စာစဉ်(၇) အပိုင်း(၉၈)

စပါးအုံးဘုရင်ချီ

“ဒါဆို ဒါကဘိုးဘေးနဂါးပုရပိုက်ရဲ့ပထမအဆင့်ဖြစ်တဲ့ စပါးအုံးဘုရင်ချီအတွက် ချီကျင့်ကြံခြင်းနည်းလမ်းပေါ့…”

မြေကွက်လပ်ထဲမှာ ဇူယွမ်ရဲ့ပိတ်ထားတဲ့မျက်လုံးတွေက နောက်တစ်ကြိမ်ပြန်ပွင့်လာခဲ့ပြီး သူ့ရဲ့မျက်နှာထက်မှာ စိတ်လှုပ်ရှားမှုတွေနဲ့ အံ့အားသင့်မှုတွေစီးဆင်းနေခဲ့ရသလို သူ့စိတ်ထဲမှ ထူးခြားဆန်းကြယ်ပြီး ရှုပ်ထွေးသည့်ချီကျင့်ကြံခြင်းနည်းလမ်းကို တွေးတောနေခဲ့မိသည်။

များစွာသောစမ်းသပ်မှုတွေနဲ့ ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ခဲ့ရပြီးနောက်မှာ ပထမအဆင့်ရဲ့ ချီကျင့်ကြံခြင်းနည်းလမ်းက သူ့ရဲ့လက်ထဲကို နောက်ဆုံးမှာရောက်ရှိလာခဲ့ရပြီဖြစ်သည်။

“ဂုဏ်ယူပါတယ်… နင်က အခုအချိန်ကစပြီး ဘိုးဘေးနဂါးပုရပိုက်ရဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်သွားခဲ့ပြီ…” ယောင်ယောင်ရဲ့လှပတဲ့မျက်လုံးလေးတွေက ဇူယွမ့်ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်လိုက်မိပြီး ဖြည်းညှင်းစွာပြောလိုက်သည်… “ဒါပေမဲ့လည်း နင်က စပါးအုံးဘုရင်ချီကို စပြီးလေ့ကျင့်ခဲ့ပြီဆိုတာနဲ့ ဒီလေ့ကျင့်မှုကို ပြန်ပြီးပြောင်းလဲလို့ရတော့မှာမဟုတ်သလို ဒီလမ်းကြောင်းက ဘယ်လောက်ပဲခက်ခဲနေပါစေ နင့်ရဲ့သေခြင်းတရားနဲ့မတွေ့ရမချင်း ဒါကိုရပ်တန့်လို့ရလိမ့်မှာလည်းမဟုတ်ဘူး…”

ဇူယွမ်က အချိန်တစ်ခုကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပြီးနောက်မှာ သူကဖြည်းညှင်းစွာပင်ခေါင်းညိတ်ပြလိုက်သည်။ သို့ပေမဲ့လည်း သူ့ရဲ့မျက်လုံးထဲက ဆုံးဖြတ်ချက်ပြတ်သားမှုတို့က ယိမ်းယိုင်သွားခြင်းမရှိခဲ့ပေ။ ထိုအစား သူ့ရဲ့ဆုံးဖြတ်ချက်ပြတ်သားမှုတို့က ပို၍ပင်ခိုင်မာလာခဲ့ရသည်။

“ဒီကမ္ဘာကြီးထဲမှာ အရမ်းကိုကြောက်စရာကောင်းတဲ့အန္တရာယ်တွေ အများကြီးရှိတယ်… ငါ့မှာသာ လုံလောက်တဲ့စွမ်းအားမရှိဘူးဆိုရင်… လက်လေးတစ်ဖက်ကိုဝှေ့ယမ်းရုံနဲ့တင် မိုင်ပေါင်းရှစ်သောင်းပတ်လည်မှာရှိတဲ့သက်ရှိအားလုံးကို သေစေနိုင်ခဲ့တဲ့လူတစ်ယောက်ကြောင့် တိုက်ပွဲဂိုလမ်ဂိုဏ်းရင်ဆိုင်ကြုံတွေခဲ့ရတဲ့ ကံကြမ္မာဆိုးလိုမျိုး ငါလည်းတစ်နေ့မှာ ကြုံတွေ့လာရလိမ့်မယ်…”

“ငါက ဒီလိုအဖြစ်ဆိုးမျိုးကိုမကြိုက်နှစ်သက်သလို ငါ့ရဲ့ဘေးမှာရှိနေတဲ့ လူတွေအားလုံးကိုလည်း ဒီလိုကပ်ဘေးမျိုးနဲ့ ရင်ဆိုင်တွေ့ရမှာ ငါမမြင်ချင်ဘူး… ဒါ့ကြောင့် ငါကသန်မာလာဖို့လိုအပ်တယ်… ဒီလိုကပ်ဘေးမျိုးကို ခုခံနိုင်လောက်အောင် သန်မာလာမှဖြစ်မယ်…”

ယောင်ယောင်က ဇူယွမ်ရဲ့မျက်လုံးတွေထဲက ဆုံးဖြတ်ချက်ပြတ်သားမှုတွေကို မြင်လိုက်ရပြီးနောက်မှာ စိတ်ကျေနပ်မှုရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“နင်က ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုတော့ နင့်ရဲ့လေ့ကျင့်မှုကို စတင်သင့်ပြီ… နင်လေ့ကျင့်နေတဲ့အချိန်အတွင်းမှာ ငါနင့်ကိုကာကွယ်ပေးထားမယ်…”

ဇူယွမ်က လေးနက်စွာဖြင့်ပင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်မှာ သူကနောက်ထပ်တုန့်ဆိုင်းနေခြင်းမရှိတော့ဘဲ သူ့ရဲ့မျက်လုံးတွေကိုမှိတ်လိုက်သကဲ့သို့ သူ့ရဲ့ခေါင်းထဲမှာရှိနေသည့် စပါးအုံးဘုရင်ချီကျင့်ကြံခြင်းနည်းလမ်းရဲ့ အနှစ်သာရကို အသေးစိတ်လေ့လာလိုက်သည်။ ဒါကနှစ်နာရီနီးပါးကြာမြင့်သွားခဲ့ရပြီးနောက်မှာ ဇူယွမ်ရဲ့မျက်လုံးတွေက နောက်တစ်ကြိမ်ပြန်ပွင့်လာခဲ့ရသည်။

ဝေါင်း…

ဇူယွမ်ရဲ့ခန္ဓာကိုယ်က အနည်းငယ်လှုပ်ရှားသွားခဲ့ပြီး သူ့ရဲ့နောက်ကျောကလည်းခုံးသွားခဲ့ကာ သူ့ရဲ့အရိုးတွေက တုန်ခါလာသကဲ့သို့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှ နဂါးအော်သံတစ်ခုပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာခဲ့သည်။ ၎င်းက နဂါးအသက်ရှူခြင်းနည်းလမ်းပင်ဖြစ်သည်။

ဇူယွမ့်အနေနဲ့ လက်ရှိအချိန်မှာ နဂါးအသက်ရှူခြင်းနည်းလမ်းကိုအသုံးပြုသည့်အခါ ပါးစပ်ကိုဖွင့်စရာမလိုဘဲနဲ့ အသုံးပြုနိုင်နေပြီဖြစ်သည်။ သူကအသက်ကိုရှူလိုက်သကဲ့သို့ ပတ်ဝန်းကျင်ရှိမူလချီတွေက အဖြူရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားခဲ့ပြီး အဆုံးမရှိသည့်အလား တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ကာ သူ့ရဲ့အသက်ရှူလိုက်မှုနဲ့အတူ သူ့ရဲ့နှာခေါင်းပေါက်ကိုဖြတ်၍ သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားခဲ့သည်။

ဒါကိုကြည့်ခြင်းအားဖြင့် သူကနဂါးအသက်ရှူခြင်းနည်းလမ်းကို အဆင့်တစ်ခုထိရောက်အောင် တတ်ကျွမ်းနေခဲ့ပြီဖြစ်သလို အသက်ရှူရုံနဲ့ပင် ပတ်ဝန်းကျင်ရှိမူလချီတွေကို စုပ်ယူနိုင်စွမ်းရှိနေခဲ့ပြီဖြစ်သည်။

သို့ပေမဲ့လည်း ဇူယွမ်ရဲ့ကျွမ်းကျင်မှုက ဒီအဆင့်ကိုအချိန်ကြာမြင့်စွာလေ့ကျင့်ပြီးမှ ရောက်ရှိနိုင်ရုံအခြေအနေတွင်သာ ရှိနေသေးသည်။ အကယ်၍နောက်ပိုင်းမှာ သူကသာ ဒီအဆင့်ကိုပိုပြီးကျွမ်းကျင်မှုရှိလာခဲ့မယ်ဆိုရင် သူ့ရဲ့နေ့စဉ်ပုံမှန်အသက်ရှူခြင်းကပင် ပတ်ဝန်းကျင်ရှိမူလချီတွေကို စုပ်ယူနိုင်လိမ့်မည်ဖြစ်သလို ကျင့်ကြံခြင်းကိုလည်း အဆက်မပြတ်ပြုလုပ်နိုင်စေပေလိမ့်မည်။

ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲမှာ မူလချီတွေလှည့်ပတ်နေကာ သူ့ရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုကို ဖြတ်သန်းစီးဆင်းသွားခဲ့ပြီးနောက်မှာ သူ့ရဲ့ချီပင်လယ်ထဲကို နောက်ဆုံးတွင်ဝင်ရောက်သွားခဲ့သည်။

သူ့ရဲ့ချီပင်လယ်အတွင်းမှာရှိနေသည့် မူလချီတွေက သလင်းကျောက်ကဲ့သို့ ကြည်လင်နေကာ မြူခိုးအလားလွင့်မျောနေပေသည်။

အတွေးတစ်ခုနဲ့အတူ သူ့ရဲ့ချီပင်လယ်အတွင်းမှ မူလချီတွေက စတင်တုန်ခါလာခဲ့ပြီး တစ်စုံတစ်ခုထံ စုပ်ယူခြင်းခံလိုက်ရသကဲ့သို့ ဝဲကတော့တစ်ခုအလား ဖြည်းဖြည်းချင်းလှည့်ပတ်လာခဲ့သည်။

သူ့ရဲ့ချီပင်လယ်အတွင်းရှိ မူလချီတွေစတင်လှည့်ပတ်လာစဉ်မှာ ဇူယွမ်ကကောင်းကင်ဘုံရွှေရောင်ခြင်ဆီကို လှမ်းယူလိုက်ကာ တောက်ပတဲ့ရွှေရောင်အရည်တစ်စက်အား သူ့လက်ထဲသို့စုပ်ယူလိုက်သည်။

၎င်းကသူ့လက်ထဲကို ရောက်လာသည့်အခိုက်အတန့်မှာ မူလချီတွေက ၎င်းရဲ့ပတ်လည်၌ လျင်မြန်စွာလွှမ်းခြုံသွားခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်အတွင်းသို့ ယူဆောင်သွားခဲ့သည်။ ၎င်းက ဇူယွမ်ရဲ့ စွမ်းအင်ဝင်ပေါက်တွေကို ဖြတ်သန်းသွားခဲ့ပြီး နောက်ဆုံးမှာ သူ့ရဲ့ချီပင်လယ်ထဲကို ဝင်ရောက်သွားခဲ့သည်။

ကောင်းကင်ဘုံရွှေရောင်ခြင်ဆီက မကြာမီမှာပင် မူလချီတွေမှဖြစ်ပေါ်လာခဲ့သည့် စုပ်ဝဲထဲသို့ ကျရောက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် မရေတွက်နိုင်သည့် ရွှေရောင်အလင်းအစက်အပြောက်တွေအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့ကြောင့်ပင် မူလကကြည်လင်သန့်စင်လှသည့်မူလချီတွေက ရွှေရောင်အလင်းတွေ တောက်ပလာသကဲ့သို့ ၎င်းကမှေးမှိန်နေပေမဲ့လည်း ထက်မြတဲ့အရှိန်အဝါတစ်ခုက ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့သည်။

“မဟူရာနွေဦးစမ်းရေကျောက်…”

ဇူယွမ်ကရပ်တန့်ခြင်းမရှိဘဲ မဟူရာနွေဦးစမ်းရေကျောက်ကို ဆုပ်ကိုင်လိုက်သည်။ မူလချီတွေက သူ့ရဲ့လက်မှတစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ပြီး ၎င်းထံတိုးဝင်သွားခဲ့ကာ မဟူရာနွေဦးစမ်းရေကျောက်ကို သေးငယ်တဲ့အပိုင်းအစလေးတွေအဖြစ်ကွဲကြေသွားစေခဲ့သည်။

အေးစက်တဲ့အနက်ရောင်မူလချီအမျှင်တန်းတွေက မူလချီတွေကြောင့် စုစည်းသွားခဲ့ပြီး ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲမှ ချီပင်လယ်အတွင်းကို ဝင်ရောက်သွားခဲ့ပြီးနောက်မှာ လည်ပတ်နေသည့်ရွှေရောင်စုပ်ဝဲအတွင်းသို့ ကျရောက်သွားခဲ့ရသည်။

အနက်ရောင်အလင်းအမျှင်တန်းတွေက အခုအချိန်မှာ ရွှေရောင်စုပ်ဝဲအတွင်း လှည့်လည်ကူးခတ်နေလျက်ရှိပေသည်။

“မူလဝါးမျိုခြင်းကျောက်တုံး…”

ဇူယွမ်ရဲ့လှုပ်ရှားမှုတွေက အခုအချိန်မှာ ပို၍ကျင့်သားရလာခဲ့ပြီဖြစ်သည်။ မူလဝါးမျိုခြင်းကျောက်တုံးကလည်း သူ့လက်ထဲကိုရောက်ရှိလာသည့်အခါ လျင်မြန်စွာဖြင့်ပင် အမှုန့်ဖြစ်သွားခဲ့ရပြီး အနက်ရောင်မူလချီအမျှင်တန်းတွေကို သူ့ရဲ့ချီပင်လယ်အတွင်းသို့ ပို့ဆောင်ခဲ့လိုက်သည်။

ဒီမူလအရင်းအမြစ်သုံးခုကို သူ့ရဲ့ချီပင်လယ်အတွင်းသို့ ပို့ဆောင်ပေးခဲ့ပြီးနောက်မှာ ဇူယွမ်ရဲ့အကြည့်က နောက်ဆုံးကျန်နေသည့် ပါဝင်ပစ္စည်းထံသို့ ကျရောက်သွားခဲ့သည်။

၎င်းက အဆင့် ၄စပါးအုံးအမျိုးအစားမှော်သားရဲစိတ်ဝိညာဉ်ပင်ဖြစ်သည်။

ထိုအခိုက်အတန့်မှာပင် ယောင်ယောင်က ရုတ်တရက်သတိပေးလိုက်သည်… “နင်က ဒီပစ္စည်းနဲ့ပေါင်းစပ်တဲ့အချိန်ကျရင် ပိုပြီးဂရုစိုက်ဖို့ လိုအပ်လိမ့်မယ်… မူလမှော်သားရဲစိတ်ဝိညာဉ်က သူ့ရဲ့သဘာဝအလျောက် အလွန်အမင်းရက်စက်ကြမ်းကြုတ်လှတဲ့အတွက် အမှားအယွင်းအနည်းငယ်လေးကတောင် နင့်ရဲ့စိတ်ဝိညာဉ်ကို ဝါးမျိုခံသွားရစေလိမ့်မယ်…”

ဒီအဆင့်က အစောပိုင်းတုန်းက မူလအရင်းအမြစ်သုံးခုပေါင်းထည့်ခဲ့တုန်းကထက်စာလျင် အဆများစွာပို၍ အန္တရာယ်များလှပေသည်။

ဇူယွမ်က ပြုံးရုံမျှသာပြုံးလိုက်ပြီး ယုံကြည်ချက်ရှိစွာပြန်ပြောလိုက်သည်… “ဒါက အစစ်အမှန်ခန္ဓာကိုယ်ဖြစ်နေမယ်ဆိုရင် ငါကသေချာပေါက်ကြောက်မိလိမ့်မယ်… ဒါပေမဲ့ ဒါကမှော်သားရဲစိတ်ဝိညာဉ်ဖြစ်နေတဲ့အတွက် ငါ့ကိုခြိမ်းခြောက်နိုင်စွမ်းရှိလိမ့်မှာမဟုတ်ဘူး…”

သူ့ရဲ့စကားတွေပျောက်ကွယ်သွားသည့်နှင့်တစ်ပြိုင်နက် သူ့ရဲ့လက်ဝါးနှစ်ဖက်က စိတ်ဝိညာဉ်ကျောက်တုံးကို ရုတ်တရက်ရိုက်ချလိုက်ပြီး ၎င်းကကွဲကြေသွားခဲ့ရသလို ရက်စက်ကြမ်းကြုတ်လှသည့် မြွေတွန်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်မှာ အနက်ရောင်အလင်းတစ်ခုက ချက်ချင်းဆိုသလိုပင် ဇူယွမ်ရဲ့မျက်ခုံးနှစ်ခုကြားသို့ လွင့်ပျံဝင်ရောက်လာခဲ့သည်။

၎င်းက အဆင့် ၄စပါးအုံးအမျိုးအစား မူလမှော်သားရဲစိတ်ဝိညာဉ်ပင်ဖြစ်သည်။

“ရွှီ… ရွှီ…”

အနက်ရောင်အလင်းထဲမှာ စပါးအုံးမြွေရဲ့အရိပ်တစ်ခုပါဝင်နေခဲ့ပြီး ၎င်းကဇူယွမ်ရဲ့မျက်ခုံးနှစ်ခုကြား ဝင်ရောက်လာခဲ့ပြီးနောက်မှာ ခြေချိတ်ထိုင်နေလျက်ရှိသည့်အရိပ်ဆီ တစ်ဖြောင့်တည်းတိုးဝင်သွားခဲ့သည်။ ထို့နောက်မှာ ၎င်းရဲ့ပါးစပ်က ကျယ်လောင်စွာဖွင့်ဟလာခဲ့ပြီး ထိုအရိပ်ကို ဝါးမျိုဖို့ရန်ကြိုးစားလိုက်သည်။

“ဒီနေရာမှာ မင်းစိတ်ကြိုက်ပြုမူနိုင်ဖို့ မင်းမှာအရည်အချင်းမရှိသေးဘူး…”

ဇူယွမ်ရဲ့စိတ်ဝိညာဉ်က အေးစက်စက်ရယ်မောလိုက်ပြီး မှုန်ဝါးပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်မှာ ပုံသဏ္ဍာန်မရှိသည့်အစုအဝေးတစ်ခုက လျင်မြန်စွာဆင်းသက်လာခဲ့သလို အဆုံးမရှိလောက်အောင်ကြီးမားလှသည့် မူလဖျက်စီးခြင်းနတ်ဘုရားကျောက်တုံးက ကောင်းကင်ထက်မှနေဖြည်းဖြည်းချင်း ဆင်းသက်လို့လာခဲ့ပေသည်။

ဒီမြင်ကွင်းကြောင့် စပါးအုံးမြွေရဲ့အရိပ်က လိပ်ပြာလွင့်သွားတော့မတတ် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ရသည်။ ၎င်းက ဒီကြီးမားလှသည့် မူလဖျက်စီးခြင်းနတ်ဘုရားကျောက်တုံးထံမှ အဆုံးမရှိလှသည့်ကြောက်ရွံထိတ်လန့်မှုတွေကို ကောင်းစွာခံစားမိရပုံပေါ်သည်။ ထို့ကြောင့်ပင်၎င်းက ကျယ်လောင်စွာတစ်ချက်မြည်တွန်လိုက်သလို အနည်းငယ်မျှပင် တုန့်ဆိုင်းနေခြင်းမရှိခဲ့ဘဲ နောက်လှည့်ကာထွက်ပြေးသွားခဲ့သည်။

သို့ပေမဲ့လည်း အစက်အပြောက်တွေစွန်းထင်းနေသည့် နတ်ဘုရားကျောက်တုံးက လေဟာနယ်ကိုဖြတ်ကာ သွားလာနိုင်စွမ်းရှိပေသည်။ ထို့ကြောင့်ပင် အချိန်ခဏလေးအတွင်းမှာ စပါးအုံးမြွေရဲ့အရိပ်က နတ်ဘုရားကျောက်တုံးရဲ့အရှေ့မှာ ထွက်ပေါ်လာခဲ့ရသကဲ့သို့ နတ်ဘုရားကျောက်တုံးက ဆင်းသက်လာခဲ့ပြီးနောက်မှာ သတိလက်လွတ်ဖြစ်သွားခဲ့ရသည့် စပါးအုံးမြွေကို ကြိတ်ချေသွားခဲ့သည်။

တစ်ချိန်တည်းမှာ ဇူယွမ်ရဲ့စိတ်ဝိညာဉ်ကလည်း ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ပြန့်ကြဲနေသည့်အနက်ရောင်အလင်းအပိုင်းအစများစွာကို သူ့ထံစုစည်းလိုက်သလို သူ့ရဲ့လက်ဖဝါးထဲမှာလည်း မှုန်ဝါးဝါးစပါးအုံးမြွေအရိပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ အသစ်ဖြစ်ပေါ်လာသည့် စပါးအုံးမြွေရဲ့အရိပ်မှာ အနည်းငယ်မျှသောရက်စက်ကြမ်းကြုတ်မှုတွေ ရှိမနေတော့သလို ၎င်းရဲ့စိတ်ကအဝေးကိုယူဆောင်သွားခံရပြီး ဖျက်စီးခံလိုက်ရသကဲ့သို့ ၎င်းရဲ့မြွေမျက်လုံးတွေက အသက်ဓာတ်ကင်းမဲ့နေကာ ခြောက်သွေ့နေရပေသည်။

ဇူယွမ်ရဲ့စိတ်ဝိညာဉ်က ၎င်းရဲ့လက်ကိုလှုပ်ရှားလိုက်ပြီး မှုန်ဝါးဝါးစပါးအုံးမြွေအရိပ်ကို ဆုပ်ယူလိုက်ကာ သူ့ရဲ့ချီပင်လယ်အတွင်းရှိ လှည့်လည်နေသည့်မူလချီဝဲကတော့အတွင်းသို့ ထည့်လိုက်သည်။

လက်ရှိအချိန်မှာ လိုအပ်သည့်မူလအရင်းအမြစ်လေးခုစလုံးက ပြည့်စုံသွားခဲ့ပြီဖြစ်သည်။

ဇူယွမ်ကသူ့ရဲ့စိတ်ကို စုစည်းလိုက်ပြီး မူလချီဝဲကတော့ကို စပါးအုံးဘုရင်ချီကျင့်ကြံခြင်းနည်းလမ်းအတိုင်း စတင်လှည့်ပတ်စေလိုက်ပြီး ဖြည်းဖြည်းချင်းပေါင်းစပ်သန့်စင်စေခဲ့သည်။

မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် ခုနှစ်ရက်ဆိုသောအချိန်ကာလက လျင်မြန်စွာဖြင့်ကုန်ဆုံးသွားခဲ့ရသည်။

ဒီခုနှစ်ရက်အတွင်းမှာ ဇူယွမ်ရဲ့ခန္ဓာကိုယ်က ကျောက်တုံးတစ်ခုအလား မလှုပ်မယှက်ထိုင်နေခဲ့သလို သူ့ရဲ့အသက်ရှူခြင်းတောင်မှပင် ပို၍ပေါ့ပါးလာခဲ့ရသည်။ တစ်ချိန်တည်းမှာ သူ့ရဲ့ခန္ဓာကိုယ်မှ နက်ရွှေရောင်အလင်းတစ်ခုက အချိန်တိုင်းအချိန်တိုင်း တောက်ပနေခဲ့ရသည်။

၎င်းကိုကြည့်ရတာ ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့အရှိန်အဝါတစ်ခုထွက်ပေါ်လာဖို့ စတင်အရှိန်ယူနေသည့်ပုံပေါ်သည်။

ဒီခုနှစ်ရက်အတွင်းမှာ ဇူချင်၊ ချင်ယုနဲ့ စုယုဝေတို့က ဇူယွမ့်ကို အချိန်တိုင်းလာကြည့်ခဲ့ကြပေမဲ့ သူကအရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေတာကို မြင်လိုက်ရသည့်အခါ သူ့ကိုအနှောင့်အယှက်မပေးခဲ့ကြတော့ပေ။

နေ့တစ်နေ့ရဲ့အစဖြစ်တဲ့ နေရဲ့အလင်းရောင်တွေ ဇူယွမ်ရဲ့ခန္ဓာကိုယ်ပေါ်ကို ဖြန်းပက်ကျရောက်လာခဲ့ပြီး ရှစ်ရက်မြောက်နေ့အရောက်မှာ သူ့ရဲ့မလှုပ်မယှက်ရှိနေသည့်ခန္ဓာကိုယ်က နောက်ဆုံး၌လှုပ်ရှားလာခဲ့ရသည်။

ရွှီ…

ကြီးမားတဲ့စပါးအုံးမြွေကြီးတစ်ကောင်က တွန်သံပေးရင်း သူ့ရဲ့ခန္ဓာကိုယ်မှထွက်ပေါ်လာခဲ့သလို သူ့ရဲ့ချီစွမ်းအင်နဲ့သွေးတွေက ဆူပွက်ကာ လှုပ်ရှားသွားခဲ့ရသည်။

ရွှစ်…

ထိုအခိုက်အတန့်မှာပင် ဇူယွမ်ရဲ့တင်းကျပ်စွာပိတ်ထားတဲ့မျက်လုံးတွေက ပွင့်လာခဲ့ရသလို ၎င်းတို့ထံမှ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့ရကာ သူ့ရဲ့ခန္ဓာကိုယ်မှလည်း နက်ရွှေရောင်အလင်းတစ်ခုတစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရပြီး သူ့ရဲ့ပတ်ပတ်လည်မှာ လှည့်ပတ်သွားခဲ့သည်။

နက်ရွှေရောင်မူလချီကမြင့်တက်လာစဉ်မှာ ရွှေရောင်စပါစအုံးချီခန္ဓာကိုယ်တစ်ခုက ကောင်းကင်ပေါ်မှ မိုးကြိုးတစ်စင်းပစ်ချလိုက်သည့်အလား ကျယ်လောင်သည့်အသံဖြင့်တွန်သံပေးကာ ဇူယွမ်ရဲ့ဦးခေါင်းထက်မှ ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးမှာတော့ ဇူယွမ်က ဘိုးဘေးနဂါးပုရပိုက်၏ပထမအဆင့်ဖြစ်သည့် စပါးအုံးဘုရင်ချီကို အောင်မြင်စွာကျင့်ကြံနိုင်ခဲ့ပြီဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset