အခန်း (၁၁) ဓား
အစိမ်းရောင်ဝတ် လူ၏အသံက ပေါ့ပါးနေသော်လည်း သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ နေရောင်အောက်တွင် ရေခဲတမျှ အေးစက်နေလေသည်။ သူ့ဦးခေါင်းထက်ဆီမှ အဖြူရောင် အငွေ့များ ထွက်နေပြီး အလွန်အမင်း လူသတ်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်နေလေသည်။ အခန်းထဲရှိ လူအားလုံးမှာ အရိုးထိအောင် အေးစက်သည့် အငွေ့အသက်များကို ခံစားလိုက်ရ လေသည်။
ဆန်းလျန်မှာ အလွန် အေးဆေးတည်ငြိမ် နေလေသည်။ သူ၏ တည်ငြိမ်လွန်းသည့် အမူအရာကြောင့် အစိမ်းရောင်ဝတ် လူမှာ နားလည်ရ ခက်ခဲနေလေတော့သည်။ သူ့စိတ်ထဲသို့ ဝင်ရောက်လာသည့် အတွေးမှာ ဆန်းလျန်က သူ့ကို တကယ်ပင် သတ်တော့မလားဟု တွေးနေမိလေသည်။
ထိုသို့သော သူ၏ ခံစားချက်ကိုပင် သူနားမလည်နိုင် ဖြစ်နေရသည်။ ယုန်တစ်ကောင်က ခြင်္သေ့တစ်ကောင်ကို ဖမ်းထားသည့် ခံစားချက်မျိုး ဖြစ်နေလေသည်။ ထိုယုန်မှာ ချက်ချင်းပင် ကျားတစ်ကောင် ဖြစ်သွားနိုင်ကြောင်း သူနားလည် ထားသည်။
ဆန်းလျန်၏ ခန္ဓာကိုယ်မှာ ကျန်းမာရေး ကောင်းသည့်ပုံ မပေါ်ပေ။ သူ့တွင် အတွင်းအားလည်း မရှိပေ။ သူ့တွင်ရှည်သွယ် သည့်လက်ချောင်းများ ရှိသော်လည်း သူ့လက်ထဲတွင် မည်သည့် လက်နက်မျှမရှိ။
ဆန်းလျန်က ပိန်သွယ်ပြီး ယဉ်ကျေး သိမ်မွေ့သည့်ဟန် ရှိလေသည်။ သူ့မျက်နှာမှာလည်း ဖြူဖျော့နေပြီး သူ့ပုံစံမှာ လေတိုက်လျှင်ပင် လဲသွားနိုင်သည့် ပုံစံဖြစ်သည်။ သို့သော် သူ၏ကိုယ်ဟန် အနေအထားကတော့ ခြိမ်းခြောက်မှုများဖြင့် ပြည့်နေလေသည်။
ဆန်းလျန်တွင် ထူးခြားချက်တစ်ခု ရှိလေသည်။ သူ၏မျက်လုံးများပင် ဖြစ်လေသည်။ ထိုမျက်လုံးများသည် ဝိညာဉ် တံခါးပေါက်များ ဖြစ်လေသည်။ ဆန်းလျန်၏ တည်ငြိမ်သည့် အကြည့်ကြောင့် အစိမ်းရောင်ဝတ် လူမှာ သိမ်ငယ်လာသလို ခံစားလိုက်ရပြီး စိတ်အနှောင့်အယှက် ဖြစ်နေလေတော့သည်။
ဆန်းလျန်၏ စိတ်မှာ အလွန် တည်ငြိမ်နေလေသည်။ မွေးရာပါ သြဇာလွှမ်းမိုးမှုကို ပေးသည့် နတ်မင်းရူယိ၏ တောင်ဝှေးသည် ဝိညာဉ် ပင်လယ်တွင် တဖြည်းဖြည်း ပေါ်ပေါက် လာလေသည်။
ဤသည်မှာ ဝိညာဉ် စွမ်းအားရှိသူ၏ ဆွဲဆောင်မှု အမွေအနှစ် တစ်ခုပင် ဖြစ်သည်။ အထီးကျန် သော်လည်း ထာဝရ ရှင်သန်သည်။ အရှိန်အဝါကြီးများပြီး ကြောက်လန့်ခြင်း ကင်းမဲ့သည်။
သူ၏လက်နှစ်ဖက်မှာ ပုံမှန်အတိုင်းပင် ချထားလေသည်။ သူက ဒီတိုင်းပင် ထိုင်နေခြင်း ဖြစ်သည်။ စားပွဲ တစ်ဖက်တွင်တော့ အစိမ်းရောင်ဝတ် လူမှာ ဆန်းလျန်၏ လက်ထဲမှာ နှစ်လက်မခန့် ရှိသည့် ဓားပျံတစ်စင်း ရှိနေမည်လားဟု ထင်ယောင်ထင်မှား ဖြစ်နေရလေသည်။
သေးငယ်သည့် ဓားပျံလေး …
ထိုဓားပျံလေးမှာ ဆန်းလျန်က ခုခံကာကွယ်ရန် ဆောင်ထားခြင်း ဖြစ်လေသည်။ သူ၏ ဝိညာဉ်ဆိုင်ရာ အာရုံခံမှုကို အမိန့်ပေးပြီး ဝိညာဉ်စွမ်းအားကို ထိန်းချုပ်လိုက်ပါက ထိုဓားပျံငယ်လေးကို ခြေလှမ်း ဆယ်လှမ်း ပတ်လည်အတွင်း အသုံးပြုနိုင်မည် ဖြစ်လေသည်။
ထိုအရာက အစိမ်းရောင်ဝတ် လူအပေါ် အကျိုးသက်ရောက် မည်လား သူမသိပါ။ လူတစ်ယောက်ကို သတ်ရန် အတွက် ထိုဓားပျံလေးကို သူတစ်ခါမှ အသုံးမပြုဖူးခဲ့။
သူက သူ့ကိုယ်သူ ကာကွယ်ရန်သာ ရည်ရွယ်ပြီး လူသတ်ရန် ဆောင်ထားခြင်း မဟုတ်ပေ။
အစိမ်းရောင်ဝတ် လူမှာ အတွင်းအား ကောင်းမွန်ပြီး အာရုံငါးပါး ထက်မြက်သူ တစ်ယောက် ဖြစ်လေသည်။ သူက ဆန်းလျန်၏ ဓားပျံလေးကို မမြင်ရသော်လည်း ငေးကြည့် နေမိသည်။ သူ့ထက် အရပ်နိမ့်ပုံရသည့် ဆန်းလျန်ကို မျက်တောင်မခတ် စိုက်ကြည့် နေလေသည်။
အခန်းတစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ် နေလေသည်။ သို့သော် တိတ်ဆိတ်ခြင်းကို ခြေသံတစ်သံက ဖြိုခွင်း လိုက်လေသည်။
အပြင်မှ သူတောင်းစားလေး တစ်ယောက်မှာ တံခါးကိုဖြတ်ပြီး ဆိုင်ထဲသို့ ဝင်ရောက် လာလေသည်။ ထိုသူမှာ သူတောင်းစား ဟုတ်ချင်မှလည်း ဟုတ်မည်။ သူ၏အဝတ်များမှာ စုတ်ပြတ်နေပြီး သူ့ခန္ဓာကိုယ် လုံရုံမျှသာရှိသောကြောင့် သူတောင်းစားဟု ထင်ရခြင်း ဖြစ်နိုင်သည်။
သူ့ကို ကြည့်ရသည်မှာ အသက်ဆယ့်သုံးနှစ် ဆယ့်လေးနှစ်ခန့်ပင် ရှိဦးမည်။ ထို့ထက်လည်း ပိုပြီးလည်း အသက်ကြီးကောင်း ကြီးနိုင်လေသည်။ အာဟာရ ပြတ်လတ်မှုကြောင့် ကြီးထွားမှု နှေးကွေး နေသည်လည်း ဖြစ်နိုင်လေသည်။
သို့သော် ဆန်းလျန်၏ ပုံစံနှင့် ယှဉ်လျှင် ထိုသူတောင်းစားလေး ကပင် ပိုပြီး တောင့်တင်း သန်မာသယောင် ထင်ရလေသည်။ သူတောင်းစားလေး၏ မျက်ခုံးနှင့် နှာခေါင်းများမှာ အစိမ်းရောင်ဝတ် လူနှင့်ဆင်တူ လေသည်။
အစိမ်းရောင် ဝတ်လူ၏ လူသတ်လိုသည့် အရိပ်အငွေ့များ ချက်ချင်း ပျောက်ကွယ် သွားပြီး သူ့မျက်နှာပေါ်တွင် နူးညံ့ သိမ်မွေ့သည့် အရိပ်အယောင်များ ပေါ်လာလေသည်။
သူတောင်းစားလေးက အစိမ်းရောင်ဝတ် လူ၏ဘေးသို့ ရောက်လာသည်။ သူကပိတ်စ အထုပ်လေး တစ်ခုကို ထုတ်ယူလိုက်ပြီး တစ်လွှာချင်း ဂရုတစိုက် ဖြေလိုက်သည်။
ပိတ်စထုပ်လေးထဲမှ သူ၏ လက်သီးစုပ်လောက်ပင် မရှိသည့် အထုပ်သေးလေး တစ်ထုပ်ထွက်ပေါ် လာလေသည်။ သူက ပဲစေ့သာသာရှိသည့် ငွေတုံးလေးများကို အိတ်လေးထဲမှ ထုတ်လိုက်ပြီး အစိမ်းရောင်ဝတ် လူကိုပေးလိုက်သည်။
“သနားတတ်တဲ့ ဆရာ ဆရာပေးတဲ့ ပိုက်ဆံတွေကို အဖေ့ကို သင်္ဂြိုဟ်ပေးဖို့အတွက် ရွာကလူတွေကို ပေးလိုက်ပြီ ဒါတွေက ပိုနေသေးတဲ့ ပိုက်ဆံတွေပါ”
အစိမ်းရောင်ဝတ် လူက အသိအမှတ်ပြုသည့် အနေဖြင့် သူတောင်းစားလေး၏ ခေါင်းကို အသာပွတ် လိုက်ရင်း…
“ဒီငွေတွေနဲ့ မင်းကိုဝယ်လိုက်ပြီလို့ ပြောပြီးသွားပြီလေ ခုချိန်ကစပြီး ငါ့ကမင်းရဲ့ဆရာ ဖြစ်သွားပြီ”
သူတောင်းစားလေး၏ ဆံပင်များမှာ ခြောက်သွေ့ပြီး ဝါကြင်ကြင် ဖြစ်နေသည် သာမက ချေးညော်များ အထပ်ထပ်နှင့် ဖြစ်နေသော်လည်း အစိမ်းရောင်ဝတ် လူက ဂရုမစိုက်ပါ။
သူတောင်းစားလေး၏ မျက်ဝန်းတွင် မျက်ရည်များ ပြည့်လာပြီး…
“ဟုတ်ကဲ့ပါဆရာ”
ပြောလိုက်လေသည်။
အစိမ်းရောင်ဝတ် လူက…
“မင်းကြည့်ရတာ ဘာမှစားရပုံ မပေါ်သေးဘူး ဒီမှာ အရင်စားလိုက်ဦး၊ မင်းစားပြီးတာနဲ့ ငါတို့သွားကြမယ်”
သူတောင်းစားလေးက ဆန်းလျန်ကို စပ်စုသလို တစ်ချက်ကြည့် လိုက်ပြီး ဒီလူငယ်လေးက နတ်သူငယ်လေးလိုပဲ ကြည့်ကောင်းလိုက်တာဟု တွေးလိုက်လေသည်။
သူက စကားအများကြီး မပြောရဲတော့ဘဲ ဟင်းလျာများဖြင့် ပြည့်နေသည့် စားပွဲကို တစ်ချက်ကြည့် လိုက်သည်။ တံတွေးတစ်ချက် မျိုချလိုက်ပြီး မည်သည့်ဟင်းကို အရင် စနှိုက်ရမှန်းမသိ ဖြစ်နေလေသည်။
သို့သော် အစိမ်းရောင်ဝတ် လူမှာ သူတောင်းစားလေး စားမည့် ဟင်းလျာများကို အာရုံမစိုက် နိုင်တော့။
အဘယ်ကြောင့်ဆိုသော် ဆိုင်တံခါးဝသို့ လူတစ်ယောက် ထပ်မံ ရောက်ရှိ လာသောကြောင့် ဖြစ်လေတော့သည်။
နေမင်းကြီးမှာ ကောင်းကင် အလယ်သို့ ရွေ့လျားသွားပြီ ဖြစ်သောကြောင့် ဆိုင်တွင်းသို့ ဝင်ရောက် လာသူ၏ အရိပ်မှာ အနည်းငယ် ပိုရှည် နေလေသည်။ ထိုလူရိပ်မှာ ဆိုင်တွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာပြီး ခြေသံကလည်း လေးလံပြီး နှေးကွေးလေသည်။
သူ၏ခြေသံ လေးလေးကြီးမှာ အခန်းထဲရှိ လူအားလုံး၏ နှလုံးသားကို ထုရိုက်နေသကဲ့သို့ ဖြစ်နေလေတော့သည်။
ဒုန်း …. ဒုန်း … ဒုန်း ….
အခန်းထဲမှ စားသောက် နေသူများမှာတော့ ဝမ်းနည်းစွာဖြင့်ပင် နောင်တရ နေကြလေသည်။ ဘာဖြစ်လို့ ဒီနေရာကိုမှ လာပြီး ထမင်းစားခဲ့မိကြပါလိမ့်။ ထိုလူစိမ်းက သူ့ခါးနောက်တွင် ထိုးထားသည့် ဓားကောက် တစ်လက်ကို ဆွဲထုတ် လိုက်သည်။ ထိုဓားမှာ ရွှေရောင် တောက်ပနေလေသည်။ အပြာရောင် ကြွေပြား ကြမ်းခင်းပေါ်တွင် ဓားကို တရွတ်ဆွဲလာ သောကြောင့် မီးပွားလေးများပင် ပွင့်ကုန်ကြလေသည်။
ဝင်လာသည့် လူစိမ်းသည် အစိမ်းရောင် ဝတ်လူနှင့် ခြေလှမ်း ငါးလှမ်းခန့် အကွာတွင် ရပ်တန့် လိုက်လေသည်။
အစိမ်းရောင်ဝတ် လူက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ကျုပ် ဝါးရွက်စိမ်းဂိုဏ်းကို သုံးရက်အချိန် ပေးထားတယ်၊ သူတို့မင်းကို လာရှာလိမ့်မယ် ရွေဓားဘုရင်၊ မင်းရဲ့ သေတမ်းစာသာ ရေးထားတော့၊ ဒါပေမဲ့ သူတို့က ငါ့ကိုတော့ အတည် မယူပါဘူးကွာ”
ကျန်းဟူမှ လူများမှာ လူတို့၏ သွင်ပြင်လက္ခဏာကို ကြည့်ပြီး အမည်တပ် ခေါ်ဝေါ်ကြ လေသည်။
အရပ်မြင့်မြင့်နှင့် ခန္ဓာကိုယ် ကြီးမားပြီး ဓားကောက်ကြီးကို ဆွဲထားသည့်သူမှာ ရွှေဓားဘုရင်ဟု လူသိများသောသူ တစ်ယောက် ဖြစ်လေသည်။
ကောလာဟလများ အရတော့ ထိုသူက အခြားသူများထက် သာလွန်သည့် မွေးရာပါ စွမ်းအားများရှိပြီး လက်နှစ်ဖက်မှာ အလွန်ပင်မှ စွမ်းအား မြင့်မားလေသည်။ သူ၏ ဓားကောက်ကြီးမှာလည်း တောင်တန်းနှင့် မြစ်များကို အပိုင်းပိုင်း ဖြတ်ပစ်နိုင်သည်ဟု ဆိုကြသည်။
ရွှေဓားဘုရင်ဆိုသော ဂုဏ်ပုဒ်နှင့် အလွန်မှ ကိုက်ညီလေသည်။
“ကျုပ်လည်း မင်းရဲ့နာမည်ကို ကြားဖူးပါတယ် နတ်သက်ခြွေဓား၊ မင်းက မင်းရဲ့ဆရာကိုတောင် “ရှေးဟောင်း ဓားကျမ်း” ရဖို့သတ်ပစ်ခဲ့တယ်ဆို၊ လူကြီးတွေ ပြောကြတာကတော့ တာအိုဆရာသခင် လင်ချုန်းရှောင်က မင်းကို နှိမ်နင်းဖို့ မင်းနောက်ကို ငါးနှစ်တောင် လိုက်ခဲ့တယ်ဆိုပဲ၊ ပြီးတော့ မင်းကို ကောပိသဲကန္တာရထဲမှာ တစ်ယောက်တည်း ပိတ်ထားခဲ့တာ၊ မင်းက ဘယ်လိုလုပ် ပြန်ရောက် လာရတာလဲ”
ရွှေဓားဘုရင်ဆိုသူက မျက်ခုံးကိုပင့်ပြီး မေးလိုက်သည်။
“တကယ်တော့ ကျုပ်က သူ့ကိုသတ်ဖို့ ပြန်လာတာ”
သူကပြန်ပြောလိုက်ရင်း ခေါင်မိုးပေါ်သို့ မော့ကြည့် လိုက်လေသည်။
“မင်းမစောင့်နိုင်တော့မှာ စိုးရိမ်မိပါရဲ့”
ခေါင်မိုးပေါက် ထွက်သွားပြီး ခေါင်မိုးမှ အုတ်ကြွပ်အစများ နှင့်အတူ လူတစ်ယောက် ခုန်ဆင်း လာလေသည်။ ထိုသူမှာ သွေးသွယ် ပိန်လှီသည့် အဘိုးအို တစ်ယောက်ဖြစ်ပြီး ငွေရောင်ချိတ်ကောက် နှစ်ခုကို ကိုင်ထားလေသည်။
သူဆင်းသက် လာပုံမှာ ငှက်မွှေးလေး တစ်ခုလို ပေါ့ပါးလွန်း လေသည်။
ထိုမြင်ကွင်းကို ကြည့်ပြီး သူတောင်းစားလေးမှာ အံ့သြမှင်တက် သွားရလေသည်။ အစိမ်းရောင် ဝတ်လူက သူ၏ပခုံးကို အသာပုတ် လိုက်ပြီး…
“ထမင်းစားလေ…”
ဟုပြောလိုက်လေသည်။
ဆန်းလျန်ကတော့ အခြေအနေကို ကြည့်ရင်း စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်း ထားလေသည်။
ရွှေဓားဘုရင်ပဲဖြစ်ဖြစ် အဘိုးအိုလေးပဲ ဖြစ်ဖြစ် အစိမ်းရောင်ဝတ် လူပဲဖြစ်ဖြစ် အားလုံးမှာ သာမန်လူများ မဟုတ်ကြ သည့်အပြင် သူတို့ဆီမှာ အန္တရာယ်အငွေ့အသက်များ ရနေလေသည်။
သူတို့အားလုံးမှာ ထူးခြားသော စွမ်းရည်များ ရှိကြသည်။
ဆန်းလျန်မှာ ကြောက်လန့်နေခြင်း မရှိပါ။ သူက ဝမ်းပင်သာ နေသေးသည်။
ဤကမ္ဘာလောကမှာ ပုံမှန်ကမ္ဘာလောက တစ်ခုတော့ မဟုတ်။ သိုင်းပညာနှင့် ဝိညာဉ်စွမ်းအား ကျင့်ကြံသူများ သာမက မွေးရာပါ စွမ်းအား ကြီးမားသူများလည်း ရှိနေလေသည်။
သူတို့ စကားပြောသည့် လေသံနှင့် “ရှေးဟောင်းဓားကျမ်း” အကြောင်း ပြောသည်ကို ကြားရသည်မှာ သူတို့ကြားတွင် ပတ်သက်နေသည့် ကိစ္စတစ်ခုရှိမည် ဖြစ်လေသည်။ ကျန်းဟူမှ လူစွမ်းကောင်းများမှာ ဆန်းလျန် ဖတ်ခဲ့ဖူးသည့် ဝူရှသိုင်းဝတ္ထုများထဲမှာ လူများနှင့် ဆင်တူ နေလေသည်။
သူတောင်းစားလေးက အစိမ်းရောင်ဝတ်လူ အမိန့်ပေးသည့် အတိုင်း အစားအသာက်များကို စတင် စားသောက် လိုက်သည်။ သူကိုယ်တိုင်ကလည်း ဆာလောင် နေသောကြောင့် စားလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်က သူတောင်းစား လေးစားနေသည်ကို ကြည့်ရင်း ဤကလေးမှာ အစိမ်းရောင်ဝတ် လူနှင့်တွေ့သည်မှာ ကံကောင်းသည်ဟု တွေးနေမိသည်။ အစိမ်းရောင်ဝတ် လူမှာ သိုင်းပညာ တော်သည့်အပြင် သူတောင်းစားလေး အပေါ်တွင်လည်း ကောင်းကောင်းမွန်မွန် ဆက်ဆံလေသည်။
ဝူရှသိုင်းဝတ္ထုများ ထဲတွင် ထိုသို့သော လူမျိုးမှာ အဓိကဇာတ်ဆောင် ဖြစ်တတ်လေသည်။
ဆန်းလျန်က ထိုသို့ တွေးမိသော်လည်း ရွှေဓားဘုရင်နှင့် အဘိုးအိုကိုလည်း လျစ်လျူရှုထား၍ မရပေ။
ဝန်ခံရလျှင် သူတို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသူများ ဖြစ်ကြသည်။ မည်မျှ အဆင့်အတန်း မြင့်သူဖြစ်နေပါစေ သူတို့က ဆန့်ကျင်ဖို့ ဝန်လေးသည့် သူများမဟုတ်။ သူတို့ ဆန့်ကျင်လိုသည့် စိတ်အပေါ်မှာသာ မူတည်လေသည်။
ဆန်းလျင်၏ အသက်အရွယ်နှင့် အပြုအမူတို့ကြောင့် သူတို့က ဆန်းလျန်ကို အန္တရာယ်ရှိသည်ဟု မထင်ကြပေ။
အစိမ်းရောင်ဝတ် လူကသာ ရွှေဓားဘုရင်နှင့် အဘိုးအိုလေးတို့ကို အာရုံစိုက် နေသည့်တိုင် ဆန်းလျန်ကိုလည်း တစ်ချက်တစ်ချက် အာရုံထားလေသည်။
ထိုသူများမှာ နာမည်ရှိသူများ ဖြစ်သောကြောင့် သူက မည်မျှပင် ထောင်လွှား မောက်မာသော သူဖြစ်ပါစေ သတိမထားဘဲတော့ နေလို့မဖြစ်ပေ။
အစိမ်းရောင်ဝတ် လူက ထိုင်နေလေသည်။
သူက မတုန်မလှုပ် ထိုင်နေခြင်း ဖြစ်သော်လည်း အသင့် အနေအထားတွင် ရှိနေလေသည်။ သူ၏သိုင်း စွမ်းရည် အလွန် မြင့်မားခြင်း မရှိလျှင်ဖြစ်စေ၊ သူ့တွင် သတ္တိမရှိလျှင် ဖြစ်စေ ထိုသို့နေလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် ရွှေဓားဘုရင်က သူ့ကိုသတ်ရန် အတွက် လှုပ်ရှားမှု မပြုသေးခြင်း ဖြစ်လေသည်။
အစိမ်းရောင်ဝတ် လူမှာ အညှာအတာ ကင်းမဲ့သလို သိုင်းပညာလည်း မြင့်မားလေသည်။ သူ ဝါးရွက်စိမ်းဂိုဏ်းမှ ယူသွားသည့် ပစ္စည်းကို ပြန်ရယူရန်မှာ ခက်ခဲသည့် ကိစ္စပင် ဖြစ်လေသည်။ ထို့ကြောင့်လည်း ရွှေဓားဘုရင်က လှုပ်ရှားမှုမပြု သေးတာဖြစ်လေသည်။
ဝါးရွက်စိမ်းဂိုဏ်းက အစိမ်းရောင်ဝတ်လူမှာ ငွေညှစ်ရန် အတွက် ဆက်သွယ် လာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဟာသတစ်ခုလို ဖြစ်သွားခဲ့လေသည်။
ရွှေဓားဘုရင်မှာ အသက် လေးဆယ်ခန့်ရှိပြီ ဖြစ်သည်။ သူ၏ ကြွယ်ဝ ချမ်းသာမှုနှင့် နာမည် ကျော်ကြားမှုမှာ ကြာမြင့်ပြီ ဖြစ်လေသည်။ သူ့ကို ဆွဲဆောင်သည့် အရာမှာ အဆင့်အတန်း မြင့်မားခြင်းနှင့် အသက်ရှည်ခြင်း ဖြစ်လေသည်။