အခန်း (၈၆) အချိန်က အရှားပါးဆုံးပဲ
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲ၏ အဘိုး ကောင်းကင်ခြေရာတိုင်းသူ ယွမ်ကျန်းဖန်မှာ သိုင်းဆရာသခင်အဆင့်သာရှိသေးသည်။
သူ့လက်အောက်ရှိ ဝါဒတောင်ဂိုဏ်း၏ အခြားသိုင်းဆရာသခင်သုံးဦးကိုတော့ ဝါဒတောင်သူရဲကောင်းသုံးဖော်အဖြစ် သတ်မှတ်ထားသည်။
ပထမတစ်ယောက်မှာ ရန်ကျောက်ကဲ၏အကြီးဆုံးဦးလေးဖြစ်သော ဝါဒတောင်စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့်အကြီးအကဲ သံမဏိခြင်္သေ့ ရှီထျဲ့ဖြစ်၏။
နောက်တစ်ယောက်မှာ ရန်ကျောက်ကဲ၏ဒုတိယဦးလေးဖြစ်သည့်အပြင် ဝါဒတောင်တာဝန်ခန်းမ၏ ပထမအဆင့်အကြီးအကဲလည်းဖြစ်သော “ပုန်းနေသောနဂါး” ဖန်ကျွင်းပင်။
နောက်ဆုံးတပည့်မှာ ရန်ကျောက်ကဲ၏အဖေဖြစ်သည့် ဝါဒတောင်သိုင်းအမွေအနှစ်ခန်းမ၏ ပထမအဆင့်အကြီးအကဲ ရန်တိဖြစ်သည်။
ထိုသိုင်းဆရာသခင်လေးယောက်နှင့် ဝါဒတောင်ဂိုဏ်း၏ အခြားထိပ်တန်းကျင့်ကြံသူများကိုပါ တွဲဖက်လိုက်ပါက အဓိပ္ပာယ်မှာ သိုင်းဆရာသခင်များ၏အင်အားအရ ဝါဒတောင်ဂိုဏ်းမှာ နေသူတော်စင်ဂိုဏ်းထက်ပင် သာလွန်သေးသည်။
ယွမ်ကျန်းဖန်းကို ထည့်မတွက်ထားလျှင်ပင် သိုင်းဆရာသခင်အင်အား၌ ဝါဒတောင်ဂိုဏ်းသည် နေသူတော်စင်ဂိုဏ်းအောက် မနိမ့်ကျပေ။
သို့သော်လည်း သူတို့၏အထက်တွင် သိုင်းသူတော်စင်ဟွမ်ကွမ်းလီရှိနေသေးသည်။
ဝါဒတောင်ဂိုဏ်း၏ကျင့်ကြံသူများအား ပို၍ စိုးရိမ်စေသည့်အချက်မှာ ယွမ်ကျန်းဖန်က တဖြည်းဖြည်း အသက်အရွယ်အိုမင်းလာခြင်းဖြစ်သည်။
သာမန်အခြေအနေတွင်သာဆိုပါက ယွမ်ကျန်းဖန်းက အတော်လေးအိုမင်းနေသော်လည်း သူ့အစွမ်းအစက ငယ်ရွယ်စဉ်ကကဲ့သို့ ရှိနေဆဲဖြစ်သည်ဟု သတ်မှတ်၍ရသေးသည်။
သို့သော်လည်း သူ့အခြေခံကို ထိခိုက်သွားခဲ့သည့် ထိုနှစ်က ရရှိခဲ့သောဒဏ်ရာများသည် သူ သိုင်းသူတော်စင်ဖြစ်မဖြစ်ဆိုသည်ကို သက်ရောက်ခဲ့ရုံသာမက သူ့သက်တမ်းကိုပါ ထိခိုက်သွားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ သိုင်းသူတော်စင်ဖြစ်ရန် မျှော်လင့်ချက်များလည်း တဖြည်းဖြည်း လျော့ပါးသွားသည်။
သို့သော် ဝါဒတောင်ဂိုဏ်း၏အကြီးအကဲမျိုးဆက်တွင် အခြားသူများနှင့်ယှဉ်လျှင် သူကိုယ်တိုင်က သိုင်းသူတော်စင်အဆင့်ကို ချိုးဖျက်ရန် မျှော်လင့်ချက်အများဆုံးဖြစ်သည်။
ရန်တိဦးဆောင်သော စီနီယာမျိုးဆက်တွင်လည်း သိုင်းသူတော်စင်ဖြစ်ရန် မျှော်လင့်ချက်ရှိသည့်သူများရှိသေးသည်။
သို့သော် ယွမ်ကျန်းဖန်ထက် စာလျှင် သူတို့က အချိန်နှင့် အခွင့်အရေး များစွာ လိုအပ်သည်။
သို့သော်လည်း ဝါဒတောင်ဂိုဏ်း လက်ရှိ လိုအပ်နေသည့်အရာမှာလည်း အချိန်ပင်ဖြစ်သည်။
ပထမဆုံးအနေဖြင့် ဝါဒတောင်ဂိုဏ်းသည် လက်ရှိတွင် နေသူတော်စင်ဂိုဏ်း၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။ နောက်တစ်ခုအနေဖြင့် သူ့ခန္ဓာကိုယ်အတွက်လည်း စိတ်ပူရဦးမည်။ ထို့ကြောင့် ဂိုဏ်းချုပ်အိုကြီးယွမ်အနေဖြင့် ရွေးချယ်စရာမရှိဘဲ စိတ်ပိုင်းဖြတ်ခဲ့သည်။
သူသည် သိုင်းသူတော်စင်အဆင့်ကို အချိန်တိုအတွင်း ချိုးဖျက်မည်ဖြစ်ပြီး သူအောင်မြင်သွားနိုင်သလို ချိုးဖျက်စဉ် ကျရှုံးပြီး သေဆုံးသွားနိုင်သည်။
ရန်တိ၏သားအနေဖြင့် ရန်ကျောက်ကဲသည် ဂိုဏ်းတွင်း အခြေအနေကို ရှင်းရှင်းလင်းလင်းသိထားသည်။
လက်ရှိတွင် ဝါဒတောင်ဂိုဏ်း အလိုအပ်ဆုံးအရာကို သူလည်း သိလေသည်။
သူ၏ အဆက်မပြတ် လေ့လာမှုများ၊ စူးစမ်းရှာဖွေမှုများကို လက်တွေ့တွင် ပေါင်းစပ်အသုံးပြုလာနိုင်သည်နှင့်အမျှ ရန်ကျောက်ကဲ သိနားလည်သော အရာများသည်လည်း ပိုမို များပြားလာသည်။
သိုင်းသူတော်စင်အဆင့်သို့ မည်သို့ ချိုးဖြတ်ရမည်ကို ရန်ကျောက်ကဲ လက်ရှိတွင် သုတေသနလုပ်လျက်ရှိသည်။
မသန့်စင်မှုများကို ခဝါချ၍ သူတော်စင်အဆင့်သို့ တက်လှမ်းခြင်း၊ ၎င်း၏ခက်ခဲမှုမှာ အလွန်ကြီးမားလှသည်။
အကယ်၍ နည်းလမ်းတစ်ခုခုရှိလျှင်ပင် လက်ရှိအစွန်းရောက်ရှစ်ပါးကမ္ဘာတွင် လိုအပ်သောအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်အခြေအနေများကို ဖြည့်ဆည်းရန် အလွန်ခက်ခဲလှသည်။
သို့သော်လည်း ပြဿနာကို အမြစ်မှ ဖြေရှင်းရသည်။
ရန်ကျောက်ကဲ ဤကမ္ဘာသို့ရောက်လာပြီး သူနေထိုင်သောပတ်ဝန်းကျင်အကြောင်းကို သဘောပေါက်လာသည့်အချိန်မှစ၍ သူသည် ဂိုဏ်းချုပ် ယွမ်ကျန်းဖုန်း၏ ဒဏ်ရာဟောင်းများကို ကုသနိုင်မည့်နည်းကိုသာ ပထမဦးစားပေးအနေဖြင့် လေ့လာခဲ့သည်။
သူသည် ဤကိစ္စကို အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကိစ္စထက် အချိန်နှင့် အင်အားများစွာ အသုံးပြုခဲ့သည်။ ဤကိစ္စ၏ခက်ခဲမှုမှာလည်း အတွင်းပိုင်းသလင်းကျောက်မီးဖိုထက် များစွာ သာလွန်လေသည်။
အကယ်၍ သူသာအောင်မြင်သွားမည်ဆိုလျှင် ၎င်းက ယွမ်ကျန်းဖန်၏ဒဏ်ရာများကို ကုသပေးနိုင်ရုံသာမကဘဲ ယွမ်ကျန်းဖုန်းက သိုင်းသူတော်စင်အဆင့်သို့ ချိုးဖျက်သောအခါတွင်လည်း အောင်မြင်နိုင်ခြေပိုများမည်ဖြစ်သည်။
အားဟူကဘေးမှ ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည်။ ”ဒီကိစ္စတွေဖြစ်နေချိန်မှာ အလင်းမင်းသားဟွမ်ကျဲ့ကို ဘယ်မှာမှမတွေ့ရဘူး။ သူ့ကို နေသူတော်စင်ဂိုဏ်းရဲ့ဂိုဏ်းချုပ်အိုကြီးက ကိုယ်တိုင်ခေါ် သင်ပေးနေတာလားမသိဘူး”
သူ့စကားများကိုကြားရသောအခါ ရှုချွမ်ကပြုံးလိုက်သည်။ “ဒါကဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အဲ့လိုဖြစ်မယ်ဆိုရင်တောင် သူက အလင်းမင်းသားကို ရိုးရိုးရှင်းရှင်းအချက်နည်းနည်းကိုထောက်ပြရုံလောက်ပဲ ဖြစ်မယ်၊ သူ့ကို ထဲထဲဝင်ဝင်သင်ပေးဖို့အထိတော့ ဟွမ်ကွမ်းလီမှာ အချိန်လုံလုံလောက်လောက်ရှိမှာမဟုတ်ဘူး”
ရန်ကျောက်ကဲ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ “အလင်းမင်းသားဟွမ်ကျဲ့ ၊စိတ်ဝင်စားစရာဘဲ”
သို့သော် ချက်ချင်းပင် သူ၏လက်အောက်ငယ်သားထံမှ သတင်းရသည်နှင့် ရှုချွမ်၏အမူအရာက လေးနက်သွားသည်။ “သခင်လေးရန်၊ နယ်စပ်မှာ ပုံမှန်မဟုတ်တဲ့ရွေ့လျားမှုတွေကို တွေ့ရပါတယ်။ နေသူတော်စင်ဂိုဏ်းက အရှေ့တန်ကို ကျင့်ကြံသူသူတွေအများကြီးထပ်ပို့လိုက်ပြီ၊ သူတို့ရဲ့ကျင့်ကြံမှုအဆင့်နဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး”
ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်သည်။
“ရန်သူတွေစိတ်ရှုပ်သွားအောင် ငါတို့ရဲ့အခြေအနေကို သတင်းအမှားတွေလွှင့်လိုက်။”
“ဂိုဏ်းနဲ့ အဆက်အသွယ် မပြတ်စေနဲ့၊ ငါတို့လှုပ်ရှားမှုကိုဖုံးကွယ်ဖို့နဲ့ ငါတို့ကိုလမ်းညွှန်ပေးဖို့ လူတွေထပ်လိုတယ်။”
ရှုချွမ်က ပြန်ပြောလိုက်သည်။ “နားလည်ပါပြီ။”
ရန်ကျောက်ကဲက အဝေးရှိ အရှေ့တန်မြို့တော်ကျင်းယန်၏ ခံစစ်မျဉ်းကို ကြည့်လိုက်သည်။
အဆက်မပြတ် နေရာရွေ့ပြောင်း၍ ပုန်းခိုနေရင်း သူတို့သည် နေသူတော်စင်ဂိုဏ်း၏လူရှာအဖွဲ့များနှင့် ရင်ဆိုင်တွေ့မိခဲ့သည်။ သို့သော်လည်း လျင်မြန်စွာ သတ်ဖြတ်၍ ထိုးဖောက်ထွက်လာနိုင်ခဲ့သည်။
သူတို့ပုန်းကွယ်ရာနေရာကို နောက်တစ်ခါ ပြောင်းပြီးပြီးချင်းပင် ရန်ကျောက်ကဲနှင့်အခြားသူများသည် သတင်းတစ်ခုကို ကြားလိုက်ရသည်။
အရှေ့တန်၏ ပထမမင်းသား ကျောက်ယွမ်သည် လက်ရှိတွင် နေသူတော်စင်ဂိုဏ်းကျင့်ကြံသူများ၏ အဝိုင်းခံနေရသည်။
ရန်ကျောက်ကဲသည် ပြုံးသယောင်ယောင် မျက်နှာဖြင့် အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ “ညီအကိုကျောက်ယွမ်က အိမ်ရှေ့စံဘွဲ့ကို မပိုင်ဆိုင်ရသေးပေမယ့် ဒီတစ်ခါ အခွင့်အရေးကို ဆုပ်ကိုင်ပြီး သူ့အရည်အချင်းကို ပြသင့်တယ်”
“ဦးရီးတော် စစ်ဆင်ရေးထွက်သွားချိန်မှာ သူက ကျင်းယန်မြို့မှာ မနေဘဲ ဘယ်တွေလျှောက်သွားနေတာလဲ”
“ဒီအခွင့်အရေးကို တတိယမင်းသားကျောက်ရှန်းကို အလဟသတ် ပေးလိုက်တော့မလို့လား”
ရှုချွမ်က မကျေမချမ်းဖြစ်နေသည့်အမူအရာဖြင့်ပြောလိုက်သည်။ “ကျင်မင်းသားကြီးကျောက်ရှီလီ ပြန်ဆုတ်သွားတော့ လမ်းတစ်လျှောက်မှာ သူကကျင်းယန်မြို့အကာအကွယ်အစီအရင်ရဲ့ စွမ်းအင်မျဉ်းကြောင်းတချို့ကိုဖျက်ဆီးသွားတယ်”
ကျင်းယန်မြို့မှာ ရှိတဲ့ အရှေ့တန်ရဲ့အခြားသိုင်းဆရာသခင်က ကျောက်ယွမ်နဲ့ကျောက်ရှန်တို့ကို စွမ်းအင်မျဉ်းကြောင်းတွေကို ပြင်ဖို့ အမိန့်ပေးထားတယ်”
သူကရန်ကျောက်ကဲကိုကြည့်၍အသံတိုးတိုးနှင့်ပြောလိုက်သည်။ “မြို့ပြင်က နေသူတော်စင်ဂိုဏ်းနဲ့ကျောက်ရှီလီတို့အဖွဲ့ရဲ့အကြွင်းအကျန်တွေကိုရှင်းဖို့ အကြီးအကဲရန်က ကျင့်ကြံသူတချို့ကို ခေါ်ထုတ်သွားတယ်”
“အစကတော့ သူတို့က တော်တော်လေးလုံခြုံမယ်လို့ ထင်ခဲ့တာ၊ ဒါပေမယ့် ရှောင်ရှန်းသေသွားလို့ နေသူတော်စင်ဂိုဏ်းကတပ်တွေထပ်ပို့လိုက်တော့ သူတို့က ရန်သူနဲ့ လွယ်လွယ်ကူကူရင်ဆိုင်မိတာပဲ”
ရန်ကျောက်ကဲကမေးလိုက်သည်။ “အဲ့လိုဆို ရန်ရှုကကော၊ သူကလုံးဝဂရုမစိုက်ဘူးလား”
ရှုချွမ်ကခြောက်ကပ်ကပ်ပြောလိုက်သည်။ “တတိယမင်းသားကျောက်ရှန်းက အန္တရာယ်နဲ့ အရင်တွေ့တော့ အကြီးအကဲရန်က သူ့ကိုသွားကူတယ်လေ၊ အဲဒါကြောင့် အချိန်တိုအတွင်းမှာတော့ သူက ကျောက်ယွမ်ကို သွားကူနိုင်ဦးမှာမဟုတ်ဘူး။
ရန်ကျောက်ကဲ ပြုံးရုံသာ ပြုံးလိုက်ပြီး မည်သည့်စကားမှ မပြောပေ။ ထို့နောက် ခေါင်းငုံ့၍ မြေပုံကိုကြည့်လိုက်သည်။ “ငါတို့ လက်ရှိနေရာနဲ့သိပ်မဝေးဘူးပဲ”
ရှုချွမ်က မျက်မှောင်ကုပ်ပြီး သူ့ကိုကြည့်လိုက်သည်။ “သခင်လေး၊ ကျွန်တော်တို့..”
“ငါတို့မှာ ကူညီနိုင်တဲ့ အခြေအနေရှိနေမှတော့ သူ့ကို ကူညီသင့်တာပေါ့”
ရန်ကျောက်ကဲက လက်ဖျောက်တီးလိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားသည်။
ရှု့ချွမ်က မဲ့ပြုံးပြုံးလိုက်သည်။ “သခင်လေး ရဲ့အမိန့်အတိုင်းပါပဲ၊ ဒီနေ့ ဒီရှု့က အရှင့်နောက်ကိုလိုက်ပြီး အသက်စွန့်ဖို့အသင့်ပါပဲ”
ရန်ကျောက်ကဲတို့အဖွဲ့သည် တောင်များကိုကျော်ကာလျှိုမြောင်များကိုဖြတ်ပြီး မကြာခင်မှာပင် သူတို့ ရှေ့ရှိ ကမ္ဘာမြေသည် တုန်ခါနေသည်ကို ခံစားမိသည်။
သူတို့ရှေ့က လေပင် မီးကဲ့သို့ ပူလောင်နေပြီး တထောင်းထောင်းထနေသော အပူငွေ့များ ထုတ်လွှတ်လျက်ရှိသည်။ သူတို့ တဖြည်းဖြည်း ရှေ့တိုးလာလေ ပို၍ ပူပြင်းလာလေပင်ဖြစ်သည်။
“ဒါက နေသူတော်စင်ဂိုဏ်းက သိုင်းပညာတွေရဲ့ လက္ခဏာပဲ”
ရန်ကျောက်ကဲနှင့်အခြားသူများက ဤသည်ကို ကောင်းကောင်းသဘောပေါက်ကြသလို ရှေ့သို့ ဖြည်းဖြည်းမှန်မှန် သွားနေကြသည်။ အမှန်တကယ်ပင် အဝေးရှိ တောင်ခြေတစ်ခု၌ ကျင့်ကြံသူအဖွဲ့နှစ်ဖွဲ့က ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသည်ကို ရန်ကျောက်ကဲတို့ တွေ့လိုက်ရသည်။
တစ်ဖက်ကား ကျောက်ယွမ်ဦးဆောင်သော အရှေ့တန်သိုင်းကျင့်ကြံသူများဖြစ်ကြကာ အခြားတစ်ဖက်မှာမူ နေသူတော်စင်ဂိုဏ်းသားများဖြစ်ပေသည်။
နေသူတော်စင်ဂိုဏ်းဘက်က လူအင်အားပိုများသလို တစ်ဦးချင်းစွမ်းရည်အရလည်း ပိုသာသောကြောင့် ကျောက်ယွမ်တို့အုပ်စုမှာ အလွန် အန္တရာယ်များသောအခြေအနေ၌ ကျရောက်နေပုံရသည်။
မည်သည့်စကားမှ မပြောတော့ဘဲ ရန်ကျောက်ကဲသည် ရှု့ချွမ်နှင့်အခြားသူများကို ဦးဆောင်ပြီး ရန်သူ၏စစ်နံဘေးသို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။
အခြေအနေက အလျင်လိုနေသဖြင့် ရန်ကျောက်ကဲသည် ဘာကိုမှ ချန်မထားတော့ဘဲ ကျောက်စိမ်းနဂါးဓားကို ဝေ့ရမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ရန်သူများ အတုံးအရုံး သေဆုံးကုန်သည်။
ဝါဒတောင်ဂိုဏ်းသားများသည် ကျောက်ယွမ် ရှေ့ ရောက်သည်အထိ ထိုးဖောက်တိုက်ခိုက်လာခဲ့ကြသည်။ ကျောက်ယွမ်က ခါးသက်စွာ ပြုံးလိုက်သည်။ “နေသူတော်စင်ဂိုဏ်းက တပ်တွေ ထပ်မံစေလွှတ်လိုက်တာ ကြားတော့ ငါတို့လဲ တတ်နိုင်မျှ အမြန်ဆုံး ပြန်ဆုတ်လာတာပဲ၊ ရန်သူတွေ ဝိုင်းတာခံရပြီး ပိတ်မိနေမယ်လို့ မထင်ခဲ့ဘူး”
ရန်ကျောက်ကဲက တွေးလိုက်၏။ “ငါ ကျင်းယန်မြို့ကို ပြန်မယ့် လမ်းကြောင်းက ရန်သူ အဓိက အာရုံစိုက်တဲ့နေရာပဲ၊ ဒါကို မင်းတို့တွေ ခေါင်းနဲ့ တည့်တည့် သွားဆောင့်မိတာပဲ”
“ညီအကို၊ ဒီတစ်ခါတော့ ငါ မင်းကိုပါ ဒီအရှုပ်ထဲ ပါဝင်စေမိခဲ့ပြီ၊ ကျင်းယန်မြို့ကို ပြန်ဖို့ ခက်ခဲလိမ့်မယ်၊ ငါတို့ တခြားတစ်နေရာကို သွားကြတာပေါ့”
သူ ထိုသို့ ပြောပြီးနောက် ဝါဒတောင်နှင့်အရှေ့တန်ကျင့်ကြံသူများ ပူးပေါင်းပြီး နေသူတော်စင်ဂိုဏ်း ဝန်းရံထားမှုကို ချိုးဖြတ်ကာ အပြင်သို့ ဖောက်ထွက်လာခဲ့သည်။
သူတို့နောက် လိုက်လာသူများကို မျက်ချေဖြတ်နိုင်ခဲ့ပြီးနောက် နှစ်ဖက်စလုံးသည် စကားပြောရန် အချိန်ရတော့သည်။
ကျောက်ယွမ်က သူ့ခေါင်းကို ယမ်းလိုက်သည်။ “ကျောက်ကဲ၊ ရှောင်ရှန်းကို မင်း သတ်ခဲ့တာကြောင့် မင်းနာမည်က ကမ္ဘာတစ်ခုလုံးကို ကျော်ကြားချင်၊ ကျော်ကြားသွားလိမ့်မယ်၊ ဒါပေမယ့် နေသူတော်စင်ဂိုဏ်းရဲ့လက်စားချေမှုကို မင်း သတိပြုသင့်တယ်”
ထိုစဉ် ရန်ကျောက်ကဲ၏နှလုံးသား ရုတ်တရက် ခုန်သွားသည်။
အားဟူနှင့် ရှု့ချွမ်၊ ရှန်ထျန်းအဆင့်သိုင်းပညာရှင်နှစ်ယောက်သည်လည်း အဝေးသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် တောင်များအကြား၌ ဧရာမရွှေရောင်နေလုံးကြီးက တဖြည်းဖြည်း မြင့်တက်လာသည်။
နေလုံးကြီးအတွင်းတွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ ၎င်းမှာ လေးထောင့်ပုံမျက်နှာ၊ ကြီးမားသောနားရွက်တစ်စုံနှင့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မျက်လုံးတစ်ဖက်လပ်အကြီးအကဲဖြစ်သည်။