Switch Mode

အခန်း (၆၀၆)

အဟွတ်၊ အဟွတ်

ထိုအချိန်တွင် ရှိခိုးနန်းတော်အဆောင်ထဲရှိ ဝမ်ပေါင်လဲ့မှာ သူ၏ဓားအိမ်လေးအား အသေးစိတ် ကြည့်ရှုစစ်ဆေးနေ၏။ သူသည် အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောနေလိုက်ပြီးနောက် ဓားအိမ်လေး၏ ပုံစံပြောင်းလဲသွားမှုနှင့် ပတ်သက်၍ မမလေးအား မေးမြန်းရန် ဆုံးဖြတ်လိုက်တော့သည်။

” ငါ့ကို လာကြည့်မနေနဲ့။ ဒီ စကြဝဠာကြီး တစ်ခုလုံးထဲမှာ ဘယ်သူကမှ နင့်ရဲ့ဓားအိမ်လေးကို နားလည်မှာ မဟုတ်ဘူး။ သန္ဓေပြောင်းသွားတယ်လို့သာ သဘောထားလိုက်ပြီးတော့ ကိုယ့်ဟာကိုယ် အဖြေရှာတော့ ” မမလေးမှာ ဝမ်ပေါင်လဲ့ မမေးနိုင်ခင်မှာပင် ပြန်ဖြေလိုက်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာရှုံ့မဲ့မဲ့နှင့် ခေါင်းယမ်းလိုက်၏။ သူသည် ထိုဓားအိမ်လေးအား အနည်းငယ်ခန့်ထပ်၍ လေ့လာကြည့်လိုက်ပါသော်လည်း မည်သည့်အရာကိုမှ နားမလည်နိုင်သောကြောင့် နောက်ဆုံးတွင် လက်လျှော့လိုက်ရတော့သည်။ သို့သော် သူ၏ လက်ထဲ၌ ရတနာတစ်ခု ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။ ထို့ကြောင့် သူသည် စိတ်ဓာတ်များတက်ကြွသွားတော့သည်။

” ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးလို့ဘဲ ဖြစ်ရမယ်။ ငါ ယွမ်ယင်အဆင့် ရောက်တဲ့အထိ နေနှင့်အုံးပေါ့။ အဲဒီအချိန်ကျ ငါ့ရဲ့ ဓားအိမ်လေးကို ထုတ်လိုက်တာနဲ့ နတ်ဘုရားတွေအကုန် ငါ့ရှေ့မှာ အသနားခံသွားစေရမယ် ” ဝမ်ပေါင်လဲ့မှာ စိတ်ကူးများယဥ်နေမိတော့သည်။ ထို့နောက် သူသည် စိတ်ဓာတ်တက်ကြွစွာဖြင့် မတ်တတ်ထလာပြီး သူ၏ရှေ့တွင်ရှိနေသော ဆဋ္ဌမမြောက်နန်းတော်အား စိုက်ကြည့်နေလိုက်တော့သည်။

သူသည် ထိုစမ်းသပ်ပွဲအား စမ်း၍ ကြိုးစားကြည့်ချင်ပါသော်လည်း ပဉ္စမမြောက်နန်းတော်၏ စမ်းသပ်ပွဲထဲ၌ ကြုံခဲ့ရသည့် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်များကို ပြန်၍သတိရသွားသောအခါ ဤ ဆဋ္ဌမမြောက်နန်းတော်မှာ ပို၍ပင် ခက်ခဲနေလိမ့်မည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။ ထို့ကြောင့် သူ၏ ကျရှုံးသွားနိုင်ခြေမှာ အလွန်အင်မတန်မှ မြင့်မားပေသည်။ ထို စမ်းသပ်ပွဲထဲ၌ သတ်မှတ်ထားသည့် အချိန်ပမာဏအထိ အသက်ရှင်နိုင်ရန်မှာပင် အလွန်အင်မတန်မှ ခဲယဥ်းနေလောက်ပေသည်။

ဝမ်ပေါင်လဲ့မှာ စတုတ္ထမြောက်နန်းတော်နှင့် ပဉ္စမမြောက်နန်းတော်ထဲမှ အဖြစ်အပျက်များနှင့် မကြုံခဲ့ရပါက ဤ ဆဋ္ဌမမြောက်နန်းတော်အား လက်လျှော့လိုက်မည်သာ ဖြစ်သည်။ သူ၏ အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းမှာ အလွန်အင်မတန်မှ နည်းပါးနေသည် မဟုတ်ပါလော။ သုညနီးပါးအထိပင် ရှိနေသည်ဟုဆိုနိုင်ပေသည်။ သို့သော်… သူသည် စတုတ္ထမြောက်နန်းတော်ထဲတွင် ရတနာမြောက်မြားစွာ သိမ်းဆည်းရမိခဲ့ပြီး ပဉ္စမမြောက်နန်းတော်ထဲတွင် သူ၏ ဓားအိမ်လေးကို သန့်စင်နိုင်ခဲ့ရုံသာမက ရှားပါးပစ္စည်းအချို့ကိုလည်း သိမ်းပိုက်မိခဲ့သည် မဟုတ်ပါလော။

ထိုပစ္စည်းအများစုကို သူ၏ ဓားအိမ်လေးအား သန့်စင်ရာ၌ အသုံးပြုခဲ့ရသည်တိုင်အောင် သူ့အတွက် အကျိုးအမြတ်အများကြီး ထွက်ခဲ့သည့်အချက်ကို ငြင်းဆန်၍မရပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဝေခွဲမရဖြစ်နေရတော့သည်။ သူသည် ဆဋ္ဌမမြောက်နန်းတော်၏ စမ်းသပ်ပွဲထဲ၌ ရတနာများ ဆက်လက်ရှာဖွေချင်ပါသော်လည်း အသက်ရှင်လျက် ပြန်ထွက်မလာနိုင်မည်ကို စိုးရိမ်နေရ၏။

ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် ချောင်းဟန့်လိုက်၏။ သူသည် မမလေးအား အနုအယွ စကားလုံးများဖြင့် မြှောက်ပင့်ကာ ဖားယားနေလိုက်ပြီးနောက် အခွင့်ကောင်းယူကာ မေးခွန်းအချို့ မေးမြန်းလိုက်တော့သည်။

” မမလေး။ ကျွန်တော် ဆဋ္ဌမမြောက်နန်းတော်ရဲ့ စမ်းသပ်ပွဲကို အောင်မြင်အောင်မလုပ်ဘဲ စောစောတုန်းကလို ကျွန်တော် ကြိုက်တဲ့အချိန်တိုင်း အပြင်ဘက်ကို ပြန်ထွက်လာလို့ရမယ့် နည်းလမ်းတစ်ခုခု ရှိလားဗျ ”

” နင် ရတနာတွေ သွားရှာချင်နေတာမလား ” မမလေးမှာ သူ၏အကြံအစည်များကို သိထားသည်ဆိုသော လေသံဖြင့် တည်ကြည်စွာဆိုလိုက်၏။ ထို့နောက် သူမသည် အတွေ့ကြုံရင့်သန်သော လေသံဖြင့် ပြန်ပြောလိုက်တော့သည်။

” ရှိစေတော့။ စောစောတုန်းက နင် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတာမလို့ ငါ ကူညီပေးပါ့မယ်။ ဒီတစ်ခေါက်ပဲ ရမယ်နော် ” မမလေးမှာ မင်းသမီးငယ်လေး တစ်ပါးကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်စိ ပေကလပ်ပေကလပ် ဖြစ်သွား၏။ သူသည် မမလေး၏ စကားနောက်ကွယ်မှ အဓိပ္ပါယ်များကို နားလည်ပေသည်။ သူမသည် နောက်ဆုံးတစ်ကြိမ်သာ ထိုကဲ့သို့ တည်နေရာပြောင်းရွှေ့ပေးနိုင်တော့သည်ဖြစ်ကြောင်း ဆိုလိုနေခြင်းဖြစ်ပေသည်။ ထို့ကြောင့် သူမသည် ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်၏။

” တစ်ခေါက်ဆို ရပါတယ်ဗျ ” ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရသဖြင့် သူ၏အကျင့်အတိုင်း မမလေး ကျေနပ်သွားသည့်အချိန်အထိ ဆက်၍ ဖားယားနေလိုက်တော့သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ဆဋ္ဌမမြောက်နန်းတော်၏ ပင်မခန်းမကြီးဆီသို့ လှမ်းသွားလိုက်၏။

ဝမ်ပေါင်လဲ့မှာ ဆဋ္ဌမ‌မြောက်နန်းတော်ထဲသို့ ဝင်ခါနီးတွင် ခြေလှမ်းများ ရပ်တန့်သွား၏။ ထို့နောက် သူသည် နောက်သို့လှည့်ကြည့်လိုက်သောအခါ တတိယမြောက်နန်းတော်၏ ရှေ့၌ ခုန်းတောက်အား လှမ်းမြင်လိုက်ရသည်။ သူသည် ယခုမှ ထိုနေရာသို့ ရောက်ရှိလာခြင်းဖြစ်၏။

သို့ဖြစ်ရာ ခုန်းတောက်မှာ ဒုတိယမြောက်နန်းတော်ထဲမှ အပြင်စည်းဂိုဏ်းသား စမ်းသပ်ပွဲအား အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိနိုင်ပေသည်။ သူ၏ရှေ့တွင် တတိယမြောက် နန်းတော်ထဲရှိ အတွင်းစည်းဂိုဏ်းသား စမ်းသပ်ပွဲ ရှိနေ၏။ အကယ်၍ သူသည် ထိုစမ်းသပ်ပွဲအား ကျော်ဖြတ်သွားနိုင်လိုက်မည် ဆိုပါက ကျောက်ယမုန့်နှင့် အဆင့်အတူတူ ဖြစ်သွားမည်ဖြစ်သည်။ ထိုအချိန်တွင် ခုန်းတောက်မှာလည်း ခေါင်းမော့လာပြီး ဆဋ္ဌမမြောက်နန်းတော်၏ ရှေ့တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့အား လှမ်းမြင်လိုက်ရသဖြင့် ပြုံးပြလိုက်၏။ ထို့နောက် သူသည် လက်ကိုဝှေ့ယမ်းကာ လှမ်း၍ နှုတ်ဆက်လိုက်ပြီးနောက် အောက်သို့ထိုင်ချကာ ဒဏ်ရာများကို ကုသနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ခုန်းတောက်နှင့် စတုတ္ထမြောက်နန်းတော်ထဲ၌ ကျင့်ကြံခြင်းလေ့ကျင့်နေသည့် ကျောက်ယမုန့်တို့အား ငေးကြည့်နေလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်လာပြီး သူ၏ရှေ့တွင်ရှိနေသော ဆဋ္ဌမမြောက်နန်းတော်ကြီးအား စိုက်ကြည့်နေလိုက်တော့သည်။ သူသည် မျက်ဝန်းများထဲ၌ ထူးဆန်းသောအလင်းရောင်များ တောက်ပလာပြီးနောက် သက်ပြင်းချလိုက်၏။

” ဒီစမ်းသပ်ပွဲကို အောင်မြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ သမိုင်းတစ်လျှောက်လုံးမှာ အမြုတေအဆင့်နဲ့ ဆဋ္ဌမမြောက်နန်းတော်ရဲ့ စမ်းသပ်ပွဲထဲကို ဝင်ရောက်ဖူးတဲ့လူ တစ်ယောက်မှ မရှိလောက်ဘူးဆိုတာ ငါ လောင်းရဲတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ပိုပိုပြီး ခက်ခဲလာတာကိုပဲ ကြည့်လေ။ စတုတ္ထနန်းတော်ထဲမှာ ယွမ်ယင်အဆင့် ပြိုင်ဘက်နဲ့ ပဉ္စမနန်းတော်ထဲမှာ ဝိညာဉ်ကြားခံနယ်အဆင့် ပြိုင်ဘက်တွေ ရှိနေတာ။ အဲတာမလို့ ဆဋ္ဌမနန်းတော်ထဲမှာဆိုရင် အနိမ့်ဆုံး ထာဝရဝိညာဉ်အဆင့်ကို ရောက်နေတဲ့ ပြိုင်ဘက်တွေ ရှိနေလောက်တယ်။ ဂြိုဟ်အဆင့်အထိတောင် ရောက်ရင်ရောက်နေမှာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း နောင်တများရလာတော့သည်။ သူသည် တပည့်ရင်းဂိုဏ်းသားဆိုသည့် ရာထူးအဆင့်အတန်းကို ရရှိနေပြီဖြစ်ပါသော်လည်း နောက်ဆုံးနန်းတော်အား ကျော်ဖြတ်နိုင်ပါက သူ၏နာမည်မှာ သမိုင်းထဲ၌ တွင်ကျန်ရစ်နေခဲ့မည်မ ဟုတ်ပါလော။

ထို့အပြင် သူသည် ကျယ်ပြန့်တာအိုဂိုဏ်းသားအဆင့်ကိုလည်း စိတ်ဝင်စားနေသေးသည်။

” ဘာပဲဖြစ်ဖြစ်ပါ။ ဘယ်ကိုရောက်သွားမလဲဆိုတာ ကြည့်ကြတာပေါ့။ ဒီအထိ ရောက်လာပြီးမှတော့ စမ်းကြည့်လို့ အကျိုးမယုတ်ပါဘူး ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ဆဋ္ဌမ‌မြောက်နန်းတော်ထဲသို့ ဝင်သွားလိုက်တော့သည်။

ထိုအခါ အမှောင်ထုများမှာ သူ့အား လွှမ်းခြုံသွား၏။ သူသည် ချောက်နက်ကြီး တစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ပင်။ သို့သော် စတုတ္ထမြောက်နန်းတော်နှင့် ပဉ္စမမြောက်နန်းတော်ထဲတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ထိုခံစားချက်ကြီးအား ကျင့်သားရနေပြီဖြစ်သည်။ သူသည် ထိုအမှောင်ထုကြီးထဲ၌ တည်ငြိမ်စွာရပ်နေလိုက်ပြီးနောက် ခံစားချက်မပါသော အေးစက်စက် စကားသံကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏တာဝန်အား ကြေညာပေးမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။

သူသည် အချိန်အကြာကြီး မစောင့်လိုက်ရပေ။ သူ မျှော်လင့်ထားသည့်အတိုင်း ထိုအသံကြီးမှာ ဆဋ္ဌမမြောက်နန်းတော်၏ ဟင်းလင်းပြင်ကြီးထဲတွင် ပဲ့တင်ထပ်သွား၏။

” ဆဋ္ဌမမြောက်နန်းတော်ရဲ့ မွေးစားဂိုဏ်းသားအဆင့် စမ်းသပ်ပွဲကို အသက်ရှူကြိမ်တစ်ရာအတွင်းမှာ စတင်မှာဖြစ်ပါတယ် ”

” စမ်းသပ်ပွဲကို ရင်ဆိုင်မဲ့ပုဂ္ဂိုလ်များ ကျေးဇူးပြုပြီး အဆင်သင့်ပြင်ထားပါ။ သင်တို့ကို အဆုံးမဲ့မျိုးနွယ်စု မဟာမိတ်အဖွဲ့အစည်းထဲက လူမှုအဖွဲ့အစည်းတစ်ခုဆီကို ပို့ပေးမှာ ဖြစ်ပါတယ်။ သင်တို့ဟာ ရုတ်ခြည်းဒေါသမျှော်စင်ကို ဖျက်ဆီးရမှာပါ။ အဲဒီမျှော်စင်ကို ဖျက်စီးပြီးလို့ ပြန်ရောက်လာတဲ့အချိန်ကျရင် အောင်မြင်ပါပြီ။ ဒီတာဝန်က အရမ်းကိုခက်ခဲတာမလို့ သတိကြီးကြီးထားဖို့ တိုက်တွန်းပါရစေ ”

” တကယ်လို့ သင်တို့ဘက်မှ အသက်ရှူကြိမ် အကြိမ်တစ်ရာအတွင်း ငြင်းဆန်ခြင်း မရှိပါက ဤစမ်းသပ်ပွဲကို ရင်ဆိုင်ရန် သဘောတူတယ်လို့ မှတ်ယူလိုက်မှာဖြစ်ပါတယ်။ ဒါက အတုအယောင်မဟုတ်ဘဲ…. ” ထို အေးစက်စက်စကားသံကြီးမှာ ထိုကဲ့သို့ ပြောဆိုနေရင်း ရုတ်ခြည်းဆိုသလို ရပ်တန့်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ချောင်းဟန့်သံတစ်သံကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူ နားကြားမှားနေခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် ဝမ်ပေါင်လဲ့ သတိမထားမိလိုက်သည်မှာ ထိုအချိန်တွင် ဆဋ္ဌမမြောက် နန်းတော်ကြီးတစ်ခုလုံးသာမက ရှိခိုနန်းတော်အဆောင်ကြီး တစ်ခုလုံးပါ ရုတ်တရက်ဆိုသလို တုန်ရီသွားသည့်အချက်ပင်။

စကြဝဠာကြီး၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသည့် စွမ်းအားတစ်မျိုးမှာ ရှိခိုးနန်းတော်အဆောင်အား ခြိမ်းခြောက်လိုက်သကဲ့သို့ပင်။ ထို့ကြောင့် ထိုအဆောင်ကြီးတစ်ခုလုံးမှာ တုန်ရီသွားရပြီး ဆဋ္ဌမမြောက်နန်းတော်ထဲရှိ အေးစက်စက်စကားသံကြီးမှာလည်း တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ၎င်း၏စကားများမှာ ပြောင်းလဲသွားတော့သည်။

” ဆဋ္ဌမမြောက်နန်းတော်ရဲ့ မွေးစားဂိုဏ်းသားအဆင့် စမ်းသပ်ပွဲကို အသက်ရှူကြိမ်တစ်ရာအတွင်းမှာ စတင်မှာဖြစ်ပါတယ် ”

” ကျေးဇူးပြုပြီးအဆင်သင့်ပြင်ထားပါ။ သင့်ကို ဉာဏ်အလင်းပွင့်ခြင်း ရမှတ်တွေ စုဆောင်းရတဲ့ တာအိုစုဆောင်းခြင်းဂြိုဟ်ပေါ်သို့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ သင် အမှတ်တစ်မှတ် စုဆောင်းနိုင်ရင် တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်ကို စတင်လို့ရပါပြီ။ ဒီတာဝန်ရဲ့ ခက်ခဲမှုအဆင့်ကိုတော့ အတိအကျမသိပါဘူး။ ဒီတာဝန်က ဆုချီးမြှင့်မှာဖြစ်တဲ့အတွက် ကျေးဇူးပြုပြီးတော့ …. ”

ဝမ်ပေါင်လဲ့မှာ ထိုစကားများကိုကြားလိုက်ရသောအခါ မှင်တက်သွားရ၏။ ထိုတာဝန်နှစ်ခု၏ ခက်ခဲမှုအဆင့်အတန်းမှာ မိုးနှင့်မြေလို ကွာခြားနေသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။ သို့သော် ပထမဆုံးအကြိမ်တုန်းကအတိုင်းပင်။ ထိုစကားသံကြီး မပြီးဆုံးနိုင်ခင်မှာပင် သူ နားကြားမှားခဲ့သည်ဟု ထင်နေခဲ့သော ချောင်းဟန့်သံတစ်သံမှာ လေထဲ၌ ထပ်၍ ပဲ့တင်ထပ်သွားပြန်သည်။

ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားပြီး နားကြားမှားနေခြင်းမဟုတ်ကြောင်း သေချာသွားတော့သည်။ ထို့ကြောင့် သူသည် နောက်သို့လှည့်ကာ ဘေးဘီဝဲယာရှိ ဟင်းလင်းပြင်ကြီးအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ဆိုလိုက်တော့သည်။

” ဘယ်သူလဲကွ ”

သူသည် မည်သည့်အဖြေကိုမှ ပြန်မရခဲ့ပေ။ အသက်ရှူကြိမ် ဆယ့်နှစ်ကြိမ်တိတိ ကုန်သွားပြီးနောက် တာဝန်ကြေညာသည့်စကားသံကြီးမှာ ပြန်လည်ပေါ်ထွက်လာပြန်သည်။ ယခုအကြိမ်တွင်မူ ၎င်းမှာ ယခင်တုန်းကလောက် အေးစက်နေခြင်းမရှိတော့ဘဲ မကျေမနပ်ဖြစ်နေသည့်လေသံ ပေါက်နေ၏။

” ကျေးဇူးပြုပြီးတော့ အဆင်သင့်ပြင်ထားပါ။ သင့်ကို နွားချေးပိုးဘုရင်မဂြိုဟ်ပေါ်ကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ အဲဒီဂြိုဟ်ပေါ်မှာ သင် ထိမ်းမြားလက်ထပ်… ”

” အဟွတ် ”

” ကျေးဇူးပြုပြီး အဆင်သင့်ပြင်ထားပါ။ သင့်ကို ကောင်းကင်ဘုံဂြိုဟ်ဆီ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ အဲဒီဂြိုဟ်ပေါ်မှာ သင့်ရဲ့အပြင်ခန္ဓာကိုယ်က ကောင်းကင်ဘုံဂြိုဟ်ပေါ်က စစ်သည်တော်တစ်ယောက်ရဲ့ ခန္ဓာကိုယ်အဖြစ်ပြောင်းသွား… ”

” အဟွတ် ”

….

ထိုချောင်းဟန့်သံများမှာ မရပ်မနားထွက်ပေါ်လာနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့တုန်လှုပ်လာရတော့သည်။ သူသည် အရှုံးပေးလိုက်ရန်ပင် တွေးနေမိပေဖြစ်သည်။ အရာအားလုံးမှာ ကျောချမ်းဖွယ်ကောင်းလောက်အောင် ထူးဆန်းလွန်းနေသည် မဟုတ်ပါလော။ သို့သော် စကားသံကြီးမှာမူ တဖြည်းဖြည်းနှင့်ပို၍ မကျေမချမ်းဖြစ်လာသည့်လေသံ ပေါက်နေပြီး ၎င်းကြေညာနေသည့် တာဝန်များကြောင့် ဝမ်ပေါင်လဲ့မှာ ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ သူသည် ထိုတာဝန်များအား လက်ခံပစ်ချင်စိတ်များကို မနည်းထိန်းထားရ၏။

သို့သော် ထိုတာဝန်များမှာ မည်မျှပင် လွယ်ကူနေသည့်ပုံ ပေါက်နေစေကာမူ ဝမ်ပေါင်လဲ့မှာ အစွမ်းကုန်ကြိုးစား၍ သူ၏ လောဘစိတ်များကို ချုပ်တည်းလိုက်၏။ ထို့နောက် သူသည် ချောင်းဟန့်သံပေါ်ထွက်လာပြီး ထိုစကားသံကြီး ရပ်တန့်သွားသည့်အချိန်ကို အခွင့်ကောင်းယူကာ အသံကုန်အော်ဟစ်လိုက်တော့သည်။

” ကျွန်တော် အရှုံးပေးပါတယ်။ နန်းတော်ထဲကို မှားဝင်လာမိတာပါ။ အရှုံးပေးပါတယ်ဗျာ ”

စည်းမျဉ်များအရဆိုလျှင် ဝမ်ပေါင်လဲ့မှာ အရှုံးပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဆဋ္ဌမမြောက်နန်းတော်၏ အပြင်ဘက်သို့ ပြန်ရောက်သွားမည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုမကျေမချမ်းဖြစ်နေသည့် လေသံကြီးမှာ သူ့အား လျစ်လျူရှုထားသည့်ပုံပင်။ ပို၍တိတိကျကျ ဆိုရမည်ဆိုပါက ၎င်းမှာ သူ့အား လျစ်လျူမရှုရဲဘဲ ဖြစ်နေရခြင်းသာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ အံ့ဩမှင်တက်ကာ ကြောက်ရွံ့ထိတ်လန့်လာရသောကြောင့် မမလေးအား လှမ်း၍ အော်ခေါ်လိုက်ပါသော်လည်း အချည်းနှီးပင်။ ထို မကျေမချမ်းဖြစ်နေသည့် လေသံကြီးမှာ တာဝန်ဆယ့်နှစ်ခုကျော်အထိ ကြေညာလိုက်ပြီးနောက် နောက်ဆုံးတွင် ၎င်းမှာ ချောင်းဟန့်သံ၏ နှောင့်ယှက်ခြင်းကို မခံလိုက်ရဘဲ တာဝန်တစ်ခုအား အပြီးအထိ ကြေညာနိုင်သွားတော့သည်။

” ကြီးမြတ်လှပါသော ပြိုင်ပွဲဝင်ကြီးခဗျား။ ကျေးဇူးပြုပြီးတော့ အဆင်သင့်ပြင်ထားပါ။ သင့်ကို မီလော့တောအုပ်ထဲကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ သင့်ရဲ့တာဝန်က ကြယ်အစွယ်သားရဲကောင်ပေါက်လေးတစ်ကောင်ကို သတ်ဖြတ်ပြီးတော့ သူ့ရဲ့ အမြုတေကို ထုတ်ယူရမှာပါ။ ကြီးမြတ်လှသော ပြိုင်ပွဲဝင်ကြီးခဗျား။ ကျေးဇူးပြုပြီးတော့ အထိအခိုက်မရှိအောင် သတိကြီးကြီးထားတော်မူပါ။ မွေးကင်းစကြယ်အစွယ်သားရဲပေါက်လေးတစ်ကောင်က ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီးတော့ အရွယ်ရောက်ပြီးသား အကောင်တွေကတော့ ဂြိုဟ်ထိပ်သီးအဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေကိုတောင် ယှဉ်နိုင်ပါတယ်။ အဲဒီ သားရဲမျိုးစိတ်ထဲက သားရဲဘုရင်ဆိုရင် ဂြိုဟ်အဆင့်ထက် သာလွန်ပြီးတော့ ထာဝရကြယ်အဆင့်မှာ ရှိပါတယ် ”

” သင့်ရဲ့ ကြီးမြတ်လှတဲ့ ရာထူးအဆင့်အတန်းကြောင့် သင် အဲဒီ သားရဲကို သတ်ဖြတ်နိုင်သည်ဖြစ်စေ၊ မသတ်ဖြတ်နိုင်သည်ဖြစ်စေ ဒီစမ်းသပ်ပွဲကို အအောင်ပေးမှာ ဖြစ်ပါတယ်။ သင် ဒီ စမ်းသပ်ပွဲထဲ ဝင်ပြီးသွားတာနဲ့ အချိန်မရွေး ပြန်ထွက်လာလို့ရပါတယ်ခဗျား ”

ထိုစကားသံကြီးမှာ မကျေမချမ်းဖြစ်နေသည့်လေသံ ပေါက်မနေတော့ဘဲ တစ်စုံတစ်ယောက်အား ဖားယားနေသည့်လေသံပင် ပေါက်နေတော့သည်။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားခြင်း မရှိသည့်အပြင် ကြက်သီးမွေညင်းများ ထလာရပြီး ဇောချွေးများပြန်လာရတော့သည်။ သူသည် နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီနေပြီး ထိုတာဝန်ကြီးအား ငြင်းဆန်ရန် ပြင်လိုက်စဉ်မှာပင် သူ၏အမြင်အာရုံများမှာ ဝေဝါးသွားရ၏။ တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ် စတင်သွားပြီဖြစ်သည်။

ထို့‌နောက် ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့မှာ ဆဋ္ဌမမြောက်နန်းတော်ထဲမှ ပျောက်ကွယ်သွားတော့သည်….

Comment

  1. Waiwai says:

    နောက်ခံရှိတာကောင်းလိုက်တာ ဘယ်လိုနေနေအအောင်ပေးတော့မှာ

Leave a Reply

Options

not work with dark mode
Reset