စာစဉ်(၇) အပိုင်း(၉၆)

ငါးယောက်

ဇူယွမ်ရဲ့လေသံက ခန်းမအတွင်းဝယ်ပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာသကဲ့သို့ လျှိုဟူရဲ့မျက်နှာကလည်း အလွန်အမင်းဖြူဖျော့သွားခဲ့ရပြီး အချိန်အတော်ကြာအောင် စကားမပြောနိုင်ဖြစ်သွားခဲ့ရသည်။ ဇူယွမ်အနေနဲ့ ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့ရဲ့ အထောက်အပံ့ကို အမှန်တကယ်ရရှိနိုင်လိမ့်မယ်လို့ မည်သူကမှထင်မှတ်ထားခဲ့လိမ့်မည်မဟုတ်ပေ။

ဇူယွမ်အစောပိုင်းက ပြောခဲ့တဲ့စကားတွေကို ပြန်စဉ်းစားမိလိုက်ကြသည့်အခါ လူတိုင်းကနားလည်သွားခဲ့ကြပြီဖြစ်သည်။ ဇူယွမ်ရဲ့သတင်းအားလုံးကို ကြားသိခဲ့ရပြီးဖြစ်သည့်အတွက် ချီယန်တစ်ယောက် ဇူအင်ပါယာမြို့တော်အတွင်းမှာ ဆက်မနေရဲတော့ခြင်းက အံ့ဩစရာမဟုတ်တော့ပေ။

ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့ အတူတကွပူးပေါင်းလာခဲ့ခြင်းက ချီယန်ကို ဇူအင်ပါယာမြို့တော်အတွင်းမှာ ထွက်မသွားနိုင်အောင်ပြုလုပ်ဖို့အတွက် အမှန်တကယ်ကိုလုံလောက်ပေသည်။

ဇူယွမ်ကတည်ငြိမ်စွာပင်ပြောသည်… “အဆိပ်ရေအိုင်မှာ ချီယန်က ချီဟောင်ကိုစေလွှတ်ပြီးတော့ မီးဝိညာဉ်အစေ့အတွက် ငါနဲ့ယှဉ်ပြိုင်စေခဲ့တယ်… ဒါပေမဲ့ သူတို့တွေကလုံးဝရှုံးနိမ့်သွားခဲ့ရပြီးတော့ ချီဟောင်ရဲ့အသက်က ငါ့ရဲ့လက်ထဲမှာ ဆုံးရှုံးခဲ့ရတယ်… အဲ့ဒီနောက်မှာငါက ဗိုလ်ချုပ်ကြီးဝေနဲ့ အဆိပ်ဘုရင်တို့ရဲ့ အထောက်အပံ့ကိုရရှိခဲ့တယ်… ချီယန်က ဒါကိုသိနေတဲ့အတွက် ပုန်ကန်သွားခဲ့တာပဲ…”

လူတိုင်းကအံ့ဩလွန်း၍ စကားမပြောနိုင်ဖြစ်သွားခဲ့ရသည်။ ချီဘုရင်ရဲ့အခုလိုမျိုး ပုန်ကန်သွားမှုက မင်းသားလေးဇူယွမ်ပြုလုပ်ခဲ့တဲ့ အရာတွေကြောင့်ပင်ဖြစ်သည်။

သို့ပေမဲ့လည်း ဒီအခြင်းအရာက လူတိုင်းကိုနောက်တစ်ကြိမ် တွေးတောသွားစေခဲ့ရသည်။ ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့ရဲ့အကူအညီနဲ့ဆိုရင် တော်ဝင်ကလန်ရဲ့အင်အားက နှစ်ဆခန့်မြင့်တက်သွားရမည်ဖြစ်ကာ ချီအိမ်တော်ရဲ့အပြုအမူတွေကို ဆက်လက်ပြီးသည်းခံနေတော့မည်မဟုတ်သည်မှာ သေချာသည်။ တကယ်လို့ချီဘုရင်က သေဖို့အတွက် ထိုင်စောင့်မနေချင်ဘူးဆိုလျှင် သူ့အနေနဲ့ ပုန်ကန်ဖို့တစ်ခုတည်းကိုသာ ရွေးချယ်ရဖို့ပဲရှိတော့သည်။

“ဒါပေမဲ့ မင်းသားလေးက ဒါကိုဘယ်လိုလုပ်ခဲ့တာလဲ…”

ဝန်ကြီးတွေနဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ရင်ဘတ်က တုန်လှုပ်နေခဲ့ရသကဲ့သို့ သူတို့ကဇူယွမ်ရဲ့ အနည်းငယ် ငယ်ရွယ်နုပျိုနေသေးတဲ့မျက်နှာကို ကြည့်လိုက်မိကြသည်။ ဇူချင့်အတွက် နှစ်ပေါင်းများစွာကြာအောင် ဒုက္ခဖြစ်စေခဲ့သည့် ဝေကန်းလန်ရဲ့ကိစ္စကို ဇူယွမ်က ဒီလိုမျိုးလွယ်လွယ်ကူကူဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်မထားမိခဲ့ပေ။

ဒါကအမှန်တကယ်ကိုပင် စိတ်ကူးကြည့်၍မရနိုင်သောအရာဖြစ်သည်။

လျှိုဟူရဲ့ရင်ဘတ်ကလည်း လှိုင်းထန်နေတဲ့ပင်လယ်တစ်ခုအလား ပြင်းပြင်းထန်ထန်လှုပ်ရှားနေလျက်ရှိကာ သူက တည်ငြိမ်မှုရှိနေသည့် လူငယ်လေးရဲ့မျက်နှာကို ကြည့်လိုက်မိသလို နောင်တရသလိုလည်း ခံစားလိုက်ရသည်။ ဇူချင်က ဇူယွမ်နဲ့ သူ့သမီးတို့ကို လက်ထပ်ပေးဖို့တောင်းဆိုခဲ့စဉ်အခါက ငြင်းဆန်ခဲ့မှုကို သူကအခုအချိန်မှာ နောင်တရနေသလို ခံစားခဲ့လိုက်ရသည်။

ဒီလိုငြင်းပယ်ခဲ့ရခြင်းက လျှိုစီရဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်မှုကြောင့်သာမက သူကိုယ်တိုင်ကလည်း တော်ဝင်ကလန်နဲ့ ဇူယွမ်တို့ရဲ့အနာဂတ်ကို ယုံကြည်မှုမရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့်ပင်သူက လျှိုစီရဲ့လက်ထပ်ပွဲကို ငြင်းပယ်ခြင်းအားမတားဆီးဘဲ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အခုအချိန်မှာတော့ သူတို့တွေယုံကြည်မှုမရှိခဲ့သည့် ဒီလူငယ်လေးက တစ်နှစ်အတွင်းမှာပင် မျက်လှည့်ဆန်ဆန်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ချီယွဲ့ကိုအနိုင်ယူပြီး တော်ဝင်ဇူကျောင်းတော် အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ပထမနေရာကို ရယူနိုင်ခဲ့ရုံသာမက သူကမသိနိုင်တဲ့နည်းလမ်းအချို့ကိုသုံးပြီး ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့ရဲ့အကူအညီကိုရရှိအောင်ပင် စွမ်းဆောင်နိုင်ခဲ့ပေသည်။

သာမန်လူတစ်ယောက်က ဒီလိုအောင်မြင်မှုမျိုးကို ဘယ်လိုများရယူနိုင်လိမ့်မည်နည်း။

ခန်းမအတွင်းမှာ ဇူချင်တစ်ယောက် အချိန်အတော်ကြာအောင် အံ့အားသင့်နေခဲ့ရပြီးမှ နောက်ဆုံးမှာ လက်ရှိအခြေအနေကို ပြန်လည်ရောက်ရှိလာခဲ့ရသည်။ ထို့နောက်မှာ သူကချက်ချင်းဆိုသလိုပင် ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့ကိုကြည့်လိုက်ကာပြောသည်… “ကျေးဇူးပြုလို့ ထကြပါ… ခင်ဗျားတို့ရဲ့အကူအညီနဲ့ဆိုရင် ဇူအင်ပါယာက ပုန်ကန်သူတွေကို သေချာပေါက်ဖယ်ရှားရှင်းလင်းပြစ်နိုင်လိမ့်မယ်…”

မူလကစိတ်ဓာတ်ကျဆင်းမှုတွေနဲ့ လွှမ်းခြုံနေခဲ့ရသည့် ခန်းမတစ်ခုလုံးက ထိုအခိုက်အတန့်မှာပင် တစ်ဖန်ပြန်လည်၍မြင့်တက်လာခဲ့ကြရသည်။ များစွာသောစစ်တပ်အရာရှိတွေက နှုတ်မှထုတ်ဖော်ဟစ်ကြွေးကြသည်အထိ စိတ်အားတက်ကြွနေခဲ့ကြသည်။ ဒါကိုကြည့်ရတာ သူတို့ရဲ့စိတ်ဓာတ်တွေက အချိန်တစ်ခုကြာသည်အထိ မြင့်တက်နေကြရပေဦးလိမ့်မည်။

ဗိုလ်ချုပ်ကြီးဝေကန်းနဲ့ အဆိပ်ဘုရင်တို့ရဲ့ အကူအညီနဲ့ဆိုရင် ဇူအင်ပါယာရဲ့အင်အားက အခုအချိန်မှာ ချီအိမ်တော်ကို အလွယ်တကူဖိနှိပ်နိုင်ပေလိမ့်မည်။

ခန်းမအတွင်းရှိလူတွေရဲ့စိတ်ဓာတ်တွေ တစ်ဖန်ပြန်လည်၍မြင့်တက်လာသည်ကို မြင်လိုက်ရပြီးနောက်မှာ ဇူချင်ရဲ့မျက်နှာက တောက်ပလာခဲ့ရသည်။ သူ့ရဲ့အကြည့်က ခန်းမတစ်ခုလုံးကို ဖြန့်ကျက်ရောက်ရှိသွားခဲ့ပြီး ခိုင်မာပြတ်သားသည့်လေသံတစ်ခု ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်… “ဒီနေ့ကစပြီးတော့ ဇူအင်ပါယာက စစ်ပွဲအတွက် ပြင်ဆင်ကြမယ်… နန်းတော်အစောင့်အရှောက်တွေက မြို့တော်ကိုတင်းတင်းကျပ်ကျပ်ကာကွယ်ပြီးတော့ ချီအိမ်တော်ပုန်ကန်သူတွေရဲ့ လှုပ်ရှားမှုတိုင်းကို သေသေချာချာစောင့်ကြည့်ထားကြရမယ်…”

သူ့ရဲ့အကြည့်တွေက လျှိုဟူထံကျရောက်သွားခဲ့ပြီးနောက်မှာ အေးစက်သည့်လေသံဖြင့်ဆက်ပြောလိုက်သည်… “လျှိုဟူအတွက်ကတော့… ဒီအချိန်အတောအတွင်းမှာ မင်းကမင်းရဲ့အိမ်တော်ကနေ ခြေတစ်လှမ်းမှ ထွက်ခွာခွင့်ရတော့မှာမဟုတ်ဘူး…”

ဒါကိုကြည့်ခြင်းအားဖြင့် ဇူချင်က လျှိုဟူကိုချုပ်ချယ်ထားလိုက်သည်မှာ ထင်ရှားသည်။ ဒါ့အပြင် ဇူချင်က ဇူအင်ပါယာမြို့တော်အတွင်းမှာရှိနေတဲ့ ချီအိမ်တော်ရဲ့သူလျှိုတွေကို စတင်ပြီးသုတ်သင်တော့မည်ဆိုသည်ကို အလွယ်တကူခန့်မှန်းနိုင်ပေသည်။ လက်ရှိမြို့တော်အတွင်းမှာရှိနေတဲ့ ချီအိမ်တော်သူလျှိုတွေအနေဖြင့် တစ်ယောက်မှလွတ်မြောက်နိုင်တော့မည့်ပုံမပေါ်ပေ။

လျှိုဟူရဲ့မျက်နှာက အလွန်အမင်းဖြူဖျော့သွားခဲ့ရသည်။ သူ့ရဲ့လျှိုမိသားစုက အခုအချိန်မှာ အားလုံးအဆုံးသတ်သွားခဲ့ပြီဖြစ်သည်ကို သူကကောင်းစွာသိရပေသည်။

ဇူချင်ရဲ့ဆုံးဖြတ်ချက်ပြတ်သားမှုနဲ့ အညှာအတာကင်းမဲ့မှုက ခန်းမအတွင်းရှိလေထုကို အနည်းငယ်လေးလံသွားစေခဲ့သည်။

“ကျန်တဲ့စစ်တပ်အရာရှိအားလုံးက ကိုယ့်ရဲ့သက်ဆိုင်ရာနယ်မြေအလိုက် ကာကွယ်ကြရလိမ့်မယ်… ငါတို့တွေက ဇူအင်ပါယာရဲ့မြေတစ်လက်မတောင်မှ ပုန်ကန်သူတွေလက်ထဲ ရောက်သွားဖို့ခွင့်မပြုပေးနိုင်ဘူး…” ဇူချင်ရဲ့လေးနက်တဲ့လေသံက ခန်းမအတွင်း၌ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

“နားလည်ပါပြီ…”

တလေးတစားပြန်ဖြေလိုက်သံတွေက ခန်းမအတွင်းမှာ အစီအရီထွက်ပေါ်လာခဲ့ရသည်။

သူ့ရဲ့ညွှန်ကြားချက်တွေ ပေးလိုက်ပြီးနောက်မှာ ဇူချင်က ခန်းမအတွင်းမှ လူအားလုံးကို ထွက်ခွာသွားစေခဲ့သလို ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့ နေထိုင်ဖို့ရန်အတွက်လည်း လူအချို့ကို ပြင်ဆင်စေခိုင်းလိုက်သည်။

ရုတ်ချည်းပင် ခန်းမအတွင်းမှာ ဇူချင်နဲ့ဇူယွမ်တို့နှစ်ယောက်မှလွဲပြီး ကျန်တဲ့သူတစ်ယောက်မှ ရှိမနေတော့ပေ။

ဇူချင်က ခန်းမအတွင်းရှိ ပိန်ပါးသည့်လူငယ်လေးကိုကြည့်လိုက်သလို သူ့ရဲ့မျက်လုံးထဲမှာ အပျော်တွေစီးမျောသွားခဲ့ရသည်။ ထို့နောက်မှာ သူကဇူယွမ့်ထံလျှောက်လှမ်းသွားခဲ့ပြီး ဇူယွမ်ရဲ့ပခုံးကို ညင်သာစွာပုတ်ကာပြောလိုက်သည်… “ယွမ်အာ… အဖေ ဒီတစ်ကြိမ်တော့ သားကိုအမှန်တကယ် ကျေးဇူးတင်မိတယ်…”

အကယ်၍ ဇူယွမ်ကသာ ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့ရဲ့ အကူအညီကိုမရရှိနိုင်ခဲ့ဘူးဆိုလျှင် ချီဘုရင်နဲ့ သူသေကိုယ်သေ ရင်ဆိုင်တိုက်ခိုက်ရုံကလွဲပြီး အခြားရွေးချယ်စရာရှိလိမ့်မည်မဟုတ်ပေ။

ဇူယွမ်ကပြုံး၍ပြောလိုက်သည်… “အဖေရဲ့ပခုံးပေါ်မှာ နှစ်ပေါင်းများစွာကြာအောင် ကြီးလေးတဲ့တာဝန်တွေကို ထမ်းပိုးထားခဲ့ရတယ်… အခုက ကျွန်တော့်အနေနဲ့ ဒီတာဝန်ကိုနည်းနည်းလေးလျော့သွားအောင် ကူညီပေးခဲ့ရရုံပဲရှိပါသေးတယ်…”

သူ့အဖေရဲ့နာကျင်မှုတွေကို သူကအဘယ်သို့ မသိဘဲနေလိမ့်မည်နည်း။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာက ဝူအင်ပါယာရဲ့ပုန်ကန်မှုကြောင့် ဇူအင်ပါယာရဲ့ဂုဏ်သိက္ခာက ကြေမွပျက်စီးသွားခဲ့ရသည်။ သူတို့တွေက ဒုက္ခသုက္ခခံကာ ဇူအင်ပါယာကို ထိန်းသိမ်းထားနိုင်ခဲ့ပေမဲ့လည်း ဆုံးရှုံးသွားခဲ့ရတဲ့ သူတို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်ဖို့က လွယ်ကူလိမ့်မည်မဟုတ်ပေ။

ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့် ဇူအင်ပါယာရဲ့အင်အားက ကျဆင်းသွားခဲ့ရသည်။ သူ့အဖေဇူချင်ရဲ့ ခက်ခက်ခဲခဲထိန်းသိမ်းထားနိုင်မှုကြောင့်သာမဟုတ်လျှင် ဇူအင်ပါယာက အစောကြီးကတည်းက ကွယ်ပျောက်သွားရပေလိမ့်မည်။

ဇူအင်ပါယာအေးအေးချမ်းချမ်းရှိစေရန်အတွက် သူကချီအိမ်တော်ရဲ့အပြုအမူတွေကို တစ်ကြိမ်ပြီးတစ်ကြိမ် အလျော့ပေးသည်းခံခဲ့ရပေမဲ့ ဒါတွေအားလုံးကို ပျောက်ကွယ်မသွားစေခဲ့ဘဲ သူ့ရဲ့ရင်ထဲမှာ သိမ်းဆည်းထားခဲ့ကာ အနည်းငယ်သောမကျေနပ်မှုလေးကိုမျှ ထုတ်မပြခဲ့ပေ။

သူကဇူယွမ်ကိုကြည့်လိုက်သကဲ့သို့ သူ့ရဲ့မျက်လုံးတွေက နီရဲလာခဲ့ရကာ တီးတိုးရေရွတ်လိုက်မိသည်… “ယွမ်အာက နောက်ဆုံးတော့ ကြီးပြင်းလာခဲ့ပြီပဲ…”

“အဖေ… ချီယန်က ကျွန်တော်တို့တွေ ဗိုလ်ချုပ်ကြီးဝေနဲ့ အဆိပ်ဘုရင်တို့ရဲ့အကူအညီရရှိခဲ့တာကို သိထားပြီးတာတောင်မှပဲ ပုန်ကန်ရဲတယ်ဆိုတော့ သူ့ရဲ့နောက်မှာ တစ်ခုခုကျောထောက်နောက်ခံရှိနေတဲ့ပုံပဲ… ဒီအတွက်ကြောင့် ကျွန်တော်တို့တွေကလည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်တယ်…” ဇူယွမ်ရဲ့အမူအယာက အနည်းငယ်လေးနက်နေခဲ့ရကာ သူကဇူချင်ကို သတိပေးလိုက်သည်။

ဇူချင်ကခေါင်းညိတ်ပြလိုက်သည်… “တကယ်လို့အဖေထင်တာသာ မမှားဘူးဆိုရင် ဝူအင်ပါယာက သူ့ကိုမယုံကြည်နိုင်စရာကောင်းလောက်တဲ့ပမာဏအထိ ထောက်ပံ့ပေးထားမှာကို အဖေစိုးရိမ်နေမိတယ်…”

ဇူယွမ်ရဲ့မျက်လုံးတွေက ညအလားနက်မှောင်သွားခဲ့ရပြီး… “အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲတုန်းက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်တွေက ဝူအင်ပါယာအိမ်ရှေ့မင်းသားရဲ့နားထဲကိုရောက်ရှိသွားတယ်လို့ ကျွန်တော်ကြားခဲ့ရတယ်… ဒါက သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက် သူကချီဘုရင်ရဲ့လက်ကိုငှါးပြီး ကျွန်တော့်ကိုရှင်းပြစ်ချင်နေတာပဲ…”

ဇူချင်က အံကိုတင်းတင်းကြိတ်လိုက်မိသလို သူ့ရဲ့မျက်လုံးထဲမှာလည်း လူသတ်လိုစိတ်တွေ ထွက်ပေါ်လာခဲ့ရကာ… “ဘာမှမပူနဲ့ယွမ်အာ… ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့က ငါတို့ဘက်မှာရှိနေပြီဖြစ်တဲ့အတွက် တော်ဝင်ကလန်က အခုအချိန်မှာ မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်ပိုင်ဆိုင်ထားခဲ့ပြီ… ဒီအင်အားက အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ဖို့ လုံလောက်မှုရှိတယ်…”

ဒါကိုကြားလိုက်ရသည့်အခါ ဇူယွမ်ကရယ်မောကာပြောလိုက်သည်… “ဒါက ငါးယောက်လို့ပြောရင် ပိုပြီးမှန်လိမ့်မယ်…”

ဇူချင်အံ့အားသင့်သွားခဲ့ရသည်။

ထို့ကြောင့်ပင် ဇူယွမ်က ဇူချင်ကို ယောင်ယောင်နဲ့ထန်ထန်တို့အကြောင်းကို ပြောပြလိုက်သည်။

“ဒါကယောင်ယောင်နဲ့ ထန်ထန်တို့ကြောင့်သာမဟုတ်ဘူးဆိုရင် ကျွန်တော်တို့တွေက အဆိပ်ဘုရင်ကို ဒီလိုမျိုးအညံ့ခံလာအောင်လုပ်နိုင်ခဲ့မှာမဟုတ်သလို ဝေကန်းလန်တောင်မှပဲ ဒီပုန်ကန်မှုနဲ့ပတ်သက်ပြီး သေချာပေါက်စိတ်အနှောင့်အယှက်ဖြစ်ခံလိမ့်မှာမဟုတ်ဘူး…”

အမှန်အတိုင်းပြောရရင် ဝေကန်းလန်နဲ့ အဆိပ်ဘုရင်တို့နှစ်ယောက်စလုံး ဒီလိုမျိုးပူးပေါင်းလာစေဖို့အတွက် အတင်းအကျပ်ဖိအားပေးသိမ်းသွင်းခဲ့ရခြင်းဖြစ်သည်။ သူတို့နှစ်ယောက်ကြားရှိမတူညီတဲ့တစ်ခုတည်းသောအရာက ဝေကန်းလန်ကို ညင်သာစွာဖြင့်သိမ်းသွင်းနိုင်ခဲ့ရခြင်းဖြစ်ကာ အဆိပ်ဘုရင်ကို သိမ်းသွင်းနိုင်ဖို့က တိုက်ရိုက်ဆန်ပြီး ကြမ်းတမ်းစွာပြုမူခဲ့ရပေသည်။

ဇူချင်က သက်ပြင်းချကာပြောလိုက်သည်… “ယောင်ယောင်က ငါတို့ဇူကလန်ရဲ့ တကယ့်ကိုကျေးဇူးရှင်တစ်ယောက်ပဲ… အဖေတို့တွေ သူမကိုဘယ်လိုမျိုးပြန်ပြီး ကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူး…”

ဇူယွမ်ကပြုံး၍ပြောလိုက်သည်… “တကယ်လို့သာအဖေက အစ်မကြီးယောင်ယောင်ကို ကျေးဇူးတင်တယ်ဆိုလို့ရှိရင် အဖေသိမ်းဆည်းထားတဲ့ သေရည်ကောင်းအားလုံးကို သူမကိုပေးလိုက်သင့်တယ်… ဒီလိုသာဆိုရင် သူမက သေချာပေါက်အရမ်းကိုပျော်ရွှင်သွားရလိမ့်မယ်…”

ခပ်ဖွဖွအပြုံးတစ်ခု ဇူချင်ရဲ့နှုတ်ခမ်းထက်မှာ ထွက်ပေါ်လာခဲ့ရပြီး “ကောင်းပြီ… ဒါတွေအားလုံး သူမကိုပေးရမှာပေါ့…”

အဖေနဲ့သား တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်မိကြပြီး ဟက်ဟက်ပက်ပက်ပင် ရယ်မောမိလိုက်ကြသည်။

အချိန်အနည်းငယ်ကြာရယ်မောနေခဲ့ပြီးနောက်မှာ ဇူယွမ်ကသူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး အဝေးရှိအနက်ရောင်တိမ်တိုက်တွေစုစည်းနေသည်ကို ကြည့်လိုက်ကာ ဖြည်းညှင်းစွာဖြင့်ပြောလိုက်သည်… “မစိုးရိမ်ပါနဲ့အဖေ… ဇူအင်ပါယာက အဆင်ပြေပါလိမ့်မယ်…”

“အရင်တုန်းက ကျွန်တော်ကအရမ်းကို ငယ်ရွယ်ပြီးတော့ ဘာမှမလုပ်နိုင်သေးတဲ့အချိန်မှာ အဖေနဲ့အမေတို့က ကျွန်တော့်ကိုကာကွယ်ပေးခဲ့ရတယ်… ဒါပေမဲ့ ဒါကအခုအချိန်မှာ ကွဲပြားခြားနားသွားခဲ့ရပြီ…”

“အခုအချိန်မှာသူတို့တွေက တစ်ခုခုလုပ်ချင်တယ်ဆိုရင် သူတို့အားလုံးကျွန်တော့်ရဲ့သဘောထားကို အရင်ဆုံးမေးရလိမ့်မယ်…”

ဇူယွမ်ရဲ့မျက်နှာထက်မှာ ထွက်ပေါ်နေတဲ့အပြုံးက အဆုံးမရှိတဲ့အေးစက်မှုတို့ဖြင့် ပြည့်နှက်နေရပေသည်။

“သူတို့တွေယူဆောင်သွားခဲ့တဲ့အရာအားလုံးက သိပ်မလိုတော့တဲ့အချိန်အတွင်းမှာ ကျွန်တော်တို့ရဲ့လက်ထဲကို ပြန်ရောက်လာရလိမ့်မယ်…”

“ဒါကို ကျွန်တော်တို့တွေက ချီအိမ်တော်နဲ့ စတင်ရလိမ့်မယ်…”


Comment

Leave a Reply

Options

not work with dark mode
Reset