ထိုနေရာရှိ သဘာဝအတားအဆီးမန္တန်များသည် ရှုပ်ထွေးပုံရသော်လည်း တကယ်တမ်း အတော်လေး ရိုးရှင်း၏။ တစ်ခုနှင့်တစ်ခု ထပ်နေသော တောင်များပုံစံသည် နေ့တစ်နေ့၏ အချိန်ပေါ် မူတည်၍ ပြောင်းလဲမည်ဖြစ်သည်။
တောင်များ ဖွဲ့စည်းထားပုံက ဝင်ပေါက်လမ်းကို သက်ရောက်နေလေသည်။ ပိုင်ရှောင်ချန်းပထမဆုံးရောက်ခဲ့ချိန်က ဤနေရာတွင် ထိုသို့သော အတားအဆီးမန္တန်များတစ်ခုမှ အသက်မဝင်ခဲ့ပေ။ သို့သော် ထွက်သွားခဲ့စဥ်က မိုးသောက်ချိန်ရောက်ခါနီး ဖြစ်ခဲ့သည်။
သို့ဖြစ်လေရာ သူမှတ်မိသော လမ်းကြောင်းကို တူညီသော အချိန်၌သာ ပြန်လည် ခြေရာကောက်နိုင်မည်ဖြစ်သည်။
အမှန်တွင် တစ်ထပ်တည်းကျသော အချိန်တွင်ပင် လမ်းကြောင်းကို ရှာရန် နောက်ထပ်အားထုတ်မှုများလည်း လိုအပ်လေသည်။ ကံကောင်းထောက်မစွာ ပိုင်ရှောင်ချန်း၌ ကောင်းကင်တံတားမျက်လုံးရှိလေရာ လမ်းကြောင်းကို ပြန်ရှာနိုင်လေသည်။
ထိုအချက်များအား သဘောပေါက်လိုက်သည်နှင့် သူက အလျင်အမြန်ပင် တောင်တန်းများမှ ထွက်ခွာလိုက်ပြီးနောက် ပျံဝင်လိုက်သည်။
ဤတစ်ကြိမ်တွင် တောင်တန်းများ၏အတွင်းထဲသို့ ဦးတည်နေသော လမ်းကြောင်းတစ်ခုကို အဆောတလျင် ရှာတွေ့သွား၏။ နှစ်နာရီခန့်ကျော်လွန်ပြီးသော် တွင်းကြီးကို ရှာတွေ့သွားတော့သည်။
သူ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းရင်း အထဲသို့ ချက်ချင်း ခုန်ဝင်ရန် အောင့်အည်းလိုက်ပြီး ထိုအစား ပတ်ဝန်းကျင်ကို လေ့လာဆန်းစစ်ကြည့်လိုက်သည်။ တခြားတစ်ယောက် လာခဲ့သည်လားကြည့်ရန် ယခင်က သူ နေရာချခဲ့သည် မန္တန်အစီအရင်ကို ပြန်စစ်ဆေးကြည့်လိုက်သည်။
မန္တန်အစီအရင် မပြောင်းမလဲရှိနေကြောင်း တွေ့ပြီးမှ သူက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်လေတော့သည်။ ထို့နောက် တွင်းကြီးထဲ ပျံဝင်သွားလိုက်ပြီး သင်္ချိုင်းပျက်ကြီးထဲ ဆင်းဝင်လိုက်သည်။
သင်္ချိုင်းပျက်ကြီးဆီရောက်သည်နှင့် ဝိညာဥ်အရေအတွက်က ယခင်ပမာဏအတိုင်းပြန်ဖြစ်သွားကြောင်း တွေ့သောအခါ ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားသွားတော့သည်။ ဝိညာဥ်များကို စုဆောင်းခြင်းမရှိခဲ့စဥ်က မူလပမာဏဖြစ်သော သန်းတစ်ရာကျော် သိသိသာသာရှိနေလေသည်။
” ဒီနေရာက ဝိညာဥ်တွေ တကယ့်ကို အဆုံးမရှိဘူးလား ”
ဝမ်းသာလုံးဆို့ရင်း သူက ဝိညာဥ်စုစည်းဆေးလုံးများ ပစ်ပေါက်လိုက်တော့သည်။
” တိုက်ပွဲစွမ်းဆောင်မှုရမှတ် တစ်သိန်း”
” တိုက်ပွဲစွမ်းဆောင်မှုရမှတ် တစ်သန်း”
” ဟားဟားဟား တိုက်ပွဲစွမ်းဆောင်မှုရမှတ် ဆယ်သန်း”
ပိုင်ရှောင်ချန်းက ပျော်ရွှင်အူးမြူးစွာ ပွစိပွစိ ရေရွတ်နေတော့သည်။ သူနောင်တရသည့် တစ်ခုတည်းသောအရာမှာ ပို၍များပြားသော ဝိညာဥ်စုစည်းဆေးလုံးများ မရှိခြင်းပင်။ ဤတစ်ကြိမ်တွင် သူက ဆေးလုံး၅၀၀၀လုံး မကုန်ခင်အထိ အချိန်နှစ်ရက်ယူလိုက်လေသည်။ သူ အချိန်ကြာသွားရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ဆေးလုံးတစ်လုံးစီကို ပို၍ ထိရောက်သောအပြုအမူ ဖြင့် သုံးလိုက်ကြောင်း သေချာစေရန် ကြိုးစားနေသောကြောင့် ဖြစ်သည်။ ဤသို့နှင့် သင်္ချိုင်းပျက်အတွင်း အဝေးသို့ရောက်သည်အထိ ဆက်လက်သွားလိုက်လေသည်။
နှစ်ရက်ကြာသော် သူက ပိုင်ဆိုင်ထားသော အမုန်းဝိညာဥ် သန်း၅၀ဖြင့် တွင်းထဲမှ ထွက်လာတော့သည်။ မိုးသောက်ချိန်ရောက်ခါနီးအထိ စောင့်နေပြီးနောက် သူက အပြင်ဘက်သို့ တူညီသော လမ်းကြောင်းအတိုင်း သွားပြီးနောက် မဟာတံတိုင်းထံ ပြန်လိုက်လေသည်။
သူက မယုံနိုင်ဖွယ် တန်ဖိုးကြီးသော ရတနာတစ်ခုကို ရရှိထား၍ လူတစ်ယောက်က သူ့ထံမှ အချိန်မရွေး လုယူရန် ကြိုးစားတော့မည့်အလား ခံစားနေရပြီး အဆုံးစွန်ထိ ပူပန်နေကာ ဆက်သွားနေလေသည်။ အကယ်၍ မတော်တဆမှုတစ်ခုဖြစ်ပွားပြီး မဟာတံတိုင်းထံသို့ အပြန်ခရီးစဥ် နှောင့်ယှက်ခံရလျှင်တော့ သူ၏ စစ်ဦးစီးမှူးဖြစ်ရန် အိပ်မက်မှာ တစစီ ကွဲကြေသွားလိမ့်မည်။
ကံကောင်းထောက်မစွာ သူ၏မျက်နှာဖုံးမှာ အလွန်အစွမ်းထက်ပြီး သူ့ကို ဝိညာဥ်ကျင့်ကြံသူတစ်ယောက်ပုံပေါ်အောင် ပြုလုပ်ပေးထားလေသည်။ သူထုတ်ပြနေသော သတိပေးချက်များနှင့် ပေါင်းစပ်သွားသည်ဝယ် ပြဿနာတစ်ခုနှင့်မှ ထိပ်တိုက်မတိုးတော့ပေ။ နောက်ဆုံး၌ မဟာတံတိုင်းအပြင်ရှိ စစ်မြေပြင်ကို ပြန်ရောက်သောအခါ သူ၏ ထာဝရပြုစားခြင်းသိုင်းစွမ်းရည်ကို အသုံးပြု၍ မြို့ထဲ ပြန်ဝင်လိုက်သည်။
” အခု ငါ့မှာ အမုန်းဝိညာဥ် သန်း ၇၀ ကျော်ရှိပြီ။ ငါ သူတို့အားလုံးကို တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေ ပြောင်းရင်တော့ တော်တော်များတဲ့ ပမာဏပဲ။ ဟူး ဝမ်းနည်းစရာကြီး။ ငါ စစ်ဦးစီးမှူးရာထူးမရခင် နောက်ထပ်အများကြီး ထပ်စုရဦးမယ်။ ငါ ကြိုးကြိုးစားစား လုပ်ရမယ်”
သူသည် စိတ်လှုပ်ရှားနေသော်လည်း တွင်းထဲတွင် မခန့်မှန်းထားသောအားကြီးတစ်ခု ပေါ်လာမည်ကိုလည်း စိုးရိမ်နေရင်း သူ၏ ငယ်သားများအားလုံးကို အပြင်ထွက်၍ စစ်တပ်ငါးဖွဲ့ရှိ တပ်သားများထံမှ ဝိညာဥ်စုစည်းဆေးလုံးများ တတ်နိုင်သမျှ များများ ချေးလာရန် တာဝန်ပေးလိုက်လေသည်။
မဟာတံတိုင်းမြို့တော်ကို သူရောက်စဥ်ကတည်းက ဖော်စပ်ခဲ့သော ဝိညာဥ်စုစည်းဆေးလုံးအများစုကို စစ်တပ်ငါးဖွဲ့ထံ ဖြန့်ဝေထားသည် မဟုတ်ပါလော။
အမှန်ပင် ပိုင်ရှောင်ချန်းသည် သူ၏တပ်သားများ ဝိညာဥ်စုစည်းဆေးလုံးသွားချေးကြစဥ်တွင် အချောင်ခိုမနေပေ။ သူက မန္တန်အစီအရင်များအရာတွင် အထူးကျွမ်းကျင်သည့် မြို့တော်ထဲရှိ ထောက်ပံ့ရေးအရာရှိများစွာထံသွား၍ လက်ဝယ်ရနိုင်သမျှ ကြိုတင်စီမံထားသော အစီအရင်များအား ဝယ်လိုက်လေသည်။
သူ၏ငယ်သားများ ဝိညာဥ်စုစည်းဆေးလုံးများ မည်မျှရမည်ကို မသေချာ၍ တွင်းထံသွားမည့် နောက်ခရီးစဥ်တွင် အပြည့်အစုံပြင်ဆင်ထားချင်လေသည်။
ရက်အနည်းငယ်ကြာသော် သူ၏ ငယ်သားများ ဝိညာဥ်စုစည်းဆေးလုံး ကိုးသောင်းကျော် လက်ဝယ်ရလာသည်ကို တွေ့လိုက်ရရာ အလွန်အမင်း ဝမ်းမြောက်သွားတော့သည်။
” အများကြီးပဲဟေ့။ ဒီတစ်ခေါက်တော့ သေချာပေါက် စစ်ဦးစီးမှူးရာထူးရဖို့ အောင်မြင်စေရမယ်။ ဒီ ဝိညာဥ်စုစည်းဆေးလုံး ကိုးသောင်းရယ်၊ ငါ စုဆောင်းထားတဲ့ ဝိညာဥ်အားလုံးရယ် ဆိုလို့ကတော့ အမုန်းဝိညာဥ် သန်းတစ်ထောင်လောက်ရသင့်တယ် ”
ထို့နောက် သူက ခေါင်းနောက်လှန်၍ အားပါးတရ ရယ်လိုက်လေသည်။ ထို့နောက် ထိုနေ့ညတွင် မြို့တော်ထဲမှ နောက်တစ်ကြိမ် ခိုးထွက်လိုက်ပြန်သည်။
သူသည် လမ်းကြောင်းကို အလွန် အကျွမ်းဝင်နေလေရာ ပုံမှန်အတိုင်း ဆက်သွားကာ မိုးသောက်ချိန်မရောက်မီ တောင်တန်းများထံ တန်းတန်းမတ်မတ်ရောက်သွားတော့သည်။ လမ်းတစ်လျှောက် မည်သည့်ပြဿနာမှ မတွေ့ခဲ့ရဘဲ မကြာမီ တွင်းနက်ကြီးထံရောက်သွားလေသည်။ ထိုနေရာတွင် သူက မန္တန်အစီအရင်များအားလုံးကို နေရာချလိုက်ပြီးနောက် အောက်ထဲ ပျံဆင်းသွားလိုက်သည်။
အမုန်းဝိညာဥ်များအားလုံးကို လှည့်ပတ်ကြည့်ပြီးနောက် ပိုင်ရှောင်ချန်းသည် နောက်တစ်ဖန်ထပ်၍ သန်းတစ်ရာအဆင့်ကို ပြန်လည်ဖြည့်တင်းသွားပြီးသည်ကို တွေ့လိုက်ရသောကြောင့် အလွန်ဘဝင်ခိုက်သွားတော့သည်။
” ဒီတစ်ကြိမ် ။ သေချာပေါက် စစ်ဦးစီးမှူး ဖြစ်ရမယ်”
သူ၏ နီးကပ်လာသော အောင်မြင်မှုကို အလွန်တရာ ဂုဏ်ယူဝမ်းမြောက်နေရင်း ဝိညာဥ်စုစည်းဆေးလုံးများအား ဘေးဘယ်ညာပစ်ပေါက်၍ သင်္ချိုင်းပျက်ကြီးထဲ ဝင်သွားလိုက်သည်။
ဆေးလုံး ကြွေမွသွားသံများ လေထဲပြည့်သွားလေသည်။ ထိုဆေးလုံး ကြေမွသွားသည်နှင့် အမုန်းဝိညာဥ် တစ်သောင်းမှာ ဝိညာဥ်စက်လုံးတစ်ခုအသွင် စုစည်းသွားလေသည်။ သူအလိုရှိသလိုရသည့် မြောက်မြားလှစွာသော ဝိညာဥ်စုစည်းဆေးလုံးပမဏအား ထည့်တွက်လိုက်ပါက သင်္ချိုင်းပျက်ကြီးတစ်ခုလုံးကို အမှန်စင်စစ် ရှင်းလင်းပစ်ရန် သုံးရက်သာ ကြာလိုက်လေသည်။
ထို့နောက် အမွှေးတိုင်တစ်တိုင်ကုန်လောက်သည့် အချိန် ကုန်ဆုံးသွားပြီးနောက် မြူစီးကြောင်းများ မြေကြီးထဲမှ ထွက်လာပြီး မရေမတွက်နိုင်သော အမုန်းဝိညာဥ်များဖြင့် ပြည့်သွားလေတော့သည်။သင်္ချိုင်းပျက်ကြီးထဲတွင် ဟိန်းဟောက်နေသော ဝိညာဥ်များက ပိုင်ရှောင်ချန်းကို ခေါက်တုံ့ခေါက်ပြန် လူးလာပျံသန်း၍ လိုက်ရှာနေသည့်တိုင် သူ့ကို မရှာနိုင်ကြပေ။
ပိုင်ရှောင်ချန်းက ခပ်တိုးတိုး ရယ်လိုက်ပြီး ဝိညာဥ်များအားလုံး သန်းတစ်ရာ အဆင့်ထိ ပြန်လည်ပြည့်တင်းသွားသည်တိုင်အောင် စောင့်လိုက်ပြီးနောက် နောက်တစ်ကြိမ်ထပ်၍ စုတောင်းလိုက်ပြန်သည်။
” ငါ့ဟာတွေ”
” အကုန်လုံးငါ့ဟာတွေကွ ”
” ဟားဟားဟား စစ်ဦးစီးမှူးဖြစ်တော့မယ်ကွ ”
သူ့ကို ပိုမိုဂုဏ်ယူနေစေသော အရာမှာ သူက နည်းလမ်းအချို့ကို အဆင့်မြှင့်၍ ယခင်ထက် ပိုမိုလျင်မြန်စွာ ဝိညာဥ်များကို စုဆောင်းနေသောကြောင့် ဖြစ်လေသည်။ ဤတစ်ကြိမ်တွင် သင်္ချိုင်းပျက်တစ်ခုလုံးကို ရှင်းလင်းရန် နှစ်ရက်သာကြာလိုက်၏။
ထို့နောက် များမကြာမီ တတိယမြောက် ဝိညာဥ်အသုတ် ပေါ်လာလေသည်….
ဤနည်းအတိုင်း ခုနစ်ရက်ကုန်ဆုံးသွား၏။ ထိုအချိန်တွင် ဝိညာဥ်စုစည်းဆေးလုံးများ ကုန်ခန်းလာကာ ထောင်ဂဏန်းမျှသာရှိတော့လေသည်။
အမှန်တကယ်တော့ သူက မကုန်မချင်း ထွက်သွားမည်မဟုတ်ပေ။ သို့သော်လည်း ဤအချိန်တွင် ထူးခြားသော တစ်စုံတစ်ခု ဖြစ်ပွားလာ၏။ မည်သည့်အတွက်ကြောင့်မှန်းမသိရဘဲ သင်္ချိုင်းပျက်ကြီးကို ရှင်းလင်းပြီး အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ထိ စောင့်ပြီးသော် နောက်ထပ်ဝိညာဥ်တစ်ကောင်မှ ပေါ်မလာချေ။
“အမ် မရှိတော့ဘူးလား”
သိချင်စိတ်များဖြင့် သူက နောက်ထပ်တစ်နာရီ သင်္ချိုင်းပျက်အတွင်း ဟိုဟိုသည်သည်ပျံသန်းနေသည့်တိုင် ဝိညာဥ်တစ်ကောင်မှ မမြင်ရချေ။ ကြောင်အမ်းအမ်းဖြစ်ကာ သူက ရေရွတ်လိုက်၏။
” တကယ်ကြီး ထပ်မရှိတော့တာ ထင်တယ်”
သူ၏လက်ထဲတွင် ဝိညာဥ်စုစည်းဆေးလုံးအနည်းငယ်ကျန်သေးသော်လည်း စုဆောင်းရန် အမုန်းဝိညာဥ်များ မရှိတော့သည့်အတွက် ခေါင်းခါ၍ မချိတင်ကဲဖြစ်နေလေသည်။ ကံဆိုးစွာပင် စစ်ဦးစီးမှူးတစ်ယောက်ဖြစ်ရန် လိုအပ်သည့် ပဏဖြစ်သော အမုန်းဝိညာဥ် သန်းတစ်ထောင်ရရန် အလွန်နီးကပ်နေလေသည်။
” ငါကွာ တိုက်ပွဲစွမ်းဆောင်မှုရမှတ်အတွက် ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တဲ့ ပမာဏကြီးတွေ့ပြီထင်တာ။ ဒီနေရာက အမြန် ကုန်သွားမယ်လို့ ဘယ်သူက ထင်မှာတုံး ”
သူသည် မကျေမနပ်ဖြစ်နေရင်း နောက်ထပ်ဝိညာဥ်များ ထွက်မလာတော့ကြောင်း သေချာစေရန် အတန်ကြာကြာစောင့်လိုက်သည်။ နောက်ဆုံး၌ ထွက်ပေါက်ထံသို့ ပျံသွားလိုက်တော့သည်။
သို့သော် အပေါက်ဝသို့ သူ ပျံထွက်တော့မည့်ဆဲဆဲမှာပင် သူ့ပတ်ပတ်လည်ရှိ အရာအားလုံး တုန်ခါလာပြီးနောက် သင်္ချိုင်းမြေကြီးတွင် ဧရာမအက်ကြောင်းကြီးတစ်ခု ပွင့်ထွက်လာတော့သည်။
အမှန်တွင် ထိုနေရာ၌ အက်ကြောင်းကြီးတစ်ခုသာ ရှိသည်မဟုတ် မိုးခြိမ်းလိုက်သည့်အလား အက်ကွဲသံအမြောက်အမြားလည်း ပေါ်ထွက်လာလေသည်။ ကြည့်ရသည်မှာ သင်္ချိုင်းပျက်ကြီး ပြိုကျနေပုံရ၏။ အံ့မခန်း မိကျောင်းအရိုးစုကြီးပင်လျှင် မြေကြီးထဲသို့ ကျွံကျလာတော့သည်။
ထိုရုတ်ချည်း ဖြစ်ရပ်ကြောင့် ပိုင်ရှောင်ချန်း၏ မျက်နှာမှာ ဝင်းပသွားပြီးနောက် ဝမ်းမြောက်သောအမူအရာတစ်ခုအဖြစ် ပြောင်းသွားတော့သည်။
” ဒီအောက်မှာ နောက်ထပ် အဆင့်ရှိသေးတယ်လို့ မပြောလိုက်နဲ့ ”
သို့သော် သူအောက်ငုံ့ကြည့်လိုက်စဥ်တွင် မြင်လိုက်ရသမျှမှာ အောက်ဖက်မှ ထူထပ်သိပ်သည်းနေသော သက်ဝင်လှုပ်ရှားနေသည့် အဆုံးမရှိ အနက်ရောင်မြူစီးကြောင်းတစ်ခုပင်။
ထိုမြူထဲတွင် ဒေါသတကြီးဟိန်းဟောက်သံတစ်ခုနှင့် ပိုင်ရှောင်ချန်းကို ဖမ်းဆွဲတော့မည့်အလား ဆန့်ထုတ်လိုက်သော ဧရာမဝိညာဥ်လက်ကြီးတစ်ဖက်ကို မြင်လိုက်ရလေသည်။
ဧရာမ ဝိညာဥ်လက်ကြီးမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်း၏မျက်နှာမှာ အိုစာသွားပြီး သူ့နှလုံးသားထဲတွင် ပြင်းထန်သည့် သေစေနိုင်သော အန္တရာယ်အငွေ့အသက်ကြီးတစ်ခုဖြင့် ပြည့်သွားလေသည်။ မယုံကြည်နိုင်ဖွယ် အန္တရာယ်တွင်းထဲကျသွားသဖြင့် သူ၏ အသွေးအသားတစ်ခုစီကပင် သူ့ကို ပြန်အော်နေတော့သည်။
” ငါ့ကို မြင်နိုင်တယ်လား ”
” ငါတော့ သွားပြီ။ ဧရာမဝိညာဥ်ကြီးတစ်ကောင်ကို ငါ ရန်စမိပြီ ”
သူက အော်ဟစ်ရင်း တုန်တုန်ရီရီနှင့် ဝိညာဥ်စုစည်းဆေးလုံးထောင်ပေါင်းများစွာကို ပစ်ပေါက်လိုက်လေရာ တခဏအတွင်း ပေါက်ကွဲသွားပြီးနောက် အားပြင်းသော ဆွဲအားတစ်ခုကို ဖန်တီးလိုက်ရာ ဝိညာဥ်လက်ကြီးမှာ တွန့်လိမ်ရှုံ့တွ သွားပြီး အရှိန်လျော့သွားလေသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းက အသက်လုပြေးလိုက်သည်။
တွင်းကြီးထဲမှ ပြေးထွက်လိုက်သည့်အချိန်မှာပင် သူ့နောက်မှ နောက်ထပ် ဒေါသတကြီးဟိန်းဟောက်သံတစ်သံကို ကြားလိုက်ရပြီး ဧရာမဝိညာဥ်လက်ကြီးက နောက်တစ်ကြိမ်ထပ်၍ သူ့ကို ဖမ်းဆွဲလိုက်လေသည်။