အခန်း (၄၁) ကျန်းလန်ပြုပြင်ပေးသည့် အစီအရင်
ဝိညာဉ်သားရဲဥလေးမှာလည်း… အခြေအနေသိပ်မကောင်းလှပေ။
သက်တံ့တိမ်တိုက် တန်ခိုးစွမ်းအားများ အသုံးပြုပြီးနောက်ပိုင်း သားရဲဥလေးက ပို၍ အားနည်းလာသယောင် ရှိသည်။
သားရဲဥလေးမှ အဖြူရောင်နှင့် အနက်ရောင် ကျားထားသည့် အကျားလေးမှာလည်း တဖြည်းဖြည်း မှိန်ဖျော့လာလေရာ ကျန်းလန် စိတ်မကောင်း ဖြစ်သွားမိသည်။
သားရဲဥလေးကို စစ်ဆေးကြည့်လိုက်သည့်အခါ အသက်ဓာတ်စွမ်းအားများ အားနည်းနေကြောင်း သိရှိလိုက်ရသည်။
ကြည့်ရသည်မှာ သားရဲဥလေး နေမကောင်း ဖြစ်နေဟန် ရှိ၏။
လွန်ခဲ့သည့် လဝက်ခန့်က သက်တံ့တိမ်တိုက် တန်ခိုးစွမ်းအားများကို ထိုဥလေးအပေါ်တွင် နေ့တိုင်း အသုံးပြုခဲ့သည်။ ယခုတော့ အသုံးမပြုတော့ဘဲ ရပ်တန့်ထား၏။
သက်တံ့တိမ်တိုက် တန်ခိုးစွမ်းအားများ အလွန်အကျွံအသုံးပြုလိုက်မိသောကြောင့် ဝိညာဉ်သားရဲဥလေး ထိခိုက်သွားရသည်လား မပြောတတ်ပေ။
ကျန်းလန် ဝိညာဉ်ဆေးရည်အချို့ကို သားရဲဥလေးအပေါ်သို့ လောင်းချပေးလိုက်သည်။
ထို့နောက်… မရဏဂူအပြင်ဘက်သို့ ထွက်ခွာလာခဲ့လေသည်။
……………
လုန်ယွိနှင့် အခြားသူများကတော့ ကျင့်ကြံနေကြဆဲ ဖြစ်သည်။
သို့သော်… အချိန်ကြာလာသည်နှင့်အမျှ ဤနေရာတွင် နေထိုင်ရင်း မရဏအငွေ့အသက်များကို ခုခံရသည်မှာ ခက်ခဲလာသည်ဟု ခံစားလာကြရသည်။
သူတို့တွင် မရဏအငွေ့အသက်များကိုကာကွယ်သည့် မှော်ဝင်ပစ္စည်းများသာမရှိလျှင် ဤနေရာတွင် လုံး၀ ကျင့်ကြံရဲမည် မဟုတ်ပေ။
မရဏအငွေ့အသက်များကို ခုခံရခက်ခဲလေလေ မရဏဂူထဲတွင် နေထိုင်သည့် ဂိုဏ်းတူမောင်လေးကို ပိုပြီး အံ့သြမိလေ ဖြစ်သည်။
သူတို့၏ ကျင့်ကြံခြင့်အဆင့်ဖြင့်ဆိုလျှင် မရဏဂူအနီးပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ နေထိုင်နိုင်စွမ်း ရှိလေသည်။
သို့သော်… ကျင့်ကြံရန်ကတော့ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။ အလွန်တရာ ခက်ခဲလွန်းလှလေ၏။
ကျင့်ကြံနေရင်းမှ လုန်ယွိ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
ထို့နောက်… သူမတို့ ပြုလုပ်ထားသည့် နတ်ဘုရားရေင်ဝါအစီအရင်ကို တိတ်တဆိတ် လေ့လာအကဲခတ်နေ၏။
ဤနေရာတွင် ကျင့်ကြံသည့်အချိန် ကြာလာလေလေ နတ်ဘုရားရောင်ဝါအစီအရင်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိသာလာလေလေ ဖြစ်သည်။
နတ်ဘုရားရောင်ဝါအစီအရင်က မရဏအငွေ့အသက်များကို ကာကွယ်ပေးမည့်အစား ဆိုးဝါးသည့် ဖိအားများကို ထုတ်လွှတ်နေသည့်အလား ခံစားနေကြရသည်။
ယခင်က… မရဏဂူ အနီးပတ်ဝန်းကျင်တွင် ကျင့်ကြံခဲ့ကြသည့် ဂိုဏ်းတူမောင်နှမများသည်လည်း ဤသို့ပင် ခံစားခဲ့ကြရသည်ဟု မှတ်တမ်းများအရ သိရှိရသည်။
ထို့ကြောင့်… နတ်ဘုရားရောင်ဝါအစီအရင်ကို ခေတ်အဆက်ဆက်တွင် အကြိမ်ကြိမ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုအစီအရင်ကို စတင်သင်ယူချိန်တွင် သူတို့သည်လည်း ပြုပြင်ပြောင်းလဲမှုများစွာကို ပြုလုပ်ခဲ့ကြသည်။ သို့သော်… ယခုတော့ ဖိအားများကို စတင်ခံစားနေရပြီ ဖြစ်သည်။
မုရှိုးက မျက်လုံးများဖွင့်ကြည့်လိုက်ရင်း…
“နတ်ဘုရားရောင်ဝါအစီအရင်ရဲ့ ဖိအားတွေက တဖြည်းဖြည်း ပိုများလာသလိုပဲ… ၊ ဒီအတိုင်းသာဆို မရဏအငွေ့အသက်တွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး… ၊ ကျွန်မတို့ မရဏဂူနဲ့ နည်းနည်းပိုဝေးတဲ့ နေရာတစ်ခုကို သွားသင့်တယ်ထင်တယ်…”
သူမ ပြောသည်မှာ အမှန်ပင် ဖြစ်၏။
မရဏဂူနှင့် အနည်းငယ်ဝေးသည့် နေရာတစ်ခုသို့ ရွှေ့ပြောင်းမည်ဆိုလျှင်တော့ မရဏအငွေ့အသက်များ၏ သက်ရောက်မှုကို လျှော့ချပေးနိုင်မည် ဖြစ်သည်။
ဤသည်က သူတို့ရှေ့မှ ဂိုဏ်းတူမောင်နှမများစွာလည်း ကြုံတွေ့ခဲ့ဖူးကြသည့် ကိစ္စပင် ဖြစ်သည်။
သို့သော်… မရဏဂူနှင့် အနည်းငယ်ဝေးကွာသည့်နေရာသို့ ရွှေ့ပြောင်းမည်ဆိုပါက မရဏအငွေ့အသက်များ၏ သက်ရောက်မှုလျော့ကျသွားမည် ဖြစ်သော်လည်း သူတို့၏ ကျင့်ကြံခြင်းကိုလည်း ပိုမိုနှေးကွေးသွားစေပေလိမ့်မည်။
မရဏဂူအဝင်ဝတွင် ကျင့်ကြံခြင်းကပင် သူတို့အတွက် ပြဿနာများစွာ ရှိနေလေရာ မရဏဂူထဲ ဝင်ရောက်ကျင့်ကြံမည်ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ပေ။
များပြားလှသည့် မရဏအငွေ့အသက်များကို အဘယ်မှာ ခံနိုင်ရည် ရှိနိုင်ပါမည်နည်း။
ထို့ပြင်… ယခုအချိန်မှ နေရာရွှေ့ပြောင်းကျင့်ကြံမည်ဆိုပါက သူတို့ မျှော်လင့်ထားသည့်အချိန်တွင် ကျင့်ကြံမှု အောင်မြင်ပြီးဆုံးရန် ခက်ခဲသွားပေလိမ့်မည်။
အချိန် (၁)လဆိုသည်က နည်းသည့်အချိန်မဟုတ်ပေ။
လုန်ယွိနှင့် မုရှိုးစကားပြောနေကြသောကြောင့် ကျင်းထင်ကလည်း မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
သူက…
“နောက်နေ့အထိ တစ်ချက်လောက် စောင့်ကြည့်ကြတာပေါ့… ၊ နေရာပြောင်းဖို့ဆိုတာကလည်း သိပ်မလွယ်လှဘူးလေ… ၊ နေရာမပြောင်းပြန်ရင်လည်း မရဏအငွေ့အသက်တွေကြောင့် ကိုယ်တွင်းမိစ္ဆာ ဝင်ရောက်လာမှာ စိုးရိမ်ရတယ်…”
ပြောပြီးသည်နှင့် ကျင်းထင်က မရဏဂူ ရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
“တစ်လလုံး မရဏဂူထဲမှာနေတဲ့ အဲဒီဂိုဏ်းတူညီလေးတော့ ဘယ်လိုနေလဲ မသိဘူး… ၊ ခုနေဆို ရူးများနေလောက်ပြီလား မသိဘူး…”
မုရှိုးက…
“ဟုတ်ပ… နဝမတောင်ထွတ်ရဲ့ တောင်သခင်ကလည်း သူ့ကို တစ်ခါမှလာမကြည့်ဘူးနော်… ၊ သူ့တပည့်ကို အတော်လေး ယုံကြည်ပုံရတယ်… ၊ ဒါပေမဲ့ … ကျွန်မတော့ အဲဒီ ဂိုဏ်းတူမောင်လေး စိတ်ဖောက်ပြန်သွားမှာ ကြောက်မိပါရဲ့…”
မုရှိုးကိုကြည့်ရသည်မှာ အတော်လေး အံ့အားသင့်နေဟန် ရှိသည်။
ကျန်းလန် မရဏဂူထဲမှ ထွက်မလာသည်မှာလည်း အတော်လေး အချိန်ကြာခဲ့ပြီ မဟုတ်ပါလား။
အမှန်တော့… သူတို့သာ ဤနေရာတွင် လာရောက်ကျင့်ကြံခဲ့ခြင်း မရှိလျှင် ထိုဂိုဏ်းတူမောင်လေးအကြောင်းကို တအံ့တသြ တွေးတောမိကြလိမ့်မည် မဟုတ်ပေ။
ယခု ဤနေရာတွင် ကျင့်ကြံရန် ခက်ခဲသည်ကို သိရှိလေ ကျန်းလန်က ထူးခြားသူတစ်ယောက်ဖြစ်ကြောင်း ပိုပြီး ခံစားမိလာလေ ဖြစ်သည်။
လုန်ယွိကတော့ နတ်ဘုရားရောင်ဝါအစီအရင်ကို တိတ်ဆိတ်စွာဖြင့် အကဲခတ်ကြည့်ရှုနေသည်။ သူမကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကို စဉ်းစားနေဟန် ရှိသည်။
သူမက နဂါးမျိုးနွယ် ဖြစ်သည်။
ထို့ကြောင့်… သူမ၏ ရုပ်ခန္ဓာကလည်း အခြားသူများထက် ပိုပြီး ကြံ့ခိုင်သလို ကျင့်ကြံခြင်းကလည်း အခြားသူများထက် ပိုမိုလျှင်မြန်သည်။
သို့သော်… ကျင့်ကြံခြင်းတွင် ပိုမိုလျှင်မြန်လိုလျှင်တော့ ပြင်ပအကူအညီများကို ရယူရစမြဲ ဖြစ်သည်။
နတ်ဘုရားရောင်ဝါအစီအရင်က သူတို့၏ ကျင့်ကြံခြင်းကို လျှင်မြန်စေရန် ကူညီပေးသည့် အစီအရင်တစ်ခု ဖြစ်၏။
သို့သော်… နတ်ဘုရားရောင်ဝါအစီအရင်မှ ထွက်ပေါ်နေသည့် ဖိအားကို မဖြေရှင်းနိုင်လျှင်တော့ သူတို့အားလုံး သေချာပေါက် နေရာရွှေ့ပြောင်းရပေလိမ့်မည်။
“ဒီ အစီအရင်က… တစ်ခုခုများ မှားနေသလား…”
လုန်ယွိ မျက်ခုံးလေးများ အသာတွန့်ချိုးရင်း ရေရွတ်လိုက်သည်။
သူမ၏ တည်ငြိမ်သည့် မျက်ဝန်းများက တစ်စုံတစ်ခုကို ခန့်မှန်းလိုက်မိဟန်ရှိသည်။
ထိုအချိန်မှာပင်… မရဏဂူထဲမှ ခြေသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
ထိုခြေသံကို ကြားလိုက်ရသည်နှင့် မုရှိုးနှင့် ကျင်းထင်တို့ ထိတ်လန့်သွားကြသည်။
နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေး ဂူထဲမှ စိတ်ဖောက်ပြန်ရူးသွပ်ပြီး ထွက်လာလေမည်လားဟု သူတို့ စိုးရိမ်ပူပန်မိကြသောကြောင့် ဖြစ်သည်။
ဤနေရာက ငရဲတံခါး ဖြစ်ပေ၏။ နောက်ပြောင်နေထိုင်ရမည့် နေရာတစ်ခု မဟုတ်ပေ။
သူတို့အားလုံး မရဏဂူအဝင်ဝသို့ လှမ်းကြည့်လိုက်ကြသည်။
သိပ်မကြာမီ… ကျန်းလန် ဂူထဲမှ ထွက်လာလေသည်။
ကျန်းလန်၏ ပုံစံက ယခင်ကအတိုင်း တည်တည်ငြိမ်ငြိမ်ပင် ဖြစ်၏။ သူ၏ မျက်နှာအမူအရာက စိတ်ဖောက်ပြန်သူတစ်ယောက်ကဲ့သို့ မဟုတ်ပေ။
ထိုအခါမှ မုရှိုးနှင့် ကျင်းထင် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိကြသည်။
ထို့နောက်… သူတို့ (၂)ယောက် ဆက်လက်ကျင့်ကြံရန် ဟန်ပြင်လိုက်ကြသည်။
သို့သော်… လုန်ယွိကတော့ မတ်တတ်ထရပ်လိုက်လေ၏။
ကျန်းလန်က သူ ခန်းမဆောင်သန့်ရှင်းရေး သွားမလုပ်ခင် ဂိုဏ်းတူအစ်ကိုနှင့် ဂိုဏ်းတူအစ်မများကို နှုတ်ဆက်စကားဆိုရန် ဟန်ပြင်လိုက်သည်။
ဂူအပြင်သို့ ထွက်လာပါလျှက် အကြီးများကို နှုတ်ဆက်စကားမဆိုဘဲ ခပ်တည်တည် ထွက်ခွာသွားပါက မောက်မာရိုင်းပြသည်ဟု ပြောစရာ ဖြစ်လာပေလိမ့်မည်။
သူ့အနေဖြင့် အကြီးများအပေါ် ယဉ်ကျေးမှုတော့ ရှိသင့်သည် မဟုတ်ပါလား။
ပြီးတော့… ဂိုဏ်းတူအစ်ကိုနှင့် ဂိုဏ်းတူအစ်မများကလည်း နဝမတောင်ထွတ်သို့ ရောက်လာကတည်းက သူ့အပေါ် ယဉ်ယဉ်ကျေးကျေးပင် ပြောဆိုဆက်ဆံခဲ့ကြသည်။
ထို့ကြောင့်… ကျန်းလန်အနေဖြင့်လည်း အပြန်အလှန်လေးစားမှု ရှိသင့်၏။
သို့သော်… ကျန်းလန် ဂိုဏ်းတူမောင်နှမများကို နှုတ်ဆက်ရန် ဟန်ပြင်လိုက်စဉ်မှာပင်… လုန်ယွိက ထူးထူးခြားခြား နေရာမှထကာ သူ့ထံသို့ လမ်းလျှောက်လာလေသည်။
လုန်ယွိ၏ အပြုအမူကြောင့် ကျန်းလန် အံ့အားသင့်သွား၏။
လုန်ယွိက ကျန်းလန်အနားသို့ ရောက်သည်နှင့် သိမ်မွေ့သည့် လေသံဖြင့်…
“ဂိုဏ်းတူမောင်လေး… အချိန်နည်းနည်းလောက် ပေးနိုင်မလား…”
အမှန်တော့… လုန်ယွိက စကားစတင်မပြောလျှင် ကျန်းလန်ကလည်း စကားပြောမည့်သူ မဟုတ်ပေ။
ယခု လုန်ယွိက စကားစလာပြီ ဖြစ်လေရာ ကျန်းလန်ကလည်း အေးဆေးသည့် လေသံဖြင့်…
“ရပါတယ်… ဂိုဏ်းတူအစ်မ… ၊ ပြောစရာရှိတာ ပြောပါ…”
“ဂိုဏ်းတူမောင်လေးကို တစ်ခုလောက် အကူအညီတောင်းချင်လို့…”
ပြောပြီးသည်နှင့် လုန်ယွိက နတ်ဘုရားရောင်ဝါအစီအရင်ကို တစ်ချက်ကြည့်လိုက်သည်။
“ဒီ အစီအရင်က တစ်ခုခုများ မှားနေသလား… မင်း… ဘယ်လိုထင်လဲ…”
အစီအရင်နှင့်ပတ်သက်ပြီး လုန်ယွိက ကျန်းလန်ကို အဘယ့်ကြောင့် အကူအညီတောင်းရပါသနည်း။
တတိယတောင်ထွတ် ၊ မှော်ရုံနယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို လုန်ယွိ ပြန်လည်သတိရမိသောကြောင့် ဖြစ်သည်။
ဤဂိုဏ်းတူမောင်လေးက မြူခိုးများကို ဖယ်ရှားရန်အတွက် အစီအရင်တစ်ခုကို ပြုလုပ်ခဲ့ဖူးသည် မဟုတ်ပါလား။ ပြီးတော့ ထိုအစီအရင်ကို လှည့်ကွက်လေးမျှသာဟု ပေါ့ပေါ့ပါးပါးပင် ပြောဆိုခဲ့ဖူးသည်။
သို့သော်… ထိုလှည့်ကွက်လေးမျှသာ ဖြစ်သည့် အစီအရင်က လုန်ယွိအတွက် မယုံနိုင်စရာကောင်းအောင် အသုံးဝင်ခဲ့သည်။
ထို အစီအရင်ကိုသာ ကျန်းလန်ထံမှ မသင်ယူခဲ့မိပါက မိစ္ဆာသားရဲများနှင့် ရင်ဆိုင်တိုက်ခိုက်ချိန်တွင် သူမ သေချာပေါက် အသက်ပျောက်မည် ဖြစ်သည်။
ထိုအချိန်မှစပြီး ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများကို အထင်မသေးသင့်ကြောင်း လုန်ယွိ နားလည်ခဲ့ရသည်။
ကျင့်ကြံသူတစ်ယောက်အတွက် အရည်အချင်းရှိရန်မှာ အရေးကြီးသည့်အချက် ဖြစ်၏။ သို့သော်… အရည်အချင်းဆိုသည်က အရာအားလုံး မဟုတ်ပေ။
လုန်ယွိက ကျန်းလန်ကို အစီအရင်နှင့်ပတ်သက်ပြီး အကူအညီတောင်းနေသည်ကို တွေ့လိုက်ရသည့်အခါ ကျင်းထင်နှင့် မုရှိုး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
အခြေအနေက ကြောင်တောင်တောင်နိုင်သည်ဟု ခံစားလိုက်ကြရသည်။
ဘယ်လိုဖြစ်လို့ လုန်ယွိက နဝမတောင်ထွတ်မှ ဂိုဏ်းတူညီငယ်ကို အစီအရင်အကြောင်း သွားရောက်မေးမြန်းနေရပါသနည်း။
တမင်သက်သက် ပြဿနာသွားရှာနေခြင်းများလား…။
ကျန်းလန်က အစီအရင်မှားယွင်းနေသည်ဟုပြောပြီး ပြင်ဆင်ပေးလျှင်တောင်မှ ထိုလူငယ်ပြောသည့်အတိုင်း သူတို့ လိုက်လုပ်ဝံ့ကြမည် မဟုတ်ပေ။
ထိုသို့ဆိုလျှင်… တစ်ဖက်လူကို တမင်သက်သက် အရှက်ခွဲသည့်သဘော ဖြစ်နေပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ… ကျင့်ကြံခြင်းအဆင့်နိမ့်သည့် ဂိုဏ်းတူညီငယ်သည် အစီအရင်နှင့်ပတ်သက်ပြီး နားလည်နိုင်မည် မဟုတ်ကြောင်း သူတို့ ယူဆလိုက်ကြသည်။
သို့သော်… သူတို့ထင်သလို ဖြစ်မလာခဲ့ပေ။
ကျန်းလန်က တစ်ချက်မျှ စဉ်းစားပြီးနောက် ကျင်းထင်ထိုင်နေသည့် နေရာကို လက်ညှိုးညွှန်ပြလိုက်ရင်း…
“အဲဒီနေရာက အင်းသင်္ကေတကို ဖယ်ရှားလိုက်မယ်ဆိုရင် ပိုပြီး အဆင်ပြေသွားလိမ့်မယ်…ဂိုဏ်းတူအစ်မ…”
ထို့နောက် ခဏနားပြီးမှ ကျန်းလန်က စကားဆက်ပြောလိုက်သည်။
“ဒါပေမဲ့… ဒါက ကျွန်တော့်အယူအဆ သက်သက်ပါပဲ… ၊ မှန်ချင်မှလည်း မှန်ပါလိမ့်မယ်… ၊ ကျွန်တော်က စာအုပ်နည်းနည်းပါးပါး ဖတ်ထားလို့ အစီအရင်ပိုင်းကို စာတွေ့ပဲ နည်းနည်းပါးပါး သိထားတာပါ…”
လုန်ယွိ ခေါင်းတစ်ချက်ညိတ်လိုက်၏။
ထို့နောက် သူမ၏ အင်္ကျီလက်ထဲမှ စာအုပ်တစ်အုပ်ထုတ်ယူလိုက်ပြီး ကျန်းလန်ထံ ကမ်းပေးလိုက်သည်။
“ဒါက နဂါးဘာသာစကား စာအုပ်ပါ… ၊ အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးဆပ်တယ်လို့ သဘောထားပေးပါ…”