Switch Mode

အခန်း (၆၀၇)

ဒီမှာ ဘာမှမရှိဘူး

ုမီလော့တောအုပ်မှာ သစ်ပင်များ ပေါက်ရောက်နေသော တောအုပ်တစ်ခုမဟုတ်ပေ။ ၎င်းအား တောအုပ်တစ်ခုဟု ခေါ်ဆိုရခြင်းမှာ ၎င်း၏ ကြယ်အဖွဲ့အစည်း၏ ပုံပန်းသွင်ပြင်မှာ တမူထူးခြားနေသောကြောင့် ဖြစ်သည်။ ထိုကြယ်အဖွဲ့အစည်းထဲရှိ အမြင့်ဆုံးနေရာတွင် ရပ်နေမည်ဆိုပါက ကြယ်အဖွဲ့အစည်း တစ်ခုလုံးကို မြင်နိုင်ပေသည်။ ၎င်းမှာ ဧရာမ သစ်ပင်ကြီးတစ်ပင်ပုံစံ ရှိနေ၏။

ထို ကြယ်အဖွဲ့အစည်း၏ ဂြိုဟ်များမှာ လုံးဝန်းနေခြင်းမရှိဘဲ ၎င်း၏ ဥပဒေသများကြောင့် ၎င်းတို့၏ ပုံစံမှာ သစ်ပင်များနှင့် တူနေကြ၏။ ၎င်းတို့မှာ အရွယ်အစားအမျိုးမျိုးရှိပြီး သစ်ကိုင်းများနှင့် သစ်ရွက်များပင် ပိုင်ဆိုင်ထားကြပေသည်။ အကယ်၍ ထိုနေရာ၌ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို ဆန့်ထုတ်၍ အကဲခတ် ကြည့်ရှုလိုက်မည်ဆိုပါက အာကာသကြီးထဲတွင် တောအုပ်တစ်ခု ပေါက်ရောက်နေသည်ဟု အထင်လွဲသွားနိုင်ပေသည်။

ထို့ကြောင့်လည်း ၎င်း၏အမည်မှာ မီလော့တောအုပ်ဟူ၍ ပြောင်းသွားခဲ့ခြင်းဖြစ်သည်။

အဆုံးမဲ့မျိုးနွယ်စု၏ တာအိုနယ်မြေထဲတွင် ထိုတောအုပ်ကြီး နာမည်ကျော်ကြားရသည့် အဓိကအကြောင်းအရင်းနှစ်ချက် ရှိပေသည်။ ပထမအချက်မှာ ထိုတောအုပ်ထဲတွင် ကျက်စားနေထိုင်ကြသည့် ထောင်ပေါင်းများစွာသော သားရဲမျိုးစိတ်များ ဖြစ်ကြပေသည်။ ထို သားရဲမျိုးစိတ် အားလုံးနီးပါးဆီတွင် အလွန်အင်မတန်မှ အစွမ်းထက်သော သားရဲဘုရင်များ ရှိကြ၏။ ၎င်းတို့ထက် ပို၍အစွမ်းထက်သည့် ဘိုးဘေးသားရဲကြီးများကိုပင် ပိုင်ဆိုင်ထားကြသည့် မျိုးစိတ်ငါးခုလည်း ရှိနေသေးသည်။

ထို့ကြောင့် မီလော့တောအုပ်မှာ အဆုံးမဲ့မျိုးနွယ်စုအုပ်ချုပ်သော တာအိုနယ်မြေထဲတွင် ဂုဏ်သတင်း ကျော်ကြားနေရခြင်းဖြစ်သည်။ မည်သူကမှ ထိုလူမှုအဖွဲ့အစည်းအား အပြစ်မလုပ်ရဲကြပေ။ ထို့အပြင် ဒုတိယ အကြောင်းအရင်းကြောင့် အဆုံးမဲ့မျိုးနွယ်စုမှာလည်း ၎င်းအား မစော်ကားရဲပေ။ ထို အကြောင်းအရင်းမှာ…. မီလော့တောအုပ်သည် အဆုံးမဲ့မျိုးနွယ်စုတစ်ခုလုံး ကြောက်ရွံ့ရပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားရသည့် အနည်းငယ်သော ကြယ်အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်နေသောကြောင့်ပင်။

ထိုအချိန်တွင် မီလော့တောအုပ်ထဲရှိ သစ်ပင်ပုံစံ ဂြိုဟ်ပေါင်းများစွာထဲမှ ကြယ်အစွယ်သားရဲများ ကျက်စားလေ့ရှိသော ဂြိုဟ်တစ်ခုပေါ်တွင် တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်တစ်ခု ဖျတ်ခနဲ တောက်ပလာ၏။ ထို့နောက် ကြောက်ရွံ့တုန်လှုပ်ကာ အံ့ဩမှင်တက်နေသည့် ဝမ်ပေါင်လဲ့တစ်ယောက် ပေါ်ပေါက်လာတော့သည်။

ကြယ်အစွယ်သားရဲများမှာ မီလော့တောအုပ်ထဲရှိ ထောင်ပေါင်းများစွာသော မျိုးစိတ်ထဲမှ တစ်ခုဖြစ်ပေသည်။ ၎င်းမှာ ထိပ်ဆုံးမျိုးစိတ် ငါးရာထဲတွင် မပါသလို ၎င်း၏ မျိုးပွားနှုန်းနှင့် စွမ်းအားများမှာလည်း သာမန်အဆင့်တွင်သာ ရှိသည်။ သို့သော် ၎င်းမှာ ဂြိုဟ်များအား ပြုပြင်ပြောင်းလဲနိုင်သည့် စွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထား၏။

သို့ရာတွင် ၎င်းတို့မှာ ထိုသို့ပြောင်းလဲနိုင်ရန် ဂြိုဟ်တစ်လုံးကိုသာမက ကျင့်ကြံသူပေါင်းမြောက်မြားစွာ၏ အသွေးအသားများနှင့် ဝိညာဉ်များကို လိုအပ်သည်။ ၎င်းတို့အားလုံးကို မီလော့တောအုပ်ထဲ၌ အလွယ်တကူ ရရှိနိုင်ပေသည်။ လူမှုအဖွဲ့အစည်း အမြောက်အမြားမှာ ၎င်းတို့အတွက် သားကောင်အဆင့်တွင်သာ ရှိပေသည်။

ကြယ်အစွယ်သားရဲများမှာ ၎င်းတို့၏ တမူထူးခြားသော စွမ်းရည်ကြောင့် မီလော့တောအုပ်ထဲ၌ နေရာရလာကြပြီး သာရဲမျိုးနွယ်စုမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်လာကြ၏။ ထို့ကြောင့် ၎င်းတို့မှာ ထို ကြယ်အဖွဲ့အစည်းထဲ၌ အင်အားကြီးထွားလာကြတော့သည်။

၎င်းတို့မှာ သူတို့နေထိုင်သော ဂြိုဟ်ကြီးအား ပြုပြင်မွမ်းမံနိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြ၏။ ထိုဂြိုဟ်၏ အပူချိန်မှာ အလွန်အင်မတန်မှ မြင့်မားကာ မီးတောက်များမှာ မြေကြီးထဲမှ ထိုးထွက်လာကြပြီးနောက် နေရာအနှံ့သို့ ပျံ့နှံ့သွားနေကြ၏။ ထို့ကြောင့် ထိုနေရာကြီး တစ်ခုလုံးမှာ မီးစွဲနေသော ဧရာမသစ်ပင်ကြီးတစ်ပင်ကဲ့သို့ ဖြစ်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ ထို မီးစွဲနေသော သစ်ပင်ကြီးပေါ်ရှိ လွင်ပြင်တစ်ခုထဲတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ သူသည် ထိုနေရာသို့ ရောက်ရှိလာသည့်နှင့် စူးခနဲ အော်ဟစ်မိလိုက်၏။ ထိုဂြိုဟ်၏ အပူချိန်မှာ ချစ်ချစ်တောက်ပူနေသောကြောင့် သူ၏ ဆံပင်များနှင့် မျက်ခုံးမွေးများမှာ ချက်ချင်း မီးစွဲသွားကြ၏။ ထို့ကြောင့် သူသည် သူ၏ကျင့်ကြံခြင်းစွမ်းအားများကို ချက်ချင်းထုတ်လွှတ်လိုက်ရတော့သည်။ သူသည် တောင့်တင်းခိုင်မာသော အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး မီးစွမ်းအင်သုံး မန္တန်များကို နားလည်တတ်မြောက်ထားသောကြောင့်သာ ထိုအပူအချိန် တောင့်ခံနိုင်စွမ်းရှိနေ၏။

သို့သော် သူသည် ထိုကဲ့သို့ အကြာကြီး တောင့်ထားနိုင်မည်မဟုတ်ကြောင်း နားလည်ထားသည်။ အကယ်၍ သူသာ ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားခြင်းမရှိပါက အရှင်လက်လက် အကင်ခံလိုက်ရမည်သာ ဖြစ်သည်။

” ဘုရားရေ။ ငါ ဘယ်သူ့ကိုများ အပြစ်လုပ်မိခဲ့တာလဲကွာ။ ဘာလို့များ သူတို့က တာဝန်တွေကို အမျိုးမျိုးပြောင်းပြီး ငါ့ကို ဒီနေရာ ပို့လိုက်ရတာလဲကွ။ မမလေးရေ။ မမလေးရဲ့။ ကျွန်တော် မမလေးကို ဘာမှမလုပ်ခဲ့ပါဘူးဗျာ ” ဝမ်ပေါင်လဲ့မှာ ချစ်ချစ်တောက် ပူလောင်နေခြင်းမရှိသော နေရာတစ်ခုကို ရှာဖွေနိုင်ရန် အလျင်အမြန် ပြေးလွှားနေရင်း မြည်တွန်တောက်တီး‌လိုက်၏။

” ပါးစပ်ပိတ်ထားစမ်း ” မမလေးမှာ ‌ဒေါပွနေသည့် လေသံ ပေါက်နေ၏။ သူမသည်လည်း အရူးတစ်ပိုင်း ဖြစ်နေသည့်ပုံပင်။

” ငါ လုပ်တာ မဟုတ်ဘူးဟ။ ဘယ်သူလုပ််လိုက်မှန်းလဲ မသိဘူး။ ရှိခိုးနန်းတော်အဆောင်က ကြောင်သွားတာပဲဖြစ်ရမယ်။ ငါက ဒီလိုနေရာမျိုးကို လာချင်လိမ့်မယ်လို့ နင််ကထင်နေတာလား။ ဘာမှတော့ ပြဿနာမရှိပါဘူး။ ငါ့မှာ အကြံတစ်ခုရှိတယ်။ ငါတို့တွေ ပြန်ပြီးတော့ တည်နေရာပြောင်းရွှေ့လိုက်ရုံပဲ…. ” မမလေးမှာ နှာမှုတ်ကာ ဆိုလိုက်၏။ သို့သော် သူမ စကားမဆုံးနိုင်ခင်မှာပင် ထိုဂြိုဟ်ကြီး၏ အထက် အဝေးတစ်နေရာရှိ အာကာသထဲတွင် အံ့ဩမှင်တက်ဖွယ်ကောင်းသည့် အငွေ့အသက် ဆယ့်နှစ်ခု ပေါ်ပေါက်လာ၏။

ထို အငွေ့အသက်များမှာ ကြယ်များကိုပင် ရွေ့လျားပစ်နိုင်စွမ်း ရှိသည့်အထိ အစွမ်းထက်နေ၏။ ၎င်းတို့မှာ ကောင်းကင်ယံထဲ၌ ပြည့်နှက်သွားသဖြင့် ဂြိုဟ်ကြီးမှာ စတင်တုန်ရီလာတော့သည်။ ထို့နောက် မြေကြီးထဲမှ မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာသဖြင့် ထိုနေရာကြီးတစ်ခုလုံးမှာ မီးပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုမီးတောက်များ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသောအခါ မမလေးမှာ ကျောက်ဒူးများ တုန်နေရတော့သည်။ ထို အငွေ့အသက် တစ်ခုချင်းစီတိုင်းမှာ ကျယ်ပြန့်တာအိုဂြိုဟ်ပေါ်တွင် ကြုံခဲ့ရသည့် ဧရာမလက်ကြီးနှင့် ယှဉ်နိုင်စွမ်းရှိနေ၏။ အမှန်အတိုင်းဆိုရပါက ထို အငွေ့အသက်အားလုံးမှာ ထိုလက်ကြီးထက်ပင် အနည်းငယ်ခန့်ပို၍ အစွမ်းထက်နေ၏။

” ဒါ… ဘုရားရေ။ ဒါ ဘယ်လိုနေရာကြီးလဲဟ ” ဝမ်ပေါင်လဲ့မှာ ငိုမဲ့မဲ့ ဖြစ်နေရပြီဖြစ်သည်။ ထိုဂြိုဟ်ပေါ်၌ ထာဝရကြယ်အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ယောက် ရှိနေသည်ဆိုသည့် အသိကြောင့် သူသည် ဦးရေခွံများ ထုံကျဥ်သွားရ၏။ ပို၍ဆိုးသည်မှာ ထိုဂြိုဟ်ပေါ်၌ ဝိညာဉ်ကြားခံနယ်အဆင့် အငွေ့အသက်များ၊ ထာဝရဝိညာဉ်အဆင့် အငွေ့အသက်များနှင့် ဂြိုဟ်အဆင့် အငွေ့အသက်များ ပေါ်ပေါက်လာနေခြင်းပင်ဖြစ်သည်။

ထိုဂြိုဟ်ပေါ်၌ တောက်လောင်နေသည့် မီးပင်လယ်ကြီးမှာ ပျော်ပွဲရွှင်ပွဲကြီး တစ်ခုကဲ့သို့ ဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်းရှိ မိုးကောင်းကင်ကြီး၏ အောက်တွင် ကဆုန်ပေါက်နေကြသည့် သားရဲကြီးများ၏ အရိပ်များဖြင့် ပြည့်နှက်နေသည်ကို မြင်နေရသည်။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့တုန်လှုပ်သွားရ၏။ သူသည် အသက်မရှူနိုင်တော့သဖြင့် မမလေးအား လှမ်းခေါ်ကာ သူ့အား တည်နေရာပြောင်းရွှေ့ပေးရန် အကူအညီ လှမ်းတောင်းလိုက်စဉ်မှာပင် ကောင်းကင်ယံထဲမှ ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထွက်ပေါ်လာပြန်သည်။

မီးပင်လယ်ကြီးထဲရှိ ပေါက်ကွဲမှုများမှာလည်း ပို၍အားကောင်းလာသဖြင့် တစ်ဂြိုဟ်လုံး တုန်ခါနေရတော့သည်။ ထို့နောက် မနီးမဝေးရှိ ကောင်းကင်ယံထဲတွင် ဧရာမ မီးတောက်ကြီးတစ်ခု ပေါ်ပေါက်လာသောကြောင့် သားရဲကြီးများ၏ စိတ်လှုပ်တရှား အော်ဟစ်မြည်တမ်းသံများမှာ လေထဲ‌၌ ပဲ့တင်ထပ်သွားရတော့သည်။

ထိုမီးတောက်ကြီးမှာ ပေသောင်းဂဏန်းအထိ မြင့်မားပြီး ဥက္ကာခဲတစ်လုံးကဲ့သို့ ထိုဂြိုဟ်ကြီးအား ရိုက်ခတ်သွား၏။ ၎င်းမှာ အလွန်အင်မတန်မှ ဝေးကွာနေသေးသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ မီးပင်လယ်ကြီးထဲရှိ ဧရာမ သားရဲကြီးတစ်ကောင်ကို လှမ်းမြင်နေရဆဲပင်။

ထိုသားရဲကြီးမှာ ဧရာမ အသားလုံးကြီးတစ်လုံးနှင့် တူနေ၏။ ၎င်းမှာ တစ်ကိုယ်လုံး ဓားသွားကဲ့သို့ ချွန်ထက်သော ဆူးချွန်များဖြင့်ပြည့်နှက်နေပြီး မျက်လုံးလေးလုံး ရှိနေ၏။ ၎င်း၏ ပါးစပ်ပေါက်ကြီးမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းပေသည်။ ထိုသားရဲကြီးဆီမှ ပေါက်ကွဲထွက်ပေါ်လာနေသည့် အငွေ့အသက်များမှာ ဂြိုဟ်ကြီးတစ်ခုလုံးအား တုန်ရီသွားစေသော အငွေ့အသက် ဆယ့်နှစ်ခုထက်ပင် ပို၍အားကောင်းနေ၏။ ထို့ကြောင့် သားရဲဘုရင်တစ်ပါး ပြန်လည်ရောက်ရှိလာသည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာ တစ်ချက်မျှသာ လှမ်းကြည့်ရသေးပါသော်လည်း သူ၏ အသိစိတ်ထဲ၌ မမလေး၏ အလန့်တကြား အော်ဟစ်သံကြီးကို ကြားလိုက်ရတော့သည်။

” သားရဲဘုရင်တစ်ကောင်ပါလား။ ဖက်တီး။ မြေကြီးပေါ် ဝပ်လိုက်။ ငါ မန္တန်တစ်ခု သုံးလိုက်မယ်။ ‌ဒီ ရှိခိုးနန်းတော်အဆောင် အစုတ်ပလုတ်ကတော့ကွာ။ ငါတို့ကို ဒီနေရာအထိ ပို့လိုက်ရတယ်လို့။ ငါ ပြန်ရောက်လာမှ အဆောင်တစ်ခုလုံးကို ဖျက်ဆီးပစ်ဦးမယ် ” မမလေး၏ စကားများကြောင့် ဝမ်ပေါင်လဲ့မှာ အသာများ တုန်ရီသွားရပြီး မြေကြပေါ်သို့ လှဲချလိုက်တော့သည်။ သူသည် ထိုမြေပြင်ကြီး ချစ်ချစ်တောက် ပူနေသည့်အချက်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မီးလောင်ဒဏ်ရာများကို အံကြိတ်ခံစားရင်း သူ၏အနီးတွင် ရှိနေသော ကျောက်တုံးကြီးတစ်တုံးဆီသို့ အလျင်အမြန် တွားသွားလိုက်၏။ မမလေး၏ ကတုန်ကယင် ဖြစ်နေသော စကားသံမှာမူ သူ၏အသိစိတ်ထဲ၌ ပဲ့တင်ထပ်နေတော့သည်။

” ဒီမှာ ဘာမှမရှိဘူး။ ဒီမှာ ဘာမှမရှိဘူး… ”

မမလေးမှာ ဝှက်ဖဲအချို့ ပိုင်ဆိုင်ထားသောကြောင့်လား ကံကောင်းလွန်းနေသောကြောင့်လားတော့ မသိပေ။ ကြယ်အစွယ်သားရဲဘုရင်ကြီးမှာ ထိုနေရာသို့ ရောက်ရှိလာပြီးနောက် ဝမ်ပေါင်လဲ့အား သတိမထားမိခဲ့ချေ။ ကြယ်အစွယ်သားရဲများမှာမူ မြေကြီးထဲမှ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာသော မီးတောက်များ၏ကြားတွင် မရပ်မနား အော်ဟစ်အားပေးနေကြတော့သည်။

အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ အရှင်လက်လက် အကင်ခံရတော့မည့်အလား ခံစားနေရပြီဖြစ်သည်။ သူ၏ ပါးစပ်မှာ ခြောက်ကပ်နေပြီး သူ၏ မျက်လုံးထဲမှ မီး‌တောက်များထွက်လာတော့မည့်အလား ခံစားနေရတော့ကြောင့် သူသည် ကြံရာမရဖြစ်နေသည့်လေသံဖြင့် ဆိုလိုက်တော့သည်။

” မမလေးရေ။ ကျွန်တော်တို့ကို ဒီနေရာနေ မြန်မြန်လေး တည်နေရာပြောင်းရွှေ့ပေးပါတော့ ”

” ငါလည်း ကြိုးစားနေတာ ဆယ့်နှစ်ခါလောက် ရှိနေပြီဟ။ ဒီနေရာမှာ အချုပ်အနှောင်တစ်ခု ရှိနေတာမလို့ ငါက တည်နေရာပြောင်းရွှေ့လို့မရဘူးဖြစ်နေတာ ” မမလေးမှာ သူမ၏ပုံစံနှင့်မလိုက်အောင် ပြန်၍အော်ပြောလိုက်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ သူသည် သက်ပြင်းချကာ ကြံရာမရဖြစ်နေရင်း ကျောက်တုံးကြီး၏ ဘေး၌ တစ်စုံတစ်ခုရှိနေသည်ကို သတိထားမိသွား၏။ မြေပြင်ပေါ်တွင် မီးတောက်များ လောင်ကျွမ်းခဲ့သည့် နေရာများ၌ သလင်းကျောက်နှင့်တူသည့် တလက်လက်တောက်ပနေသော အရာဝတ္ထုပစ္စည်းများ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူသည် မျက်စိပေကလပ်ပေကလပ်ဖြစ်သွားပြီး ၎င်းတို့အား တူးထုတ်လိုက်၏။ သူသည် ၎င်းတို့အား သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် မျက်လုံးများပြူးသွားရပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သူသည် အံ့အားသင့်လွန်းနေသောကြောင့် အော်ဟစ်မိလုနီးပါး ဖြစ်သွား၏။

” ဒါ ထိပ်သီးအဆင့် မီသတ္ထုရိုင်း‌‌တွေလား ” ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်သွားတော့သည်။ ကမ္ဘာပေါ်တွင် ထိုပစ္စည်းများနှင့် ပတ်သတ်သည့် မှတ်တမ်းမှတ်ရာများမရှိပေ။ သူသည် အမှောင်သမ္ဗန်ကြီးအား ပြုပြင်ရန်လိုအပ်သည့် ကုန်ကြမ်းပစ္စည်းစာရင်းထဲတွင် ၎င်းအား ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခဲ့ခြင်းဖြစ်ပြီး ကျယ်ပြန့်တာအိုနန်းတော်၏ မှတ်တမ်းများထဲတွင် ထိုအကြောင်းအား ထပ်၍ ရှာတွေ့ခဲ့၏။ ၎င်းမှာ အလွန်အင်မတန်မှ ရှားပါးပြီး အဖိုးတန်သော သန့်စင်ခြင်းလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်ပေသည်။ ၎င်းအား သာမန် ဓမ္မလက်နက်တစ်ခု သန့်စင်ရာ၌ အသုံးပြုလိုက်မည်ဆိုပါက ထိုလက်နက်မှာ အလွန်အင်မတန်မှ အစွမ်းထက်လာမည်ဖြစ်သည်။

ထို့အပြင် ၎င်းမှာ နတ်ဘုရားလက်နက်များ သန့်စင်ရာ၌ မရှိမဖြစ်လိုအပ်သည့် ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်သလို အမှောင်အဆောင်ပစ္စည်းများအား ပြုပြင်ရာ၌ အဓိကလိုအပ်သည့် ကုန်ကြမ်းပစ္စည်းများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် နောက်ဆုံးတွင် သေချာသွားသဖြင့် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရတော့သည်။ သူသည် မျက်လုံးများ အရောင်တောက်လာပြီး မမလေး၏ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အကြောင်းကိုပင် မေ့ပျောက်သွားတော့သည်။ ဝမ်ပေါင်လဲ့မှာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်သောအခါ နောက်ထပ် ထိပ်သီးအဆင့်မီးသတ္ထုရိုင်းတစ်ခဲအား ရှာတွေ့လိုက်၏။ ထို့ကြောင့် သူသည် ဝေဒနာများကို အံကြိတ်ခံရင်း ထိုနေရာသို့ တွားသွားလိုက်ပြီးနောက် ၎င်းအား လှမ်း၍ဆွဲယူလိုက်၏။ သူသည် ၎င်းအား ချက်ချင်းသိမ်းဆည်းလိုက်ပြီးနောက် ထိုနေရာတစ်ဝိုက်တွင် ဆက်၍ ရှာဖွေနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ ရှာဖွေနေစဉ် မမလေးမှာ တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်အား စတင်နိုင်ရန် အဆက်မပြတ် ကြိုးစားနေ၏။ ထိုအချိန်တွင် ထိုဂြိုဟ်ပေါ်ရှိ ဝမ်ပေါင်လဲ့နှင့် သိပ်မဝေးသော ‌တောင်ထိပ်တစ်ခုပေါ်၌ ကျယ်ပြန့်တာအိုဂြိုဟ်ပေါ်တွင် ရှိနေခဲ့စဉ်တုန်းက အရက်သောက်နေခဲ့သည့် လူငယ်လေးမှာ ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် ကျောက်တုံးကြီးတစ်တုံးပေါ်တွင် လဲလျောင်းကာ သူ၏ သစ်သားဓားလေးအား ဘေးတွင် ဖြစ်သလိုချထားပြီး အရက်သောက်နေ၏။ သူသည် ဝမ်ပေါင်လဲ့ ရှိနေသည့်ဘက်သို့ လှမ်းကြည့်ကာ ပြုံးမိသွားပြီး သူ၏မျက်ဝန်းများထဲ၌ အတိတ်ကို လွမ်းဆွတ်သတိရနေသည့် အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

အချိန်အတော်အတန်ကြာပြီးနောက် ထိုလူငယ်လေးမှာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်၏။

” မင်းက ထိပ်သီးအဆင့် မီးသတ္ထုရိုင်းတွေကို သိပ်ကြိုက်တာပဲလား ” သူသည် ထိုသို့ရေရွတ်လိုက်ပြီးနောက် ညာဘက်လက်ကိုမြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ ထိုဂြိုဟ်ကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် တုန်ရီသွားပြီး မြေကြီးအောက်တွင်ရှိနေသော ထိပ်သီးအဆင့် မီးသတ္ထုရိုင်းကြောကြီးမှာ ပြိုပျက်သွားတော့သည်။ ထို့နောက် မျက်လုံးဖြင့်မမြင်နိုင်သော စွမ်းအားတစ်မျိုးမှာ ၎င်းတို့အား အရပ်မျက်နှာအနှံ့မှနေ၍ ဝမ်ပေါင်လဲ့ဆီသို့ ပို့ဆောင်ပေးနေသကဲ့သို့ ဖြစ်နေတော့သည်။

Comment

  1. kyawthiha1499 says:

    ဆရာEr’gen ရဲ့စာစဉ်တွေထဲမှာပေါင်လဲ့ကကံအကောင်းဆုံးထင်တယ် အခက်ခဲဆုံးကတော့ဝမ်လင်းပဲ ဒါကြောင့်လည်းဝမ်လင်းကလေးစားဖို့အကောင်းဆုံးနဲ့အကြိုက်ဆုံး ဇာတ်ကောင်ဖြစ်နေတာ ပိုင်ရှောင်ရှန်းနဲ့ပေါင်လဲ့ကတော့ဖတ်ရအပျော်ဆုံးပဲ

    1. Htet Myat says:

      မန်ဟိုလည်း ပျော်ဖို့ကောင်းပါတယ်ဖတ်ရတာ

      1. Melrin says:

        မန်ဟိုကပျော်ဖို့မကောင်းပါဘူး
        သူ့ရဲ့ပိုက်ဆံမသုံးလိုက်ဘဲကုန်ကုန်သွားတဲ့အခန်းကကျွန်တော့်အဖြစ်နဲ့တူနေတော့ရယ်တောင်မရယ်နိုင်တော့ဘူး

Leave a Reply

Options

not work with dark mode
Reset