Switch Mode

စာစဉ်(၈) အပိုင်း(၉၉)

ချီဘုရင်ကမြို့အား စစ်တပ်ဖြင့်ဝိုင်းရံခြင်း

ဝုန်း…

ထိုအခိုက်အတန့်မှာ မြေကွက်လပ်တစ်ခုလုံး တုန်ခါသွားခဲ့ရသည်။

နက်ရွှေရောင်မူလချီတစ်ခုက ဇူယွမ်ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေလျက်ရှိပေသည်။ ထိုမူလချီထဲမှာ ကြီးမားသည့်ရွှေရောင်စပါးအုံးမြွေတစ်ကောင်ရဲ့ပုံရိပ်က ကောင်းကင်သို့ကြည့်၍မြည်တွန်နေသည်ကို မြင်နိုင်ရုံမျှသာရှိသကဲ့သို့ ဇူယွမ်ရဲ့ခန္ဓာကိုယ်ထံမှလည်း အံ့အားသင့်စရာကောင်းသည့်ဖိအားတစ်ခု ဖြန့်ကျက်ထွက်ပေါ်လာခဲ့သည်။

ခွပ်…

နက်ရွှေရောင်မူလချီထံမှ ဒီဖိအားထွက်ပေါ်လာမှုက ကျောက်တုံးအိမ်လေးပေါ်မှာ ကြီးမားတဲ့အက်ကွဲကြောင်းတွေကို ဖြစ်ပေါ်လာစေခဲ့သည်။

ထိုဖိအားက အချိန်အနည်းငယ်ကြာ ဆက်လက်တည်ရှိခဲ့ပြီးနောက်မှာမှ တဖြည်းဖြည်းလွင့်ပါးပျောက်ကွယ်သွားခဲ့သည်။ ဇူယွမ်ကသူ့ရဲ့ခေါင်းကိုဖြည်းညှင်းစွာငုံ့ချလိုက်ပြီး သူ့ရဲ့လက်ဝါးကိုမျက်တောက်မခတ်တမ်း စိုက်ကြည့်နေခဲ့မိသလို လက်ရှိအချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်အတွင်း၌လည်း စွမ်းအားတွေတစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်ကို ခံစားမိလိုက်သည်။

ဒီစွမ်းအားတွေက ယခင်ကထက်စာလျှင် မနှိုင်းယှဉ်သာအောင် မြင့်မားလှပေသည်။

ထို့နောက်မှာ သူရဲ့အတွေးတစ်ခုက သူ့ရဲ့ချီပင်လယ်အတွင်းရောက်ရှိသွားခဲ့ရပြီး မူလကကြည်လင်သန့်စင်လှသည့်မူလချီတွေက အခုအချိန်မှာ နက်ရွှေရောင်မူလချီအဖြစ်သို့ အလုံးစုံပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ထိုနက်ရွှေရောင်မူလချီတွေက သူ့ရဲ့ချီပင်လယ်အတွင်းမှာ စီးဆင်းနေသကဲ့သို့ ရွှေရောင်စပါးအုံးမြွေရဲ့အရိပ်ကိုလည်း မြင်တွေ့နေရပေသည်။

သူ့ရဲ့သွေးနီရောင်ချီပင်လယ်က အလင်းရောင်တွေထုတ်လွှတ်နေကာ နက်ရွှေရောင်မူလချီတွေကို အဆက်မပြတ်သန့်စင်ပေးနေလျက်ရှိသည်။

“ဒါက စပါးအုံးဘုရင်ချီလား…”

ဇူယွမ်သူ့ရဲ့ခေါင်းကိုနှိမ့်ချလိုက်ပြီး လက်ပေါ်မှာလှည့်လည်စီးဆင်းနေသည့် နက်ရွှေရောင်မူလချီတွေကို ကြည့်နေမိသည်။ လက်ရှိသူ့ရဲ့မူလချီစွမ်းအားက ချီကျင့်ကြံခြင်းနည်းလမ်းကို မလေ့ကျင့်ရသေးတဲ့အချိန်ကထက်စာလျင် အဆများစွာမြင့်တက်လာခဲ့သည်ကို ကောင်းစွာခံစားမိပေသည်။

ဇူယွမ်ကသူ့အနေနဲ့ အခုအချိန်မှာသာ ချီဟောင်နဲ့ပြန်ပြီးတိုက်ခိုက်ရမယ်ဆိုရင် ကောင်းကင်ယွမ်စုတ်တံကို အသုံးမပြုရင်တောင်မှပင် ချီဟောင်ကိုအလွယ်တကူ အသာစီးရယူနိုင်လိမ့်မည်လို့ ယုံကြည်မှုရှိပေသည်။

ဇူယွမ်ရဲ့မျက်လုံးထဲမှာ ယုံကြည်မှုတွေ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ရပြီး တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်မိသည်… “ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတွေထဲမှာ ငါကြောက်ရမဲ့သူတစ်ယောက်မှ မရှိတော့ဘူး…”

ယောင်ယောင်က ထန်ထန်ကိုချီမထားလျက်မှပင် ဘေးဘက်မှလျှောက်လှမ်းလာခဲ့ပြီး သူမရဲ့ကြည်လင်သန့်စင်တဲ့မျက်လုံးလေးတွေနဲ့ ဇူယွမ်ကိုကြည့်လိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက်မှာမှ သူမကဖြည်းဖြည်းချင်းပြောလိုက်သည်… “အခုအချိန်ကစပြီးတော့ နင်က ဘိုးဘေးနဂါးပုရပိုက်ရဲ့ အစစ်အမှန်ကျင့်ကြံသူတစ်ယောက်ဖြစ်လာခဲ့ပြီ…”

အခုအချိန်မှာ ဇူယွမ်က ဘိုးဘေးနဂါးပုရပိုက်ရဲ့ ပထမအဆင့်ကို လေ့ကျင့်ပြီးသွားခဲ့ပြီဖြစ်သည့်အတွက် ဒီအရာကိုပြန်လည်ပြုပြင်လို့ရလိမ့်တော့မည်မဟုတ်ပေ။

ဇူယွမ်ရဲ့အမူအယာက တည်ငြိမ်သွားခဲ့ရသကဲ့သို့ သူကခေါင်းညိတ်ပြလိုက်သည်… “အစ်မကြီးယောင်ယောင်… ငါက ဘိုးဘေးနဂါးပုရပိုက်ရဲ့ ဒုတိယအဆင့်ကို ဘယ်တော့ကျမှ လေ့ကျင့်နိုင်မှာလဲ…”

ပထမအဆင့်ဖြစ်သည့် စပါးအုံးဘုရင်ချီက အဆင့် ၅မူလချီတစ်ခုဖြစ်သည်။ ဒီလိုအဆင့်ရှိတဲ့မူလချီက ဇူအင်ပါယာအတွင်း၌ ထိပ်တန်းအဆင့်မှာရှိနေပေမဲ့လည်း ဇူယွမ်ရဲ့အမြင်မှာတော့ ဒါကအနိမ့်ဆုံးနေရာမှာသာရှိနေပေသည်။ သူ့အတွက်က အဆင့် ၅မူလချီကို လေ့ကျင့်နိုင်ခဲ့ခြင်းဟာ မည်သည့်ချီကျင့်ကြံခြင်းနည်းလမ်းတစ်ခုတစ်လေကိုမျှ လေ့ကျင့်ထားနိုင်ခြင်းမရှိသေးတာထက်စာရင် အနည်းငယ်ပိုကောင်းသည့်သဘောမှာ ရှိကောင်းရှိနိုင်ပေလိမ့်မည်။

အကယ်၍သူ့အနေနဲ့ ဘိုးဘေးနဂါးပုရပိုက်၏ ဒုတိယအဆင့်ကိုလေ့ကျင့်နိုင်ခဲ့မယ်ဆိုရင် အဆင့် ၇မူလချီဖြစ်သည့် ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီကို ကျင့်ကြံနိုင်မည်ဖြစ်ကာ ၎င်းကသူ့ကို ကမ္ဘာကြီးထဲမှာ မော်ကြွားစွာရပ်တည်နေနိုင်စေမယ့် အရည်အချင်းကို သေချာပေါက်ပိုင်ဆိုင်စေနိုင်လိမ့်မည်ဖြစ်သည်။

ဒီကြီးမားတဲ့ကမ္ဘာကြီးထဲမှာ အဆင့် ၇မူလချီကို အထွတ်အထိပ်မူလချီတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

ယောင်ယောင်က ထန်ထန်ကိုပွတ်သပ်ပေးနေလျက်မှ သူမရဲ့နီထွေးထွေးနှုတ်ခမ်းလေးက အနည်းငယ်ပွင့်ဟလာခဲ့သည်… “ဘိုးဘေးနဂါးပုရပိုက်က နင်ထင်ထားသလို မလွယ်ကူဘူး… ပထမအဆင့်က အခြေခံအကျဆုံးဖြစ်ပြီးတော့ ဒုတိယအဆင့်က ပထမအဆင့်ထက် အဆပေါင်းများစွာပိုပြီးခက်ခဲရလိမ့်မယ်…”

ဇူယွမ်ရဲ့ရင်ဘတ်က အနည်းငယ်တုန်ယင်သွားခဲ့သည်။ ပထမအဆင့်ကို အောင်မြင်ဖို့အတွက်ပင် သူကများစွာသောဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ဒုတိယအဆင့်က ပထမအဆင့်ထက်တောင် အဆများစွာပိုပြီးခက်ခဲမှုရှိတယ်ဆိုရင် သူ့အနေနဲ့ ဒါကိုဘယ်အချိန်ကျမှ လေ့ကျင့်နိုင်မလဲဆိုတာကို မည်သူကများသိနိုင်လိမ့်မည်နည်း။

“ဟိုးအရင်ကတည်းကနေစလို့ အခုချိန်အထိ လူတစ်ယောက်ကပဲ ဘိုးဘေးနဂါးပုရပိုက်ရဲ့ တတိယအဆင့်ထိရောက်အောင် လေ့ကျင့်နိုင်ခဲ့တယ်…”

ဇူယွမ်ရဲ့အမူအယာက တည်ငြိမ်လေးနက်သွားခဲ့သည်။ ဘိုးဘေးနဂါးပုရပိုက်၏ တတိယအဆင့်က အဆင့် ၉မူလချီဖြစ်သည့် စကြာဝဠာတော်ဝင်နဂါးချီဖြစ်သည်။ ဒီလိုအောင်မြင်မှုမျိုးကို ဘယ်လိုမျိုးပါရမီရှင်က ရရှိခဲ့လဲဆိုတာကို သူ့အနေနဲ့ အမှန်တကယ်သိလိုလှပေသည်။

ဒီလိုလူတစ်ယောက်က ကမ္ဘာကြီးတစ်ခုလုံးကို အမှန်တကယ်အံ့အားသင့်တုန်လှုပ်သွားစေလိမ့်မည် မဟုတ်ပါလော။

“အမှန်အတိုင်းပြောရရင် ဘိုးဘေးနဂါးပုရပိုက်က အဆင့်ဘယ်လိုတက်လဲဆိုတာကို ငါလည်းမသိထားဘူး… ဒါပေမဲ့ ဒါကိုကြည့်ရတာ လူတစ်ယောက်ခွန်အားနဲ့ သက်ဆိုင်နေပုံရလိမ့်မယ်…” ယောင်ယောင်က အချိန်အနည်းငယ်ကြာတွေးတောသွားခဲ့ရပြီးမှ ဖြည်းညှင်းစွာပြောသည်… “ဒီဘိုးဘေးနဂါးပုရပိုက်မှာ အရေးကြီးတဲ့အရာတစ်ခုတော့ ရှိနေလိမ့်မယ်လို့ ငါထင်တယ်…”

“ဘယ်လိုမျိုးအရေးကြီးတဲ့အရာလဲ…”

ယောင်ယောင်က အချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့ရပြီးမှ ပြန်ဖြေလိုက်သည်… “နင်က နင့်ရဲ့မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုကို ပြန်ရလာတဲ့တစ်နေ့ကျရင် သိလာရလိမ့်မယ်…”

သူမက ဇူယွမ်ကိုစိုက်ကြည့်လိုက်ရင်း ဆက်ပြောသည်… “တကယ်လို့ နင်ကဒီလမ်းကြောင်းပေါ်ကိုသာ နောက်တစ်ကြိမ်ပြန်ပြီးခြေချနိုင်ခဲ့မယ်ဆိုရင် နင်လျှောက်ရမယ့်လမ်းကြောင်းက မြင့်မြတ်တဲ့နဂါးရဲ့လမ်းကြောင်းပဲ…”

ဇူယွမ်ရဲ့ရင်ဘတ်က ပြင်းပြင်းထန်ထန်လှုပ်ရှားသွားခဲ့ရသလို သူကလက်သီးကို တင်းတင်းဆုပ်ထားမိလိုက်သည်။ ထို့နောက်မှာ သူကအသက်ကို လေးပင်စွာရှူလိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ ပြောသည်… “ငါ နားလည်ပြီ…”

သူက သူ့ရင်ဘတ်ထဲမှ စိတ်ခံစားချက်တွေကို ချိုးနှိမ်လိုက်သကဲ့သို့ ပြောလိုက်သည်… “ငါဆုံးရှုံးသွားခဲ့ရတဲ့အရာအားလုံးကို ငါကိုယ်တိုင်ပြန်ယူရလိမ့်မယ်…”

ထို့နောက်မှာ သူကခေါင်းကိုမော့လိုက်ပြီး အဝေးတစ်နေရာကိုကြည့်လိုက်သလို သူ့ရဲ့မျက်လုံးတွေကလည်း အခုချိန်မှာ စိတ်အားထက်သန်မှုတို့ဖြင့် တောက်ပနေရသည်။

ဖြောင်း… ဖြောင်း…

ရုတ်တရက် ထိုအခိုက်အတန့်မှာပင် လက်ခုပ်တီးလိုက်သံက ထွက်ပေါ်လာခဲ့သည်။ ဇူယွမ်ခေါင်းမော့၍ကြည့်လိုက်သည့်အခါ ဇူချင်နဲ့ချင်ယုတို့က တံခါးအပြင်ဘက်မှရပ်၍ သူ့အားကြည့်နေသည်ကို မြင်လိုက်ရသလို သူတို့နှစ်ယောက်လုံးရဲ့မျက်နှာထက်မှာလည်း ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိလေသည်။

အစောပိုင်းတုန်းက ဇူယွမ်ရဲ့မူလချီတွေ လှုပ်ရှားထွက်ပေါ်လာမှုကို အာရုံခံနိုင်ခဲ့ရသည့်အတွက် သူတို့နှစ်ယောက်က ဒီနေရာကို အလျင်အမြန်ရောက်ရှိလာခဲ့ရခြင်းဖြစ်သည်မှာ ထင်ရှားလှပေသည်။

“အဖေ… အမေ…” ဇူယွမ်က စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်လိုက်သလို သူတို့နှစ်ယောက်ကိုလည်း ပြုံးပြလိုက်မိသည်။

“ဒါက သားလေ့ကျင့်ခဲ့တဲ့ အဆင့် ၅မူလချီလား… ဒါကတကယ့်ကို သာမန်မဟုတ်ဘူးပဲ…” ဇူချင်က ရှေ့ကိုအလျင်အမြန်ပင်လျှောက်လာခဲ့ပြီး ဇူယွမ့်ပတ်လည်ရှိ နက်ရွှေရောင်မူလချီတွေကို လေ့လာကြည့်လိုက်သည်။ သူ့အနေနဲ့ ဒီမူလချီထဲမှာ အံ့အားသင့်စရာကောင်းလောက်သည့် စွမ်းအားတွေပါဝင်နေသည်ကို ကောင်းစွာခံစားနိုင်ရပေသည်။

ဒါကိုကြည့်ခြင်းအားဖြင့် ဇူယွမ်လေ့ကျင့်ထားသည့် မူလချီက တော်ဝင်ကလန်ရဲ့ မီးလျှံလျှပ်စီးချီထက် ပိုပြီးအဆင့်မြင့်လှသည်မှာ အထင်အရှားပင်။

“ယွမ်အာက တကယ့်ကိုအံ့အားသင့်စရာပဲ…” ချင်ယုက ဇူယွမ်ရဲ့ဆံပင်တွေကို ပွတ်သပ်ပေးလိုက်သလို သူမရဲ့အမူအယာကလည်း ကြင်နာမှုနဲ့ ဂုဏ်ယူနေမှုတို့ ရောယှက်နေခဲ့ရပေသည်။

ဇူယွမ်က ဇူအင်ပါယာမြို့တော်ကို ပြန်ရောက်လာခဲ့ပြီးနောက်မှာ သူကကျောက်စိမ်းသစ်သီးကို ချင်ယုအသုံးပြုဖို့အတွက် ပေးထားခဲ့သည်။ ထို့ကြောင့်ပင် သူမရဲ့အသားအရေက ယခင်ကထက်စာလျင် ပို၍သွေးရောင်လွှမ်းလာခဲ့ရပြီး သူမရဲ့ပါးပြင်တွေက အခုအချိန်မှာ ကျန်းမာနေသူတစ်ယောက်ကဲ့သို့ နှင်းဆီရောင်သမ်းနေလျက်ရှိပေသည်။ ထို့အပြင် ဇူယွမ်ကိုကယ်ဖို့အတွက် သူမအသုံးပြုခဲ့ရသည့် အသက်စွမ်းအားတွေကလည်း တဖြည်းဖြည်းနဲ့ ပြန်လည်ပြည့်ဝလာနေခဲ့ရပြီဖြစ်သည်။

“အခုသားက မူလချီတစ်ခုကို လေ့ကျင့်နိုင်ခဲ့ပြီဆိုတော့ နောက်ပိုင်းမှာ နဂါးဒေါသအဆိပ်က ပြန်ပြီးထွက်ပေါ်လာခဲ့ရင်တောင်မှပဲ သားရဲ့စွမ်းရည်ကိုအမှီပြုပြီးတော့ သားဘာသာ သားဖိနှိပ်နိုင်လိမ့်မယ်… အမေတို့ရဲ့ရင်ထဲက အပူလုံးကြီးလည်း အခုမှပဲကျသွားရတော့တယ်…” ချင်ယုကပြောလိုက်သကဲ့သို့ သူမရဲ့မျက်လုံးတွေကလည်း အနည်းငယ်နီရဲလို့လာခဲ့ရသည်။

ဇူယွမ်ရဲ့နဂါးဒေါသအဆိပ်က နှစ်ပေါင်းများစွာကြာအောင် သူတို့ရဲ့ရင်ထဲမှာ ဒဏ်ရာအစိုင်အခဲကြီးတစ်ခုအလား ရှိနေခဲ့သည်။

ကံအားလျော်စွာပင် လက်ရှိအချိန်မှာ ဇူယွမ်က ထိုခက်ခဲလှတဲ့အချိန်ကာလတွေကို ကျော်ဖြတ်သွားနိုင်ခဲ့ပြီဖြစ်သည်။

ဇူယွမ်က ချင်ယုရဲ့လက်တွေကိုဆုပ်ကိုင်လိုက်ပြီး အပြုံးတစ်ခုနဲ့အတူ သူမကိုနှစ်သိမ့်လိုက်သည်။

“အဖေ… ဒီကြားထဲမှာ ချီအိမ်တော်က ဘာလှုပ်ရှားမှုတွေရှိခဲ့သေးလဲ…” ဇူယွမ်ရဲ့အမူအယာက တစ်ဖန်ပြန်လည်၍ လေးနက်တည်ကြည်သွားခဲ့ရပြီး ဇူချင်ကိုကြည့်ကာမေးလိုက်သည်။ သူ့အနေနဲ့ မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုကို အခုချက်ချင်းပင် သွားရောက်ကာပြန်လည်ရယူချင်ပေမဲ့လည်း သူလိုချင်တဲ့အရာကို အရယူနိုင်ဖို့ တစ်ကြိမ်မှာခြေတစ်လှမ်းချင်း လျှောက်လှမ်းချင်းကသာ အကောင်းဆုံးဖြစ်သည်ကို နားလည်ထားပေသည်။ ထို့အပြင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာက သူတို့အပေါ်ကျရောက်ခဲ့ရတဲ့ ကပ်ဘေးကြောင့် သူ့အနေနဲ့ အခြားသူတွေထက် ကျင့်ကြံခြင်းမှာ နောက်ကျကျန်နေခဲ့ရသည်။ ထို့ကြောင့်ပင် အခုချိန်မှာ သူလုပ်ရမဲ့အရာက မနားမနေကြိုးစားအားထုတ်ကျင့်ကြံပြီး ၎င်းတို့နဲ့ကြားကကွာဟချက်တွေကို လျှော့ချပြစ်နိုင်ဖို့ပင်ဖြစ်သည်။

တကယ်လို့ သူ့အနေနဲ့ ချီဘုရင်ရဲ့ပုန်ကန်မှုကို မဖြေရှင်းနိုင်ခဲ့ဘူးဆိုရင် သူ့ရဲ့အနာဂတ်ဆိုတာကလည်း ရှိလာနိုင်လိမ့်တော့မည်မဟုတ်ပေ။

ဒါကိုကြားလိုက်ရသည့်အခါ ဇူချင်ကသက်ပြင်းချလိုက်ပြီး… “ချီအိမ်တော်က ဘာလှုပ်ရှားမှုမှမရှိဘဲ သူတို့ရဲ့စစ်သည်တွေကိုပဲ စုစည်းနေကြတယ်… သူကြေငြာထားခဲ့သလိုပဲ သူ့ရဲ့စစ်တပ်က နောက်နှစ်ရက်ကြာရင် ဇူအင်ပါယာမြို့တော်ဆီ ရောက်ရှိလာလိမ့်မှာကို အဖေစိုးရိမ်နေမိတယ်…”

ချီဘုရင်အနေနဲ့လည်း မြို့တော်အတွင်းမှာ မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်ရှိနေတာကို ကောင်းစွာသိထားရပေမည်။ ဒါတောင်မှပင်သူက ပြောင်ပြောင်တင်းတင်းဖြင့် စစ်ကြေငြာရဲခဲ့သည်။ ဒီလိုအပြုအမူမျိုးက ဇူချင့်ကို တစ်ခုခုလွဲမှားနေသယောင် ခံစားစေခဲ့ရသည်။

ဇူယွမ်က ဖြည်းဖြည်းချင်းပြောလိုက်သည်… “ကြည့်ရတာ ဝူအင်ပါယာက ချီအိမ်တော်ကို အထောက်အပံ့ကောင်းကောင်းပေးခဲ့တယ်ထင်တယ်… ဒီလိုဆိုရင်တော့ ကျွန်တော်တို့တွေ ပိုပြီးသတိထားနေသင့်တယ်…”

ဇူချင်ကခေါင်းညိတ်လိုက်သကဲ့သို့ သူ့ရဲ့မျက်လုံးထဲမှာ ကျောချမ်းစရာကောင်းလောက်သည့် အေးစက်မှုတွေ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရကာ… “ချီဘုရင်က အထောက်အပံ့ဘယ်လောက်ပဲရခဲ့ရခဲ့ကိစ္စမရှိဘူး… အဖေတို့မှာ အခြားရွေးချယ်စရာလမ်းကြောင်းမရှိဘူး…”

ဇူချင်အနေနဲ့ ဇူအင်ပါယာတစ်ကြိမ်ဖျက်စီးခံခဲ့ရတာကို ကြုံခဲ့ရပြီဖြစ်သည့်အတွက် ဒီလိုအတွေ့အကြုံမျိုးကို နောက်တစ်ကြိမ်ထပ်ပြီးမလိုချင်တော့ပေ။ ထို့ကြောင့်ပင် သူ့အနေနဲ့ ဒီလိုအဖြစ်အပျက်မျိုး နောက်တစ်ကြိမ်ထပ်ဖြစ်စေရန် ခွင့်ပြုပေးလိမ့်တော့မည်မဟုတ်ပေ။

အကယ်၍ သူတို့တွေရှုံးနိမ့်သွားခဲ့ရတယ်ဆိုရင်တောင်မှ ဇူယွမ်လွတ်မြောက်နိုင်စေဖို့ဆိုရင် ချီယန်နဲ့သူ အသက်ချင်းလဲသင့်ရင် လဲရပေလိမ့်မည်။

ဇူယွမ်ကခေါင်းညိတ်ပြလိုက်သကဲ့သို့ သူ့ရဲ့မျက်လုံးထဲမှာလည်း လူသတ်လိုစိတ်တွေ မြင့်တက်လာခဲ့ရပေသည်။ ဒီတစ်ကြိမ်မှာ သူ့အနေနဲ့ ချီဘုရင်လို အန္တရာယ်ကောင်ကို သေချာပေါက်ရှင်းလင်းပြစ်ရလိမ့်မည်ဖြစ်ကာ ဇူအင်ပါယာကို ပြန်လည်အေးချမ်းလာစေရန် ပြုလုပ်ရပေလိမ့်မည်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ဇူအင်ပါယာက အတွင်းပိုင်းဆူပူရှုပ်ထွေးမှုတွေကြောင့် ပျက်စီးလာရလိမ့်မည်ဖြစ်ကာ ဝူအင်ပါယာကို ယှဉ်ပြိုင်ဖို့ဆိုသည်က ဘယ်သောအခါမှ ဖြစ်လာနိုင်လိမ့်တော့မည်မဟုတ်ပေ။

ဘယ်လိုပင်ဖြစ်နေစေကာမူ ချီဘုရင်ကတော့ သေချာပေါက်ကို သေရပေလိမ့်မည်။

နောက်နှစ်ရက်အတွင်းမှာ ဇူအင်ပါယာတစ်ခုလုံးရဲ့အာရုံက ချီဘုရင်ထံတွင်သာ စုစည်းရောက်ရှိနေခဲ့ကြသည်။ သူတို့အားလုံးရဲ့စိတ်ဝင်တစားစောင့်ကြည့်နေကြမှုအောက်မှာပင် ကိုးရက်မြောက်နေ့မှာ ချီဘုရင်ကသူ့ရဲ့လှုပ်ရှားမှုတွေကို နောက်ဆုံး၌စတင်ပြုလုပ်လာခဲ့ပြီဖြစ်သည်။

သူ့ရဲ့စစ်ကြေငြာစာထဲမှာပါဝင်ခဲ့သည့်အတိုင်းပင် သူကအခြားနေရာတွေကို တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ သူ့ရဲ့ကြီးမားတဲ့စစ်တပ်ကြီးက ဇူအင်ပါယာမြို့တော်ထံသို့သာ ဦးတည်၍ချီတက်လာခဲ့ကြသည်။

တစ်ခြားတစ်ဖက်ဖက်မှာ ဇူအင်ပါယာရဲ့စစ်သည်အားလုံးက မြို့တော်အတွင်းမှာ စုစည်းနေခဲ့ကြပြီး ရောက်ရှိလာမယ့်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေက ထိုးဖောက်မရနိုင်သည့် ခံတပ်ကြီးတစ်ခုအလားပင်ရှိနေသည်။

ထို့အပြင် မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်ဖြစ်သည့် ဇူချင်၊ ဝေကန်းလန်၊ အဆိပ်ဘုရင်တို့ကိုယ်တိုင်က စစ်မြေပြင်ကို ဦးဆောင်ကာလိုက်ပါလာမည်ဖြစ်သည့်အတွက် များစွာသောလူတွေရဲ့ရင်ကို သက်သာရာရစေခဲ့သည်။

ဇူအင်ပါယာတစ်ခုလုံးမှာရှိတဲ့ မျက်လုံးပေါင်းများစွာက ဇူအင်ပါယာမြို့တော်အပေါ်တွင်သာ စုစည်းရောက်ရှိနေခဲ့ကြသည်။

သူတို့ရဲ့စိတ်ဝင်တစားစောင့်ကြည့်နေမှုအောက်မှာ ဆယ်ရက်မြောက်နေ့က ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုနေ့မှာပင် လူတိုင်းကမြေပြင်တစ်ခုလုံး တုန်ခါလာသည်ကို ခံစားမိလိုက်ရပြီး ဇူအင်ပါယာမြို့တော်ကိုဦးတည်၍ သူတို့ရဲ့မြင်ကွင်းတစ်ဆုံးထိအောင် များပြားလှတဲ့စစ်တပ်ကြီးတစ်ခု ချီတက်လာသည်ကို မြင်လိုက်ကြရသည်။

မြို့တော်တစ်ခုလုံးမှာလည်း လူသတ်လိုတဲ့အငွေ့အသက်တွေ ပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။

နောက်ဆုံးမှာတော့ ချီဘုရင်ရဲ့တိုက်ခိုက်မှုက သူကြေငြာထားခဲ့သလိုပင် ရောက်ရှိလို့လာခဲ့ရပြီပဲဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset