“ပုန်ကန်တာလား…”
တော်ဝင်နန်းတော်အတွင်းဝယ် ဇူချင်ရဲ့မျက်နှာက ဒေါသကြောင့်နက်မှောင်နေခဲ့ရပြီး သူ့ရဲ့လက်သီးကလည်း စားပွဲခုံပေါ်ကို ပြင်းပြင်းထန်ထန်ကျရောက်သွားခဲ့သလို သူ့ရဲ့မျက်လုံးထဲမှာလည်း ကျောချမ်းစရာကောင်းလောက်သည့် လူသတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေရပေသည်။ ဒါကိုကြည့်ခြင်းအားဖြင့် ချီအိမ်တော်ပုန်ကန်တဲ့သတင်းကို သူကြားထားပြီးဖြစ်သည်မှာ ထင်ရှားလှသည်။
ကြီးမားတဲ့ခန်းမတစ်ခုအတွင်းမှာ များစွာသောစစ်တပ်ခေါင်းဆောင်တွေနဲ့ ဝန်ကြီးတွေအားလုံး စုရုံးရောက်ရှိနေခဲ့ကြသလို သူတို့ရဲ့အမူအယာတွေက မရေရာမသေချာမှုတို့ဖြင့် မတည်ငြိမ်နိုင်အောင်ရှိနေကြသည်။ သူတို့အားလုံးက ချီဘုရင်ထံမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပုန်ကန်ဖို့အတွေးရှိနေတယ်ဆိုတာကို သိထားရပေမဲ့ သူပုန်ကန်တဲ့နေ့က ဒီနေ့ဖြစ်လာလိမ့်မယ်လို့ မည်သူကမှထင်မှတ်မထားခဲ့ပေ။
“ချီဘုရင်က ပုန်ကန်ခဲ့ပြီဆိုတော့ မင်းတို့အားလုံးက ငါတို့တွေဘာလုပ်သင့်တယ်လို့ထင်လဲ…” ဇူချင်ရဲ့အကြည့်က အောက်ဘက်သို့ကျရောက်လာခဲ့ပြီး အောက်ဘက်တွင်ရှိနေသည့် ဝန်ကြီးအုပ်စုကို ထွင်းဖောက်ထွက်သွားတော့မတတ် ကြည့်လိုက်သည်။
လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ တော်ဝင်ကလန်ရဲ့အင်အားကျဆင်းသွားခဲ့ရခြင်းကြောင့် စစ်တပ်ခေါင်းဆောင်အချို့နဲ့ ဝန်ကြီးအချို့တို့က ချီအိမ်တော်ရဲ့စိုးမိုးခြယ်လှယ်မှုကို ခံခဲ့ရသည်ကို သူ့အနေနဲ့ကောင်းစွာသိထားရပြီး ထို့ကြောင့်ပင် သူတို့ရဲ့ရပ်တည်ချက်က လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ရသည်။ ထို့အပြင် ချီအိမ်တော်ရဲ့နောက်မှာ ဝူအင်ပါယာကကျောက်ထောက်နောက်ခံအဖြစ်ရှိနေသည်ကို လူတိုင်းသိထားကြသည်။
ချီအိမ်တော်က ဒီလိုပုန်ကန်ဖို့ဆုံးဖြတ်ချက်ချလိုက်ခြင်းက ဝူအင်ပါယာရဲ့အထောက်အပံ့တွေ ရရှိခဲ့ခြင်းကြောင့်ပင်ဖြစ်နိုင်ပေသည်။ အကယ်၍တော်ဝင်ကလန်ကသာ ချီအိမ်တော်ရဲ့ဖြုတ်ချခြင်းကို ခံခဲ့ရမယ်ဆိုရင် ချီအိမ်တော်နဲ့ဆန့်ကျင်ခဲ့တဲ့လူမှန်သမျှ အသက်ရှင်ရလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့်ပင် ခန်းမတစ်ခုလုံး အချိန်အတော်ကြာသည်အထိ အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်နေခဲ့ရသည်။
ထိုအခိုက်အတန့်မှာပင် ရုတ်တရက် အသံတစ်ခုထွက်ပေါ်လာခဲ့သည်… “အရှင်မင်းကြီး… ချီအိမ်တော်က အရမ်းကိုအင်အားကောင်းပြီးတော့ သူတို့နဲ့ရင်ဆိုင်ဖို့ဆိုတာက ခက်ခဲတဲ့အရာတစ်ခုပဲ… ကျွန်တော်တို့က ချီအိမ်တော်ကို အင်ပါယာကနေ သူတို့ဘာသာသူတို့ ခွဲထွက်သွားစေပြီးတော့ ဖြစ်ပေါ်လာမဲ့တိုက်ပွဲတွေကို ကာကွယ်ဖို့အတွက် သူတို့နဲ့ငြိမ်းချမ်းရေးယူဖို့ကြိုးစားခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော်အကြံပြုလိုတယ်…”
လူတိုင်းကစကားသံထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်သည့်အခါ ပြောလိုက်သူက လျှိုဟူဖြစ်နေသည်ကို တွေ့လိုက်ကြရသည်။
လျှိုဟူဆိုသည်က လျှိုစီရဲ့အဖေဖြစ်ကာ လွန်ခဲ့တဲ့နှစ်အပိုင်းအခြားတွေအတွင်းမှာ ချီအိမ်တော်နဲ့ လွန်စွာနီးစပ်မှုရှိခဲ့သည့် လူတစ်ယောက်ပင်ဖြစ်သည်။
လျှိုဟူရဲ့စကားကိုကြားလိုက်ရသည့်အခါ ဇူချင်ရဲ့အမူအယာက အလွန်အမင်းနက်မှောင်သွားခဲ့ရ၏။ ထို့နောက် သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှာ လှောင်ပြောင်သရော်လိုတဲ့အပြုံးတစ်ခု ထင်ဟပ်လာခဲ့ပြီး သူကလျှိုဟူကိုစိုက်ကြည့်ကာပြောလိုက်သည်… “ဒါဆိုရင် လျှိုဟူ မင်းဆိုလိုတာချင်တာက ငါကဒီပုန်ကန်မှုကိုဟန့်တားဖို့ ဘယ်စစ်တပ်အင်အားကိုမှ မစေလွှတ်ဘဲနဲ့ သူတို့ရဲ့နယ်မြေကို သူတို့ဘာသာအုပ်ချုပ်စေပြီး ငြိမ်းချမ်းရေးယူဖို့ တောင်းဆိုရမယ်ပေါ့…”
လျှိုဟူရဲ့အသားအရေကချောမွေ့နေကာ သူ့ရဲ့တစ်ကိုယ်လုံးမှာ ဘာအမွှေးအမျှင်မှရှိမနေခဲ့ပေ။ ဇူချင်ရဲ့စကားကိုကြားလိုက်ရတဲ့အခါ သူ့ရဲ့အမူအယာကပြောင်းလဲသွားခြင်းမရှိသည့်အပြင် စားတော့ဝါးတော့မတတ်ကြည့်နေသည့် ဇူချင်ရဲ့အကြည့်ကို တည့်တည့်စိုက်ကြည်ကာပြောလိုက်သည်… “ဒါဆိုရင်လည်း အရှင်မင်းကြီးမှာ ချီဘုရင်ကိုဖယ်ရှားရှင်းလင်းပြစ်နိုင်ဖို့ ယုံကြည်ချက်ဘယ်လောက်ရှိလဲဆိုတာကို ကျွန်တော့်အနေနဲ့ မေးလို့ရနိုင်မလား…”
ဇူချင်က လက်ဆစ်တွေမှ တဖြောက်ဖြောက်မြည်သံတွေထွက်ပေါ်လာရသည်အထိ လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်လိုက်မိသည်။ ချီအိမ်တော်က ဝူအင်ပါယာရဲ့အထောက်အပံ့ကို ရရှိခဲ့ပြီးနောက်မှာ သူတို့ရဲ့အင်အားက အဆမတန်မြင့်တက်လာခဲ့ရသည်။ ထို့ကြောင့်ပင် ဒီပုန်ကန်မှုက သေချာပေါက်ပင် စိတ်ကူးပေါက်ရာပြုလုပ်ခဲ့ခြင်းမဟုတ်နိုင်ပေ။ ဇူချင်ကိုယ်တိုင်တောင်မှပင် ချီဘုရင်ကိုနှိမ်နင်းနိုင်မလားဆိုသည်ကို အတိအကျမပြောနိုင်ပေ။
ဇူချင်ကသူ့ရဲ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်မှာမှ သူ့ရင်ထဲရှိစိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ခဲ့လိုက်သည်။ သူ့ရဲ့မျက်လုံးတွေပြန်ဖွင့်လာသည့်အခါ ၎င်းတို့ထဲမှာ ကျောချမ်းစရာကောင်းလောက်သည့် အေးစက်မှုတို့ဖြင့်ပြည့်နှက်နေခဲ့ရပြီး သူကပြောလိုက်သည်… “တိုက်ခိုက်ရင်းနဲ့သေသွားရမယ်ဆိုရင်တောင်မှ ငါကဘယ်တော့မှအလျော့ပေးမှာမဟုတ်ဘူး…”
အေးစက်တဲ့လူသတ်ငွေ့တွေပါဝင်နေသည့် ဇူချင်ရဲ့လေသံကို ကြားလိုက်ရသည့်အခါ ခန်းမအတွင်းမှာရှိနေကြတဲ့လူတိုင်း၏ ရင်ဘတ်တွေက တုန်ခါသွားရသည်။ ကြည့်ရတာ တော်ဝင်ကလန်နဲ့ ချီအိမ်တော်တို့အကြားက သေခြင်းရှင်ခြင်းတိုက်ပွဲက ရှောင်လွှဲလို့ရနိုင်လိမ့်တော့မည်မဟုတ်ပေ။
လျှိုဟူက ထူးမခြားနားစွာပင်ပြောသည်… “အရှင်မင်းကြီးရဲ့ဆုံးဖြတ်ချက်က ဇူအင်ပါယာတစ်ခုလုံးကို ကြီးမားတဲ့အန္တရာယ်တစ်ခုထဲကို ဆွဲသွင်းနေတာပဲ…”
“အရှင်မင်းကြီးက အခုလက်ရှိဇူအင်ပါယာရဲ့အင်အားက ဘယ်လောက်ရှိလဲဆိုတာကို နားမလည်နိုင်သေးတာလား… အင်ပါယာရဲ့အင်အားက အလွန်ဆုံးမှ ချီအိမ်တော်နဲ့တူညီရုံပဲရှိနေတာ… ပြောရရင် ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီးဖြစ်တဲ့ ဝေကန်းလန်တောင်မှပဲ အင်ပါယာရဲ့အမိန့်ကိုမနာခံဘဲ သူ့ရဲ့ကန်းလန်စီရင်စုထဲမှာပဲနေပြီးတော့ ထွက်လာဖို့ကိုငြင်းဆန်ခဲ့တယ်မဟုတ်ဘူးလား… ဒါကိုကြည့်ရုံနဲ့တင် သူက ချီအိမ်တော်ရဲ့ပုန်ကန်မှုကို လျစ်လျူရှုထားတဲ့သဘောသက်ရောက်နေတာပဲ…”
“ဒါ့ကြောင့် ဒီလိုမျိုးအင်အားသုံးပြီးဖြေရှင်းတာက ချီအိမ်တော်ကို ချေမှုန်းနိုင်ရမယ့်အစား ဇူအင်ပါယာရဲ့ပျက်သုန်းခြင်းနဲ့ပဲ ပိုပြီးနီးစပ်သွားစေရလိမ့်မယ်…”
လျှိုဟူရဲ့စကားသံက ခန်းမအတွင်း၌ ပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာခဲ့ရသလို များစွာသောဝန်ကြီးတွေနဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ မျက်နှာတွေကို ဝင်းလက်တောက်ပသွားစေခဲ့သည်။ မူလကစိတ်အားထက်သန်နေကြသည့် စစ်တပ်အရာရှိအချို့တောင်မှပင် သူတို့ရင်ဆိုင်ကြုံတွေ့ရမယ့်ကပ်ဘေးကို အမှန်တကယ်နားလည်သွားခဲ့ရသည့်အတွက် အစောပိုင်းတုန်းက သူတို့ရဲ့စိတ်အားထက်သန်နေမှုတွေ ပျောက်ကွယ်သွားခဲ့ကြရသည်။
ခန်းမအတွင်းမှာရှိနေတဲ့လူတွေရဲ့ စိတ်ဓာတ်တွေကျဆင်းသွားတာကို မြင်လိုက်ရသည့်အခါ ဇူချင်ရဲ့အမူအယာက အားလျော့သွားခဲ့ရသည်။
“လျှိုဟူရဲ့စကားတွေက ဟာသပဲ… တကယ်လို့ငါတို့ကသာ ငြိမ်းချမ်းရေးယူဖို့ တောင်းဆိုခဲ့မယ်ဆိုရင် ချီယန်က ဇူအင်ပါယာတစ်ခုလုံးကို ချုပ်ကိုင်သွားနိုင်တဲ့အထိ ပိုပိုပြီးဖိနှိပ်လာလိမ့်မယ်… လျှိုဟူရဲ့အကြံက သေခြင်းတရားကိုသာ ဦးတည်နေတယ်လို့ ငါမြင်မိတယ်…”
ခန်းမတစ်ခုလုံးက တိတ်ဆိတ်နေစဉ်မှာပင် အေးစက်စက်ရယ်မောသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက်ထွက်ပေါ်လာတဲ့အသံက ခန်းမထဲရှိ များစွာသောဝန်ကြီးတွေနဲ့ စစ်တပ်ခေါင်းဆောင်တွေအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။ သူတို့တွေအားလုံးအလျင်အမြန်လှည့်ကြည့်လိုက်သည့်အခါ ဝင်ပေါက်မှလျှောက်လှမ်းဝင်ရောက်လာသည့် ပိန်ပါးပါးလူငယ်လေးတစ်ယောက်ကို တွေ့လိုက်ကြရသည်။
“မင်းသားလေးဇူယွမ်လား…”
ဝင်ရောက်လာသည့်သူက မင်းသားလေးဇူယွမ်ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ လူတိုင်းအံ့အားသင့်တုန်လှုပ်သွားခဲ့ကြသည်။
လျှိုဟူက ဇူယွမ့်ကိုတစ်ချက်မျှသာကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာပြောလိုက်သည်… “မင်းသားလေးက အရမ်းကိုငယ်သေးတဲ့အတွက် ဖြစ်လာမဲ့အကျိုးဆက်တွေကို နားလည်နိုင်သေးမှာမဟုတ်ဘူး… လက်ရှိဇူအင်ပါယာရဲ့အင်အားနဲ့ဆိုရင် ငါတို့တွေက ချီအိမ်တော်နဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်မယ်လို့ ဘယ်လိုများယုံကြည်ထားရမှာလဲ…”
“မင်းသားလေးအနေနဲ့ အနောက်ဘက်ခန်းမထဲမှာပဲ စောင့်နေသင့်တယ်လို့ ငါထင်တယ်… ဒီနေရာက အရေးကြီးတဲ့အရာတွေ ပြောဆိုဆွေးနွေးနေတဲ့နေရာဖြစ်ပြီးတော့ မင်းသားလေးပြောချင်ရာပြောလို့ရတဲ့နေရာမဟုတ်ဘူး…”
ဇူယွမ်ရဲ့အမူအယာက တည်ငြိမ်စွာဖြင့်ပင် ပြန်ပြောလိုက်သည်… “လျှိုဟူ… ကြည့်ရတာချီယန်က ခင်ဗျားကိုဘာမှမပြောထားခဲ့ဘူးထင်တယ်…”
လျှိုဟူရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ရပြီး… “မင်းသားလေးက ဘာပြောချင်တာလဲ…”
ဇူယွမ်က လျှိုဟူကိုအေးစက်စွာကြည့်လိုက်သလို သူ့ရဲ့နှုတ်ခမ်းထက်မှာ လှောင်ပြောင်သရော်လိုတဲ့အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး… “ချီယန်ကဘာကြောင့် သူ့ရဲ့ချီအိမ်တော်ထဲမှာ ဆက်မနေရဲတော့ဘဲ ဇူအင်ပါယာအတွင်းကနေ လွတ်မြောက်အောင် ဒီလိုမျိုးအလောတကြီး ဘာလို့ထွက်ပြေးသွားခဲ့ရလဲဆိုတာကို ခင်ဗျားကမသိချင်ဘူးလား…”
လျှိုဟူက နှာခေါင်းတစ်ချက်ရှုံ့ကာပြောလိုက်သည်… “အိုး… ဒါဆို ဒါကမင်းသားလေးကြောင့် ဒီလိုဖြစ်သွားတာလို့ ပြောချင်တာလား…”
သူ့ရဲ့လေသံမှာ လှောင်ပြောင်သရော်လိုမှုတွေပါဝင်နေခဲ့ရပေမဲ့ ဘယ်သူမှထင်မှတ်မထားစဉ်မှာပင် ဇူယွမ်က အမှန်တကယ်ကိုခေါင်းညိတ်ပြကာ တုန့်ပြန်လိုက်သည်… “ကြည့်ရတာ ခင်ဗျားရဲ့ဦးနှောက်က အလုပ်လုပ်သေးတဲ့ပုံပဲ… ချီယန်က ငါဒီကိုပြန်ရောက်လာတဲ့အချိန်ကျရင် သူ့အနေနဲ့ ဇူအင်ပါယာအတွင်းကနေ လွတ်မြောက်ဖို့အခွင့်အရေးမရှိမှာကို စိုးရိမ်နေတဲ့အတွက်ကြောင့် ဒီလိုလုပ်သွားခဲ့တာပဲ…”
ဇူယွမ်ဒီစကားတွေပြောလိုက်တဲ့ အခိုက်အတန့်မှာ ခန်းမအတွင်းရှိများစွာသောဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေအားလုံး မင်းသားလေးက ဒီလိုပြင်းထန်တဲ့စကားတွေပြောလိုက်တယ်ဆိုတာကို မယုံကြည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ ချီစုဆောင်းမှုအဆင့်မှာရှိနေတဲ့ကလေးတစ်ယောက်က ချီယန်ကို ဇူအင်ပါယာအတွင်းမှာ ဆက်မနေရဲလောက်အောင် ကြောက်လန့်သွားစေဖို့ ဘယ်လိုများလုပ်လိုက်တာလဲ။ ဒီအရာက နှစ်တစ်ရာအတွင်းမှာ ကြားရခဲလှသည့် အကြီးမားဆုံးဟာသတစ်ခုပင်ဖြစ်ပေသည်။
“အဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ…” လျှိုဟူက နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
ဇူချင်က သက်ပြင်းကိုသာချလိုက်မိသည်။ ဇူယွမ်ရဲ့စကားတွေက အနည်းငယ်ဝင့်ကြွားမှုရှိပေမဲ့လည်း သူ့ရဲ့စကားတွေကြောင့် သူတို့အားလုံးခေါင်းရှုပ်သွားခဲ့ရသည်။ ဒါ့အပြင် ဇူယွမ်ရဲ့အမူအကျင့်အရဆိုရင် သူကဒီလိုမျိုးအဓိပ္ပါယ်မရှိတဲ့အပြုအမူမျိုးနဲ့ ကြွားဝါပြောဆိုလိမ့်မည်မဟုတ်ပေ။
ဒါဆိုရင် ဇူယွမ်ကဘာကြောင့် ဒီစကားတွေကို ပြောခဲ့ရတာလဲ။
ဇူယွမ်က လူတိုင်းရဲ့အကြည့်တွေကို လျစ်လျူရှုလိုက်ပြီး ဘေးကိုအနည်းငယ်ကပ်ပေးလိုက်ကာ ခန်းမရဲ့အပြင်ဘက်ကို ကြည့်လိုက်သည်။
သူ့ရဲ့အပြုအမူကိုမြင်လိုက်ရသည့်အခါ ခန်းမအတွင်းမှာရှိတဲ့ ဇူချင်အပါအဝင် လူတိုင်းရဲ့အကြည့်တွေက ဝေခွဲမရဖြစ်စွာဖြင့် ခန်းမရဲ့ဝင်ပေါက်ကို ကြည့်လိုက်မိကြသည်။
လူတိုင်းက အာရုံစိုက်ကာစောင့်ကြည့်နေကြသကဲ့သို့ လေးလံတဲ့ချပ်ဝတ်တန်ဆာရဲ့ထိခတ်မှုတွေကို ရုတ်တရက်ကြားလိုက်ရပြီးနောက်မှာ လေးလံတဲ့ချပ်ဝတ်ကို ဝတ်ဆင်ထားကာ ကြံ့ခိုင်တောင့်တင်းတဲ့ခန္ဓာကိုယ်ရှိသည့်လူတစ်ယောက် ခန်းမအတွင်းလျှောက်လှမ်းဝင်ရောက်လာသည်ကို လူတိုင်းမြင်လိုက်ကြရသည်။ ထိုလူက ခန်းမရဲ့အလယ်ကိုရောက်ရှိလာသည့်အခါ ရပ်တန့်လိုက်ပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။
သူက သူ့ရဲ့ခေါင်းဆောင်းကိုဖြည်းညှင်းစွာ ချွတ်လိုက်သကဲ့သို့ တိုးညှင်းတဲ့အသံတစ်ခုက ခန်းမအတွင်း၌ ပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာခဲ့ရသည်။
“ဗိုလ်ချုပ်ကြီးဝေကန်းလန်က အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်…”
ခန်းမတစ်ခုလုံး အထိတ်တလန့်နဲ့ အော်ဟစ်လိုက်မိကြသည်။
ခန်းမအတွင်းမှာရှိနေသည့်လူတိုင်းက ထိုလူကိုအံ့အားသင့်တုန်လှုပ်စွာ ကြည့်နေမိခဲ့ကြပြီး ဇူချင်တောင်မှပင် ဝေကန်းလန်ရဲ့ပုံရိပ်ကို မယုံကြည်နိုင်စွာကြည့်နေလျက်မှ ရုတ်ချည်းထရပ်လိုက်မိခဲ့သည်။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာက အဆိပ်ဘုရင် ကန်းလန်စီရင်စုကို တိုက်ခိုက်ခဲ့ပြီးစဉ်မှစ၍ ဗိုလ်ချုပ်ကြီးဝေကန်းလန်က ဇူအင်ပါယာမြို့တော်အတွင်းကို ခြေတစ်လှမ်းမှမချခဲ့တော့သလို နန်းတော်ရဲ့အမိန့်တစ်ခုတစ်လေကိုမျှ လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့်ပင် လူတိုင်းက ဝေကန်းလန်ကို ဒီအတိုင်းပင်လွတ်လွတ်လပ်လပ်ဖြင့် ဆက်လက်ပြီးနေထိုင်နေလိမ့်မည်လို့ ယုံကြည်ထားခဲ့မိကြသည်။ ချီအိမ်တော်က သူတို့ရဲ့ပုန်ကန်မှုကို ကြေညာခဲ့သည့်တစ်ရက်တည်းမှာပင် ဝေကန်းလန်က ဇူအင်ပါယာမြို့တော်အတွင်းကို နောက်တစ်ကြိမ်ခြေချလာပြီး သူ့ရဲ့ရပ်တည်ချက်ကို ထုတ်ဖော်ပြသလိမ့်မယ်လို့ သူတို့အားလုံး အိပ်မက်ထဲမှာပင် ထည့်မမက်ဘူးခဲ့ပေ။
လျှိုဟူရဲ့အမူအယာကလည်း ပြောင်းလဲသွားခဲ့ရသည်။ တကယ်လို့ ဝေကန်းလန်ကသာ တော်ဝင်ကလန်နဲ့အတူရပ်တည်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ၎င်းကသံသယရှိစရာမလိုလောက်အောင်ပင် ကြီးမားတဲ့အကူအညီတစ်ခု ဖြစ်လာရပေလိမ့်မည်။
သို့ပေမဲ့လည်း ဝေကန်းလန်က နှစ်ပေါင်းများစွာ တော်ဝင်အမိန့်တွေကို လျစ်လျူရှုထားခဲ့ပြီးကာမှ ဘာကြောင့်ဒီလိုမျိုးဆုံးဖြတ်ချက်ချခဲ့လဲဆိုတာကို သူ့အနေနဲ့ နားလည်သဘောပေါက်နိုင်စွမ်းမရှိခဲ့ပေ။
ဝေကန်းလန်က တိုးညှင်းတဲ့လေသံဖြင့်ပင်ပြောလိုက်သည်… “ကျွန်တော်က မှားယွင်းတဲ့အပြုအမူတွေကို နှစ်ပေါင်းများစွာကြာအောင် ခေါင်းမာမာနဲ့ပြုလုပ်ခဲ့မိတယ်… မင်းသားလေးရဲ့ကျေးဇူးကြောင့်သာ ကျွန်တော်က မကြာသေးခင်ကမှ အမြင်မှန်ရရှိခဲ့ရတယ်… အတိတ်တုန်းကပြုမူခဲ့တဲ့ အပြုအမူတွေအတွက် ကျွန်တော်မျိုးတကယ်ကို အရှက်ရမိပါတယ်… ဒါ့ကြောင့်အရှင်မင်းကြီးက ဒီပုန်ကန်သူတွေနဲ့ရင်ဆိုင်ဖို့ ကျွန်တော့်ကိုစေလွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်…”
လူတိုင်းရဲ့မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့အကြည့်တွေ ထွက်ပေါ်လာခဲ့ကြရပြီး သူတို့တွေအားလုံး ဇူယွမ့်ကိုလှည့်ကြည့်လိုက်မိကြသလို ဇူချင်တောင်မှပင် အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့ရသည်။ ဇူယွမ်က ဝေကန်းလန်ရဲ့သဘောထားကိုပြောင်းလဲသွားစေပြီး ဒီလိုမျိုးခေါ်ဆောင်လာနိုင်ဖို့ ဘယ်လိုလုပ်ခဲ့လဲဆိုတာကို သူတို့တွေနားလည်နိုင်ခြင်းမရှိခဲ့ပေ။
ခန်းမအတွင်းရှိလူအားလုံးရဲ့ ဝေခွဲမရဖြစ်နေကြသည့်အကြည့်တွေကို ဇူယွမ်ကအနည်းငယ်ပြုံး၍ တုံ့ပြန်လိုက်ပြီးနောက်မှာ သူကဇူချင်ကိုကြည့်ကာပြောလိုက်သည်… “ဒီချီအိမ်တော်ပုန်ကန်သူတွေနဲ့ပတ်သက်ပြီးတော့ အဖေစိုးရိမ်နေစရာမလိုအပ်ပါဘူး…”
ထို့နောက်မှာ ဇူယွမ်ကလက်နှစ်ဖက်စလုံးဆန့်ထုတ်လိုက်ပြီး ညင်သာစွာပင်လက်ခုပ်တီးလိုက်သည်။
လူတိုင်းရဲ့အကြည့်အောက်မှာပင် အနက်ရောင်ဝတ်စုံဝတ်တင်ထားသည့်လူတစ်ယောက် ခန်းမအတွင်းသို့ လျောက်လှမ်းဝင်လာခဲ့သည်။ ထိုလူကခန်းမအလယ်မှာ ရပ်တန့်သွားခဲ့ပြီး ဒူးတစ်ဖက်ထောက်လိုက်ကာ သူ့ရဲ့အသံကထွက်ပေါ်လာခဲ့သည်… “ကျွန်တော်မျိုးက အဆိပ်မြို့တော်ရဲ့အရှင်သခင်ဖြစ်ပြီးတော့ စွမ်းအားကြီးမားတဲ့ဇူအင်ပါယာအရှင်မင်းမြတ်ရဲ့အကြောင်းကို ကြားဖူးခဲ့တာကြာပါပြီ… ကျွန်တော်မျိုး ဒီနေ့မြို့တော်ကိုလာရတဲ့အကြောင်းအရင်းက ဇူအင်ပါယာရဲ့လက်အောက်မှာ အညံ့ခံပြီးတော့ ဇူအင်ပါယာအတွက် ကျွန်တော်မျိုးတတ်နိုင်သမျှ အမှုထမ်းဖို့ဆန္ဒရှိတဲ့အတွက် လာခဲ့ရခြင်းဖြစ်ပါတယ်…”
အဆိပ်မြို့တော်ရဲ့အရှင်သခင်လား… ဒါဆို ဒါကအဆိပ်ဘုရင်လား…
အဆိပ်ဘုရင်က ဒီစကားတွေကိုပြောလိုက်တဲ့အခိုက်အတန့်မှာ ခန်းမအတွင်းရှိလူတွေထံမှ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် အတိတ်တလန့်အော်ဟစ်လိုက်သံတွေ ထွက်ပေါ်လာခဲ့ရပြန်သည်။ လူတိုင်းကအံ့ဩလွန်း၍ စကားပြောနိုင်လောက်အောင်ဖြစ်သွားခဲ့ရသလို အဆိပ်ဘုရင်ကိုလည်း စိုက်ကြည့်နေခဲ့ကြမိသည်။ ဒါကိုကြည့်ခြင်းအားဖြင့် အဆိပ်ဘုရင်ဆိုတဲ့နာမည်က သူတို့နဲ့စိမ်းမနေသည်မှာ ထင်ရှားလှသည်။
သို့ပေမဲ့လည်း သူတို့တွေကကြောက်ရွံ့ထိတ်လန့်နေခဲ့ရသလို ပို၍လည်း ခေါင်းရှုပ်သွားခဲ့ရသည်။ အခုလက်ရှိအခြေအနေက သူတို့တွေရဲ့နားလည်သဘောပေါက်နိုင်စွမ်းထက် ကျော်လွန်နေရပေသည်။
အဆိပ်ဘုရင်ဆိုတာက အဆိပ်ရေအိုင်အတွင်းမှာ အရှင်သခင်တစ်ယောက်အဖြစ် ရပ်တည်နေသည့်လူတစ်ယောက်ဖြစ်သလို မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်လည်းဖြစ်သည်။ ဒီလိုမျိုးရက်စက်ကြမ်းကြုတ်သည့်မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်က ဇူအင်ပါယာရဲ့စွမ်းအားကို ကြားခဲ့ရပြီးနောက်မှာ အင်ပါယာရဲ့လက်အောက်၌ အညံ့ခံလိမ့်မယ်လို ဘယ်သူကများ ယုံကြည်နိုင်လိမ့်မည်နည်း။
ထို့ကြောင့်ပင် ဇူချင်ရဲ့နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ရသည်။ ဇူအင်ပါယာရဲ့စွမ်းအားကို သူထက်ပိုပြီး ဘယ်သူကများ သိနိုင်လိမ့်ဦးမည်နည်း။ သူတို့ရဲ့စွမ်းအားကိုကြားပြီးနောက်မှာ သူတို့နဲ့ပူးပေါင်းဖို့ မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်က အလိုရှိနေသည်ဆိုခြင်းက တကယ်ကိုအိပ်မက်တစ်ခုအလား ထင်ရစေသည်။
ထို့ကြောင့်ပင် အချိန်အတော်ကြာတိတ်ဆိတ်သွားခဲ့ရပြီးနောက်မှာ ခန်းမအတွင်းရှိလူတိုင်းက ဇူယွမ့်ထံကြည့်လိုက်မိကြသည်။
ဒီအရာတွေအားလုံးရဲ့နောက်ကွယ်မှာ ရှိနေတဲ့တစ်ယောက်တည်းသောသူက သေချာပေါက်ပင် ဇူယွမ်ဖြစ်ရပေမည်။
သို့ပေမဲ့လည်း ဇူယွမ်က သူတို့ရဲ့အကြည့်တွေကို မသိဟန်ဆောင်လိုက်ပြီး လက်ရှိအချိန်မှာ မျက်နှာတစ်ခုလုံးဖြူဖျော့နေခဲ့ရသည့် လျှိုဟူကိုကြည့်လိုက်သကဲ့သို့ သူ့ရဲ့တည်ငြိမ်တဲ့လေသံက ခန်းမအတွင်းမှာ ပဲ့တင်ရိုက်ခတ်ကာထွက်ပေါ်လာခဲ့ရသည်။
သို့ပေမဲ့လည်း ဒီအချိန်မှာ လူငယ်လေးရဲ့စကားကို ခန်းမအတွင်းမှာရှိနေသည့် မည်သူမှဂရုမစိုက်ဘဲ မနေရဲခဲ့တော့ပေ။
“လျှိုဟူ… ဇူအင်ပါယာက ချီအိမ်တော်ကိုအလျှော့ပေးပြီး ငြိမ်းချမ်းရေးယူသင့်တယ်လို့ ခင်ဗျားက ထင်နေသေးတုန်းလား…”