အခန်း (၈၃) အစီအစဉ်တွေဟာ အပြောင်းအလဲတွေကို လိုက်မမီဘူး
လူတိုင်း၏ဆွေးနွေးသံများကို ကြားနေရသော်လည်း ထိုအခိုက်တွင် ရန်ကျောက်ကဲသည် သူ့အောင်မြင်မှုကို ကြွားဝါလိုသည့် စိတ်အခြေအနေတွင် မရှိချေ။
အားဟူ၏ခန္ဓာကိုယ်အခြေအနေ ထိန်းညှိ့နိုင်အောင် ကူညီပေးနေစဉ် ရန်ကျောက်ကဲ၏ အာရုံတစ်စိတ်တစ်ပိုင်းက ပြောင်းပြန်အစီအရင်ပေါ် ရောက်နေသည်။
ထိုအခိုက်တွင် ကျောက်ရှီချန်း၏မျက်နှာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။ မဟာအစီအရင်တစ်ခုလုံး၏စွမ်းအားက သူ့အပေါ် ထောက်ပံ့နေခြင်းကြောင့် သူ့ဒဏ်ရာများကို ပြန်လည်ကုစားရန် ပိုမို လွယ်ကူလာ၏။
ဤသည်ကို မြင်သောအခါ ရန်ကျောက်ကဲလည်း စိတ်အေးသွား၏။
ကောင်းကင်နေအပ်များအားလုံး သူ့ပတ်ပတ်လည် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီးနောက် အားဟူ၏အသက်ရှုနှုန်းသည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
အားဟူသည် သူ့မျက်လုံးများကို ဖွင့်၍ ရှုံ့မဲ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။ “တော်သေးတာပေါ့၊ ဒီတစ်ခါ ထွက်လာတုန်းက မိသားစုခေါင်းဆောင်က စိတ်ဝိဉာဉ်လက်နက်ပေးလိုက်လို့၊ မဟုတ်ရင် ဒီအချိန်ဆို သေနေလောက်ပြီ”
အားဟူ အဆင်ပြေသွားသည်ကို မြင်သောအခါ ရန်ကျောက်ကဲက ရယ်မောလိုက်သည်။ “နေမိုးရဲ့အရသာက ဘယ်လိုလဲ”
အားဟူက ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “တော်တော်ကြမ်းတယ်ဗျ”
ရန်ကျောက်ကဲက ထုလုံရှည်သဏ္ဌာန် နေမိုးကို ထုတ်ယူလိုက်သည်။ “ဒါက အတော် ရက်စက်တဲ့ လက်နက်ပဲ၊ တစ်ခါသုံးပြီးရင် ပြန်ဖြည့်ရတာ အလုပ်ရှုပ်ပေမယ့် သူ့စွမ်းအားက တကယ် ကောင်းတယ်”
“မင်း ကစားဖို့ ယူသွားလိုက်၊ အနာဂတ်မှာ မင်း ဘယ်သူ့ကို အလစ်တိုက်ခိုက်တာပဲ ဖြစ်ဖြစ်၊ နေသူတော်စင်ဂိုဏ်းကို အပြစ်ပုံချလို့ရတယ်”
ဤသည်ကို ကြားသောအခါ လူတိုင်းပဲ ရယ်ရမည်လော၊ ငိုရမည်လော မသိတော့ပေ။
သို့သော်လည်း အားဟူက ပျော်ရွင်စွာ လက်ခံလိုက်သည်။ “မင်းသား၊ ဒီအကြံ ကောင်းတယ်”
“အနာဂတ်မှာ မင်းသား ကြည့်မရတဲ့ ဘယ်သူ့ကိုမဆို ကျွန်တော် ဒီပစ္စည်းအရသာ မြည်းစမ်းခိုင်းလိုက်မယ်”
ပုံမှန်အတိုင်းပင် သူတို့နှစ်ယောက် စနောက်နေကြသည်။
ရန်ကျောက်ကဲသည် ကျောက်ရှီချန်း ရှေ့သို့ ရောက်သွားသည်။
အသွင်အပြင်အရ ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားသည့်အလား ကျောက်ရှီချန်းတွင် မည်သည့် မူမမှန်မှုမျှ မရှိတော့ပေ။
အစောပိုင်းက ကျောက်ရှီချန်း၏ဒဏ်ရာများ သက်သာစေရန် ရန်ကျောက်ကဲ ကူညီပေးခဲ့စဉ်က ရန်ကျောက်ကဲသည် ကောင်းကင်ဖျက်စီးခြင်းလင်္ကာတစ်စိတ်တစ်ပိုင်းကို သူ့အား သင်ပေးခဲ့သည်။
ယခုအခါ မဟာအစီအရင်မှ စွမ်းအားကို အပြည့်အဝ ဆွဲယူအသုံးပြုနိုင်ခြင်းကြောင့် ကျောက်ရှီချန်း၏ ပြန်လည်သက်သာသည့် နှုန်းက အလွန်လျင်မြန်လေ၏။ အပြည့်အဝ မပျောက်ကင်းသေးသော်လည်း သူ့အစောပိုင်းက ဒဏ်ရာများက သူ့ကို အနှောင့်အယှက်ပေးနိုင်ခြင်း မရှိတော့ပေ။
ကျောက်ရှီချန်းသည် ရန်ကျောက်ကဲအား ကြည့်၍ ဖြည်းညှင်းစွာ ခေါင်းငြိမ့်လိုက်သည်။ “ကျောက်ကဲ၊ ဒီတစ်ခါ မင်း ကျေးဇူးကြောင့်ပဲ၊ မင်းကြောင့်သာ မဟုတ်ရင် ကျင်းယန်မြို့ရဲ့မဟာအစီအရင်အပေါ် ထိန်းချုပ်မှုကို ငါ ပြန်ယူနိုင်မှာ မဟုတ်ဘူး”
သူ့စကားများကို ကြားသောအခါ လူတိုင်းသည် ဆတ်ခနဲ ကြည့်လိုက်ကြပြီး ရန်ကျောက်ကဲကို ကြည့်သော သူတို့ အကြည့်များတွင် ချီးကျူးမှု၊ သဘောကျမှုများနှင့် ပြည့်နှက်နေ၏။
ရန်ကျောက်ကဲ၏ နည်းလမ်းများကြောင့်ပင် သေရာမှ ပြန်ရှင်လာသည့်အလား အခြေအနေကို လုံးဝ ပြောင်းပြန်လှန်နိုင်ခဲ့သည်။
သူ၏ကိုယ်ပိုင်ခွန်အားနှင့် အခြားသူများ၏အထက်တွင် ရှိသော ပါရမီကို ထည့်မတွက်ထားလျှင်တောင်မှ ရန်ကျောက်ကဲသည် သူ၏မဆုတ်မနစ် အားထုတ်မှုများဖြင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။ တကယ်တော့ သူတို့သည် သူ့ကို လျင်မြန်စွာ ကျော်ကြားလာသော လူငယ်မျိုးဆက်တစ်ယောက်အဖြစ် မရှု့မြင်သင့်တော့ပေ။
ဤသို့သော နည်းလမ်းများ၊ ဤသို့သော လုပ်ဆောင်ချက်များကြောင့် အဘယ်သို့ သူတို့က ရန်ကျောက်ကဲကို သာမာန် အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့် လူငယ်တစ်ယောက်ဟု သတ်မှတ်၍ ရမည်နည်း။
ရန်ကျောက်ကဲသည် ကျောက်ရှီချန်းအား ဦးညွှတ်လိုက်သည်။ “ဦးရီးတော် မြှောက်ပင့်လွန်းနေပါပြီ၊ တကယ်တော့ ဦးရီးတော်က အဓိကထောက်တိုင်အနေနဲ့ ပါဝင်ခဲ့လို့ပါ”
“ဒီပြောင်းပြန်အစီအရင်ဆိုတာကို ကျွန်တော်က အမှတ်မထင် တွေ့ခဲ့တာ၊ အခုတော့ အသုံးဝင်လာတာပေါ့၊ ဒါပေမယ့် အနာဂတ်မှာတော့ အမြဲတမ်း အသုံးဝင်နိုင်မှာ မဟုတ်တော့ဘူး”
ကျောက်ရှီချန်းက “မင်းက အဓိကထောက်တိုင်တွေ အကြောင်း ပြောချင်ရင် မင်းတို့ဘက်က အကြီးအကဲချင်၊ အကြီးအကဲခုံနဲ့ တခြားလူတွေကို ကြည့်သင့်တယ်”
“သူတို့နဲ့ အရှေ့တက်နေဝန်းဘုရင်တို့ကြား တိုက်ပွဲက အချိန်တိုအတွင်း အဖြေထွက်လာရင် အခြေအနေက အကြီးအကျယ် ပြောင်းလဲသွားနိုင်တယ်”
လေးနက်စွာ စဉ်းစားရင်း ရန်ကျောက်ကဲသည် သူ့ကြယ်တာရာချီဖြင့် အသံပေးပို့လိုက်သည်။ “ဦးရီးတော်၊ တစ်ခုခု မှားယွင်းနေတယ်လို့ ကျွန်တော် ခံစားမိတယ်၊ ကျွန်တော်တို့ လေဝိဉာဉ်တောင်ကြားကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သင့်တယ်”
ကျောက်ရှီချန်း၏အကြည့်က အနည်းငယ် လှုပ်ခတ်သွားသည်။
ရန်ကျောက်ကဲက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ရှောင်ရှန်း မသေခင် ပြောတဲ့ပုံစံက မရှိတာကို လျှောက်ပြောနေတဲ့ပုံစံမဟုတ်ဘူး၊ ဒေါသကြောင့် ကျိန်ဆဲတာလည်း မဟုတ်ဘူး၊ တစ်ခုခုကို အသေအချာ သိထားတဲ့ပုံစံနဲ့ ကျွန်တော်က သူ့နောက်ကို သေချာပေါက် လိုက်ရလိမ့်မယ်လို့ အခိုင်အမာ ပြောနေသလိုပဲ”
“အဲ့တာကြောင့် ကျွန်တော့ စိတ်ထဲ အရမ်း စိုးရိမ်နေတာ၊ ဦးရီးတော်က မဟာအစီအရင်အပေါ် ထိန်းချုပ်မှုကို ပြန်လည်ရရှိပြီးတဲ့နောက် တည်ငြိမ်အောင် ထိန်းသိမ်းဖို့ အချိန်တချို့ လိုမယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဒီနေရာက အရင်ထွက်မှ ကောင်းမယ် ထင်တယ်”
အားဟူသည် ယခုမှ အသက်ရှုနှုန်း ပြန်လည်မှန်ကန်လာခြင်းဖြစ်ပြီး သူ့ဒဏ်ရာများ မည်မျှ ပြင်းထန်သည်ကိုတော့ မသိရသေးပေ။ သို့သော်လည်း ရန်ကျောက်ကဲက သူ့အား ကြည့်ရန် အချိန်မရှိပေ။ သူတို့ ထွက်သွားပြီးမှသာ သူ့ကို ကြည့်နိုင်တော့မည်။
ကျောက်ရှီချန်းသည် ရန်ကျောက်ကဲအား တစ်ချက်ကြည့်၍ မည်သည့်မေးခွန်းမှ ထပ်မမေးတော့ဘဲ တခါတည်း သဘောတူလိုက်သည်။ “ကောင်းပြီ၊ သွားကြတာပေါ့”
အရှေ့တန်ကျင့်ကြံသူများသည် ကျောက်ရှီချန်း၏အခြေအနေကို စိုးရိမ်မိသော်လည်း ကျင်းယန်မြို့သို့ သူ အလျင်အမြန် ပြန်ရောက်ပြီး ကျင်မင်းသားကျောက်ရှီလီနှင့် အပေါင်းအပါများကို ရှင်းလင်းနိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်ထားကြသည်။
အခြားတစ်ဖက်တွင် ကျင်းယန်မြို့ကို ရောက်မှ ကျောက်ရှီလီသည် မဟာအစီအရင်၏စွမ်းအားကို အဆုံးစွန်ဆုံးအဆင့်အထိ ထုတ်ဖော်ပြသနိုင်မည်ဖြစ်သည်။
ထို့ပြင် အဆုံးမဲ့တောင်တန်း၏လှုပ်ရှားမှုများကိုလည်း အတိအကျ မသိရသေးပေ။
ဖြစ်နိုင်ချေအရှိဆုံးက အကြီးအကဲဟီထက် စွမ်းအားကြီးသော သိုင်းဆရာသခင်အဆင့် ထိပ်တန်းကျင့်ကြံသူတစ်ယောက် အရှေ့တန်ထဲတွင် ရောက်နေလောက်သည်။
ကျန်ကိစ္စများအတွက် အချိန်မဖြုန်းတော့ဘဲ သူတို့ ချက်ချင်း ထွက်ခွာကြသည်။
သူတို့ လမ်းလျှောက်နေရင်း ရန်ကျောက်ကဲသည် ရှု့ချွမ်ကို ကြည့်၍ အသံပေးပို့လိုက်သည်။ “အကြီးအကဲရှု့၊ တောင်ကြားထဲက တိမ်သွေးကြောသလင်းကျောက်ရဲ့ လျှို့ဝှက်ချက်ကို သိတဲ့လူတွေကော….”
ရှု့ချွမ် ပြုံးလိုက်သည်။ “သခင်လေး စိတ်မပူပါနဲ့၊ သခင်လေးတို့ မရောက်ခင်ကတည်းက ကျွန်တော် သူတို့ကို လူစုခွဲပြီး ဘေးကင်းတဲ့နေရာကို ပို့ပြီးပါပြီ”
လျှို့ဝှက်ချက် မပေါက်ကြားသရွေ့ ရန်သူက လေဝိဉာဉ်တောင်ကြားအပေါ် ဒေါသပုံချပြီး လေဝိဉာဉ်တောင်ကြားရှိ အမျိုးမျိုးသော အဆောက်အအုံများနှင့် မြေအောက်မှ မိုင်းတွင်းကို ဖျက်စီးခဲ့လျှင်တောင်မှ အနာဂတ်တွင် ပြန်လည်တည်ဆောက်ပြီး ပြန်လည် တူးဖော်နိုင်သေးသည်။
ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်၏။ ရှု့ချွမ်ကား အလွန် သတိကောင်းသော ပုဂ္ဂိုလ်ဖြစ်သလို ဆုံးဖြတ်ချက် ချမှတ်ရာ၌ ကောင်းမွန်လှသည်။ သူ့ကို ယခင်က ကူညီခဲ့ခြင်းမှာ တကယ်ကို မှန်ကန်သော ဆုံးဖြတ်ချက်ပင်။
ရှု့ချွမ်၏ကျင့်ကြံမှုက သည့်ထက် မြင့်သော အဆင့်ကို ရောက်လာပါက ရန်ကျောက်ကဲ၏အဖေသည် ရှု့ချွမ်ကို အင်အားတချို့ စိုက်ထုတ်၍ ပြုစုပျိုးထောင်ပေးမည်ဖြစ်သလို ပိုမိုမြင့်မားသော အမြင့်သို့ ရောက်အောင် ကူညီပေးမည်ဖြစ်သည်။
ရန်ကျောက်ကဲက ညွှန်ကြားလိုက်သည်။ “ကျွန်တော်တို့ ပြန်ဆုတ်သွားပေမယ့် လေဝိဉာဉ်တောင်ကြားက လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေသင့်တယ်”
ရှု့ချွမ်က ဤသည်ကို အနည်းငယ် ထူးဆန်းသည်ဟု တွေးမိသော်လည်း ထိုညွှန်ကြားချက်ကို လက်ဆင့်ကမ်းလိုက်သည်။
ရန်ကျောက်ကဲ၏စကားကို ကြားပြီးနောက် ကျောက်ရှီချန်းကလည်း အသံပေးပို့၍ မေးလိုက်သည်။ “မင်းက နေသူတော်စင်ဂိုဏ်းရဲ့ ပိုမို အားကောင်းတဲ့ ထိပ်တန်းကျင့်ကြံသူတွေ အနီးအနာမှာ ရှိနေမှာကို စိုးရိမ်နေတာလား၊ ဒါပေမယ့် ဒီလိုလူတွေသာ ရှိရင် ဘာလို့ သူတို့က စောနက မလှုပ်ရှားတာလဲ”
ရန်ကျောက်ကဲသည် မျက်လုံးများကို မှေးလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ “တကယ်လို့ လာမယ့် အချိန်အနည်းငယ်မှာ ကျွန်တော်တို့တွေ ထိပ်တန်းကျင့်ကြံသူတချို့ တိုက်ခိုက်တာသာ ခံရရင် အဲ့တာက မသေခင် ရှောင်ရှန်းရဲ့ ထူးဆန်းတဲ့ အပြုအမူနဲ့ ကိုက်ညီနေတယ်”
“အဲ့လိုသာဆို သူတို့ ဘယ်လိုတွေးထားတယ်ဆိုတာ ကျွန်တော် ခန့်မှန်းမိလောက်တယ်”
ရန်ကျောက်ကဲက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ “စောစောတုန်းက သူတို့ပါ ရောက်လာရင် ကျွန်တော်တို့တွေ ချောင်ပိတ်မိပြီး သူသေကိုယ်သေ တိုက်ခိုက်မှာ စိုးလို့ သူတို့တွေ မလှုပ်ရှားသေးတာပဲ၊ ဒါပေမယ့် ရှောင်ရှန်းနဲ့အခြားသူတွေလက်ထဲက လွတ်ထွက်လာတဲ့ သူတွေကို သတ်ဖို့ အနီးအနားမှာ ပုန်းအောင်းပြီး စောင့်နေတယ်၊ ကျွန်တော် ရှောင်ရှန်းကို သတ်လိုက်တာက သူတို့ မျက်လုံးထဲမှာတော့ မတော်တဆ ဖြစ်ရပ်တစ်ခုပဲ”
“အစတုန်းကတော့ အဲ့တာက လိုရမယ်ရ ကိစ္စတွေအတွက် အရံအစီအစဉ်သက်သက်ပဲ၊ ဒါပေမယ့် ပြောင်းပြန်အစီအရင်ကြောင့် ကျွန်တော်တို့တွေ အခြေအနေကို ပြောင်းပြန်လှန်နိုင်ပြီး မတိုးသာမဆုတ်သာ အခြေအနေကိုတောင် မရောက်တော့ဘဲ သူတို့ရဲ့ ပထမအသုတ်ကို သတ်ဖြတ်နိုင်ခဲ့တယ်၊ အဲ့မှာ သူတို့ ချက်ချင်း ပြန်ဆုတ်သွားတာပဲ”
“ရှောင်ရှန်းနဲ့ ကျွန်တော့်ကြား ရန်ငြိုးတစ်ခုတည်းကြောင့်ပဲ သူတို့က ကျွန်တော့်ကို သေစေချင်နေတာမဟုတ်ဘူး”
“အဲ့တာက သူတို့ရဲ့ တကယ့် ရည်မှန်းချက်အတွက်ပါ အကျိုးရှိလိမ့်မယ်”
ကျောက်ရှီချန်းသည် ရန်ကျောက်ကဲအား ကြည့်လိုက်သည်။ “တကယ့် ရည်မှန်းချက်လား”
ရန်ကျောက်ကဲသည် အဝေးသို့ ငေးမျှော်ကြည့်လိုက်သည်။ “ကျွန်တော်တို့ သူတို့ရဲ့လောဘကို လျော့တွက်မိပြီ”
“ကျွန်တော့်ကို သတ်တာက အစပဲ၊ အရှေ့တန်ဆိုတာလည်း သူတို့လမ်းကြုံလို့ ဝင်ယူသွားမယ့် အရာတစ်ခုပဲ၊ သူတို့ တကယ်လိုချင်တာက ကျွန်တော်ထင်ထားတာထက် အများကြီး ပိုကြီးမားတယ်”
အစောပိုင်းက ပြောင်းပြန်အစီအရင်ဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် နေသူတော်စင်ဂိုဏ်းကျင့်ကြံသူများ ယာယီမျှ ပြန်ဆုတ်သွားရသည်။ ရန်ကျောက်ကဲနှင့် အခြားသူများ လေဝိဉာဉ်တောင်ကြားမှ ထွက်သွားသည်ကို မြင်သောအခါ သူတို့ အလျင်အမြန် လိုက်လံတိုက်ခိုက်ကြသည်။
သူတို့သည် ရန်ကျောက်ကဲတို့အုပ်စုကို သတ်ဖြတ်ရန် မဟုတ်ဘဲ ဒဏ်ရာရစေရန် လိုက်လံတိုက်ခိုက်နေခြင်းမဟုတ်ဘဲ ရန်ကျောက်ကဲတို့နောက် မျက်ခြေမပြတ်သွားစေရန် အနှောက်အယှက်ပေးနေခြင်းဖြစ်သည်။
နေသူတော်စင်ဂိုဏ်း၏ ထိပ်သီးကျင့်ကြံသူတစ်ဦး အနီးအနားတွင် ရှိနေပြီး ဤနေရာတွင် အလျင်အမြန် လာနေလောက်သည်ဟု ရန်ကျောက်ကဲသည် သူတို့ပုံစံကို ကြည့်၍ စိတ်ထဲတွင် ကောက်ချက်ချမိသည်။
သူတို့အား နေသူတော်စင်ဂိုဏ်းသားများ မျက်ခြေမပြတ်သရွေ့ တစ်ဖက်မှ ထိပ်သီးကျင့်ကြံသူ၏သာလွန်သော အမြန်နှုန်းကြောင့် သူတို့နောက်သို့ အချိန်တိုအတွင်း လိုက်မီလာမည်ဖြစ်သည်။
သို့သော် ဤနေရာက တကယ်တော့ အရှေ့တန်၏ပိုင်နက်၊ ကောင်းကင်ဒေသအတွင်းတွင် ဖြစ်သည်။
သူတို့၏ မြေမျက်နှာသွင်ပြင်ကျွမ်းကျင်မှုကို အသုံးချပြီး သူတို့နောက် လိုက်နေသူများကို လျင်မြန်စွာ မျက်ခြေဖြတ်နိုင်ခဲ့သည်။
ထို့နောက်မှာတော့ လျှို့ဝှက်လမ်းကြောင်းမှ တဆင့် သတင်းတချို့ ရောက်ရှိလာ၏။
ရန်ကျောက်ကဲနှင့်အခြားသူများ ထွက်သွားပြီး ခဏအကြာတွင် နေသူတော်စင်ဂိုဏ်း၏ အဆင့်မြင့်ကျင့်ကြံသူများ လေဝိဉာဉ်တောင်ကြားသို့ ရောက်လာခဲ့သည်။
သူတို့နောက်လိုက်နေသူများကို မျက်ခြေဖြတ်သော အချိန်ကိုပါ ထည့်တွက်လျှင် ရန်ကျောက်ကဲတို့အုပ်စုသည် သီသီကလေး ကပ်လွတ်သွားခဲ့သည်ဟု ဆိုရပေမည်။
ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ သူ့အကြည့်က ခိုင်မာ၊ ပြတ်သားနေ၏။ သူ ပြုံးလျက် ကျောက်ရှီချန်းအား ကြည့်လိုက်သည်။ “ဦးရီးတော်၊ ကျွန်တော်တို့ ဒီနေရာမှာ လူစုခွဲစို့”
“ရန်သူတွေရဲ့ ပစ်မှတ်က ကျွန်တော်ပဲ၊ ဒါပေမယ့် ဦးလေးလည်း ဂရုစိူက်ဖို့ လိုတယ်”
“ကျင်းယန်မြို့ကို ပြန်တာက ရန်သူတွေကို အသေပစ်မှတ်တစ်ခုပေးတာနဲ့ အတူတူပဲ”
ကျောက်ရှီချန်း၏အကြည့်က တောင့်တင်းသွားသည်။ “ငါလည်း ပစ်မှတ်ထားခံနေရပါပြီ၊ အရှေ့တန်ကြောင့်မဟုတ်ရင်တောင်…”
ရန်ကျောက်ကဲက ခေါင်းငြိမ့်လိုက်သည်။ “ဦးရီးတော်သိတာ ကောင်းတယ်၊ ဒါပေမယ့် ဒီကိစ္စကို မပြန့်နှံ့စေနဲ့”
“နေသူတော်စင်ဂိုဏ်းက ကြီးကြီးမားမား ကစားချင်မှတော့ သူတို့နဲ့ ကစားပေးလိုက်တာပေါ့” ရန်ကျောက်ကဲ ပြံးလိုက်၏။ “ရှေးရိုးစကားလိုပဲ၊ အစီအစဉ်တွေက အပြောင်းအလဲတွေကို လိုက်မမီဘူး”
ဤသည်ကို ကြားသောအခါ ကျောက်ရှီချန်း၏အကြည့်က အနည်းငယ် တုန်ခါသွားသည်။ သူသည် ရန်ကျောက်ကဲအား တိတ်ဆိတ်စွာ ကြည့်လျက်ရှိသည်။
ရန်ကျောက်ကဲသည် ကျောက်ရှီချန်းအား တည်ကြည်စွာ ကြည့်လိုက်ရာ ကျောက်ရှီချန်း အနည်းငယ် ခေါင်းငြိမ့်ပြလိုက်သည်။ “ကောင်းပြီ၊ ဘာပဲလုပ်လုပ် သတိကြီးကြီးထားဖို့ မမေ့ပါနဲ့၊ မင်းရဲ့ ဘေးကင်းလုံခြုံမှုကို သတိရပါ”
“ဦးလေးရဲ့သင်ကြားမှုတွေကို စွဲစွဲမြဲမြဲ ကျောက်ကဲ မှတ်ထားပါမယ်” ရန်ကျောက်ကဲ ဖြေကြားလိုက်သည်။ “ကိုယ့်ရဲ့လှုပ်ရှားမှုကို ဖုံးကွယ်ပြီး ရန်သူ အာရုံစိုက်တာမခံရဖို့ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်”
ကျောက်ရှီချန်း ထွက်သွားသည်ကို ကြည့်ရင်း ရန်ကျောက်ကဲသည် အားဟူအား အသံပေးပို့၍ ညွှန်ကြားချက်အနည်းငယ် ပေးလိုက်သည်။
သူ့သခင်က အရှေ့လို့ ပြောလျှင် အနောက်ကို မသွားတတ်သော သို့မဟုတ် သူ့သခင်က ခွေးဖမ်းခိုင်းလျှင် ကြက်မဖမ်းလာတတ်သော အားဟူသည် သည်တစ်ခါ အနည်းငယ် တွေဝေသွားသည်။
လျှာကို ကိုက်မိသည့်အလား သူ့အသံက ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေ၏။ “မင်း… မင်း… မင်းသား….၊ ဒါက… တော်တော်လေး…”