အခန်း (၈၁) ရှောင်ရှန်း ဘယ်ကို သွားမလို့လဲ
ရန်ကျောက်ကဲသည် သူ့ထံသို့ တစ်လှမ်းချင်း ချည်းကပ်လာသော ရှန်ထျန်းအဆင့် ကျင့်ကြံသူအား ကြည့်နေ၏။
ထိုစဉ် အဝေးမှ ကျယ်လောင်သော အသံတစ်ခုက ရုတ်ချည်း နီးကပ်လာသည်။
အားဟူ ပတ်လည်တွင် ကြယ်တာရာချီ တဟုန်ထိုး ထွက်ပေါ်လာပြီး အနက်ရောင်လေမုန်တိုင်းသဏ္ဌာန် ပြောင်းလဲသွားကာ ရန်ကျောက်ကဲ ရှေ့မှ ပိတ်ဆို့လိုက်သည်။
“မင်းသား၊ ကျွန်တော် ပြန်ရောက်ပါပြီ” ထိုသို့ပြောပြီးသည်နှင့် အားဟူသည် သူ့ပုခုံးပေါ်မှ အတော်ကြီးမားသော အထုပ်ကြီးကို ရန်ကျောက်ကဲထံသို့ ပစ်ပေးလိုက်သည်။
ထို့နောက် အားဟူသည် ခြေတစ်လှမ်းတည်းဖြင့် နေသူတော်စင်ဂိုဏ်း၏ ရှန်ထျန်းအဆင့်သိုင်းပညာရှင်ရှေ့သို့ ရောက်သွား၏။
စကားတစ်ခွန်းတောင် မပြောဘဲ အားဟူသည် လက်ကို ဆန့်ထုတ်၍ ခပ်စောင်းစောင်းပုံစံ ကုပ်လိုက်ရာ ဧရာမ အနက်ရောင်မုန်တိုင်းကြီးသည် ရှေ့သို့ ရွေ့လျားသွားသည်။
နေသူတော်စင်ဂိုဏ်းကျင့်ကြံသူကလည်း ကျယ်လောက်စွာ အော်ဟစ်မာန်သွင်းလိုက်ပြိး ရှန်ထျန်းအလယ်အလတ်အဆင့်များနှင့် အထက်သာ ပိုင်ဆိုင်သည့် ချီကို အသက်သွင်းသော စွမ်းရည်ကို ထုတ်ဖော်အသုံးပြုလိုက်ရာ ဧရာမ နေလုံးကြီး ပေါ်ပေါက်လာသည်။
ချက်ချင်းပင် အနက်ရောင်လေမုန်တိုင်းနှင့် ရွှေရောင်နေလုံးကြီးတို့ ထိပ်တိုက်ရင်ဆိုင်တွေ့သွားသည်။
ခက်ထန်သော ရယ်သံတစ်ခုနှင့်အတူ အားဟူ၏ကြီးမားသော ကိုယ်ထည်က တစ္ဆေတစ်ကောင်၏အရိပ်သဖွယ် ပြောင်းလဲသွားကာ ခန့်မှန်း၍မရလောက်အောင် ယိမ်းယိုင်လှုပ်ရှားလျက်ရှိသည်။
ကြောက်မက်ဖွယ်ရာ အနက်ရောင်ကျားသည် အနက်ရောင် လေမုန်တိုင်းအပြင်သို့ ထွက်လာကာ မြင်သမျှ အရာတိုင်းကို ဝါးမျိုရန် အသင့်ဖြစ်နေ၏။
အားဟူသည် ရုတ်တရက် ဝပ်လိုက်ပြီးနောက် ခုန်အုပ်လိုက်ကာ သူ့လက်သည်းများမှာ ဧရာမ နေလုံးကို ဆုတ်ဖြဲလိုက်ပြီး တစ်ဖက်ရန်သူ၏ လည်ချောင်းဆီသို့ ဦးတည်လျက်ရှိသည်။
ကျားတစ္ဆေလက်သည်း သွားရာ လမ်းတစ်လျှောက်တွင် လေပင် စက္ကူတစ်ရွက်ကဲ့သို့ စုတ်ပြဲသွားသည်ဟု ထင်ရသည်။
အနက်ရောင်လေမုန်တိုင်းသည် ကြောက်မက်ဖွယ်ရာကောင်းသော ကျားဦးခေါင်းသဏ္ဌာန် အသွင်ပြောင်းသွားပြီး ရန်သူကို တိုက်ရိုက်ဝါးမျိုရန် ဟန်ပြင်နေသည့်အလား ၎င်း၏မေးရိုးများကို ခပ်ကျယ်ကျယ် ဟထားလေသည်။
မီးလျှံဓားကို ထိန်းချုပ်လျက်ရှိသော အကြီးအကဲလျန်၏မျက်နှာက လေးနက်သွားသည်။ သူသည် မဟာနေမင်းဘီးအား ဖိနှိပ်နေသော မီးလျှံဓားကို ပြန်ခေါ်လိုက်ကာ အားဟူအား ခုတ်ချလိုက်သည်။
အားဟူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တောက်ပလာပြီး အနက်ရောင်ချပ်ဝတ်အလင်းက သဏ္ဌာန်ဖွဲ့လာကာ မီးလျှံဓားကို ခုခံလိုက်သည်။
ဟိန်းဟောက်မာန်သွင်းသံတစ်ခုနှင့်အတူ အားဟူသည် သူ့လက်သည်းကို ရှေ့သို့ ဆတ်ခနဲ ဆန့်ထုတ်ပြီး သူ့ပထမပြိုင်ဘက်၏လည်မျိုကို ထိုးစိုက်လိုက်ရာ သူ့ပထမပြိုင်ဘက်မှာ တက်နေဝန်း၏ခုန်ပျံခြင်းသိုင်းဖြင့် နောက်သို့ ခုန်ဆုတ်လိုက်ရသည်။ သူ့တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များ ကျလာတော့သည်။
မီးလျှံဓားနှင့် အားဟူ၏ မဟူရာအိပ်မက်ဆိုးချပ်ဝတ်တို့ ထိပ်တိုက်ရင်ဆိုင်တွေ့သော်လည်း မည်သည့်ဘက်ကမှ အသာမရပေ။ နေသူတော်စင်ဂိုဏ်း၏ရှန်ထျန်အဆင့်ကျင့်ကြံသူနှစ်ယောက် တပြိုက်နက်ထဲ အော်လိုက်ရာ ကြယ်တာရာချီလှိုင်းများ ပျံ့နှံ့သွားပြီး ပုံရိပ်ယောင်ကောင်းကင်နှင့် မြေကြီးက အရပ်မျက်နှာတိုင်းကို လွှမ်းခြုံသွားသည်။
ကောင်းကင်တွင် နေနှစ်စင်းယှဉ်တွဲ မရပ်တည်နိုင်ဟု ဆိုကြသော်လည်း ထိုအခိုက်တွင် အားဟူ၏ ရှေ့၌ နေနှစ်စင်း ရှိနေလေ၏။
နေတစ်စင်းက မွန်းတည့်နေကဲ့သို့ အားဟူ၏ခေါင်းတည့်တည့်တွင် ရပ်တည်နေ၏။ အခြားတစ်စင်းမှာမူ အာရုံဦးကို ဖြိုခွင်းမှုနှင့်အတူ အာရုံဦး၏ပထမဆုံး အလင်းလေးအဖြစ် ထွက်ပေါ်လာသည်။
အားဟူသည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိချေ။ သူ့တစ်ကိုယ်လုံးတွင် ကြယ်တာရာချီ တဟုန်ထိုး ထွက်ပေါ်လာကာ ကျားတစ်ကောင် ခုန်အုပ်သကဲ့သို့ အရှေ့သို့ ခုန်ဝင်လိုက်သည်။
တိမ်များသည် နဂါး၏အလိုကို လိုက်နာ၏။ လေများသည် ကျား၏အလိုကို လိုက်နာ၏။
အားဟူ၏ ကျယ်လောင်စွာ ဟိန်းဟောက်သံနှင့်အတူ အနက်ရောင်လေမုန်တိုင်းက သူ့လမ်းတစ်လျှောက်ရှိ အရာအားလုံးကို သိမ်းကျုံးရှင်းလင်းသွားရာ သဲနှင့်ကျောက်ခဲအပိုင်းအစတွေ လွင့်စင်ကုန်ပြီး တကယ်ကို ခြောက်ခြားဖွယ်ရာ ကောင်းပေသည်။
ရန်ကျောက်ကဲသည် အားဟူ ပစ်ပေးလိုက်သော အထုတ်ကြီးထဲမှ ပစ္စည်းများကို ထုတ်ယူလိုက်သည်။
ရန်ကျောက်ကဲသည် ကြယ်တာရာချီကို ထိန်းချုပ်ပြီး လက်ရမ်းလိုက်ရာ အမျိုးမျိုးသော အရာဝတ္ထုများက ပြောင်းပြန်အစီအရင်အတွင်းသို့ ပျံသန်းကျရောက်သွားသည်။
ရန်ကျောက်ကဲသည် သူ့လက်ချောင်းများဖြင့် လက်ဟန် သင်္ကေတများ ပြုလုပ်လိုက်ရာ ပြောင်းပြန်အစီအရင်အတွင်းမှ စွမ်းအင်မျဉ်းကြောင်းများက ပို၍ ပို၍ မျက်စိကျိန်းလောက်အောင် တောက်ပလာကာ အစီအရင်တစ်ခုလုံး နောက်ဆုံးတွင် ပြည့်စုံသွားခဲ့လေပြီ။
နေသူတော်စင်ဂိုဏ်းသားများသည်လည်း ပြောင်းပြန်အစီအရင် ပြီးစီးသွားပြီဖြစ်ကြောင်း နားလည်သော်လည်း သူတို့ထဲက မည်သူကမှ ပြောင်းပြန်အစီအရင်က ဤကဲ့သို့ လျင်လျင်မြန်မြန် ပြီးစီးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သိုင်းဆရာသခင်သည် ပြောင်းပြန်အစီအရင်ကို အရင် ဖျက်စီးပြီး ကျောက်ရှီလီ၏ခံစစ်ကို ချိုးဖြတ်ရန် တစ်လျှောက်လုံး ကြိုးစားနေခဲ့သည်။ သို့သော်လည်း ကျောက်ရှီချန်း၏တားဆီးမှုကြောင့် သူ ဘယ်တုန်းကမှ အောင်မြင်နိုင်မည့် အခွင့်အရေး မရခဲ့ပေ။
ထိုအခိုက်တွင် ပြောင်းပြန်အစီအရင် လုံးဝ ပြီးစီးသွားသည်ကို မြင်သောအခါ သူ့စိတ်ထဲတွင် မကောင်းသော ခံစားမှုတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။
“ကျွတ်”
ရန်ကျောက်ကဲသည် ခပ်တိုးတိုး အသံပြုလိုက်ပြီး သူ့လက်ကို ရမ်းကာ ကျောက်စိမ်းနဂါးဓားကို လေထဲသို့ ပစ်လိုက်သည်။
ထို့နောက် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူ့ရှေ့မှ လေကို ဖိချလိုက်သည်။
လေဝိဉာဉ်တောင်ကြားထဲမှ ပြောင်းပြန်အစီအရင်သည် အပြည့်အဝ ပုံသဏ္ဌာန်ပေါ်လာပြီး ဘန်းခနဲ မြည်သံနှင့်အတူ ကျောက်ရှီချန်း၏ အစီအရင်ငယ်နှင့် ပေါင်းစပ်သွားသည်။
မဟာအစီအရင်၏ စွမ်းအင်မျဉ်းကြောင်းများမှာ ရုတ်တရက် ထူးဆန်းသော အနီရောင်အလင်းများ တောက်ပလာသည်။
ထိုသို့ အနီရောင်အလင်းများ တောက်ပသွားသောအခါ အဝေးရှိ ကျင်းယန့်မြို့၏ တော်ဝင်နန်းတော်၌ မဟာအစီအရင်၏ စွမ်းအားကို ဆွဲယူနေသော ကျောက်ရှီလီ၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ပါးစပ်အပြည့်စာမျှ သွေးတလုပ် အံထုတ်လိုက်ရသည်။
ရန်ကျောက်ကဲက ကမန်းကတန်း ပြောလိုက်သည်။ “ဦးရီးတော်၊ စတော့”
မည်သည့်စကားမှ မပြောတော့ဘဲ ကျောက်ရှီလီသည် လက်သီးဆုပ်၍ အစီအရင်၏အလယ်တွင် မတ်တပ်ရပ်လိုက်သည်။
ရန်ကျောက်ကဲသည် ကျောက်ရှီချန်းကို ကြည့်နေစဉ်မှာပင် ကျောက်ရှီချန်း၏ခေါင်းပေါ်၌ အရိပ်တစ်ခု ပျံဝဲနေသည်ကို တွေ့ရသည်။ မှုန်ဝါးဝါး ဝိဉာဉ်သစ်ပင်က လေနှင့်အတူ ယိမ်းနေကာ ကောင်းကင်ကိုပင် ထိတော့မည်ဟု ထင်ရသည်။
ကျောက်ရှီချန်းသည် တော်ဝင်ရွှေနဂါးကြေးခွံချပ်ဝတ်၏ စွမ်းအားကို အပြည့်အဝ ဆွဲယူအသုံးပြုလိုက်သည်။ မဟာအစီအရင်၏ စွမ်းအား ရုတ်ချည်း မြင့်တက်လာသည်နှင့်အတူ ကျောက်ရှီချန်းသည် သူ့လက်သီးကို ဆန့်ထုတ်၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
မူလက အသာစီးရနေသော နေသူတော်စင်ဂိုဏ်း၏သိုင်းဆရာသခင်မှာ ထိတ်လန့်သွားကာ ချက်ချင်း နောက်သို့ ခုန်ဆုတ်လိုက်သည်။
“ရန်ကျောက်ကဲ!” ရှောင်ရန်းနှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။ သူတို့ဘက်က အသာစီးရပြီးခါမှ ရန်ကျောက်ကဲဘက်မှ အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ခဲ့ပေ။
“ပြောင်းပြန်အစီအရင်နဲ့ မဟာအစီအရင်ငယ် ပေါင်းရင်တောင် ဒီလောက်တော့ စွမ်းအားမကြီးသင့်ဘူးမလား၊ ချက်ချင်း အကျိုးရလဒ်ထွက်လာတယ်”
ကျောက်ရှီချန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသည့်အချိန်မှာ ကျောက်ရှီလီက ကျင်းယန်မြို့နန်းတော်၌ နေရာယူထားခဲ့သည်။
အဆုံးမှာတော့ ကျင်းယန်မြို့၏မဟာအစီအရင်ကို ထိန်းချုပ်ရန် ကြိုးပမ်းသည့် တိုက်ပွဲ၌ ကျောက်ရှီချန်းသည် အခြေအနေကို ပြောင်းပြန်လှန်ပြီး အနိုင်ရခဲ့သည်။
ရွှေရောင်ဓားအလင်း လင်းလက်သွားသည်။
နေသူတော်စင်ဂိုဏ်း၏ရှန်ထျန်းအဆင့်သိုင်းပညာရှင်တစ်ယောက်သည် သူ့ပြိုင်ဘက်ကို အနိုင်ယူပြီးနောက် ရန်ကျောက်ကဲအား အနောက်ပိုင်းကောင်းကင်မီးတောက်ဓားသိုင်းဖြင့် ခုတ်ချလိုက်သည်။
သို့သော်လည်း ရန်ကျောက်ကဲ၏အနားကို အကပ်မခံဘဲ အားဟူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ သူ့ညာဘက်လက်ကို ရုတ်၍ လက်သီးဆုပ်လိုက်သည်။
၎င်းမှာ ရန်ကျောက်ကဲက အားဟူကို သီးသန့် သင်ကြားပေးထားသော သိုင်းပညာရပ်ဖြစ်သည်။
ဝိဉာဉ်ခြောက်သွယ်မိစ္ဆာလက်သီးသိုင်းများထဲမှ ကျားဟိန်းသံမိစ္ဆာလက်သီးပေတည်း။
အားဟူသည် လက်သီးများ၊ လက်သည်းများနှင့် ဒေါသတကြီး တိုက်ခိုက်နေပြီး သူတစ်ယောက်တည်းဖြင့် ရှန်တျန်းအဆင့်သိုင်းပညာရှင်သုံးယောက်ကို ထိန်းထားနိုင်ခဲ့သည်။
ကျားဟိန်းသံက လေဝိဉာဉ်တောင်ကြားတစ်ခုလုံး ပဲ့တင်သွားသည်။ ဤသည်ကို မြင်သောအခါ ရှု့ချွမ်နှင့်အခြားသူများ စိတ်ထဲတွင် တိတ်တဆိတ် ထိတ်လန့်မိကြသည်။
အခြေအနေကို မြင်သောအခါ ရှောင်ရှန်း၏မျက်နှာက သုန်မှုန်၍ ကြောက်မက်ဖွယ်ရာကောင်းလာသည်။ မဟာနေမင်းဘီးကို သူ ဆက်လက် မသိမ်းသွင်းနိုင်တော့ပေ။
“ခွေးလိမ္မာဆိုတာ လမ်းပိတ် မရပ်ကဘူး” ကျောက်ရှန်းသည် ရန်ကျောက်ကဲနှင့်အားဟူအား မုန်းတီးစွာ ကြည့်လိုက်သည်။ “မင်းက မင်းသခင်ကို သစ္စာရှိရှိ ကာကွယ်နေမှတော့ သခင်နဲ့အတူ လက်ပါးစေခွေးကိုပါ ကိစ္စတုံးပေးလိုက်မယ်”
ရှောင်ရှန်း၏သုန်မှုန်နေသောလေသံကို ကြားသောအခါ ရန်ကျောက်ကဲသည် သူ့အား ကြည့်လိုက်သည်။
ရှောင်ရှန်းက ထုလုံးရှည်သဏ္ဌာန်အရာဝတ္ထုတစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်သည်ကို ရန်ကျောက်ကဲ တွေ့လိုက်ရသည်။
ရှောင်ရှန်းသည် အစွန်းတစ်ဖက်ကို သူ့လက်ထဲတွင် ကိုင်ထားကာ ကျန်အစွန်းတစ်ဖက်ဖြင့် အားဟူအား ချိန်ရွယ်ထားသည်။
ရန်ကျောက်ကဲ အော်ပြောလိုက်သည်။ “အားဟူ အမြန်ရှောင်၊ အဲ့တာ နေမိုးပဲ”
သူ့စကားကို ကြားသော် အားဟူ အနည်းငယ် တုံ့ဆိုင်းသွားသည်။
သို့သော်လည်း သူ့ကိုယ်ထည်ကြီးက တုတ်တုတ်ပင် မလှုပ်ချေ။
ရန်ကျောက်ကဲ မျက်မှောင်ကုပ်လိုက်သည်။ အားဟူ ရှောင်တိမ်းလိုက်ပါက ရှောင်ရှန်း၏ နေမိုးက ရန်ကျောက်ကဲထံသို့ တည့်တည့်မတ်မတ် ကျရောက်လာနိုင်သည်။
ထို့ကြောင့် အားဟူက သူရပ်နေသော နေရာ၌ပင် ဆက်ရပ်နေခြင်းဖြစ်သည်။
နောက်အခိုက်အတန့်တွင် ရှောင်ရှန်း၏လက်ထဲရှိ ဒုလုံးရှည်မှ မျက်စိကန်းနိုင်လောက်သည့် ထောင်ပေါင်းများစွာသော ရွှေရောင်အလင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။
ကမ္ဘာမြေကြီးကို အလင်းပေးနေသည့် နေရောင်ကဲ့သို့ မရေမတွက်နိုင်သော ရွှေရောင်အပ်များ ထွက်ပေါ်လာပုံမှာ မိုးများ သည်းသည်းထန်ထန်ရွာသွန်းနေပုံနှင့် ဆင်တူနေပြီး ထိုရွှေရောင်အပ်များမှာ သိပ်သည်းလွန်းသောကြောင့် အနည်းငယ်မျှသော လေ အစအနလေးပင် ဖြတ်သန်း၍ မတိုက်ခတ်နိုင်ပေ။
မရေမတွက်နိုင်သော ကောင်းကင်ရွှေအပ်များမှာ အလင်းတန်းများအဖြစ် အသွင်ပြောင်းသွားကာ အားဟူထံသို့ အလုံးအရင်းဖြင့် ဝင်လာကြသည်။
နေမိုးသည် နေသူတော်စင်ဂိုဏ်း၏ လျှို့ဝှက်ရတနာလက်နက်တစ်ခုဖြစ်ကာ သိုင်းပညာရှင်၏ ကြယ်တာရာချီကို ချိုးဖြတ်ရန် အထူးပြုလုပ်ထားခြင်းဖြစ်သည်။
သိုင်းဆရာသခင် အဆင့်အောက် နိမ့်သော မည်သူမဆို ထိုတိုက်ခိုက်မှုနှင့် ထိပ်တိုက်ရင်ဆိုင်ရပါက အလွယ်တကူ ထွက်နိုင်ရန် ခက်ခဲပေသည်။
နေသူတော်စင်ဂိုဏ်း၏ရှန်ထျန်းအဆင့် သိုင်းပညာရှင်သုံးယောက်တောင်မှ ဘေးသို့ အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။
အားဟူ၏အကြည့်က မီး‘တောက်နေ၏။ အားဟူသည် ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး သူ့ကြယ်တာရာချီကို ပုံရိပ်ယောင် ကောင်းကင်နှင့် မြေကြီးအဖြစ် အသွင်ပြောင်းလိုက်သည်။
ကျားတစ်ကောင်ဝပ်နေသလို ဝေလငါး ဝါးမျိုနေသလို အရှိန်အဟုန်ဖြင့် အနက်ရောင်လေမုန်တိုင်းက အရပ်မျက်နှာတိုင်းကို ဖုံးလွှမ်းသွားသည်။ သူ့ကိုယ်ပေါ်မှ မဟူရာအိပ်မက်ဆိုးချပ်ဝတ်သည်လည်း အရောင်တောက်လာကာ အားဟူသည် သူ့ခွန်အားအားလုံးကို ခုခံရန်အတွက် အသုံးပြုလိုက်သည်။
တဖောက်ဖောက် မြည်သံများ အဆက်မပြတ် ထွက်ပေါ်လာကာ အားဟူ၏မဟူရာအိပ်မက်ဆိုးချပ်ဝတ်မှာ ထောင်ပေါင်းများစွာသော အပေါက်ငယ်များဖြင့် စကာပေါက်ဖြစ်သွားသည်။
အခြားတစ်ဖက်တွင် ကျောက်ရှီချန်းသည် မိုးပေါ်သို့ မော့ကြည့်၍ ကျယ်လောင်စွာ ဟိန်းဟောက်ကာ သူ့လက်များကို ရှေ့သို့ တွန်းထုတ်လိုက်သည်။
ကျောက်ရှီချန်းသည် အစီအရင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။
ကျောက်ရှီချန်းကိုယ်တိုင်က အပြင်းအထန် ဒဏ်ရာရနေသော်လည်း မဟာအစီအရင်၏စွမ်းအား ထောက်ပံ့မှုနှင့်အတူ သူ့စွမ်းအားက မျက်စိတစ်မှိတ်အတွင်း သူမတူအောင် ကြီးမားလာသည်။
ကျောက်ရှီချန်းသည် အစီအရင်မှ တဆင့် ကျောက်ရှီလီအား တန်ပြန်တိုက်ခိုက်လိုက်သည်။ အဝေးမှ ကျင်းယန်မြို့နန်းတော်ထဲတွင် ခြောက်ခြားနေဆဲဖြစ်သော ကျောက်ရှီလီသည် ပါးစပ်မှ သွေးများ အန်ထွက်သည်အထိ ထိတ်လန့်သွားသည်။
ထို့နောက် ကျောက်ရှီချန်းသည် နေသူတော်စင်ဂိုဏ်း၏သိုင်းဆရာသခင်ထံသို့ သူ့လက်ဝါးကို ရိုက်ထုတ်လိုက်သည်။ နေသူတော်စင်ဂိုဏ်း၏သိုင်းဆရာသခင်သည်လည်း သွေးတလုပ်အန်ထုတ်ပြီး နောက်ဆုတ်လိုက်ရသည်။
အစီအရင်၏အဝန်းအဝိုင်း ပြန့်ကားလာသောအခါ နေသူတော်စင်ဂိုဏ်း၏ ကျင့်ကြံသူများ နောက်သို့ ဆုတ်လိုက်ရသည်။
ရန်ကျောက်ကဲ ပြေးဝင်သွားပြီး အားဟူကို ထူပေးလိုက်သည်။ ထို့နောက် အားဟူကို ရှု့ချွမ်နှင့် အခြားသူများထံ လက်လွှဲပေးလိုက်သည်။
အနောက်သို့ လှည့်ကြည့်နေရင်း ရှောင်ရှန်းသည် အလျင်အမြန် ဆုတ်သွားသည်။
မိုးချိန်းသံကဲ့သို့ အသံဖြင့် ရန်ကျောက်ကဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ရှောင်ရှန်း ၊ ဘယ်ကို ပြေးမလို့လဲ”
ရန်ကျောက်ကဲသည် လေထဲသို့ ရုတ်ချည်း ခုန်လိုက်ပြီး လှောင်အိမ်ထဲမှ လွတ်လာသော ကျားတစ်ကောင်အလား ရှောင်ရှန်းထံသို့ ပစ်ဝင်လိုက်သည်။
ဝိဉာဉ်ခြောက်သွယ်မိစ္ဆာလက်သီးသိုင်း၊ ကျားဟိန်းသံမိစ္ဆာလက်သီး။