ဒုန်း… ဒုန်း…
စစ်ဗုံသံတွေက မြေပြင်ကိုဖြတ်သန်း၍ထွက်ပေါ်လာခဲ့ရသလို မျက်စိတစ်ဆုံးများပြားလှတဲ့ စစ်တပ်ကြီးကလည်း လူတိုင်းရဲ့မြင်ကွင်းထဲကို ဝင်ရောက်လာခဲ့သည်။ သူတို့တွေက နောက်ဆုံးမှာ ဇူအင်ပါယာနဲ့မိုင်ပေါင်းများစွာဝေးကွာတဲ့ နေရာတစ်ခုမှာ ရပ်နားလိုက်ကြသည်။ များစွာသောစစ်သည်တွေ တစ်စုပြီးတစ်စုရပ်တန့်သွားသည်ကို မြင်လိုက်ရတဲ့လူတိုင်းက လေးလံတဲ့ဖိအားတစ်ခုကို ခံစားလိုက်ကြရသလို မွန်းကျပ်သွားစေနိုင်လောက်သည့် လူသတ်လိုစိတ်တွေကလည်း ပျံ့နှံ့ထွက်ပေါ်လာခဲ့ရသည်။
လူတိုင်းက ဒီမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားခဲ့ရသည်။ ဒီမြင်ကွင်းက ဇူအင်ပါယာအတွင်းမှာ နှစ်ပေါင်းများစွာအကြာကတည်းက နေထိုင်လာခဲ့ရတဲ့သူတွေအဖို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မြင်ကွင်းမျိုးကို နောက်တစ်ကြိမ်ပြန်လည်မြင်တွေ့နေရသကဲ့သို့ ခံစားသွားမိစေသည်။
ထို့နေ့တုန်းကလည်း ယခုမြင်တွေ့နေရသည့်မြင်ကွင်းနှင့် တစ်ထပ်တည်းတူညီလှပေသည်။ ကြီးမားတဲ့စစ်တပ်ကြီးတစ်ခုက မြို့ကိုဝိုင်းရံထားခဲ့ပြီး သူတို့ရဲ့ရက်စက်ကာ သနားညှာတာမှုကင်းတဲ့ဖျက်စီးမှုတွေကြောင့် တစ်မြို့လုံးကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက်ကင်းမဲ့သွားခဲ့တဲ့အခြေအနေကို ကျရောက်ခဲ့ရသည်။
မြို့ရိုးပေါ်ရှိဇူချင်က များပြားလှသည့် ရန်သူ့စစ်တပ်ကို မမှိတ်မသုန်စိုက်ကြည့်နေလျက်ရှိသည်။ သူ့ရဲ့အမူအယာကပြောင်းလဲသွားခြင်းမရှိခဲ့ပေမဲ့လည်း လက်သီးကိုတင်းတင်းဆုပ်ကာ ထိုးနှက်လိုက်မှုကြောင့် မြို့ရိုးနံရံပေါ်မှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာခဲ့ရသည်။
သူ့ရှေ့မှမြင်ကွင်းက သူ့ကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာက သိမ်ငယ်အရှက်ရခဲ့သည့် အဖြစ်အပျက်ကို ပြန်ပြောင်းသတိရစေခဲ့သည်။
တစ်ကြိမ်တစ်ခါက လွန်စွာရည်မှန်းချက်ကြီးမားခဲ့သည့် ဇူအင်ပါယာဘုရင်က ရက်စက်ကြမ်းတမ်းလှတဲ့ လောကဒဏ်ရဲ့ထိုးနှက်ချက်တွေကိုခံခဲ့ရသည်။ ထိုအချိန်ကတည်းကစတင်ကာသူက ဇူအင်ပါယာအတွင်းမှာ လှောင်အိမ်ထဲက ရက်စက်ကြမ်းကြုတ်တဲ့ကျားတစ်ကောင်အလား ပိတ်မိနေခဲ့ရပေသည်။
ဇူချင်ရဲ့ဘေးမှာရှိနေတဲ့ ဇူယွမ်က မိုင်ပေါင်းများစွာအကွာမှာ ရပ်တန့်သွားခဲ့တဲ့ များစွာသောစစ်သည်တွေကိုကြည့်လိုက်သကဲ့သို့ သူ့ရဲ့မျက်လုံးတွေထဲမှာလည်း အေးစက်တဲ့အလင်းရောင်တွေ တဖျပ်ဖျပ်တောက်ပလာခဲ့ရသည်။
ဇူချင်က သက်ပြင်းတစ်ချက်လေးလေးပင်ပင်ချလိုက်ပြီး ဇူယွမ့်ကိုကြည့်လိုက်ကာ မြို့ပြင်ကိုညွှန်ပြလိုက်ရင်းမှ ပြောလိုက်သည်… “ယွမ်အာ… ဒါက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကမြင်ကွင်းနဲ့ တစ်ပုံစံတည်းပဲ… အဲ့ဒီအချိန်တုန်းက သားကမြို့တော်အတွင်းမှာ မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုနဲ့အတူ မွေးဖွားလာခဲ့တဲ့အချိန်ပဲ…”
“သားကိုမွေးဖွားလာတာနဲ့တစ်ချိန်တည်းမှာ မြို့ပြင်ဘက်မှာရှိနေတဲ့ ဝူဘုရင်ရဲ့ သားနဲ့သမီးတို့ကလည်း စပါးအုံးကောင်းချီပေးမှုနဲ့ စာကလေးရဲ့ကောင်းချီးပေးမှုတို့နဲ့အတူ မွေးဖွားလာခဲ့ကြတယ်…”
ဇူချင်ရဲ့စကားက ဒီအချက်ကိုရောက်ရှိသွားသည့်အခါ သူ့ရဲ့မျက်လုံးထဲမှာ နာကျင်သွားတဲ့အရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့ရပြီး သူကဆက်ပြောလိုက်သည်… “ဒါပေမဲ့လည်း သားရဲ့အဖေဖြစ်တဲ့ငါက အသုံးမကျခဲ့တဲ့အတွက် သားကိုကာကွယ်ပေးနိုင်စွမ်းမရှိခဲ့ရဘူး… ဒီလိုသာမဟုတ်ခဲ့ဘူးဆိုရင် ဒီအချိန်မှာသားက သူတို့တွေ မျှော်မှန်းထားနိုင်ခြင်းမရှိတဲ့နေရာတစ်ခုကိုတောင် ရောက်ရှိနေရလိမ့်မယ်…”
“သားမှာမွေးဖွားလာကတည်းက ကောင်းကင်ပေါ်ကိုပျံတက်ပြီးတော့ ကမ္ဘာကြီးပေါ်မှာရှိတဲ့ လူတွေအားလုံးရဲ့အထက်မှာရပ်တည်ပြီး အခြားနိုင်ငံက ပါရမီရှင်တွေကို အပေါ်စီးကနေငုံ့ကြည့်နိုင်မယ့် ကံကြမ္မာကိုပိုင်ဆိုင်ခဲ့ရတယ်… ဒါပေမဲ့လည်း အဖေ့ကြောင့် သားရဲ့အတောင်ပံတွေက သားဆီကနေစွန့်ခွာသွားစေခဲ့ရသလို မွေးကင်းစအရွယ်လေးမှာပဲ သေခြင်းတရားနဲ့ရင်ဆိုင်ရလုနီးပါး ဖြစ်သွားစေခဲ့ရတယ်…”
ဇူချင်ရဲ့မျက်လုံးတွေထဲမှာ နောင်တရမှုတွေကို မြင်တွေ့လိုက်ရတဲ့အခါ ဇူယွမ်ကသူ့အဖေရဲ့တစ်ဖက်တည်းသောလက်ကို ညင်သာစွာဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်… “အဖေက ဒီလိုမျိုးကိုယ့်ကိုကိုယ် အပြစ်တင်မနေသင့်ဘူး… ခက်ခဲတဲ့အတွေ့အကြုံတွေကို ရင်ဆိုင်ခဲ့ရတာကလည်း ဆိုးဝါးတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး…”
“အဲ့ဒီလိုပဲ အမြင့်ဆုံးတစ်နေရာကို ဘာအခက်အခဲမှမရှိဘဲ ရောက်သွားနိုင်ခြင်းကလည်း ကောင်းမွန်တဲ့အရာတစ်ခု ဖြစ်မလာနိုင်ဘူး…”
ဇူယွမ်ကပြုံးလိုက်သလို သူ့ရဲ့အပြုံးထဲမှာလည်း ကျောချမ်းစရာကောင်းလောက်သည့် အေးစက်မှုတွေပြည့်နှက်နေရကာ ဓားသွားတစ်ခုအလား ထက်မြလို့နေခဲ့ရပေသည်။
“ဒါ့အပြင်… မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုက ကျွန်တော်ပိုင်ဆိုင်ခဲ့တဲ့အရာအစစ်အမှန်ဖြစ်တယ်ဆိုရင် ဒါကနောက်ပိုင်းမှာ ကျွန်တော့်ဆီကိုပဲ ပြန်ရောက်လာရလိမ့်မယ်…”
ဇူချင်က သူ့ရှေ့မှလူငယ်လေးကို ကြည့်လိုက်မိသည်။ လူငယ်ရဲ့မျက်နှာက အနည်းငယ်ရင့်ကျက်မှုမရှိသေးသော်ငြား သူ့ရဲ့အသက်အရွယ်နဲ့မလိုက်အောင်ပင် အချို့အရာတွေကို ကောင်းစွာဖြေရှင်းနိုင်နေပြီပဲဖြစ်သည်။ ဒီအရာက သူ့ကိုယ်သူအပြစ်တင်နေမှုတွေကို အနည်းငယ်လျော့ပါးသွားစေခဲ့ရသည်။ ဇူယွမ်ပြောခဲ့သလို လူတစ်ယောက်က ဘဝမှာဘာအခက်အခဲမှမရှိဘဲ အမြင့်ဆုံးနေရာထိတက်လှမ်းသွားနိုင်ခြင်းက ကောင်းမွန်တဲ့အရာတစ်ခုမဟုတ်ဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။
ဒါပေမဲ့လည်း ယွမ်အာ… အဖေက အရင်တုန်းကကြုံတွေ့ခဲ့ရဖူးတဲ့ အတွေ့အကြုံမျိုးကို နောက်တစ်ကြိမ်ထပ်ပြီး မကြုံတွေ့လိုတော့ဘူး… အရင်တုန်းက သားကြီးပြင်းလာတဲ့အချိန်အထိရောက်အောင် အဖေတို့တွေ ဆိုးရွားတဲ့အရာအားလုံးကို သည်းခံနေခဲ့ရတယ်… အခုသားလည်း လုံလောက်အောင်ကြီးပြင်းလာခဲ့ပြီဖြစ်တဲ့အတွက် ဒီနိုင်ငံကိုကာကွယ်ဖို့အတွက်ဆိုရင် အဖေ့ရဲ့အသက်ကိုတောင် ရင်းသင့်ရင် ရင်းဖို့အတွက် အဖေ့အနေနဲ့ တွေဝေနေမိတော့မှာမဟုတ်ဘူး…
ဇူယွမ်ရဲ့အကြည့်တွေက တဖြည်းဖြည်းဓားသွားတစ်ခုအလား အလွန်အမင်းထက်ရှသွားခဲ့ရကာ အဝေးမှာရှိနေသည့် မျက်စိတစ်ဆုံးကြီးမားလှသည့် စစ်တပ်ကြီးကို ကြည့်လိုက်သည်။
ဒုန်း…
နောက်ထပ်စစ်ဗုံသံတီးခတ်လိုက်သံတစ်ချက် ထွက်ပေါ်လာသကဲ့သို့ ချီဘုရင်၏ကြီးမားလှတဲ့ စစ်တပ်ကြီးအတွင်းထဲမှနေ လူတစ်ယောက်က အနက်ရောင်မြင်းတစ်ကောင်ကို ပုံမှန်အမြန်နှုန်းဖြင့်စီးနင်းကာ ထွက်ပေါ်လာခဲ့သည်။ ထိုလူရဲ့တစ်ကိုယ်လုံးမှာ တိုက်ပွဲဝင်ချပ်ဝတ်အပြည့်အစုံဝတ်ဆင်ထားသလို သူ့ရဲ့မျက်နှာထက်မှာလည်း အေးစက်တည်ငြိမ်သည့်အမူအယာတစ်ခုကို ဆင်မြန်းထားလေသည်။ ထိုလူက ချီယန်ပင်ဖြစ်ပေသည်။
မြို့တော်ရဲ့အတွင်းမှာရော အပြင်ဘက်မှာရောရှိနေကြသည့် များစွာသောအကြည့်တွေက သူ့ထံတွင်သာ စုစည်းရောက်ရှိလို့နေကြသည်။
ဇူချင်ရဲ့ရေခဲတစ်မျှအေးစက်လှသည့်အကြည့်က ချက်ချင်းဆိုသလိုပင် ချီယန်ထံကျရောက်သွားခဲ့ရသလို သူကအေးစက်သည့်လေသံဖြင့်ပြောလိုက်သည်… “ပုန်ကန်သူ ချီယန်… မင်းက မင်းကိုယ်တိုင်တောင် ငါ့ရှေ့မှာထွက်လာရဲသေးတာလား…”
ဇူချင်ရဲ့စကားကိုကြားလိုက်ရသည့်အခါ ချီယန်ကခပ်ဖွဖွရယ်လိုက်မိကာ ပြန်ပြောလိုက်သည်… “အသုံးမကျတဲ့ဇူချင်… ဇူအင်ပါယာ ဒီလိုအခြေအနေမျိုးရောက်သွားခဲ့ရတာ မင်းကအဓိကတရားခံပဲ… မြို့ရိုးတံခါးတွေကိုဖွင့်လိုက်ပြီး အညံ့ခံဖို့ မင်းကိုငါအကြံပေးချင်တယ်… အဲ့ဒီလိုလုပ်ခဲ့ရင် ငါကတော်ဝင်ကလန်အပေါ် နောက်ဆုံးအကြိမ်ရိုသေလေးစားမှုကြောင့် အသက်ချမ်းသာပေးလိုက်မယ်… ဒီလိုမလုပ်ဘူးဆိုရင်တော့ ငါကမြို့တံခါးကို ချိုးဖျက်လိုက်နိုင်ခဲ့တာနဲ့ တော်ဝင်ကလန်တစ်ခုလုံးကို သေချာပေါက်သတ်ပြစ်မှာဖြစ်သလို တော်ဝင်သင်္ချိုင်းကိုလည်း မီးလောင်တိုက်သွင်းပြစ်မယ်…”
အဆုံးသတ်မှာ ချီယန်ရဲ့လေသံက ရက်စက်မှုတွေနဲ့ပြည့်နှက်နေခဲ့ရကာ သူ့ရဲ့လေသံထဲမှာ ကြီးစွာသောအမုန်းတရားတွေကို ထုတ်ဖော်ပြသလာခဲ့ပေသည်။
ဇူချင်ရဲ့မျက်နှာက ဒေါသကြောင့်အရောင်ပြောင်းသွားခဲ့ရသလို သူကနှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ အေးစက်တဲ့လေသံဖြင့်ပြန်ပြောလိုက်သည်… “ဒီပုန်ကန်မှုကို ချေမှုန်းပြီးတာနဲ့ ငါကလည်းချီအိမ်တော်တစ်ခုလုံးကို သုတ်သင်ပြစ်မယ်…”
ချီယန်က လှောင်ပြောင်ရယ်မောလိုက်ပြီး… “မင်းလိုခွေးတစ်ကောင်မှာ ဒီလိုစွမ်းရည်မျိုးရှိမနေမှာကို ငါစိုးရိမ်နေမိတယ်…”
“ချီယန်… သစ္စာဖောက်ကောင်… မင်းရဲ့ဝက်ခေါင်းကအသိဉာဏ်မရှိဘဲ ဒီလိုအဓိပ္ပါယ်မရှိတာတွေ ဆက်ပြီးလုပ်နေမယ်ဆိုရင် ဒီနေ့က မင်းရဲ့နောက်ဆုံးနေ့ဖြစ်သွားရလိမ့်မယ်…” ဝေကန်းလန်ရဲ့လေသံက မိုးခြိမ်းသံအလား ကွင်းပြင်ကိုဖြတ်၍ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်မှာ ဇူယွမ်ရဲ့အကြည့်က အဆိပ်ဘုရင်ထံ ကျရောက်သွားခဲ့သည်။ အဆိပ်ဘုရင်က ကူကယ်ရာမဲ့စွာဖြင့်ပင် သက်ပြင်းတစ်ချက်ချလိုက်ပြီး ရှေ့ကိုလျှောက်လှမ်းလာခဲ့ကာ အလိုမကျစွာဖြင့်ပြောလိုက်သည်… “မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်တည်းနဲ့ မင်းကဇူအင်ပါယာမြို့တော်ကို လာပြီးတိုက်ခိုက်ရဲတာပဲ… မင်းက ကိုယ့်ကိုကိုယ်ဘယ်လိုသေသွားမှန်းတောင် မသိလိုက်မှာကို ငါစိုးရိမ်မိတယ်…”
“အဆိပ်မြို့တော်ရဲ့စစ်သည်တွေကလည်း မင်းတို့ပြန်ပြီးဆုတ်ခွာသွားခဲ့ရင် ချေမှုန်းပြစ်ဖို့ အသင့်ပြင်ဆင်ထားခဲ့ပြီးပြီ…”
ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့ပေါ်ထွက်လာမှုက သံသယရှိစရာမလိုလောက်အောင်ပင် ချီအိမ်တော်ဘက်မှ စစ်သည်တွေကို တုန်လှုပ်သွားစေခဲ့သည်။ ဒါ့အပြင် မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ဆိုတာက လွန်စွာမှပင်စွမ်းအားမြင့်မားရသလို သူတို့တွေက တိုက်ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးကိုဆုံးဖြတ်ပေးနိုင်ဖို့ လုံလောက်တဲ့စွမ်းအားရှိလေသည်။
ဇူအင်ပါယာဘက်ခြမ်းမှာ မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်ရှိနေတဲ့အချိန်မှာ ချီအိမ်တော်ဘက်ခြမ်းမှာ မူလစဦးကျင့်ကြံသူဆိုလို့ ချီယန်တစ်ယောက်သာရှိသည်။
ဒီအချက်နဲ့တင်ပင် စစ်တပ်နှစ်ခုကြား အင်အားအခြေအနေက အလွန်ပင်တစ်ဖက်စောင်းနင်းနိုင်နေသည်မှာ ထင်ရှားလှသည်။
သို့ပေမဲ့လည်း ချီယန်ရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ သူက မြို့ရိုးထက်ရှိ မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်ကို စိုက်ကြည့်လိုက်သလို သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှာလည်း လှောင်ပြောင်တဲ့အပြုံးတစ်ခုထွက်ပေါ်လာခဲ့ရကာပြောလိုက်သည်… “မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်… ဘယ်လောက်တောင် အထင်ကြီးစရာကောင်းလိုက်တဲ့ အစုအဖွဲ့လဲ…”
“ဒီလိုဆိုမှတော့ ဒီနေ့မှာ ငါ့ရဲ့ယုံကြည်မှုနောက်ကွယ်မှာရှိနေရတဲ့ အကြောင်းပြချက်ကို ထုတ်ပြပေးရမှာပေါ့…”
ချီယန်ရဲ့နှုတ်ခမ်းထက်က လှောင်ပြောင်မှုက ပိုလို့ထင်ရှားလာခဲ့ရသည်။
“ငါ့ရဲ့ရောင်းရင်းတို့… ထွက်လာပြီးတော့ မင်းတို့ရဲ့မိတ်ဆွေဟောင်းကြီးတွေကို နှုတ်ဆက်လိုက်ကြပါဦး…”
ချီယန်ရဲ့စကားသံပျောက်ကွယ်သွားသကဲ့သို့ ချီအိမ်တော်ရဲ့စစ်တပ်က နှစ်ပိုင်းကွဲသွားခဲ့ကာ ၎င်းတို့ကြားမှ လူခြောက်ယောက်က ဖြည်းညှင်းစွာလျှောက်လှမ်းထွက်ပေါ်လာခဲ့ကြသည်။
ထိုလူခြောက်ယောက်ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် ၎င်းတို့ရဲ့ဦးခေါင်းထက်မှ စွမ်းအားပြည့်ဝလှသည့်မူလချီတွေ ထွက်ပေါ်လာခဲ့ရသည်။ သူတို့ရဲ့မူလချီတွေက ပတ်ဝန်းကျင်တစ်ဝိုက်ကို ပျံ့နှံ့သွားခဲ့ရသလို ၎င်းနဲ့အတူ အံ့အားသင့်စရာကောင်းလောက်သည့် ဖိအားတစ်ခုကိုပါ သယ်ဆောင်လာခဲ့ပေသည်။
ထိုလူခြောက်ယောက်စလုံးမှာ တစ်ယောက်ချင်းစီတိုင်းကပင် မူလစဦးအဆင့်ကျင့်ကြံသူတွေဖြစ်ကြသည်။
မြို့တော်အတွင်းရှိလူတွေအားလုံး အထိတ်တလန့်အော်ဟစ်လိုက်မိကြသည်။
မြေပြင်တစ်ခုလုံးတုန်ခါသွားတော့မတတ် အထိတ်တလန့်အော်ဟစ်လိုက်သံတွေက ဇူအင်ပါယာမြို့တော်အတွင်းမှ လွင့်ပျံထွက်ပေါ်လာခဲ့ရသကဲ့သို့ များစွာသောကျင့်ကြံသူတွေကလည်း ဒီမြင်ကွင်းကို ထိတ်လန့်ကြောက်ရွံ့စွာဖြင့်ပင် ကြည့်နေမိလိုက်ကြသည်။
သူတို့တွေဘယ်သူကမှ ချီယန်ရဲ့ဘက်မှာ မူလစဦးအဆင့်ကျင့်ကြံသူခြောက်ယောက် ထွက်ပေါ်လာလိမ့်မည်လို့ ထင်မထားမိခဲ့ပေ။ ဇူယွမ်သည်လည်း အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့ရသည်။ ဒီအကူအညီက ဝူအင်ပါယာက ချီယန့်ကိုပေးအပ်ခဲ့တာလား။
ဇူချင်ကလည်း ထွက်ပေါ်လာခဲ့သည့် လူခြောက်ယောက်ထံ ကော်နဲ့ကပ်ထားသည့်အလား တစိုက်မတ်မတ်ပင်ကြည့်နေလိုက်သည်။ ထို့နောက်မှာ သူ့ရဲ့အမူအယာက အလွန်အမင်းလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရပြီး မြို့ရိုးနံရံကို ပြင်းပြင်းထန်ထန်ထိုးနှက်လိုက်မိသည်။
၎င်းကသူ့အနေနဲ့ အလွန်ပင်မုန်းတီးရသည့် ရန်သူတော်တွေကို မြင်လိုက်ရသည့်အလားပင်။
“ဟီးဟီး… ငါတို့တွေနောက်ဆုံးတွေ့ဆုံခဲ့တာတောင် နှစ်တွေတော်တော်ကြာခဲ့ပြီနော် အရှင်မင်းကြီး… ငါတို့တွေ မင်းအဆင်ပြေနေလိမ့်မယ်လို့ မျှော်လင့်မိတယ်…” ဇူချင်က စားတော့ဝါးတော့မတတ်ကြည့်နေမှုကို ထိုလူခြောက်ယောက်က သူတို့ရဲ့ခေါင်းတွေကို မော့ကြည့်လိုက်ပြီး ဇူချင်ကိုပြုံးပြလိုက်ခြင်းဖြင့် တုန့်ပြန်လိုက်သည်။
“ဇောင်ရှန်းလွန်…”
“လင်းနင်…”
“ဝမ်ကောင်းရှန်…”
“……”
ဇူချင်ရဲ့တင်းတင်းစေ့ပိတ်ထားသည့် သွားကြားမှ နာမည်တစ်ခုချင်းစီက ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့ရသလို သူ့ရဲ့လေသံထဲမှာလည်း မုန်းတီးမှုတွေ ပါဝင်လို့နေရပေသည်။
ဝေကန်းလန်ကလည်း ထိုလူခြောက်ယောက်ကို ကြည့်လိုက်ပြီး အံတင်းတင်းကြိတ်ကာ ရေခဲတမျှအေးစက်သည့်အသံဖြင့် ပြောလိုက်သည်… “ဒါက သစ္စာဖောက်ခြောက်ယောက်ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး…”
ထို့နောက်မှာ ဝေကန်းလန်က အနည်းငယ်ခေါင်းရှုပ်သွားခဲ့ရသည့် ဇူယွမ့်ဘက်ကိုလှည့်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့်ပြောလိုက်သည်… “လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ဒီခြောက်ယောက်ဟာ ဇူအင်ပါယာရဲ့ဝန်ကြီးတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတယ်… ဝူဘုရင်က ပုန်ကန်တဲ့အချိန်မှာ သူတို့တွေက ငါတို့ရဲ့နောက်ကျောကိုဓားနဲ့ထိုးပြီး အလစ်အငိုက်တိုက်ခိုက်ခဲ့ကြတယ်… ဒါက ငါတို့ရဲ့စစ်တပ်ကို ကစဥ့်အလျားဖြစ်သွားစေပြီးတော့ ရန်သူတွေဝင်ရောက်လာနိုင်ဖို့ လမ်းကြောင်းဖွင့်ပေးသလိုဖြစ်သွားတဲ့အတွက် ငါတို့တွေမှာ ရွေးချယ်စရာမရှိခဲ့ဘဲ ထွက်ပြေးခဲ့ရတယ်…”
“သူတို့ခြောက်ယောက်စလုံးမှာ တစ်ယောက်ချင်းစီတိုင်းက ဝူအင်ပါယာမှာ ဘုရင်ဘွဲ့ကို ချီးမြှောက်ခြင်းခံထားရသလို သူတို့ရဲ့ကိုယ်ပိုင်နယ်မြေတွေကိုလည်း အပိုင်စားရခဲ့တယ်… ချီယန်က ဒီတစ်ကြိမ်မှာ သူတို့တွေရဲ့အကူအညီကို ရရှိနိုင်လိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး…”
ထိုအခိုက်အတန့်မှာ ဝေကန်းလန်ရဲ့နဂိုကတည်းက လေးနက်နေသည့်အမူအယာက အနည်းငယ်ပို၍ပင် လေးနက်လို့သွားခဲ့ရသည်။ ဒီစွမ်းအားမြင့်ကျင့်ကြံသူခြောက်ယောက် ပေါ်ထွက်လာခဲ့ရခြင်းက ဇူအင်ပါယာရဲ့ အရေးသာနေမှုအားလုံးကို အလုံးစုံပျောက်ကွယ်သွားစေခဲ့ပေသည်။ ချီယန်ပါထည့်ပေါင်းလိုက်ရင် ချီအိမ်တော်ဘက်ခြမ်းမှာ စုစုပေါင်းမူလစဦးအဆင့်ကျင့်ကြံသူ ခုနှစ်ယောက်အထိရှိသွားခဲ့ရပြီဖြစ်သည်။
ဇူယွမ်က သက်ပြင်းကိုသာချလိုက်မိသည်။ သူ့အနေနဲ့ ချီယန်က စစ်ကြေငြာခဲ့သည်ကို အခုချိန်မှာ အံ့ဩရခြင်းမရှိတော့ပေ။ ၎င်းက ချီယန်တစ်ယောက် မယုံနိုင်လောက်စရာကောင်းသည့် အထောက်အပံ့ကို ရရှိခဲ့သောကြောင့်ပင်ဖြစ်သည်။ ကြည့်ရတာ ဝူအင်ပါယာမှ ထိုတစ်ယောက်သောသူက ဇူအင်ပါယာကို အလုံးစုံဖယ်ရှားရှင်းလင်းပြစ်နိုင်ဖို့ အမှန်တကယ် ရည်ရွယ်ထားခဲ့ပုံရပေသည်။
ဇူချင်က ထိတ်လန့်စရာကောင်းလောက်သည့်လေသံဖြင့် မေးလိုက်သည်… “ဒါဆို ဝူအင်ပါယာက ဒီကိစ္စမှာ ဝင်ပါဖို့ဆုံးဖြတ်လိုက်ပြီလား…”
မူလစဦးကျင့်ကြံသူခြောက်ယောက်ထဲမှ တစ်ယောက်က ခပ်ဖွဖွပြုံးလိုက်ကာ ပြန်ပြောလိုက်သည်… “ဝူဘုရင်က ကတိတည်တဲ့လူတစ်ယောက်ပဲ… သူက ဇူအင်ပါယာအတွင်းကို နောက်နှစ်ပေါင်းတစ်ရာအတွင်း ခြေတစ်လှမ်းမှမချဘူးလို့ ကတိပေးခဲ့ပြီးမှတော့ ပုံမှန်အားဖြင့် သူကဒါကိုချိုးဖောက်လိမ့်မှာမဟုတ်ဘူး…”
“ငါတို့ခြောက်ယောက်အတွက်ကတော့…” သူ့ရဲ့စကားက ထိုနေရာရောက်သည့်အခါ ဆော့ကစားလိုသည့်အပြုံးတစ်ခု သူ့ရဲ့နှုတ်ခမ်းထက်မှာ ထွက်ပေါ်လာခဲ့ကာ ဆက်ပြောသည်… “လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ငါတို့တွေက ဝူအင်ပါယာကနေ နုတ်ထွက်တယ်လို့ကြေငြာခဲ့ပြီးတော့ ချီအင်ပါယာနဲ့ပေါင်းစည်းခဲ့ကြတယ်… ပြောရရင် ငါတို့တွေက အခုအချိန်မှာ ဝူအင်ပါယာရဲ့အဖွဲ့ဝင်တွေမဟုတ်တော့တဲ့အတွက် ဝူဘုရင်ကလည်း ပုံမှန်အားဖြင့် သူ့ရဲ့ကတိစကားကို ချိုးဖောက်ရာမကျတော့ဘူးပေါ့…”
ဂျွတ်…
ဇူချင်က လက်ဆစ်တွေကနေ အသံထွက်ပေါ်လာရသည်အထိ သူ့ရဲ့လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်မိသည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူ့ရဲ့ရင်ထဲမှာ အလွန်အမင်းဒေါသထွက်နေသည်မှာ ထင်ရှားလှပပေသည်။
ချီယန်က လှောင်ပြောင်သရော်လိုစွာပြုံးလိုက်သကဲ့သို့ ဇူချင်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာ မူလချီစွမ်းအားတွေပါဝင်နေသည့် သူ့ရဲ့အသံက ဇူအင်ပါယာမြို့တော်အတွင်းရှိ လူတိုင်းရဲ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။
“ဇူချင်… မင်းဆုံးဖြတ်ချက်ချဖို့အတွက် ငါကမင်းကို နေ့တစ်ဝက်အချိန်ပေးမယ်… နေ့ဝက်ကြာပြီးရင်တော့ ငါကမြို့ကို တိုက်ခိုက်ရလိမ့်မယ်… အဲ့ဒီအချိန်ကျရင်တော့ ငါ့ရဲ့လမ်းကြောင်းမှာ ခုခံတားဆီးတဲ့လူအားလုံးကို ငါကသတ်ပြစ်မယ်…”
သူ့ရဲ့လူသတ်လိုစိတ်တွေပြည့်နှက်နေသည့်လေသံက များစွာသောလူတွေရဲ့ ရင်ထဲမှာ အကြောက်တရားတွေ စီးဆင်းသွားစေခဲ့ရသည်။
ဇူအင်ပါယာမြို့တော်မှာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အဖြစ်အပျက်မျိုး နောက်တစ်ကြိမ်ပြန်ဖြစ်လာခဲ့ပြီလား။