Switch Mode

စာစဉ်(၈) အပိုင်း(၁၀၄)

ငွေရောင်အရိပ်ရဲ့စွမ်းအား

မြို့ရိုးအထက်တွင်ရှိနေသည့် ငွေရောင်ချပ်ဝတ်အဖြစ်ပြောင်းလဲသွားသည့် ဇူယွမ့်ထံမှ သွေးဆာရက်စက်သည့်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည့်အခါ များစွာသောအကြည့်တွေကို အထိတ်တလန့်ဖြစ်သွားစေခဲ့သည်။

ဝမ်ကောင်းရှန်ရဲ့မျက်နှာထက်က လှောင်ပြောင်အထင်သေးမှုတွေကလည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ရပြီး ငွေရောင်လူအဖြစ်ပြောင်းလဲသွားခဲ့သည့် ဇူယွမ်ကိုစိုက်ကြည့်လျက်မှ သူ့ရဲ့မျက်လုံးတွေထဲမှာ လေးနက်မှုတို့ထင်ဟပ်လာခဲ့သည်။ အခုလက်ရှိသူခံစားနေရတဲ့ အရှိန်အဝါက သူ့ကိုပင်အမှန်တကယ် ကြောက်ရွံ့ထိတ်လန့်မိစေသည်။

ဝမ်ကောင်းရှန်ရဲ့မျက်လုံးတွေက မတည်မငြိမ်ဖြစ်သွားခဲ့ရသကဲ့သို့ သူကအံကိုတင်းတင်းကြိတ်ကာ အေးစက်စွာဖြင့်ပြောလိုက်သည်… “မင်းမှာစွမ်းရည်အချို့တော့ရှိသေးတာပဲ…”

ဒီငွေရောင်ချပ်ဝတ်က ဘာအတွက်ကြောင့် ဒီလိုမျိုးအန္တရာယ်ရှိတဲ့ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်တာလဲဆိုတာကို သူမသိပေမဲ့လည်း သူ့ရဲ့ရင်ထဲမှာတော့ ဒါနဲ့ပတ်သက်ပြီး အမှုမထားဘဲမနေရဲတော့ပေ။

ငွေရောင်ချပ်ဝတ်လူရိပ်ရဲ့မျက်လုံးတွေက ပွင့်လာခဲ့သလို ၎င်းတို့အထဲမှာ ငွေရောင်အလင်းတွေ လှည့်လည်စီးဆင်းနေလျက်ရှိလေသည်။ ထို့နောက်မှာ ၎င်းရဲ့ခြေထောက်တွေက မြေပြင်ပေါ်ကို ရုတ်တရက်ဆောင့်နင်းချလိုက်သည်။

ဘန်း…

ထိုအခိုက်အတန့်မှာ မြို့ရိုးရဲ့နံရံတွေ တုန်ခါသွားခဲ့ရသလို ငွေရောင်အရိပ်ကလည်း ငွေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။ ထို့နောက်မှာ ငွေရောင်လက်သီးတစ်လုံးက လေထုကိုလျင်မြန်စွာဖြတ်သန်း၍ ဝမ်ကောင်းရှန်ထံသို့ ပျံသန်းသွားခဲ့သည်။

ဇူယွမ်ရဲ့တိုက်ခိုက်မှုက လျှပ်စီးလက်လိုက်သည့်အလား မြန်ဆန်လှသည့်အတွက် ဝမ်ကောင်းရှန်တစ်ယောက် ထိုအခိုက်အတန့်မှာ အနည်းငယ်တုန်လှုပ်သွားခဲ့ရသည်။ သို့ပေမဲ့လည်း သူကမူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် သူ့ရဲ့လက်ကိုလျင်မြန်စွာဝှေ့ယမ်းလိုက်ပြီး ပြင်းထန်တဲ့လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

ဘုန်း…

လက်ဝါးနဲ့ လက်သီးတို့ ထိပ်တိုက်ရင်ဆိုင်မိခဲ့ပြီးနောက်မှာ ကျယ်လောင်တဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုထိပ်တိုက်ရင်ဆိုင်တွေ့မှုမှ အားလှိုင်းတွေလွင့်ပျံထွက်ပေါ်လာခဲ့ရသလို လေထဲမှာရှိနေသည့် လူနှစ်ယောက်စလုံးကလည်း နောက်ကိုခြေလှမ်းများစွာ ဆုတ်ပေးလိုက်ကြရသည်။

“ဒါကတကယ့်ကို အံ့ဩဖို့ကောင်းတာပဲ…”

မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာတောင်မှပင် သူ့မှာအနည်းငယ်မျှသော ဒဏ်ရာလေးပင်မရရှိခဲ့သည့်အတွက် ဇူယွမ်ရဲ့ရင်ဘတ်က အံ့အားသင့်မှုကြောင့် အနည်းငယ်တုန်လှုပ်သွားခဲ့ရပြီးနောက်မှာ ကျေနပ်အံ့အားသင့်ရမှုတစ်ခု လျင်မြန်စွာပဲထွက်ပေါ်လို့လာခဲ့ရသည်။

မြို့ရိုးအထက်တွင်ရှိနေကြသည့်စစ်သည်တွေကလည်း ဇူယွမ်ရဲ့မျှော်မှန်းမထားနိုင်လောက်တဲ့ အင်အားကြီးမားမှုကို မြင်လိုက်ရသည့်အခါ ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာအော်ဟစ်အားပေးလိုက်ကြပြီး သူတို့ရဲ့စိတ်ဓာတ်တွေကလည်း တစ်ဟုန်ထိုးမြင့်တက်သွားခဲ့ကြသည်။

ထိုအော်ဟစ်အားပေးသံတွေက ဝမ်ကောင်းရှန်ရဲ့အမူအယာကို အလွန်အမင်းပျက်ယွင်းသွားစေခဲ့သည်။ သူ့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့အကြည့်က ငွေရောင်ချပ်ဝတ်လူကိုစိုက်ကြည့်လိုက်ပြီးပြောသည်… “မင်းကဒါကို ဘယ်လိုလုပ်ခဲ့လဲဆိုတာကို ငါမသိပေမဲ့လည်း ငါ့လိုစွမ်းအားမြင့်တဲ့ မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်က မင်းလိုကောင်စုတ်လေးတစ်ကောင်ကို မရင်ဆိုင်နိုင်ဘူးလို့ ငါတော့မယုံဘူး…”

“စိမ်းပြာရောင်လေကောင်းကင်ဘုံငှက်ချီ…”

ဝမ်ကောင်းရှန်ထံမှ တိုးညှင်းတဲ့ကြွေးကြော်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်မှ စိမ်းပြာရောင်မူလချီတစ်ခု တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သည်။ စိမ်းပြာရောင်လေမုန်တိုင်းတစ်ခုအလား သူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ ချီစွမ်းအင်တွေက တဝီဝီအသံမြည်လျက်တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ကာ ၎င်းတို့က ဘယ်လိုအရာမျိုးကိုမဆို ဖျက်ဆီးပြစ်နိုင်စွမ်းရှိသည့် များစွာသောလေဓားသွားတွေအလားဖြစ်ပေါ်လာခဲ့သည်။

လက်ရှိအချိန်မှာ ဝမ်ကောင်းရှန်ရဲ့မျက်လုံးတွေက အေးစက်ကာနက်မှောင်နေပေသည်။ သူ့ရဲ့လက်ဝါးကိုတစ်ချက်ဝှေ့ယမ်းလိုက်မှုနဲ့အတူ စိမ်းပြာရောင်မူလချီတွေက ပေဝက်နီးပါးအရှည်ရှိသည့် လေဓားသွားတွေအဖြစ်ပြောင်းလဲသွားခဲ့ပြီး ထိုလေဓားသွားတွေရဲ့ထက်မြမှုက တစ်ခုနဲ့တစ်ခုတူညီခြင်းမရှိကြချေ။

“စိမ်းပြာရောင်ဓားသွား…”

ဝမ်ကောင်းရှန်ရဲ့အင်္ကျီလက်အိုးက ဆတ်ခနဲလှုပ်ရှားသွားသကဲ့သို့ လေဓားသွားတွေကလည်း တစ်ချောင်းပြီးတစ်ချောင်း ရှေ့ကိုပစ်လွင့်သွားခဲ့သည်။ ၎င်းတို့ကတရွှစ်ရွှစ်မြည်သံနဲ့အတူ လေထုကိုဖောက်ထွင်းသွားခဲ့ပြီး ဇူယွမ့်ထံရက်စက်ကြမ်းကြုတ်စွာဖြင့် ထောင့်ပေါင်းစုံမှဝင်ရောက်သွားခဲ့သည်။

ဇူယွမ်ကအသက်တစ်ချက်ပြင်းစွာရှူလိုက်ပြီး သူ့ရဲ့ချီပင်လယ်ထဲမှ စပါးအုံးဘုရင်ချီက ရုတ်ချည်းပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ဝုန်း…

နက်ရွှေရောင်မူလချီတွေက ဇူယွမ်ရဲ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့ကငွေရောင်အရိပ်နဲ့ ချိတ်ဆက်သွားမိသည့်အခါ ဇူယွမ်တစ်ယောက် သူ့ရဲ့မူလချီတွေက အခြားစွမ်းအားတစ်ခုနဲ့ပေါင်းစပ်သွားသကဲ့သို့ ပိုပြီးသန်မာလာသည်ကို ခံစားမိလိုက်သည်။

ဝှစ်…

ထို့နောက်မှာ နက်ရွှေရောင်မူလချီတွေက ငွေရောင်ချပ်ဝတ်ထံမှ ထွက်ပေါ်လာခဲ့ပြီး လှပသည့်နက်ရွှေရောင်တိမ်တိုက်ကြီးတစ်ခုအလား ဖြစ်ပေါ်လာခဲ့သည်။

“ဒီငွေရောင်အရိပ်က တကယ့်ကိုရူးသွပ်ချင်စရာကောင်းလောက်တဲ့အရာတစ်ခုပဲ… ဒါကမူလချီတွေရဲ့စွမ်းအားကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ထင်မထားမိဘူး…”

ဇူယွမ်ရဲ့ရင်ထဲမှာ တိတ်တဆိတ်ပင် အသိအမှတ်ပြုလိုက်မိသည်။ ငွေရောင်အရိပ်ရဲ့စွမ်းရည်နဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးနောက်မှာ ဒီတိုက်ပွဲဂိုလမ်က ဘယ်လောက်တောင်အရည်အသွေးမြင့်လဲဆိုတာကို သူနားလည်ခဲ့ရသည်။ ဂိုလမ်နဲ့ လူသားတို့ပေါင်းစပ်ခြင်းက ပြီးပြည့်စုံမှုရှိပေသည်။ ဒါကမူလချီဖြစ်နေနေ မူလကျင့်စဉ်ဖြစ်နေနေ ငွေရောင်အရိပ်နဲ့အသုံးပြုလိုက်မယ်ဆိုရင် ၎င်းတို့အားလုံးရဲ့စွမ်းအားတွေက မြင့်တက်သွားရပေလိမ့်မည်။

ငွေရောင်အရိပ်ရဲ့ တိုးမြှင့်ပေးထားတဲ့စွမ်းအားတွေနဲ့ဆိုရင် မူလကဇူယွမ်ရဲ့ ချီစုဆောင်းမှုအဆင့်မှာသာရှိနေတဲ့မူလချီတွေက မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ထက် အားနည်းတော့မည်မဟုတ်ပေ။

“ပြိုကွဲစမ်း…”

စိတ်လှုပ်ရှားမှုတွေက ဇူယွမ်ရဲ့မျက်လုံးထဲမှာ စီးဆင်းသွားခဲ့ရသကဲ့သို့ သူအရင်တုန်းက အသုံးမပြုဘူးခဲ့သည့် ကြီးမားတဲ့စွမ်းအားကိုလည်း ခံစားမိခဲ့ရသည်။ သူကရှောင်တိမ်းမယ့် အရိပ်အယောင်မရှိသည့်အပြင် ရှေ့ကိုခြေတစ်လှမ်းတက်လိုက်ပြီး သူ့ရဲ့လက်က လေဓားသွားတွေကို ဖမ်းဆုပ်လိုက်သည်။

ရွှစ်… ရွှစ်…

၎င်းတို့အားလုံးက ဘယ်လောက်ပင်ရုန်းကန်လှုပ်ရှားနေစေကာမူ လေဓားသွားအားလုံးက ဇူယွမ်ရဲ့ဖမ်းဆီးခြင်းမှ လွတ်မြောက်ခြင်းငှါ မစွမ်းသာခဲ့ပေ။

ဇူယွမ်က ရုတ်ချည်းပင် သူ့ရဲ့နက်ရွှေရောင်မူလချီတွေကို တိုးမြှင့်ပြီးထုတ်ဖော်လိုက်သည်။ ထို့နောက်မှာ တဖြောက်ဖြောက်မြည်သံတွေထွက်ပေါ်လာခဲ့ပြီး လေဓားသွားအားလုံးက ဇူယွမ်ရဲ့တိုက်ရိုက်ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။

“ဒါကခင်ဗျားတတ်နိုင်တာအကုန်လား…” ဇူယွမ်ရဲ့အေးစက်တဲ့လေသံက ပျံ့လွင့်လာခဲ့ရသလို တစ်ဆက်တည်းမှာ သူကဝမ်ကောင်းရှန်ထံကြည့်လိုက်သည်။

ဝမ်ကောင်းရှန်ရဲ့မျက်နှာက ဒေါသကြောင့်သွေးဆုတ်သွားခဲ့ရပေမဲ့လည်း သူ့ရဲ့မျက်လုံးတွေထဲမှာတော့ ကြောက်ရွံ့ထိတ်လန့်မှုအနည်းငယ် ထင်ဟပ်နေခဲ့ရသည်။ သူကဘာကြောင့်ဆိုတာကို အတိအကျမသိပေမဲ့လည်း ဇူယွမ့်ထံမှထွက်ပေါ်လာခဲ့သည့် နက်ရွှေရောင်မူလချီတွေက သူ့ရဲ့နှလုံးခုန်နှုန်းကို အနည်းငယ်မြန်ဆန်သွားစေခဲ့သည်။

“ဒီကောင်လေး လေကျင့်ထားတာ ဘယ်လိုမူလချီအမျိုးအစားဖြစ်လိမ့်မလဲ… ဒါကိုကြည့်ရတာ ဇူအင်ပါယာရဲ့ မီးလျှံလျှပ်စီးချီဟုတ်ပုံမရဘူး…” ဝမ်ကောင်းရှန်ရဲ့အမူအယာက မသေချာမရေရာမှုတို့ဖြင့် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရသည်။

“တစ်စုံတစ်ခုကိုလိုချင်တယ်ဆိုရင် ပေးဆပ်မှုတစ်ခုခုမရှိဘဲနဲ့မရနိုင်ဘူးလို့ပြောကြတယ်… ဒါ့ကြောင့်ခင်ဗျားက ငါ့ရဲ့မူလချီအစွမ်းကို ခံစားကြည့်သင့်တယ်…”

ဇူယွမ်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်သကဲ့သို့ လက်သီးတစ်ချက်ထိုးထုတ်လိုက်သည်။

“ထူးကဲသောဧကရာဇ်တံဆိပ်တော်…”

ဇူယွမ်ရဲ့လက်ရှိအခြေအနေနဲ့အသုံးပြုလိုက်သည့်အခါ ထူးကဲသောဧကရာဇ်တံဆိပ်တော်ရဲ့စွမ်းအားက အရင်ကထက်စာရင် အဆများစွာပြင်းထန်လို့နေရပေသည်။ လူတိုင်းရဲ့အကြည့်အောက်မှာပင် နက်ရွှေရောင်မူလချီတွေက အတူတကွစုစည်းသွားခဲ့ပြီး ဆယ်ပေကျော်ရှိသည့် နက်ရွှေရောင်အလင်းတွေလှည့်ပတ်နေသည့် လက်သီးပုံရိပ်ကြီးတစ်ခုဖြစ်ပေါ်လာကာ အညှာအတာကင်းမဲ့စွာဖြင့် ရှေ့ကိုပြေးထွက်သွားခဲ့သည်။

ဒီအလင်းတွေလှည့်ပတ်နေတဲ့ လက်သီးပုံရိပ်ကြီးက နှိုင်းဆမရနိုင်လောက်အောင် လွှမ်းမိုးနိုင်စွမ်းရှိပေသည်။ ၎င်းဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက်ရှိလေထုက ပေါက်ကွဲသွားခဲ့ရသလို လေဟာနယ်ကလည်း ဆုတ်ဖြဲခြင်းခံခဲ့ရသည်။

နက်ရွှေရောင်အလင်းတွေလှည့်ပတ်နေသည့် လက်သီးကရောက်ရှိလာသကဲ့သို့ ပြင်းထန်တဲ့စွမ်းအားကို ခံစားမိလိုက်ခဲ့သည့်အတွက် ဝမ်ကောင်းရှန်ရဲ့အမူအယာက ပြောင်းလဲသွားခဲ့ရသည်။ သူကတစ်စက္ကန့်လေးမျှပင် တုန့်ဆိုင်းရဲခြင်းမရှိခဲ့ဘဲ သူ့ရဲ့လက်ငါးချောင်းက လက်သည်းကုတ်ပုံစံတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီး ပြင်းထန်စွာကုတ်ဆွဲချလိုက်သည်။

“အနက်ရောင်အဆင့်မူလကျင့်စဉ်… ငှက်လက်သည်းကုတ်ဆွဲခြင်း…”

ရွှီး…

စိမ်းပြာရောင်လက်သည်းရာတွေက သူ့ရှေ့မှလေဟာနယ်ကို ဆုတ်ဖြဲသွားခဲ့သည်။ ဒီတိုက်ခိုက်မှုရဲ့ပြင်းထန်မှုက တောင်တစ်လုံးကိုတောင်မှပင် တစ်စစီဖြစ်သွားစေနိုင်ပေသည်။

ဝုန်း…

သို့ပေမဲ့လည်း စိမ်းပြာရောင်လေလက်သည်းကုတ်ချက်က နက်ရွှေရောင်လက်သီးကြီးကို ချိုးဖျက်နိုင်ခြင်းမရှိခဲ့သည့်အပြင် နောက်ဆုံးမှာ ထိုလက်သီးချက်ကြောင့်ပင် လက်သည်းကုတ်ချက်က အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ရသည်။ ထို့နောက်မှာ နက်ရွှေရောင်လက်သီးကြီးက ဝမ်ကောင်းရှန်ထံသို့ ဆက်လက်တိုးဝင်သွားခဲ့သည်။

ဝမ်ကောင်းရှန်က အလျင်အမြန်ပင် စိမ်းပြာရောင်မူလချီအကာအရံတစ်ခုကို ထုတ်ဖော်ကာခုခံလိုက်ရသည်။ ထိုမှသာ သူ့အနေဖြင့် နက်ရွှေရောင်အလင်းတွေလှည့်ပတ်နေသည့် လက်သီးကြီးကို ကာကွယ်နိုင်ခဲ့သည်။

ဝုန်း… ဝုန်း…

သူက ထိုလက်သီးချက်ကို ကာကွယ်နိုင်ခဲ့တယ်ဆိုပေမဲ့လည်း ၎င်းမှာပါဝင်တဲ့စွမ်းအားက လွန်စွာမှပင်ပြင်းထန်လှသည့်အတွက် သူ့ကိုနောက်သို့ယိုင်ထွက်သွားစေခဲ့သလို သူ့ခန္ဓာကိုယ်ထဲမှ သွေးနဲ့ချီစွမ်းအင်တွေကိုလည်း ပြင်းပြင်းထန်ထန်လှုပ်ရှားသွားစေခဲ့သည်။

“ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့မူလချီစွမ်းအားလဲ…”

ဝမ်ကောင်းရှန်ရဲ့မျက်လုံးထဲမှာ အံ့အားသင့်မှုတွေ ဖြတ်ပြေးသွားခဲ့ရသည်။ သူက အဆင့် ၄မူလချီကို လေကျင့်ထားခဲ့ပေမဲ့ သူ့ရဲ့အဆင့် ၄မူလချီကပင် ထိုနက်ရွှေရောင်မူလချီတွေကို ရပ်တန့်စေခြင်းငှါ မစွမ်းသာခဲ့ပေ။

ဒါကိုကြည့်ခြင်းအားဖြင့် သူ့ပြိုင်ဘက်၏မူလချီက သူ့ရဲ့အဆင့် ၄မူလချီထက် ပိုပြီးအဆင့်မြင့်သည်မှာ ထင်ရှားလှပေသည်။

ဇူယွမ်ကလည်း သူ့ရဲ့အသာစီးရနေမှုကို နားလည်သဘောပေါက်နိုင်ခဲ့သည်။ ပြင်းထန်လှသည့် စပါးအုံးဘုရင်ချီက သာမန်အဆင့် ၄မူလချီတွေထက် ခေါင်းတစ်လုံးပိုမြင့်နေပေသည်။ ထို့ကြောင့်ပင် သူကနောက်ထပ်အချိန်ဆွဲနေခြင်းမရှိတော့ဘဲ လျင်မြန်စွာဖြင့်နောက်တစ်ကြိမ် ရှေ့ကိုတိုးဝင်သွားလိုက်သည်။

ထို့နောက်မှာ ဇူယွမ်ရဲ့တိုက်ခိုက်မှုတွေက ဝမ်ကောင်းရှန်ထံ မိုးသီးမိုးပေါက်ပမာ တရစပ်စတင်ပြီးကျဆင်းလာခဲ့ရသည်။

ဝမ်ကောင်းရှန်ရဲ့မျက်လုံးတွေက အလွန်အမင်းအေးစက်သွားခဲ့ရသလို သူ့ထံမှ လူသတ်လိုစိတ်တွေ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရ၏။ သူသည်လည်း အချိန်ဆွဲနေခြင်းမရှိခဲ့ဘဲ သူ့ရဲ့မူလချီတွေကိုထုတ်ဖော်ပြီး စိမ်းပြာရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားခဲ့ကာ ဇူယွမ်ရဲ့လျှပ်စီးကဲ့သို့တိုက်ခိုက်မှုတွေကို စတင်ပြီးထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဝုန်း… ဝုန်း… ဝုန်း…

သူတို့နှစ်ယောက်စလုံးရဲ့တိုက်ခိုက်မှုတိုင်းက တောင်တွေကိုပြိုကျပြီး မြေပြင်ကိုကွဲအက်သွားစေနိုင်ကာ သူတို့ထံမှထွက်ပေါ်လာသည့်အားလှိုင်းတွေက ပတ်ဝန်းကျင်တစ်ဝိုက်မှာ အပျက်အစီးတွေစုပုံသွားစေခဲ့သည်။

ပြင်းထန်တဲ့တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့သလို သစ္စာဖောက်ဝမ်ကောင်းရှန်ကလည်း ဇူယွမ်တစ်ယောက်စိတ်ပျံ့လွင့်သွားစေရန် အဆက်မပြတ်ကြိုးစားအားထုတ်နေလျက်ရှိလေသည်။

“ကောင်စုတ်လေး… မင်းကငါ့ကို နှောင့်နှေးအောင်လုပ်နိုင်ရင်တောင် ဘာမှထူးသွားမှာမဟုတ်ဘူး… မင်းတို့ဘက်မှာ မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်လျော့နည်းနေသေးတဲ့အတွက် တောင်ဘက်ဂိတ်က မကြာခင်မှာပဲ သေချာပေါက်ကျရှုံးရလိမ့်တော့မယ်…”

မြို့တော်ရဲ့တောင်ဘက်ဂိတ်တစ်ခုတည်းကသာလျှင် မူလစဦးအဆင့်ကျင့်ကြံသူ ကာကွယ်ထားနိုင်ခြင်းမရှိသည့်နေရာဖြစ်သည်။

ဇူယွမ်ရဲ့မျက်ခုံးတွေက တစ်ခုနဲ့တစ်ခုထိစပ်လုနီးပါး တွန့်ကွေးသွားခဲ့ရသည်။ သူ့အနေနဲ့ မြို့တော်ရဲ့တောင်ဘက်ဂိတ်တံခါးက အားအနည်းဆုံးဆိုတာကိုသိပေမဲ့လည်း လက်ရှိအချိန်မှာ ဇူအင်ပါယာရဲ့စွမ်းအားမြင့်ကျင့်ကြံသူတွေ အားလုံး သူတို့ရဲ့ပြိုင်ဘက်တွေနဲ့အသီးသီးရင်ဆိုင်နေလျက်ရှိတာကို သူသိထားပေသည်။ ထို့ကြောင့်ပင် သူတို့မှာအခြားရွေးချယ်စရာမရှိခဲ့ဘဲ တောင်ဘက်ဂိတ်တံခါးရှိကျင့်ကြံသူတွေက ရန်သူရဲ့မူလစဦးအဆင့်ကျင့်ကြံသူအား တတ်နိုင်သမျှနှောင့်နှေးကြန့်ကြာအောင် အချိန်ဆွဲထားနိုင်ဖို့သာ ကြိုးစားနေကြရလျက်ရှိသည်။

“ခေါင်းဆောင်လုနဲ့ ကျန်တဲ့လူတွေ ဒီထက်အချိန်နည်းနည်းပိုပြီးတောင့်ခံထားနိုင်ဖို့ပဲ ငါမျှော်လင့်မိတယ်…”

ဇူယွမ်ရဲ့နှလုံးသားထဲမှာ ဒီအတွေးတွေဝင်ရောက်လာသည့်အခါ သူ့ရဲ့တိုက်ခိုက်မှုတွေကလည်း ပိုပြီးပြင်းထန်ကြမ်းတမ်းလာခဲ့ရပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ လူသတ်လိုစိတ်တွေ အဆမတန်မြင့်တက်လာခဲ့ရသကဲ့သို့ ဝမ်ကောင်းရှန်ထံ နောက်တစ်ကြိမ်တိုးဝင်သွားခဲ့ပြန်သည်။

ထိုအချိန်တွင် တောင်ဘက်ဂိတ်တံခါး၌…

အခြားဂိတ်တံခါးတွေနဲ့စာလျှင် ဒီတောင်ဘက်ဂိတ်တံခါးရှိ တိုက်ခိုက်မှုတွေက အလွန်ပင်တစ်ဖက်စောင်းနင်းနိုင်လှပေသည်။ လင်းနင်လို့ခေါ်တဲ့ မူလစဦးအဆင့်ကျင့်ကြံသူရဲ့ဦးဆောင်တိုက်ခိုက်မှုအောက်မှာ ဇူအင်ပါယာရဲ့စစ်သည်တွေက အကျအဆုံးများစွာဖြင့် ခက်ခက်ခဲခဲတောင့်ခံနေရလျက်ရှိပေသည်။

လုတိန်ရှန်းနဲ့ အခြားကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေပူးပေါင်းပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတာတောင်မှ လင်းနင်ကို ဟန့်တားနိုင်ခြင်းမရှိခဲ့ပေ။ ထို့အပြင် သူတို့ရဲ့ဒီလိုမျိုးတိုက်ခိုက်နေမှုတွေက လင်းနင်ကို ပိုပြီးဒေါသထွက်စေခဲ့သည်။

ထို့ကြောင့်ပင် လင်းနင်ကပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်ပြီး စွမ်းအားပြည့်ဝလှတဲ့မူလချီတွေကြောင့် လုတိန်ရှန်းနဲ့ ကျန်တဲ့သူတွေအားလုံး လူစုကွဲသွားခဲ့ရသည်။ လင်းနင်က လှုပ်ရှားသွားခဲ့ပြီး ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတစ်ယောက်ရှေ့တွင် ပေါ်ထွက်လာခဲ့ကာ အေးစက်စွာတစ်ချက်ကြည့်လိုက်သကဲ့သို့ လက်ဝါးနဲ့ရိုက်ချလိုက်သည်။

ဘုန်း…

ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူရဲ့ဦးခေါင်းက ကွဲကြေသွားခဲ့ရသလို လတ်ဆတ်တဲ့သွေးတွေ ပန်းထွက်လာခဲ့ပြီး သူ့ရဲ့မျက်လုံးတွေက ဖြည်းဖြည်းချင်းအသက်မဲ့လို့သွားခဲ့ရသည်။

“လူအိုကြီးလျူ…”

ထိုအခြင်းအရာကိုမြင်လိုက်ရသည့်အခါ လုတိန်ရှန်းရဲ့မျက်လုံးထဲမှာ ဒေါသတွေပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။ ထိုကောင်းကင်ဘုံအဆင့်ကျင့်ကြံသူက သူ့ရဲ့မိတ်ဆွေအရင်းအချာတစ်ယောက်ပင်ဖြစ်သည်။

“သူ့ကိုအတူတူ ဟန့်တားကြမယ်…” လုတိန်ရှန်းက အော်ပြောလိုက်သကဲ့သို့ ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေအားလုံးကလည်း နောက်တစ်ကြိမ်ရှေ့ကို တိုးဝင်သွားခဲ့သည်။ အခုအချိန်မှာ အခြေအနေအားလုံးရှုပ်ထွေးနေခဲ့ကာ သူတို့အားလုံးက လင်းနင်ကို ထိန်းထားနိုင်ဖို့ကိုသာ ကြိုးစားနေလျက်ရှိကြသည်။ လင်းနင်ကိုသာ ဂိတ်တံခါးကိုချိုးဖျက်ပြီး မြို့တော်အတွင်းကိုဝင်ရောက်သွားစေပါက ဇူအင်ပါယာမြို့တော်က ဘယ်လိုအခြေအနေကို ကျရောက်သွားရလိမ့်မယ်ဆိုတာကို သူတို့တွေကောင်းစွာသိထားပေသည်။

သို့ပေမဲ့လည်း သူတို့တွေရဲ့ကြိုးစားအားထုတ်မှုတွေက အချည်းနှီးသာဖြစ်သွားခဲ့ရသည်။ လင်းနင်က သက်တောင့်သက်သာဖြင့်ပင် သူတို့ရဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်ထားနိုင်သည့်အပြင် သူကဂိတ်တံခါးကိုတိုက်ခိုက်ဖို့တောင်မှပင် စတင်ပြီးကြိုးစားလာခဲ့သည်။ ထို့ကြောင့်ပင် တောင်ဘက်ဂိတ်တံခါးက လျင်မြန်စွာဖြင့်ဘေးကျပ်နံကျပ်အခြေအနေသို့ ကျရောက်သွားခဲ့သည်။

များစွာသောစစ်သည်တွေရဲ့မျက်လုံးထဲမှာလည်း မျှော်လင့်ချက်ကင်းမဲ့သွားမှုတွေ စတင်ပြီးဖြစ်ပေါ်လာခဲ့ရသည်။

ထိုသို့သောအခိုက်အတန့်မှာပင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် လှပတဲ့မိန်းကလေးတစ်ယောက် မြို့ရိုးထက်သို့ လျင်မြန်စွာခုန်တက်လာခဲ့သည်။

သူမရဲ့လှပတဲ့မျက်လုံးတွေက ရပ်တန့်နိုင်ခြင်းမရှိသည့် လင်းနင်အပေါ်ကျရောက်သွားခဲ့ပြီး လက်သီးကိုဖြည်းညှင်းစွာဆုပ်လိုက်မိသလို သူမတစ်ယောက်တည်းသာကြားနိုင်သည့်လေသံဖြင့် ညင်သာစွာပြောလိုက်သည်။

“ယန်မင်…”

“ငါနင့်ရဲ့စွမ်းအားကို လိုအပ်တယ်… ကျေးဇူးပြုပြီးတော့ ငါ့ကိုကူညီပါ… မင်းသားလေးက ဒီနေရာကိုကာကွယ်နိုင်အောင် ငါကူညီပေးချင်တယ်…”


Comment

Leave a Reply

Options

not work with dark mode
Reset