ချီအိမ်တော်ရဲ့ပုန်ကန်မှုနဲ့အတူ ချီအင်ပါယာကို ထူထောင်လိုက်တယ်ဆိုတဲ့သတင်းက ဇူအင်ပါယာတစ်ခုလုံးကို ကြီးမားတဲ့လှိုင်းလုံးကြီးတစ်ခုအလား ရိုက်ခတ်သွားစေခဲ့သည်။ လူတိုင်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာက အဖြစ်အပျက်လိုမျိုး နောက်တစ်ကြိမ်ထပ်မံဖြစ်ပျက်လာမည်ကို ကြောက်ရွံ့ထိတ်လန့်နေမိကြသည်။ လက်ရှိအချိန်မှာ လူတိုင်းရဲ့ရင်ထဲ၌ တုန်လှုပ်ခြောက်ခြားမှုတွေဖြင့် ဖုံးလွှမ်းနေလျက်ရှိသည်။
၎င်းနဲ့တစ်ချိန်တည်းမှာပင် ဝေကန်းလန်က ဇူအင်ပါယာမြို့တော်အတွင်းမှာ ပေါ်ထွက်လာခဲ့ပြီး သူကဇူအင်ပါယာရဲ့ ကြီးမြတ်သည့်ဗိုလ်ချုပ်ကြီးဆိုတဲ့အဆင့်အတန်းကို ထုတ်ဖော်ကြေငြာခဲ့သလို ဒီလိုမျိုးပုန်ကန်သွားခဲ့သည့် ချီအိမ်တော်ကိုလည်း သူတို့ရဲ့အပြစ်တွေအတွက် သေခြင်းနဲ့သာပေးဆပ်စေရမည်ဟုဆိုခဲ့သည်။
ဝေကန်းလန်က ဇူအင်ပါယာအတွင်းမှာ ထင်ရှားတဲ့လူတစ်ယောက်ဖြစ်သလို လူအများရဲ့ရိုသေလေးစားခြင်းကိုခံရသည့် လူတစ်ယောက်လည်းဖြစ်ပေသည်။ သူကလွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ကန်းလန်စီရင်စုကနေ ထွက်ခွာခဲ့ခြင်းမရှိတာကြောင့် သူနဲ့တော်ဝင်ကလန်ကြားမှာ သင့်မြတ်မှုမရှိဘူးဆိုတဲ့ ကောလဟာလတွေ ပျံ့နှံ့ထွက်ပေါ်ခဲ့ရသည်။ သူက ဇူအင်ပါယာမြို့တော်အတွင်း ပေါ်ထွက်လာခဲ့ပြီးနောက်မှာ ဒီကောလဟာလတွေက ချက်ချင်းလွင့်ပြယ်သွားခဲ့ရသလို မြို့သူမြို့သားတွေရဲ့ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့အစိုင်အခဲတွေကလည်း အနည်းငယ်လျော့ပါးသွားခဲ့ရသည်။
ဝေကန်းလန်အပြင် အဆိပ်ဘုရင်လည်း ပေါ်ထွက်လာခဲ့ပြီး အဆိပ်မြို့တော်က ဇူအင်ပါယာထံအညံ့ခံလိုက်ပြီဆိုသည်ကိုပါ ထုတ်ဖော်ကြေငြာခဲ့သည်။
ဒီသတင်းတွေက ဇူအင်ပါယာအနှံ့ပျံ့ရောက်ရှိသွားသည့်အခါ လူတိုင်းအထိတ်တလန့်ဖြစ်သွားခဲ့ရသည်။ ဇူအင်ပါယာရဲ့နယ်မြေတွေကို မကြာခဏကျူးကျော်နေသည့် ရက်စက်ကြမ်းကြုတ်လှသည့် အဆိပ်ဘုရင်ကို မည်သူကများ မသိဘဲနေလိမ့်မည်နည်း။ သို့ပေမဲ့လည်း ဒီလိုမျိုးရက်စက်ကြမ်းကြုတ်တဲ့စရိုက်ရှိသည့် လူတစ်ယောက်က သူ့ရဲ့အဆင့်အတန်းနှင့်ပင် ဇူအင်ပါယာရဲ့လက်အောက်မှာ အညံ့ခံလိမ့်မည်လို့ မည်သူကမှထင်မှတ်ထားမိကြလိမ့်မည်မဟုတ်ပေ။
ဒီသတင်းတွေက လူတိုင်းကိုအံ့အားသင့်တုန်လှုပ်သွားခဲ့ရစေပေမဲ့လည်း ဇူအင်ပါယာအပေါ် သူတို့ရဲ့ယုံကြည်မှုတွေကို အနည်းငယ်ပိုပြီးမြင့်တက်သွားစေခဲ့ရသည်။ ထို့ကြောင့်ပင် လူတိုင်းရဲ့ရင်ထဲမှာ ဖြစ်ပေါ်နေရသည့် စိုးရိမ်မှုတွေက တဖြည်းဖြည်းလျော့ပါးသွားခဲ့ရသည်။
ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့ရဲ့ထောက်ပံ့ပေးမှုကြောင့် ဇူအင်ပါယာရဲ့အင်အားနဲ့ ဂုဏ်သတင်းကမြင့်တက်လာခဲ့ရစဉ်မှာ ချီအိမ်တော်က အနည်းငယ်မျှသော တုန့်ပြန်မှုလေးတစ်ခုကိုတောင်မှ မပြုလုပ်ခဲ့ပေ။ ဒီအရာက သူတို့အပေါ်မှာ အကျိုးသက်ရောက်မှုမရှိစေသည့်အလား သူတို့ရဲ့လေ့ကျင့်မှုတွေကိုသာ အဆက်မပြတ်ပြုလုပ်နေကြလျက်ရှိသည်။
ထို့အပြင်ချီယန်က စစ်ကြေငြာတဲ့အကြောင်းကိုပါ ထုတ်ပြန်ကြေငြာခဲ့ပေသည်။
“ငါတို့ရဲ့စစ်သည်တွေက ဇူအင်ပါယာကို နောက်ဆယ်ရက်နေရင် ရောက်ရှိလာလိမ့်မယ်…”
ဒီကြေငြာချက်က များစွာသောလူတွေကို အထိတ်တလန့်ဖြစ်သွားစေခဲ့ရသည်။ ဒါကိုကြည့်ခြင်းအားဖြင့် ချီယန်က ဒီပြဿနာကို အမြစ်ပါမကျန်ဖယ်ရှားရှင်းလင်းပြစ်ဖို့ ကြံရွယ်ထားပုံရပေသည်။ ဇူအင်ပါယာမြို့တော်သာ ကျိုးပေါက်သွားခဲ့မယ်ဆိုရင် တော်ဝင်ကလန်ရဲ့ကံကြမ္မာကိုလည်း အလွယ်တကူမှန်းဆကြည့်၍ ရနိုင်ပေသည်။
ထိုအချိန်ကျရင် ဇူအင်ပါယာကိုအုပ်ချုပ်နေသည့် တော်ဝင်ကလန်ကလည်း ဖြုတ်ချခံရပေလိမ့်မည်။
လက်ရှိဇူအင်ပါယာမြို့တော်အတွင်းမှာ မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်ရှိနေတာတောင်မှပင် ချီအိမ်တော်က ဒီလိုအရာမျိုးပြုလုပ်ခဲ့ခြင်းကို လူတိုင်းကနားလည်နိုင်စွမ်းမရှိခဲ့ပေ။ ချီယန်က ဒီလိုမျိုးစစ်ကြေငြာဖို့အတွက် ယုံကြည်မှုကို ဘယ်နေရာကများရလာခဲ့ရတာလဲ။
…
“စစ်သည်တွေက ဇူအင်ပါယာမြို့တော်ကို နောက်ဆယ်ရက်ကြာရင် ရောက်ရှိလာလိမ့်မယ်…”
ကျယ်ပြန်တဲ့မြေကွက်လပ်တစ်ခုအတွင်းမှာ ဇူယွမ်က ချီအိမ်တော်ရဲ့စစ်ကြေငြာစာကိုကြည့်နေသလို သူ့ရဲ့မျက်လုံးထဲမှာလည်း အတွေးနက်နေဟန်တို့ ထင်ဟပ်နေခဲ့ရသည်။ ဒီလိုကြေငြာမှုက ချီယန်ရဲ့ယုံကြည်မှုကို ကောင်းစွာဖော်ပြနေပေသည်။
ယုံကြည်မှုမရှိဘဲနဲ့ ဒီလိုမျိုးစစ်ကြေငြာခြင်းက ချီယန်သာရှုံးနိမ့်သွားခဲ့ရမယ်ဆိုရင် သူ့ရဲ့နာမည်ဂုဏ်သတင်းကို ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်သွားစေလိမ့်ပေမည်။
“ကြည့်ရတာ သူတို့တွေက ဝူအင်ပါယာရဲ့အထောက်အပံ့ ကောင်းကောင်းရခဲ့တယ်ထင်တယ်…”
ဇူယွမ်ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းရောင်တွေ တောက်ပလာခဲ့ရပြီး ကျောချမ်းစရာကောင်းလောက်သည့်လေသံဖြင့် ရေရွတ်လိုက်မိသည်… “ဝူအင်ပါယာရဲ့အိမ်ရှေ့မင်းသားက ငါ့ရဲ့ကောင်းချီးပေးမှုကို ခိုးယူပြီးသွားခဲ့တာတောင်မှပဲ ငါ့မှာအေးချမ်းတဲ့နေ့ရက်တွေရှိနေတာကို အမှန်တကယ်မနှစ်ခြိုက်တဲ့ပုံပဲ…”
ချီဘုရင်က အထောက်အပံ့တွေ ဘယ်လောက်ပင်ရနေစေကာမူ သူတို့တွေလှုပ်ရှားလာချိန်ကျရင် သူတို့ဘက်ကလည်း အင်အားသုံးကာပြန်လည်ရင်ဆိုင်ရုံကလွဲပြီး အခြားရွေးချယ်စရာရှိလိမ့်မည်မဟုတ်ပေ။
ဇူယွမ်တစ်ယောက် သက်ပြင်းတစ်ချက်လေးပင်စွာချလိုက်ပြီး သူ့ရဲ့ရင်ထဲမှခံစားချက်တွေကို ဖိနှိပ်ထားလိုက်မိသည်။ အခုအချိန်မှာ သူ့အနေနဲ့ အရေးတကြီးပြုလုပ်ရမည့်အရာက ဘိုးဘေးနဂါးပုရပိုက်၏ ပထမအဆင့်ကိုလေ့ကျင့်ပြီး စပါးအုံးဘုရင်ချီကို ကျင့်ကြံနိုင်ဖို့ရန်ပင်ဖြစ်သည်။
သူကသာ ဒီမူလချီကိုလေ့ကျင့်နိုင်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ ချီစုဆောင်းမှုနယ်ပယ်ကို အမှန်တကယ်ခြေချနိုင်ရလိမ့်မည်ဖြစ်သည်။
သူ့အနေနဲ့ အရင်တုန်းက လေ့ကျင့်ဖို့ရန်အချိန်မရခဲ့သည့်အတွက်ကြောင့် ဇူအင်ပါယာမြို့တော်ကို အလျင်အမြန်ပြန်လာခဲ့ရခြင်းဖြစ်ကာ အခုအချိန်က ဒါကိုလေ့ကျင့်ဖို့အတွက် အချိန်ကောင်းပင်ဖြစ်သည်။
“နင်အဆင်သင့်ဖြစ်ပြီလား…” သာယာနာပျော်ဖွယ်ကောင်းသည့်အသံတစ်ခုက သူ့ရဲ့ဘေးမှလွင့်ပျံထွက်ပေါ်လာခဲ့သည်။ ယောင်ယောင်ကသူ့ရဲ့ဘေးတစ်ဖက်မှာ ထန်ထန်ကိုပွေ့ချီထား၍ ထိုင်နေလျက်ရှိကာ သူမက ဇူယွမ်ကိုစိုက်ကြည့်နေရင်းမှ ပြောလိုက်သည်။
ဇူယွမ်ကတည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်မှာ သူကတုန့်ဆိုင်းနေခြင်းအလျဉ်းမရှိခဲ့ဘဲ သူ့ရဲ့သိုလှောင်အိတ်ကို ဖြည်းညှင်းစွာဖွင့်လိုက်သလို များစွာသောအလင်းရောင်တွေထွက်ပေါ်လာခဲ့ရပြီး သူ့ရှေ့ရှိကျောက်တုံးစားပွဲပေါ်ကျဆင်းလာခဲ့သည်။
ကောင်းကင်ဘုံရွှေရောင်ခြင်ဆီ…
မဟူရာနွေဦးစမ်းရေကျောက်…
မူလဝါးမျိုခြင်းကျောက်တုံး…
အဆင့် ၄စပါးအုံးအမျိုးအစားမှော်သားရဲစိတ်ဝိညာဉ်…
ဇူယွမ်တစ်ယောက်သက်ပြင်းချလိုက်ရင်း သူ့ရှေ့မှ မူလအရင်းအမြစ်လေးခုကို ကျေနပ်မှုရှိစွာကြည့်လိုက်မိသည်။ များစွာသောကြိုးစားအားထုတ်မှုတွေနဲ့ အချိန်တွေကိုအသုံးပြုခဲ့ရပြီးနောက်မှာ နောက်ဆုံးတွင် သူလိုအပ်သည့်မူလအရင်းအမြစ်အားလုံးကို စုစည်းနိုင်ခဲ့ပြီဖြစ်သည်။
သူ့ရဲ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေနဲ့ မျှော်လင့်စောင့်စားနေမှုတွေ တရိပ်ရိပ်မြင့်တက်လာခဲ့ရသည်။
ဒီနေ့က သူဘိုးဘေးနဂါးပုရပိုက်ကို ရရှိခဲ့စဉ်အချိန်ကတည်းကစပြီး စောင့်မျှော်နေခဲ့ရသည့် နေ့ရက်လည်းဖြစ်ပေသည်။
သူက ယောင်ယောင့်ကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြခဲ့လိုက်သလို သူ့ရဲ့အမူအယာကလည်း အလွန်အမင်းလေးနက်သွားခဲ့ရသည်။ ထို့နောက်မှာ သူ့ရဲ့သိုလှောင်အိတ်ကို နောက်တစ်ကြိမ်ထပ်ဖွင့်လိုက်မှုနှင့်အတူ အစက်အပြောက်တွေစွန်းထင်းနေသည့် ထူးခြားဆန်းကြယ်တဲ့အရိုးပိုင်းလေးတစ်ခု သူ့လက်ထဲမှာ ထွက်ပေါ်လာခဲ့ရသည်။
မယုံကြည်နိုင်စရာကောင်းလောက်သည့်ဖိအားတစ်ခုက ထိုအရိုးပိုင်းလေးထံမှ လွင့်ပျံထွက်ပေါ်လာခဲ့သည်။
ဝေါင်း…
ထန်ထန်က ယောင်ယောင်ရဲ့လက်ပေါ်မှ ရုတ်ချည်းခုန်ထလိုက်ပြီး ကျယ်လောင်စွာဟိန်းဟောက်လိုက်သလို မှိန်ဖျော့ဖျော့အလင်းတစ်ခုကိုလည်း ထုတ်လွှတ်နေလျက်ရှိသည်။ ချိုင့်ဝှမ်းထဲမှာတုန်းက တိုက်ခိုက်စဉ်ကကဲ့သို့ပင် ၎င်းရဲ့အမွှေးတွေမှာ မှိန်ဖျော့ဖျော့အနီရောင်အလင်းတွေ စီးဆင်းလာခဲ့ရသည်။
ထန်ထန်လိုရက်စက်ကြမ်းတမ်းသည့် မူလမှော်သားရဲတစ်ကောင်တောင်မှပင် ဒီထူးဆန်းတဲ့အရိုးပိုင်းလေးနဲ့ ရင်ဆိုင်လိုက်ရမိသည့်အခါ ၎င်းရဲ့မျက်လုံးတွေထဲမှာ စိုးရိမ်မှုတို့ထင်ဟပ်နေခဲ့ရပေသည်။
ဇူယွမ်က လှုပ်လှုပ်ရှားရှားဖြစ်နေသည့် ထန်ထန်ကိုကြည့်လိုက်မိသည်။ ထန်ထန်လို ထူးခြားဆန်းကြယ်တဲ့မှော်သားရဲတောင်မှပင် ဒီဘိုးဘေးနဂါးရဲ့အရိုးအပိုင်းအစလေးကို မြင်လိုက်ရသည့်အခါ စိုးရိမ်မှုတွေထွက်ပေါ်နေခဲ့ရသည်။ ဒါကိုကြည့်ရုံနဲ့ပင် ဒဏ္ဍာရီလာဘိုးဘေးနဂါးက ဘယ်လောက်တောင်စွမ်းအားမြင့်မလဲဆိုတာကို အလွယ်တကူမှန်းဆနိုင်ပေသည်။
“ဘိုးဘေးနဂါးရဲ့အရိုးပိုင်းထဲက ဘိုးဘေးနဂါးပုရပိုက်ကို ရရှိနိုင်ဖို့အတွက်ဆိုရင် လူတစ်ယောက်က နဂါးအမျိုးအစားကောင်းချီးပေးမှုတစ်ခုနဲ့မှသာ ရယူနိုင်လိမ့်မယ်…”
ဇူယွမ်တစ်ယောက်အနည်းငယ်စိတ်လှုပ်ရှားသွားရသကဲ့သို့ နဂါးဒေါသအဆိပ်အမြစ်တွယ်နေသည့် သူ့ရဲ့လက်ကိုမြှောက်လိုက်သည်။ မူလကသူပိုင်ဆိုင်ခဲ့ရသည့် မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုက ဝူအင်ပါယာ၏ စပါးအုံးနှင့် စာကလေးတို့ရဲ့ ခိုးယူခြင်းကိုခံခဲ့ရသည်။ ထို့ကြောင့်ပင် သူကအခုအချိန်မှာ ဘိုးဘေးနဂါးပုရပိုက်ကို ရရှိနိုင်ဖို့အတွက် နဂါးဒေါသအဆိပ်ကိုသာ အသုံးပြုရပေတော့မည်။ အကယ်၍သူကသာ ကျရှုံးသွားခဲ့ရမယ်ဆိုရင် ဘိုးဘေးနဂါးပုရပိုက်ကို လေ့ကျင့်နိုင်ဖို့အခွင့်အရေးနဲ့ လွဲချော်သွားရပေမည်။
သူ့ရဲ့မျက်လုံးထဲက စိတ်လှုပ်ရှားနေမှုတို့ကို မြင်လိုက်ရသည့်အခါ ယောင်ယောင်ကသက်ပြင်းတစ်ချက်ချကာပြောဘိုက်သည်… “ဘာမှစိုးရိမ်မနေနဲ့… ငါက ဒါကိုအလုပ်ဖြစ်လိမ့်မယ်လို့ ပြောခဲ့တယ်ဆိုကတည်းက ဒါကသေချာပေါက် အလုပ်ဖြစ်လိမ့်မယ်…”
ဇူယွမ်တစ်ယောက် ကို့ရို့ကားရားနိုင်စွာပင်ရယ်မောမိလိုက်သည်။ အဲ့ဒီနောက်မှာသူက သူ့ရဲ့စိတ်ကိုစုစည်းလိုက်သည်။ ထို့နောက်မှာ ဇူယွမ်ကနောက်ထပ်တုန့်ဆိုင်းနေခြင်းမရှိခဲ့ဘဲ နဂါးဒေါသအဆိပ်ပါဝင်နေသည့်လက်ဖြင့် ဘိုးဘေးနဂါးရဲ့အရိုးပိုင်းလေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ခဲ့သည်။
ဘိုးဘေးနဂါးရဲ့အရိုးပိုင်းက သူ့လက်ဖဝါးထဲရှိ နဂါးဒေါသအဆိပ်နဲ့ ချိတ်ဆက်မိသွားသည့်အခါ အစက်အပြောက်တွေစွန်းထင်းနေတဲ့ အရိုးပိုင်းလေးအပေါ်မှာ မှိန်ဖျော့ဖျော့မှော်စာလုံးတွေ တောက်ပလာခဲ့သည်ကို ဇူယွမ်ကခံစားမိခဲ့လိုက်သည်။
အဆိုပါမှော်စာလုံးတွေက အသက်ရှူလိုက်သကဲ့သို့ အားကောင်းသွားလိုက် အားပျော့သွားလိုက်ဖြင့် လှုပ်ရှားနေလျက်ရှိသည်။
ဇူယွမ်ရဲ့လက်ဖဝါးထဲရှိ သွေးနီရောင်နဂါးဒေါသအဆိပ်က တစ်စုံတစ်ခုရဲ့ဆွဲဆောင်မှုကို ခံလိုက်ရသကဲ့သို့ စတင်ပြီးလူးလွန့်လှုပ်ရှားသွားခဲ့သည်။ သွေးနီရောင်အမျှင်တန်းတွေက သူ့ရဲ့လက်ဖဝါးထဲမှ လမ်းကြောင်းဖောက်ကာ ထွက်ပေါ်လာခဲ့ပြီး ဘိုးဘေးနဂါးရဲ့အရိုးပိုင်းလေးထဲသို့ စီးဝင်သွားခဲ့ရသည်။
ဘိုးဘေးနဂါးရဲ့အရိုးပိုင်းအပေါ်ရှိ မှော်စာလုံးတွေက အလွန်အမင်းတောက်ပလာခဲ့ရသကဲ့သို့ ထိုအရိုးပိုင်းထံမှ အလွန်အမင်းရှေးကျလှသည့် နဂါးတစ်ကောင်ရဲ့အော်သံက အချိန်နဲ့လေဟာနယ်ကိုဖြတ်၍ ပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာခဲ့ရသည်။
မြေကွက်လပ်အတွင်းမှ ဆူညံသံအားလုံး စတင်၍ပျောက်ကွယ်သွားခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ဘိုးဘေးနဂါးအရိုးပိုင်းက ပြင်းပြင်းထန်ထန်လှုပ်ရှားလာခဲ့သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ အရိုးပိုင်းထဲမှ ထူးခြားဆန်းကြယ်သည့်အလင်းတစ်ခုပစ်လွင့်လာခဲ့ပြီး လေထုကိုဖြတ်၍ ဇူယွမ်ရဲ့မျက်ခုံးနှစ်ခုကြားနေရာကို ဝင်ရောက်သွားခဲ့ရသည်။
ဝုန်း…
ဇူယွမ်ရဲ့စိတ်ထဲမှာ ကျယ်လောင်သည့်အသံတစ်ခု ပဲ့တင်ထပ်ကာထွက်ပေါ်လာသည်။
ဇူယွမ်ရဲ့စိတ်ဝိညာဉ်က မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးစတင်ဖြစ်တည်မလာခင်အချိန်က တည်ရှိခဲ့သည့် ပုံသဏ္ဍာန်မရှိသည့်အစုအဝေးထဲရောက်ရှိသွားခဲ့ရသကဲ့သို့ တုန်ခါသွားခဲ့ရသည်။ ထိုအခိုက်အတန့်မှာပင် သက်ရှိပုံစံတစ်ခုက ကမ္ဘာဦးပျက်စီးခြင်းထဲမှာ မွေးဖွားလာခဲ့ပြီး ၎င်းရဲ့ခန္ဓာကိုယ်က ခန့်မှန်းလို့မရလောက်အောင်ပင် ကြီးမားလှပေသည်။
၎င်းက ဘိုးဘေးနဂါးပင်ဖြစ်သည်။
ဘိုးဘေးနဂါးကဟိန်းဟောက်လိုက်သည့်အခါ ကမ္ဘာသစ်တစ်ခုဖန်တီးလိုက်သည်နှင့် အလားသဏ္ဍာန်တူကာ ကမ္ဘာဦးပျက်စီးခြင်းက တစ်စစီဖြစ်သွားခဲ့ရသည်။
၎င်းရဲ့ဦးခေါင်းက ဖြည်းညှင်းစွာမြင့်တက်လာခဲ့ပြီး ကမ္ဘာဦးပျက်စီးခြင်းအလင်းရောင်တွေ တောက်ပနေသည့်ကြီးမားတဲ့မျက်လုံးကြီးတွေက ဇူယွမ်ရဲ့အမြင်အာရုံတွေကို ဖမ်းစားသွားခဲ့သည်။ ထို့နောက်မှာ ၎င်းရဲ့မျက်လုံးတွေထံမှ ကမ္ဘာဦးပျက်စီးခြင်းအလင်းတွေ ပစ်လွင့်လာခဲ့ပြီး ဇူယွမ့်ထံဦးတည်၍တိုးဝင်သွားခဲ့သည်။
ဘုန်း…
ကမ္ဘာဦးပျက်စီးခြင်းအလင်းတွေက ချက်ချင်းဆိုသလိုပင် ဇူယွမ်ရဲ့စိတ်ဝိညာဉ်အပေါ်သို့ ဖြန့်ကျက်ကျရောက်သွားခဲ့ရသည်။
ဇူယွမ်ရဲ့မျက်လုံးတွေက တင်းတင်းကျပ်ကျပ်ပိတ်ထားလျက်ရှိရာမှ ထိုအခိုက်အတန့်မှာပင် ရုတ်ချည်းပွင့်ဟလာခဲ့ရသလို သူ့ရဲ့တစ်ကိုယ်လုံးမှာလည်း ချွေးတွေဖြင့်စိုရွဲနေခဲ့ရသည်။ သူ့ရဲ့စိတ်ဝိညာဉ်အစောပိုင်းတုန်းက မြင်တွေ့ခဲ့ရသည်က အစစ်အမှန်လားဆိုသည်ကို သူ့အနေဖြင့်မသိနိုင်ပေမဲ့လည်း သူခံစားမိခဲ့ရတဲ့ဖိအားက သူ့ကိုဖျက်စီးသွားလုနီးပါးဖြစ်စေခဲ့သည်။
အကယ်၍သူကသာ မူလဖျက်စီးခြင်းနတ်ဘုရား၏စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို လေ့ကျင့်မထားခဲ့ရဘူးဆိုလျှင် ဘိုးဘေးနဂါးက သူ့ကိုကြည့်လိုက်သည့်အခိုက်အတန့်မှာပင် သူ့ရဲ့စိတ်ဝိညာဉ်က တစ်စစီပျက်စီးသွားရပေလိမ့်မည်။
သို့ပေမဲ့လည်းသူက ၎င်းရဲ့အကြည့်ကို ခုခံနိုင်ခဲ့ပေသည်။
ထို့နောက်မှာ ဇူယွမ်တစ်ယောက် အနည်းငယ်တုန်ယင်နေသည့် သူ့ရဲ့လက်ချောင်းတွေကိုဆန့်ထုတ်လိုက်ပြီး သူ့ရဲ့မျက်ခုံးနှစ်ခုကြားကို ညင်သာစွာစမ်းကြည့်လိုက်မိသလို သူ့ရဲ့နှုတ်ခမ်းထက်မှာလည်း စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်မရနိုင်စွာ အပြုံးတစ်ခုထွက်ပေါ်လို့လာခဲ့ရသည်။
ချီကျင့်ကြံခြင်းနည်းလမ်းတစ်ခုက လက်ရှိအချိန်တွင် သူ့ရဲ့စိတ်ထဲမှာ စီးမြောနေလျက်ရှိသည်။ ၎င်းက စပါးအုံးဘုရင်ချီအတွက် ချီကျင့်ကြံခြင်းနည်းလမ်းပင်ဖြစ်သည်။
အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရတဲ့ ဘိုးဘေးနဂါးပုရပိုက်ကို နောက်ဆုံးမှာသူရရှိနိုင်ခဲ့ပြီဖြစ်သည်။
good