ဝိညာဥ်လက်ကြီးက ရှေ့သို့ ရွေ့လျားသွားသောအခါ ၎င်း၏ပတ်ပတ်လည်ရှိ လေထုကြီးမှာ တွန့်လိမ် ကောက်ကွေးသွားပြီး ပိုင်ရှောင်ချန်း၏ အနီးရှိ အရာအားလုံးမှာ ချုပ်နှောင်ခံလိုက်ရတော့သည်။ ပိုင်ရှောင်ချန်းမှာ လှောင်အိမ်တစ်ခုထဲတွင် ပိတ်ခံထားရကဲ့သို့ ထွက်မပြေးနိုင်တော့ပေ။
ဤသို့ အန္တရာယ်ကြီးမားလှသည့် ခံစားချက်ကြီးကြောင့် သူ၏ မျက်ဝန်းများမှာ နီမြန်းနေပြီး မျက်နှာနှင့်လည်ပင်းတို့ပေါ်တွင် သွေးကြောကြီးများ ထောင်လာတော့သည်။ ထိုလက်ကြီးက သူ့ကိုဖမ်းဆုပ်ခါနီးတွင်မူ သူက အော်ဟစ်လိုက်ပြီး ထာဝရပြုစားခြင်း သိုင်းကိုထုတ်သုံးလိုက်တော့သည်။
ထို့နောက်ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သောအခါ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် မှုန်ဝါးသွားတော့သည်။ သူ၏ခြေထောက် မြေပြင်ပေါ်သို့ ပြန်ကျသွားသည့် အချိန်တွင်မူ သူက လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။
စောစောက ပိုင်ရှောင်ချန်း ရပ်နေသည့်နေရာသို့ ဝိညာဥ်လက်ကြီးက ရောက်သွားပြီး လေထုကိုသာ ဖမ်းဆုပ်မိလိုက်သောအခါ အုန်းခနဲအသံကြီးတစ်သံ ပေါ်ထွက်လာသည်။
တွင်းနက်ကြီးထဲတွင် ဒေါသတကြီးအော်ဟစ်နေသည့်အသံတစ်သံ ပေါ်ထွက်လာပြီး ထိုအသံမှာ ကျယ်လောင်လွန်းလှသဖြင့် မန္တန်အစီအရင်များမှာ ကျိုးပျက်သွားကာ အရာအားလုံး တုန်ရီသွားရတော့သည်။ ထိုနေရာတစ်ဝိုက်ရှိ လူများမှာလည်း ထိုအသံကြီးကို သတိထားမိသွားကြသည်။
ထိုစဥ် အဝင်ပေါက်၏ မီတာငါးရာအကွာတွင် ပိုင်ရှောင်ချန်းမှာ သွေးပွက်များစွာအန်ရင်း ဖြူဆုတ်နေသည့် မျက်နှာကြီးဖြင့် ပြန်ပေါ်လာသည်။
သူ၏ နောက်ကျောမှာလည်း တုန်လှုပ်ဖွယ်ကောင်းစွာ သွေးများထွက်နေပြီး ဒဏ်ရာကြီးငါးခု ရှိနေသည်။
ထိုဒဏ်ရာကြီးမှာ အတွင်းပိုင်းကလီစာများကိုပင် ထိခိုက်စေနိုင်သည်အထိ ပြင်းထန်နေသည်။ သို့သော် ပိုင်ရှောင်ချန်းတွင် အလွန်သန်မာသည့် အပြင်ခန္ဓာကိုယ်စွမ်းအားများရှိသဖြင့် သတိလစ်မသွားစေရန် ထိန်းထားနိုင်လေသည်။ သူ၏ ပါးစပ်ထဲမှ သွေးများစီးကျနေပြီး သူ၏နှလုံးသားမှာလည်း ကြောက်ရွံ့မှုများကြောင့် တဒိန်းဒိန်းခုန်နေတော့သည်။ သို့သော် သူက တစ်ခဏလေးမျှ မရပ်ပဲ ဆက်၍ ပြေးလိုက်ပြန်သည်။
ထူးဆန်းသော တောင်တန်းများထဲမှ သူထွက်လာသောအခါ သူ၏နောက်ဘက်ရှိ ကောင်းကင်ယံကြီးပေါ်သို့ အနက်ရောင်အလင်းတန်းကြီးတစ်ခု မြင့်တက်သွားကာ တုန်ခါမှုလှိုင်းကြီးတစ်ခု ပေါ်ထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ လွင့်ပျံသွားလေသည်။
ထိုနေရာတစ်ဝိုက်ရှိ သဘာဝအလျောက်ဖြစ်ပေါ်နေသည့် အတားအဆီး မန္တန်အစီအရင်များအားလုံးမှာ ထိုတွင်းနက်ကြီးထဲမှ ပေါ်ထွက်နေသည့် အားပြင်းသောစွမ်းအင်ကြီးကြောင့် ကျိုးပျက်သွားကြပြီး အပြီးတိုင် ပျက်စီးသွားရတော့သည်။
ပိုင်ရှောင်ချန်းမှာ အသိစိတ်ပျောက်လုမတတ် ထိတ်လန့်နေပြီး တဒိန်းဒိန်းခုန်နေသည့် ရင်ဘတ်ကြီးဖြင့် ထိုမြေရိုင်းဒေသတစ်လျှောက် အသက်လုပြေးကာ တံတိုင်းကြီးဆီသို့ ရောက်ရန်သာ စိတ်ထဲတွင် အာရုံပြုနေတော့သည်။
” ငါတော့ ကိစ္စချောပြီ။ တော်တော် လောဘကြီးမိလိုက်ပြီး စွမ်းအားကြီးတဲ့ အရာကြီးတစ်ခုကို ဆင့်ခေါ်မိလိုက်ပြီ။ ”
အန္တရာယ်ကြီးတစ်ခုကို ကမ္ဘာမြေပြင်ပေါ်သို့ ခေါ်ဆောင်လာမိပြီဆိုသည့် ခံစားချက်ကြီးကြောင့် စိတ်ပျက်လက်ပျက်ဖြင့် သူက အရှိန်တင်ကာ ဆက်ပြေးလိုက်သည်။
ထိုစဥ် ထိုတွင်းနက်ကြီးနားရှိ လူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူ များစွာတို့မှာ ဖြစ်ပျက်နေသည်များကို မြင်သွားကြသဖြင့် တအံ့တသြ လှမ်းကြည့်လိုက်ကြသည်။
” ဘာတွေဖြစ်နေတာတုံး ”
” အဲဒီ အငွေ့အသက်တွေက မယုံနိုင်စရာပါလား။ ”
သူတို့မှာ ထိုသို့ အလန့်တကြား အော်ဟစ်နေကြပြီး အကျိုးအကြောင်းစုံစမ်းရန် တွင်းနက်ကြီးဆီသို့ ဦးတည်သွားကြတော့သည်။
သူတို့အတွက် ကံကောင်းသွားသည်မှာ အနက်ရောင်အလင်းတန်းကြီး ပေါ်ထွက်လာပြီး မန္တန်အစီအရင်များကို ဖျက်ဆီးလိုက်ပြီးနောက် ဧရာမ ဝိညာဥ်လက်ကြီးမှာ ထပ်၍ မပေါ်လာတော့ပေ။
ထို့ကြောင့် ကြီးမားသော အန္တရာယ်များ မရှိတော့ပဲ အချို့မှာဆိုလျှင် တွင်းနက်ကြီးဆီသို့ ရောက်သောအခါ အောက်ထဲသို့ငုံ့ကြည့်ကာ စပ်စုရန် တွင်းနက်ကြီးထဲသို့ပင် ခုန်ဝင်သွားကြသည်။
မဟာတံတိုင်းမြို့တော်ရှိ ကျင့်ကြံသူများမှာလည်း ထိုအနက်ရောင် အလင်းတန်းကြီးကို သတိထားမိလိုက်ကြသည်။ ချိန်ဟဲ့ထျန်က ဧရာမစေတီတော်ကြီးထဲမှ ထွက်လာပြီး အနက်ရောင်အလင်းတန်းကြီးကို လှမ်းကြည့်ကာ ၎င်း၏ အံ့သြဖွယ်ကောင်းသော အငွေ့အသက်များကို ခံစားမိလိုက်သဖြင့် သူ၏ မျက်နှာပေါ်တွင် အလွန်တည်ကြည်သော အမူအရာတစ်ခု ပေါ်လာတော့သည်။
မြေရိုင်းဒေသ၏ အတွင်းထဲရှိ လူ့ဘီလူးမျိုးနွယ်စုပေါင်း တစ်ရာကျော် စခန်းချရာနေရာ ဖြစ်သည့် လွင်ပြင်ကြီးထဲရှိ စစ်တပ်၏ အလယ်တည့်တည့်တွင် ကြီးမားသော ရွက်ဖျင်တဲတစ်ခုကို မြင်နိုင်သည်။ ထိုရွက်ဖျင်တဲတွင် အနီရောင်ဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ဦးရှိသည်။ သူက သခင်မလေး ဟုန်ချိန် ပင်ဖြစ်သည်။ ရုတ်တရက် သူ့မျက်လုံးများ ပွင့်လာပြီး ကောင်းကင်ပေါ်သို့မော့ကာ အလင်းတန်းကြီးကို ကြည့်လိုက်တော့သည်။
” မဟုတ်မှလွဲရော အဲဒါက ” အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် သူသည် လက်အောက်ငယ်သားများအား ထိုကိစ္စကို သွားရောက်စုံစမ်းရန် အမိန့်ပေးလိုက်သည်။
စစ်တပ်ကြီးနှစ်တပ်ပင် ဤအခြေအနေကို စိစစ်ရန်အတွက် လူများစေလွှတ်လိုက်ချိန်တွင် ကီလိုမီတာ အနည်းအကွာရှိ တောင်တန်းများပေါ်တွင် ရပ်နေသည့် လူရိပ်နှစ်ခုကို မြင်နိုင်သည်။
သူတို့၏ အဝတ်အစားများမှာ ဆုတ်ပြဲနေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ထိတ်လန့်နေသည့် အရိပ်အယောင်များကို မြင်နိုင်သည်။ ထို အရိပ်အယောင်များကို မြင်လိုက်ရသူတိုင်းပါ လိုက်၍ ထိတ်လန့်သွားရမည့်အလားပင်။ သူတို့နှစ်ယောက်မှာ သားရဲအရိုင်းကောင်များနှင့်ပင် တူနေတော့သည်။
ထိုနှစ်ယောက်တွင် ကျင့်ကြံသူများနှင့်တူသည့် အချက်တစ်ခုတစ်လေပင် မရှိပေ။ သူတို့ထံမှ ဝိညာဥ်အငွေ့အသက်များ ပေါ်ထွက်နေပြီး ကြောက်မယ်ဖွယ် ကောင်းသည့် သတ်ဖြတ်လိုသော အငွေ့အသက်များကို ပိုင်ဆိုင်ထားသည်။
လူငယ်မှာ အေးတိအေးစက်နှင့် မာနကြီးသောပုံရှိပြီး မိန်းမပျိုမှာ အလွန်ချောမောလှပသည်။ သူတို့နှစ်ယောက်လုံးသည် မကြာသေးမီက ဒဏ်ရာရရှိထားကြသည်မှာ အထင်အရှားပင်။ ထို ဒဏ်ရာများမှာ ပျောက်ကင်းနေကြပြီဖြစ်ပါသော်လည်း အမာရွတ်များကိုမူ အထင်းသားမြင်နေနိုင်သေးသည်။ ထိုနှစ်ယောက်မှာ အန္တရာယ်များလှသော တိုက်ပွဲများကို မရေမတွက်နိုင်လောက်အောင် တိုက်ခိုက်ခဲ့သည့်အချက်မှာ သိသာပေသည်။
ထိုလူငယ်မှာ ဇောင်ထျန်ကျောက် ဖြစ်ပြီး အမျိုးသမီးငယ်မှာ ချိန်ယွဲ့ရှန်ဖြစ်သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က မဟာတံတိုင်းကြီးဆီမှ ထွက်ခွာသွားပြီးနောက် သူတို့က မြေရိုင်းဒေသထဲတွင် လှည့်ပတ်သွားလာနေခဲ့သည်။ သူတို့သည် တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ပြီး သူတို့၏ ခရီးစဥ်လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသည့် မဟာတံတိုင်းကြီးမှ အခြားသောကျင့်ကြံသူများနှင့် ပူးပေါင်းကာ အသေးစားအဖွဲ့လေးတစ်ခုကိုပင် ဖွဲ့စည်းခဲ့သည်။ သို့သော် ဤအချိန်တွင်မူ အခြားလူအားလုံးမှာ သေသွားကြပြီးဖြစ်ပြီး သူတို့နှစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ရသည်။ သူတို့နှစ်ယောက်မှာ သွေးရေအိုင်တစ်ခုထဲတွင် နှစ်ခံထားရသကဲ့သို့ အတွင်းပိုင်းရော အပြင်ပိုင်းပါ အလွန်အမင်း ပြောင်းလဲသွားပြီဖြစ်သည်။
ယခင်က သူတို့ထံတွင် နူးညံ့သိမ်မွေ့ကာ မရင့်ကျက်သေးသည့် အမူအရာများရှိခဲ့ကြပါသော်လည်း ယခုတွင်မူ လုံးဝမရှိတော့ပေ။ နှစ်ယောက်စလုံးမှာ အလွန်အမင်း တည်ကြည်ကာ အေးတိအေးစက်ဖြစ်နေကြပြီ ဖြစ်သည်။
” ငါတို့ မဟာတံတိုင်းကြီးဆီကို တတ်နိုင်သလောက် မြန်မြန်ပြန်ဖို့လိုတယ် ”
ေဇာင်ထျန်ကျောက်က ဆိုလိုက်သည်။
” ဆရာ့ဆီကို ငါ သတင်းတော့ပို့ပြီးသွားပြီ။ ငါတို့ ပြန်ရောက်တာနဲ့ လက်ကျန်အချိန်တွေကို စစ်တပ်ငါးတပ်ရဲ့ အဖွဲ့ဝင်တွေအဖြစ်နဲ့ ကုန်ဆုံးစေလို့ရပါပြီ။ ”
သူက ထိုသို့ဆိုကာ ရယ်မောလိုက်သဖြင့် သူ့ပါးစပ် ညာဘက်ထောင့်မှ နားအထိရှည်လျားနေသည့် အမာရွတ်ကြီးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကွေးညွှတ်သွားတော့သည်။
ဇောင်ထျန်ကျောက်၏ ဘေးတွင် ချိန်ယွဲ့ရှန်မှာ ပူပင်သောက အနည်းငယ်ရောက်နေသည့် အမူအရာဖြင့် မတ်တတ်ရပ်နေသည်။ သူ၏ စကားများကိုကြားလိုက်ရသောအခါ သူမက သူ့ကိုလှမ်းကြည့်၍ သူ၏အမာရွတ်ကို စိုက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထိုအမာရွတ်မှာ သူမကို စွမ်းအားကြီး အောက်လမ်းဆရာတစ်ယောက်ထံမှ သူကယ်တင်ခဲ့စဥ်က ရရှိခဲ့သော အမာရွတ်ဖြစ်သည်။
ထိုတိုက်ပွဲ၏ ခါးသီးဖွယ်ကောင်းသော အမှတ်တရများကြောင့် သူမ၏ နှလုံးသားမှာ အကြောက်တရားများဖြင့် တဒိန်းဒိန်း ခုန်နေရဆဲပင်။ သူတို့၏ မဟာတံတိုင်းအပြင်ဘက်တွင် ကြုံတွေ့ခဲ့ရသည့် လေ့ကျင့်မှုများကြောင့် ဒဏ်ရာများရရှိခဲ့သော်လည်း သူတို့မှာ နတ်အဆင့်သားရဲဝိညာဥ်တစ်ခုကို ရှာဖွေနိုင်ခဲ့သည်။
သူတို့က မဟာတံတိုင်းကြီးဆီသို့ပြန်ရန် ပြင်လိုက်စဥ်မှာပင် ခပ်လှမ်းလှမ်းတွင် ကြောက်မက်ဖွယ် အနက်ရောင်အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်သို့ မြင့်တက်သွားသည်ကို မြင်လိုက်ရသည်။ ထိုကိစ္စအကြောင်းကို အနည်းငယ်ဆွေးနွေးလိုက်ပြီးနောက် ဇောင်ထျန်ကျောက်က သူ၏ဆရာ ချိန်ဟဲ့ထျန်ဆီသို့ သတင်းပို့ကာ မည်သို့ဆက်လှုပ်ရှားရမည်ကို မေးမြန်းလိုက်သည်။ သတင်းပြန်ရသောအခါ သူတို့မှာ မဟာတံတိုင်းကြီးဆီသို့ မသွားတော့ပဲ ထိုအနက်ရောင် အလင်းတန်းကြီးဆီသို့ ဦးတည်သွားကြတော့သည်။
ထိုအနက်ရောင် အလင်းတန်းကြီးကြောင့် မြေရိုင်းဒေသနှင့် မဟာတံတိုင်းကြီးသို့ နှစ်ဘက်လုံးက လူများကိုစေလွှတ်ကာ အကြောင်းအရင်းကို စုံစမ်းခိုင်းနေကြတော့သည်။
ထိုစဥ် ပိုင်ရှောင်ချန်းမှာ ဖြူဆုတ်နေသည့် မျက်နှာဖြင့် အရှိန်ကုန်တင်၍ ပြေးလွှားနေသည်။ အဆုံးတွင် သူသည် မဟာတံတိုင်းကြီးကို မြင်လိုက်ရသဖြင့် အံကိုကြိတ်ကာ ထာဝရပြုစားခြင်းသိုင်းကို ထပ်မံအသုံးပြု၍ အတွင်းထဲသို့ ဝင်ရောက်သွားတော့သည်။
သွေးအနည်းငယ် ထပ်၍အန်လိုက်ပြီးနောက် သူက ဒယိမ်းဒယိုင်နှင့် သူ၏ဌာနချုပ်ထဲရှိ နေအိမ်ထဲသို့ဝင်ရောက်သွားပြီးနောက် လဲကျကာ သတိမေ့မျောသွားတော့သည်။
သုံးရက်ကြာသောအခါ သူက ကုန်းရုန်းထကာ တင်ပျဥ်ခွေပြန်ထိုင်လိုက်သည်။ သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သောအခါ သူ၏ ‘ယင် ‘ ခန္ဓာကိုယ်အစိတ်အပိုင်း ငါးခုနှင့် ‘ ယန် ‘ ခန္ဓာကိုယ်အစိတ်အပိုင်း ခြောက်ခုတို့အားလုံးမှာ အလွန်အမင်းနာကျင်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း ရှုပ်ယှက်ခတ်နေသည်ကို တွေ့လိုက်ရသည်။
” အဲဒီကြောက်စရာ ဝိညာဥ်လက်ကြီးက တော်တော်ဆိုးတာပဲ။ ”
သူက နောင်တရနေတော့သည်။
” တော်သေးတယ်။ ငါ့တစ်ကိုယ်လုံးကို မဖမ်းမိလိုက်ပဲ နောက်ကျောလေးတင် ကုတ်မိလိုက်လို့ ”
သူက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်တွေးတောလိုက်သောအခါ သူ၏နှလုံးသားထဲတွင် အကြောက်တရားများပေါ်ထွက်လာပြီး သူ့ကိုဝါးမျိုသွားတော့သည်။ ဤသို့နာကျင်နေရသည့် အချက်၏ နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ သူ၏ ထာဝရပြုစားခြင်းသိုင်းကို အသုံးပြုပြီး လေထဲတွင် ဖြတ်ပြေးကာ များစွာသော မန္တန်အစီအရင်များကို ကျော်ဖြတ်ခဲ့၍ ဖြစ်ကြောင်းကိုလည်း သိသည်။
တောင်တန်းများ၏ သဘာဝ မန္တန်အစီအရင်များဖြစ်စေ၊ မဟာတံတိုင်းကြီး၏ မန္တန်အစီအရင်ဖြစ်စေ လေကိုဖြတ်၍ ၎င်းတို့ကိုကျော်ဖြတ်ရသည်မှာ သူ့အတွက် အလွန် ထိခိုက်မှုများသည်။
သို့သော် သူ၏ ထာဝရအသက်ရှည်နည်းသိုင်း မှာ အလွန်စွမ်းအားကြီးသဖြင့် ထိုသို့သော ဒဏ်များကို ခံနိုင်နေသည်။ ပုံမှန်ဆိုလျှင် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် သူကဲ့သို့ အောင်မြင်နိုင်ရန် အခွင့်အလမ်း အလွန်နည်းပါးမည်သာ ဖြစ်သည်။
အခြား အားသာချက်မှာ ပိုင်ရှောင်ချန်း၏ စွမ်းအင်ပြန်လည် ဖြည့်တင်းနိုင်သည့် အစွမ်းမှာ သာမန်လူများထက် များစွာ သာလွန်နေ၍ဖြစ်သည်။
ထိုအတောအတွင်း သူက အပြင်သို့လုံးဝမထွက်ရဲပေ။ ဝိညာဥ်လက်ကြီး အကြောင်း၊ အနက်ရောင်အလင်းတန်းကြီးအကြောင်း၊ သင်္ချိုင်းဂူကြီး၏ ဖျက်စီးမှုအကြောင်း၊ မီတာသုံးသိန်းရှည်လျားသော ဧရာမ မိကျောင်းကြီး၏ အရိုးစုအကြောင်း တို့ကို တွေးမိလိုက်တိုင်း ထိုတွင်းနက်ကြီးတွင် ကြီးကျယ်ခမ်းနားသော လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေကြောင်း သူကဆုံးဖြတ်လိုက်တော့သည်။
ထို့နောက် ထိုအရာများအတွက် တာဝန်ရှိသူမှာ သူဖြစ်နေသည်ကို ပြန်တွေးမိလိုက်တိုင်း သူက ကြောက်လန့်သွားရစမြဲပင်။ တချိန်ထဲမှာပင် သူသည် အနိုင်ကျင့်ခံနေရသကဲ့သို့ ခံစားနေရတော့သည်။
” ငါ တမင်လုပ်တာမှ မဟုတ်ပဲ… ”
သူက သက်ပြင်းသာချနိုင်တော့သည်။ သူသည် ဝိညာဥ်အနည်းငယ် ဖမ်းယူရန်သာ ကြိုးပမ်းနေခဲ့သည် မဟုတ်ပါလော။
သူအားအင် ပြန်လည်ဖြည့်တင်းနေစဥ်အတွင်း ကျောက်လုံနှင့် သူ၏တပ်ရင်းရှိ အခြားလူများထံမှ သတင်းများကို ဆက်တိုက် ရရှိနေတော့သည်။ ထို့ကြောင့်လည်း မြေရိုင်းဒေသနှင့် မဟာတံတိုင်းကြီးတို့မှာ ထိုအနက်ရောင် အလင်းတန်းကြီးအား အလွန်အာရုံစိုက်နေကြသည်ကို သူက သိသွားရခြင်းဖြစ်သည်။ လူအနည်းငယ်ဆိုလျှင် ထိုတွင်းနက်ကြီးထဲသို့ ဆင်းကာ လေ့လာမှုများ ပြုလုပ်နေကြပြီဖြစ်သည်။
နောက်ထပ် လတစ်ဝက် ကုန်သွားပြီး ထိုအတောအတွင်း သတင်းများမှာ ဆက်တိုက် ဝင်နေဆဲပင်။ ပိုင်ရှောင်ချန်းက တပ်မှူးကြီး တစ်ယောက်သာ ဖြစ်သေးသည့်အတွက် အသေးစိတ် မသိရပေ။ ထို့ကြောင့် သူကပိုင်လင်းထံသို့သွားကာ သတင်းများ မေးနေတော့သည်။ လူအနည်းငယ်မှာ အချက်အလက်အချို့ကို စုစည်းနိုင်ခဲ့ကြပြီး မြေရိုင်းဒေသအဖွဲ့များနှင့် ပဋိပက္ခများ ဖြစ်ခဲ့ရသော်လည်း သတင်းများကို ပြန်ပို့နိုင်ခဲ့သည်။ ထိုအနက်ရောင် အလင်းတန်းကြီး အစပြုထွက်ပေါ်လာသည့်နေရာတွင် သင်္ချိုင်းဂူကြီးတစ်ခု ရှိသည်ဆိုသော သတင်းများက ပလူပျံနေတော့သည်။ ပိုင်ရှောင်ချန်းက ထိုသတင်းကို ကြားသောအခါ အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။
” ကြည့်ရတာ ငါက ရိုးရိုးသင်္ချိုင်းဂူတစ်ခုကို ဖွင့်မိခဲ့တဲ့ ပုံပါပဲ ”
သူက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ မြို့တော်ထဲရှိ တိတ်ဆိတ်နေသော လမ်းများကို လှမ်းကြည့်ရင်း သူ၏ ထည့်စရာအိတ်ကို ပွတ်လိုက်ပြီးနောက် သူ၏မျက်ဝန်းများမှာ အရောင်လက်လာတော့သည်။
” အခုလို ငါ ဒုက္ခတွေ ခံခဲ့တာ စစ်ဦးစီးမှူး ဖြစ်အောင်လို့ကွ။ အဲဒီအလုပ်ကို နိဂုံးချုပ်ဖို့ အချိန်ရောက်ပြီလို့ထင်တယ်။ “