အခန်း (၈၇) ဒါကလည်း မင်းရဲ့ခန့်မှန်းချက်တွေထဲကလား
ရန်ကျောက်ကဲသည် အပေါ်သို့ မော့ကြည့်လိုက်ရာ မျက်လုံးတစ်ဖက်လပ်အကြီးအကဲက တောင်များစွာကို ကျော်ဖြတ်၍ လေထဲတွင် လမ်းလျှောက်လာသည်ကို တွေ့ရသည်။
မျက်လုံးတစ်ဖက်လပ်အကြီးအကဲသည် သူ့အောက်မှ နေရာတစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် သူ့အကြည့်က ရန်ကျောက်ကဲထံသို့ ကျရောက်သွားသည်။ “ငါ ထင်တဲ့အတိုင်းပဲ၊ မင်း ဒီတစ်ခါ ဘယ်နေရာကို ပြေးမလဲ ငါ ကြည့်ချင်တယ်”
“ရန်ကျောက်ကဲ၊ တော်တော် သတ္တိကောင်းတဲ့ ခွေးပါလား”
“ပထမ၊ ငါတို့ နေသူတော်စင်ဂိုဏ်းက သစ္စာဖောက်လာတဲ့ တပည့်ကို မင်းက ခိုလှုံခွင့်ပေးတယ်၊ အခု ငါတို့နေသူတော်စင်ဂိုဏ်းရဲ့တပည့်ကိုပါ သတ်ပစ်ရဲတယ်ပေါ့”
“ရှောင်ရှန်းကို လုပ်ခဲ့တာအတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်”
ရန်သူ၏အကြည့်က သူ့ပေါ်သို့ စူးစိုက်ကျရောက်နေသောအခါ ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်နေပြီး ရန်ကျောက်ကဲသည် သူ့ကိုယ်တွင်းအင်္ဂါများ ပြာကျတော့မလို သူ့ခန္ဓာကိုယ်က မီး‘တောက်တော့မလို ခံစားနေရသည်။
သို့သော်လည်း ရန်ကျောက်ကဲ၏မျက်နှာက မပြောင်းလဲပေ။ “ခင်ဗျားပြောချင်တာက ကျွန်တော် လည်စင်းပေးပြီး ရှောင်ရှန်းသတ်တာ ခံရမယ်ပေါ့၊ အဲ့လိုလား”
“ရှောင်ရှန်းက ကျွန်တော့်ကို သတ်ချင်တယ်၊ အဲ့တာကြောင့် ကျွန်တော်က သူ့ကို သတ်လိုက်တယ်၊ ဒါက ရှင်းပါတယ်”
မျက်လုံးတစ်ဖက်လပ်အကြီးအကဲ မျက်ခုံးပင့်လိုက်ကာ သူ့မျက်လုံးထဲတွင် ခက်ထန်သော အလင်းတစ်ခု ပေါ်ပေါက်လာသည်။
သူ့အမူအရာအရ သူ့ရှေ့မှ လူသည် ဝါဒတောင်၌ မွေးလာသော ရန်ကျောက်ကဲမဟုတ်ဘဲ သာမာန် ဂိုဏ်းငယ်၊ မျိုးနွယ်စုငယ်လေးမှ သာမာန်ကျင့်ကြံသူတစ်ယောက်သာဖြစ်သည်။ ဤသို့သော လူများ နေသူတော်စင်ဂိုဏ်း၏လူများလက်၌ သေရသည်မှာ ဂုဏ်ယူစရာပင် ကောင်းသေးသည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။
သူသည် ရန်ကျောက်ကဲအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ “အို?”
“ကောင်းပြီ၊ ဒီလူအိုကြီးက မင်းကို သတ်ချင်တယ်၊ မင်း ဘာလုပ်နိုင်မလဲ ငါသိချင်တယ်၊ ဒီလူအိုကြီးကို သတ်မှာလား”
ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ သို့သော် ဘာစကားမှ မပြောချေ။
ထိုစဉ် သူ့နောက်မှ အသံတစ်ခု ပဲ့တင်လာ၏။ “မင်း သူ့ကို သတ်လို့မရဘူး”
လေပြင်းများ တိုက်ခတ်သွားပြီး အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
ပုံရိပ်တစ်ခု လေဟုန်စီး၍ ရောက်ရှိလာသည်။ သူ ပါးစပ်ဖွင့်၍ စကားစပြောလိုက်စဉ်က အတော်ဝေးကွာသော နေရာ၌ ရှိနေသော်လည်း သူ့ စကားမဆုံးသေးခင်မှာပဲ အနီးသို့ ရောက်ရှိနေလေပြီ။
ရောက်လာသူမှာ ပိန်ကျုံလီနေသော အဘိုးအိုတစ်ဦးဖြစ်သည်။ ထိုအဘိုးအိုသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဖြည်းဖြည်းမှန်မှန်ဖြင့် လျှောက်လာ၏။
ရန်ကျောက်ကဲက ပြုံးလျက် ပြောလိုက်သည်။ “အကြီးအကဲ၊ ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ပိန်ကျူံလီနေသောအဘိုးအိုက အမှုမထားဟန်ဖြင့် သူ့လက်ကို ယမ်းလိုက်သည်။ “ရပါတယ်”
ထိုအဘိုးအိုသည် မျက်လုံးတစ်ဖက်လပ်အကြီးအကဲရှေ့သို့ ရောက်လာပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ဒီလူအိုကြီးရဲ့ရှေ့မှာ ဝါဒတောင်ရဲ့ တပည့်တစ်ယောက်ကို မင်းဘယ်လိုသတ်မလဲဆိုတာ ဒီလူအိုကြီး ကြည့်ချင်တယ်”
ထိုပိန်ကျုံလီနေသော အဘိုးအို ပေါ်လာသည်ကို မြင်သောအခါ ရှု့ချွမ် ချက်ချင်းပင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ “ငါတို့ဂိုဏ်းက အကူအညီတွေ ရောက်လာပြီပဲ”
“ငါထင်တဲ့အတိုင်းပဲ၊ သခင်လေးရန်က အန္တရာယ်ကြား လက်လွတ်စပယ် သွားမှာမဟုတ်ဘူး၊ သူလုပ်တဲ့အရာတိုင်းကို သေချာစဉ်းစားပြီးမှ လုပ်တာပဲ”
နေသူတော်စင်ဂိုဏ်းသည် အကူအညီအနေဖြင့် ထိပ်တန်းကျင့်ကြံသူတချို့ကို အရှေ့တန်သို့ စေလွှတ်လိုက်သည်။
ရှောင်ရှန်းကို ရန်ကျောက်ကဲ သတ်ဖြတ်လိုက်သော သတင်းကို ရရှိပြီးနောက် ဝါဒတောင်ဂိုဏ်းကလည်း သည်အတိုင်း ထိုင်မနေပေ။
နှစ်ဖက်စလုံးက တုံ့ပြန်ရန် အချိန်တချို့ လိုအပ်နေခြင်းသာဖြစ်သည်။
နှိုင်းယှဉ်ကြည့်ပါက အရှေ့တန်နိုင်ငံသည် အတော် ဝေးကွာသော်လည်း တကယ်တော့ ၎င်းမှာ ကောင်းကင်နယ်မြေ၌သာ ရှိလေရာ ဝါဒတောင်ဂိုဏ်းက စစ်ကူပို့ရန် ပိုမို လွယ်ကူလေသည်။
နှစ်ဖက်မှ အုပ်စုများသည် ကြုံသည့် နေရာများ၌ တိုက်ပွဲဖြစ်ပွားကြရာ တကယ့်တိုက်ခိုက်နေသည့်နေရာများကို သိနိင်ရန် မလွယ်ကူပေ။
လှုပ်ရှားမှုများနှင့် တည်နေရာများကို မည်မျှ တိတိကျကျ ခန့်မှန်းနိုင်မည်လောဆိုသည်က အရှေ့တန်တွင် သူတို့ ပိုင်ဆိုင်ထားသော ဩဇာနှင့် လွှမ်းမိုးမှုအပေါ်တွင် မူတည်၏။
ကျောက်ယွမ်အန္တရာယ်နှင့် ကြုံတွေ့ရပြီး ရန်ကျောက်ကဲ ချုံခိုတိုက်ခိုက်ခံရသည်ကို ကြည့်ပါက ရန်ရှု့သည် ရန်သူ၏ တည်နေရာကို တိတိကျကျအတည်မပြုနိုင်ဘဲ သူ့တာဝန်၌ အမှားကျူးလွန်မိသည်ကို ထင်ရှားစွာ မြင်နိုင်လေသည်။
ရှု့ချွမ်သည် သူ့နှလုံးသားထဲမှ အနည်းငယ် အေးစိမ့်မှုကို ခံစားရသည်။ “ဒါ ရန်ရှု့ တမင်သက်သက် လုပ်နေတာလား”
“သူ ရူးသွားပြီလား၊ ဒါ အမှားလေးတစ်ခုပဲလို့ သူ့ဘက်က စောဒကတက်ရင်တောင်မှ အနည်းဆုံးတော့ အမှားအတွက် သူ တာဝန်ယူရမှာပဲ”
သို့သော်လည်း သူ ခန့်မှန်းထားသလို ရန်ကျောက်ကဲက အမှန်တကယ် ကြိုတင်ပြင်ဆင်ထားသည်ကို မြင်ရခြင်းကြောင့် ရှု့ချွမ်မှာ စိတ်သက်သာရာရမိသည်။ ရန်ကျောက်ကဲနှင့် အန္တရာယ်ကြား စွန့်စား၍ လိုက်လာသည်မှာ မှန်ကန်သည်ဟု တွေးမိသည်။
နေသူတော်စင်ဂိုဏ်းအကြီးအကဲက သူ့ရှေ့မှ ဝါဒတောင်၏သိုင်းဆရာသခင်ကို ကြည့်၍ အေးစက်စက် ပြောလိုက်သည်။ “ငါတို့ ကျင့်ကြံမှုအဆင့်တွေက အတူတူပဲ၊ မင်းကသူ့ကို ကာကွယ်နိုင်မယ်လို့ထင်လား”
စကားပြောနေရင်း သူ့လက်ကို မြှောက်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ တောက်ပနေသော ရွှေရောင် နေအလင်းတန်းများက သူ့လက်ဝါးထက်တွင် တစ်ခုတည်းအဖြစ် စုစည်းသွားသည်။
ထို့နောက်တွင် နေကို မလိုက်သည့်အလား သူ့လက်ဝါးဖြင့် အောက်သို့ ရိုက်ချလိုက်သည်။
လေဝိဉာဉ်တောင်ကြား၌ နေသူတော်စင်ဂိုဏ်း၏ အခြားသိုင်းဆရာသခငိ အသုံးပြုခဲ့သော ကောင်းကင်နတ်ဘုရားလက်ဝါးထက် ဤသိုင်းဆရာသခင်၏ ကောင်းကင်နတ်ဘုရားလက်ဝါးက ပိုမို အစွမ်းကြီးမားလေသည်။
ကျောက်ယွမ်နှင့် အခြားသူများသည်လည်း စိတ်လှုပ်ရှားသွားကြသည်။
မျက်လုံးတစ်ဖက်လပ်အကြီးအကဲ ပြောသလိုပင် နှစ်ယောက် တူညီသောခွန်အားကို ပိုင်ဆိုင်ထားစဉ် တစ်ယောက်က သတ်ချင်သောသူကို အခြားတစ်ယောက်က ကာကွယ်ပေးချင်ပါက ကာကွယ်ပေးချင်သော လူမှာ အောက်စီးသို့ ရောက်သွားကာ လက်ဦးမှုမှာလည်း ရန်သူဘက်သို့ ကျရောက်လုနီးပါး ဖြစ်သွားနိုင်သည်။
သူ ကာကွယ်နေသော လူအပေါ် အလွန်အမင်း အာရုံစိုက်လွန်းပါက သူ့ကိုယ်သူ ခုခံရာ၌ ဟာကွက်များ ပေါ်လာနိုင်ကာ ရန်သူက အမိအရ အသုံးချသွားနိုင်သည်။
ထိုအချိန်ရောက်ပါက ကာကွယ်သူနှင့် ကာကွယ်ခြင်းခံရသောလူ နှစ်ဦးစလုံးသည် ရန်သူ၏ စဉ်းနှီးတုံးပေါ်မှ ငါးများ ဖြစ်သွားနိုင်ကာ လည်စင်းပေးရဖွယ် ရှိသည်။
သို့တိုင်အောင် ထိုပိန်ကျုံလီနေသော အဘိုးအိုက လုံးဝ အေးအေးဆေးဆေးပင်။ အလျင်လိုခြင်း မရှိသလို စိတ်မရှည်ခြင်းလည်း မရှိပေ။ “ဒီလူအိုကြီး ဒီရောက်နေမှတော့ တပည့်တွေကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလို့ပေါ့”
“မင်းအပြင် တခြားလူရှိသေးရင် ငါပြောရဲမှာ မဟုတ်ဘူး၊ မင်း တစ်ယောက်တည်းကတော့ သေချာတာပေါ့”
ထိုသို့ ပြောပြီးနောက် သူ့လက်များကို ကြက်ခြေခတ်သဏ္ဌာန် ယှက်လိုက်ရာ လက်ဝါးပြင်နှစ်ခုလုံး၌ ရွှေရောင် ခပ်ဖျော့ဖျော့ တောက်ပလာသည်။
မရေမတွက်နိုင်သော လက်ဝါးရိပ်များ အရပ်မျက်နှာတိုင်းသို့ စတင် ဖြန့်ကျက်သွား၏။ ရွှေရောင်ကြိုးများနှင့် ဆင်တူသော ရွှေရောင်အလင်းစီးကြောင်းများ လေထဲတွင် အပြန်အလှန်ယှက်နွယ်သွားပြီး ကောင်းကင်နှင့်မြေကြီးကို ချည်နှောင်လျက်ရှိသည်။
နေသူတော်စင်ဂိုဏ်းအကြီးအကဲ၏ ကောင်းကင်နတ်ဘုရားလက်ဝါး ဆင်းသက်လာသောအခါ မရေမတွက်နိုင်သော ရွှေရောင်ကြိုးများက ၎င်းကို ဝန်းရံ၍ တုတ်နှောင်လိုက်သည်။
အလွန်တရာမျှ နူးညံ့ပျော့ပြောင်းသော်လည်း အလွန်ခိုင်မာသော စွမ်းအားကြောင့် နေသူတော်စင်ဂိုဏ်းသိုင်းဆရာသခင်၏ အားပါပြင်းထန်သော လက်ဝါးချက်မှာ အဆက်မပြတ် လျော့ပါးသွားကာ ခေတ္တမျှ မလွတ်မြောက်နိုင်ဘဲ ဖြစ်သွားသည်။
“ရွှေကမ္ဗလွှာလက်ဝါးလား” မျက်လုံးတစ်ဖက်လပ်အကြီးအကဲ မျက်ခုံးပင့်သွားသည်။
လက်ရှိတွင် သူ့ပြိုင်ဘက် ထုတ်ဖော်ပြသနေသော သိူင်းပညာမှာ ဝါဒတောင်ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက်သိုင်းပညာတစ်ရပ်ဖြစ်သော အစွန်းရောက်ရှစ်ပါးသိုင်းပညာရှစ်ရပ်၏ ရွှေကမ္ဗလွှာလက်ဝါးသိုင်းပင်ဖြစ်သည်။
ဘေးမှကြည့်နေသော ရန်ကျောက်ကဲကလည်း ခေါင်းငြိမ့်လိုက်သည်။ “ပြီးပြည့်စုံလုနီးပါး အဆင့်ကို ရောက်တော့မယ်”
နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲ၌ ရှိစဉ်က ထိုသိုင်းပညာကို ပိုမိုနက်နဲ၍ ခန့်မှန်းမရသောပုံစံဖြင့် အကြီးအကဲခုံ ထုတ်ဖော်ပြသခဲ့သည်ကို ရန်ကျောက်ကဲ မြင်ခဲ့ရသည်။ သို့သော်လည်း ၎င်းမှာ အကြီးအကဲခုံ၏ ပိုမိုမြင့်မားသောကျင့်ကြံမှုကြောင့်ပင်ဖြစ်သည်။
ရွှေကမ္ဗလွှာလက်ဝါးသိုင်းကို ကျွမ်းကျင်မှုအရ သည်ပိန်ကျုံလီနေသော အကြီးအကဲမှာ ကျင့်ကြံမှုအဆင့်တူများထဲ၌ အထွတ်အထိပ်အဆင့်သို့ ရောက်နေလေပြီ။
ရွှေကမ္ဗလွှာလက်ဝါးသိုင်းကို ထုတ်ဖော်ပြီးနောက် ပိန်ကျုံလီနေသော အကြီးအကဲ၏ပုံရိပ် ရုတ်ချည်း တုန်ခါသွားကာ တစ္ဆေတစ်ကောင်အလား မှုန်ဝါးဝါးဖြစ်သွားပြီး လေကဲ့သို့ သွက်လက်စွာ လှုပ်ရှားလျက်ရှိသည်။
၎င်းမှာ နောက်ထပ်အစွန်းရောက်ရှစ်ပါးသိုင်းပညာရပ်များထဲမှ တစ်ခုဖြစ်သော လေမီးကပ်ဘေးများပင်။
မီးကပ်ဘေးကဲ့သို့ စွမ်းအားထည့်သွင်းပြီး လေကပ်ဘေးကဲ့သို့ ရွေ့လျားခြင်းဖြစ်သည်။
ထိုအခိုက်တွင် ပိန်ကျုံလီသော အကြီးအကဲသည် သူ့ပြိုင်ဘက်က တက်စနေ၏ခုန်ပျံခြင်းသိုင်းဖြင့် အလစ်တိုက်ခိုက်နိုင်မည့် လမ်းကြောင်းအားလုံးကို လုံးဝ ပိတ်ဆို့လိုက်သည်။
နေသူတော်စင်ဂိုဏ်းအကြီးအကဲမှာ နဖူးမှ အငွေ့တထောင်းထောင်းထလာသည်အထိ ဒေါသထွက်သွားသည်။
တစ်ဖက်လူ၏ကျင့်ကြံမှုမှာ သူနှင့် တန်းတူဖြစ်သော်လည်း တစ်ဖက်လူ တိုက်ခိုက်သည့်ပုံစံမှာ အဆုံးစွန်ဆုံးအထိ နူးညံ့၍ ပြောင်းလွယ် ပြင်လွယ်ရှိခြင်းကြောင့် သူ့အနေဖြင့် ခွန်အားရှိသော်လည်း ထိရောက်အောင် မတိုက်ခိုက်နိုင်ဘဲ ဖြစ်နေသည်။
ပိန်ကျုံလီသော အကြီးအကဲက သူ့အား အနိုင်ယူရန် မဖြစ်နိုင်ပေ။ အလားတူပင် သူသည်လည်း ထိုအကြီးအကဲ၏ခံစစ်ကို ထိုဖောက်နိုင်မည့် နည်းလမ်းမရှိပေ။
နေသူတော်စင်ဂိုဏ်း၏အကြီးအကဲသည် ရန်ကျောက်ကဲနှင့် အခြားသူများအား ဒုက္ခပေးဖို့ကို မပြောနှင့်၊ ပိန်ကျုံလီသောအကြီးအကဲကိုပင် မကျော်ဖြတ်နိုင်သေးရာ အတော် စိတ်ကသိကအောင့်ဖြစ်နေသည်။
“ကျောက်ကဲ မင်းတို့ သွားနှင့်တော့” ပိန်ကျုံလီသောအကြီးအကဲသည် ရန်သူ၏တိုက်ခိုက်မှုများကို ခုခံရင်း နူးညံ့စွာ ပြောလိုက်သည်။
ရန်ကျောက်ကဲနှင့်အခြားသူများ ချက်ချင်း ထွက်ခွာသွားကြသည်။ သိုင်းဆရာသခင်နှစ်ယောက်က အင်အားအပြည့်ဖြင့် တိုက်ခိုက်ကြသောအခါ နောက်ဆက်တွဲ တုန်ခါလှိုင်းများကြောင့်ပင် ပတ်ဝန်းကျင်တစ်ခုလုံး ပြိုကျပျက်စီးကုန်သည်။
သို့သော် ရန်ကျောက်ကဲတို့အုပ်စု ဝေးဝေးသို့ မရောက်ခင် နားပင်းလောက်သည်အထိ ကျယ်လောက်သော ဘုဆတ်ဆတ်အသံတစ်ခု ပဲ့တင်လာသည်။ “မင်းတို့ ဘယ်မှ မသွားရဘူး”
ထိုအသံကို ကြားသောအခါ ရန်ကျောက်ကဲ အလိုအလျောက် မျက်ခုံးများ ပင့်လိုက်မိသည်။
“တစ္ဆေရဲဒင်းအဘိုးအို ဟန်ရှန်း!”
“ဒီလိုအခြေအနေမျိုးမှာတောင် သူက ပေါ်ပေါ်တင်တင် ထွက်လာရဲတာလား”
လည်ပတ်နေသော လေပွေသဏ္ဌာန် အနက်ရောင်မြူများထဲမှ ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်ရှည်ရှည်နှင့် အဘိုးအိုတစ်ယောက် ရုတ်တရက် ပေါ်လာသည်။
သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုထွက်ပေါ်နေကာ လက်ရှိတိုက်ခိုက်နေသော သိုင်းဆရာသခင်နှစ်ယောက်အောက် အနည်းငယ်မျှပင် မနိမ့်ပါးပေ။
၎င်းမှာ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် ခဏမျှ ပေါ်လာပြီး ရီကျင်းနှင့် ဆက်နွယ်မှုတချို့ရှိခဲ့သော တစ္ဆေရဲဒင်းအဘိုးအို ရှောင်ရှန်းပင်ဖြစ်သည်။
တစ္ဆေရဲဒင်းအဘိုးအို ပေါ်လာသည်နှင့် သူ့အကြည့်က ရန်ကျောက်ကဲပေါ်သို့ ကျရောက်သွားသည်။
ရန်ကျောက်ကဲက လှမ်းကြည့်လိုက်ရာ တစ်ဖက်လူ၏အကြည့်ထဲတွင် ရက်စက်မှုအပြင် လောဘအချို့နှင့် တစ်ခုခုကို စမ်းသပ်လိုသည့် ဆန္ဒတစ်ခု ပါဝင်နေသည်ကို မြင်လိုက်ရသည်။
“သူ ငါ့ဆီက တစ်စုံတစ်ခုကို လိုချင်နေတယ်” ရန်ကျောက်ကဲ ထိုသို့ ခန့်မှန်းမိသည်နှင့် သူ့စိတ်ထဲတွင် လျင်မြန်စွာ တွေးတောလိုက်သည်။
ထိုအရာက မည်သည့်အရာဖြစ်သည်ကို ရန်ကျောက်ကဲ သေချာ မစဉ်းစားရသေးခင် ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ ဟန်ရှုန်းက သူ့လက်ဝါးကို ဆန့်ထုတ်လိုက်ရာ အနက်ရောင်ချီများက ကောင်းကင်နှင့် နေကိုပင် ဖုံးကွယ်နိုင်သော ဧရာမ လက်ကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး ရန်ကျောက်ကဲ၏ခေါင်းကို ဆုပ်ကိုင်ရန် ဟန်ပြင်လိုက်သည်။
ပိန်ကျုံလီသော အကြီးအကဲသည် မျက်မှောင်ကုပ်လျက် လေမီးကပ်ဘေးများကို ချက်ချင်း အသုံးပြုလိုက်ကာ ဟန်ရှန်း၏ ရှေ့သို့ ပြေးဝင် တားဆီးလိုက်သည်။
သူ့ရွှေကမ္ဗလွှာလက်ဝါး၏စွမ်းအား ဖြန့်ကျက်သွားပြီး ချက်ချင်းပင် ဟန်ရှန်းကို ဆွဲသွင်းလိုက်သည်။
သို့သော် ထိုအတွက်ကြောင့် နေသူတော်စင်ဂိုဏ်းအကြီးအကဲအပေါ် ဖိအားက သိသိသာသာ လျော့ကျသွားသည်။
သူသည် တက်စနေဝန်း၏ခုန်ပျံခြင်းသိုင်းကို အသုံးပြုကာ ပိန်ကျုံလီသော အဘိုးအို၏ ရွှေကမ္ဗလွှာလက်ဝါး၏ အတားအဆီးများကို ဖျက်စီးပြီး ရန်ကျောက်ကဲထံသို့ ခုန်ဝင်လိုက်သည်။
ဤအခြင်းအရာကို ကြည့်နေသော ရှု့ချွမ်၏နှလုံးသားသည် ရင်ဘတ်အပြင်သို့ ခုန်ထွက်လုနီးပါးဖြစ်သွားပြီး သူ့မျက်နှာသည်လည်း အလွန် ဖြူဖျော့သွားသည်။
“သခင်လေးရန်၊ ဒါကလဲ သခင်လေးရဲ့ ခန့်မှန်းချက်တွေထဲကပဲလား”