“ဂိုဏ်းတူအစ်ကိုချန်ရှို့ရေ … ဒီနေ့ ညီမတို့နှစ်ယောက်က အုပ်စုကို ဦးဆောင်မယ့်တာဝန်ယူထားတာလေ။ ဒီတော့ ညီမတို့နှစ်ယောက်အတူပေါင်းပြီး တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ကြတာပေါ့ ”
“ ဟုတ်တာပေါ့။ ဂိုဏ်းတူညီမလေး ယုံချင်ပြောတာမှန်တယ် ”
“ ဂိုဏ်းတူအစ်ကိုချန်ရှို့၊ အကြီးအကဲ ထွက်မသွားခင် ညီမကို ပြောတာတော့ ဟိုရောက်ရင် ဂိုဏ်းထဲက ကောင်းကင်နတ်မင်းအကြီးအကဲတွေက ပင်မစင်မြင့်ကို သွားကြမှာတဲ့။ ညီမတို့ကတော့ ပြိုင်ပွဲစင်မြင့်ကို သွားရမှာ။ အဲဒီအချိန်ကျရင် ဆိုးဆိုးဝါးဝါး ဖြစ်သွားနိုင်တယ်။ ညီမတို့ သတိထားမှ ဖြစ်မယ် ”
“ ဟုတ်တာပေါ့။ ဂိုဏ်းတူညီမလေး ယုံချင်ပြောတာ မှန်တယ် ”
“ဂိုဏ်းတူအစ်ကိုချန်ရှို့၊ ဒီနှစ်တွေထဲ အစ်ကို့ကျင့်ကြံခြင်းအဆင့်ကော ဘယ်လိုအခြေအနေရှိပြီလဲ ”
“ ဂိုဏ်းတူညီမလေး ယုံချင်၊ မင်း … အစ်ကို သေချာကျင့်ကြံနေပါတယ်။ အားလုံး အဆင်ပြေချောမွေ့ပါတယ် ”
လီချန်ရှို့ ပြုံး၍ ဖြေလိုက်ပြီး ရင်ထဲတွင်မူ နောက်ထပ်စကားတစ်ခွန်း ဆိုနေပေသည်။
‘ ကိုယ့်အမှားကို ဆင်ခြင်ဖို့ အပြစ်ပေးခံရတာ ကျေးဇူးတင်စရာပဲ ’
ယုံချင်ရွှမ်းယာ၏ ပါးလျသော နှုတ်ခမ်းလေးက တင်းတင်းစေ့ထားသည်။ သူမက စကားဆက် ပြောချင်နေပါသော်လည်း ပြောစရာ စကားစ ရှာမတွေ့အောင် ဖြစ်နေရသည်။
ကံဆိုးစွာပင် သူမသည် တစ်ဘဝလုံး ကျင့်ကြံခြင်းအပေါ်တွင် စိတ်နှစ်ထားခဲ့ရပြီး တာအိုကျမ်းစာတစ်ပိုဒ်ကိုပင် မဖတ်မိခဲ့ချေ။
လီချန်ရှို့သည် ယုံချင်ရွှမ်းယာ အပြင်းအထန် စဉ်းစားနေသည်ကို မြင်နေရသည့်အတွက်ကြောင့်ထင် ဦးစွာ ပြောလိုက်လေသည်။
“ ညီမက တာဝန်အကြီးကြီး ယူထားရတာဆိုတော့ အရင်ဆုံး အနားယူလိုက်ပါဦး ”
“ ဟုတ်ကဲ့ ”
ယုံချင်ရွှမ်းယာက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး မျက်လုံးကိုမှိတ်၍ နှုတ်ခမ်းကို တင်းတင်းစေ့ကာ စိတ်သက်သာရာရသွားဟန်ဖြင့် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
လီချန်ရှို့၏စကားကြောင့် သူတို့နှစ်ဦးကို တိတ်တဆိတ် အကဲခတ်နေသော တပည့်ငယ်များသည်လည်း လီချန်ရှို့၏သူ့ကိုယ်သူ သိနေသည့်အပေါ် စိတ်သက်သာရာရသွားသည်။
လေးနာရီကြာ ပျံသန်းပြီးနောက် အရှေ့ပင်လယ်ကမ်းရိုးတန်းနှင့် အနည်းငယ် ဝေးနေသေးသည်။ ခရီးတစ်လျှောက် တုနတ်ဝိဇ္ဇာဂိုဏ်းက ဂိုဏ်းအသီးသီးကို ကိုယ်စားပြုသော အုပ်စုခုနစ်ခု၊ ရှစ်ခုခန့်ကို ကြုံတွေ့ခဲ့ရသည်။
အရှေ့ပင်လယ်နဂါးနန်းတော်၏ တွေ့ဆုံရန် ဖိတ်ကြားလွှာနှင့် ပတ်သက်၍ နတ်ဝိဇ္ဇာဂိုဏ်း အသီးသီးက ရှုထောင့်အမျိုးမျိုးမှနေ၍ လျှို့ဝှက်စွာ ဆွေးနွေးခဲ့ကြပြီးပြီ ဖြစ်သည်။
ဥပမာအနေဖြင့် ဤတစ်ကြိမ်တွင် သူတို့က အတုမဲ့နတ်ဝိဇ္ဇာနှင့် တပည့်စုစုပေါင်း သုံးဆယ်ပတ်ချာလည် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းက လူသားကျင့်ကြံသူများအနေဖြင့် မိစ္ဆာနှိမ်နင်းရေးတွေ့ဆုံပွဲအား များစွာ အလေးမထားဘဲ နဂါးနန်းတော်အား အနည်းငယ် လေးစားနေသေးသည့်အတွက်သာ ယင်းပွဲကို မလာချင့်လာချင်ဖြင့် လာရခြင်းဖြစ်ကြောင်း ဖော်ပြနေသည်။
နောက်ထပ်ဥပမာအနေဖြင့် တွေ့ဆုံပွဲအတွင်း အမြင်ဖလှယ်ကြသည့်အခါ သွေးထွက်သံယိုမဖြစ်စေရန် သူတို့ ဂရုစိုက်ရမည်ဖြစ်သည်။ နတ်ဝိဇ္ဇာဂိုဏ်းများအနေဖြင့်လည်း သူတို့ကြားမှ ရန်ငြှိုးများကို ခေတ္တဘေးဖယ်ထားရမည်ဖြစ်ပြီး နဂါးမျိုးနွယ်စုရှေ့တွင် ကိုယ့်အထုပ်ကိုယ် ဖြည်ပြနေသကဲ့သို့ မဖြစ်သွားစေရန် လိုအပ်ပေသည်။
ထိုကဲ့သို့ ဘုံသဘောတူညီချက် များစွာလည်း ရှိသေးသည်။
နတ်ဝိဇ္ဇာဂိုဏ်းများက ထိုကဲ့သို့ သဘောတူညီချက်များ ချမှတ်ထားရသည့် အဓိကရည်ရွယ်ချက်မှာ နဂါးမျိုးနွယ်စုရှေ့မှောက်တွင် လူသားကျင့်ကြံသူများ ဂုဏ်အရှိန်အဝါကြီးမားနေစေရန် ဖြစ်သည်။
သူတို့ကြားတွင် ထူးဆန်းသော သဘောတူညီချက်တစ်ခုလည်း ရှိသည်။ ယင်းမှာ နတ်ဝိဇ္ဇာဂိုဏ်းအသီးသီးမှ တပည့်ငယ်များက အသက်တစ်ရာ့ငါးဆယ်အောက် ငယ်ရမည်ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်နေရသနည်း။
တပည့်ငယ်အများစုက သံသယဝင်နေပါသော်လည်း ပေါ်ပေါ်ထင်ထင် မမေးမြန်းဝံ့ကြချေ။ လီချန်ရှို့မှာမူ ထိုကိစ္စနှင့်ပတ်သက်၍ အတန်ငယ် တီးမိခေါက်မိရှိထားသည်။
နဂါးမျိုးနွယ်စုမှ နဂါးဥက အနိမ့်ဆုံး နှစ်ပေါင်းတစ်ရာ့ငါးဆယ်ကြာသောအခါမှသာ အက်ကွဲလာသည်။ ထိုအချိန်ကာလသည် နဂါးလေးတစ်ကောင် နဂါးဥထဲတွင် ကျင့်ကြံနေသည်နှင့် ညီမျှသည်။
နဂါးနန်းတော်၏ နဂါးလေးများက ကြောက်ခမန်းလိလိစွမ်းအားများကို ပိုင်ဆိုင်ထားြကသည်ဖြစ်ပြီး နှစ်ပေါင်းတစ်ရာခန့် ကျင့်ကြံပြီးနောက် နတ်ဝိဇ္ဇာများ ဖြစ်လာကြမည်ဖြစ်သည်။ နဂါးဘုရင်၏မျိုးဆက်ဖြစ်နေပါက ထူးဆန်းသော မှော်တန်ခိုးများကိုပင် ဆက်ခံရရှိပေလိမ့်မည်။
တွေ့ဆုံပွဲ၏ ယခင်အတွေ့အကြုံများအရ နဂါးနန်းတော်သည် တွေ့ဆုံပွဲကျင်းပသည့်အခါတိုင်း နဂါးလေးများ၏ အစွမ်းကို ထုတ်ဖော်ပြသစေလေ့ရှိသည်။ သူတို့က ထိုအခွင့်အရေးကို လူသားကျင့်ကြံသူများအား လှောင်ပြောင်သရော်သည့်အနေဖြင့် အသုံးချလေ့ရှိကြသည်။
အသက်တစ်ရာ့ငါးဆယ်အောက်ငယ်သော တပည့်လေးများက နဂါးလေးများကို အနိုင်ယူနိုင်သည့်အခါ သူတို့ မည်မျှ အရည်အချင်းရှိကြောင်း ပြသလိုက်သည်ဖြစ်ပြီး နတ်ဝိဇ္ဇာဂိုဏ်းများ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြမည်ဖြစ်သည်။ သူတို့ အရေးနိမ့်သွားမည်ဆိုလျှင်လည်း သူတို့ဂုဏ်သိက္ခာကျဆင်းသွားဖွယ်ရာ မရှိပေ။
လူသားမျိုးနွယ်က တောင်ကျွန်းတွင် နေထိုင်ကြသည်ဖြစ်ပြီး ဝါရင့်လူသားကျင့်ကြံသူများက အလယ်ကျွန်းတွင် နေကြသည်။
အရှေ့ကျွန်းနတ်ဝိဇ္ဇာဂိုဏ်းများသာ နဂါးနန်းတော်ရှေ့တွင် ခေါင်းမဖော်နိုင်အောင် ဖြစ်ခဲ့မည်ဆိုပါက အလယ်ကျွန်းရှိ အထင်ကရဂိုဏ်းကြီးများထံမှ ပြစ်တင်ဝေဖန်မှုများကို ရင်ဆိုင်ကြရမည်ဖြစ်သည်။ သို့ဖြစ်၍ အရှေ့ကျွန်းရှိ နတ်ဝိဇ္ဇာဂိုဏ်းများအားလုံးအနေဖြင့် သူတို့ဂုဏ်သိက္ခာအတွက် သတိကြီးကြီး ထားနေရမည်ဖြစ်သည်။
အရှေ့ပင်လယ်ကမ်းရိုးတန်းကို ချဉ်းကပ်လာသည်နှင့်အမျှ ကောင်းကင်ဝေဟင်ပြင်၌ နတ်တန်ခိုးများ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည့် တိမ်ဖြူဖြူများနှင့် ပြည့်နေလေသည်။
အရှေ့ကျွန်းကြီးတွင် အရှိန်အဝါကြီးမားသော နတ်မင်းအနည်းအကျဉ်း ရှိပါသော်လည်း နဂါးနန်းတော်၏ ဖိတ်ကြားချက်ကို အရည်အချင်းပြည့်မီသော နတ်မင်းက တစ်ရာပင်မပြည့်ချေ။
ဤတစ်ကြိမ်တွင်မူ အရှေ့ပင်လယ်နယ်နိမိတ်ကို ကန့်သတ်ရန်အလို့ငှာ နဂါးနန်းတော်က တုနတ်ဝိဇ္ဇာဂိုဏ်းကဲ့သို့ အခြေခံတောင့်တင်းသော ကျောင်းသုံးကျောင်းမှ နတ်ဝိဇ္ဇာဂိုဏ်းများသာက အရှေ့ပယ်လယ်အစွန်အဖျားမှ နတ်ဝိဇ္ဇာဂိုဏ်းများအားလုံးကိုလည်း ဖိတ်ကြားထားခဲ့သည်။
သို့ဖြစ်၍ နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်းလျှင် လူသုံးဆယ် စေလွှတ်သည့်တိုင် တွေ့ဆုံပွဲကို တက်ရောက်သည့်လူ များနေဆဲဖြစ်သည်။ တွေ့ဆုံပွဲအနီးတဝိုက်ရှိ ဝေဟင်ပြင်၌ အတန်ငယ် လူများရှုပ်ထွေးနေသည်။
ထိုစဉ် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်များအားလုံး မတ်တတ်ရပ်လိုက်ကြသည်။ ယုံချင်ရွှမ်းယာသည်လည်း မူလနေရာသို့ ပြန်သွားကာ ရှေ့ဆုံးမှ ဆရာဦးလေးနှင့် ဆရာဒေါ်လေးတို့ ညွှန်ကြားချက်များကို နားထောင်နေလေသည်။
လီချန်ရှို့သည် ဘေးပတ်ဝန်းကျင်ကို ကြည့်မနေတော့ဘဲ ချောင်တစ်ချောင်၌ ရပ်ကာ အောက်သို့ ငုံ့ကြည့်၍ ရင်ထဲမှ နားစွင့်နေလေသည်။
ရှေ့တွင်ရှိနေသော တပည့်တစ်ဦးက အံ့အားသင့်စွာ ဆိုသည်။
“ ဒါက နဂါးနန်းတော်ရဲ့ မိစ္ဆာနှိမ်နင်းရေး တွေ့ဆုံပွဲဆိုတာပဲ။ နတ်ဝိဇ္ဇာတွေလဲ ရောက်နေတော့ သိပ်ခံ့ညားထည်ဝါလိုက်တာ ”
“ နဂါးနန်းတော်ကိုတော့ လူအားလုံး နည်းနည်းပါးပါး လေးစားရမယ်။ ပြီးတော့ နဂါးမျိုးနွယ်ဆိုတာကလဲ ရှေးကတည်းက ရှိနေခဲ့တဲ့ မျိုးနွယ်ကြီးသုံးခုထဲက တစ်ခု မဟုတ်လား ”
အမျိုးသားနတ်ဝိဇ္ဇာတစ်ပါးက သူ့ကို လှည့်၍ သတိပေးစကားဆိုလိုက်သည်။
“ စကားကိုကြည့်ပြော။ စည်းကမ်းဖောက်ဖျက်မိသွားဦးမယ် ”
“ ဟုတ်ကဲ့။ ကျနော် လွှတ်ခနဲ ထွက်သွားမိတာ၊ ခွင့်လွှတ်ပေးပါ ဆရာဦးလေး ”
နောက်ထပ်အမျိုးသမီးတပည့်တစ်ဦးကတည်း ရုတ်တရက် ပြောသည်။
“ အဲဒါက တွေ့ဆုံပွဲကျင်းပမယ့်နေရာလား ”
လူအားလုံးက ထိုအမျိုးသမီးညွှန်ပြရာသို့ ကြည့်ကာ တအံ့တသြ ဖြစ်သွားကြသည်။
လီချန်ရှို့သည်လည်း ဝေဟင်ကိုကြည့်၍ မျက်ခုံးမွှေးများ ပင့်သွားရသည်။
မည်မျှခံ့ညားထည်ဝါလိုက်ပါသနည်း။
မည်မျှ ပြောင်မြောက်လိုက်သည့် မန္တန်အစီအရင်ပေနည်း။
သူတို့နေရာမှ အရှေ့တောင်အရပ် ခပ်လှမ်းလှမ်းအကွာတွင် ရေဆင်နှာမောင်းကြီးတစ်ခု ရှိသည်။
အနှီရေဆင်နှာမောင်းကြီးက ကြာပန်း၏ ရိုးတံရှည်ကြီးနှင့် ဆင်တူပြီး ကောင်းကင်ဝေဟင်ပြင်တွင် ပင်လယ်ရေများ ဖြာထွက်သွားရာ ရေကြာပွင့်သဏ္ဍာန်စင်မြင့်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ရေဆင်နှာမောင်းကြီးကို တည်ငြိမ်နေစေရန် နတ်တန်ခိုးများဖြင့် ထောက်ကန်ပေးထား၏။ ရေကြာပ
င့်သဏ္ဍာန်စင်မြင့်ကြီးက ကြီးမားကျယ်ပြန့်ပြီး ဘေးပတ်လည်ရှိ ကောင်းကင်၌ မိုးသားတိမ်စိုင်များ၊ မြူခိုးများဖြင့် ပြည့်နှက်နေသည်ရာ ပင်လယ်ပြင်ထက်ဝယ် နတ်ဘုံနတ်နန်းတစ်ခု ပေါ်ထွန်းလာသည့်အလား ထင်မှတ်ရပေသည်။
ယင်းက မိစ္ဆာနှိမ်နင်းရေး တွေ့ဆုံပွဲ၏ပင်မမဏ္ဍပ်ဖြစ်ပေသည်။
လူအုပ်ထဲရှိ အတုမဲ့နတ်ဝိဇ္ဇာက ပြုံး၍ ဆိုသည်။
“ နဂါးနန်းတော်ကတော့ ဒီလိုမျိုး ရင်သပ်ရှုမောဖွယ်ရာတွေနဲ့ ငါတို့ကို တစ်ခါမှ စိတ်မပျက်စေခဲ့ဘူးပဲ ”
ထိုစကားကိုကြားသောအခါ လီချန်ရှို့က တိုးတိုးတိတ်တိတ် ရယ်မောလိုက်ပြီး အမျိုးသမီးနတ်ဝိဇ္ဇာအနည်းငယ်ဘေးတွင် ရပ်နေသော ဆရာဒေါ်လေး ကျိုးကျိုးအား လှမ်းကြည့်လိုက်သည်။
ခရီးစဉ်တလျှောက် ဆရာဒေါ်လေးကျိုးကျိုးသည် တခြားလူတစ်ယောက်အသွင် ပြောင်းလဲသွားဟန်တူသည်။ သူမက လွန်စွာ နူးညံ့သိမ်မွေ့နေပြီး ခါးတွင်ချည်ထားသော သေရည်အိုးအား ယောင်၍ပင် မထိသည်သာမက စကားတစ်ခွန်းပင် မဆိုချေ။
သူမ၏ဆရာက အထက်တွင် ရှိနေသည်မဟုတ်ပါလား။ သူမ၏ထိုအသွင်အပြင်က အမှန်တကယ်ပင် နှစ်လိုဖွယ်ကောင်းလှ၏။
ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ဆရာဒေါ်လေးနှင့်အတူ ဆေးဖော်စပ်ခြင်းနှင့် မန္တန်အစီအရင် တည်ဆောက်ခဲ့သည့်တလျှောက် ဆရာဒေါ်လေးက လွန်စွာ စကားများလှပေရာ စိတ်ရှုပ်ဖွယ်ကောင်းလှသည်။
အဟွတ် အဟွတ် … နောက်တာ …
ရေဆင်နှာမောင်းနှင့် ကြာပွင့်သဏ္ဍာန်စင်မြင့်အနီးသို့ သူတို့ ချဉ်းကပ်လာသည်နှင့်အမျှ ၎င်းက မည်မျှ ရင်သပ်ရှုမောဖွယ်ကောင်းပြီး နဂါးနန်းတော်က မည်မျှ ငွေကုန်ကြေးကျခံကာ တည်ဆောင်ထားရသည်ကို တဖြည်းဖြည်း နားလည်လာရသည်။
ပုစွန်တပ်စုကြီးနှင့် ဂဏန်းစစ်သူကြီးများက ပင်လယ်ရေမျက်နှာပြင်အထက် မတ်တတ်ရပ်နေကြသည်။ ယခင်က လန်လင်းအယ်သတ်ဖြတ်ခဲ့သော မိစ္ဆာလေးများနှင့် မနှိုင်းယှဉ်နိုင်လောက်အောင် ဖြစ်ပြီး တစ်ကောင်စီတိုင်းက သိသည်းကျစ်လျစ်သော အရှိန်အဝါများ လှစ်ဟပြနေသည်။
အနိမ့်ဆုံးပုစွန်တပ်သားတစ်ယောက်သည်ပင် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည်။ ၎င်းတို့က နဂါးနန်းတော်၏ လက်ရွေးစင်တပ်သားများဖြစ်ကြောင်း ပေါ်လွင်နေသည်။
လတ်တလောတွင် ကောင်းကင်ခုံရုံးသည်လည်း နိမ့်ကျနေသည်ဖြစ်ပြီး ကောင်းကင်မြစ်၌ တပ်သားများ မရှိချေ။ ကောင်းကင်ခုံရုံး၏ရေတပ်သားများအတွက် စစ်သူကြီးတစ်ဦးကိုသာ ခန့်အပ်ထားနိုင်သေးသည်။ လောကတခွင် အင်အားအကြီးဆုံး ရေတပ်သားများမှာ ပင်လယ်လေးစင်း နဂါးနန်းတော်မှ ဖြစ်ပေသည်။
တိမ်ဖြူဖြူများက အချင်းငါးလီရှိသော ရေကြာပွင့်အနီးသို့ ရောက်လာသောအခါ နဂါးဟိန်းသံတစ်သံ လွင့်ပျံလာသည်။
ရေဆင်နှာမောင်းမှ အရောင်အသွေးစုံလင်သော အသူရာနဂါးဒါဇင်ကျော် ထွက်ပေါ်လာပြီး ရေဆင်နှာမောင်းပတ်လည်တွင် ပျံသန်းနေကြသည်။
ရေကြာပွင့်သဏ္ဍာန်စင်မြင့်အစွန်းရှိ အထက်တွင် ရေပိတ်ကားအလွှာများ ကျဆင်းလာပြီး နေရောင်ခြည်အောက်ဝယ် ဝေဟင်၌ သက်တံ့များ တွဲခိုနေတော့သည်။
တစ်ချက်ဝေ့ကြည့်လိုက်လျှင် ရေကြာပွင့်သဏ္ဍာန်စင်မြင့်ထက်ရှိ ကောင်းကင်ပြင်၌ ပုံရိပ်သုံးထောင်ပတ်ချာလည် ပျံတက်လာသည်ကို မြင်တွေ့ရပေမည်။
ယင်းပုံရိပ်များက နဂါးမျိုးနွယ်စု၏ ရေနဂါးတပ်သားများဖြစ်ကြပြီး တဖျပ်ဖျပ်ဝင်းလက်နေသော ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကြသည်။ ယင်းတို့အနက် အများစုက နေလောင်ခံအသားအရေနှင့် ခေါင်းတွင် ချိုများ ရှိကြသည့် လူသားအသွင် ယူထားကြသည်။
ယင်းတို့ခန္ဓာကိုယ်က နဂါးမျိုးနွယ်နှင့် သွေးမျိုးဆက်နီးကပ်သော နတ်ရေနဂါးများအသွင် ဖြစ်နေပြီး ယင်းတို့က နဂါးနန်းတော်၏ အဓိကစစ်တပ်ကြီး ဖြစ်ပေသည်။ ရှေးပဝေသဏီကတည်းက ယင်းတို့က လွန်စွာ နာမည်ကြီးနေပြီးသား ဖြစ်သည်။
ထိုရေနဂါးသုံးထောင်က ရေကြာပွင့်သဏ္ဍာန်စင်မြင့်က စက်ဝိုင်းပုံစံဖြင့် ညီညာစွာ နေရာယူထားကြသည်။ ယင်းတို့က မိစ္ဆာနှိမ်နင်းရေး တွေ့ဆုံပွဲကို စောင့်ရှောက်ရန် တာဝန်ယူထားကြသည်။
ရေနဂါးတပ်သားများက ခံ့ညားထည်ဝါသောအသွင်ဖြင့် လေထဲတွင် မတ်တတ်ရပ်နေကြသည်ဖြစ်ရာ လွန်စွာ အထင်ကြီးလေးစားစရာကောင်းလှသည်။ ၎င်းတို့က အတုမဲ့နတ်ဝိဇ္ဇာအဆင့်ကို ရောက်နေကြပြီဖြစ်၍ လူသားကျင့်ကြံသူအတွက် ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်စေသည်။
‘ ဆင်ကြုံ ကျွဲလောက်ကျန်ဆိုတဲ့ စကားလည်း ရှိသေးတယ်မလား။ သူတို့နဲ့ ရန်သူမဟုတ်ဘူးဆိုရင်တောင် သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြဖို့မလိုဘူး။ တတ်နိုင်သလောက် သူတို့နဲ့ မပတ်သက်အောင်နေတာ အကောင်းဆုံးပဲ ’
ယင်းမှာ လီချန်ရှို့ တွေးတောနေခြင်းဖြစ်သည်။
အရှေ့တွင် ရှိနေသော ဂိုဏ်းတူအစ်မတစ်ယောက်က မေးမြန်းလိုက်သည်။
“နဂါးနန်းတော်က ဒီတွေ့ဆုံပွဲကို သိပ်အလေးထားတာပါလား ”
ဂိုဏ်းထဲရှိ နောက်ထပ် အတုမဲ့နတ်ဝိဇ္ဇာအမျိုးသမီးက ခပ်လွင်လွင်ကလေး ရယ်မောကာ ဖြေလိုက်သည်။
“ နဂါးနန်းတော်က သူတို့အင်အားကို ဒီလိုမျိုး ကြွားရတာ သိပ်သဘောကျတာ။ အခုလောလောဆယ် နဂါးမျိုးနွယ် ဘာပြဿနာနဲ့ ရင်ဆိုင်နေရမှန်း ဘယ်သူသိမှာလဲ ”
ထိုစကားကိုကြားသော် လီချန်ရှို့ အတွေးများသွားရသည်။
လက်ရှိခင်းကျင်းထားသော ပုံစံများအရ တစ်ခေတ်တခါက လောကကြီး၏ အရှင်သခင်ဖြစ်ခဲ့ဖူးသော နဂါးမျိုးနွယ်အနေဖြင့် ဂုဏ်အရှိန်အဝါကင်းမဲ့စွာ နေထိုင်ရမည်ကို ဆန္ဒမရှိပေ။
ယခုအချိန်တွင် သူတို့က ထင်ပေါ်ကျော်ကြားရန် စိတ်ဆောင်နေဆဲဖြစ်ပြီး သူတို့ကို အင်အားကြီးမားသော နဂါးမျိုးနွယ်အဖြစ် ယူဆနိုင်သေးသည်။
နတ်ဘုရားစစ်ပွဲအကြောင်း သူ တွေးမိပြီးနောက် ကောင်းကင်ခုံရုံးက နဂါးနန်းတော်အား မိုးများ ရွာသွန်းရန် တာဝန်ပေးခဲ့သည်ကို သတိရသွားသည်။
ကောင်းကင်ခုံရုံးက တန်ခိုးထွားလာခဲ့ပြီး နဂါးမျိုးနွယ်မှာ အမိန့်မရဘဲ မိုးရွာသွန်းခဲ့၍ အပြစ်ပေးခံခဲ့ရသည်။ ထို့နောက် မိုးနတ်မင်းအတွက် နဂါးအသည်းနှင့် ဇာမဏီခြင်ဆီက ပွဲတော်တည်ရာ ဖြစ်လာခဲ့သည်။
အဲဒီတုန်းက ရှေးဟောင်းမျိုးနွယ်ကြီးသုံးခုက ဘယ်လိုမျိုး ကပ်ဘေးကို ကြုံတွေ့ခဲ့ရပါလိမ့် …
လီချန်ရှို့မှာ စိတ်မကောင်းဖြစ်နေပြီး တာ့လော်နတ်မင်းအဆင့်သို့ မရောက်မချင်း အပြင်လောကကို လျှောက်မသွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။
မဟာနတ်ဘုရားဘွဲ့စစ်ပွဲကြီး ရောက်ရန် အတော်လေး လိုပါသေးသော်လည်း သူ စတင်ပြင်ဆင်ထားရတော့မည်ဖြစ်သည်။
လီချန်ရှို့က တိမ်တိုက်ပေါ်တွင် ရပ်နေလျက် တိတ်ဆိတ်စွာ တွေးတောနေတော့သည်။ တုနတ်ဝိဇ္ဇာဂိုဏ်း၏ တိမ်ဖြူဒါဇင်ကျော်နှင့်အတူ ပျံသန်းနေပြီး ရေကြာပွင့်သဏ္ဍာန်စင်မြင့်ကို ရောက်သွားသည်။
ရေကြာပွင့်သဏ္ဍာန်စင်မြင့်မှ ရွှေရောင်ဝင်းလက်နေသော လိပ်တစ်ကောင် ဘွားခနဲ ပေါ်လာသည်။
ယင်းလိပ်ကြီး၏ကျောပေါ်တွင် လိပ်အမှုထမ်းနှစ်ကောင်ပါလာသည်။ ယင်းလိပ်နှစ်ကောင်က လိပ်ခွံပေါ်တွင် အနီရောင်ပန်းထိုးဝတ်ရုံကို လွှမ်းခြုံထားပြီး လည်ပင်းမှ ခေါင်းကလေးပြူထွက်နေသည်ဖြစ်ရာ အလွန် ရွှင်မြူးဖွယ်ကောင်းလှသည်။
ဘယ်ဖက်ရှိ လိပ်ကလေးက လည်ချောင်းရှင်း၍ ခေါင်ယပ်တောင်လေးကို တဖျပ်ဖျပ်ခတ်ကာ နားဝင်ပီယံဖြစ်စေသော လေသံဖြင့်ဆိုသည်။
“ကောင်းကင်နတ်မင်းတွေနဲ့ အကြီးအကဲတို့ခင်ဗျား … ကျေးဇူးပြုပြီးတော့ ထိပ်ဆုံးက နတ်စင်မြင့်ပေါ်ကို ကြွပေးပါ ”
ယင်းက နဂါးနန်းတော်မှ ဒဏ္ဍာရီလာအသံပေလော။
ထို့နောက် ညာဖက်ရှိ လိပ်ကလေးက နားစည်အား ဖောက်ထွင်းလုမတတ် စူးရှကျယ်လောင်သောအသံဖြင့် ဆိုသည်။
“ နတ်ဝိဇ္ဇာဂိုဏ်းက မိတ်ဆွေတပည့်လေးတွေကတော့ စင်မြင့်ထက်ကို ကြွပေးပါ ”
“ ပြိုင်ပွဲစင်မြင့်မှာတော့ စားပွဲခုံတွေနဲ့ ထိုင်ခုံတွေ ပြင်ထားပါတယ်။ အဲဒါတွေက အရှေ့ကျွန်းက အဆင့်မြင့် နတ်ဝိဇ္ဇာဂိုဏ်းတွေအတွက် သတ်မှတ်ထားတာပါ။ သေချာလေး ကြည့်ပေးကြပါဗျာ ”
“ စာမတတ်တဲ့သူတွေကတော့ အစေခံတွေ မေးကြပါ ”
“အဆင့်နိမ့်နတ်ဝိဇ္ဇာဂိုဏ်းတွေကိုတော့ နေရာသတ်မှတ်ထားတာမရှိဘူး။ စင်နောက်မှာ ထိုင်ခုံရှာကြပါ ”
သူတို့ကိုကြည့်ရသည်မှာ လူသားကမ္ဘာရှိ ဆောင်ကြာမြိုင်မှ ဧည့်ကြိုကောင်လေးများပမာပင်။
“ ဖွီ … ”
တချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ကျိုးကျိုးမှာ မနေနိုင်တော့ဘဲ ပါးစပ်ကိုလက်ဖြင့်အုပ်၍ ရယ်လေတော့သည်။ ထိုနတ်လိပ်နှစ်ကောင်ကြောင့် တုနတ်ဝိဇ္ဇာဂိုဏ်းဝင်များအားလုံး ပွဲကျသွားလေသည်။
တုနတ်ဝိဇ္ဇာဂိုဏ်းမှလူအားလုံးအတွက် ထိုင်စရာနေရာရရန် စိတ်ပူစရာမလိုပေ။ ထို့ပြင် သူတို့ထိုင်ခုံများက ထိပ်ဆုံးနှင့် အနီးဆုံးတွင် ရှိသည်။
ထိုစဉ် အရှင်ဝမ်ချင်းနှင့် ကောင်းကင်နတ်မင်းအကြီးအကဲ အနည်းငယ်က လေထဲတွင် တွဲခိုနေသော စင်မြင့်ထက်သို့ ပျံသန်းသွားသည်။
တပည့်များအား ကာကွယ်စောင့်ရှောက်ရန် လိုက်ပါလာသော အတုမဲ့နတ်ဝိဇ္ဇာတစ်ဆယ့်ခြောက်ပါးသည်လည်း တုနတ်ဝိဇ္ဇာဂိုဏ်းအတွက် သတ်မှတ်ထားသောနေရာသို့ ပျံသန်းသွားကြသည်။
အုပ်စုခေါင်းဆောင်များဖြစ်ကြသော လီချန်ရှို့နှင့် ယုံချင်ရွှမ်းယာတို့အတွက်လည်း နေရာမပျောက်ပေ။
နတ်ဝိဇ္ဇာဂိုဏ်းအသီးသီးက ကြိုတင်ဆွေးနွေးထားကြသည့်အတိုင်း တစ်ဂိုဏ်းလျှင် လူသုံးဆယ်ကျော် စေလွှတ်ခဲ့သည်ကို နဂါးနန်းတော်ကလည်း ကောင်းစွာ သဘောပေါက်ထားသည်။ သို့ဖြစ်၍ ဂိုဏ်းတစ်ဂိုဏ်းစီအတွက် ထိုင်ရန်သတ်မှတ်ထားသောနေရာ၌ ဝတ်ပြုခုံနှစ်ဆယ့်ငါးခုံနှင့် စားပွဲပုလေး နှစ်ဆယ့်ငါးခုံစာအတွက်သာ ပြင်ဆင်ထားသည်။
အသီးအနှံများနှင့် စားစရာ နှစ်ဆယ့်ငါးယောက်စာကိုလည်း ပြင်ဆင်ထားသည်။
သို့သော် ယင်းက အသေးအမွှားကိစ္စရပ်သာ ဖြစ်သည်။ အမျိုးသမီးတပည့်အနည်းငယ်က သူတို့၏ ဝတ်ပြုခုံများကို ထုတ်၍ စားပွဲခုံနှစ်ခုံတွင် ဝင်ထိုင်လိုက်သည်။
အဆင့်နိမ့်သော နတ်ဝိဇ္ဇာဂိုဏ်းများမှာ ပို၍ပင် ဆိုးဆိုးဝါးဝါး ဆက်ဆံခံရသည်။ သူတို့အတွက် ဝတ်ပြုခုံများကိုသာ အတန်းလိုက်ချထားပြီး စားပွဲပုလေးများပင်မဆိုထားဘိ သေရည်နှင့် အသီးအနှံများပင် မရှိချေ။
လီချန်ရှို့က တုနတ်ဝိဇ္ဇာဂိုဏ်းအတွက် သတ်မှတ်ထားသောနေရာမှ အစွန်အဖျားတွင် ထိုင်လိုက်ပြီး သူ့ဘေးတွင် တုနတ်ဝိဇ္ဇာဂိုဏ်းဝင်များ စေခိုင်းရန်အတွက် တည်ငြိမ်သော အစေခံတစ်ယောက် ရပ်နေသည်။
သူက သူ့ရှေ့တွင် ရှိနေသည့် အသီးအနှံများနှင့် အကောင်းစားသေရည်ကို ကြည့်ကာ မှင်သက်သွားသည်။ သူက သလင်းကျောက်သားပမာ ကြည်လင်ဝင်းပနေသော စပျစ်သီးတစ်လုံးအား ယူကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
အတော်လေးချောမောလှပဟန်ရှိသော အစေခံအမျိုးသမီးက ပါးစပ်လေးကိုပိတ်ကာ ရယ်သွမ်းသွေးလိုက်သည်။ သူမက တစ်ခွန်းမှမဆိုဘဲ လီချန်ရှို့ကိုသာ မမှိတ်မသုဉ် ကြည့်နေလေ၏။
မကြာခင် လီချန်ရှို့မှာ လေချဉ်တက်သွားကာ မည်သည့်အသီးအား စားခဲ့မိသည်ကို အတည်ပြုလိုက်သည်။
ဤသည်မှာ နဂါးနန်းတော်၏ လူများအား စနောက်သည့်နည်းလမ်း ဖြစ်ပေသည်။ သူတို့က ဟိုထျန်ဝိညာဉ်မြစ်ဆိုသည့် အေးစိမ့်နတ်စပျစ်သီးကို တုနတ်ဝိဇ္ဇာဂိုဏ်းဝင်တိုင်းအား ပေးခဲ့ခြင်းဖြစ်သည်။
တခြားဂိုဏ်းများကို ကြည့်ရှုပြီးနောက် သူတို့သည်လည်း နတ်စပျစ်သီးတခြားတစ်မျိုးကို လက်ဆောင်ရသွားခဲ့ကြောင်း သူ နားလည်သွားသည်။
အမှန်တွင် အေးစိမ့်နတ်စပျစ်သီးများက အဖိုးတန်သည်။ ထိုစပျစ်သီးအနည်းငယ် စားသုံးလိုက်မည်ဆိုပါက ကျင့်ကြံသူတစ်ဦး၏ ကမ္ဘာဦးဝိညာဉ်ကို အားဖြည့်ပေးကာ အရှိန်အဝါအား တည်ငြိမ်စေပြီး ဒဏ်ရာရနေသည့်လူများကို လန်းဆန်းတက်ကြွလာစေသည်။ ၎င်းတို့က လွန်စွာ မွှေးကြိုင်ကာ စျေးလည်းကြီးသည်။
သို့သော်လည်း အနည်းငယ်မျှ စားသုံးမှသာ ထိုအကျိုးကျေးဇူး ရရှိမည်ဖြစ်သည်။ အမြောက်အမြား စားသုံးမိပါက အီးပေါက်စေတတ်သည်။ ပညာရှင်ဆန်ဆန်ဆိုရလျှင် စအိုကြွက်သားများ ပြေလျော့သွားကာ ခန္ဓာကိုယ်ထဲမှ အခိုးအငွေ့များ တဂွီဂွီမြည်ကာ ထွက်သွားမည်ဖြစ်ပေသည်။
နတ်ဝိဇ္ဇာများသည်ပင် ထိုကဲ့သို့ မဖြစ်စေရန် မဟန့်တားနိုင်ချေ။
အနည်းငယ် တွေးတောပြီးနောက် လီချန်ရှို့က ယုံချင်ရွှမ်းယာကို လှမ်း၍ သတိပေးလိုက်သည်။
“ ဂိုဏ်းတူညီမလေး ယုံချင်၊ အဲဒီသစ်သီးတွေမစားခင် တစ်ခုခုဖြစ်နိုင်လားဆိုတာကို ဆရာဒေါ်လေးနဲ့ ဆရာဦးလေးတို့ကို မေးကြည့်လိုက်ဦး။ တခြားဂိုဏ်းကလူတွေလည်း စားနေတာ အစ်ကိုတွေ့တယ်။ ညီမကို သတိပေးတာ အစ်ကိုလို့ မပြောနဲ့။ အဲဒီသစ်သီးတွေက ထူးဆန်းတယ်ဆိုတာကို ညီမက သိတာလို့ ပဲပြောနော် ”
ယုံချင်ရွှမ်းယာက မျက်တောင်တဖျပ်ဖျပ်ခတ်ကာ လီချန်ရှို့အား လှည့်ကြည့်လိုက်သည်။ ထို့နောက် ဝိုင်းစက်နေသော စပျစ်သီးလေးအား ဖိညှစ်ကာ ပါးစပ်ထဲ ပစ်ထည့်လိုက်လေသည်။
လီချန်ရှို့မှာ ဆွံ့အသွားရတော့သည်။
‘ ကောင်းပြီလေ။ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ ’
***