Switch Mode

စာစဉ်(၈) အပိုင်း(၁၀၂)

စစ်တပ်ဖြင့်မြို့ကိုဝိုင်းခဲ့ခြင်း

ချီအိမ်တော်ရဲ့စစ်တပ်ကြီးက မြို့ကိုဝိုင်းရံထားလျက်ရှိပြီး များစွာသောစစ်သည်တွေက မျက်စိတစ်ဆုံးများပြားလှပေသည်။ ဒီမြင်ကွင်းကပင် ဇူအင်ပါယာမြို့တော်အပေါ် လေးလံတဲ့ဖိအားတစ်ခုကို ကျရောက်စေခဲ့သည်။

အမှန်တကယ်တော့ ထိုဖိအားတွေက စစ်သည်တွေထံမှ ထွက်ပေါ်လာခဲ့ခြင်းမဟုတ်ပေမဲ့ စစ်တပ်ရဲ့ရှေ့မှာရှိနေသည့် လူခုနှစ်ယောက်ထံမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုလူခုနှစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ မူလချီတွေကဖြည်းညှင်းစွာလှုပ်ရှားလာခဲ့ပြီး သူတို့ထံမှထွက်ပေါ်လာသည့်ဖိအားက တစ်ယောက်ချင်းစီအား လူထောင်ပေါင်းများစွာနဲ့ ရင်ဆိုင်နေရသလို ထင်မှတ်စေခဲ့ရသည်။

ချီယန်က ကောင်းကင်ကိုမော့ကြည့်လိုက်ပြီးနောက်မှာ လှောင်ပြောင်လိုမှုတို့ ထင်ဟပ်နေတဲ့သူ့ရဲ့မျက်လုံးတွေက မြို့ရိုးဆီကိုကြည့်လိုက်သကဲ့သို့ သူ့ရဲ့စွမ်းအားပြည့်ဝလှတဲ့အသံကလည်း ပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်… “ဇူချင်… မင်းကိုပေးထားတဲ့ နေ့တစ်ဝက်အချိန်က ကုန်သွားခဲ့ပြီ… မင်းကမြို့တံခါးကိုဖွင့်ပြီးတော့ လက်နက်ချအညံ့ခံဖို့ အဆင်သင့်ဖြစ်ပြီလား…”

ဇူချင်ရဲ့ပုံရိပ်က မြို့ရိုးအထက်တွင် ပေါ်ထွက်လာခဲ့သည်။ သူ့ရဲ့မျက်နှာက အမူအယာကင်းမဲ့နေခဲ့ရပြီး တောက်ပတဲ့အနီရောင်မူလချီတစ်ခု သူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ ထွက်ပေါ်လာခဲ့ရသလို သူကတည်ငြိမ်စွာဖြင့်ပင်ပြောလိုက်သည်… “ပုန်ကန်သူတစ်ယောက်က ငါ့ကိုလက်နက်ချအညံ့ခံစေချင်တာလား… ချီယန် မင်းအိပ်မက်မက်နေတာတွေကို ရပ်လိုက်တော့…”

“ငါကအညံ့မခံရင် မင်းကမြို့ကိုတိုက်ခိုက်မယ်ဆိုတော့ ငါ့အနေနဲ့လည်း မင်းကငါ့ရဲ့ဇူအင်ပါယာတစ်ခုလုံးကို အမှန်တကယ် သိမ်းပိုက်နိုင်စွမ်းရှိမလားဆိုတာ ငါကလည်းမြင်ချင်မိတယ်…”

ဇူချင်ရဲ့စကားကအဆုံးသတ်သွားခဲ့ရသလို သူ့ရဲ့လေသံထဲမှာလည်း အဆုံးမရှိတဲ့လူသတ်လိုစိတ်တွေနဲ့ ပြည့်နှက်နေရပေသည်။

ချီယန်က အံ့အားသင့်သွားခဲ့ခြင်းမရှိဘဲ လှောင်ပြောင်သရော်လိုတဲ့အပြုံးတစ်ခုနဲ့အတူ ပြန်ပြောလိုက်သည်… “ဇူချင်… ဇူချင်… မင်းက တကယ်ကိုခေါင်းမာတဲ့အရူးတစ်ကောင်ပဲ… မင်းကမြို့တော်ထဲမှာရှိတဲ့ မြို့သူမြို့သားတွေအတွက် ထည့်ပြီးမစဉ်းစားပေးတော့ဘူးလား…”

“မင်းရဲ့အရှုံးက သေချာနေပြီပဲဟာ… ဒါကိုမင်းက ဘာကြောင့်ခေါင်းမာပြီး ခုခံချင်နေရတာလဲ… မင်းက လူတွေရဲ့အသက်ကို ဘာလို့အကြောင်းပြချက်မရှိ သေကြေပျက်စီးစေချင်ရတာလဲ…”

သူ့ရဲ့စကားသံက မြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ရသလို များစွာသောလူတွေကလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရသည်။ ၎င်းက ဇူအင်ပါယာအတွင်းမှာရှိနေတဲ့လူတွေရဲ့ စိတ်ဓာတ်တွေကို ပျက်ယွင်းသွားစေဖို့ ချီယန်ရဲ့ပရိယာယ်တစ်ခုပင်ဖြစ်သည်။

ချီယန်ကပြောလိုက်သလို သူအပါအဝင် သူ့ဘက်မှာရှိနေတဲ့ မူလစဦးအဆင့်ကျင့်ကြံသူအားလုံးရဲ့ မူလချီတွေက ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ရသည်။ မူလချီတွေက တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ပြီး မွန်းကျပ်စေနိုင်လောက်သည့်ဖိအားတစ်ခု လွင့်ပျံထွက်ပေါ်လာခဲ့ရကာ လူတိုင်းရဲ့ရင်ထဲမှာ စိုးရိမ်မှုတွေမြင့်တက်လာစေခဲ့ရသည်။

ဇူချင်ကလည်း ပုံမှန်အားဖြင့် ချီယန်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ကောင်းစွာနားလည်ထားပေသည်။ ထို့ကြောင့်ပင် သူ့ရဲ့မျက်လုံးတွေက ချက်ချင်းဆိုသလိုပင် ရေခဲတမျှအေးစက်သွားခဲ့ရပြီး သူ့ရဲ့ခန္ဓာကိုယ်က ဆတ်ခနဲလှုပ်ရှားသွားခဲ့သည်။

ဝုန်း…

တောက်ပတဲ့အနီရောင်မူလချီတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပေတစ်ရာပတ်လည်ရှိတဲ့နေရာတစ်ခုကို ဖုံးအုပ်သွားစေခဲ့သလို ထိုမူလချီထဲမှာလည်း မိုးခြိမ်းသံတဝုန်းဝုန်းနဲ့ လျှပ်စီးတွေလက်ဖြာလို့နေပေသည်။

တစ်ချိန်တည်းမှာ ဝေကန်းလန်ကလည်း လှုပ်ရှားလာခဲ့ပြီး သူ့ရဲ့ရွှေရောင်မူလချီကို ထုတ်ဖော်လိုက်သည်။ အဆိပ်ဘုရင်က ကူကယ်ရာမဲ့စွာဖြင့်ပင် သက်ပြင်းတစ်ချက်ချလိုက်မိပြီး အနက်ရောင်မြူခိုးတစ်ခုနဲ့တူလှသည့် သူ့ရဲ့အနက်ရောင်ချီတွေကို ထုတ်ဖော်လိုက်သည်။

မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်စလုံးက သူတို့ရဲ့မူလချီတွေကို အစွမ်းကုန်ထုတ်ဖော်ထားခဲ့ပေမဲ့လည်း ရန်သူဘက်မှ မူလစဦးအဆင့်ကျင့်ကြံသူခုနှစ်ယောက်ထက်စာလျှင် အားနည်းနေတုန်းပင်ဖြစ်သည်။

ဝေါင်း…

ထိုအခိုက်အတန့်မှာပင် နားအူသွားစေမတတ်ကျယ်လောင်တဲ့ ဟိန်းဟောက်လိုက်သံတစ်ခု ရုတ်တရက်လွင့်ပျံထွက်ပေါ်လာခဲ့သည်။ လူတိုင်းရဲ့စောင့်ကြည့်နေမှုအောက်မှာပင် တောက်ပတဲ့အနီရောင်အလင်းတွေထဲမှ ကြီးမားတဲ့မှော်သားရဲကြီးတစ်ကောင် ပေါ်ထွက်လာခဲ့ပေသည်။

ထိုမှော်သားရဲထံမှ အံ့အားသင့်စရာကောင်းလောက်သည့် ရက်စက်ကြမ်းကြုတ်မှုတို့ ထွက်ပေါ်လာခဲ့ရကာ ဒါကိုခံစားမိလိုက်တဲ့လူတိုင်းရဲ့ရင်ဘတ်တွေ တုန်ခါသွားခဲ့ရသည်။

ဒီကြီးမားသည့်မှော်သားရဲကြီးက ထန်ထန်ပင်ဖြစ်သည်။

ထန်ထန်ရဲ့ဘေးမှာရှိနေသည့် ယောင်ယောင်က သူမရဲ့လက်ကိုလှုပ်ရှားလိုက်သလို စာလိပ်တစ်ခုကလည်း သူမရဲ့လက်ထဲမှာ ထွက်ပေါ်လာခဲ့ရသည်။ ထိုစာလိပ်ထံမှ အလင်းတစ်ခုပစ်လွင့်သွားခဲ့ပြီး ကောင်းကင်ထက်မှာ မိုးကြိုးတိမ်တိုက်တစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့သည်။ တိမ်တိုက်အတွင်းမှာ လျှပ်စီးတွေက တဖျပ်ဖျပ်ဖြင့် ခုန်ပေါက်လှုပ်ရှားနေသလို အန္တရာယ်ပေးနိုင်စွမ်းရှိသည့် ဖိအားတစ်ခုလွင့်ပျံထွက်ပေါ်လာခဲ့ရသည်။

“ဒါက မူလစဦးအဆင့်မူလမှော်သားရဲတစ်ကောင်ပဲ…”

“နောက်ပြီးတော့ အဆင့် ၄မူလမှော်စာလုံးတစ်ခု…”

ထန်ထန်နဲ့ယောင်ယောင်တို့ထွက်ပေါ်လာမှုက ချက်ချင်းဆိုသလိုပင် မြို့ရိုးအထက်မှာ အထိတ်တလန့်အော်ဟစ်သံတွေ ထွက်ပေါ်လာစေခဲ့သည်။ စစ်သည်တွေရဲ့မျက်နှာထက်မှာ စိတ်လှုပ်ရှားမှုနဲ့ အံ့အားသင့်မှုတွေ ဖြစ်ပေါ်လာခဲ့ရကာ မူလကအနည်းငယ်ကျဆင်းနေခဲ့ရသည့် သူတို့ရဲ့စိတ်ဓာတ်တွေကလည်း စတင်ပြီးမြင့်တက်လာခဲ့ရသည်။

ယောင်ယောင်နဲ့ ထန်ထန်တို့ကို ထည့်ပေါင်းလိုက်လျှင် ဇူအင်ပါယာဘက်မှာ မူလစဦးအဆင့်ကျင့်ကြံသူငါးယောက်ရဲ့စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်သည်။ ၎င်းက သူတို့ရန်သူတွေရဲ့အင်အားကို မမှီသေးပေမဲ့လည်း အခုအချိန်မှာ စစ်တပ်နှစ်ခုကြားရှိ ကွာဟချက်တွေကို အနည်းငယ်လျှော့ချနိုင်ခဲ့ရပေသည်။

ချီယန်က ယောင်ယောင်နဲ့ထန်ထန်တို့ကိုကြည့်လိုက်သလို သူ့ရဲ့မျက်နှာထားက တင်းမာခက်ထန်သွားခဲ့ရသည်။

ချီယန်ရဲ့ဘေးမှာရှိနေသည့် မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ဇောင်ရှန်းလွန်က ခပ်ဖွဖွပြုံးလိုက်ကာပြောသည်… “ကြည့်ရတာ ဇူအင်ပါယာဘက်ကလည်း ပြင်ဆင်မှုအချို့ပြုလုပ်ထားတဲ့ပုံပဲ…”

“ဒါကသူတို့တွေအနေနဲ့ သေမင်းနဲ့လက်တစ်ကမ်းအကွာကို ရောက်နေတဲ့အတွက် နောက်ဆုံးအနေနဲ့ အကြောက်အကန်လှုပ်ရှားလာခဲ့တာပဲ…” ချီယန်က အေးစက်စွာပြောလိုက်သည်။ သူတို့ရဲ့ရန်သူဘက်မှာ မူလစဦးအဆင့်ကျင့်ကြံသူငါးယောက်ရှိနေတယ်ဆိုရင်တောင်မှပင် သူတို့ဘက်မှ ပိုနေတဲ့မူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက်က စစ်သည်တွေကိုဦးဆောင်ပြီး မြို့တံခါးတွေကို ချိုးဖျက်နိုင်ဖို့ လုံလောက်တာထက်ပင် ပိုနေသေးသည်။

ဝမ်ကောင်းရှန်လို့ခေါ်တဲ့ မူလစဦးအဆင့်ကျင့်ကြံသူက ချောက်ချားဖွယ်ရာရယ်မောလိုက်ပြီး ပြောလိုက်သည်… “ငါတို့ရဲ့ ဒီဘုရင်အဟောင်းက တကယ့်ကိုသနားစရာကောင်းတာပဲ… တကယ်လို့သူက အရင်တုန်းကလိုအဆင့်မှာသာ ရှိနေခဲ့မယ်ဆိုရင် ငါတို့တွေအားလုံးပေါင်းပြီး တိုက်ခိုက်ရင်တောင် သူ့ကိုအသာစီးယူနိုင်လိမ့်မှာမဟုတ်ဘူး…”

အခြားမူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကလည်း ထူးဆန်းတဲ့ရယ်သံတစ်ခုကို ထုတ်လွှတ်လိုက်ရင်းမှပြောသည်… “အရင်တုန်းက သူ့ရဲ့လက်တစ်ဖက်က ဝူဘုရင်ရဲ့ဖြတ်တောက်ခြင်းကို ခံခဲ့ရအပြီးမှာ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က မူလစဦးအဆင့် အဆင့် ၈ကနေ အဆင့် ၃ထိလျော့ကျသွားခဲ့ရပြီးတော့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဒီနေ့ထိတိုင်အောင် ပြန်ပြီးတိုးတက်လာခဲ့ခြင်းမရှိတော့ဘူး… ဒါကိုကြည့်ရတာ သူကဝူဘုရင်ရဲ့အရိပ်အောက်က လွတ်မြောက်အောင်ရုန်းမထွက်နိုင်သေးဘူးထင်တယ်…”

“ဝူဘုရင်ကမှ တကယ့်အစစ်အမှန်ဘုရင်တစ်ပါးပဲ… ဇူချင်ရဲ့ခုခံမှုက လှည်းရဲ့ရှေ့မှာ ကြိတ်နင်းခံရတော့မဲ့ ရှိခိုးကောင်လေးတစ်ကောင်နဲ့တောင် တူနေသေးတယ်…” ချီယန်ကပြောသည်။

ထို့နောက်မှာ သူ့ရဲ့အေးစက်တဲ့အကြည့်က မြို့ရိုးအထက်မှာရှိနေသည့် ဇူချင့်ထံရောက်ရှိသွားခဲ့ပြီး ပြောလိုက်သည်… “ငါမင်းကိုပေးခဲ့တဲ့ အသက်ရှင်နိုင်ဖို့လမ်းကြောင်းကို မင်းကငြင်းပယ်ခဲ့တယ်ဆိုတော့ ငါတို့မိတ်ဆွေဟောင်းကြီးတွေရဲ့ မင်းအပေါ်လျစ်လျူရှုနိုင်မှုအတွက် ငါ့ကိုအပြစ်မတင်နဲ့…”

ချီယန်က သူရဲ့လက်ကိုမြှောက်လိုက်ပြီး ရုတ်ချည်းပင်အောက်ကိုလွှဲချလိုက်ကာ လူသတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေရသည့် သူ့ရဲ့အသံက ထွက်ပေါ်လာခဲ့ရသည်… “စစ်သည်အားလုံး ငါ့ရဲ့အမိန့်ကိုနားထောင်… မြို့ကိုဝိုင်းရံပြီး တိုက်ခိုက်ကြတော့…”

ဒုန်း… ဒုန်း…

ကျယ်လောင်တဲ့စစ်ဗုံတီးသံတွေက ကျယ်လောင်စွာပေါက်ကွဲထွက်ပေါ်လာခဲ့ကာ အဆုံးမရှိလောက်အောင်များပြားလှတဲ့စစ်သည်တွေက မြို့တော်ဆီသို့ တစ်ဟုန်ထိုးချီတက်လာခဲ့ကြပြီး များစွာသောအစုအဖွဲ့တွေခွဲလိုက်ကာ မြို့တော်ကို စတင်ပြီးဝိုင်းရံလိုက်ကြသည်။

ချီယန်က အခြားမူလစဦးအဆင့်ကျင့်ကြံသူတွေကို ကြည့်လိုက်ပြီး တိုးညှင်းတဲ့လေသံဖြင့်ပြောလိုက်သည်… “ငါ့ရဲ့ရောင်းရင်းတို့… ဇူအင်ပါယာမှာ ဂိတ်တံခါးခုနှစ်ခုရှိတယ်… ငါတို့တစ်ယောက်ချင်းစီက စစ်တပ်ရဲ့အစိတ်အပိုင်းတစ်ခုစီကို ဦးဆောင်ပြီးတော့ တစ်ဂိတ်ကိုတစ်ယောက် သွားပြီးတိုက်ခိုက်ကြမယ်… ဂိတ်တံခါးခုနှစ်ခုထဲက တစ်ခုကျိုးပျက်သွားတာနဲ့ သူတို့စစ်သည်တွေရဲ့ စိတ်ဓာတ်ကလည်း သေချာပေါက်ပြိုပျက်သွားရလိမ့်မယ်…”

“အသေအချာပဲ…”

ဇောင်ရှန်းလွန်နဲ့ ကျန်တဲ့သူငါးယောက်စလုံး ခေါင်းညိတ်ပြကာ တုန့်ပြန်လိုက်သည်။

ထို့နောက်မှာ မူလချီတွေက သူတို့ခြေထောက်အောက်မှ ထွက်ပေါ်လာခဲ့ပြီး သူတို့ကိုလေထဲသို့ပျံတက်သွားစေခဲ့သလို သူတို့ခြောက်ယောက်စလုံးက အလင်းတန်းခြောက်ခုအလား လျင်မြန်စွာဖြင့် မြို့တော်ရဲ့အခြားဂိတ်ပေါက်ခြောက်ခုဆီ ပျံသန်းသွားခဲ့ကြသည်။

တစ်ဖက်မှာလည်း ဇူချင်က ချီဘုရင်ရဲ့တိုက်ခိုက်မှုကို မြင်လိုက်ရသည်နှင့် ချက်ချင်းဆိုသလိုပင် သူ့ရဲ့အမိန့်ကိုထုတ်ပြန်လိုက်သည်။ မြို့ရိုးအထက်မှာရှိနေကြသည့် လူအားလုံးလှုပ်ရှားလိုက်ကြပြီး တိုက်ပွဲအတွက်အသင့်ပြင်ဆင်လိုက်ကြသည်။

“ချီယန်နဲ့ ကျန်တဲ့မူလစဦးအဆင့်ကျင့်ကြံသူခြောက်ယောက်တို့က ငါတို့မြို့တော်ရဲ့ဂိတ်ပေါက်ခုနှစ်ခုကို လူခွဲပြီးတိုက်ခိုက်ကြလိမ့်မယ်… ငါတို့တွေက သူတို့ကိုဘယ်ဂိတ်ပေါက်ကိုမှ ချိုးဖျက်ခွင့်မပေးနိုင်ဘူး… စစ်တပ်တစ်ခုလုံးအတွက် ဂိတ်တံခါးကိုချိုးဖျက်ပြီးဝင်ရောက်ဖို့ဆိုတာ မလွယ်ပေမဲ့လည်း မူလစဦးအဆင့်ကျင့်ကြံသူတွေကတော့ လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်ကြတယ်… သူတို့တွေမှာ မယုံကြည်နိုင်လောက်စရာကောင်းတဲ့ အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားကြတယ်…”

“ဒါ့ကြောင့် ငါကမင်းတို့လေးယောက်ကို ဒုက္ခများစေမိပြီ…”

ဝေကန်းလန်နဲ့ ယောင်ယောင်တို့က ခေါင်းညိတ်ပြလိုက်ပြီး စကားတစ်ခွန်းမှမဆိုဘဲ မြို့တော်ရဲ့ဂိတ်ပေါက်တွေဆီသို့ လျင်မြန်စွာထွက်ခွာသွားကြသည်။ ထန်ထန်ကလည်း မြို့ရိုးရဲ့တစ်နေရာကို ရွေ့လျားသွားခဲ့ပြီး ၎င်းကယောင်ယောင်နဲ့ နီးကပ်လျက်ရှိတဲ့ ဂိတ်တံခါးဆီသို့ သွားလိုက်သည်။

“အဆိပ်ဘုရင်… ငါတို့တွေက ခင်ဗျားကို အနောက်တောင်ဘက်ဂိတ်ပေါက်ကိုသွားပြီး ကာကွယ်ပေးစေချင်တယ်…” ဇူယွမ်က အဆိပ်ဘုရင်ကိုကြည့်လိုက်ပြီး ပြုံး၍ပြောလိုက်သည်။

“တကယ်လို့ ဂိတ်တံခါးသာကျသွားခဲ့မယ်ဆိုရင် ခင်ဗျားကလည်း ဒီနေ့မှာဇူအင်ပါယာအတွက် ကျုပ်တို့နဲ့ အတူတူသေရလိမ့်မယ်…”

အဆိပ်ဘုရင်က အားတင်းကာပြုံးလိုက်ပြီး… “မစိုးရိမ်ပါနဲ့ မင်းသားလေး… ငါကသူတို့တွေကို အတတ်နိုင်ဆုံးကြိုးစားပြီး ရပ်တန့်ပေးပါမယ်…”

အဆိပ်ဘုရင်က ဇူယွမ်ကိုပြောလိုက်ပြီးနောက်မှာ သူ့ရဲ့အနက်ရောင်ချီတွေကိုစီးနင်းလျက် အနောက်တောင်ဘက်တံခါးဆီသို့ ထွက်ခွာသွားခဲ့သည်။

လူသုံးယောက်နဲ့ သားရဲတစ်ကောင်ထွက်ခွာသွားသည်ကို ကြည့်နေရင်းမှ ဇူချင်ရဲ့အမူအယာက ပို၍လေးနက်သွားခဲ့ရသည်။ ထို့နောက်မှာ သူကဇူယွမ့်ဘက်ကိုလှည့်ကာ ပြောလိုက်သည်… “အဖေက အဓိကဂိတ်ပေါက်ကို ကာကွယ်လိုက်မယ်… ဒါပေမဲ့လည်း အခြားကျန်တဲ့ဂိတ်နှစ်ဂိတ်က မူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက်ရဲ့တိုက်ခိုက်မှုကြောင့် အခက်အခဲဖြစ်ရလိမ့်မယ်…”

ဇူယွမ်က အပြုံးတစ်ခုနဲ့အတူပြောလိုက်သည်… “ဒါအတွက်တော့ အဖေစိုးရိမ်နေစရာမလိုအပ်ပါဘူး… ဂိတ်တံခါးတစ်ခုကို သားကာကွယ်မှာဖြစ်သလို နောက်ဆုံးကျန်တဲ့ဂိတ်တံခါးကိုလည်း ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူ ခုနှစ်ယောက်ကို ကာကွယ်ဖို့စေလွှတ်ထားတယ်… သူတို့တွေက သူတို့ရဲ့ပြိုင်ဘက်ကို နှောင့်နှေးအောင်ထိန်းထားနိုင်ဖို့ပဲလိုအပ်တယ်…”

ဇူချင်က ဇူယွမ့်ကိုကြည့်လိုက်သလို သူ့ရဲ့မျက်လုံးထဲမှာလည်း စိုးရိမ်ပူပန်မှုတွေက ထိန်းချုပ်မထားနိုင်လောက်အောင် ထွက်ပေါ်လာခဲ့ရသည်။ ဇူယွမ်က ချီစုဆောင်းမှုအဆင့်ခွန်အားလေးနဲ့ မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ဘယ်လိုဟန့်တားမလဲဆိုတာကို သူ့အနေဖြင့် သိနိုင်ခြင်းမရှိခဲ့ပေ။

“ယွမ်အာ… ဒါကမဖြစ်နိုင်ဘူးထင်ရင် သားကိုယ်သားအတင်း ဖိအားမပေးသင့်ဘူး… သားက အဖေတို့ကာကွယ်ပေးဖို့လိုအပ်တဲ့ ကလေးတစ်ယောက်မဟုတ်တော့ဘူး… သားက ဇူအင်ပါယာမရှိတော့ဘူးဆိုရင်တောင် သားကိုယ်သားကာကွယ်နိုင်တဲ့စွမ်းရည်တွေ ရှိနေလိမ့်ဦးမယ်… သားအသက်ရှင်နေသမျှကာလပတ်လုံး အဖေတို့ရဲ့နိုင်ငံကို ပြန်ပြီးထူထောင်နိုင်လိမ့်မယ်…”

ဇူချင်က တကယ်လို့အခြေအနေက အရမ်းကြီးဆိုးရွားလာခဲ့မယ်ဆိုရင် ဇူယွမ်ကို သူအသက်ရှင်သန်ဖို့အရေးကိုသာ အဓိကထားဖို့ အကြံပေးလိုက်သည်။

ဇူယွမ်ရဲ့ရင်ဘတ်ထဲမှာ နွေးထွေးတဲ့ခံစားချက်တစ်ခု စီးမျောသွားခဲ့ရပြီး သူက ဇူချင်ရဲ့မျက်လုံးတွေကို ကြည့်လိုက်မိသည်။ ထို့နောက်မှာ ဇူယွမ်က သူ့အဖေရဲ့လက်ကို ခပ်ဖွဖွပုတ်လိုက်သကဲ့သို့ သူ့ရဲ့မျက်နှာထက်မှာလည်း တောက်ပတဲ့အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရသည်။

“စိုးရိမ်စရာမလိုပါဘူးအဖေ… ဇူအင်ပါယာက ပျက်စီးသွားမှာမဟုတ်ပါဘူး…”

သူ့ရဲ့စကားသံကပျောက်ကွယ်သွားသကဲ့သို့ သူကနောက်လှည့်လိုက်ပြီး လျင်မြန်စွာဖြင့်ပင် မြောက်ဘက်ဂိတ်တံခါးရှိရာသို့ ထွက်ခွာသွားခဲ့သည်။ သူ့ရဲ့မျက်လုံးတွေက အေးစက်မှုတို့ဖြင့်ပြည့်နှက်နေကာ မြို့တော်ဆီသို့ ရေလှိုင်းတစ်ခုအလား တစ်ဟုန်ထိုးတိုးဝင်လာသည့် စစ်သည်တွေကို ကြည့်လိုက်သည်။

စစ်သည်တွေရဲ့အထက်မှာ မူလစဦးအဆင့်ကျင့်ကြံသူက သူ့ရဲ့မူလချီအပေါ်မှာ လက်နောက်ပစ်ကာ ရပ်တန့်နေခဲ့သလို သူ့ရဲ့မျက်နှာထက်မှာလည်း လှောင်ပြောင်မှုတွေထင်ဟပ်နေခဲ့ရပေသည်။

ဇူယွမ်ခေါင်းကိုငုံ့ချလိုက်ပြီး သူ့ရဲ့လက်ကိုဖြည်းညှင်းစွာဖြန့်ချလိုက်သည်။ သူ့ရဲ့လက်ဖဝါးပေါ်မှာ ငွေရောင်လက်စွပ်တစ်ကွင်းက စတင်ပြီးအလင်းရောင်တွေ တောက်ပလာခဲ့သည်။

ဇူယွမ်က အသက်ကိုပြင်းစွာတစ်ချက်ရှူလိုက်ပြီး သူ့ရဲ့မျက်လုံးတွေကို မှိတ်လိုက်သည်။ သူ့ရဲ့မျက်လုံးတွေ နောက်တစ်ကြိမ်ပြန်ပွင့်လာသည့်အခါ ၎င်းတို့အထဲမှာ လူသတ်လိုစိတ်တွေက လျင်မြန်စွာဖြင့် တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရသည်။

“ငါတို့ရဲ့မြို့တော်ကို ချိုးဖျက်ဖို့အတွက် မင်းတို့ရဲ့အသက်တွေ ဘယ်လောက်အထိစွန့်လွှတ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့…”

Comment

Leave a Reply

Options

not work with dark mode
Reset