စာစဉ်(၇) အပိုင်း(၉၄)

ချီအိမ်တော်၏ပုန်ကန်မှု

ဇူယွမ်တို့သုံးယောက် မြေအောက်နန်းတော်အတွင်းမှ ထွက်ခွာလာပြီးနောက်မှာ ရှေးဟောင်းနယ်မြေအပြင်ဘက်ရှိ ဝေကန်းလန်တို့လူစုနဲ့ တွေ့ဆုံမိခဲ့ကြသည်။

ဇူယွမ်တို့သုံးယောက် ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာသည်ကိုမြင်လိုက်ရမှသာ ဝေကန်းလန်၊ လုတိန်ရှန်းနဲ့ ကျန်တဲ့လူတွေအားလုံး သက်ပြင်းကိုယ်စီချလိုက်မိကြသည်။ အဆိပ်ဘုရင်တစ်ယောက်သာ အနည်းငယ်ကံမကောင်းသွားသလို ခံစားခဲ့လိုက်ရပေမဲ့ သူ့ရဲ့ခံစားချက်အစစ်အမှန်ကိုတော့ ထုတ်ပြရဲခြင်းမရှိခဲ့ပေ။

“အဆိပ်ဘုရင်… ခင်ဗျားက အဆိပ်ရေအိုင်အတွင်းမှာ လွှမ်းမိုးနိုင်စွမ်းအချို့ရှိတယ်မလား…” ဇူယွမ်ကပြုံးလျက် မျက်နှာထက်မှာရိုသေလေးစားမှုတွေပြည့်နှက်နေသည့် အဆိပ်ဘုရင်ကို စိုက်ကြည့်လိုက်မိသည်။ အဆိပ်ဘုရင်အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့စရိုက်ရှိသည့်အတွက် သူ့လက်အောက်မှာ အညံ့ခံခြင်းက သူ့ရဲ့စိတ်ရင်းအမှန်နဲ့အညံ့ခံခဲ့တာမဟုတ်ဘူးဆိုသည်ကို ဇူယွမ်သတိထားခဲ့မိပေမဲ့ ဒါကိုသူ့စိတ်ထဲမှာမထားခဲ့ပေ။ သူ့ရဲ့လက်ထဲမှာ စိတ်ဝိညာဉ်သော့ခတ်ခြင်းမိခင်မှော်စာလုံးရှိနေသည့်အတွက် အဆိပ်ဘုရင်က ဘာတစ်ခုမှလုပ်နိုင်လိမ့်မည်မဟုတ်ပေ။

အဆိပ်ဘုရင်က အလျင်အမြန်ပင်ပြန်တုန့်ပြန်လိုက်သည်… “မင်းသားလေးက ငါ့ကိုဘာများလုပ်စေချင်တာလဲ… အဆိပ်ရေအိုင်အတွင်းမှာ ငါ့ရဲ့ဩဇာအာဏာကို စိန်ခေါ်ရဲတာ လူနည်းနည်းပဲရှိတယ်…”

ဇူယွမ်ကရယ်မောကာပြောလိုက်သည်… “ဒီလိုဆိုမှတော့ အစောပိုင်းတုန်းကတောင်ကြားထဲကို လူအချို့စေလွှတ်ပြီးတော့ ဘယ်သူမှမဝင်လာစေအောင် စောင့်ကြပ်ထားခိုင်းလိုက်…”

ချိုင့်ဝှမ်းအတွင်းမှာရှိတဲ့ မြေအောက်နန်းတော်အတွင်းမှာ များစွာသောတိုက်ပွဲဂိုလမ်တွေရှိနေပေသည်။ ဒါကတကယ့်ကို ကြောက်မက်ဖွယ်ရာအင်အားတစ်ခုဖြစ်သည်။ မူလမှော်စာလုံးနယ်နိမိတ်က ကျူးကျော်လာသူတွေကို တားဆီးထားပေမဲ့လည်း ဇူယွမ်က ပိုပြီးစိတ်ချရအောင် လူအချို့ကိုစေလွှတ်ကာ စောင့်ကြပ်စေလိုပေသည်။

သို့ပေမဲ့လည်း အဆိပ်ရေအိုင်က ရှုပ်ထွေးလှသည့်နေရာတစ်ခုဖြစ်တဲ့အတွက် ဇူအင်ပါယာထက်စာရင် အဆိပ်မြို့တော်ရဲ့လွှမ်းမိုးမှုက ပိုပြီးသက်ရောက်မှုရှိလေသည်။

ထို့နောက်မှာ ဇူယွမ်ကဝေကန်းလန်ကိုကြည့်လိုက်ပြီးပြောသည်… “ဗိုလ်ချုပ်ကြီး… အခုမီးဝိညာဉ်အစေ့က ကျွန်တော်တို့ တော်ဝင်ကလန်ရဲ့လက်ထဲကို ရောက်ရှိနေခဲ့ပြီ… ချီအိမ်တော်ကသေချာပေါက် ဒါကိုဒီအတိုင်း လွှတ်ထားမှာတော့မဟုတ်ဘူး… ချီအိမ်တော်က သူတို့ရဲ့ပုန်ကန်မှုကို မကြာခင်ပြုလုပ်လာမှာကို ကျွန်တော်စိုးရိမ်နေမိတယ်…”

ဇူယွမ်ရဲ့စကားတွေကိုကြားလိုက်ရသည့်အခါ ဝေကန်းလန်ရဲ့ရင်ဘတ်က တုန်ခါသွားခဲ့ရသည်။ တကယ်လို့ချီအိမ်တော်ကသာ ပုန်ကန်လာခဲ့မယ်ဆိုရင် ဇူအင်ပါယာက သေချာပေါက်ရှုပ်ထွေးသွားရပေမည်။

သို့ပေမဲ့လည်း သူကဇူယွမ်ရဲ့စကားအသွားအလာကို သိပေသည်။ မီးဝိညာဉ်အစေ့က လွန်စွာအရေးကြီးလှသည်။ ဒီမီးဝိညာဉ်အစေ့နဲ့သာ လေ့ကျင့်နိုင်ခဲ့မယ်ဆိုရင် တော်ဝင်ကလန်ရဲ့စွမ်းအားက တဖြည်းဖြည်းမြင့်တက်လာမည်ဖြစ်ကာ မကြာခင်မှာ သူတို့အနေနဲ့ ချီအိမ်တော်ကိုအလွယ်တကူဖိနှိပ်နိုင်မည့်နေ့ရက်ကို ရောက်ရှိလာလိမ့်မည်မှာ အသေအချာပင်။

ထို့ကြောင့်ပင် ချီယန်က သူ့ရဲ့သေနေ့ကို ဘာမှမလုပ်ပဲ ဒီအတိုင်းထိုင်စောင့်နေလိမ့်မည်တော့မဟုတ်ပေ။

ဇူယွမ်က ဝေကန်းလန်ကိုစိုက်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်… “ဗိုလ်ချုပ်ကြီးက ကျွန်တော်တို့ကိုကူညီပြီး ချီအိမ်တော်ကို ဖယ်ရှားရှင်းလင်းပြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်…”

ဝေကန်းလန်က မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ရုံသာမက ဇူအင်ပါယာအတွင်းမှာ စွမ်းအားမြင့်မားပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အင်အားစုတစ်ခုဖြစ်တဲ့ ကန်းလန်စစ်တပ်ကို ထိန်းချုပ်ထားသူလည်းဖြစ်သည်။ သူ့ရဲ့အကူအညီကိုသာရမယ်ဆိုရင် ချီအိမ်တော်နဲ့ရင်ဆိုင်ရာမှာ သူတို့အတွက်များစွာအခွင့်သာရပေလိမ့်မည်။

ဝေကန်းလန်က အချိန်ခဏကြာအောင် ငြိမ်သက်သွားခဲ့ရသည်။ အရင်တုန်းကသူ့အနေဖြင့် တော်ဝင်ကလန်နဲ့ ချီအိမ်တော်တို့ စစ်ဖြစ်ခဲ့မယ်ဆိုရင် ဘေးကနေသာရပ်ကြည့်ဖို့ ရွေးချယ်ထားခဲ့သည်။ သို့ပေမဲ့လည်း လက်ရှိအခြေအနေက အရင်ကနဲ့စာလျှင် များစွာကွာခြားသွားခဲ့ရပြီဖြစ်သည်။

မူလကအင်အားနည်းသည့် တော်ဝင်ကလန်က အခုအချိန်မှာ ရုတ်တရက်ကြီးအင်အားမြင့်တက်သွားခဲ့ရပြီဖြစ်သည်။

ဇူယွမ်ရဲ့ဘေးမှာရှိနေသည့် အစိမ်းရောင်ဝတ်မိန်းကလေးနဲ့ သူမလက်ထဲမှာပွေ့ချီထားသည့် အမြင်အားဖြင့်သေးငယ်တဲ့မူလမှော်သားရဲလေးတို့က မူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက်နှင့်ညီမျှသည်။

ထို့အပြင် ဇူယွမ်က အဆိပ်ဘုရင်ကို အတင်းဖိအားပေးကာ အညံ့ခံစေခဲ့သည်။

ထို့ကြောင့်ပင် တော်ဝင်ကလန်က အခုလက်ရှိမှာ မူလစဦးအဆင့်ကျင့်ကြံသူ လေးယောက်အထိပိုင်ဆိုင်ထားခဲ့ရပြီဖြစ်သည်။

ဒီလိုအင်အားနဲ့ဆိုရင် ချီအိမ်တော်ကိုသာမက သူ့ရဲ့အင်အားစုကိုပါ အလွယ်တကူချေမှုန်းနိုင်စွမ်းရှိပေသည်။

ဒီအကြောင်းကိုစဉ်းစားမိလိုက်သည့်အခါ ဝေကန်းလန်တစ်ယောက် ရုတ်တရက်အနည်းငယ်သောကြောက်ရွံ့ထိတ်လန့်မှုတို့ကို ခံစားလိုက်ရသည်။ ထို့နောက်မှာသူက သူ့ရှေ့မှာပြုံး၍ရပ်နေလျက်ရှိသည့် လူငယ်လေးကိုကြည့်လိုက်သည့်အခါ ထိုလူငယ်က အရင်ကထက်စာလျှင် အနည်းငယ်ကွဲပြားခြားနားမှုရှိလာခဲ့သည်ဟု ထင်လိုက်မိသည်။ ဒီလူငယ်လေး ကန်းလန်စီရင်စုကို ရောက်ရှိလာခဲ့ပြီးကတည်းက ကံကြမ္မာက တော်ဝင်ကလန်ဘက်ကို စတင်၍အရေးသာသွားခဲ့ရသည့်ပုံပင်။

လက်ရှိတော်ဝင်ကလန်ရဲ့အင်အားက အရင်တုန်းကအခြေအနေနှင့် များစွာကွာခြားသွားခဲ့ရသည်။ လူတိုင်းရဲ့မျက်လုံးထဲမှာ အမြဲတမ်းအင်အားနည်းသယောင်ထင်ရသည့် တော်ဝင်ကလန်ရဲ့အခြေအနေက ဒီငယ်ရွယ်တဲ့မင်းသားလေးထွက်ပေါ်လာခဲ့ပြီးနောက်မှ စတင်၍ပြောင်းလဲလာခဲ့သည်။

ဝေကန်းလန်ရဲ့မျက်နှာထက်မှာ ရိုသေလေးစားမှုတွေ ထွက်ပေါ်လာခဲ့ရပြီး ဇူယွမ်ကိုကြည့်လိုက်သကဲ့သို့ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်… “မစိုးရိမ်ပါနဲ့ မင်းသားလေး… ဇူအင်ပါယာရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်အနေနဲ့ ငါ့ရဲ့တာဝန်က ဒီပုန်ကန်သူတွေအားလုံးကို ဖယ်ရှားရှင်းလင်းပြစ်ဖို့ပဲ…”

ဝေကန်းလန်က သူ့ရဲ့အဆင့်အတန်းကို ထုတ်ဖော်ပြောဆိုလိုက်သည့်အခါ လုတိန်ရှန်းနဲ့ ကျန်တဲ့လူတွေအားလုံး အလွန်ပင်ပျော်ရွှင်သွားခဲ့ရသည်။ သူတို့တွေ ဇူယွမ်ကိုနောက်တစ်ကြိမ် ထပ်ကြည့်လိုက်မိသည့်အခါ သူတို့ရဲ့မျက်လုံးတွေထဲမှာ ကျေနပ်အားရမှုတွေနှင့် ရိုသေလေးစားမှုတွေ ပြည့်နှက်လို့နေရပေသည်။ အရှင်မင်းကြီးတောင်မှပင် နှစ်ပေါင်းများစွာကြာသည်အထိ ဖြေရှင်းနိုင်ခြင်းမရှိခဲ့တဲ့ ဝေကန်းလန်ရဲ့ကိစ္စကို ဇူယွမ်က ကန်းလန်စီရင်စုကိုရောက်ရှိပြီး လအနည်းငယ်အတွင်းမှာပင် ဝေကန်းလန်ရဲ့အထောက်အပံ့အပြည့်အဝကို ရရှိအောင်ဆောင်ရွက်နိုင်ခဲ့လိမ့်မယ်လို့ မည်သူကမှထင်မှတ်မထားခဲ့ပေ။

ဇူယွမ်ကပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ ဝေကန်းလန်ကိုတလေးတစားပင်ပြောလိုက်သည်… “ဒါဆိုရင်တော့ ကျွန်တော်က ဗိုလ်ချုပ်ကြီးကိုကျေးဇူးတင်ရတော့မှာပေါ့…”

ဇူယွမ်တစ်ယောက် ဝေကန်းလန်ရဲ့ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွားခဲ့ခြင်းမဖြစ်မိပေ။ အတိတ်တုန်းက တော်ဝင်ကလန်ရဲ့အင်အားကျဆင်းနေခဲ့စဉ်မှာ ဇူချင်တစ်ယောက်တည်းအပေါ်တွင်သာ အမှီပြုနေခဲ့ကြရသည်။ ကံမကောင်းစွာဖြင့်ပင် သူကချီယန်ရဲ့စောင့်ကြည့်ခြင်းကို အချိန်တိုင်းခံနေခဲ့ရပြီး ဝေကန်းလန်ကို ကန်းလန်စီရင်စုအပေါ် လွတ်လွတ်လပ်လပ်အုပ်ချုပ်စေနိုင်ခဲ့သည်။ ထိုအရာတွေအားလုံးက အခုအချိန်မှာ ပြောင်းလဲသွားခဲ့ရပြီဖြစ်သည်။ ဇူယွမ်က လက်ရှိအချိန်မှာ သူ့ရဲ့ဘေးမှာရှိနေတဲ့အင်အားကို ကောင်းစွာနားလည်ထားရသလို ဝေကန်းလန်ကလည်း ဒီအချက်ကို ကောင်းကောင်းကြီးသိထားရပေလိမ့်မည်။

ဒီအင်အားက ဗိုလ်ချုပ်ကြီးရဲ့အင်အားစုကို ခြိမ်းခြောက်နိုင်ဖို့လုံလောက်ပေသည်။

လေးစားမှုဆိုသည်က စွမ်းအားကိုအရင်းတည်ကာ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ တော်ဝင်ကလန်ကသာ မြင့်မားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ရမယ်ဆိုရင် လေးစားမှုဆိုတာလည်း ပုံမှန်အားဖြင့် နောက်ကလိုက်ပါလာလိမ့်ပေမည်။ ဝေကန်းလန်က အရူးတစ်ယောက်မဟုတ်သည့်အတွက် သူ့ရဲ့အဆင့်အတန်းကိုနားလည်ပြီး သူဘာလုပ်သင့်သည်ဆိုတာကို သိပေသည်။

နောက်ပိုင်းမှာ ဇူအင်ပါယာကပေးအပ်တဲ့အမိန့်တွေကို ဗိုလ်ချုပ်ကြီးအနေနဲ့ ထပ်မံပြီးလျစ်လျူမရှုရဲတော့သည်မှာ အသေအချာပင်ဖြစ်သည်။

“မင်းသားလေး… မင်းဇူအင်ပါယာမြို့တော်ကိုပြန်ရင် အရှင်မင်းကြီးထံအခစားဝင်ဖို့ ငါပါလိုက်ခဲ့မယ်… ချင်းချင်းကတော့ ကန်းလန်စစ်တပ်ကိုပြန်စုစည်းဖို့ ကျန်နေခဲ့လိမ့်မယ်… တကယ်လို့ချီအိမ်တော်က တစ်ခုခုလုပ်ဖို့ကြိုးစားလာခဲ့မယ်ဆိုရင် ကန်းလန်စစ်တပ်က ချက်ချင်းထွက်ခွာနိုင်လိမ့်မယ်…” ဝေကန်းလန်ကပြောသည်။

“ဒီလိုဆိုရင် ပိုကောင်းတာပေါ့…” ဇူယွမ်ကပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ ဇူအင်ပါယာမြို့တော်ကို ဝေကန်းလန်ပါအတူလိုက်ပါလာခဲ့ခြင်းက လက်ရှိသူ့ရဲ့ရပ်တည်မှုကို သူကိုယ်တိုင်ဖော်ပြရာလည်း ရောက်ပေသည်။

“ဒါဆိုရင် ငါကအဆိပ်ရေအိုင်မှာပဲနေခဲ့ပြီးတော့ မင်းသားလေးကိုကူညီပြီး ဒီကအင်အားစုတွေကို စောင့်ကြည့်ပေးထားပါမယ်… ဒီလိုဆိုရင် ဇူအင်ပါယာက ရှုပ်ထွေးတဲ့အခြေအနေမှာကျရောက်နေချိန်မှာ နောက်ထပ်ဖြစ်လာနိုင်မယ့် ပြဿနာတွေကိုလည်း ကာကွယ်ထားရာရောက်လိမ့်မယ်…”

ဇူယွမ်ကခပ်ပါးပါးပြုံးလိုက်ပြီး အဆိပ်ဘုရင်ကိုကြည့်ကာ ပြောလိုက်သည်… “ခင်ဗျားရဲ့စွမ်းအားနဲ့ဆိုရင် အဆိပ်ရေအိုင်ထဲမှာကျန်နေခဲ့တာက ခင်ဗျားရဲ့ပါရမီကို အလဟဿဖြစ်စေလိမ့်မယ်… ဒါကြောင့် ခင်ဗျားကလည်း ကျွန်တော်နဲ့အတူတူ ဇူအင်ပါယာမြို့တော်ကို လိုက်ပါလာရလိမ့်မယ်…”

အကယ်၍ချီအိမ်တော်ကသာ ပုန်ကန်မှုကို စတင်ခဲ့မယ်ဆိုရင် ၎င်းကသေချာပေါက်ပင် အားလုံးကိုလှုပ်လှုပ်ရှားရှားဖြစ်သွားစေမည့် အရေးကိစ္စဖြစ်ပေသည်။ ထို့ကြောင့်ပင် ဇူယွမ်က အဆိပ်ဘုရင်လို မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို အဆိပ်ရေအိုင်အတွင်းမှာ ပုန်းခိုနေစေဖို့ခွင့်မပြုနိုင်ပေ။

အဆိပ်ဘုရင်ရဲ့မျက်နှာထက်မှာ နာကျင်သွားတဲ့အမူအယာတစ်ခု ထွက်ပေါ်လာခဲ့ရသည်။ ဇူယွမ်နဲ့အတူ ဇူအင်ပါယာမြို့တော်ကို လိုက်ပါသွားခြင်းက တိုက်ပွဲစတင်သည့်အခါ သူကတပ်ရဲ့ရှေ့ဆုံးကနေ ပါဝင်တိုက်ခိုက်ရမယ်လို့ ဆိုလိုခြင်းဖြစ်သည်ကို သူကဘယ်လိုလုပ်မသိဘဲနေလိမ့်မည်နည်း။

သို့ပေမဲ့လည်း ဇူယွမ်ရဲ့လက်ထဲမှာ စိတ်ဝိညာဉ်သော့ခတ်ခြင်းမိခင်မှော်စာလုံးရှိနေသည့်အတွက်ကြောင့် အဆိပ်ဘုရင်မှာ ငြင်းပယ်နိုင်စွမ်းမရှိခဲ့ပေ။

“ဒါဆိုရင်လည်းသွားကြစို့… နောက်ထပ်အချိန်ထပ်ဖြုန်းနေလို့မဖြစ်ဘူး… ဇူအင်ပါယာမြို့တော်ကို မြန်မြန်ပြန်ကြရအောင်…”

ဇူယွမ်သူ့ရဲ့ခေါင်းကိုမော့ကာ ဇူအင်ပါယာမြို့တော်တည်ရှိရာအရပ်ကို လှမ်းမျှော်ကြည့်လိုက်သကဲ့သို့ သူ့ရဲ့မျက်လုံးထဲမှာလည်း အေးစက်မှုတွေ ထွက်ပေါ်လာခဲ့ရသည်။

ချီအိမ်တော်… မင်းတို့က နှစ်ပေါင်းများစွာကြာအောင် ဒီလိုမျိုးဝင့်ကြွားစွာပြုမူခဲ့ကြတယ်… အခုကငါ့အနေနဲ့ မင်းတို့အားလုံးကို အပြစ်ပေးဖို့အချိန်ရောက်လာခဲ့ပြီပဲ…

ရက်ပေါင်းများစွာကြာပြီးနောက်…

ဇူအင်ပါယာမြို့တော်… ချီအိမ်တော်အတွင်း၌…

ခလွမ်း…

လက်ဖက်ရည်ခွက်က မြေပြင်ပေါ်သို့ကျကာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့ရသလို ချီယန်ကရုတ်ချည်း ထရပ်လိုက်မိသည်။ သူ့ရဲ့အမူအယာက အလွန်အမင်းဒေါသထွက်နေမှုကြောင့် တည်ငြိမ်အောင်ထိန်းထားနိုင်စွမ်းမရှိခဲ့ဘဲ သူ့ရှေ့မှာဒူးထောက်နေသည့် ချီလင်းကိုစိုက်ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် အော်ပြောလိုက်သည်… “မင်းဘာပြောလိုက်တာ… ချီဟောင်က ဇူယွမ်သတ်တာကို ခံလိုက်ရတယ်ဟုတ်လား… ပြီးတော့မီးဝိညာဉ်အစေ့ကိုလည်း သူတို့တွေရသွားတယ်ဟုတ်လား…”

သူ့ရဲ့ဘေးမှာ လက်တစ်ဖက်တည်းသာရှိနေသည့် ချီယွဲ့ကရပ်နေလျက်မှပင် တီးတိုးရေရွတ်လိုက်မိသည်… “ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… အစ်ကိုကြီးရဲ့ခွန်အားက အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကိုရောက်နေခဲ့ပြီလေ… သူ့ရဲ့လက်ဝါးတစ်ချက်ဝှေ့ယမ်းရုံနဲ့တင် ဇူယွမ့်ကိုလွယ်လွယ်ကူကူ သတ်နိုင်လိမ့်မှာမဟုတ်ဘူးလား…”

ချီလင်းရဲ့မျက်နှာက ဖြူဖျော့နေခဲ့ရပြီး သူကတုန်ယင်စွာဖြင့်ပင်ပြောလိုက်သည်… “အရှင့်ရဲ့အစေခံက ဇူယွမ်ဒါကိုဘယ်လိုလုပ်ခဲ့လဲဆိုတာကို သေသေချာချာမသိရပေမဲ့ ပထမသခင်လေးက သူ့ရဲ့လက်ထဲမှာ အမှန်တကယ်သေသွားခဲ့ရတာပါ…”

“ကျွန်တော်တို့တွေက အဆိပ်ဘုရင်ကို ကျွန်တော်တို့ဘက်ပါအောင် ဆွဲဆောင်နိုင်ခဲ့ပေမဲ့ ဇူယွမ်ကလည်း ဝေကန်းလန်ရဲ့အကူအညီရရှိအောင် ပြုလုပ်နိုင်ခဲ့တယ်…”

ချီဟောင်ရဲ့မျက်နှာက အရင်လိုတည်ငြိမ်နိုင်ခြင်းမရှိတော့ဘဲ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရကာ အော်လိုက်သည်… “မင်းတို့မှာ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းပလွေမရှိဘူးလား… အဲ့ဒါက တိုက်ပွဲဂိုလမ်စပါးအုံးမြွေကို မထိန်းချုပ်နိုင်လို့လား…”

ချီလင်းတစ်ယောက် ငိုမဲ့မဲ့ဖြစ်သွားခဲ့ရကာ ပြန်၍တုန့်ပြန်လိုက်သည်… “ဒါပေမဲ့ဇူယွမ့်မှာ သေးငယ်တဲ့မှော်သားရဲလေးတစ်ကောင်ရှိနေပြီးတော့ အဲ့ဒီမှော်သားရဲရဲ့ခွန်အားက မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့အတူတူပဲ… တိုက်ပွဲဂိုလမ်စပါးအုံးမြွေတောင်မှ အဲ့ဒီမှော်သားရဲရဲ့ ဖျက်စီးခြင်းကိုခံခဲ့ရတယ်…”

“ဘာ…” ချီယန်မျက်မှောင်ကြုတ်သွားခဲ့ရသည်။ သူကဒီအကြောင်းတွေကို အရင်တုန်းကကြားခဲ့ရဖူးခြင်းမရှိခဲ့ပေ။

“ဒါ့အပြင် ဇူယွမ်ရဲ့ဘေးမှာရှိနေတဲ့ အစိမ်းရောင်ဝတ်စုံဝတ်ထားတဲ့မိန်းကလေးက မူလမှော်စာလုံးပညာရပ်မှာ အရမ်းကိုကျွမ်းကျင်မှုရှိပြီးတော့ သူမက အဆင့် ၄မူလမှော်စာလုံးကိုတောင် ရေးဆွဲနိုင်စွမ်းရှိတယ်…”

ချီယန်က လက်သီးကိုတင်းတင်းဆုပ်လိုက်မိသလို သူ့ရဲ့အမူအယာက ဖြူဖျော့သွားခဲ့ရပြီး… “မဖြစ်နိုင်ဘူး… တကယ်လို့တော်ဝင်ကလန်မှာသာ ဒီလိုစွမ်းအားမျိုးပိုင်ဆိုင်ထားတယ်ဆိုရင် သူတို့က ငါတို့ချီအိမ်တော်ကို အရင်ကတည်းက တိုက်ခိုက်ပြီးနေခဲ့ပြီပေါ့…”

ချီလင်းက အလျင်အမြန်ပင်ပြောလိုက်သည်… “အရှင့်ရဲ့အစေခံပြောသမျှအရာအားလုံးက အကုန်အမှန်တရားတွေချည်းပါပဲ…”

ချီယန်ရဲ့အမူအယာက ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့ရသည်။ သူ့အနေနဲ့ ချီလင်းက ဒီအကြောင်းတွေကိုညာပြောနေဖို့မလိုအပ်ဘူးဆိုတာကိုသိသည့်အတွက် ဒါတွေအားလုံးက အမှန်တွေချည်းဖြစ်ရပေမည်။

သို့ပေမဲ့ ဒါကပင်ချီယန့်ကို ပိုပြီးခေါင်းရှုပ်သွားစေခဲ့သည်။ သူ့အနေနဲ့ တော်ဝင်ကလန်ကို အချိန်တိုင်းစောင့်ကြည့်နေသည့်အတွက် သူတို့မှာဒီလိုစွမ်းအားမျိုးမရှိနိုင်ဘူးဆိုတာ နားလည်ထားပေသည်။ ဘယ်လိုလုပ်ပြီး မူလစဦးအဆင့်မူလမှော်သားရဲတစ်ကောင်နဲ့ အဆင့် ၄မူလမှော်စာလုံးရေးဆွဲနိုင်တဲ့ပညာရှင်တစ်ယောက် ရုတ်တရက်ကြီးပေါ်ထွက်လာခဲ့ရတာလဲ။

“အရှင်… တော်ဝင်ကလန်ရဲ့အင်အားက ဒီလိုမျိုးများစွာမြင့်တက်သွားတဲ့အပြင် ဝေကန်းလန်တောင်မှပဲ သူတို့ဘက်ကိုပါနေခဲ့ရပြီ… တကယ်လို့ကျွန်တော်တို့တွေက သူတို့တွေ ဇူအင်ပါယာမြို့တော်ကို ပြန်ရောက်လာတဲ့အထိစောင့်နေမယ်ဆိုရင် သူတို့တွေကဇူချင်နဲ့ပေါင်းမိပြီး ကျွန်တော်တို့ကို သေချာပေါက်တိုက်ခိုက်လာလိမ့်မယ်… ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့တွေက ပြန်ပြီးတုန့်ပြန်နိုင်ဖို့အစီအစဉ်တစ်ခုပြုလုပ်ထားဖို့ လိုအပ်လိမ့်မယ်…”

ချီယန်ရဲ့အမူအယာက ဒေါသကြောင့် နက်မှောင်သွားခဲ့ရသည်။ ထို့နောက်မှာ သူကဖြည်းညှင်းစွာထိုင်ချလိုက်သလို သူ့ရဲ့မျက်နှာထက်မှာလည်း ရက်စက်ကြမ်းကြုတ်တဲ့အကြည့်တစ်ခု ထင်ဟပ်လာခဲ့ရသည်။

“ကြည့်ရတာ ငါကဇူချင်ကို အမှန်တကယ်လျှော့တွက်ထားခဲ့မိတာပဲ… အရင်တုန်းက ငါ့အနေနဲ့ တော်ဝင်ကလန်အတွက် တစ်ခုတည်းသောလမ်းကြောင်းက တဖြည်းဖြည်းသေဆုံးပျက်စီးသွားလိမ့်မယ်လို့ ယုံကြည်ထားခဲ့မိတယ်… တော်ဝင်ကလန်က အခြေအနေအားလုံးကို ပြောင်းလဲသွားအောင် အမှန်တကယ်ဖန်တီးနိုင်လိမ့်မယ်လို့ ငါထင်မထားမိခဲ့ဘူး…”

ချီယန်ရဲ့လေသံက ကျောချမ်းစရာကောင်းလောက်အောင် အေးစက်နေပေသည်… “ဒါပေမဲ့လည်း ဒီအင်အားနဲ့ဆိုရင် လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းကဆိုရင်တော့ ငါ့ကိုအမှန်တကယ်ခြိမ်းခြောက်နိုင်စွမ်းရှိလိမ့်မယ်… ဒါပေမဲ့အခုချိန်မှာတော့ ဒါကသူတို့တွေအတွက် လွယ်ကူနိုင်လိမ့်မှာမဟုတ်တော့ဘူး…”

“ငါတို့အတွက်ကံကောင်းတာတစ်ခုက အဲ့ဒီငရှုပ်ကောင်ရဲ့အပြုအမူတွေကြောင့် သူ့ရဲ့နာမည်က ဝူအင်ပါယာအိမ်ရှေ့စံမင်းသားလေးရဲ့နားထဲကို ရောက်သွားတာကိုပဲ ကျေးဇူးတင်ရမယ်… မြင့်မြတ်တဲ့မင်းသားလေးက သူ့ရဲ့နားကိုအနှောင့်အယှက်ပေးတဲ့ ဒီလိုသတင်းတွေကို မကြိုက်တဲ့အတွက် ငါတို့ကိုပိုပြီးအထောက်အပံ့ပေးခဲ့တယ်… သူကငါတို့ရဲ့အင်အားကိုအသုံးပြုပြီး ဒီငရှုပ်ကောင်ကို ရှင်းပြစ်ဖို့ရည်ရွယ်ထားပုံရတယ်…”

ချီယန်ရဲ့မျက်လုံးထဲမှာ အေးစက်စက်အလင်းရောင်တွေ တဖျပ်ဖျပ်တောက်ပသွားခဲ့ရပြီး သူ့ရဲ့လက်နဲ့စားပွဲခုံကိုရိုက်နှက်သလို ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့်ပင် ပြောလိုက်သည်… “ငါတို့တွေ ဇူအင်ပါယာမြို့တော်ကနေထွက်ခွာပြီးတော့ ချီစုရင်နယ်မြေကိုသွားကြမယ်… အရင်က ငါ့အနေနဲ့ ဇူချင်ကိုနှစ်အနည်းငယ်ကြာအောင် အေးအေးချမ်းချမ်းနဲ့ နေထိုင်သွားစေမလို့ပဲ… ဒါပေမဲ့သူတို့တွေက သေဖို့ဆန္ဒရှိနေမှတော့ ငါကလည်း သူတို့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတော့မှာပေါ့…”

သူကထရပ်လိုက်ပြီး သူ့ရဲ့မျက်လုံးထဲမှာ အမုန်းတရားတွေနဲ့ပြည့်နှက်နေကာ သူ့ရဲ့အမူအယာကနတ်ဆိုးတစ်ကောင်အလား ရက်စက်ကြမ်းကြုတ်စွာဖြင့် တော်ဝင်နန်းတော်တည်ရှိရာအရပ်ကို လှည့်ကြည့်လိုက်သည်။

“ခွေးကောင်လေးဇူယွမ်… မင်းကငါ့သားကို သတ်ရဲတယ်ဆိုမှတော့ ငါကလည်း မင်းတို့ရဲ့တစ်မိသားစုလုံးကို မင်းနဲ့အတူတူမြေမြှုပ်သင်္ဂြိုလ်ပေးရတော့မှာပေါ့…”

သူ့ရဲ့စကားသံကပျောက်ကွယ်သွားခဲ့ရသကဲ့သို့ သူကအခန်းထဲမှ လျှောက်လှမ်းထွက်ခွာသွားခဲ့သလို ချီယွဲ့နဲ့ ချီလင်းတို့ကလည်း နောက်မှလိုက်ပါသွားခဲ့ကြသည်။

နောက်တစ်နေ့မှာ ဇူယွမ်တို့လူစုက လမ်းခရီးတစ်လျှောက် မရပ်မနားခရီးနှင်လာခဲ့ပြီးနောက်တွင် နောက်ဆုံးဇူအင်ပါယာမြို့တော်ကို ရောက်ရှိလာခဲ့ကြသည်။

သို့ပေမဲ့လည်း သူတို့တွေမြို့တော်အတွင်း ဝင်လိုက်သည့်အခိုက်အတန့်မှာပင် ချီအိမ်တော်မှသတင်းတစ်ခုက ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

“ချီအိမ်တော်က လွတ်လပ်တဲ့ချီအင်ပါယာအဖြစ် ဒီနေ့ကစပြီး တည်ထောင်လိုက်ပြီဆိုတာကို ကြေငြာတယ်… ဒါ့ကြောင့်ငါတို့တွေက အခုအချိန်ကစပြီး ဇူအင်ပါယာကနေ နုတ်ထွက်လိုက်ပြီ…”

“ဇူဘုရင်ရဲ့အရည်အချင်းက သာမန်လောက်သာရှိတဲ့အတွက် ဇူအင်ပါယာကို တစ်စစီပျက်စီးလာစေခဲ့ရသလို မြို့သူမြို့သားတွေကိုလည်း ဆင်းရဲဒုက္ခတွင်းထဲကို တွန်းပို့ခဲ့တယ်… ငါတို့ချီအိမ်တော်က မိုးကောင်းကင်ရဲ့အလိုဆန္ဒနောက်ကိုလိုက်ပြီး ဇူအင်ပါယာရဲ့နေရာမှာ ချီအင်ပါယာအဖြစ် အစားထိုးသွားရလိမ့်မယ်…”

ထို့ကြောင့်ပင် ဇူအင်ပါယာတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။


Comment

Leave a Reply

Options

not work with dark mode
Reset