ရန်ရှုကိုသာ အပြစ်တင်လိုက်တော့
မျက်လုံးတစ်ဖက်လပ်အကြီးအကဲသည် တက်နေဝန်းခုန်ပျံခြင်းသိုင်းကို အသုံးပြုကာ အရှေ့အရပ်မှ တက်လာသောနေတစ်စင်း၏ အရှိန်အဟုန်ကဲ့သို့ အတားအဆီးများကို ခုန်ပျံကျော်လွှားသွားသည်။
ပြိုင်ဘက်နှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နေရသော ဝါဒတောင်အကြီးအကဲသည် ရေရှည်တွင် ဆက်ထိန်းထားရန် မဖြစ်နိုင်တော့ဟု ခံစားလာရသည်။
လေကပ်ဘေးနည်းစနစ်များက သူ့အတွက် ရန်သူကို တားဆီးရန် မလုံလောက်တော့။
ဝါဒတောင်အကြီးအကဲသည် သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။ ချက်ချင်းဆိုသလို သူ၏အရိုးပေါ်အရေတင်မျက်နှာက ပုံမှန်မဟုတ်အောင် နီရဲသွားသည်။
အညွှန့်တလူလူဖြင့် မိုးကောင်းကင်သို့တိုင် ထိုးတက်နေသော မီးတောက်မီးလျှံများကဲ့သို့ပင်။
အဘိုးအို၏ပုံရိပ်က လေထဲတွင် မားမားမတ်မတ် ရပ်နေ၏။ သူ၏ပိန်ပိန်ပါးပါးကိုယ်ထည်က မိုးကောင်းကင်ကို ထိလုမတတ်အောင် ရုတ်တရက် ရှည်လျားလာသည်ဟု ထင်ရ၏။
ဝါဒတောင်၏ပိန်ပိန်ပါးပါးအဘိုးအိုသည် သူ့လက်ဝါးများကို ဆန့်ထုတ်ကာ မျက်လုံးတစ်ဖက်လပ်အကြီးအကဲ၏ ကောင်းကင်နတ်ဘုရားလက်ဝါးနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်သည်။
တစ္ဆေရဲဒင်းအဘိုးအိုဟန်ရှန်းသည်လည်း ခက်ထန်စွာ ဟိန်းဟောက်ပြီး ပုဆိန်နှစ်လက်ဖြင့် ခုတ်ချလိုက်သည့်အလား သူ့လက်ဝါးစောင်းနှစ်ခုကို ရှေ့သို့ ခုတ်ချလိုက်သည်။
အနက်ရောင်အလင်းတန်များက လည်ပတ်ပျံသန်းနေသော ပုဆိန်များသဖွယ် အသွင်ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော လေပွေများကဲ့သို့ ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။
၎င်းမှာ ဟန်ရှန်း၏ နာမည်ကျော်သိုင်းပညာ တစ္ဆေရဲဒင်းလက်ဝါးပင်။
သူ့လက်ဝါး၏ အရှိန်အဟုန်နှင့်အတူ လည်အားတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလည်အားမှာ ဆန်းကြယ်ပြီး အားပြင်းကာ တဝီဝီ လည်ပတ်နေသော ပုဆိန်ပျံတစ်လက်နှင့် ဆင်တူပြီး ပြိုင်ဘက်၏ ခံစစ်ကို ချိုးဖြတ်ရန် အထူး ပြုလုပ်ထားသည်။ ၎င်းက အားပြင်းပြီး ချွန်မြသော်လည်း ၎င်း၏အပြောင်းအလဲများကြောင့် ခန့်မှန်း၍ မရနိုင်ကာ တိုက်ခိုက်ခံရသူအဖို့ ခုခံရန် ခက်ခဲသည်။
၎င်းမှာ ခက်ထန်၍ အားပြင်းသည့်အပြင် ၎င်းအထဲတွင် လျှို့ဝှက်၊ လှည့်စားတတ်သော စွမ်းအားတစ်ခု ပါဝင်ကာ တစ္ဆေများ၊ နတ်ဘုရားများက ပုဆိန်များကို တိတ်တဆိတ် ကိုင်ဆွဲထားသည့်အလား အခြားသူများကို အငိုက်ဖမ်းပြီး ဒဏ်ရာရစေနိုင်သည်။
တစ္ဆေရဲဒင်းအဘိုးအိုနှင့် ကျင့်ကြံမှု မတိမ်းမယိမ်းရှိသော သူများတောင်မှ ဤအချက်ကို ကြိုတင်မသိထားဘဲ ရင်ဆိုင်မိလျှင် ခံစားသွားရနိုင်သည်။
အနက်ရောင်ပုဆိန်ပျံလေပွေများအနက် အချို့သည် ထူးဆန်းသော အလင်းကွေးသဏ္ဌာန် လှုပ်ရှားလျက် ဝါဒတောင်အကြီးအကဲ၏ရွှေကမ္ဗလာလက်ဝါးစွမ်းအားကို ရှောင်တိမ်းသွားကြသည်။ ကျန်အနက်ရောင်ပုဆိန်ပျံလေပွေများမှာမူ တဝီဝီ လည်ပတ်ရင်း ထိုရွှေရောင်ကြိုးများကို တစ်ချောင်းပြီးတစ်ချောင်း ဖြတ်တောက်သွားကြသည်။
ဝါဒတောင်အကြီးအကဲက နေသူတော်စင်ဂိုဏ်း၏မျက်လုံးတစ်ဖက်လပ်အကြီးအကဲနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့နေသည်ကို အခွင့်ကောင်းယူပြီး တစ္ဆေရဲဒင်းအဘိုးအို၏ ကောင်းကင် ပိတ်ကွယ်နိုင်သော တိုက်ခိုက်မှုက ရန်ကျောက်ကဲနှင့် အခြားသူများထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
ရန်ကျောက်ကဲ၏မျက်လုံးထဲတွင် အနက်ရောင်အလင်းများကိုသာ မြင်ရပြီး ထိုအခိုက်တွင် ကမ္ဘာကြီးတစ်ခုလုံး ပြိုကွဲပျက်စီးသွားတော့မည်ဟု ခံစားနေရသည်။
အဆုံးမဲ့ငရဲများကို ရောက်သွားသည့်အလား သူ့နားထဲတွင် ထောင်ပေါင်းများစွာသော တစ္ဆေသရဲများ၏ သွေးပျက်မတတ် စူးစူးရှရှအော်ဟစ်သံများကို ကြားနေရသည်။
အားဟူ၊ ရှုချွမ်နှင့် အခြားသူများသည်လည်း အလားတူပင် ခံစားနေရသည်။ သိုင်းဆရာသခင်တစ်ယောက်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ ပြန်လည်တိုက်ခိုက်ဖို့ နေနေသာသာ မည်သို့ ရှောင်တိမ်းရမှန်း၊ ခုခံရမှန်းပင် သူတို့ မသိတော့ပေ။
“အား…..၊ သခင်လေးရန် ဒါကိုလဲ သခင်လေးရန် ကြိုတင်ခန့်မှန်းထားတာပဲလား”
ရှုချွမ်၏ နာကျင်နေသောအသံကိုကြားသော် ရန်ကျောက်ကဲ သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။
“တကယ်တော့… မဟုတ်ဘူး”
ရန်ကျောက်ကဲသည် သူ့ရှေ့မှ ရှုချွမ်ကိုကြည့်လျက် ခါးသက်စွာရယ်မောရင်း ခေါင်းယမ်းလိုက်သည်။
“တစ္ဆေရဲဒင်းအဘိုးအိုဟန်ရှန်းရောက်လာတာဟာ မမျှော်လင့်ထားတဲ့ အပိုဆုလဒ်တစ်ခုလို့ ဆိုနိုင်တယ် ၊ ပုံမှန်အတိုင်းဆို သူနဲ့ ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်သာ စဉ်းစားဉာဏ်ရှိမယ်ဆို ထိပ်သီးနယ်မြေသုံးခု တိုက်ခိုက်နေတဲ့နေရာထဲ ဝင်ရှုပ်ရဲမှာ မဟုတ်ဘူး ၊ အဲ့ဒါကြောင့် သူ ပေါ်လာတာကို အံ့အားသင့်ဝမ်းမြောက်စရာတစ်ခုလို့ သတ်မှတ်ချင်တယ်”
ရှု့ချွမ် ကြောင်အသွားသည်။
ရန်ကျောက်ကဲက အေးအေးလူလူ ဆက်ပြောသည်။
“ဟန်ရှန်းက သူ့သွေးသောက်ညီလေး ရီကျင်းအတွက် လက်စားလာချေတာလား၊ သရဲတွေပဲ သွားလိမ်လို့ရမယ်”
“သူက ကျွန်တော့်ဆီက တစ်ခုခု လိုချင်နေတာပဲ၊ အကြောင်းအရင်းတော့ တိတိကျကျ မသိရသေးပေမယ့် ဒီအဓိပ္ပာယ်က ကျွန်တော့်ဆီက တစ်စုံတစ်ခုက အရမ်း အရေးကြီးတယ်ဆိုတာပဲ”
ထိုအခိုက်တွင် တဝီဝီ ပျံသန်းနေသော ဧရာမအနက်ရောင် ပုဆိန်ပျံကြီးများသည် သူတို့ ရှေ့သို့ ရောက်လာလေပြီ။
ဧရာမ ပုဆိန်တစ်လက်စီတိုင်းက သာမန်အိမ်တစ်လုံးထက်ပင် ပိုကြီးလေသည်။ သူတို့လည်ပတ်ပျံသန်းလာသောအခါ ကောင်းကင်နှင့် မြေကြီးကိုပင် အစိတ်စိတ်အမွှာမွှာ မွှေရမ်းနိုင်မည်ဟု ထင်ရသည်။
သို့သော်လည်း ရန်ကျောက်ကဲ၏မျက်နှာက မပြောင်းလဲဘဲ လက်ဖျောက်ပင် တီးလိုက်သေးသည်။
“အဲဒီဟာက ငါသိထားတာတွေထက် ပိုအရေးကြီးတယ်၊ ငါကိုယ်တိုင်တောင် သတိမထားမိတဲ့ လျှို့ဝှက်ချက်တစ်ခုကို ငါက ပိုင်ဆိုင်ထားတာပဲ ၊ ဒါက ဝမ်းမြောက်စရာကောင်းတဲ့ အံ့အားသင့်ဖွယ်ကိစ္စတစ်ခု မဟုတ်ဘူးလား”
သူ့စကားပင် မဆုံးသေးခင် ပတ်ဝန်းကျင်သည် ရုတ်တရက် ပြောင်းလဲသွားသည်။
သူတို့ခေါင်းအထက်ရှိ ကောင်းကင်၌ တိမ်တိုက်အားလုံး ရုတ်တရက်ပေါင်းဆုံကာ ရွှေရောင် ပြောင်းလဲသွားသည်။
ရွှေရောင်တိမ်တိုက်အလွှာ၏အလယ်ဗဟိုတွင် ဧရာမ ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ တိမ်တိုက်အားလုံးမှ စွမ်းအားများ ဝဲဂယက်ထဲတွင် စုစည်းသွားကာ ဧရာမ ခြေဖဝါးကြီးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မှ ကျဆင်းလာသည်။
ထိုခြေဖဝါးမှာ နေကို ပိတ်ကွယ်ကာ ကောင်းကင်ကို အမှောင်ကျနိုင်လောက်သည်အထိ ကြီးမားလွန်းလှပြီး ဧရာမ နတ်ဘုရားတစ်ပါးက ခြေဖဝါးဖြင့် နင်းချေလိုက်သကဲ့သို့ပင်။
ဧရာမ ခြေဖဝါးကြီး ဆင်းသက်လာသောအခါ ကီလိုမီတာ ငါးဆယ်ပတ်လည်ရှိ လေထု အေးခဲသွားသည်။ လေ မတိုက်ခတ်နိုင်တော့သလို တိမ်များလည်း မရွေ့လျားနိုင်တော့ဘဲ ထိုနေရာ၏ ရှိရင်းစွဲ နေရောင်ပင် တောက်ပသော သလင်းကျောက်သဏ္ဌာန် အမှုန်ကလေးများအဖြစ် ပြောင်းလဲသွားသည်ဟု ခံစားရသည်။
ဆန့်ကျင်ဘက်အားဖြင့် ထိုကီလိုမီတာငါးဆယ်ပတ်လည်၏ အပြင်ဘက်၌ ဧရာမ ချီလှိုင်းလုံးကြီးများ ကြွတက်လာကာ အရပ်မျက်နှာတိုင်းကို စဉ်ဆက်မပြတ် ပျံ့နှံ့၍ ရိုက်ခတ်သွားပြီး တောင်တန်းများပင် ပြိုကျတော့မည်ဟု ထင်ရသည်။
ယင်းဧရာမ ခြေဖဝါး မြေပေါ်သို့ မကျရောက်သေးခင် ၎င်း၏အရိပ်က ဦးစွာ ကျရောက်လာသောအခါ ဟန်ရှန်း၏ ဧရာမ ပုဆိန်ပျံများ လည်ပတ်နေရာမှ ရပ်တန့်သွားပြီး ထူးဆန်းစွာဖြင့် လေထဲမှာ ငြိမ်သက်သွားသည်။
လူတိုင်းသည် အထိတ်တလန့်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲနှင့် ဝါဒတောင်၏သိုင်းဆရာသခင်ကသာ အမူအရာမပြောင်းလဲဘဲ ရှိနေသည်။
ရန်ကျောက်ကဲသည် ဧရာမ ရွှေခြေဖဝါးကြီးကို မော့ကြည့်လျက် ပြုံးရင်း ဂါဝရပြုလိုက်သည်။
“ပထမဦးလေး၊ ရောက်လာပြီပဲ”
ရန်ကျောက်ကဲ၏ခေါ်ဝေါ်သုံးနှုန်းပုံကို ကြားသောအခါ လူတိုင်း နောက်တစ်ခါ ထိတ်လန့်သွားသည်။
ဟန်ရှန်းသည် ဧရာမ ရွှေခြေဖဝါးကြီး၏ ဖိအားကြောင့် ဧရာမ ပုဆိန်ပျံ တစ်လက်ပြီး တစ်လက် ကြေမွသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။
“သံမဏိခြင်္သေ့ဘုရင် ရှီတိလား”
အလားတူပင် နေသူတော်စင်ဂိုဏ်း၏ မျက်လုံးတစ်ဖက်လပ်အကြီးအကဲသည်လည်း အံ့အားသင့်သွားသည်။
“သံမဏိခြင်္သေ့ဘုရင်က ဘယ်လိုလုပ် အရှေ့ထန်ကို မြန်မြန်ဆန်ဆန် ရောက်လာတာလဲ”
ဝါဒတောင်၏အကြီးအကဲလည်း ဤသည်ကို အတော်မျှော်လင့်မထားပေ။
“ရှောင်ရှန်းက ရန်ကျောက်ကဲသတ်တာ ခံလိုက်ရတယ်၊ ဒါကို ဂိုဏ်းက သိတော့ ထိပ်တန်းကျင့်ကြံသူတချို့ စေလွှတ်ပေးမယ်လို့ အသိပေးထားပေမယ့် အကြီးအကဲရှီ ရောက်တာ မမြန်လွန်းဘူးလား”
ရှုချွမ်၊ ကျောက်ယွမ်နှင့် အခြားသူများကတော့ ဝမ်းမြောက်နေကြသည်။
“အကြီးအကဲရှီ”
လူကိုယ်တိုင် မပြသသေးသော်လည်း သူ ဘယ်သူ ဖြစ်မှန်း လူတိုင်းက သိပြီးသားဖြစ်သည်။
ဝါဒတောင်သူရဲကောင်းသုံးဖော်တွင် တစ်ယောက်အပါအဝင်ဖြစ်သော ဝါဒတောင်စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့် အကြီးအကဲ။
အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် ထင်ပေါ်ကျော်ကြားသော သိုင်းဆရာသခင်အဆင့် ထိပ်တန်းကျင့်ကြံသူ သံမဏိခြင်္သေ့ဘုရင်ရှီတိပင်။
သူ့ကျင့်ကြံမှုက ဝါဒတောင်၊ အရှေ့ကောင်းကင်ဒေသ၏ ပထမအဆင့်အကြီးအကဲချင်နှင့် နေသူတော်စင်ဂိုဏ်း၏အရှေ့တက်နေဝန်းဘုရင်တို့ထက်ပင် ပိုမို မြင့်မားသည်။
ရှီတိ ကိုယ်တိုင် လူလုံးထွက်မပြသေးသော်လည်း ဤအကွက်ဖြင့်ပင် သူဖြစ်ကြောင်း သံသယဖြစ်စရာ မရှိတော့ပေ။
တိမ်လွှာများကြားမှ ဩဇာတိက္ကမနှင့် ပြည့်စုံသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဒီက ကိစ္စတွေ ရှင်းပြီးမှပဲ စကားပြောတာပေါ့”
ထိုအသံ ဆုံးသည်နှင့် ဧရာမ ရွှေခြေဖဝါးကြီး ဆက်လက် ဆင်းသက်လာသည်။
ဧရာမ ခြေဖဝါးကြီး၏အောက်တွင် လေဟာနယ်ပင် အဆက်မပြတ် လှုပ်ခါလာသည်။ အဝေးမှ ကြည့်လျှင် လေဟာနယ်သည် တွန့်လိမ်နေပြီး အချိန်မရွေး ပြိုကျနိုင်သည်ဟု ထင်ရသည်။
ထိုအခိုက်တွင် တိမ်တိုက်များကြားမှ ဆင်းသက်လာသော ဧရာမ ခြေထောက်ကြီးသည် မိုးကြိုးလက်နက်အဖြစ် အသွင်ပြောင်းလဲသွားပြီး ၎င်းနှင့် ထိတွေ့သမျှ အရာအားလုံး အမှုန့်ဖြစ်သွားကြသည်။
တစ္ဆေရဲဒင်းအဘိုးအို နောက်လှည့်၍ သုတ်ချေတင် ပြေးနေလေပြီ။
သူ့ရှေ့က လူသည် သူနှင့် အကြိမ်များစွာ တိုက်ခိုက်ဖူးသော်လည်း သူ့ကို ဘာမှ မလုပ်နိုင်ခဲ့သော ရန်ရှု့ မဟုတ်ပေ။ ရန်ရှု့ထက် အများကြီး ပိုမို အစွမ်းထက်သော ပုဂ္ဂိုလ်ဖြစ်သည်။
သို့သော်လည်း ဟန်ရှန်း ပိုမို ပြေးလေလေ သူက တစထက် တစ ပိုမို နှေးကွေးလေးလံလာသည်ဟု ခံစားမိလေဖြစ်သည်။
သူ့ကိုယ်သူ ပြန်ကြည့်လိုက်သောအခါ နေရာ၌ ရပ်နေသည့်အလား အနည်းငယ်မျှပင် မရွေ့လျားသွားသည်ကို တွေ့ရှိသွားသည်။
သူ့အတွက် တစ်လက်မမျှသော အကွာအဝေးက ကမ္ဘာကြီး၏အစွန်းတစ်ဖက်ကဲ့သို့ ဝေးလံနေသည်ဟု ခံစားနေရသည်။
ရန်ကျောက်ကဲနှင့် အခြားသူများ ဘေးတစ်ဖက်၌ ကြည့်နေစဉ် ဧရာမ ရွှေခြေဖဝါးကြီးက ကောင်းကင်မှ ဆင်းသက်လာပြီး တစ္ဆေရဲဒင်းအဘိုးအိုဟန်ရှန်းအား ဖိနင်းသွားသည်ကို သူတို့ တွေ့လိုက်ရသည်။
တိမ်များဖြင့် ဖွဲ့စည်းထားသော ဧရာမရွှေခြေဖဝါးကြီးသည် လှောင်ချိုင့်တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ဟန်ရှန်းကို အထဲတွင် လှောင်ပိတ်ထားသည်။
ကောင်းကင်၌ တိမ်များ လွင့်ပျယ်သွားပြီး လူပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
ထိုလူမှာ ထွားကြိုင်းသည်ဟု သတ်မှတ်နိုင်သော အားဟူထက်ပင် ခေါင်းတဝက် မြင့်မားသော ပုဂ္ဂိုလ်ဖြစ်သည်။
သူ့အသားအရည်မှာ မည်းနက်၍ ကြေးနီရောင်သန်းနေသည်။ သူ၏ထွားကြိုင်းသော ကိုယ်ထည်ဖြင့် ထိုနေရာ၌ ရပ်နေသည်မှာ အလွန်အမင်း မာကျောသော မဖျက်စီးနိုင်သော အနက်ရောင် သံမဏိမျှော်စင်တစ်ခု ရပ်တည်နေသကဲ့သို့ပင်။
လေးထောင့်ပုံမျက်နှာနှင့် ဓားဖြင့် ထွင်းထုထားသကဲ့သို့ တိတိရိရိရှိသော ရုပ်ရည်အသွင်အပြင်တို့ကြောင့် သူသည် ချောမောသည်ဟု မဆိုနိုင်။ သို့သော်လည်း ယောကျာ်းပီသမှုနှင့် ခန့်ညားထည်ဝါမှုတို့က လိုက်လျောညီထွေဖြစ်စွာ ပေါင်းစပ်ထားသည်။
ထိုပုဂ္ဂိုလ်၏ပုံပန်းသွင်ပြင်ကို အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးက သိကြလေသည်။
ထိုသူမှာ ဝါဒတောင် ၊ စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့်အကြီးအကဲ ရှီတိပင်တည်း။
နေသူတော်စင်ဂိုဏ်းအကြီးအကဲ၏မျက်နှာက အလွန်အကျည်းတန်သွားသည်။
“ရှီတိက ဒီမတိုင်ခင်က ဝါဒတောင်မှာ ရှိနေပြီး ရှောင်ရှန်းသေတဲ့ သတင်းကို ကြားလို့ မြန်မြန် ပြေးလာတယ်ဆိုရင်တောင် ဒီလိုအချိန်တိုအတွင်း သူ ဒီကို မရောက်နိုင်သေးဘူး”
“သူက အရှေ့ကောင်းကင်ဒေသကို လမ်းကြုံလို့ ရောက်နေတာလား ဒါမှမဟုတ် အရင်ကတည်းက ရောက်နေပြီး ကြိုတင် စောင့်ဆိုင်းနေတာလား”
ရန်ကျောက်ကဲသည် ပျင်းရိနေသော အမူအရာဖြင့် ရပ်မြဲနေရာ၌သာရပ်လျက် သူ့အား ကြည့်နေ၏။
မျက်လုံးတစ်ဖက်လပ်အကြီးအကဲသည် ရန်ကျောက်ကဲအား အစိမ်းလိုက် ဝါးစားချင်သည့်အလား စူးစူးရဲရဲ ကြည့်လိုက်သည်။
“ငါ့ကို မကြည့်နဲ့၊ မင်း အပြစ်တင်ချင်ရင် ရန်ရှုကိုသာ အပြစ်တင်ပေတော့”
ရန်ကျောက်ကဲက ပုခုံးတွန့်ပြလိုက်သည်။
“ဒါ အစက သူ့အတွက် ပြင်ဆင်ထားတာပဲ၊ မင်းတို့က အရံပွဲပေါ့၊ ဒါပေမယ့် အခြေအနေအပြောင်းအလဲတွေကြောင့် ရန်ရှုက အရံပွဲဖြစ်သွားပြီထင်တယ်”