၎င်းမှာ ဆဋ္ဌမအဆင့်မှ ဖောက်ထွက်ကာ သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
ထိုဓားအိမ်လေး၏ ပုံပန်းသွင်ပြင်မှာလည်း သိသိသာသာ ပြောင်းလဲသွား၏။ ၎င်းမှာ သလင်းကျောက်များဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်သွားပြီး ၎င်းထဲတွင် ရွှေရောင်အမျှင်အတန်းလေးများ လူးလွန့်လှုပ်ရှားနေကြသည်ကိုပင် မြင်နိုင်ပေသည်။
ဝမ်ပေါင်လဲ့မှလွဲ၍ အခြားလူများအားလုံးမှာ ထိုဓားအိမ်လေးထဲမှ ထွက်ပေါ်နေသည့် အငွေ့အသက်များအား သတ္တမအဆင့် သာမန်ဓမ္မလက်နက်တစ်ခုထက် ပို၍ သာလွန်နေသည်ဟု ခံစားလိုက်ရမည် ဖြစ်သည်။ ၎င်းမှာ နတ်ဘုရားလက်နက် တစ်ခုနှင့်ပင် ယှဉ်နိုင်စွမ်းရှိနေ၏။
၎င်း၏ ဖန်တီးရှင်ဖြစ်သော ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် ထိုဓားအိမ်လေးမှာ သတ္တမအဆင့်တွင်သာ ရှိနေသေးကြောင်း သိထား၏။ ထို့အပြင် ၎င်းထဲသို့ ဝိညာဉ်တစ်ခု ပေါင်းထည့်ပေးရန် လိုအပ်နေသေးသည်။
သို့သော် ၎င်းမှာ နောက်ဆုံးအဆင့်ဖြစ်သောကြောင့် အမှားခံ၍မဖြစ်ပေ။ သူ ပြန်ရောက်သည့်အချိန်တွင်မှ ထိုအဆင့်အား ဆောင်ရွက်၍ ရပေသည်။ ဝမ်ပေါင်လဲ့မှာ သူ အသုံးပြုမည့် ဝိညာဉ်အား သေသေချာချာရွေးချယ်ရန် လိုအပ်ပေသည်။ ဓားအိမ်လေး၏ သန့်စင်ခြင်း လုပ်ငန်းစဉ်မှာ တမူထူးခြားနေခဲ့သောကြောင့် သူ ယခင်တုန်းက ရွေးချယ်ထားခဲ့သည့် ဝိညာဉ်အား အသုံးပြုရန် မသင့်တော်တော့ပေ။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများအရောင်လက်သွား၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကိုမြှောက်ကာ လေထဲ၌ လှမ်း၍ ဖမ်းဆုပ်လိုက်သောအခါ သူ၏ဓားအိမ်လေးမှာ ရွှီးခနဲပျံသန်းလာပြီး သူ၏လက်ဖဝါးပေါ်သို့ ရောက်ရှိလာ၏။
ဝမ်ပေါင်လဲ့မှာ ဓားရိုးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီးနောက် တစ်ကိုယ်လုံးတုန်ရီသွားရ၏။ သူသည် ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သော ကြောက်မက်ဖွယ်ရာ အဆောင်ပစ္စည်းတစ်ခုအား လက်ထဲ၌ ကိုင်ထားသကဲ့သို့ ခံစားနေရပြီဖြစ်သည်။ ထိုခံစားချက်ကြီးမှာ ဝမ်ပေါင်လဲ့ကိုပင် ကြောက်ရွံ့သွားစေ၏။ သူ ထိုဓားအိမ်လေးအား အသေးစိတ် ကြည့်ရှုစစ်ဆေးလိုက်ချိန်တွင်… ထိုဓားအိမ်လေးထက် အားနည်းပြီး ကျောက်ပြားလောက် အားမကောင်းပါသော်လည်း ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိနေဆဲဖြစ်သည့် အငွေ့အသက်တစ်ခုမှာ မိုးကောင်းကင်ပေါ်မှ ရုတ်တရက် ဆင်းသက်လာ၏။
ထို အငွေ့အသက် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် မမလေးမှာ အလောတကြီးဆိုလိုက်၏။
” ငါတို့တွေ လူမိသွားပြီ ” သူမသည် ထိုသို့ဆိုလိုက်ပြီးနောက် ရှေ့သို့လှမ်းကာ ကျောက်ပြားအား လွှမ်းခြုံလိုက်၏။ ထိုအခါ ထိုကျောက်ပြားမှာ ချက်ချင်းဆိုသလိုပင် အရည်ပျော်ကျသွားသကဲ့သို့ ဖြစ်သွားပြီး မမလေးနှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာပြီးနောက် လေထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲတွင်မူ သူမ၏ ထိတ်ထိတ်ပျာပျာ ဖြစ်နေသော စကားသံတစ်သံ ထွက်ပေါ်လာ၏။
” ပြေးတော့ဟေ့။ မြန်မြန်လေး ”
ဝမ်ပေါင်လဲ့မှာ မမလေး၏ သတိပေးချက်ကိုပင် နားထောင်စရာမလိုပေ။ ထိုအငွေ့အသက်ကြီး ပေါ်ပေါက်လာသည်နှင့် သူသည် တစ်ခေါင်းလုံး ထူပူသွားရပြီး သွေးတစ်ပွက် အန်ထွက်လာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အချိန်မရွေးပေါက်ကွဲသွားတော့မည့်အလား ခံစားနေရပြီဖြစ်သည်။
သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသောကြောင့် ဓားအိမ်လေးအား ချက်ချင်း သိမ်းဆည်းလိုက်ပြီး လျှို့ဝှက်အခန်းထဲမှ ထွက်ပြေးနိုင်ရန် ကြိုးစားလိုက်၏။ ထိုအချိန်တွင် တောင်အပြင်ဘက်ရှိ မိုးကောင်းကင်ကြီးထဲမှ အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့နောက် ဧရာမဝဲကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
ထို့နောက် တောင်ထိပ်တစ်ခုလုံးထက် အရွယ်အစား ကြီးမားပြီး သွေးသားများဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်သော ဧရာမ လက်ကြီးတစ်ဖက်မှာ ထိုဝဲကြီးထဲမှ ဆန့်ထွက်လာပြီး တောင်ဝင်ပေါက်အားလှမ်း၍ ဖမ်းဆုပ်လိုက်၏။
ထိုအခါ တောင်ကြီးမှာ ထိုလက်ကြီး၏ ဖျစ်ညှစ်ခြင်းကို ခံလိုက်ရသဖြင့် တစ်စစီ ကြေမွသွားရ၏။ ထိုလက်ကြီးမှာ ကတော့ပုံစံ ဓမ္မအဆောင်ကြီးအား ရှောင်တိမ်းကာ လျှို့ဝှက်အခန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာခြင်းဖြစ်သည်။ ၎င်းမှာ မှုန်ဝါးဝါးဖြစ်သွားပြီးနောက် ထိုအခန်း၏ ခေါင်မိုးအား မျက်စိတစ်မှိတ်အတွင်းတွင် ဆွဲလှန်ပစ်လိုက်၏။ ထို့ကြောင့် ထစ်ချုန်းသံများနှင့် ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး ထိုလက်ကြီးမှာ ဝမ်ပေါင်လဲ့၏ရှေ့၌ ပေါ်ပေါက်လာတော့သည်။ မိုးကောင်းကင်ကြီး တစ်ခုလုံးမှာ ထိုဧရာမလက်ကြီး၏ ဖုံးလွမ်းခြင်းကို ခံထားရသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာ လိပ်ပြာလွင့်လုမတတ် တုန်လှုပ်ချောက်ချားနေရပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း ချက်ချင်းဆိုသလိုပင် အေးခဲသွားသကဲ့သို့ ဖြစ်သွား၏။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံး အားအင်ချည့်နဲ့သွားသကဲ့သို့ ခံစားလိုက်ရပြီး ထွက်မပြေးနိုင်တော့ဘဲ ထိုဧရာမလက်ကြီး အောက်ဘက်သို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျလာသည့် မြင်ကွင်းကိုသာ စိုက်ကြည့်နေရတော့သည်။
ထိုအချိန်တွင် ဓားအိမ်လေးထဲမှ အကြည်ရောင် အလင်းတန်းတစ်ခု ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။ ထိုအလင်းတန်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာပြီးနောက် ဧရာမလက်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။ ၎င်းတို့နှစ်ခု ရိုက်ခတ်မိသွားကြသောအခါ နားစည်များပင် ကွဲအက်သွားစေနိုင်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။
ထိုအခါ ဝမ်ပေါင်လဲ့၏ ပါးစပ်ထဲမှ သွေးများစီးကျလာပြီး သူ၏ အသိစိတ်များမှာလည်း ချက်ချင်းပင် ကြည်လင်ပြတ်သားသွားတော့သည်။ သို့သော် သူသည် အံ့ဩတုန်လှုပ်နေရန် အချိန်မရှိသဖြင့် နောက်သို့ ချက်ချင်းထွက်ပြေးသွားလိုက်၏။ ထိုအခါ ကောင်းကင်ယံထဲ၌ နှာမှုတ်သံတစ်သံ ပဲ့တင်ထပ်သွားပြီး ဧရာမလက်ကြီးမှာ ပို၍မြန်ဆန်လာသောကြောင့် ကျောက်နံရံများအား အလွယ်တကူ ဖျက်ဆီးပစ်လိုက်တော့သည်။ ထို့နောက် ၎င်းမှာ တောင်ထိပ်ကြီး၏ တစ်ဝက်တိတိကို လက်ဖဝါးထဲ၌ ညှစ်ကာ အပေါ်သို့ ဆွဲဆောင့်ပစ်လိုက်၏။ ထိုတောင်ထဲတွင် ရှိနေသည့် ဝမ်ပေါင်လဲ့မှာလည်း ဟန်ချက်ပျက်သွားပြီး ထိုတောင်ကြီးနှင့်အတူ အပေါ်သို့ မြောက်တက်သွားတော့သည်။
သူတို့မှာ သေရေးရှင်ရေး အခိုက်အတန့်ကြီးနှင့် ကြုံနေရပြီဖြစ်ရာ မမလေးမှာ အစွမ်းကုန်ထုတ်သုံးလိုက်တော့သည်။ သူမသည် ဝမ်ပေါင်လဲ့၏နောက်၌ ပေါ်ပေါက်လာပြီး မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူမ၏ ခန္ဓာကိုယ်ထဲမှ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွားတော့သည်။ ထိုသို့ထွက်ပြေးနိုင်ရန် ကြိုးစားခြင်းမှာ အလွန်အင်မတန်မှ အန္တရာယ်များသည့်ပုံပင်။ သူတို့မှာ အလွယ်တကူ တားဆီးခံရနိုင်သောကြောင့် ၎င်းမှာ အလျော်အစားကြီးသော လုပ်ရပ်တစ်ခုဖြစ်ပေသည်။
မမလေးမှာ အံကြိတ်ကာ အဖိုးတန် ဝိညာဉ်ချီအနည်းငယ်ခန့် ထုတ်လွှတ်လိုက်ပြီး ထိုဧရာမလက်ကြီးအား လက်ညှိုးထိုးလိုက်၏။ ထိုအခါ ကျယ်ပြန့်တာအိုနန်းတော်ပျက်ကြီးတစ်ခုလုံးမှာ စတင်တုန်ရီလာတော့သည်။ ထို့နောက် သူတို့၏ ပတ်ပတ်လည်ရှိ မြေပြင်ကြီးထဲမှ ကြယ်အလင်းတန်းများ ထိုးထွက်လာပြီး မမလေးဆီသို့ ရောက်ရှိလာကြ၏။
ထို ကြယ်အလင်းတန်းများမှာ ကျယ်ပြန့်ဥပဒေသများ၏ စွမ်းအားဖြစ်ပေသည်။ ယခုတွင် ၎င်းတို့မှာ ကြယ်အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ဧရာမဓားကြီးတစ်လက်အသွင် ပြောင်းလဲသွား၏။ ထို့နောက် ၎င်းမှာ ဧရာမလက်ကြီးအား ချက်ချင်းပင်ခုတ်ထစ်လိုက်တော့သည်။ ဤဂြိုဟ်ကြီး၏ စိတ်ဆန္ဒများမှာ ထိုဓားကြီးအဖြစ် ရုတ်တရက်ဆိုသလို ပြောင်းလဲသွားသကဲ့သို့ပင်။ ၎င်းမှာ အားပါပါခုတ်ထစ်လိုက်သောကြောင့် လက်ကြီးမှာ ဝဲကြီးနှင့် ချိတ်ဆက်နေရမှာ ပြတ်တောက်သွားတော့သည်။
ထိုအခါ လက်ဖဝါးထဲ၌ ဖမ်းဆုပ်ခံထားရသဖြင့် လေထဲသို့ရောက်နေသော တောင်ကြီးမှာ အောက်သို့ပြုတ်ကျလာ၏။ ၎င်း မြေပြင်ပေါ်သို့ပြန်ကျလာသောအခါ ၎င်း၏ အစိတ်အပိုင်းအများစုမှာ ပျက်စီးကြေမွသွား၏။ ဝမ်ပေါင်လဲ့မှာလည်း သွေးတစ်ပွက် အန်ထွက်လာရ၏။ သူသည် မကြာသေးမီတုန်းက ဒဏ်ရာများ ရရှိထားသည်ဖြစ်ရာ ယခုတွင် အခြေအနေပိုဆိုးသွားတော့သည်။ ကံကောင်းစွာဖြင့် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်မှာ စတင်သွားပြီဖြစ်သည်။ ထို လုပ်ငန်းစဥ်ကြီးကြောင့် ထစ်ချုန်းသံများ မြည်ဟည်းနေစဉ်မှာပင် ကောင်းကင်ယံထဲမှ အမျက်ချောင်းချောင်းထွက်နေသည့် အော်သံတစ်သံ ထွက်ပေါ်လာ၏။ ယခုအကြိမ်တွင်မူ ကောင်းကင်ယံထဲမှ လက်သုံးဖက်ဆန့် ထွက်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား မြေပြင်ကြီးအား ရိုက်ခတ်ထုနှက်နေကြတော့သည်။ ထို့အချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါးဖြစ်သွား၏။
သူသည် ဂြိုဟ်တစ်လုံး၏ ပေါက်ကွဲသံနှင့်တူသော အသံတစ်သံကိုသာ နောက်ဆုံး ကြားလိုက်ရသည်။ သူ၏ အမြင်အာရုံများ ပြန်လည်ကြည်လင်ပြတ်သားလာသည့် အချိန်တွင် သူသည် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်ရှိ ရှိခိုးနန်းတော်အဆောင်ထဲသို့ ပြန်ရောက်နေပြီဖြစ်သည်။
သူသည် ပဉ္စမမြောက် နန်းတော်ရှေ့တွင် မဟုတ်ဘဲ ဆဋ္ဌမမြောက်နန်းတော်၏ ပင်မခန်းမကြီး၏ရှေ့၌ ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်၏။ ဝမ်ပေါင်လဲ့မှာ ထိုသို့ပြန်လည်ပေါ်ပေါက်လာပြီးနောက် နောက်ထပ်သွေးတစ်ပွက် အန်ထွက်လာပြီး ဒယိမ်းဒယိုင်ဖြစ်ကာ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။
အချိန်အတော်အတန်ကြာပြီးမှ သူသည် မနည်းကြိုးစားကာ ပြန်ထလာနိုင်၏။ သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး အတွင်းကလီစာများအားလုံး စိစိညက်ညက် ကြေမွနေသကဲ့သို့ ခံစားနေရပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာများပျောက်ကင်းအောင် အလျင်အမြန် ပြန်လည်ကုသပေးနေသည့်တိုင်အောင် သူခံစားနေရသည့် ဝေဒနာများမှာ သက်သာသွားခြင်းမရှိဘဲ ပို၍ပင်ဆိုးရွားလာ၏။
သို့သော် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူပင် မညှာတာတတ်သည့် လူတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဝေဒနာပြင်းပြစွာ ခံစားနေရသည်တိုင်အောင် တင်ပျဉ်ခွေထိုင်ကာ ဆေးလုံးအချို့ ထုတ်ယူလိုက်ပြီး သူ၏ ဒဏ်ရာများကို စတင်ကုသနေလိုက်တော့သည်။ ထိုသို့ဖြင့် သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် သူ၏ဒဏ်ရာများမှာ ပြန်လည်သက်သာလာတော့သည်။ လေးရက်မြောက်နေ့တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးပွင့်လာပြီး သက်ပြင်းအရှည်ကြီးချလိုက်၏။
သူသည် ဘေးကင်းရာသို့ရောက်နေပြီဖြစ်ကြောင်း သေချာသွားသောအခါမှ ကျယ်ပြန့်တာအိုဂြိုဟ်ပေါ်၌ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်၍သတိရသွား၏။ အရာအားလုံးမှာ အိပ်မက်တခုကဲ့သို့ပင်။ သို့သော် သူသည် ထို ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်များနှင့် အမှန်တကယ်ကြုံတွေ့ခဲ့ရသည်ဖြစ်ရာ ကြောက်စိတ်များ မပြေသေးပေ။ ထိုအချိန်တွင် သူ၏ အတွေးထဲ၌ ဧရာမလက်ကြီး၏ ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။
” နောက်ဆုံးတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိလဲ ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် မမလေးအား မေးလိုက်၏။
” ဒါ နင့်အမှားတွေချည်းပဲ။ ဓားအိမ်လေးကို သန့်စင်ဖို့တစ်ခုတည်းအတွက် အချုပ်အနှောင်ရဲ့ စွမ်းအားအကုန်လုံးကို သုံးလိုက်ရတယ်လို့… ပုံမှန်အတိုင်းသာဆို ဘယ်သူကမှ ငါတို့ကို အဲလောက်မြန်မြန်ကြီး ရှာတွေ့သွားမှာမဟုတ်ဘူး… ထားပါတော့လေ။ ငါလည်း အပြစ်ရှိပါတယ်။ ငါတို့တွေက ကံဆိုးသွားတာ။ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် ရောက်လာလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ… ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်လောက်သာဆိုရင် အဲလောက်အထိ အခြေအနေဆိုးမှာ မဟုတ်ဘူး။ အဲဒီ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူက အရမ်းကြီး အစွမ်းထက်မနေလို့ တော်သေးတယ်။ ငါ့ရဲ့ လျှို့ဝှက်ဆန်းကြယ် ပညာရပ်တွေက တုနှိုင်းမဲ့နေလို့သာ သူ့ကို အာရုံလွှဲနိုင်ခဲ့ပြီးတော့ ငါတို့နောက်ကို လိုက်မလာနိုင်အောင် တားဆီးနိုင်ခဲ့တာ… ” မမလေးမှာ ထိုသို့ဆိုကာ သက်ပြင်းချလိုက်၏။ သူမသည် တစ်ချိန်လုံး မြည်တွန်တီးတောက်နေခဲ့ပါသော်လည်း နောက်ဆုံးတွင်မူ သူမကိုယ်သူမ ကျေနပ်နေသည့်လေးသံ ပေါက်သွား၏။
” ထာဝရကြယ်အဆင့်ဆိုပဲ… ” ဝမ်ပေါင်လဲ့မှာ မမလေး၏ စကားများထဲမှ မယုံရသောအပိုင်းများကို လျစ်လျူရှုထားလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် ဓားအိမ်လေးအား ပြန်၍သတိရသွားတော့ကြောင့် စိတ်ရှုပ်တရှား ဖြစ်သွားပြီး သူ၏ ညာဘက်လက်ဖြင့် ရင်ဘက်အား ရိုက်ကာ ၎င်းအား ဆွဲထုတ်ကြည့်လိုက်တော့သည်။ သို့သော် သူသည် ဆွဲမထုတ်နိုင်ဘဲ ဖြစ်နေရသောကြောင့် မှင်တက်သွားရ၏။
ဝမ်ပေါင်လဲ့မှာ စိုးထိတ်သွားရပါသော်လည်း သူ၏ဓားအိမ်လေးအား အာရုံခံနိုင်စွမ်းရှိနေသေးသောကြောင့် အနည်းငယ်ခန့် စိတ်အေးသွားရ၏။ ထို့နောက် သူ၏ခေါင်းထဲ၌ အကြံတစ်ခုပေါ်ပေါက်လာတော့သည်။ သူသည် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို ဓားအိမ်လေးထဲသို့ ထည့်သွင်းလိုက်ပြီးနောက် ၎င်းအား စစ်ဆေးကြည့်လိုက်၏။ ထိုအခါ အနက်ရောင်ခြင်နှင့် ခရမ်းရောင်ခြင်တို့မှလွဲ၍ အခြားခြင်များအားလုံး ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။
ဓားအိမ်ထဲတွင်မူ ရွှေရောင်အလင်းတန်း တစ်ရာကျော်ရှိနေ၏။ ၎င်းတို့၏ အရေအတွက်မှာ သူ ထို ဓားအိမ်လေးထဲသို့ ထည့်သွင်းခဲ့သည့် အလင်းရောင် အမျှင်အတန်းများ၏ အရေအတွက်နှင့် အတူတူပင်။ ၎င်းတို့မှာ သန္ဓေတည်နေသကဲ့သို့ ဖြစ်နေကြ၏။ ထို မြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့၏ အတွေးထဲ၌ ခန့်မှန်းချက်မျိုးမျိုး ပေါ်ပေါက်လာရ၏။ သူသည် ၎င်းတို့မှာ ရွှေရောင်ခြင် အကောင်ရေတစ်ရာကျော်အဖြစ် ပြောင်းလဲသွားတော့မည်လောဟု တွေးတောနေမိတော့သည်…
ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် နေအဖွဲ့အစည်းနှင့် အလွန်အင်မတန်မှ ဝေးကွာသော ကျယ်ပြန့်ကြယ်နယ်မြေထဲရှိ ကျယ်ပြန့်တာအိုဂြိုဟ်ပေါ်တွင် သက်လတ်ပိုင်းလူကြီးတစ်ယောက်မှာ မြေကြီးပေါ်၌လဲကျကာ မလှုပ်နိုင်ပဲ ဖြစ်နေရသည်။ ထိုလူကြီးမှာ လက်တစ်ဖက် ပြတ်နေပြီး သစ်ရွက်ငါးရွက်မှာ အခြားလက်ငါးဖက်ထဲသို့ ဓားများကဲ့သို့ စိုက်ဝင်နေ၏။ သူသည် တစ်ကိုယ်လုံးတုန်ရီနေရပြီး အကြောက်တရားများဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ရှေ့သို့ စိုက်ကြည့်နေ၏။ သူ၏ရှေ့တွင်မူ ဧရာမကျောက်တုံးကြီးတစ်တုံး ရှိနေပြီး လူငယ်လေးတစ်ယောက်မှာ ထိုကျောက်တုံးကြီးကိုမှီထားသည်။ ထိုလူငယ်လေး၏ ဘေးတွင် အစိမ်းရောင် သစ်သားဓားတစ်လက် ရှိနေပြီး သူသည် သူ၏လက်ထဲရှိ ဘူးသီးခြောက်ထဲမှ အရက်များကို သောက်နေ၏။
သက်လတ်ပိုင်းလူကြီးမှာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်ခဲ့သည့် အဆုံးမဲ့မျိုးနွယ်စုမှ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူကြီး ဖြစ်ပေသည်။
သူသည် သူ၏ရှေ့တွင်ရှိနေသော လူငယ်လေးအား မည်သူမည်ဝါမှန်း မသိပါသော်လည်း ခန့်မှန်းကြည့်လိုက်၏။ ထိုသို့ခန့်မှန်းကြည့်လိုက်ပြီးနောက် သူသည် သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားရသဖြင့် အလောတကြီး လျှောက်တင်မိလိုက်တော့သည်။
” သခင်။ ကျွန်တော်က ဒုတိယအဆင့် နတ်ဘုရင်ရဲ့ အမိန့်အရ…. ”
သို့သော် သူ စကားမဆုံးနိုင်ခင်မှာပင် ဓားအလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားပြီး သူ၏ ခေါင်းသုံးလုံးမှာ လေပေါ်သို့ မြောက်တက်သွား၏။ ထို့နောက် သူ၏ဒဏ်ရာများထဲမှ အေးစက်စက် အနက်ရောင်မီးတောက်များ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား လောင်ကျွမ်းသွားစေတော့သည်။ ထို ကြယ်နယ်မြေအဆင့် ကျင့်ကြံသူကြီးမှာမူ မျက်စိတစ်မှိတ်အတွင်း ဇီဝိန်ချုပ်သွားရ၏။
” ငါ့ရဲ့ ဂိုဏ်းတူညီလေးကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့။ မင်း ဘာကောင်ကြီးဖြစ်နေဖြစ်နေ ငါက ဂရုစိုက်နေမှာ မဟုတ်ဘူး ” ထိုလူငယ်လေးမှာ တတွတ်တွတ် ရေရွတ်လိုက်ပြီး သူ၏ ဘူးသီးခြောက်ကို မြှောက်ကာ နောက်ထပ်တစ်ကျိုက် မော့သောက်လိုက်ပြန်သည်။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ကောင်းကင်ကြီးအား မော့ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများမှာ အာကာသကြီးအား ထိုးဖောက်နိုင်စွမ်းရှိကာ နေအဖွဲ့အစည်းအား လှမ်းမြင်နေရသည့်ပုံပင်။ ထိုအချိန်တွင် သူသည် ဖြည်းဖြည်းချင်း ပြုံးကာ ရေရွတ်လိုက်တော့သည်။
” ချစ်ရတဲ့ ဂိုဏ်းတူညီလေးရေ။ နောက်ဆုံးတော့ အစ်ကိုကြီး မင်းကိုရှာတွေ့ပြီ “