မြေအောက်နန်းတော်တစ်ခုလုံးက လုံးဝပင်ငြိမ်သက်တိတ်ဆိတ်နေခဲ့ရသလို ဇူယွမ်နဲ့ စုယုဝေတို့ကလည်း အလင်းမျက်နှာပြင်ကို အံ့အားသင့်တုန်လှုပ်စွာဖြင့် ကြည့်နေလျက်ပင်ရှိသည်။ အချိန်အတော်ကြာပြီးနောက်မှ ထိုအလင်းမျက်နှာပြင်က မှေးမှိန်ပျောက်ကွယ်သွားခဲ့ရသလို သူတို့တွေကလည်း နောက်ဆုံးမှာသူတို့ရဲ့လက်ရှိအခြေအနေကို ပြန်လည်ရောက်ရှိလာခဲ့ကြရသည်။
“ဘယ်လောက်တောင် ရက်စက်လိုက်တဲ့အပြစ်ပေးမှုလဲ… မိုင်ပေါင်းရှစ်သောင်းပတ်လည်အတွင်းမှာရှိတဲ့ သက်ရှိအားလုံးကို သူကဒီလိုအမြစ်ဖြတ်ချေမှုန်းသုတ်သင်ပြစ်လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး…” ဇူယွမ်ရဲ့လေသံမှာ အနည်းငယ်သော ဝမ်းနည်းမှုတို့ပါဝင်နေပေသည်။
“ဒါတွေအားလုံးက သူတို့တော်ဝင်လူမျိုးစုရဲ့ပါရမီရှင်တွေ ဒီနေရာမှာ သေဆုံးသွားခဲ့ရတဲ့အတွက်ကြောင့်ပဲ…” စုယုဝေရဲ့မျက်နှာသည်လည်း အနည်းငယ်ဖြူဖျော့နေရပေသည်။ ဒီတော်ဝင်လူမျိုးစုလို့ခေါ်တဲ့နေရာမှလာတဲ့လူရဲ့အပြုအမူတွေက လွန်စွာမှပင်နိုင်လိုမင်းထက်ရှိလှကာ နှလုံးသားကင်းမဲ့လှပေသည်။
ဇူယွမ်ရဲ့အမူအယာက တင်းမာသွားခဲ့ရပြီး သူကဖြည်းညှင်းစွာရေရွတ်လိုက်မိသည်… “ဒီတော်ဝင်လူမျိုးစုဆိုတာက ဘာလဲ… သူတို့က မိုင်ပေါင်းရှစ်သောင်းပတ်လည်အတွင်းမှာရှိတဲ့ သက်ရှိအားလုံးကို ရိုးရှင်းတဲ့စကားလေးနည်းနည်းလောက်ပြောလိုက်ရုံနဲ့ အမြစ်ပြတ်ချေမှုန်းပြစ်နိုင်လောက်အောက် စွမ်းအားရှိလိမ့်မယ်လို့ ထင်မထားမိဘူး…”
ဒီကမ္ဘာကြီးက လွန်စွာမှပင်ကြီးမားကျယ်ပြန့်လှကာ သူမသိသေးသည့် အရာများစွာရှိနေသေးသည်။
ထို့နောက်မှာ ဇူယွမ်တစ်ယောက် သူ့ရဲ့ရင်ထဲမှာသက်ပြင်းတစ်ချက်ချလိုက်မိကာ ယောင်ယောင့်ကိုကြည့်လိုက်သည်တွင် ချက်ချင်းဆိုသလို အံ့အားသင့်သွားခဲ့ရသည်။ ယောင်ယောင်ရဲ့တောက်ပတဲ့မျက်လုံးတွေက အခုအချိန်မှာ ကျောချမ်းစရာကောင်းလောက်သည့် အေးစက်တဲ့အရှိန်အဝါတွေဖြင့် ပြည့်နှက်လို့နေရပေသည်။
“အစ်မကြီးယောင်ယောင် ဘာဖြစ်လို့လဲ…” ဇူယွမ်တစ်ယောက် လျင်မြန်စွာပင် သူမကိုလှမ်းခေါ်လိုက်သည်။
ဇူယွမ်ရဲ့လေသံကို ကြားလိုက်ရသည့်အခါ ယောင်ယောင်တစ်ယောက် လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ရသည်။ သူမမျက်လုံးထဲရှိ အေးစက်မှုတွေနေရာမှာ စိတ်ရှုပ်သွားသည့်အမူအယာတွေ အစားထိုးဝင်ရောက်လာခဲ့ကာ ဇူယွမ်ကိုကြည့်လိုက်ပြီး မေးလိုက်သည်… “ဘာဖြစ်လို့လဲ…”
ဇူယွမ်တစ်ယောက် ကို့ရို့ကားရားနိုင်စွာဖြင့်ပင် သူ့ရဲ့ခေါင်းကိုသာ ကုတ်လိုက်မိသည်။ စောစောတုန်းက သူ့ရဲ့မျက်လုံးတွေကပဲ သူ့ကိုလှည့်စားခဲ့တာလား။
“ကြည့်ရတာသလင်းကျောက်ထဲကမြင်ကွင်းတွေက တိုက်ပွဲဂိုလမ်ဂိုဏ်းပျောက်ကွယ်သွားတုန်းက အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားခဲ့တာပဲ…” ဇူယွမ်က နောက်ထပ်ဒီအကြောင်းအရာတွေကို ထပ်မတွေးဖို့ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့အကြည့်တွေက လျင်မြန်စွာဖြင့်ပင် ကျန်ရှိနေသေးသည့် ကျောက်စိမ်းသေတ္တာနှစ်လုံးထံသို့ ရောက်ရှိသွားခဲ့သည်။
“ဒီသေတ္တာနှစ်လုံးမှာ နောက်ထပ်မှတ်တမ်းတင်ထားတဲ့ကျောက်တုံးတွေ မပါနိုင်လောက်တော့ပါဘူးနော် ဟုတ်တယ်မလား…”
ဇူယွမ်တစ်ယောက် ရေရွတ်လိုက်ပြီးနောက်မှာ ဒုတိယမြောက်ကျောက်စိမ်းသေတ္တာကို သတိကြီးစွာထား၍ နောက်တစ်ကြိမ်ထပ်ဖွင့်လိုက်သည်။
ရွှစ်…
သူက သေတ္တာကိုဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အဖြူအနက်အလင်းတစ်ခုက ရုတ်တရက်လျှပ်စီးအလား လျင်မြန်လှသည့်အရှိန်ဖြင့်ပစ်လွင့်လာခဲ့ရသည်။
ဒီလိုရုတ်တရက်ဖြစ်ပျက်သွားခဲ့ရတဲ့ အဖြစ်အပျက်က ဇူယွမ့်ကိုအံ့အားသင့်သွားစေခဲ့ရသည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်ယွမ်စုတ်တံက သူ့လက်ထဲမှာထွက်ပေါ်လာခဲ့ပြီး အလျင်အမြန်ပင်ရှည်ထွက်လာခဲ့ကာ စုတ်တံရဲ့ထက်မြလှသည့်ထိပ်ဖျားဖြင့် အဖြူအနက်အလင်းတန်းကို ထိုးဖောက်လိုက်သည်။
ထန်း…
နှစ်ခုထိပ်တိုက်တွေ့ဆုံသွားမှုကြောင့် ဇူယွမ်ရဲ့လက်ကတုန်ခါသွားခဲ့ရပြီး အဖြူအနက်အလင်းတန်းကလည်း အဝေးကိုလွင့်စဉ်သွားခဲ့ရသည်။ သို့ပေမဲ့လည်း ၎င်းကရုတ်တရက် ဦးတည်ရာပြောင်းသွားခဲ့ရပြီး အနည်းငယ်လှုပ်ခါသွားသကဲ့သို့ စုယုဝေထံပစ်လွင့်သွားခဲ့ရပြန်သည်။
ဇူယွမ်တစ်ယောက် အလွန်အမင်းထိတ်လန့်သွားခဲ့ရပြီး အလျင်အမြန်ပင်အော်ပြောလိုက်သည်… “ယုဝေသတိထား…”
ကံမကောင်းစွာပင် ထိုအဖြူအနက်အလင်းတန်းရဲ့ အမြန်နှုန်းက လွန်စွာမြန်ဆန်လှပေသည်။ စုယုဝေက အဖြူအနက်အလင်းတန်းကို တုန့်ပြန်ဖို့ပြင်နိုင်ရုံမျှပင်ရှိသေးစဉ်မှာ ထိုအလင်းတန်းက သူမရဲ့မျက်ခုံးနှစ်ခုကြားသို့ ပျံသန်းဝင်ရောက်သွားခဲ့သည်။
ဒီမြင်ကွင်းက ဇူယွမ်ရဲ့မျက်လုံးတွေကို ဒေါသကြောင့်ပြူးကျယ်သွားစေခဲ့ရသလို သူ့ရဲ့မျက်လုံးတွေက နီရဲသွားခဲ့ရပြီး စုယုဝေထံအလျင်အမြန်တိုးကပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာ စုယုဝေရဲ့ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားခဲ့ရပြီး သူမရဲ့မျက်ခုံးနှစ်ခုကြားသို့ တစ်ခုခုဝင်ရောက်သွားခဲ့သည်ကို ခံစားမိခဲ့လိုက်သည့်အတွက် သူမရဲ့လက်ဖြင့်စမ်းကြည့်လိုက်မိပြီး အလျင်အမြန်ပင်ပြောလိုက်သည်… “ငါအဆင်ပြေပါတယ် မင်းသားလေး…”
ဇူယွမ်က သူမဘေးသို့အလျင်အမြန်ရောက်ရှိလာခဲ့ပြီး သူမရဲ့မျက်ခုံးနှစ်ခုကြားနေရာကို ကြည့်လိုက်သည်… “စောစောကဟာကဘာလဲ… နင်အဆင်ပြေတာရော သေချာရဲ့လား…”
“ဘာဖြစ်သွားတာလဲဆိုတာ ငါလည်းမသိလိုက်ဘူး…” စုယုဝေရဲ့မျက်ခုံးတွေက တွန့်ကွေးသွားခဲ့ရသည်။
ထိုအခိုက်အတန့်မှာပင် ယောင်ယောင်သည်လည်း စုယုဝေထံလျှောက်လှမ်းလာခဲ့ပြီး သူမကိုတစ်ခဏမျှစစ်ဆေးကြည့်လိုက်ပြီးနောက်မှာ သူမကပြောလိုက်သည်… “နင့်ရဲ့ချီပင်လယ်ကို စစ်ကြည့်လိုက်ဦး…”
စုယုဝေက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်မှာ သူမရဲ့မျက်လုံးတွေကိုမှိတ်လိုက်ကာ သူမရဲ့စိတ်က ချီပင်လယ်အတွင်းနစ်မြုပ်သွားခဲ့ရသည်။ အချိန်အနည်းငယ်ကြာပြီးနောက်မှာ သူမကတစ်စုံတစ်ခုထူးခြားနေသည်ကို နောက်ဆုံး၌အာရုံခံမိခဲ့လိုက်သည်။
အဖြူအနက်အလင်းရောင်တစ်ခုက သူမရဲ့ချီပင်လယ်အတွင်းမှာ စီးမျောနေလျက်ရှိပေသည်။ သူမက သေသေချာချာအနီးကပ်စစ်ဆေးကြည့်လိုက်သည့်အခါ ၎င်းက အဖြူအနက်အလင်းတွေထွက်ပေါ်နေသည့် ဓားတစ်ချောင်းဖြစ်သည်ကို တွေ့လိုက်ရသည်။ ဓားရဲ့အပေါ်မှာ မြင်နိုင်ရုံမျှသာရှိသည့် ရှေးဟောင်းစာလုံးနှစ်လုံး ရှိနေပေသည်။
“ယန်မင်ဓား…”
ဓားရဲ့အရိပ်က တုန်ခါနေသကဲ့သို့ ၎င်းထံမှ အံ့အားသင့်စရာကောင်းလှသည့် အရှိန်အဝါအငွေ့အသက်တွေ ထုတ်လွှတ်နေလျက်ရှိသည်။ သို့ပေမဲ့လည်း ဓားတစ်ခုလုံးက ၎င်းရဲ့စွမ်းအားတွေအားလုံး ကုန်ခမ်းနေသည့်အလား မှုန်ဝါးလို့နေပေသည်။
စုယုဝေက သူမရဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး အံ့အားသင့်သည့်လေသံဖြင့် ပြောလိုက်သည်… “ငါ့ရဲ့ချီပင်လယ်ထဲမှာ ဓားတစ်ချောင်းပေါ်လာခဲ့တယ်…”
ဇူယွမ်တစ်ယောက် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့သည်။
ယောင်ယောင်က အနည်းငယ်တွေးတောလိုက်ပြီးမှ ပြောလိုက်သည်… “ကောင်းကင်အဆင့်မူလလက်နက်တစ်ခုကိုသာ ချီပင်လယ်ထဲမှာ သိမ်းဆည်းထားနိုင်စွမ်းရှိတယ်…”
“ကောင်းကင်အဆင့်မူလလက်နက်လား…” စုယုဝေရဲ့ပါးစပ်လေးက အနည်းငယ်ပွင့်ဟသွားခဲ့ရသည်။ ဒီလိုအဆင့်ရှိတဲ့မူလလက်နက်မျိုးကို ဇူအင်ပါယာတစ်ခုလုံးမှာတောင် ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။ ဒီလိုအရာတစ်ခုက ဘယ်လိုလုပ်သူမရဲ့ချီပင်လယ်ထဲကို ဝင်ရောက်သွားခဲ့ရတာလဲ။
အချိန်အနည်းငယ်ကြာ အံ့အားသင့်တုန်လှုပ်သွားခဲ့ပြီးနောက်မှာ သူမကဇူယွမ့်ထံ စိတ်လှုပ်ရှားစွာကြည့်လိုက်ပြီးပြောသည်… “မင်းသားလေး ငါကဒါကို ဖယ်ရှားလိုက်သင့်လား…”
ဒီလိုအဖိုးတန်လှသည့်ရတနာတစ်ခုက ဇူယွမ့်အတွက်ကြီးစွာသောအကူအညီကို ရရှိစေနိုင်လိမ့်ပေမည်။
စုယုဝေရဲ့စကားကိုကြားလိုက်ရသည့်အခါ ယောင်ယောင်က ညင်သာစွာရယ်မောလိုက်ပြီးပြောလိုက်သည်… “ကောင်းကင်အဆင့်ကိုရောက်နေတဲ့ မူလလက်နက်တစ်ခုက သူတို့မှာကိုယ်ပိုင်အသိဉာဏ်ရှိသလို သူတို့ရဲ့ဆက်ခံသူကိုလည်း သူတို့ဘာသာပဲရွေးချယ်ကြတယ်… ဒီယန်မင်ဓားက သူ့ရဲ့ယင်ယန်သဘာဝကြောင့် နင့်ကိုဆက်ခံသူအဖြစ်ရွေးချယ်ခဲ့တာပဲ…”
“တကယ်လို့နင်ကဒါကို နင့်ရဲ့ချီပင်လယ်ထဲက ဖယ်ရှားလိုက်မယ်ဆိုရင်တောင်မှ ဇူယွမ်က ဒီဓားကိုထိန်းချုပ်နိုင်မှာမဟုတ်ဘူး… အတင်းအကျပ်ဖိအားပေးပြီးအညံ့ခံစေတာက ကောင်းတဲ့အရာမဟုတ်ဘူး…”
ဇူယွမ်ရဲ့နှုတ်ခမ်းတွေကပွင့်ဟသွားခဲ့ရပြီး ပြုံး၍ပြောလိုက်သည်… “ဒါကနင့်အတွက် ကောင်းချီးပေးမှုတစ်ခုပဲ… နင်ကဒါကို အတင်းအကျပ်ဖယ်ရှားပြစ်ဖို့မလိုအပ်ဘူး…”
ကောင်းကင်အဆင့်မူလလက်နက်တစ်ခု လွန်စွာရှားပါးလှပေမဲ့လည်း ဒါကဇူယွမ့်ကို စိတ်ပျက်သွားစေခြင်းမရှိခဲ့ပေ။ စုယုဝေအနေဖြင့်လည်း ဒီလက်နက်ကို သူမနဲ့ထိုက်တန်၍သာ ရရှိခဲ့ရခြင်းဖြစ်ပေသည်။ ဒါ့အပြင် ဒီလိုကောင်းကင်အဆင့်မူလလက်နက်တစ်ခုက စုယုဝေကိုရွေးချယ်ခဲ့ခြင်းအတွက်လည်း သူကအနည်းငယ်ပျော်ရွှင်ရပေသည်။
ထို့အပြင် ကောင်းကင်အဆင့်မူလလက်နက်က စုယုဝေလက်ထဲကိုရောက်ရှိသွားခဲ့ရခြင်းက သူ့ရန်သူတွေလက်ထဲကို ရောက်ရှိသွားခြင်းထက် များစွာကောင်းမွန်မှုရှိရသည်။
“နင်က ယန်မင်ဓားကို ငါတို့ကြည့်ရအောင် ထုတ်ပြလို့ရနိုင်မလား…” ဇူယွမ်က အဆိုပါကောင်းကင်အဆင့်လက်နက်ရဲ့စွမ်းအားကို များစွာစိတ်ဝင်စားမိပေသည်။ သူ့ရဲ့ကောင်းကင်ယွမ်စုတ်တံက တော်ဝင်အဆင့်လက်နက်ဖြစ်ပေမဲ့လည်း ၎င်းကဒုတိယမြောက်မှော်စာလုံးကိုသာ နိုးထလာစေရန်ပြုလုပ်ထားနိုင်ခဲ့သည်။ ထို့ကြောင့်ပင် သူ့ရဲ့ကောင်းကင်ယွမ်စုတ်တံက အခုအချိန်မှာ အဆင့်နိမ့်အနက်ရောင်အဆင့်မူလလက်နက်တစ်ခုအဖြစ်ကိုသာ ရောက်ရှိနေရုံရှိသေးသည်။
တကယ်လို့သာ ဒီကောင်းကင်အဆင့်မူလလက်နက်ရဲ့သတင်းသာ ပျံ့နှံ့သွားခဲ့ရမယ်ဆိုရင် ဇူအင်ပါယာတစ်ခုလုံးက မူလစဦးအဆင့်ကျင့်ကြံသူတွေအပြင် အခြားအင်ပါယာတွေက စွမ်းအားမြင့်ကျင့်ကြံသူတွေပါ ဒီနေရာကို စုရုံးရောက်ရှိလာကြမည်မှာ အသေအချာပင်ဖြစ်သည်။ ဒီလိုမျိုးကောင်းကင်အဆင့်မူလလက်နက်တစ်ခုက လူတစ်ယောက်ရဲ့တိုက်ပွဲစွမ်းအားကို အံ့အားသင့်စရာကောင်းတဲ့အဆင့်တစ်ခုထိရောက်အောင် မြင့်တက်သွားစေပေလိမ့်မည်။
စုယုဝေက အချိန်အတော်ကြာအောင် ကြိုးစားကြည့်ခဲ့ပေမဲ့ နောက်ဆုံးမှာ သူမရဲ့ခေါင်းကိုသာ ခါယမ်းပြခဲ့လိုက်မိသည်… “ဓားက သူ့ရဲ့စွမ်းအားတွေကို အကုန်အစင်အသုံးပြုထားခဲ့တဲ့အတွက် အခုချိန်မှာဒါကို ဆင့်ခေါ်လို့မရနိုင်သေးဘူး…”
ဒါကိုကြားလိုက်ရသည့်အခါ ဇူယွမ်တစ်ယောက် အနည်းငယ်စိတ်ပျက်သွားသလို ခံစားလိုက်ရပေမဲ့ အတင်းအကျပ်တိုက်တွန်းခြင်းမရှိခဲ့ပေ။ ထိုအစားသူ့ရဲ့အကြည့်က နောက်ဆုံးကျန်ရှိနေသည့် တတိယမြောက်ကျောက်စိမ်းသေတ္တာကို ကြည့်လိုက်မိသည်။
“ဒီနောက်ဆုံးသေတ္တာထဲမှာ ဘယ်လိုရတနာမျိုးရှိနေနိုင်မလဲ…”
ဒီတစ်ကြိမ်မှာ ဇူယွမ်က အစောပိုင်းတုန်းကထက်ပင် ပို၍သတိကြီးစွာထားလျက်ရှိသည်။ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ မူလချီတွေကို လှည့်ပတ်လိုက်ပြီး အလွန်သတိကြီးစွာဖြင့် တတိယမြောက်ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။
သို့ပေမဲ့လည်း ကျောက်စိမ်းသေတ္တာက ပွင့်သွားခဲ့ရသည့်အချိန်မှာ သူမျှော်မှန်းထားသလို မည်သည့်အရာမှဖြစ်ပေါ်မလာခဲ့ပေ။ ကျောက်စိမ်းသေတ္တာက လုံးဝပွင့်သွားတဲ့အချိန်မှာ သူတို့သုံးယောက်က သေတ္တာအတွင်း၌ ငွေရောင်အလုံးတစ်လုံးရှိနေသည်ကို မြင်လိုက်ကြရသည်။
အနီးကပ်စစ်ဆေးကြည့်လိုက်ပြီးသည့်နောက်တွင် သူတို့သုံးယောက်စလုံးက ဒီငွေရောင်အလုံးလေးဟာ ငွေရောင်အရည်တစ်ခုထံမှ ဖြစ်တည်လာခဲ့ခြင်းဖြစ်ကြောင်းကို နားလည်သဘောပေါက်ခဲ့ရပြီး ထိုအရည်တွေက ကိုယ်ပိုင်အသိစိတ်ရှိသည့်အလား အဆက်မပြတ်စီးဆင်းနေကြလျက်ရှိသည်။
ဇူယွမ်တစ်ယောက် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်မိသည်… “ဒါကဘာလဲ…”
ယောင်ယောင်ရဲ့မျက်လုံးထဲမှာလည်း စိတ်ဝင်စားမှုတွေ ထွက်ပေါ်လာခဲ့ရသကဲ့သို့ သူမက သေသေချာချာစစ်ဆေးကြည့်လိုက်ပြီးမှ ပြောလိုက်မိသည်… “ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်တဲ့ ပစ္စည်းတစ်ခုလဲ… ဒီအရည်တွေထဲမှာ မူလမှော်စာလုံးတွေအများကြီး ပါဝင်နေတာပဲ…”
“ဟင်…” ဇူယွမ် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူ့ရဲ့မျက်လုံးထဲမှာ မူလချီစွမ်းအင်တွေတစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရကာ ငွေရောင်အရည်ထဲရှိ လွန်စွာသေးငယ်လှသည့် မူလမှော်စာလုံးများစွာကို ရှာတွေ့သွားခဲ့သည်။
“အရည်ပေါ်မှာ မူလမှော်စာလုံးတွေကို ရေးဆွဲထားတာလား…” စုယုဝေသည်လည်း အံ့အားသင့်နေမှုတို့ဖြင့် ပြည့်နှက်သွားခဲ့ရသည်။ ဒီလိုစွမ်းဆောင်ရည်မျိုးကို ရရှိနိုင်ဖို့အတွက် အဲ့ဒီလူက ဘယ်လိုကျွမ်းကျင်မှုမျိုးတွေ လိုအပ်ရလိမ့်မည်နည်း။
ဇူယွမ်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်… “ဒါဆို ဒီပစ္စည်းက ဘယ်နေရာမှာ အသုံးဝင်တာလဲ…”
ယောင်ယောင်က အချိန်ခဏကြာငြိမ်သက်သွားခဲ့ပြီးမှ ပြောလိုက်သည်… “အဲ့ဒီအပေါ်ကို သွေးတစ်စက်ချလိုက်ရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို မြင်ရလိမ့်မယ်…”
ဇူယွမ်အနည်းငယ် တုန့်ဆိုင်းနေခဲ့ရသည်။ ထို့နောက်မှာ သူကအံကိုတင်းတင်းကြိတ်လိုက်ပြီး သူ့ရဲ့လက်ချောင်းထိပ်ကို အနည်းငယ်ကိုက်ဖောက်လိုက်သည်။ သူ့ရဲ့လက်ချောင်းထိပ်မှ လတ်ဆတ်တဲ့သွေးတစ်စက်က ငွေရောင်အရည်မှဖြစ်တည်လာသည့် ငွေရောင်အလုံးပေါ်သို့ ကျရောက်သွားခဲ့သည်။
သူတို့သုံးယောက်က ငွေရောင်အလုံးပေါ်ကို သွေးစက်ကျရောက်သွားခဲ့ပြီး ငွေရောင်အရည်ထဲကို လျင်မြန်စွာပေါင်းစပ်သွားခဲ့သည်ကို ဂရုတစိုက်စောင့်ကြည့်နေလျက်ရှိကြသည်။
ဝှစ်…
ငွေရောင်အရည်ထဲမှ အလင်းရောင်တစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့ရသကဲ့သို့ ၎င်းကလေထဲသို့ ဖြည်းညှင်းစွာမြင့်တက်လာခဲ့ရသည်။ ထို့နောက်မှာ ငွေရောင်အရည်တွေက အောက်ကိုစီးကျလာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးနိုင်သည့် ငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
မူလမှော်စာလုံးတွေက တိုက်ပွဲဝင်ချပ်ဝတ်ပေါ်မှာ တလက်လက်တောက်ပနေခဲ့ပြီး ၎င်းရဲ့ပုံစံကို အနည်းငယ်ထူးခြားဆန်းကြယ်နေစေသည်။
ဇူယွမ်က ငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေမိသည်။ ၎င်းထံမှ လွှမ်းမိုးနိုင်စွမ်းရှိသည့် အေးစက်စက်အရှိန်အဝါတစ်ခု ထုတ်လွှတ်နေခဲ့သလို ၎င်းရဲ့အစိတ်အပိုင်းတစ်ခုချင်းစီကလည်း လူသတ်လိုသည့်အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေရပေသည်။ ထို့အပြင်၎င်းထံမှ ဖိအားတစ်ခုပျံ့နှံ့လာခဲ့စဉ်မှာ သူတို့ရဲ့နှလုံးခုန်နှုန်းက အနည်းငယ်မြန်ဆန်သွားခဲ့ရသည်။
“သောက်ကျိုးနဲ ဒီပစ္စည်းက ဘယ်လိုအရာမျိုးလဲ…”
“ဒါက ပြောင်းလဲနိုင်စွမ်းရှိတဲ့ တိုက်ပွဲဝင်ချပ်ဝတ်တစ်ခုလား…”